← Chapters

နတ်ဘုရားသွေးအစစ်အမှန်

Vol. 4 Ch. 370

နတ်ဘုရားသွေးအစစ်အမှန်

Vol. 4 Ch. 370

ဆန်းလျန်၏ အနောက်ဘက်တွင် ခရမ်းရောင် ကလပ်ကို ကာကွယ်ပေးထားသည့် နဂါးငွေ့တန်း ရေလိုက်ကာသည် မှုန်ဝါး သွားလေသည်။ မြေပြင်ပေါ် ဖုန်မှုန့်များ ရုတ်တရက် လေထဲတွင် လွင့်ပျံ သွားသောကြောင့် ဖြစ်လေသည်။

ဆန်းလျန်သည် ထိုနေရာမှ လုံး၀ ထွက်ခွာသွားမည် မဟုတ်ပါ။

ကွမ်းချင်း နတ်ဘုရား သုံးပါးနှင့် နွားရိုင်းကြီးကို ရင်ဆိုင်ရသည်မှာ မည်မျှ အန္တရာယ် များကြောင်း သူကောင်းကောင်း သိထားပါသည်။

သို့သော် အခြေအနေများက ကျဉ်းထဲကြပ်ထဲ ရောက်လေ ဆန်းလျန်၏ ပုံစံက ပိုပြီး တည်ငြိမ်နေလေ ဖြစ်လေသည်။

ဆရာဘိုးဘိုး ယွမ်ချင်း၏ ဓားဝိညာဉ် …

ရဲ့လျိုယွင် ပေးခဲ့သည့် ငရဲလမ်း ဓားဝိညာဉ် …

နဂါးငွေ့တန်း ဓားဝိညာဉ်…

ရှိခြင်းမရှိခြင်း ဓားဝိညာဉ် (သို့မဟုတ်) ကိုယ်ပျောက် ဓားဝိညာဉ်

ထို ဓားဝိညာဉ်များ အားလုံးသည် ပေါင်စည်းသွားပြီး အဆင့်လွန် ဓားဝိညာဉ်တစ်ခု ဖြစ်ပေါ်လာလေသည်။

ထိုက်ရွှီးတန်ခိုး စွမ်းအားများသည် အရာအားလုံးကို လက်ခံနိုင်စွမ်း ရှိလေသည်။ အသစ်ဖြစ်တည် လာသည့် အဆင့်လွန် ဓားဝိညာဉ်သည် ထိုက်ရွှီးတန်ခိုး စွမ်းအားများနှင့် ပေါင်းစပ် သွားလေသည်။

သို့သော် ထိုအဆင့်လွန် ဓားဝိညာဉ်နှင့် ပေါင်းစပ် အသုံးပြုရန် အတွက် အနန္တတန်ခိုး စွမ်းအားဖြင့် ပြည့်ဝသည့် မှော်ဝင်ဓား တစ်လက် ဆန်းလျန်တွင် လိုအပ်နေလေသည်။

ရွှမ်တယ်ဓားကို ဒြပ်စင်စွမ်းအား ငါးမျိုးဖြင့် ပေါင်းစပ်ကာ မှော်ဝင်ဓား တစ်လက်အဖြစ် ပြုလုပ်ရန် ဆန်းလျန်က ရည်ရွယ် ထားခဲ့လေသည်။ သို့သော် ထိုရည်ရွယ်ချက်က အောင်မြင်ခဲ့ခြင်း မရှိသေးသည့် အတွက် ရွှမ်တယ်ဓားသည် အဆင့်လွန် ဓားဝိညာဉ်နှင့် ပေါင်းစပ်နိုင်ခြင်း မရှိခဲ့ပေ။

ထို့ကြောင့် ဆန်းလျန်သည် သူ၏ မူလဝိညာဉ် ခန္ဓာကိုသာ ဓားတစ်လက် အဖြစ် အသွင်ပြောင်းရန် ရှိတော့သည်။ သူ့ဘဝ တစ်ခုလုံးကို ဓားတစ်လက် အဖြစ် အသွင်ပြောင်း ရမည်လား။

ရွေးချယ်စရာ မရှိတော့လျှင်တော့ ထိုနည်းလမ်းကိုသာ အသုံးချရမည် ဖြစ်လေသည်။

အဘယ်ကြောင့် ဆိုသော် သူ့တွင် ရွေးချယ်စရာ မရှိတော့သောကြောင့် ဖြစ်လေသည်။

ယွိမင်နတ်ဘုရား၊ လင်ကွမ်း နတ်ဘုရားနှင့် တောက်ချင် နတ်ဘုရားတို့မှာ ဆန်းလျန်၏ နတ်ဘုရား စွမ်းအားများသည် အဆင့်လွန် ဓားဝိညာဉ်အဖြစ် စတင်ပြောင်းလဲ နေကြသည်ကို ထင်ရှားစွာ တွေ့မြင် နေရလေသည်။

ထိုဓားဝိညာဉ်သည် ရန်သူများကို ဖျက်ဆီး နိုင်သလို ဆန်းလျန် ကိုယ်တိုင်လည်း ပျက်စီး သွားနိုင်လေသည်။

သို့သော် ကံကောင်းသည့် အချက်မှာ ဆန်းလျန်သည် ထိုအဆင့်လွန် ဓားဝိညာဉ်ကို အသုံးပြုနိုင်ရန် အတွက် ပြိုင်ဘက်ကင်း မှော်ဝင်ဓား တစ်လက် ရှိမနေခဲ့ခြင်း ဖြစ်လေသည်။

ယွိမင် နတ်ဘုရားမှာ ထိုအတွေးကြောင့် မပြုံးလိုက် နိုင်သည့်တိုင် စိတ်သက်သာရာတော့ ရသွားလေသည်။

ကွမ်းချင်း နတ်ဘုရား သုံးပါး၏ ဦးခေါင်းထက်တွင် ရောင်စုံတိမ်တိုက်များ ဖြစ်တည်လာပြီး ထိုရောင်စုံ တိမ်တိုက်များသည် တန်ခိုးစွမ်းအား တစ်ခုတည်း အဖြစ် ပေါင်းစည်း သွားကြလေသည်။ ရောင်စုံတိမ်တိုက်သည် အရပ်လေးမျက်နှာ တစ်ခုလုံးတွင် ထွန်းလင်း တောက်ပနေလေသည်။

သူတို့က ထိုရောင်စုံ တိမ်တိုက်ကို ဖန်ဆင်းလိုက်ခြင်းမှာ တိုက်ခိုက်ရန် အတွက် မဟုတ်ပါ။ သူတို့ကိုသူတို့ ကာကွယ်ရန် ဖန်ဆင်းလိုက်ကြခြင်း ဖြစ်လေသည်။

ဆန်းလျန်၏ အဆင့်လွန် ဓားဝိညာဉ်ကိုသာ ကောင်းကောင်း ကာကွယ်နိုင်လျှင် တိုက်ပွဲတွင် သူတို့ အနိုင်ရမည်မှာ မလွဲပေ။

ကွမ်းချင်း နတ်ဘုရား သုံးပါးနှင့် ဆန်းလျန်၏ တိုက်ပွဲမှာ သူသေကိုယ်သေ တိုက်ပွဲ ဖြစ်လေသည်။

တောက်ချင် နတ်ဘုရား၏ တန်ခိုးစွမ်းအား များက သိပ်သည်းနေပြီး တိုက်ပွဲကို ရင်ဆိုင်ရန် အသင့် ဖြစ်နေလေသည်။ သူက တိုက်ပွဲတွင် အမှား မရှိစေရန် အာရုံစူးစိုက် ထားလေသည်။

လင်ကွမ်း နတ်သမီးကတော့ သူမ၏ နဂါးငွေ့တန်း ဓားဝိညာဉ်ဖြင့် အဆက်မပြတ် ကာကွယ်မှုများ ပြုလုပ်နေလေသည်။

သူမ၏ နဂါးငွေ့တန်း ဓားဝိညာဉ်သည် ဆန်းလျန်၏ အဆင့်လွန် ဓားဝိညာဉ်၏ တစ်စိတ်တစ်ပိုင်း ကိုပင် တိုက်စား သွားလေသည်။

ဆန်းလျန်၏ ဓားဝိညာဉ်သည် လောက တစ်ခုလုံးကို လှုပ်ခတ် သွားစေဦးတော့ သူတို့သုံးယောက် ကိုတော့ ထိခိုက်နိုင်မည် မဟုတ်ပေ။

သူမက တီးတိုး ရေရွတ်လိုက်သည်။

"မင်းက ကွမ်းချင်း နတ်ဘုရား ဂိုဏ်းသား မဟုတ်ခဲ့တာကိုပဲ စိတ်မကောင်း ဖြစ်မိတယ်"

သူမသည် ယနေ့တိုက်ပွဲနှင့် ဆန်းလျန်၏ မျက်နှာကို မည်သည့် အခါမှ မေ့လျော့ နိုင်တော့မည် မဟုတ်ပေ။

လောကတွင် သူမထက် အသိပညာကျော်လွန်ပြီး ထူးခြားသူတစ်ယောက်ဖြစ်သည့် ဆန်းလျန်ကို ဘဝတွင် ရင်ဆိုင်ခဲ့ဖူးကြောင်း သတိရနေမည် ဖြစ်လေသည်။

ဆန်းလျန်သည် စစ်မှန်သည့် တာအို ကျင့်ကြံသူ တစ်ယောက် ဖြစ်လေသည်။

သူက လုပ်မည်ဟု ဆုံးဖြတ်ချက် ချလိုက်သည့် ကိစ္စတစ်ခုကို မည်မျှပင် ခက်ခဲပါစေ ဖြစ်အောင် လုပ်မည့် လူတစ်ယောက် ဖြစ်လေသည်။

ထိုသို့သော ဆုံးဖြတ်ချက် ခိုင်မာမှုနှင့် သစ္စာတရား ကြီးမားမှုသည် ဆန်းလျန်၏ အေးဆေး တည်ငြိမ်မှုနှင့် နူးညံ့ သိမ်မွေ့မှုများ နောက်ကွယ်တွင် ဖုံးကွယ်လျက် ရှိလေသည်။

နွားရိုင်းကြီးသည် တစ်နေရာတွင် ဝပ်နေရင်း မလှုပ်မယှက် နေကာ တိုက်ပွဲကို ကြည့်နေလေသည်။

ဆန်းလျန်သည် သူ၏ အဆင့်လွန် ဓားဝိညာဉ်ကို အသုံးပြုရန် အတွက် သူ၏ မူလဝိညာဉ် ခန္ဓာကို ဓားတစ်လက် အဖြစ် ပြောင်းလဲရန် ပြင်ဆင်လိုက်သည်။ သူ၏ တန်ခိုးစွမ်းအား များသည် အထွတ်ထိပ်သို့ မြင့်တက်လာပြီး ဓားတစ်လက် ဖြစ်တည် လာတော့မည် ဖြစ်လေသည်။ သူ့ဘဝ တစ်ခုလုံးသည် ဓားတစ်လက် အဖြစ် ထာဝရ ပြောင်းလဲ သွားရတော့မည် ဖြစ်လေသည်။

ထိုအချိန်တွင် ကောင်းကင်ထက်မှ ဓားခြိမ်းသံကြီး တစ်ချက် ထွက်ပေါ်လာပြီး သွေးနီရောင် ဓားရှည်တစ်လက် လွင့်မျော လာလေ၏။

ထိုသွေးနီရောင် ဓားမှ လူသတ်လိုသည့် အငွေ့အသက်များ အတိုင်းအဆ မရှိ ဖြာထွက် နေလေသည်။

ဆန်းလျန်၏ အဆင့်လွန် ဓားဝိညာဉ်သည် ထိုသွေးနီရောင် ဓားဖြင့်သာ ပေါင်းစပ် အသုံးပြု လိုက်နိုင်ပါက ခိုင်မာသည့် အစစ်အမှန် ကျောရိုးကို ရရှိသွားပြီး ကြောက်မက်ဖွယ်ရာ ဓားဝိညာဉ်တစ်ခု ဖြစ်လာမည် ဖြစ်လေသည်။

"ဒီနေ့ ဒီဓားကို မင်းကို ငှားလိုက်မယ်၊ နောက်သုံးနှစ်နေရင် ကျုန်းစန်းတောင်မှာ ကျုပ်ကို လာရှာပါ"

အသံတစ်သံ ထွက်ပေါ်လာလေသည်။

ထိုအသံကို ကြားလိုက်ရသည့် လူတိုင်းမှာ ကျောရိုးထဲအထိ အေးစိမ့် သွားသကဲ့သို့ ခံစားလိုက် ရလေသည်။ ဆီးနှင်းများထက် အေးခဲပြီး နှလုံးသားကို ဓားဦးချွန်ဖြင့် ထိုးဖောက်လိုက်သည့် အလား ခံစားလိုက်ကြရသည်။

ဆန်းလျန်က သွေးနီရောင် ဓားရှည်ကို လှမ်းယူ လိုက်လေသည်။

ထိုအခါ ဆန်းလျန်နှင့် သွေးနီရောင်ဓားသည် နှစ်ပေါင်းများစွာ ရင်းနှီးနေကြသည့် အလား နက်ရှိုင်းသည် ချိတ်ဆက်မှုများ စတင်ဖြစ်တည် လာလေသည်။ ထို့နောက် ဆန်းလျန်၏ အဆင့်လွန်  ဓားဝိညာဉ်သည် သွေးနီရောင် ဓားနှင့် သဟဇာတ ကျစွာ ပေါင်းစည်း သွားခဲ့သည်။

"နတ်ဘုရား ထောင်ချောက်ဓား"

ဆန်းလျန် လက်ထဲတွင် ကိုင်ထားသည့် သွေးနီရောင်ဓားမှာ "နတ်ဘုရား ထောင်ချောက်ဓား" ပင် ဖြစ်လေသည်။

ထိုဓား၏ ပိုင်ရှင်မှာ အခြားသူ မဟုတ်။ ကျုန်းစန်းတောင်မှ ချန်ပေသို ဖြစ်လေသည်။

ဓားသွားမှာ သွေးနီရောင် တောက်ပနေလေသည်။

ဆန်းလျန်သည် သွေးနီရောင် ဓားရှည်ကို ကိုင်ကာ ရှေ့သို့ တစ်လှမ်းချင်း လှမ်းလာလေသည်။

"နတ်ဘုရား ထောင်ချောက်ဓား"

လင်ကွမ်း နတ်သမီးမှာ ထိတ်လန့် တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်သည်။

သူမ၏ ထိတ်လန့်မှုက သူမကို အမှားပြုလုပ် စေလိုက်သည်။ သူမသည် နဂါးငွေ့တန်း ဓားဝိညာဉ်ဖြင့် သူမကိုသူမ ကာကွယ်ထားသည်ကို ရပ်တန့်လိုက်ပြီး ဆန်းလျန်ကို စတင် တိုက်ခိုက် လိုက်လေတော့သည်။

သူမ၏ နဂါးငွေ့တန်း ဓားဝိညာဉ်သည် ငွေရောင်လင်းလက် တောက်ပနေလေသည်။

ထိုဓားဝိညာဉ်၏ ကြီးမြတ်မှုကို မည်သည့် ဓားသမားမဆို ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

လင်ကွမ်း နတ်သမီး၏ ဓားချက်သည် ဆန်းလျန် ဆီသို့ ဝင်ရောက်လာလေသည်။

ဆန်းလျန်က နတ်ဘုရား ထောင်ချောက်ဓားဖြင့် သူမကို ပြန်လည် တိုက်ခိုက်လိုက်လေသည်။ သူ၏တိုက်ကွက်မှာ လိပ်ပြာလေးတစ်ကောင် ပေါ့ပေါ့ပါးပါး ပျံသန်းနေသည်နှင့် ဆင်တူ လွန်းလှသည်။

လင်ကွမ်း နတ်သမီး၏ နဂါးငွေ့တန်း ဓားသိုင်းနှင့် ယှဉ်လျှင် ဆန်းလျန် အသုံးပြုနေသည့် ဓားသိုင်းသည် အလွန်မှ အင်အားနည်း နေပြီး တန်ခိုးစွမ်းအား မရှိသလို ဖြစ်နေလေသည်။

သို့သော် အချိန်ခဏလေး အတွင်းမှာပင် ငွေရောင် နဂါးငွေ့တန်း ဓားဝိညာဉ်သည် သွေးနီရောင်များဖြင့် ဖုံးလွှမ်း သွားလေသည်။

သွေးနီရောင် အလင်းတန်းများသည် လင်ကွမ်း နတ်သမီး၏ ခန္ဓာကိုယ်ဆီသို့ လိပ်ပြာတောင်ပံ ခတ်သည့်အခါ ထွက်ပေါ်လာသည့် လေပြည်အလား လာရောက် ရိုက်ခတ်လေသည်။

ဆန်းလျန်၏ မျက်နှာက တည်ငြိမ်နေလေသည်။

သူ၏ နတ်ဘုရား ထောင်ချောက်ဓားသည် လင်ကွမ်း နတ်သမီး၏ နှလုံးသား နေရာသို့ စိုက်ဝင်သွားလေပြီ။

သူက ဓားကို ပြန်ဆွဲယူလိုက်သည့် အချိန်တွင်တော့ လင်ကွမ်း နတ်သမီး၏ ခန္ဓာကိုယ်ထဲမှ သွေးများ ပန်းထွက်လာလေသည်။

လင်ကွမ်း နတ်သမီး၏ မျက်နှာမှ မယုံကြည်နိုင်ခြင်း များစွာဖြင့် ဆန်းလျန်ကို ငေးကြည့်နေဆဲ မှာပင် ဆန်းလျန်က တောက်ချင် နတ်ဘုရားကို စတင် တိုက်ခိုက်လိုက်လေသည်။

တောက်ချင် နတ်ဘုရားက ဆန်းလျန်၏ ဓားချက်ကို အသည်းအသန် ခုခံ ကာကွယ်လိုက်သည်။ သူ့အနေဖြင့် ဂိုဏ်းတူ ညီမလေး လင်ကွမ်းကိုပင် စိုးရိမ်ချိန် မရတော့ပေ။

တောက်ချင် နတ်ဘုရားထံမှ အဆုံးမဲ့တန်ခိုး စွမ်းအားများ ထွက်ပေါ်လာပြီး နဂါးတစ်ကောင် အလား ဆန်းလျန်ထံသို့ ဝင်ရောက် လာလေသည်။

တောင်တစ်လုံးကို ချိုးဖျက် ပစ်နိုင်သည့် တန်ခိုးစွမ်းအား ဖြစ်လေ၏။

ထိုအချိန်မှာပင် ယွိမင် နတ်ဘုရားက သူ၏လက်ထဲမှ အသွင်ပြောင်း ထားသည့် လင်ရှောင် ခန်းမဆောင်ကို ဆန်းလျန်ဆီသို့ ပစ်လွှတ်လိုက်လေသည်။

လင်ရှောင် ခန်းမဆောင်သည် ဝိညာဉ်စွမ်းအား ပစ္စည်းများဖြင့် တည်ဆောက် ထားသည့်အတွက် တောင်တစ်လုံး အလား လေးလံ လွန်းလှလေသည်။ ထို့ပြင် ထိုခန်းမဆောင် ထဲတွင် ယွိမင် နတ်ဘုရား၏ တန်ခိုးစွမ်းအား များလည်း ပါဝင်နေလေသည်။

ဆန်းလျန်က သူ့ဓားကို ပြန်သိမ်းလိုက်လေသည်။ သူ၏ လှပသော လက်များထက်တွင် သွေးများကို မြင်တွေ့ရလေသည်။ ဆန်းလျန်၏ သွေးများ မဟုတ်ပါ။ လင်ကွမ်း နတ်သမီး၏ သွေးများပင် ဖြစ်လေသည်။

သွေးများက အနီရောင် မဟုတ်ပါ။ ကြည်လင်နေသည့် ပြဒါးရောင်နှင့် အနီရောင် ပေါင်းစပ်ထားသည့် အရောင် ဖြစ်လေသည်။

ထိုသွေးရောင်သည် နတ်ဘုရားသွေး အစစ်အမှန်ပင် ဖြစ်လေသည်။

***

All Chapters