← Chapters

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

အခန်း (၁၀၁) - သီးသန့်တွေ့ဆုံမေးမြန်းခြင်း

"ရှောင်ယွီလေး... ဒီကို ခဏလာပါဦး..."

ဝမ်ယွဲ့လုံကို ပြန်လွှတ်လိုက်ပြီးနောက်၊ ချူလျန်သည် အပြုံးပန်းဆင်လျက် ရှောင်ယွီလေးအား သွားရောက်ရှာဖွေလိုက်လေသည်။

"ဟင်..." ကောင်မလေးက မျက်တောင်ခတ်လိုက်ပြီး "အစ်ကိုကြီးချူလျန်... ဘာကိစ္စလဲ..." ဟု မေးလိုက်သည်။

ငွေဓားတောင်ထွတ်၏ အခြေအနေမှာ ဤသို့ ဖြစ်နေချေ၏။

သူမက တစ်ယောက်ကို အစ်မခေါ်၍ တစ်ယောက်ကို အစ်ကိုခေါ်သည်။

သူကမူ ဆရာသခင်ဟု ခေါ်ဆိုနေရပြန်ရာ သုံးပွင့်ဆိုင် ရှုပ်ထွေးနေသော ဆက်ဆံရေးများပင် ဖြစ်နေတော့သည်။

"အရင်တစ်ခါလိုပဲ... ဆုတောင်းပေးပါဦး..." ချူလျန် ပြောလိုက်သည်။

ရှောင်ယွီလေးခမျာ ခေါင်းစောင်းလိုက်ပြီး ချူလျန်ကို နားမလည်သလို ကြည့်လိုက်လေသည်။

ဘာလို့ အားတိုင်းယားတိုင်း ခဏခဏ လာဆုတောင်းခိုင်းနေတာတုန်း… တစ်နှစ်မှာ (၃၆၅) ခါလောက် ဆုတောင်းခိုင်းမယ့် သဘောလား...။

သို့သော် ကြင်နာတတ်သော ကောင်မလေးသည် မျက်လုံးမှိတ်ပြီး သူ့အတွက် စိတ်ထဲမှ တိတ်တဆိတ် ဆုတောင်းပေးလိုက်သည်။

သူမ မျက်လုံးမှိတ်လိုက်သည်ကို မြင်သောအခါ၊ ချူလျန်သည်လည်း စိတ်ကို တည်ငြိမ်အောင်ထားပြီး ဆုလာဘ်ထုတ်ယူရန် ပြင်လိုက်တော့သည်။

ဝိညာဉ်အာရုံသည် စေတီတော်ဖြူ၏ ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားရာ၊ ပုံမှန်နှင့်မတူသော မြင်ကွင်းကို တွေ့လိုက်ရသည်။ ပုံရိပ်ယောင်တစ်ခုကျ အခန်းတစ်ခုစီ နေရာယူထားသဖြင့်၊ ယခုအခါ စေတီတော်ဖြူထဲတွင် အဆိပ်ပျားများဖြင့် ပြည့်နှက်နေပြီး၊ အဆုံးအစ မမြင်နိုင်အောင်ပင် ဖြစ်နေချေသည်။

ထိုအထဲတွင် အထင်ရှားဆုံးမှာ သိသိသာသာ ကြီးမားသော ပျားဘုရင်မ၏ ပုံရိပ်ယောင်ပင် ဖြစ်ချေ၏။

မျိုးစိတ်တူ မိစ္ဆာဖြစ်သော်လည်း၊ စွမ်းအား ကွာခြားလွန်းသဖြင့် ပေးစွမ်းမည့် ဆုလာဘ်မှာလည်း ကွာခြားပေလိမ့်မည်။

ချူလျန်သည် ပျားဘုရင်မပုံရိပ်ယောင်ရှိရာ အခန်းရှေ့သို့ ဦးစွာ သွားရောက်ပြီး၊ တုံ့ဆိုင်းခြင်းမရှိဘဲ 'သန့်စင်ခြင်း' ကို နှိပ်လိုက်လေသည်။

ဝုန်း...

အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။

အဖြူရောင် အလင်းလုံးတစ်လုံး ပျံထွက်လာသည်ကို တွေ့လိုက်ရပြီး၊ ချူလျန် ဖမ်းယူလိုက်ရာ ဝိုင်းစက်သော အဖြူရောင်ဥတစ်လုံး ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

[ ဆန်းကြယ်သားရဲဥ - အခြေခံချီစွမ်းအင်ဖြင့် ဖြည့်သွင်းပြီး သားဖောက်ရမည်။ ဝိညာဉ်သားရဲ ဥခွံခွဲ၍ ထွက်လာသောအခါ သခင်အဖြစ် အသိအမှတ်ပြုမည်ဖြစ်ပြီး၊ အိမ်မွေးခြံပေါက် စိတ်ဝိညာဉ်အိမ်မွေးတိရစ္ဆာန် ဖြစ်လာပေမည်။ ]

"ဝိညာဉ်သားရဲတဲ့လား..."

ချူလျန် အတော်လေး အံ့သြသွားရသည်။

ဤစေတီတော်ဖြူသည် အသက်ရှိသော အရာများကိုပင် ထုတ်ပေးနိုင်သည်လော...။

ဝိညာဉ်သားရဲဆိုသည်မှာ 'မိစ္ဆာ၊ မကောင်းဆိုးဝါး၊ တစ္ဆေ၊ သားရဲ' စသည်များအထဲမှ 'သားရဲ' အမျိုးအစားတွင် ပါဝင်ပြီး၊ စွမ်းအားကြီးမားသော်လည်း လူယောင်ဖန်ဆင်းရန် မလိုအပ်သော သတ္တဝါများ ဖြစ်ကြသည်။

လက်တွေ့တွင် ဝိညာဉ်သားရဲနှင့် လူယောင်မဖန်ဆင်းနိုင်သေးသော မိစ္ဆာသားရဲများအကြားရှိ ကွာခြားချက်မှာ များစွာ မထင်ရှားလှပေ။

သာမန် ဝိညာဉ်အိမ်မွေးတိရစ္ဆာန်များမှာ ရှုတောင်တွင် အများအပြား ရှိသော်လည်း၊ 'အိမ်မွေးခြံပေါက် စိတ်ဝိညာဉ်အိမ်မွေးတိရစ္ဆာန်' မှာမူ ရှားပါးလှသည်။

ယင်းမှာ အသက်ရှင်နေသော ဝိညာဉ်သားရဲဥတစ်လုံးကို ရရှိပြီး၊ ကိုယ်တိုင် သားဖောက်မှသာ ရရှိနိုင်ခြင်း ဖြစ်သည်။ ဥခွံခွဲ၍ ထွက်လာသည်နှင့်တစ်ပြိုင်နက် သခင်အဖြစ် အသိအမှတ်ပြုသဖြင့်၊ စိတ်နေသဘောထားနှင့် ရင်းနှီးမှုအပိုင်းတွင် နောက်မှဖမ်းဆီးရမိသော အိမ်မွေးတိရစ္ဆာန်များထက် များစွာ သာလွန်လေသည်။

ဤအိမ်မွေးတိရစ္ဆာန်သည် စွမ်းအားကြီးမကြီး မသေချာသော်လည်း၊ ချူလျန်အတွက်မူ အဆန်းတကြယ် ဖြစ်နေရသည်။ သူ မလိုအပ်လျှင်တောင်မှ၊ နောက်ထပ်တစ်ကောင် တိုးလာခြင်းကို ဝန်လေးနေမည် မဟုတ်ပေ။

ငါလေးက ဘယ်လို အိမ်မွေးတိရစ္ဆာန်မျိုး လိုချင်တာလဲ...။

စီနီယာအစ်မကျန်း၏ ပုံရိပ်က စိတ်ထဲတွင် ဖြတ်ခနဲ ပေါ်လာသဖြင့်၊ ချူလျန် ခေါင်းကို အမြန်ခါလိုက်ရပြီး၊ လက်တွေ့မကျသော အတွေးများကို မောင်းထုတ်ပစ်လိုက်ရသည်။

ခေါင်းမော့လိုက်ပြီးနောက် ဘေးနားရှိ 'သန့်စင်ခြင်း' ခလုတ်ကို ဆက်လက် နှိပ်လိုက်ပြန်သည်။

ဝုန်း...

အဆိပ်ပျားပုံရိပ်ယောင်တစ်ခု သန့်စင်ခံလိုက်ရပြီး၊ သစ်သီးလက်ဖက်ရည် တစ်အိုး လက်ထဲသို့ ရောက်လာပြန်သည်။

သို့သော် သစ်သီးလက်ဖက်ရည်၏ အရောင်မှာ အနည်းငယ် ကွဲပြားနေသည်ကို ချူလျန် သတိထားမိလိုက်သည်။

“ဟမ်...”

သူ တစ်ငုံ သောက်ကြည့်လိုက်ရာ၊ အမှန်တကယ်ပင် ယခင်နှင့် အရသာ မတူတော့ပေ။

အရသာအသစ်လော...။

ချူလျန်သည် နောက်ထပ် အနည်းငယ် ထပ်နှိပ်လိုက်ရာ၊ အရောင်နှင့် ပုံစံကွဲပြားသော သစ်သီးလက်ဖက်ရည် အများအပြား ထွက်ပေါ်လာပြန်သည်။ ထို့အပြင် အရသာများလည်း မတူညီကြပေ။

အရင်တုန်းက အကုန် တူတူပဲလေ...။

ချူလျန် စဉ်းစားလိုက်မိသည်။

ဒါက ရွှေငါးကြင်းလေးရဲ့ အစွမ်းကြောင့်များလား...။

သူမရဲ့ ဆုတောင်းပေးမှုအောက်မှာ… အရသာအသစ်တွေ ထွက်လာတယ်တဲ့လား...။

"ရပြီလား..." ရှောင်ယွီလေးက တိုးညင်းစွာ မေးလိုက်သည်။

ကောင်မလေးသည် ချူလျန်တစ်ယောက် မျက်လုံးမှိတ်ထားရင်း၊ အသက်ရှူသံများ မြန်လာသည်ကို သတိထားမိသဖြင့် ထူးဆန်းနေမိတော့သည်။

"ရပါပြီ... ပြီးရင် မုန့်ဝယ်ကျွေးမယ်နော်..." ချူလျန် ကျေးဇူးတင်စကား ဆိုလိုက်ပြီး၊ ကိုယ့်အခန်းထဲသို့ ပြန်ပြေးဝင်သွားလေသည်။

သစ်သားအိမ်လေးထဲ ရောက်သောအခါ၊ ချူလျန်သည် အဖြူရောင် သားရဲဥလေးကို ထုတ်ယူလိုက်သည်။ ဥခွံမှာ ကြည်လင်တောက်ပနေပြီး အတွင်းထဲရှိ ရွှေရောင်ပုံရိပ်တစ်ခုကိုပင် မြင်နေရသည်။

သူသည် အခြေခံချီစွမ်းအင်ကို ဖြည်းညင်းစွာ ထည့်သွင်းကြည့်လိုက်ရာ၊ နွေးထွေးသော ခံစားမှုတစ်ခုကို ပြန်လည် ရရှိလိုက်ပြီး၊ အနည်းငယ် လှုပ်ခါသွားသည်ကိုလည်း ခံစားလိုက်ရသည်။

သူ၏ ပေးဆပ်မှုကို ပြန်လည် တုံ့ပြန်နေသကဲ့သို့ပင်။

‘အင်း...’

‘အိမ်မွေးခြံပေါက် စိတ်ဝိညာဉ်အိမ်မွေးတိရစ္ဆာန်တွေက ရင်းနှီးမှုပိုများတယ် ဆိုတာ မဆန်းပါဘူးလေ...အခုကတည်းက ဝိညာဉ်အသိ ရှိနေပြီကိုး... ကိုယ်က ချီစွမ်းအင်နဲ့ အမြဲတမ်း သားဖောက်ပေးနေရင်… သူက ကိုယ့်ကို အမေလို့တောင် ထင်သွားနိုင်တယ်...’

‘နေပါဦး… ဒါဆို ငါက မေမေလေး ဖြစ်သွားတော့မှာလား...’

တွေးနေစဉ်မှာပင်၊ အပြင်ဘက်မှ ထူးဆန်းသော ရယ်သံတစ်ခုကို ကြားလိုက်ရသည်။

"ဟီးဟီးဟီး…”

အသံကြားလိုက်သည်နှင့် မည်သူဆိုသည်အား သိလိုက်ချေပြီ။

ချူလျန်သည် သားရဲဥကို သိမ်းဆည်းလိုက်ပြီး ထွက်ကြည့်လိုက်ရာ၊ အပြင်ဘက်တွင် စိတ်လှုပ်ရှားနေသော လင်းပေ့ကို တွေ့လိုက်ရလေသည်။

"ချူလျန်... ငါတို့ နာမည်ကြီးတော့မယ်ကွ..." လင်းပေ့က ဖုံးဖိ၍ မရနိုင်သော စိတ်လှုပ်ရှားမှုဖြင့် အော်ဟစ်လိုက်သည်။

"ကောင်းကင်မဏ္ဍိုင်မျှော်စင်က လူတွေ ငါတို့ကို လာရှာနေကြပြီ..."

...

အဖြစ်အပျက်ကြီးများ ဖြစ်ပွားတိုင်း၊ အခြေအနေပေးပါက ကောင်းကင်မဏ္ဍိုင်မျှော်စင်မှ တပည့်များသည် ကာယကံရှင်များကို သီးသန့်တွေ့ဆုံမေးမြန်းလေ့ ရှိပြီး၊ ကြယ်ခုနစ်စင်းသတင်းစာပါ သတင်းများကို ပိုမို တိကျမှန်ကန်စေရန် ဆောင်ရွက်လေ့ ရှိသည်။

သို့သော် ဤကဲ့သို့ တွေ့ဆုံမေးမြန်းခြင်းမှာ အမြဲတမ်းရှိသည်တော့ မဟုတ်ပေ။ ဥပမာအားဖြင့် ချူလျန်နှင့် ယွမ်ချောင်ရှန်းတို့ ကြယ်ခုနစ်စင်းသတင်းစာတွင် ပါဝင်ခဲ့စဉ်က မည်သူမျှ လာရောက် မေးမြန်းခြင်း မရှိခဲ့ပေ။

ယခုတစ်ကြိမ်တွင် တောင်တံခါးမြို့ကိစ္စမှာ ကြီးမားသောကြောင့်သာ ဤကဲ့သို့ သီးသန့်တွေ့ဆုံမေးမြန်းခြင်း ဖြစ်လာပုံ ရသည်။

လမ်းတစ်လျှောက်လုံးတွင် လင်းပေ့မှာ ပျော်ရွှင်မြူးထူးနေလေသည်။

အင်မော်တယ်ဂိုဏ်းသား အများစုအတွက်၊ ကြယ်ခုနစ်စင်းသတင်းစာတွင် ပါဝင်ခွင့်ရခြင်းမှာ အမှန်တကယ်ပင် ဂုဏ်ယူစရာကိစ္စ ဖြစ်ပေသည်။

သို့သော် ချူလျန်ကမူ တည်ငြိမ်နေသည်။

သူသည် ကောင်းကင်မဏ္ဍိုင်မျှော်စင်နှင့် ဆရာသခင်ဖြစ်သူတို့၏ ဆက်ဆံရေးအပေါ် သံသယရှိနေသဖြင့်၊ အနည်းငယ်ပင် စိုးရိမ်ပူပန်နေမိသည်။

များမကြာမီတွင် တိမ်ပင်လယ်ကို ဖြတ်ကျော်ပြီး၊ ကောင်းကင်တက်လှမ်းတောင်ထွတ်သို့ ရောက်ရှိလာကြလေသည်။ မျှော်စင်များကြားရှိ တိတ်ဆိတ်သော အခန်းတစ်ခန်းတွင်၊ ကောင်းကင်မဏ္ဍိုင်မျှော်စင်မှ လူများ စောင့်ဆိုင်းနေကြသည်။

သို့သော် ဤနေရာတွင် နောက်ထပ်သော လူတစ်ယောက်ပါ ရှိနေသေးသည်။

သူမကို မြင်လိုက်ရသောအခါ ချူလျန်နှင့် လင်းပေ့တို့နှစ်ဦးလုံး အနည်းငယ် အံ့သြသွားကြရသည်။

ထိုကောင်းကင်မဏ္ဍိုင်မျှော်စင်မှ တပည့်မှာ ထိုင်နေပြီး၊ သေးသွယ်သော ကိုယ်ခန္ဓာနှင့် ကျစ်ဆံမြီး နှစ်ဖက်ခွဲထားကာ၊ မျက်နှာမှာ ကလေးဆန်ပြီး (၁၆)၊ (၁၇) နှစ်အရွယ်ခန့်သာ ရှိပုံရသည်။

ပြုံးလိုက်သည့်အခါ မျက်လုံးလေးများ မှေးသွားပြီး အတော်လေး ချစ်စရာ ကောင်းနေချေသည်။

သူမသည် ဘေးနားရှိ အမျိုးသမီးတစ်ဦးနှင့် ရင်းရင်းနှီးနှီး စကားပြောနေ၏။ ထိုအမျိုးသမီးမှာ ကိုယ်ကျပ်ဝတ်စုံရှည်နှင့် ပါးလွှာသော အပေါ်ထပ်အင်္ကျီကို ဝတ်ဆင်ထားပြီး၊ ဆံပင်ကို ပေါ့ပေါ့ပါးပါး ထုံးဖွဲ့ထားသည်မှာ ဆံစများ ဝဲကျနေပြီး ပြောမပြတတ်အောင် ကျက်သရေရှိလှသည်။

သူမသည်ကား ကျန်းယွဲ့ပိုင်ပင် ဖြစ်နေချေ၏။

"ရှုတောင်ဂိုဏ်းက သူရဲကောင်းလေးနှစ်ယောက် ရောက်လာပြီပဲ..." ထိုကောင်းကင်မဏ္ဍိုင်မျှော်စင်တပည့်က မတ်တပ်ရပ်လိုက်ပြီး၊ ဦးစွာ မိတ်ဆက်လိုက်သည်။

"ကျွန်မက ကောင်းကင်မဏ္ဍိုင်မျှော်စင်၊ လေလှိုင်းဖမ်းခန်းမက တပည့်ပါ… နာမည်က ကျန်းရှောင်ဟန်လို့ ခေါ်ပါတယ်… ဒီနေ့ တောင်တံခါးမြို့ကိစ္စနဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းဖို့ လာခဲ့တာပါ... ကျွန်မက လေလှိုင်းဖမ်းခန်းမမှာ လူသစ်မို့လို့ အတွေ့အကြုံ သိပ်မရှိပါဘူး… စီနီယာအစ်ကိုတို့အနေနဲ့ ကူညီပေးကြပါဦးနော်..."

"ရပါတယ်... ရပါတယ်..." မိတ်ဆက်ပြီးသည်နှင့် လင်းပေ့က ရင်ဘတ်ကို ပုတ်လိုက်လေသည်။

"ကျွန်တော်တို့ ရှုတောင်ဂိုဏ်းသားတွေက အမြဲတမ်း ဖော်ရွေပါတယ်... ဂျူနီယာညီမလေးကျန်းအနေနဲ့လည်း ဆောင်းပါးရေးတဲ့အခါ ကျွန်တော်တို့အကြောင်း ကောင်းကောင်းလေး ရေးပေးဖို့ မျှော်လင့်ပါတယ်..."

လေလှိုင်းဖမ်းခန်းမဆိုသည်မှာ ကောင်းကင်မဏ္ဍိုင်မျှော်စင်တွင် ကြယ်ခုနစ်စင်းသတင်းစာ ပြုစုရေးသားရန် တာဝန်ယူထားသော ဌာနဖြစ်ပြီး၊ လစဉ်ထွက်ရှိသော သတင်းစာများမှာ ထိုနေရာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဌာနလက်အောက်ရှိ တပည့်များသည် ပြည်နယ်ကိုးခုအနှံ့ သွားလာပြီး သတင်းအချက်အလက်များ ရှာဖွေစုဆောင်းကြသည်။

အကယ်၍ ကျင့်ကြံခြင်းလောကတွင် “အထိုးခံသင့်သူများ” စာရင်းကို ပြုစုမည်ဆိုပါက၊ လေလှိုင်းဖမ်းခန်းမ၏ ခေါင်းဆောင် ကျိုးရီကျန့်သည် သေချာပေါက် နံပါတ်တစ် ဖြစ်ပေလိမ့်မည်။ ဆယ်စုနှစ်များစွာအတွင်း သူ့ကို သတ်ချင်နေသူများမှာ မရေမတွက်နိုင်အောင် များပြားလှသည်။

ချူလျန်သည် ကျန်းယွဲ့ပိုင်ကို ကြည့်လိုက်ပြီး၊ သူမ ဘာကြောင့် ဤနေရာတွင် ရှိနေရသနည်း ဆိုသည်ကို နားမလည်နိုင် ဖြစ်နေမိသည်။

ကျန်းယွဲ့ပိုင်ကမူ အပြုံးဖြင့် သူ့ကို ပြန်ကြည့်နေလေသည်။

ကျန်းရှောင်ဟန်သည် သူ၏အကြည့်ကို သတိထားမိလိုက်ပုံရပြီး၊ ထိုင်ချလိုက်ကာ ကျန်းယွဲ့ပိုင်၏ လက်ကို ကိုင်လိုက်ပြီး အပြုံးဖြင့် ပြောလိုက်သည်။

"ကျွန်မနဲ့ မမကျန်းက အရင်ကတည်းက ခင်မင်ခဲ့ကြတာပါ... ဒီတစ်ခါ တိုက်ဆိုင်လို့ သူမဆီမှာ ကိစ္စရှိတာနဲ့ ခေါ်လာခဲ့လိုက်တာ... သူမ ဒီမှာ ထိုင်နေလို့ ရှင်တို့ စိတ်လှုပ်ရှားနေရတာမျိုး မဖြစ်ပါဘူးနော်..."

"စိတ်လှုပ်ရှားတာကတော့ ရှိတာပေါ့..." လင်းပေ့က ပြောလိုက်သည်။

"စီနီယာအစ်မကျန်းက ကျွန်တော်တို့ ရှုတောင်တစ်ခုလုံးရဲ့ နတ်သမီးလေ... ပုံမှန်ဆိုရင် ကျွန်တော်တို့လို တပည့်ငယ်လေးတွေက သူမကို တွေ့ခွင့်ရဖို့ အရမ်းခက်ခဲတာ..."

ပြောရင်းဆိုရင်း၊ သူက ဘေးနားရှိ ချူလျန်ကို လှမ်းကြည့်လိုက်သည်။

ချူလျန်ကမူ သက်သောင့်သက်သာ ဝင်ထိုင်လိုက်ပြီး၊ ကျန်းယွဲ့ပိုင်ကို တည်ငြိမ်စွာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။

‘ချီးတဲ့မှ... သူက တော်တော်ကို သဘာဝကျနေပါလား...'

လင်းပေ့ စိတ်ထဲတွင် ဆဲဆိုလိုက်မိလေသည်။

ကျန်းယွဲ့ပိုင်က ကျန်းရှောင်ဟန်ကို ကြည့်လိုက်ပြီး၊ နူးညံ့စွာ ပြောလိုက်၏။ "မေးစရာရှိတာ မြန်မြန် မေးလိုက်ပါ... သူတို့ကို အရင်မေးလိုက်… ငါ ဒီမှာ နားထောင်နေလို့ အနှောင့်အယှက် မဖြစ်ပါဘူးနော်..."

"မဖြစ်ပါဘူး..." ကျန်းရှောင်ဟန်က ရယ်မောလိုက်ပြီး၊ ထိုနှစ်ယောက်ဘက်သို့ လှည့်ကာ မေးမြန်းလိုက်တော့သည်။

"ပထမဆုံး အနေနဲ့၊ ရှင်တို့နှစ်ယောက် တောင်တံခါးမြို့ကို သွားရတဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ သိချင်ပါတယ်..."

"သေချာပေါက် မိစ္ဆာနှိမ်နင်းဖို့ တာဝန်ကြောင့်ပါ..." လင်းပေ့က တရားမျှတသော လေသံဖြင့် ပြောလိုက်သည်။

"ခင်ဗျားလည်း သိတဲ့အတိုင်းပဲ... ကျွန်တော်တို့ ရှုတောင်ဂိုဏ်းသားတွေက မိစ္ဆာနှိမ်နင်းပြီး တရားမျှတမှုဖော်ဆောင်တာကို တာဝန်တစ်ရပ်အနေနဲ့ သတ်မှတ်ထားကြတာပါ..."

"ဒါပေမဲ့ ကျွန်မတို့ စုံစမ်းသိရှိရသလောက်တော့၊ ရှင်တို့နှစ်ယောက်ရဲ့ မိစ္ဆာနှိမ်နင်းရေးတာဝန်က ချက်ချင်းကို ပြီးစီးသွားခဲ့တယ်... ဒါပေမဲ့ တောင်တံခါးမြို့မှာ ရှင်တို့က ရက်အနည်းငယ် ဆက်နေခဲ့ကြတယ်... တောင်ပိုင်းဂီတမျှော်စင်က မိန်းကလေးရွှဲ့ရဲ့ ဖျော်ဖြေပွဲကို စောင့်နေကြတာလား..." ကျန်းရှောင်ဟန်က မေးလိုက်လေသည်။

ကြည့်ရသည်မှာ ဤကောင်မလေးသည် တောင်တံခါးမြို့သို့ ရောက်ခဲ့ပြီးပြီ ဖြစ်ကာ၊ အကြောင်းစုံကို အတော်လေး သိရှိထားပုံ ရလေသည်။

ချူလျန်တစ်ယောက် ခေါင်းညိတ်ရန် ပြင်လိုက်သော်လည်း၊ လင်းပေ့က ကပျာကယာခေါင်းခါ၍ ငြင်းလိုက်သည်ကို ကြားလိုက်ရသည်။

"လုံးဝ မဟုတ်ပါဘူး... ကျွန်တော်တို့က အဲဒီအချိန်တုန်းက အစ်မပျောက်သွားလို့ လမ်းပျောက်နေရှာတဲ့ မိန်းကလေးတစ်ယောက်ကို ကူညီနေတာပါ... သူမရဲ့ ဆွေမျိုးတွေကို ကူညီရှာဖွေပေးရင်းနဲ့မှ… တင့်ဆန်းမြို့စားစံအိမ်ရဲ့ ယုတ်မာတဲ့ လျှို့ဝှက်ချက်တွေကို သိရှိခဲ့ရတာပါ..."

"ဝိုး... ရှင်တို့နှစ်ယောက်က တကယ့်ကို သူရဲကောင်း စိတ်ဓာတ်ရှိကြတာပဲ..." ကျန်းရှောင်ဟန်က အပြုံးဖြင့် ချီးကျူးလိုက်ကာ၊ ထပ်မေးလိုက်ပြန်သည်။

"ဒါပေမဲ့ ကြားတာတော့ ရှင်တို့နှစ်ယောက်က မိန်းကလေးရွှဲ့နဲ့ အတော်လေး ရင်းနှီးကြတယ်ဆို... တောင်တံခါးမြို့ထဲမှာ သတင်းတွေ ထွက်နေတာက... ရှင်တို့နဲ့ မြို့စားလေး အငြိုးအတေး စဖြစ်ရတာက… မိန်းကလေးရွှဲ့ကို လုကြရင်း သဝန်တိုရာကနေ စတာဆို..."

လင်းပေ့တစ်ယောက် လန့်သွားသည်။ "အဲလို သတင်းတွေတောင် ရှိသေးတာလား..."

ချူလျန်က လက်ကို အသည်းအသန် ခါရမ်းလိုက်သည်။ "လုံးဝ မဟုတ်ပါဘူး..."

စားပွဲတစ်ဖက်ရှိ ကျန်းယွဲ့ပိုင်၏ မျက်နှာတွင် ထူးဆန်းသော အပြုံးတစ်ခုက ပေါ်လာချေသည်။

ကျန်းရှောင်ဟန်၏ အကြည့်များက သူတို့နှစ်ယောက်၏ မျက်နှာများပေါ်တွင် ကစားနေပြီး "ကျွန်မ ကြားတာတော့ အဲဒီစံအိမ်က အစေခံတစ်ယောက် ပြောပြတာ... ချောမောခန့်ညားတဲ့ လူငယ်လေးတစ်ယောက်က မိန်းကလေးရွှဲ့ဆီ သွားပြီးတော့… နှစ်ယောက်တည်း တံခါးပိတ်ပြီး စောင်းတီး ရင်ဖွင့်ကြတယ်ဆို..."

လင်းပေ့ခမျာ ထပ်မံ၍ လန့်သွားရပြန်သည်။ "ကျွန်တော် မဟုတ်ဘူးနော်..."

‘မင်း ဖြစ်မယ်လို့ ဘယ်သူက ထင်မှာမို့လို့လဲ...’ ချူလျန် စိတ်ထဲမှ ပြောလိုက်မိလေသည်။

တစ်ချိန်တည်းမှာပင် ခေါင်းကိုက်လာရသည်။

ဒီကောင်းကင်မဏ္ဍိုင်မျှော်စင်က တပည့်တွေက ဘာကိစ္စတွေ လိုက်စုံစမ်းနေကြတာလဲ...။

မကောင်းဆိုးဝါးတွေကို တိုက်ခိုက်တဲ့ လုပ်ငန်းစဉ်တွေ၊ စိတ်ဓာတ်ခွန်အားတွေကို မမေးဘဲ၊ ဘာလို့ ဒီလို အတင်းအဖျင်း သတင်းတွေကိုပဲ လိုက်မေးနေရတာလဲ...။

ပြီး…ပြီးတော့...

စီနီယာအစ်မကျန်းရဲ့ ရှေ့မှာလေ...။

အကြည့်အားလုံး မိမိဆီ ရောက်လာသည်ကို ခံစားလိုက်ရသဖြင့်၊ ချူလျန်သည် ရှောင်လွှဲ၍ မရနိုင်တော့ကြောင်း သိလိုက်ရပြီး တိုးညင်းစွာ ဖြေလိုက်ရသည်။

"ကျွန်တော် မိန်းကလေးရွှဲ့ရဲ့ စောင်းသံကို သွားနားထောင်ခဲ့တာတော့ မှန်ပါတယ်... ဒါပေမဲ့ စောင်းနားထောင်ရုံ သက်သက်ပါပဲ... ဘာရင်ဖွင့်တာမှ မရှိပါဘူး... ခင်ဗျား သူများပြောတာတွေ လျှောက်မယုံပါနဲ့..."

"အိုး..." ကျန်းရှောင်ဟန်၏ မျက်လုံးများ အရောင်တောက်သွားပြီး၊ အရေးကြီးသောအချက်ကို ဖမ်းမိလိုက်သကဲ့သို့ ဖြစ်သွားသည်။

"နှစ်ယောက်တည်း တံခါးပိတ်ပြီးတော့ စောင်းပဲတီးတယ်… စကားမပြောဘူးပေါ့…"

"ဟုတ်တယ်..." ချူလျန် ခေါင်းညိတ်လိုက်သည်။

"ဒါဆိုရင်၊ သူရဲကောင်းလေးချူက မိန်းကလေးရွှဲ့ရဲ့ စောင်းသံထဲကနေ သူမရဲ့ ရင်ထဲက ခံစားချက်တွေကို နားလည်နိုင်တယ်ဆိုတဲ့ သဘောပေါ့... စကားလုံးတွေ မလိုဘူးပေါ့နော်..."

ကျန်းရှောင်ဟန်က ရေရွတ်လိုက်သည်။ "စောင်းသံတွေကြားမှာ… တစ်ယောက်နဲ့တစ်ယောက် ရင်ဘတ်ချင်း နားလည်သွားကြတာပေါ့လေ..."

"လုံးဝ မဟုတ်ပါဘူး..." သူမ ထင်ရာတွေ လျှောက်ပြောနေသည်ကို ကြားလိုက်ရသောအခါ၊ ချူလျန် အမြန် တားဆီးလိုက်ရသည်။

"မိန်းကလေးရွှဲ့က ကျွန်တော့်ကို သီးသန့် စောင်းတီးပြတာ တစ်ကြိမ်တည်းပါ... အဲဒီတစ်ကြိမ်တည်းပါပဲ... ခင်ဗျား လျှောက်မတွေးပါနဲ့..."

"မဟုတ်တာ..." လင်းပေ့က ဘေးမှနေ၍ ဝင်ပြောလိုက်သည်။ "သူမ မင်းကို သီးသန့်တီးပြတာ အကြိမ်ကြိမ် ရှိတာပဲကို..."

"နောက်တစ်ကြိမ်က ငါ့အသက်ကို ကယ်ဖို့လေ..." ချူလျန် ရှင်းပြလိုက်သည်။

"အိုး..." ကျန်းရှောင်ဟန်က နောက်ထပ် တစ်စုံတစ်ခုကို ဖမ်းမိသွားသကဲ့သို့၊ စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်ပြန်သည်။

"မိန်းကလေးရွှဲ့က သူရဲကောင်းလေးချူရဲ့ အသက်ကိုပါ ကယ်ခဲ့ဖူးတယ် ဟုတ်လား... ဒါဆို... အလှလေးရဲ့ ကျေးဇူးတရားက ကြီးမားလှတယ်ဆိုတဲ့ ဇာတ်လမ်းမျိုးပေါ့…"

ခဏလေး...။

ဒီစကားလုံးက ဒီနေရာမှာ သုံးရမယ့် စကားမျိုး မဟုတ်ဘူးလေ...။

သောက်ကျိုးနည်း…။

ချူလျန်ခမျာ မျက်နှာမည်းမှောင်သွားပြီး၊ မည်သို့ ရှင်းပြရမည်အား အသည်းအသန် စဉ်းစားနေမိတော့သည်။

မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ကျန်းယွဲ့ပိုင်ကို ကြည့်လိုက်ရာ၊ ကျောက်စိမ်းကဲ့သို့ လှပသော မျက်နှာလေးတွင် အပြုံးများ ဝေဆာနေသည်ကို တွေ့လိုက်ရလေတော့သည်။

အခန်း (၁၀၂) - အဘိုးအိုနှင့် နဂါး

အထီးကျန်တောင်ထွတ်၊ နဂါးမျှားရေကန်၌ ဖြစ်၏။

စီကုန်းအဘိုးအိုသည် ငွေရောင်ရေပြင်ကို ကြည့်ရှုနေပြီး အကြည့်များမှာ နက်ရှိုင်းနေကာ အိုမင်းသောလက်များဖြင့် ငါးမျှားတံကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။

ထိုနေ့က ငွေဓားတောင်ထွတ်မှ လူများ ထွက်ခွာသွားပြီးကတည်းက ဤငါးမျှားတံ၏ တုန်ခါမှု အကြိမ်အရေအတွက်သည် တဖြည်းဖြည်း တိုးပွားလာခဲ့သည်။ အစပိုင်းတွင် နေ့တစ်ဝက်မှ တစ်ကြိမ်သာ တုန်ခါခဲ့သော်လည်း ယခုအခါတွင်မူ ခဏတစ်ဖြုတ်လျှင် တစ်ကြိမ်ကျ ဆက်တိုက်ဆိုသလို တုန်ခါနေပြီ ဖြစ်ချေသည်။

နှစ်ပေါင်းရာချီ လှုပ်ခတ်ခြင်းမရှိခဲ့သော မျက်ဝန်းများထဲတွင် တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာတော့သည်။

ခေတ္တမျှ ငြိမ်သက်သွားပြီးနောက် ရုတ်တရက် ငါးမျှားတံသည် နောက်တစ်ကြိမ် ထပ်မံ တုန်ခါလာပြီး ဤတစ်ကြိမ်တွင် ရွှေရောင်ငါးမျှားကြိုးကို တင်းတင်းရင်းရင်း ဆွဲဆန့်လိုက်လေသည်။ နဂါးမျှားရေကန်ထဲတွင် ကြီးမားသော ငွေရောင်ရေဝဲကြီးတစ်ခု စတင် ပေါ်ပေါက်လာပြီး လည်ပတ်နေစဉ်မှာပင် လေနှင့် တိမ်တိုက်များ ရုတ်ခြည်း ပြောင်းလဲသွားတော့သည်။

ကောင်းကင်ကြီး မည်းမှောင်လာပြီး မိုးတိမ်မည်းများ စုဝေးလာကြလေ၏။

စီကုန်းအဘိုးအိုသည် ထိုနေရာမှ စွမ်းအားတစ်ရပ် ဝင်ရောက်လာသည်ကို ခံစားလိုက်ရပြီး လက်နှစ်ဖက်ကို ဖြန့်ကာ ငါးမျှားတံကို တင်းခံထားလိုက်ရာ အပေါ်ပိုင်းကိုယ်ခန္ဓာမှာ မရပ်မနား တုန်ရီနေရှာ၏။ ခဏအကြာတွင် ရေဝဲကြီးမှာ ပိုမိုကြီးမားလာသော်လည်း မည်သည့်အရာမျှ ထွက်ပေါ်လာခြင်း မရှိသေးပေ။

သူ၏အားအင်များ တဖြည်းဖြည်း ကုန်ခမ်းလာသည်ကို ခံစားလိုက်ရသဖြင့် အံကိုကြိတ်ကာ လျှာဖျားကို ကိုက်လိုက်ပြီး လျှာဖျားမှ သွေးတစ်လုပ်ကို ရွှေရောင်ငါးမျှားတံပေါ်သို့ မှုတ်ထုတ်လိုက်ကာ ညာလက်ဖြင့် ညွှန်ပြလိုက်သည်။

ရွှီး...

ငါးမျှားတံသည် သူ၏လက်ဖဝါးမှနေ၍ ရွှေရောင်မီးတောက်များ ရုတ်တရက် လောင်ကျွမ်းလာပြီး မီးတောက်များသည် ရွှေရောင်ငါးမျှားကြိုးတစ်လျှောက် ဝါးမျိုသွားကာ နက်ရှိုင်းလှသော ရေဝဲကြီးထဲသို့ တိုးဝင်သွားလေ၏။

စီကုန်းအဘိုးအို သိထားသည်မှာ သူသည် ငါးမျှားတံတစ်ဖက်ခြမ်းမှ အရာနှင့် တိုက်ခိုက်နေခြင်း မဟုတ်ဘဲ၊ သူတို့နှစ်ဦး ပူးပေါင်း၍ အကန့်အသတ်မဲ့သော စည်းမျဉ်းတစ်ခုကို တွန်းလှန်နေခြင်း ဖြစ်ကြောင်းပင်။

ဝုန်း...

ရွှေရောင်မီးတောက်များ လောင်ကျွမ်းလာသည်နှင့်အမျှ ငါးမျှားတံ၏ တစ်ဖက်မှ စွမ်းအားများ ရုတ်တရက် မြင့်တက်လာပြန်သည်။ သူသည် အိုမင်းသော ခန္ဓာကိုယ်ဖြင့် မတ်တတ်ရပ်လိုက်ပြီး နောက်ဆုံးလက်ကျန် စွမ်းအားများကို စုစည်းလိုက်ရာ တစ်ကိုယ်လုံးမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်သွားလေသည်။

ဟူးလား…

ကြီးမားသော မြို့ရိုးကြီး ပြိုကျသွားသကဲ့သို့သော အသံကြီးသည် ကောင်းကင်သို့ ဦးတည်နေသော ရေဝဲကြီးထဲမှ ထွက်ပေါ်လာသည်။

မီးတောက်များရှိရာ တစ်ဖက်ခြမ်းမှ ကြီးမားသော ဦးခေါင်းကြီးတစ်ခု ရုတ်တရက် ထိုးထွက်လာ၏။ ထိုဦးခေါင်းပေါ်ရှိ မျက်လုံးတစ်စုံတည်းကပင် စီကုန်းအဘိုးအို၏ ခန္ဓာကိုယ်ထက် ပိုမိုကြီးမားနေလေသည်။

ဦးချိုများက ထင်ရှားပေါ်လွင်နေပြီး အကြေးခွံများက တောက်ပနေကာ မျက်လုံးတစ်စုံထဲတွင် ရွှေရောင်မီးတောက်များ တောက်ပနေသော ဒေါင်လိုက်သူငယ်အိမ်များ ရှိနေသည်။

ဆူးငြောင့်ခလုတ်များ ပြည့်နှက်နေသော လမ်းခရီးမှ ရောက်ရှိလာသကဲ့သို့ ရှေးဟောင်းအကြေးခွံများမှာ ကွဲအက်ပျက်စီးနေပြီး သွေးစွန်းနေကာ နတ်ဘုရားတို့နှင့် မိစ္ဆာတို့အကြားက စစ်ပွဲတစ်ခုကို ဖြတ်သန်းလာခဲ့ရသကဲ့သို့ပင်။

ထင်ရှားလှသည်မှာ ၎င်းသည် နဂါးတစ်ကောင်ပင် ဖြစ်ချေ၏။

"နှစ်ပေါင်းတစ်ရာကျော်ခဲ့ပြီ..."

စီကုန်းအဘိုးအို၏ အသံမှာ တုန်ရီနေသည်။ နဂါးခေါင်း ပေါ်ထွက်လာသည်နှင့်အမျှ ကောင်းကင်နှင့် မြေကြီးအကြား လေနှင့်မိုးတို့ ရုတ်တရက် ပြောင်းလဲသွားတော့သည်။

ကျယ်လောင်သော မိုးခြိမ်းသံများနှင့်အတူ ရွှေရောင်အကြေးခွံပုံစံ တိမ်တိုက်များသည် မိုင်ပေါင်းရာချီသော ကောင်းကင်ယံကို ဖုံးလွှမ်းသွားလေသည်။

တွန့်လိမ်နေသော ခန္ဓာကိုယ်ကြီးသည် လေထဲသို့ ပျံတက်လာပြီး နောက်ဆုံးတွင် ရေဝဲကြီးထဲမှ လွတ်မြောက်လာကာ ဖြူဖွေးသော နဂါးအစစ်တစ်ကောင်သည် ကောင်းကင်ယံတွင် ပျံသန်းနေလေတော့၏။

"ငါတို့ရဲ့ ရှုတောင်မှာ... နောက်ဆုံးတော့ နဂါး ထွက်ပေါ်လာခဲ့ပြီပဲ..."

စီကုန်းအဘိုးအို၏ မျက်ဝန်းတွင် မျက်ရည်များ ပြည့်လျှံလာလေသည်။

နှစ်ပေါင်းရာချီအောင် စောင့်ဆိုင်းခဲ့ပြီး လက်မလျှော့ခဲ့ရကျိုး နပ်ပေပြီ။ ကောင်းကင်ဘုံမှ ပေးသနားသော လက်ဆောင်တစ်ခုအလား ဤအခိုက်အတန့်တွင် နောက်ဆုံးတော့ အောင်မြင်မှု ရရှိခဲ့ချေပြီ။

သို့သော် ကြီးမားသော ခန္ဓာကိုယ်ရှိသည့် ထိုနဂါးဖြူကြီးသည် နှစ်ပေါင်းရာချီ စောင့်ဆိုင်းခဲ့သော အဘိုးအိုကို တစ်ချက်မျှပင် လှည့်မကြည့်ချေ။ ၎င်း၏ မီးတောက်လောင်နေသော ဒေါင်လိုက်မျက်လုံးများမှာ အလွန်အေးစက်နေပြီး ခေါင်းပြန်လှည့်ကာ ကောင်းကင်တက်လှမ်းတောင်ထွတ်ဘက်သို့ ရုတ်တရက် အရှိန်ဖြင့် တိုးဝင်သွားလေ၏။

ထိုနေရာသည်သာ ၎င်း၏ ပစ်မှတ်ဖြစ်ပုံ ရလေသည်။

ဝုန်း...

နဂါးအစစ် ပျံသန်းရာတလျှောက် လေနှင့် တိမ်တိုက်များ လိုက်ပါသွားကြသည်။

တစ်ချက်လှည့်လိုက်ရုံဖြင့် ကောင်းကင်တက်လှမ်းတောင်ထွတ်ပေါ်သို့ ရောက်ရှိသွားသော်လည်း ထိုအခိုက်အတန့်တွင် ကောင်းကင်ယံမှ ကြီးမားသော လက်ဝါးကြီးတစ်ခုက ထွက်ပေါ်လာလေ၏။

ထိုလက်ဝါးကြီးသည် တိမ်တိုက်များကြားမှ ထွက်ပေါ်လာပြီး လက်ချောင်းငါးချောင်းဖြင့် နဂါးခေါင်းကို ဖိနှိပ်လိုက်ရာ တစ်ချက်တည်းနှင့် ရာသီဥတုကိုပင် ပြောင်းလဲနိုင်စွမ်းရှိသော ဧရာမနဂါးကြီးအား မလှုပ်ရှားနိုင်အောင် ပြုလုပ်လိုက်လေသည်။

"လက်ရှိခေတ်ကာလရဲ့ နဂါးအစစ်က ရှုတောင်ရဲ့ ကံတရားကို သယ်ဆောင်ပေးလိုတာဟာ ငါတို့ဂိုဏ်းအတွက် ကံကောင်းခြင်းပါပဲ... ဒါပေမဲ့ သေးငယ်တဲ့ သေမျိုးလောကက နဂါးအစစ်ရဲ့ မွှေနှောက်မှုကို ခံနိုင်ရည်မရှိတဲ့အတွက်ကြောင့် ကျေးဇူးပြုပြီး အေးဆေးစွာ နေထိုင်ပေးပါ... နောက်ကျရင် ဒီနဂါးမျှားရေကန်ဟာ မင်းရဲ့ နေထိုင်ရာ ဖြစ်ပါလိမ့်မယ်..."

အသံသည် မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်လာပြီး ပဲ့တင်ထပ်သွားလေသည်။

ထိုနဂါးဖြူကြီး၏ မျက်လုံးထဲတွင် မီးတောက်များ တောက်ပနေပြီး မကျေနပ်သည့်ပုံ ပေါ်နေလေသည်။ ထိုလက်ဝါးကြီးကို မလွန်ဆန်နိုင်၍လော၊ သို့မဟုတ် ထိုစကားများကို နားလည်သွား၍လော မသိရသော်လည်း၊ ၎င်းသည် နဂါးအမြီးကို ခါရမ်းလိုက်ပြီး တိမ်ပင်လယ်ထဲတွင် တစ်ပတ်ပျံဝဲကာ ငြိမ်သက်သွားသော နဂါးမျှားရေကန်ထဲသို့ ပြန်လည်တိုးဝင် ပျောက်ကွယ်သွားလေတော့၏။

ဤအခိုက်အတန့်တွင် အကြည့်အားလုံးသည် တိမ်တိုက်များထက်သို့ ရောက်ရှိနေကြသည်။

လက်စွမ်းပြလိုက်သူမှာ ကိုယ်ထင်မပြသော်လည်း မည်သူဖြစ်ကြောင်း လူတိုင်း သိရှိကြလေသည်။

ရှုတောင်ဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ် ဝမ်ယွမ်အရှင်မြတ်ပင် ဖြစ်ချေသည်။

လက်ဝါးတစ်ချက်တည်းဖြင့် နဂါးကို ဖိနှိပ်လိုက်ခြင်းပင်။

...

ထိုအဖြစ်အပျက်မတိုင်မီ အခိုက်အတန့်...။

ချူလျန်သည် ကောင်းကင်တက်လှမ်းတောင်ထွတ်ပေါ်တွင် မကြုံစဖူးသော အနေရခက်မှုကို ကြုံတွေ့နေရရှာသည်။

ကောင်းကင်မဏ္ဍိုင်မျှော်စင်မှ တပည့်၏ မေးခွန်းများကို ရင်ဆိုင်ရင်း သူသည် တစ်ဖက်လူအား မည်ကဲ့သို့ ရှင်းပြရမည်ကို အပြင်းအထန် စဉ်းစားနေရသည်။ မေးခွန်းအနည်းငယ် မေးမြန်းခံရပြီးနောက် သူသည် ပြဿနာ၏ အဓိကအချက်ကို သဘောပေါက်လိုက်သည်။

ယင်းမှာ အိပ်ချင်ယောင်ဆောင်နေသူကို ဘယ်တော့မှ နှိုး၍မရခြင်းပင် ဖြစ်ချေသည်။

ရိုးရှင်းသော မကောင်းသူပယ် ကောင်းသူကယ်သည့် သူရဲကောင်းပုံပြင်မျိုးကို ကောင်းကင်မဏ္ဍိုင်မျှော်စင်သည် လစဉ်ထုတ်တိုင်း ရေးသားနေရသဖြင့် လူစိတ်ဝင်စားမှုကို ဆွဲဆောင်ရန် မလုံလောက်တော့ပေ။

ဤ ကျန်းရှောင်ဟန်ဆိုသူသည် ကိစ္စရပ်များကို မိမိနှင့် ရွှဲ့လင်းရွှယ်တို့၏ ချစ်ရေးချစ်ရာ အတင်းအဖျင်းအဖြစ် ပြောင်းလဲလိုနေကြောင်း ထင်ရှားလှသည်။

တောင်ပိုင်းဂီတမျှော်စင်၏ နယ်လှည့်ဖျော်ဖြေပွဲ ရာသီဖြစ်သဖြင့် ရွှဲ့လင်းရွှယ်တို့မှာ နာမည်ကြီးနေချိန် ဖြစ်သည်။ အကယ်၍ ဤအချိန်တွင် သံသယဖြစ်ဖွယ် ချစ်ရေးချစ်ရာ အတင်းအဖျင်းများ ထွက်ပေါ်လာပါက သေချာပေါက် လူအများ၏ အာရုံစိုက်မှုကို ရရှိစေမည် ဖြစ်သည်။

သူမသည် သတင်းကြီးကြီးတစ်ခုကို ဖန်တီးချင်နေခြင်းပင်။

ဤအချက်ကို သဘောပေါက်လိုက်သောအခါ ချူလျန်သည် မည်သို့ ရှင်းပြရမည် ဆိုသည်ထက် ဤကျန်းရှောင်ဟန်ကို မည်သို့ ကိုင်တွယ်ရမည် ဆိုသည့် ခေါင်းစဉ်အား ပြောင်းလဲ စဉ်းစားလိုက်တော့သည်။

ပုံမှန်ဆိုလျှင် သူ ဂရုစိုက်မည် မဟုတ်ပေ။ သို့သော် ယခုအခါ ဂိုဏ်းတူအစ်မကျန်းသည် မျက်နှာချင်းဆိုင်တွင် ထိုင်လျက် ပြုံးကြည့်နေသဖြင့် သူ၏ကျောပြင်တွင် အေးစက်စက် ခံစားနေရသည်။

စကားမှားပြောမိပါက အကြီးအကျယ် ဒုက္ခရောက်မည်ဟု ခံစားနေရ၏။

ခဏမျှ စဉ်းစားပြီးနောက် သူသည် အသံကို နှိမ့်လိုက်ပြီး "ကျွန်တော်နဲ့ မိန်းကလေးရွှဲ့တို့ ကိစ္စက၊ သူမအနေနဲ့ မြို့စားလေးရဲ့ ဖိတ်ကြားမှုကို ငြင်းပယ်ဖို့အတွက် အကြောင်းပြချက်တစ်ခု ရှာလိုက်တာပါပဲ... ဒါနဲ့ ခင်ဗျား သိလား... သူမ ဘာကြောင့် တင့်ဆန်းမြို့စားစံအိမ်က မြို့စားလေးနဲ့ မတွေ့ဆုံချင်ရတာလဲ ဆိုတာ..."

"အဲဒီမြို့စားလေးမှာ ဘယ်လိုတောင် ဖောက်လွဲဖောက်ပြန် အကျင့်ဆိုးတွေ ရှိနေလဲဆိုတာ ခင်ဗျား သိလား... တင့်ဆန်းမြို့စား သားအဖနှစ်ယောက်ကြားက မပြောဝံ့စရာ ဇာတ်လမ်းတွေကို ခင်ဗျား သိလား..."

"ကျွန်တော် မြို့စားလေးကို လူအများရှေ့မှာ ဖမ်းချုပ်ခဲ့ရတဲ့ နောက်ကွယ်က အကြောင်းရင်းကို ခင်ဗျား သိလား..."

"အဲတာက လူတွေရဲ့ကျင့်ဝတ်တွေကို ဖောက်ဖျက်တာလား... ဒါမှမဟုတ် ကိုယ်ကျင့်တရားကိုက ပျက်စီးနေတာလားဆိုတာ..."

"ခင်ဗျား သိရဲ့လား..."

ဤသို့သော မေးခွန်းများ ဆက်တိုက်မေးလိုက်မှုကြောင့် ကျန်းရှောင်ဟန်၏ မျက်လုံးများမှာ ချက်ချင်းပင် အရောင်တောက်လာတော့သည်။

သူမကိုယ်တိုင်ပင်လျှင် စိတ်ဝင်စားသွားသည်ဖြစ်ရာ၊ ကြယ်ခုနစ်စင်းသတင်းစာ၏ စာဖတ်ပရိသတ်များသည်လည်း ဤကဲ့သို့သော ပြင်းထန်သည့် စကားလုံးများကို သေချာပေါက် စိတ်ဝင်စားကြမည် ဖြစ်သည်။

ထို့ကြောင့် သူမသည် ချူလျန်ကို တိုက်တွန်းလိုက်လေသည်။ "အသေးစိတ် ပြောပြပါဦး..."

"မလောပါနဲ့..." ချူလျန် လက်ကာပြလိုက်သည်။

ဖြည်းဖြည်းချင်း နားထောင်ပေရော့… ငါ ဇာတ်လမ်းဆင်ပေးမယ်...။

မတတ်နိုင်တော့ပေ။ သူများကို သတင်းကြီးတစ်ခုမှ အာရုံလွှဲစေချင်လျှင် ဖိနှိပ်ထား၍မရဘဲ ပိုကြီးသည့် ကိစ္စတစ်ခုကို ထုတ်ပြလိုက်ခြင်းက အကောင်းဆုံး နည်းလမ်းပင် မဟုတ်ပါလော။

ဆိုရလျှင် 'ရေပန်းစားမှု' ကို လွှဲပြောင်းလိုက်ခြင်းပင်။

ကျန်းရှောင်ဟန်၏ အာရုံကို မိမိနှင့် ရွှဲ့လင်းရွှယ်အပေါ် မရောက်စေရန်အတွက် ပိုမို ပြင်းထန်သော အကြောင်းအရာများကို ထုတ်သုံးရပေတော့မည်။

သို့ပေသိ...။

မြို့စားလေးအား ထပ်မံ၍ နစ်နာအောင် လုပ်ရတော့ပေမည်...။

ဒါပေမဲ့ သူက နည်းနည်းလောက် ပိုပြီး နစ်နာရတာကို စိတ်ရှိမှာ မဟုတ်ပါဘူး… ဟုတ်တယ်ဟုတ်...။

စကားစပြောရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ချူလျန်၏ ရင်ထဲတွင် တုန်လှုပ်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးတစ်စုံက ဤနေရာကို ကြည့်နေသကဲ့သို့ ခံစားလိုက်ရ၏။ သူ ခေါင်းမော့ကြည့်လိုက်ရာ မျက်နှာချင်းဆိုင်မှ ကျန်းယွဲ့ပိုင်သည်လည်း မျက်နှာအမူအရာ တင်းမာသွားသည်ကို တွေ့လိုက်ရသည်။

သူမလည်း သတိထားမိလိုက်ခြင်း ဖြစ်လေသည်။

ထို့နောက် လေနှင့် တိမ်တိုက်များ ပြောင်းလဲလာပြီး ကောင်းကင်ယံတွင် မိုးခြိမ်းသံများ မြည်ဟိန်းကာ ကောင်းကင်ကိုပင် တုန်လှုပ်စေသော နဂါးဟိန်းသံတစ်ခုက ထွက်ပေါ်လာတော့သည်။

ကောင်းကင်တက်လှမ်းတောင်ထွတ်ပေါ်ရှိ ရှုတောင်ဂိုဏ်းသားအားလုံး ပြေးထွက်လာကြပြီး တိမ်တိုက်များကြားမှ ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းကို ကြည့်ရှုလိုက်ကြသည်။

နဂါးဖြူကြီး ပျံသန်းနေပြီး လက်ဝါးကြီးက ကောင်းကင်ကို ဖုံးလွှမ်းထားလေသည်။

လူအနည်းငယ်သာ ပါဝင်သော စကားဝိုင်းလေးမှာလည်း ပြတ်တောက်သွားရပြီး ဘာဖြစ်ပျက်နေသည်ကို ကြည့်ရှုရန် အသီးသီး ပျံသန်းထွက်ခွာသွားကြလေ၏။

ကျန်းရှောင်ဟန်သည် ထိုနဂါးကြီးကို မြင်လိုက်ရသောအခါ မျက်နှာတွင် အလွန်အမင်း စိတ်လှုပ်ရှားသွားသော အရိပ်အယောင်များ ပေါ်ထွက်လာသည်။ သူမ၏ခရီးစဉ်တွင် လူ့လောက၏ ကြီးမားသော ဖြစ်ရပ်တစ်ခုနှင့် ကြုံတွေ့လိုက်ရခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်လေသည်။

"ဒဏ္ဍာရီတွေအရ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက… လူ့လောကမှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်ခဲ့ပြီး… အစစ်အမှန်နဂါးမျိုးနွယ်စုတွေဟာ ရှေးဟောင်းနဂါးအသိုက်ကို စွန့်ခွာပြီး ဒဏ္ဍာရီလာ နဂါးပုန်းချောက်ထဲကို ထွက်ခွာသွားကြတယ်တဲ့... အဲဒီနောက်ပိုင်း လူ့လောကမှာ နဂါးအစစ်ဆိုတာ မရှိတော့ဘူး..."

"ကြီးမားတဲ့ ကံတရားရှိမှသာ နဂါးပုန်းချောက်ထဲကနေ နဂါးအစစ် ဆင်းသက်လာအောင် ဆွဲဆောင်နိုင်တာ..."

"လက်ရှိ ကမ္ဘာလောကမှာ ကံတရားကို ထိန်းသိမ်းစောင့်ရှောက်တဲ့ နဂါးအစစ် ရှိတာဆိုလို့… ဖုန်းလိုင်အထွတ်အထိပ်ဂိုဏ်းက အပြာရောင်နဂါးနဲ့… ယွီမင်းဆက်ရဲ့ တိုင်းပြည်ကံတရား ရွှေနဂါးပဲ ရှိတာ... နှစ်ကောင်တည်းပဲ... ကျန်တာတွေ ရှိရင်တောင်မှ အလွန်ဆုံး ရေနဂါးတွေပဲ ဖြစ်မှာ... နဂါးအစစ် မဟုတ်ဘူး..."

"ဒီနေ့ ရှုတောင်ကလည်း နဂါးအစစ်ကို ဆွဲဆောင်နိုင်ပြီး ကံတရားကို ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့ပြီဆိုတော့..."

"လူ့လောကရဲ့ အင်အားစုအခြေအနေတွေ ကြီးကြီးမားမား ပြောင်းလဲသွားနိုင်တယ်..."

All Chapters