← Chapters

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အခန်း (၁၀၃) - တင့်ဆန်းမြို့စားစံအိမ်၏ ပုံပြင်

ဂိုဏ်းချုပ်ကြီး၏ ဖျောင်းဖျမှုကြောင့် နဂါးဖြူကြီးသည် နဂါးမျှားရေကန်သို့ ပြန်လည်ဆုတ်ခွာသွားလေသည်။

ကောင်းကင်ယံအနှံ့ လွှမ်းမိုးထားသော လေနှင့်တိမ်တိုက်များ ငြိမ်သက်သွားပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ပြာလဲ့သော ကောင်းကင်ကြီး ပြန်လည်ပေါ်ထွက်လာကာ၊ ထိုးတက်လာခဲ့သော တိမ်ပင်လယ်ကြီးသည်လည်း တောင်ကုန်းတစ်ဝက်သို့ ပြန်လည်ဆုတ်ခွာသွားတော့သည်။

ရှုတောင်ဂိုဏ်းကြီးသည် ပုံမှန်အတိုင်း ငြိမ်းချမ်းသော အခြေအနေသို့ ပြန်လည်ရောက်ရှိသွားချေပြီ။

အကန့်သတ်မဲ့နန်းတော်ရှေ့ရှိ ရင်ပြင်ကျယ်ကြီးထဲတွင် အံ့အားသင့်နေကြသော ဂိုဏ်းသားတပည့်တစ်စုသာ ကျန်ရစ်ခဲ့ပြီး၊ အချိန်အတော်ကြာသည်အထိ လူစုမခွဲနိုင် ဖြစ်နေကြသည်။

ကျန်းရှောင်ဟန်သည် ရှုတောင်ဂိုဏ်းချုပ်ကြီး ပေါ်ထွက်လာခဲ့သော နေရာကို ငေးမောကြည့်ရှုရင်း၊ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ လှိုင်းထန်နေမိသည်။

နဂါးအစစ် ဆင်းသက်လာခြင်းနှင့် ဂိုဏ်းချုပ်ကြီးက နဂါးကို အနိုင်ယူလိုက်ခြင်း...။

ဤသတင်းသည် ယခုလ 'ပြည်နယ်ကိုးခု၏ ရာဇဝင်မှတ်တမ်းများ' တွင် နံပါတ်တစ် ခေါင်းကြီးပိုင်းသတင်း ဖြစ်လာမည်မှာ ယုံမှားသံသယ ဖြစ်ဖွယ်မရှိပေ။

ထို့အပြင် မိမိကိုယ်တိုင်ကလည်း အခင်းဖြစ်ပွားရာနေရာတွင် ရှိနေခဲ့သဖြင့်၊ ဤသတင်းကို ကိုယ်တိုင်ရေးသားခွင့် ရရှိမည်မှာ သေချာလှသည်။

ကျန်းယွဲ့ပိုင်နှင့် တောင်တံခါးမြို့မှ သတင်းနှစ်ပုဒ်ကိုပါ ပေါင်းစပ်လိုက်ပါက၊ ယခုလမှတ်တမ်း၏ နေရာတစ်ဝက်ခန့်ကို မိမိက နေရာယူထားနိုင်ပေလိမ့်မည်။

ဤအခွင့်အရေးတစ်ခုတည်းဖြင့် မိမိ၏ နာမည်ဂုဏ်သတင်းကို ထင်ရှားစေနိုင်တော့မည် ဖြစ်၏။

ကောင်းကင်မဏ္ဍိုင်မျှော်စင်သည် ရှုတောင်ဂိုဏ်းကဲ့သို့သော ရှေးရိုးစွဲ အင်မော်တယ်ဂိုဏ်းမျိုး မဟုတ်ပေ။ သူတို့သည် 'ကြယ်ခုနစ်စင်းသတင်းစာ' လုပ်ငန်းတစ်ခုတည်းဖြင့်ပင် လစဉ် ဝင်ငွေအမြောက်အမြား ရရှိနေကြသူများ ဖြစ်သည်။ ထို့ကြောင့် ထူးချွန်သော ဂိုဏ်းသားများအတွက် ဆုလာဘ်များမှာလည်း အလွန်ပင် များပြားလှပေသည်။

လေငြိမ်မိုးငြိမ် ဖြစ်သွားသောအခါ ကျန်းယွဲ့ပိုင်က စကားစပြောလိုက်၏။ "ကျွန်မ ပီလော့တောင်ထွတ်ကို အရင်ပြန်နှင့်ပါရစေ... ရှောင်ဟန်၊ ညီမ ကိစ္စပြီးရင် အစ်မဆီ လာခဲ့လေ... မောင်လေးလင်းပေ့ရယ် ဒီဘက်က မောင်လေးတို့နဲ့ ကောင်းကောင်း စကားဆက်ပြောလိုက်ပါဦး..."

ချူလျန် "..."

ပြောပြီးသည်နှင့် သူမသည် အနည်းငယ် ပြုံးပြကာ၊ အဖွဲ့အား နှုတ်ဆက်ပြီး ထွက်ခွာသွားလေသည်။

"ဟုတ်ကဲ့ပါ... အစ်မကျန်း..." ကျန်းရှောင်ဟန်က ချိုသာစွာ ပြုံးပြလိုက်၏။

ကျန်းယွဲ့ပိုင် ထွက်ခွာသွားသည်ကို ကြည့်ပြီး၊ လင်းပေ့တစ်ယောက် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "စောစောက ကျန်းကျန်းလေး ငါ့ကို ပြုံးပြသွားတာကွ... သူမ ငါတစ်ယောက်တည်းကိုပဲ ရည်ရွယ်ပြီး ပြုံးပြသွားတာ သေချာတယ်... မင်း တွေ့လိုက်လား..."

"တွေ့လိုက်ပါတယ်..." ချူလျန် ခေါင်းညိတ်လိုက်သည်။

'သူမ ငါ့ကို တိတ်တိတ်လေး မျက်စောင်းထိုးသွားတာကိုရော မင်း မြင်လိုက်လား...' ဟု စိတ်ထဲတွင် တွေးလိုက်မိသည်။

ဤကိစ္စနှင့် ပတ်သက်၍ သူလည်း အတော်လေး လက်လျော့ထားရချေပြီ။ မိမိနှင့် ရွှဲ့လင်းရွှယ်တို့ကြားတွင် မည်သည့် ပတ်သက်မှုမျှ မရှိကြောင်း အစွမ်းကုန် ရှင်းပြခဲ့သော်လည်း၊ အမျိုးသမီးများ စိတ်ဆိုးနေချိန်တွင် ရှင်းပြချက်များကို ဂရုစိုက်လေ့ မရှိကြပေ။

ကျန်းရှောင်ဟန်က ပြန်လှည့်လာပြီး ပြောလိုက်သည်။ "သူရဲကောင်းလေးချူ... ရှင် ကျွန်မကို တင့်ဆန်းမြို့စားစံအိမ်က ဇာတ်လမ်းကို ဆက်ပြောပြလို့ ရပြီ..."

သူမ၏ မျက်လုံးများထဲတွင် အတင်းအဖျင်း ဇာတ်လမ်းများကို မျှော်လင့်နေသော အရိပ်အယောင်များ ပြန်လည်ပြည့်နှက်လာ၏။

ကျန်းယွဲ့ပိုင်လည်း ထွက်ခွာသွားပြီ ဖြစ်၍၊ ချူလျန်သည်လည်း အားနာနေစရာ မလိုတော့ဘဲ ကျန်းရှောင်ဟန်ကို စိတ်ကြိုက်သာ ပြောပြလိုက်တော့သည်။

"ဒီတင့်ဆန်းမြို့စား သားအဖနှစ်ယောက်အကြောင်း ပြောရမယ်ဆိုရင်တော့... တကယ့်ကို ကာမဂုဏ်လိုက်စားပြီး ညစ်ညမ်းလွန်းလှပါတယ်..." သူ နိဒါန်းပျိုးလိုက်သည်။

"ဟင်..." ကျန်းရှောင်ဟန် ဇဝေဇဝါ ဖြစ်သွားသည်။

"မြို့စားလေးက အပျော်အပါး မက်မောတယ် ဆိုတာကတော့ ဟုတ်နိုင်ပါတယ်... ဒါပေမဲ့ မြို့စားကြီးကတော့ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပြီး မိန်းမကိစ္စ ကင်းရှင်းတယ်လို့ ကြားဖူးပါတယ်..."

"ဒါကတော့... ဒီလိုစဉ်းစားကြည့်လေ... သူက ဘာလို့ မိန်းမကိစ္စ ကင်းရှင်းနေရတာလဲ..." ချူလျန်က မျက်နှာသေဖြင့် ပြန်ပြောလိုက်သည်။

"ဘာလို့လဲဆိုတော့ သူ ငယ်ငယ်တုန်းက အပျော်အပါး လိုက်စားလွန်းလို့ ကိုယ်ခန္ဓာ ပျက်စီးသွားလို့လေ... သာမန်လူတွေက ဒီဇာတ်လမ်းတွေကို မသိကြဘူး..."

"ဟယ်... ဟုတ်လား..."

"ခင်ဗျား သိလား... တစ်‌ခါတုန်းက တင့်ဆန်းမြို့စား လမ်းလျှောက်နေတုန်း၊ ပြတင်းပေါက်ထောက်တိုင်တစ်ခုက ပြုတ်ကျပြီး သူ့ခေါင်းကို လာထိတယ်... သူ မော့ကြည့်လိုက်တော့ အရမ်းလှပပြီး ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရတယ်..."

"အဲဒီအမျိုးသမီး နာမည်က ကျင်းလျန်တဲ့... သူမမှာ ဘန်းမုန့်ရောင်းပြီး ရိုးရိုးသားသား လုပ်ကိုင်စားသောက်တဲ့ ခင်ပွန်းသည်တစ်ယောက် ရှိတယ်... ဒါပေမဲ့ နောက်ဆုံးကျတော့ အဲဒီဖောက်ပြန်ကြတဲ့နှစ်ဦး ပေါင်းပြီး ခင်ပွန်းသည်ကို သတ်ပစ်လိုက်ကြတယ်..."

"ခင်ဗျား သိလား... တင့်ဆန်းမြို့စားရဲ့ ငယ်သူငယ်ချင်းတစ်ယောက် ရှိသေးတယ်... အဲဒီသူငယ်ချင်းမှာ လီဖင်းအာလို့ခေါ်တဲ့ ဇနီးသည်တစ်ယောက် ရှိတယ်... ပုံမှန်ဆိုရင် တင့်ဆန်းမြို့စားက သူမကို မရီးလို့ ခေါ်ပေမဲ့... ဟူး… ဘယ်သူ ထင်မှာလဲ... နောက်ဆုံးကျတော့ သူက သူ့သူငယ်ချင်းကိုပါ သတ်ပစ်လိုက်တယ်..."

"ခင်ဗျား သိလား... တင့်ဆန်းမြို့စားစံအိမ်ထဲမှာ အရင်တုန်းက ချွမ်းမေ့လို့ခေါ်တဲ့ အစေခံမလေးတစ်ယောက် ရှိခဲ့ဖူးတယ်..."

ဤသို့ဖြင့် ဇာတ်လမ်းများကို လမ်းတစ်လျှောက် ပြောပြလာပြီး၊ တိတ်ဆိတ်သောအခန်းထဲသို့ ပြန်ရောက်သည့်အထိ ပြောပြနေလိုက်သည်။ ကျန်းရှောင်ဟန်နှင့် လင်းပေ့တို့မှာ ပါးစပ်အဟောင်းသားဖြင့် နားထောင်နေကြပြီး၊ ချူလျန်ကို ကြောင်တောင်တောင် ကြည့်နေမိကြ၏။

"ဘုရားရေ..." ကျန်းရှောင်ဟန်က ခေါင်းယမ်းပြီး အံ့ဩတကြီးပြောလိုက်သည်။ "တကယ့်ကို စိတ်ဝင်စားစရာ ကောင်းလိုက်တာ... တင့်ဆန်းမြို့စားက ဒီလိုလူစားမျိုး ဖြစ်နေတာကိုး..."

လင်းပေ့ကလည်း စားပွဲခုံကို ရိုက်ပြီး သက်ပြင်းချလိုက်သည်။ "ယောက်ျားကောင်းဆိုတာ ဒီလိုဖြစ်ရမှာကွ..."

"ဟင်..." ချူလျန်နှင့် ကျန်းရှောင်ဟန်တို့က သူ့ကို ထူးဆန်းသလို ဝိုင်းကြည့်လိုက်ကြသည်။

ဒီလိုအချိန်ကျမှ ရုတ်တရက်ကြီး စိတ်ဓာတ်တွေ တက်ကြွလာစရာ လိုလို့လား...။

"အာ... တောင်းပန်ပါတယ်... စကားမှားသွားလို့..." လင်းပေ့က ကမန်းကတန်း ပြောလိုက်ပြီး၊ ဒေါသထွက်ဟန် ပြုလိုက်သည်။ "လူတိုင်း ဝိုင်းသတ်သင့်တဲ့ကောင်ပါဗျာ..."

"တင့်ဆန်းမြို့စားစံအိမ်မှာ ဒီလို ညစ်ပတ်တဲ့ အတိတ်တွေ ရှိနေမှတော့... မိန်းကလေးတွေကို ရောင်းစားတဲ့ ဒုစရိုက်မျိုး လုပ်ရဲတာ မဆန်းတော့ပါဘူး..." ကျန်းရှောင်ဟန်က ဆက်ပြောလိုက်သည်။

"ဒါနဲ့ မြို့စားလေးကရော... သူက အသက်ငယ်သေးတော့ ဒီလောက်အထိ ဆိုးရွားတဲ့အပြစ်တွေ မရှိလောက်သေးဘူး မဟုတ်လား..."

"အဲဒါတော့ ခင်ဗျား မှားသွားပြီ..." ချူလျန်က အသံနှိမ့်ပြီး ပြောလိုက်သည်။ "သူငယ်ငယ် ကျောင်းစတက်ကတည်းက တိရစ္ဆာန်စိတ်ပေါက်နေပြီ..."

"မြို့စားလေးရဲ့ စာသင်ကျောင်းက အမှတ်စာရင်းတွေက သိပ်မကောင်းလှဘူး..."

...

ကျန်းယွဲ့ပိုင်သည် ပီလော့တောင်ထွတ်သို့ ပြန်ရောက်လာပြီးနောက်၊ ရှေးဟောင်းပီလော့သစ်ပင်ကြီးပေါ်သို့ တက်ရောက်သွားလေသည်။

တာအိုသခင်ယန်သည် သစ်ပင်ထိပ်ဖျားတွင် တင်ပျဉ်ခွေထိုင်ကာ ငြိမ်သက်စွာ ကျင့်ကြံနေဆဲဖြစ်ပြီး၊ အစောပိုင်းက နဂါးအစစ် ပေါ်ထွက်လာမှုကြောင့် ဖြစ်ပေါ်ခဲ့သော လေပြင်းမုန်တိုင်းများသည် သူမအပေါ် သက်ရောက်မှု ရှိပုံမရပေ။ ကျန်းယွဲ့ပိုင်ရောက်လာမှသာ သူမသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်သည်။

"ဆရာသခင်..." ကျန်းယွဲ့ပိုင်က ဂါရဝပြုလိုက်သည်။

"ဘာဖြစ်လို့လဲ..." တာအိုသခင်ယန်၏ အရှိန်အဝါတွင် နတ်ဘုရားဆန်သော အေးစက်မှုများ ပါဝင်နေသော်လည်း၊ တပည့်ဖြစ်သူအပေါ် ဆက်ဆံရာတွင်မူ အမြဲတမ်း နူးညံ့သိမ်မွေ့လေသည်။

"စောစောက နဂါးအစစ် ရှုတောင်ကို ဆင်းသက်လာတုန်းက... တပည့် ခံစားမိလိုက်တာက..." ကျန်းယွဲ့ပိုင်က မျက်မှောင်ကြုတ်ပြီး တိုးညင်းစွာ ပြောလိုက်သည်။ "အဲဒီအချိန်တုန်းက နဂါးက ကျွန်မကို စိုက်ကြည့်နေသလိုပဲ..."

ကောင်းကင်တက်လှမ်းတောင်ထွတ်တွင် ရှိနေစဉ်က၊ သူမသည် နဂါးအစစ်၏ အကြည့်ကို ခံစားခဲ့ရသည်။

ထိုအချိန်က နဂါးဖြူကြီးသည် ထိုနေရာသို့ ဦးတည်ပြီး လာနေခြင်းဖြစ်ကြောင်း သူမရော ချူလျန်ပါ ခံစားမိခဲ့ကြသည်။

ထိုအခန်းထဲတွင် သူတို့ လူနည်းစုသာ ရှိကြပြီး၊ မိမိသည် နဂါး၏ ပစ်မှတ်ဖြစ်လာနိုင်ခြေ အများဆုံး ဖြစ်ပေသည်။

မွေးရာပါ 'အင်မော်တယ်ဝိညာဉ်ခန္ဓာ' ပါရှိသောကြောင့်၊ သူမသည် ငယ်စဉ်ကတည်းက မိစ္ဆာသားရဲများ၏ မျက်စိကျခြင်းကို မကြာခဏ ခံခဲ့ရဖူးသဖြင့်၊ ယခုကိစ္စအပေါ်တွင်လည်း စိုးရိမ်ပူပန်မိသည်။ ကောင်းကင်တက်လှမ်းတောင်ထွတ်တွင် ချူလျန်တို့ရှေ့၌ ထုတ်မပြခဲ့သော်လည်း၊ ပြန်ရောက်သည်နှင့် ဆရာသခင်ကို ချက်ချင်း လာရောက်တိုင်ပင်ခြင်း ဖြစ်သည်။

"နဂါးအစစ်ဆိုတာ သာမန်မိစ္ဆာသားရဲ မဟုတ်ဘူး... လောကရဲ့ ဝိညာဉ်အစစ်အမှန် ဖြစ်တယ်... သူကလည်း အင်မော်တယ်ဝိညာဉ်ခန္ဓာကို လိုချင်တပ်မက်တာလား..." ဤကိစ္စအား တာအိုသခင်ယန် ကြားလိုက်ရသောအခါ မျက်မှောင်ကြုတ်သွားသည်။

"တပည့်လည်း မသိပါဘူး..." ကျန်းယွဲ့ပိုင်က ခေါင်းခါလိုက်သည်။

"ဒီလိုကိစ္စ ရှိနေမှတော့၊ ဆရာ ခဏနေကျရင် ဂိုဏ်းချုပ်ကြီးဆီ သွားပြီး ဒီအခြေအနေကို တင်ပြလိုက်မယ်..." တာအိုသခင်ယန်၏ မျက်နှာအမူအရာမှာ တည်ကြည်လေးနက်သွားသည်။ "နဂါးအစစ် ဖြစ်နေရင်တောင်မှ၊ ငါ့တပည့်ကို ထိခိုက်အောင်လုပ်ဖို့ လုံးဝ ခွင့်မပြုနိုင်ဘူး..."

"ကျေးဇူးတင်ပါတယ် ဆရာသခင်..." ကျန်းယွဲ့ပိုင်ခမျာ စိတ်လှုပ်ရှားသွားရသည်။

ငယ်စဉ်ကတည်းက မိဘမဲ့ဖြစ်ခဲ့ရပြီး၊ ယခုအချိန်ထိ ကြီးပြင်းလာနိုင်ခြင်းမှာ ဆရာသခင်၏ စောင့်ရှောက်မှုကြောင့်သာ ဖြစ်၏။ သို့မဟုတ်ပါက မည်သို့ ဖြစ်သွားမည်ကို မသိနိုင်ပေ။

ဆရာတပည့်နှစ်ဦး စကားပြောနေကြစဉ်၊ အဝေးမှ ခေါ်သံတစ်ခုက ထွက်ပေါ်လာသည်။ "ယန်ဇီ..."

ထိုအသံကို ကြားသည်နှင့် ကျန်းယွဲ့ပိုင်သည် မည်သူမည်ဝါဖြစ်ကြောင်း တန်းသိလိုက်သည်။

ငွေဓားတောင်ထွတ်သခင် တိနွီဖုန့်...။

ဆရာသခင်နှင့် ငယ်စဉ်ကတည်းက သူငယ်ချင်းများ ဖြစ်ကြပြီး၊ ယခုထိတိုင် နှစ်ပေါင်းများစွာ ခင်မင်လာခဲ့ကြသူများ ဖြစ်သည်။ သူမတစ်ယောက်တည်းသာ ဆရာသခင်၏ နာမည်ရင်းကို ဤကဲ့သို့ ပေါ့ပေါ့ပါးပါး ခေါ်ဝေါ်ရဲသူ ဖြစ်သည်။

ပြောရမည်ဆိုလျှင် ရှုတောင်ဂိုဏ်းတွင် အမျိုးသမီး တောင်ထွတ်သခင်မှာ လူနည်းစုသာ ဖြစ်သော်လည်း၊ ဂိုဏ်းအတွင်း ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးဟု ကျော်ကြားသူ နှစ်ဦးစလုံးမှာ အမျိုးသမီးများ ဖြစ်နေကြသည်။

အကယ်၍ တာအိုသခင်ယန်သည်သာ လောကီရေးရာများကို စိတ်မဝင်စားဘဲ အေးစက်မနေခဲ့လျှင်…၊

သို့မဟုတ်…

တိနွီဖုန့်သည် ပေါ့ပျက်ပျက်နိုင်ပြီး ရန်ဖြစ်ရန် ဝန်မလေးတတ်ခြင်းသာ မရှိခဲ့ပါက...။

ဂိုဏ်း၏ မဟာတောင်ထွတ်သခင် နေရာမှာ ဝမ်ရွှမ်လင်း၏ လက်ထဲသို့ ရောက်ရှိလာမည် မဟုတ်ပေ။

ဆရာသခင်နှင့် တိနွီဖုန့်တို့ ခင်မင်ရင်းနှီးကြသည့် အချက်ကြောင့်လည်း၊ ကျန်းယွဲ့ပိုင်သည် အစောပိုင်းကတည်းက ငွေဓားတောင်ထွတ်မှ ချူလျန်အပေါ် သဘောထား ကောင်းမွန်ခဲ့ခြင်း ဖြစ်၏။

သို့သော်ငြား...။

ထိုချူလျန်အကြောင်းကို တွေးမိလိုက်သည်နှင့်၊ ကျန်းယွဲ့ပိုင်၏ ရင်ထဲတွင် အကြောင်းပြချက်မရှိဘဲ ဒေါသထွက်လာမိတော့သည်။

ဟွန့်...။

မပြောတာပဲ ကောင်းပါတယ်…။

တိနွီဖုန့်၏ ခေါ်သံကို ကြားလိုက်ရသောအခါ၊ တာအိုသခင်ယန်၏ တည်ငြိမ်သော မျက်နှာပေါ်တွင် ငြင်းဆန်လိုသော အမူအရာများ အထင်းသားပေါ်လာသည်။

သို့သော် မတတ်သာတော့ပေ။ မီးတောက်တစ်ခု ကျရောက်လာပြီး၊ တိနွီဖုန့်၏ ပုံရိပ်သည် ဘေးနားတွင် ပေါ်ထွက်လာခဲ့ချေပြီ။

"ယွဲ့ပိုင်... မင်း အရင်ပြန်နှင့်လိုက်..." တာအိုသခင်ယန်သည် တပည့်ကို ထွက်သွားခိုင်းလိုက်ရသည်။

"ဟုတ်ကဲ့ပါ..." ကျန်းယွဲ့ပိုင် ခေါင်းညိတ်ပြီး ထွက်ခွာသွားလေသည်။

ထို့နောက်မှ၊ သူမသည် တိနွီဖုန့်ဘက်သို့ လှည့်ကြည့်လိုက်ပြီး "နင် ဘာလာလုပ်ပြန်တာလဲ..."

"ယန်ဇီ... ငါ့ရဲ့ ယန်ဇီလေး... ဟီးဟီး…" တိနွီဖုန့်က တဟီးဟီး ရယ်မောပြီး ကပ်လာသည်။

"နင်က ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်းလေ... ငါက နင့်ဆီကို မကြာခဏ လာကြည့်ရမှာပေါ့..."

တာအိုသခင်ယန်က သူမကို အေးစက်စွာ ကြည့်လိုက်သည်။ "ပြီးရင် ငါ့ဆီကနေ ဓားဒင်္ဂါး သုံးလေးငါးထောင်လောက်ကို လိမ်ယူသွားဦးမှာမလား..."

ရှုတောင်ပေါ်တွင် တိနွီဖုန့်၏ တစ်ဦးတည်းသော သူငယ်ချင်းအဖြစ်၊ သူမသည် ဤနှစ်များအတွင်း အတော်လေး ခံစားခဲ့ရရှာသည်။

"ဟာ... နင်ကလည်း စကားပြောတာ စိမ်းကားလိုက်တာ..." တိနွီဖုန့်က လက်ကာပြလိုက်သည်။ "အဲဒါကို လိမ်တယ်လို့ ခေါ်လို့ရမလား... ငါက တရားဝင် လာချေးတာပါဟ..."

"ချေးတယ်ဆိုတာ ပြန်ဆပ်မှ ချေးတယ်လို့ ခေါ်တာ..." တာအိုသခင်ယန်က ရက်စက်စွာ ပြန်ပက်လိုက်သည်။

"ဟုတ်တယ်..." တိနွီဖုန့်က ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်လိုက်သည်။ "ငါက နင့်ကို ပိုက်ဆံ လာပြန်ဆပ်တာပဲလေ..."

ပြောရင်းဆိုရင်း သူမသည် ဓားဒင်္ဂါးအိတ်တစ်အိတ်ကို ထုတ်လိုက်ပြီး "တကယ်တော့ ငါ အကြွေးတင်နေတာတွေက များလွန်းတော့၊ တစ်ခါတည်းနဲ့ အကုန်ကျေအောင် ဆပ်ဖို့က မဖြစ်နိုင်ဘူး... ဒီမှာ ဓားဒင်္ဂါး တစ်ထောင် ရှိတယ်၊ အတိုးအနေနဲ့ အရင် ယူထားလိုက်..."

တာအိုသခင်ယန်သည် ဓားဒင်္ဂါးအိတ်ကို ယူလိုက်ပြီး၊ အတော်လေး အံ့အားသင့်သွားရသည်။

နေများ အနောက်ဘက်က ထွက်လာတာလား...။

တိနွီဖုန့် ပိုက်ဆံပြန်ဆပ်တာကို တကယ်ကြီး မြင်နေရတာလား...။

ဘယ်လို ပြန်ပြောရမှန်းမသိ ဖြစ်နေစဉ်၊ တိနွီဖုန့်က ထပ်ပြီး တိုးကပ်လာကာ ပြုံးပြရင်း ပြောလိုက်သည်။ "ဒါပေမဲ့လေ... ငါ့မှာ ဒီရက်ပိုင်းထဲ လုပ်စရာ ကိစ္စကြီးတစ်ခု ရှိနေလို့... နင့်ဆီက ပစ္စည်းတစ်ခုလောက် ငှားလို့ရမလား..."

"ဟက်..." တာအိုသခင်ယန်က ထိုအခါမှ ပြုံးလိုက်သည်။ "ငါ ထင်သားပဲ..."

ဒါပဲပေါ့...။

နောက်ဆုံးတော့ တကယ့်ရည်ရွယ်ချက် ထွက်လာပြီပဲ...။

"အာ..." တိနွီဖုန့်က လက်တစ်ဖက် မြှောက်လိုက်သည်။ "ငါက ပစ္စည်းငှားချင်လို့ ပိုက်ဆံပြန်ဆပ်တာ မဟုတ်ပါဘူးဟ..."

"ဘာငှားချင်တာလဲ..." တာအိုသခင်ယန်က သတိထားပြီး မေးလိုက်သည်။ ကောင်းသောကိစ္စ ဖြစ်မည်မဟုတ်ကြောင်းကို ခံစားမိနေသည်။

"ရှောင်းယွင်ရှေးဟောင်းဓား..." တိနွီဖုန့်က ပြောလိုက်သည်။

"လုံးဝမရဘူး..." တာအိုသခင်ယန်က ထရပ်လိုက်ပြီး ထွက်ခွာရန် ပြင်လိုက်တော့သည်။

"မဟုတ်ဘူးလေ... ဘာလို့ မရရမှာလဲ... ယူသုံးရုံနဲ့ ကျိုးသွားမှာမှ မဟုတ်တာ..." တိနွီဖုန့်က အနောက်မှ ကမန်းကတန်း လိုက်လာသည်။ "ငါ့ကို အပိုင်ပေးခိုင်းနေတာမှ မဟုတ်တာ..."

တာအိုသခင်ယန်သည် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်နှင့်၊ မျက်စိတစ်မှိတ်အတွင်း ဝေးကွာသောနေရာသို့ ရောက်ရှိသွားပြီး၊ 'မြေချုံ့နည်းစနစ်' အင်မော်တယ်တန်ခိုးစွမ်းရည်ကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။

တိနွီဖုန့် မည်မျှပင် မြန်ဆန်စေကာမူ၊ မြေချုံ့နည်းစနစ်ကို မမီနိုင်သဖြင့်၊ အနောက်မှနေ၍ လှမ်းအော်နေရုံသာ တတ်နိုင်တော့သည်။

"ယန်ဇီ... နင် မသွားပါနဲ့အုံး..."

"ပြန်လာပြီး ဆွေးနွေးပါရစေဦးဟ..."

"ယန်ဇီ... နင်မရှိရင် ငါဘယ်လို အသက်ရှင်ရမလဲ... ယန်ဇီလေးရေ..."

(စကားချပ် - တင့်ဆန်းမြို့စားစံအိမ်အကြောင်း ချူလျန် ပေါက်ကရပြောတာတွေက霄雲古劍 ဆိုတဲ့ ဂန္တဝင်ဝတ္တုကြီး ၄အုပ်ထဲက တစ်အုပ်ရဲ့ ဇာတ်ကောင်တွေအကြောင်းတွေပါ။ ကျင်းဖင်းမေ့ လို့ အသံထွက်တယ် ထင်ပါတယ်။ မြန်မာလို အဓိပ္ပါယ်က “ရွှေပန်းအိုးထဲက ဇီးပန်းပွင့်”လို့ အဓိပ္ပါယ်ရမယ် ထင်ပါတယ်။)

အခန်း (၁၀၄) - ရှုတောင်၏ အမြန်ဆုံးအမျိုးသား

ဗဟုသုတကြွယ်ဝမှုကြောင့် ချူလျန်သည် ကျန်းရှောင်ဟန်ကို အဆင်ပြေအောင် ဖြေရှင်းနိုင်ခဲ့လေသည်။

သူမသည် တောင်ပိုင်းဂီတမျှော်စင်မှ ရွှဲ့လင်းရွှယ်၏ အချစ်ရေးသတင်းများကို တူးဖော်နိုင်ခြင်းမရှိခဲ့သော်လည်း၊ ရှုတောင်ဂိုဏ်းမှ နဂါးတစ်ကောင်ထွက်ပေါ်လာသည့် ပေါက်ကွဲထွက်စေနိုင်သော သတင်းနှင့် တင့်ဆန်းမြို့စားအိမ်တော်၏ စိတ်လှုပ်ရှားဖွယ်ရာ အတိတ်ကြောင်းများကို ရရှိသွားခဲ့သဖြင့် ကျေနပ်အားရနေလေသည်။

သူမကို ပြန်လည်ပို့ဆောင်ပြီးနောက် ချူလျန်သည်လည်း စိတ်ထဲတွင် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။

စာများများ ဖတ်ရှုထားခြင်းက အမှန်တကယ်ပင် အသုံးဝင်လှပေ၏…။

ငွေဓားတောင်ထွတ်သို့ ပြန်ရောက်သောအခါ သူသည် တောင်ကုန်းနောက်ဘက်ပိုင်းသို့ သွားရောက်ပြီး 'သစ်ရွက်ပျံ ဓားသိုင်း'ကို ခေတ္တမျှ လေ့ကျင့်လိုက်သည်။

အကြိမ်ကြိမ် လေ့ကျင့်ပြီးနောက် ချူလျန်သည် ဤအရာတွင် ပုံသေနည်းအချို့ ရှိနေကြောင်း တွေ့ရှိလိုက်ရလေသည်။ သို့သော် ၎င်းကို အပြည့်အဝ ဆုပ်ကိုင်နိုင်ရန်မှာ အလွန်ခက်ခဲလှပေသည်။ မနားမနေ လေ့ကျင့်မှုများအပေါ် အခြေခံပြီးမှသာ ယင်း၏ သဘောတရားများကို သုံးသပ်ရယူနိုင်မည် ဖြစ်ချေသည်။

ဤအကြိမ်များတွင် ဝမ်ယွဲ့လုံ၏ မှော်ဝင်ပစ္စည်း သန့်စင်ခြင်းပုံစံကိုလည်း သူ ကောင်းစွာ သဘောပေါက်လိုက်လေသည်။

လိုချင်သော အကျိုးသက်ရောက်မှု တစ်ခုတည်းကိုသာ အစွမ်းကုန် မြှင့်တင်ပြီး ဖြစ်ပေါ်လာနိုင်သော ဘေးထွက်ဆိုးကျိုးများကို လုံးဝ ထည့်သွင်းစဉ်းစားခြင်း မရှိပေ။

ဤသို့ ပြုလုပ်ထားသော မှော်ဝင်ပစ္စည်းများသည် အစွမ်းထက်မည်မှာ သေချာသော်လည်း မျှတမှုမရှိသဖြင့် ထိန်းချုပ်ရန် ခက်ခဲမှုမှာ အဆမတန် မြင့်တက်နေလေ၏။

သူသည် ရှေ့ရှိ သစ်ပင်တစ်ပင်ကို ချိန်ရွယ်ပြီး 'သစ်ရွက်ပျံ ဓားသိုင်း'ကို အကြိမ်ရေ ဒါဇင်နှင့်ချီ၍ ထုတ်ဖော်လိုက်ရာ တောင်ကုန်းတစ်ဝက်ရှိ သစ်ပင်များမှာ ကစဉ့်ကလျား ပြတ်တောက်ကုန်သော်လည်း သူ ချိန်ရွယ်ထားသော သစ်ပင်တစ်ပင်တည်းသာ အကောင်းအတိုင်း ကျန်ရစ်ခဲ့လေသည်။

ကောင်းကြပါသေးရဲ့လား...။

ဤသည်မှာ 'အကာကွယ်ပေးသော ချိန်ရွယ်မှု'ဟုပင် ခေါ်ရမည်လော…။

ပတ်ဝန်းကျင်ရှိ ကျိုးပဲ့နေသော သစ်ပင်များကို လှည့်ကြည့်ရင်း နောက်တစ်ကြိမ်တွင် လူသူကင်းဝေးသော နေရာတစ်ခုကိုသာ ရှာဖွေ၍ လေ့ကျင့်သင့်ကြောင်း ချူလျန် ခံစားလိုက်ရလေသည်။

ရှုတောင်၏ တောင်ထွတ်များပေါ်ရှိ သစ်ပင်များမှာ ဂိုဏ်း၏ မျက်နှာစာများ ဖြစ်ကြရာ ဤကဲ့သို့ ကစဉ့်ကလျား ခုတ်ပိုင်းလိုက်ခြင်းမှာ ကြည့်မကောင်းလှပေ။

အဂ္ဂိရတ်ခန်းမသို့ သွားရောက်ပြီး အပင်ကြီးထွားစေသော ဆေးမှုန့်အချို့ တောင်းယူကာ ချက်ချင်း ပြန်လည်စိုက်ပျိုးနိုင်သော်လည်း...။

ထိုအရာကလည်း ပိုက်ဆံကုန်မည် မဟုတ်ပါလော။

ခေတ္တမျှ လေ့ကျင့်ပြီးနောက် သူသည် လက်ကျန်သစ်ပင်များကို အလွှတ်ပေးလိုက်ပြီး အခန်းသို့ ပြန်လာခဲ့လေသည်။ အချိန်ကို ကြည့်လိုက်ရာ တစ်နာရီနီးပါး ကုန်လွန်သွားပြီဖြစ်၍ ကျန်းရှောင်ဟန်နှင့် ကျန်းယွဲ့ပိုင်တို့၏ စကားဝိုင်းလည်း ပြီးဆုံးလောက်ပြီဟု တွေးမိလိုက်၏။

သူသည် စက္ကူဖြူတစ်ရွက်ကို ယူလိုက်ပြီး သတင်းစကား စတင်ရေးသားလိုက်လေသည်။

“ဂိုဏ်းတူအစ်မကျန်း... ဒီနေ့ အစ်မ မျက်နှာမကောင်းတာ တွေ့လိုက်ရတယ်... စိတ်မကြည်မလင် ဖြစ်နေသလိုပဲ... တစ်ခုခုဖြစ်လို့လား...”

ရေးပြီးသည်နှင့် စက္ကူကြိုးကြာအဖြစ် ခေါက်လိုက်ပြီး အခြေခံချီစွမ်းအင် အနည်းငယ်ထည့်သွင်းကာ စက္ကူကြိုးကြာလေးကို ပီလော့တောင်ထွတ်ဆီသို့ ဖြည်းညင်းစွာ ပျံသန်းသွားစေလိုက်လေသည်။

အတန်ကြာမှသာ စက္ကူကြိုးကြာ ပြန်ရောက်လာသည်။

ချူလျန် ဖွင့်ကြည့်လိုက်ရာ 'ဘာမှမဖြစ်ပါဘူး' ဟူသော စာလုံးအနည်းငယ်သာ ပါရှိလေ၏။

ဟဟ...။

ဘာမှမဖြစ်ဘူးတဲ့လား... ယုံချင်စရာကြီး…။

အကယ်၍ တကယ်တမ်း စိတ်မဆိုးဘူးဆိုလျှင် သူမ၏ တုံ့ပြန်မှုမှာ...။

'ဘာမှမဖြစ်ပါဘူး၊ ဘာလို့လဲ၊ ဘယ်လိုလုပ် ဖြစ်မှာလဲ၊ ဒီနေ့ ရာသီဥတု သာယာတယ်နော်၊ မောင်လေးအတွက် ဝမ်းသာပါတယ်၊ ငါသင်ပေးထားတဲ့အတိုင်းပဲ...' စသဖြင့် ဖြစ်သင့်ပေ၏။

သို့သော် သူသည် ထိုအချက်ကို ဖွင့်မပြောဘဲ ထပ်မံရေးသားလိုက်ပြန်သည်။ “ဘာမှမဖြစ်ဘူးဆိုရင် ကောင်းတာပေါ့ဗျာ... ကျွန်တော်က စိတ်ပူနေတာ... ကျွန်တော့်ဆီမှာ အရသာသစ် သစ်သီးလက်ဖက်ရည် နည်းနည်းရထားတယ်... ဂိုဏ်းတူအစ်မကျန်းကို လာပေးချင်လို့... ခဏနေ နေရာဟောင်းမှာ တွေ့ကြမယ်လေ...”

ဒီတစ်ခေါက် ပြန်စာက မြန်ဆန်လှပြီး မျှော်လင့်ထားသည့်အတိုင်းပင် ငြင်းပယ်ခြင်း ခံလိုက်ရလေသည်။ ကျန်းယွဲ့ပိုင်က 'နောက်တစ်ခေါက်မှပေါ့' ဟုသာ ပြန်ကြားလိုက်၏။

ချူလျန်က “တကယ်လို့ အားရင် ဒီနေ့ပဲ တွေ့ကြတာပေါ့... မတွေ့ရတာ ကြာလို့ ပိုင်ဇယ်လေးကတောင် အစ်မကို သတိရနေတယ်လို့ ပြောနေတယ်” ဟု ထပ်မံစာပြန်လိုက်လေသည်။

ပုံမှန်အားဖြင့် ကျန်းယွဲ့ပိုင် ငြင်းပယ်လျှင် သူ ဆက်ပြောမည် မဟုတ်ပေ။ သို့သော် ယခု သူမ စိတ်ကောက်နေသဖြင့် အေးအေးဆေးဆေး လွှတ်ထားလိုက်လျှင် အမှန်တကယ်အေးစက်သွားနိုင်ပေသည်။

ထို့ကြောင့် အနည်းငယ် ကြိုးစားလိုက်ရခြင်း ဖြစ်၏။

အတန်ကြာမှ စက္ကူကြိုးကြာ ပြန်ရောက်လာသည်။ “သူ စကားပြောတတ်မှန်း ငါ မသိပါ့လား... ကောင်းပြီလေ... ခဏနေရင် နေရာဟောင်းမှာ တွေ့မယ်...”

ဤစာကို မြင်လိုက်ရမှ ချူလျန်သည် သက်ပြင်းချလိုက်နိုင်ပြီး ပြုံးလိုက်မိလေတော့သည်။

...

ရတနာစေတီတောင်ထွတ်သို့ ရောက်ရှိသောအခါ ကျန်းယွဲ့ပိုင်သည် ရေတံခွန်ဂူထဲတွင် ရောက်ရှိနေပြီဖြစ်ပြီး ဂူထဲတွင် ပိုင်ဇယ်ပေါက်စလေး၏ ပျော်ရွှင်စွာ အော်မြည်သံများ ပဲ့တင်ထပ်နေလေ၏။

ဟီး... ဟီး…

ချူလျန်သည် အရသာမတူညီသော သစ်သီးလက်ဖက်ရည် အိုးအနည်းငယ်ကို ပွေ့ပိုက်လျက် ဝင်ရောက်လာပြီး ရယ်မောကာ ပြောလိုက်လေသည်။ “သူ အစ်မကို လွမ်းနေတာ ဟုတ်တယ်မလား...”

ချူလျန် ရောက်လာသည်ကို မြင်သောအခါ ပိုင်ဇယ်ပေါက်စလေးသည် ချက်ချင်း ခုန်ပေါက်ပြေးလာကာ ချူလျန်ကို ပတ်၍ ပွတ်သီးပွတ်သပ် လုပ်နေလေတော့သည်။

“ဟွန့်...” ကျန်းယွဲ့ပိုင်က နှာခေါင်းရှုံ့လိုက်ပြီး မျက်စောင်းထိုးကာ ပြောလိုက်သည်။ “သူက နင့်ကို ပိုလွမ်းနေပုံ ရတယ်...”

ချူလျန်သည် လက်ဖက်ရည်အိုးများကို ကျောက်စားပွဲပေါ်တွင် တင်လိုက်ပြီး “အရသာတွေက တစ်မျိုးစီနော်... ဂိုဏ်းတူအစ်မကျန်း မြည်းစမ်းကြည့်ပါဦး...” ဟု ပြောလိုက်သည်။

“နင့်အတွက် စောင်းတီးပေးတဲ့ မိန်းကလေးရွှဲ့ကိုရော အရင်ဆုံး မြည်းစမ်းခိုင်းပြီးပြီလား...” ကျန်းယွဲ့ပိုင်က မတော်တဆ မေးလိုက်သကဲ့သို့ မေးလိုက်သည်။

“သေချာတာပေါ့...” ချူလျန်က တုံ့ဆိုင်းခြင်းမရှိဘဲ ဖြေလိုက်သည်။

“ဟင်...” ကျန်းယွဲ့ပိုင် မျက်ခုံးပင့်သွားလေသည်။

“သေချာတာပေါ့ မပေးရသေးပါဘူး...” ချူလျန်က ရယ်မောပြီး ပြောလိုက်လေသည်။ “ကျွန်တော် ပထမဆုံး သတိရမိတာ ဂိုဏ်းတူအစ်မကျန်းပါပဲ...”

ထိုအခါမှသာ ကျန်းယွဲ့ပိုင်၏ အကြည့်များ ပြေလျော့သွားလေတော့သည်။

ထို့နောက် ချူလျန်က ဆက်ပြောလိုက်လေသည်။ “ကျွန်တော်က ဂိုဏ်းတူအစ်မကျန်းကို အရသာအကုန် မြည်းစမ်းစေချင်တာပါ... ပြီးမှ အကောင်းဆုံးတစ်မျိုးကို ရွေးပြီး မိန်းကလေးရွှဲ့ဆီ ပို့ပေးမလို့လေ...”

“နင်...”

ကျန်းယွဲ့ပိုင်၏ မျက်နှာမှာ တစ်မျိုးကြည့်ကောင်းသောပုံစံဖြင့် တင်းမာသွားလေ၏။

“ဟီးဟီး... စတာပါဗျာ...” ချူလျန်က ထိုင်လိုက်သည်။

“သူမ ဘာလို့ ရွှဲ့လင်းရွှယ်အကြောင်း အတင်းလာမေးနေလဲတော့ မသိဘူး... အတင်းအဖျင်း သတင်းလိုချင်လို့ နေမှာပါ... ကျွန်တော်နဲ့ အဲဒီ ရွှဲ့ဆိုတဲ့ မိန်းကလေးနဲ့က သိပ်မရင်းနှီးပါဘူး... ဖြစ်စဉ်က ကျွန်တော် ပြောပြသလိုပါပဲ...

ကျွန်တော်က အကူအညီ နည်းနည်းပေးခဲ့တယ်၊ သူမက ကျွန်တော့်ကို တစ်ခါ ကယ်တင်ခဲ့တယ်... ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်စိတ်ထဲမှာ ဂိုဏ်းတူအစ်မကျန်းရဲ့နေရာကို ယှဉ်နိုင်စရာအကြောင်း မရှိပါဘူး...”

“ဟွန့်... ဘယ်သူက ဂရုစိုက်လို့လဲ...” ကျန်းယွဲ့ပိုင်က မျက်နှာလွှဲလိုက်လေသည်။

သို့သော် ဤအပြန်အလှန် ပြောဆိုမှုကြောင့် သူမ၏ စိတ်အခြေအနေမှာ ပြေလျော့သွားခဲ့ပြီ ဖြစ်ချေသည်။

နှစ်ဦးသား စကားစမြည် ပြောဆိုကြရင်း ချူလျန်က ဒီရက်ပိုင်း အတွေ့အကြုံများကို ပြောပြသလို၊ ကျန်းယွဲ့ပိုင်ကလည်း သူမ သွားရောက်လုပ်ဆောင်ခဲ့သည်များကို အကျဉ်းချုပ် ပြောပြလေ၏။

အရှေ့ပိုင်းဒေသတွင် နတ်ဘုရားပျက်သုဉ်းရာဘုရားကျောင်း၏ နာမည်ကို အသုံးချ၍ လိမ်လည်နေသော အဖွဲ့တစ်ခုကို သူမ သွားရောက် ရှင်းလင်းခဲ့ခြင်း ဖြစ်၏။

နတ်ဘုရားပျက်သုဉ်းရာနယ်မြေ၏ နာမည်ကိုမူ ချူလျန် သိရှိထားပေသည်။

လောကကြီးတွင် နဝမအဆင့်သို့ ရောက်ရှိသူများကို နတ်ဘုရားဟု ခေါ်ဆိုနိုင်ပြီး ရှေးယခင်ကတည်းက ထိုကဲ့သို့သော ပုဂ္ဂိုလ်မှာ အနည်းငယ်သာ ရှိခဲ့သည်။ ကောလာဟလများအရ ထိုပုဂ္ဂိုလ်များသည် သက်တမ်းကုန်ဆုံးခါနီးအချိန်တွင် နတ်ဘုရားပျက်သုဉ်းရာနယ်မြေထဲသို့ ဝင်ရောက်သွားကြပြီးနောက် ဘယ်တော့မှ ပြန်မလာတော့ဟု ဆိုကြသည်။

ထိုနေရာနှင့် ပတ်သက်၍ ဒဏ္ဍာရီများစွာ ရှိနေသော်လည်း လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခု ဖြစ်သည်မှာ သေချာလှသည်။

နတ်ဘုရားပျက်သုဉ်းရာနယ်မြေနှင့် ပတ်သက်၍မူ ကျန်းယွဲ့ပိုင်က များများစားစား မပြောခဲ့ပေ။

ကြည့်ရသည်မှာ သူမသည် ထိုနေရာနှင့် ပတ်သက်၍ တစ်စုံတစ်ရာကို မပြောလိုပုံရသဖြင့် ချူလျန်ကလည်း ဆက်လက် မမေးမြန်းတော့ပေ။ သူ သိလိုလျှင် နောက်ပိုင်းတွင် အခြားသူများထံမှ စုံစမ်း၍ရသည် မဟုတ်ပါလော။

စကားပြောပြီးနောက် ကျန်းယွဲ့ပိုင်က မေးလိုက်သည်။ “မင်းရဲ့ အဆောင်ဓားသိုင်းက ဘယ်အဆင့်ကို ရောက်နေပြီလဲ... ငါ့ကို တစ်ချက်လောက် ပြပါဦး...”

ဆရာမလေးကျန်း၏ စစ်ဆေးမှုကို ခံယူရန်အတွက် ချူလျန်က ချက်ချင်းပင် မတ်တပ်ရပ်လိုက်သည်။

“အခုတော့ အဆောင်နှစ်မျိုးပါတဲ့ ဓားသိုင်းကို ကျွမ်းကျင်နေပါပြီ... အသုံးပြုနိုင်တဲ့ အဆောင်စာလုံးကတော့ ရေခဲ၊ မီးနဲ့ လေ သုံးမျိုးပါပဲ...”

ပြောရင်းနှင့် သူသည် ရေခဲမီးတောက် အဆောင်ဓားသိုင်းနှင့် လေမီးတောက် အဆောင်ဓားသိုင်းများကို ထုတ်ဖော်ပြသလိုက်ရာ စွမ်းအားမှာ ယခင်ကထက် များစွာ တိုးတက်လာခဲ့ချေပြီ။

ချူလျန်၏ လျင်မြန်သော တိုးတက်မှုကို ကျန်းယွဲ့ပိုင်မှာ အံ့အားသင့်မနေတော့ပေ။ စတွေ့ကတည်းက သူမကို အကြိမ်ကြိမ် အံ့အားသင့်အောင် လုပ်ဆောင်ခဲ့ပြီးပြီ ဖြစ်သောကြောင့်ပင်။

သူမမှာ ကျင့်သားရနေပြီ ဖြစ်၏။

သို့သော် ထိုအဆောင်ဓားသိုင်း၏ စွမ်းအားကို မြင်လိုက်ရသောအခါ ကျန်းယွဲ့ပိုင်မှာ တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိလိုက်သည်။

“ဒီဓားသိုင်းရဲ့ စွမ်းအားက အများကြီး တိုးတက်လာတာပဲ... မင်း အခု ဘယ်အဆင့်ကို ရောက်နေပြီလဲ...” သူမ မေးလိုက်သည်။

“ဝိညာဉ်အသိအမြင်အဆင့် နှောင်းပိုင်းပါ...” ချူလျန်က သူ၏ အရှိန်အဝါကို ထုတ်ဖော်ပြလိုက်လေသည်။

ကျန်းယွဲ့ပိုင်မှာ ခေတ္တမျှ တိတ်ဆိတ်သွားရသည်။

သူမ မှတ်မိသလောက် ချူလျန်နှင့် စတင်တွေ့ဆုံစဉ်က သူသည် ဝိညာဉ်အသိအမြင်အဆင့် အလယ်အလတ်သို့ ရောက်ခါစသာ ရှိသေးပြီး အရှိန်အဝါမှာလည်း အားနည်းလှသည်။ ဤတိုတောင်းသော အချိန်အတွင်းမှာပင် သူသည် အလယ်အလတ်အဆင့်ကို ကျော်ဖြတ်၍ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး အရှိန်အဝါအရ ကြည့်မည်ဆိုလျှင် အထွတ်အထိပ်သို့ ရောက်ရန် နီးစပ်နေပြီ ဖြစ်၏။

အကယ်၍ ဝိညာဉ်အသိအမြင်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိပါက တတိယအဆင့် ပြည့်စုံသွားမည်ဖြစ်ပြီး စတုတ္ထအဆင့်သို့ တက်လှမ်းရန် ပြင်ဆင်နိုင်ပြီ ဖြစ်သည်။

စတုတ္ထအဆင့်သို့ တက်လှမ်းခြင်းမှာ ရွှေအမြုတေကို တည်ဆောက်ခြင်းပင် ဖြစ်ချေသည်။

ရွှေအမြုတေအဆင့်သို့ ရောက်ရှိခြင်းမှာ လူသားနယ်ပယ်မှ မြေကမ္ဘာနယ်ပယ်သို့ ကူးပြောင်းခြင်း ဖြစ်သဖြင့် ကျင့်ကြံသူ အများအပြားအတွက် ကြီးမားသော အတားအဆီးတစ်ခု ဖြစ်သော်လည်း ချူလျန်၏ ပါရမီနှင့်ဆိုပါက ဤအတားအဆီးသည် သူ့ကို အချိန်အကြာကြီး တားဆီးနိုင်မည် မဟုတ်ကြောင်း သူမ ယုံကြည်မိသည်။

မကြာမီတွင် သူသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာပေလိမ့်မည်။

သူ၏ အသက်အရွယ်နှင့် ဤကျင့်ကြံခြင်းအဆင့်မှာ ပြည်နယ်ကိုးခုအတွင်းရှိ ပါရမီရှင်များထဲတွင်ပင် ထိပ်တန်းစာရင်းဝင် ဖြစ်နေချေပြီ။

သေချာပေါက် သူမ ကျန်းယွဲ့ပိုင်၏ အဆင့်နှင့် ယှဉ်ရန်မှာမူ အလှမ်းဝေးနေဆဲ ဖြစ်သော်လည်း...

ဒါက... အရမ်း မြန်မနေဘူးလား...

ကျန်းယွဲ့ပိုင်မှာ စိတ်ထဲတွင် တွက်ချက်လိုက်မိသည်မှာ ဝိညာဉ်အသိအမြင်အဆင့် အလယ်အလတ်မှ အထွတ်အထိပ်သို့ ရောက်ရန် သူမကိုယ်တိုင်ပင်လျှင် ချူလျန်ထက် ပိုမို အချိန်ယူခဲ့ရခြင်း ဖြစ်သည်။

သူမ ချူလျန်ကို ကြည့်လိုက်ရာ ဤလူငယ်လေးမှာ အမြဲတမ်း လျင်မြန်နေသည်ကို သိထားသော်လည်း...

‘အဘယ်ကြောင့် ဤမျှလောက်အထိ မြန်ဆန်နေရသနည်း’ ဟု သူမ အံ့သြမိရဆဲ ဖြစ်၏။

ယခုရက်ပိုင်းအတွင်း သူ၏ကျင့်ကြံခြင်း အမြန်နှုန်းအရဆိုလျှင် သူသည် ရှုတောင်၏ အလျင်မြန်ဆုံးသော အမျိုးသားဟုပင် ခေါ်ဆိုနိုင်ပေသည်။

အမျိုးသားဟု သီးသန့် ခေါ်ဆိုရခြင်းမှာ တစ်ချိန်က အမျိုးသမီးတစ်ဦး ရှိခဲ့ဖူးပြီး သူမ၏ကျင့်ကြံခြင်း အမြန်နှုန်းမှာလည်း ချူလျန်နှင့် ယှဉ်နိုင်ခဲ့သောကြောင့် ဖြစ်၏။ ထိုသူမှာ ကျန်းယွဲ့ပိုင်၏ ဆရာသခင် တာအိုသခင်ယန်ပင် ဖြစ်ချေတော့သည်။

“ဂိုဏ်းတူအစ်မကျန်း...” ချူလျန်သည် သူမ အတွေးလွန်နေသည်ကို မြင်သောအခါ တိုးညင်းစွာ ခေါ်လိုက်သည်။ “ကျွန်တော့်ရဲ့ တိုးတက်မှုက အဆင်ပြေရဲ့လားဟင်...”

“အဆင်ပြေပါတယ်...” ကျန်းယွဲ့ပိုင်က ခေါင်းညိတ်လိုက်ပြီးနောက် ရုတ်တရက် မေးလိုက်ပြန်သည်။

“ချူလျန်... နင် မိစ္ဆာလမ်းစဉ် ကျင့်စဉ်တွေကိုများ ခိုးပြီး ကျင့်ကြံနေတာတော့ မဟုတ်ဘူးမလား...”

All Chapters