← Chapters

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း (၁၀၇) - ကမ္ဘာလှည့်ခရီး

အဝေးတစ်နေရာမှ စောင်းသံသဲ့သဲ့ ထွက်ပေါ်လာပြီး၊ လွမ်းဆွေးဖွယ်ကောင်းလှကာ သံစဉ်တိုင်းသည် ကောင်းကင်မှ မိုးရေစက်များကို ဖိတ်ခေါ်နေသယောင် ရှိပေသည်။

ဤနဂါးချီမိုးရွာသွန်းမှုသည် အချိန်ကြာမြင့်စွာ မရှိလိုက်ပေ။ နာရီဝက်ခန့်ကြာပြီးနောက် တဖြည်းဖြည်းစဲသွားပြီး၊ တိမ်များကင်းစင်ကာ မိုးလေကင်းလွတ်သွားလေ၏။

သို့သော် ဤဖြစ်ရပ်သည် ရှုတောင်ဂိုဏ်းတစ်ခုလုံး၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့ချေပြီ။

တောင်ပေါ်ရှိ သာမန်တပည့်များမှာမူ အနည်းငယ် စိတ်ရှုပ်ထွေးနေကြသည်။

‘နဂါးချီမိုးရွာသွန်းမည်၊ မကြောက်ကြနှင့်၊ မပုန်းကြနှင့်’ဟု ပြောထားသဖြင့် သူတို့ ယုံကြည်ခဲ့ကြသည်။ မျှော်လင့်ချက်အနည်းငယ်ပင် ထားခဲ့ကြသေး၏။

သို့သော်... မိုးက မည်သည့်နေရာတွင်နည်း။

ငွေဓားတောင်ထွတ်တစ်ခုတည်းတွင်သာ ရွာသွန်းနေသည်မှာ မည်သို့သောသဘောနည်း။

အကယ်၍ အခြားတောင်ထွတ်တစ်ခုခုတွင်သာ ဖြစ်ခဲ့လျှင်၊ လူအများအပြား သွားရောက်စုဝေးကြပြီး၊ ရွှေရောင်မိုးရေစက်များအောက်တွင် နဂါးချီအာနိသင်ကို ခံယူကြပေလိမ့်မည်။

သို့သော် ယင်းမှာ ငွေဓားတောင်ထွတ် ဖြစ်နေချေသည်။

ရှုတောင်၏ဘေးဒုက္ခဆိုးကြီး တိနွီဖုန့်၏ နာမည်ဆိုးကို တွေးမိလိုက်သည်နှင့်၊ မည်သည့်တပည့်ငယ်မျှ အနားမကပ်ရဲကြချေ။ အကယ်၍များ အဖမ်းခံလိုက်ရပြီး ရေချိုးကြေး တောင်းခံလိုက်ပါက အလွန်ပင် အနေရခက်စရာကောင်းပေလိမ့်မည်။

ဝါရင့်စီနီယာများအနေဖြင့်လည်း၊ မိမိတို့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းသောအားဖြင့် သွားရောက်စပ်စုခြင်း မပြုကြပေ။

မည်သို့ပင်ဖြစ်စေ ဤမိုးသည် ကျပန်းရွာသွန်းခြင်းဖြစ်သဖြင့်၊ ငွေဓားတောင်ထွတ်တစ်နေရာတည်းတွင်သာ အမြဲရွာနေမည် မဟုတ်ပေ။ နောက်တစ်ကြိမ် အခြားနေရာတွင် ရွာမှသာ သွားရောက်ခံယူကြတော့မည်ဟု တွေးတောလိုက်ကြသည်။

ထို့ကြောင့် နောက်ဆုံးတွင်မူ၊ ငွေဓားတောင်ထွတ်မှ မျိုးဆက်သစ်လူငယ်နှစ်ဦးသာလျှင် ဤပထမဆုံးသော နဂါးချီမိုးရွာသွန်းမှုကို တစ်ဦးတည်းမူပိုင် ခံစားခွင့်ရရှိသွားကြလေသည်။

တိနွီဖုန့်အတွက်မူကား...။

သူမ၏ မီးလျှံဖီးနစ်ခန္ဓာကိုယ်၏ မီးလျှံသဘာဝအရဖြစ်စေ၊ ဖီးနစ်မျိုးနွယ်၏ သဘာဝအရဖြစ်စေ၊ ဤ 'မိုးရေ' နှင့် 'နဂါးချီ' တို့ကို ရွံရှာလေသည်။ အိမ်ထဲတွင် ပုန်းနေရသည်မှာ မလုံလောက်နိုင်အောင်ပင် ဖြစ်နေရှာသည်။

သူမ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုအရ၊ ဤမျှလောက်သော နဂါးချီအားဖြည့်မှုကို ဂရုစိုက်နေစရာ မလိုပေ။ ကံကြမ္မာကို ဖိနှိပ်ထားသော စစ်မှန်သည့်နဂါးကြီးကိုယ်တိုင်နှင့် တစ်ယောက်ချင်း ယှဉ်တိုက်လျှင်ပင်၊ သူမ ရှုံးနိမ့်မည်ဟု ပြော၍မရနိုင်ပေ။

သေချာသည်မှာ၊ သူမသာ အနိုင်ရသွားခဲ့လျှင် ရှုတောင်ဂိုဏ်းချုပ်နှင့် တောင်စောင့်အကြီးအကဲလေးဦးတို့၏ ဒေါသကို ရင်ဆိုင်ရပေလိမ့်မည်။

ချူလျန်သည် အစောပိုင်းက မိုးရေထဲတွင် စိုရွှဲနေအောင် နေခဲ့ပြီး၊ ခန္ဓာကိုယ်မှ နဂါးချီအာနိသင်ကို စုပ်ယူလိုက်သည်ဟု ခံစားလိုက်ရသည်။

သွေးနှင့် ချီစွမ်းအင်ကို တက်ကြွစေသော အကျိုးသက်ရောက်မှု ရှိသည်မှာ မှန်သော်လည်း၊ သူသည် ယခင်က ကျားဆယ်ကောင်ခွန်အားကို ရရှိထားပြီးဖြစ်သဖြင့်၊ ခွန်အားသက်သက် တိုးပွားမှုအပိုင်းတွင်မူ အကျိုးအမြတ် သိပ်မများလှပေ။

သို့သော် လျိုရှောင်ယွီလေးမှာမူ အကျိုးကျေးဇူးများစွာ ရရှိပုံရသည်။ သူမသည် မိုးရေထဲတွင် ရပ်နေပြီး၊ တစ်ကိုယ်လုံးတွင် ငါးကြေးခွံပုံစံ ရောင်စုံအလင်းများ တောက်ပနေကာ၊ မူလသဏ္ဌာန်သို့ ပြန်လည်ပြောင်းလဲလုနီးပါး ဖြစ်နေသည်အထိ သက်သောင့်သက်သာ ရှိနေပုံရလေသည်။

မိုးတိတ်သွားပြီး နေရောင်ခြည် ကျရောက်လာမှသာ၊ သူမသည် နှမြောတသဟန်ဖြင့် မျက်လုံးများကို ဖွင့်လိုက်သည်။

ချူလျန်သည် ချီစွမ်းအင်ကို အသုံးပြု၍ အဝတ်အစားများကို ချက်ချင်း ခြောက်သွေ့အောင် ပြုလုပ်လိုက်ပြီး၊ ကိုယ့်ဘာသာ ရေရွတ်လိုက်မိသည်။ "နှမြောစရာပဲ... ဒီမိုးရေတွေကို လှောင်ထားရင်တောင် အတွင်းက နဂါးချီတွေက ပျောက်ကွယ်သွားမှာ... မဟုတ်ရင် စုထားပြီး ရေချိုးဖို့ သိမ်းထားလို့ ရသားပဲ..."

ထိုသို့သာ လုပ်လိုက်လျှင်၊ ငွေဓားတောင်ထွတ်သို့ ရေချိုးကန်ထဲမှရေကို လာရောက်ခိုးယူမည့်သူများ ရှိလာနိုင်ပေသည်။

"ဟယ်... ပန်းပွင့်နေပြီပဲ..." လျိုရှောင်ယွီလေးက ရုတ်တရက် အော်ပြောလိုက်သည်။

ချူလျန်သည် ထိုဘက်ရှိ ရွှေရောင်ပန်းခင်းသို့ လှမ်းကြည့်လိုက်ရာ၊ ယခုလေးတင် စိုက်ပျိုးထားသော မျိုးစေ့များသည် မိုးရေ၏အာနိသင်ကြောင့် ချက်ချင်းကြီးထွားလာပြီး၊ ရွှေရောင်ပန်းခင်းငယ်လေးတစ်ခု ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရသည်။

ထို့အပြင် အရည်ရွှမ်းသော အသီးတစ်လုံးပင် သီးနေပြီဖြစ်သည်။

ထိုမျှသာမက ထိုအသီးမှာ ပုံမှန်နှင့် မတူသကဲ့သို့ ရှိနေသည်။ ချူလျန်သည် လျှောက်သွားပြီး အသီးကို ခူးလိုက်ရာ၊ အသီးပေါ်ရှိ ရွှေရောင်အစင်းကြောင်းများမှာ ဖြောင့်တန်းမနေဘဲ ကွေးကောက်နေပြီး၊ ငါးကြေးခွံပုံစံ အသွင်ရှိနေသည်ကို တွေ့လိုက်ရသည်။

စောစောက မိုးရေထဲမှ နဂါးချီတွေများ စိမ့်ဝင်သွားတာဖြစ်မလား...။

လူသားတို့၏ ခန္ဓာကိုယ်က နဂါးချီကို စုပ်ယူနိုင်လျှင်၊ အပင်များသည်လည်း သက်ရှိများဖြစ်ကြသဖြင့် အနည်းငယ် စုပ်ယူနိုင်သည်မှာ ဖြစ်နိုင်ပေသည်။

စိတ်ထဲတွင် တွေးတောရင်း၊ ချူလျန်သည် ထိုအသီးကို ကိုက်စားလိုက်သည်။ အရသာနှင့် ဝိညာဉ်စွမ်းအား တူညီသော်လည်း၊ အထဲတွင် မပြင်းထန်လှသော နဂါးချီစွမ်းအင်အနည်းငယ် ပါဝင်နေသည်ကို တွေ့ရှိလိုက်ရသည်။

ဤသို့ဆိုလျှင် ဤရွှေရောင်အဆင်းသစ်သီး၏ တန်ဖိုးမှာ ပိုမိုမြင့်မားသွားချေပြီ။

မဟုတ်သေး... နဂါးသက်ပြင်း ရွှေရောင်အဆင်းသစ်သီးဟု ခေါ်သင့်ပေသည်။ ချူလျန်သည် အသီးကို နှစ်ကိုက် သုံးကိုက်ဖြင့် ကုန်အောင်စားလိုက်ပြီး၊ စိတ်ထဲတွင် တွက်ချက်မှုများ ပြုလုပ်နေမိသည်။

စားသောက်ပြီးစီး၍ လက်သုတ်ပြီးနောက်၊ နောက်လှည့်ကြည့်လိုက်ရာ လျိုရှောင်ယွီလေးသည် သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရပြန်သည်။ ကြီးမားသော မျက်လုံးဝိုင်းကြီးများထဲတွင် နာကျည်းမှုများ ပြည့်နှက်နေလေသည်။

"ဘာဖြစ်လို့လဲ..." ချူလျန် မေးလိုက်သည်။

လျိုရှောင်ယွီလေးက မျက်နှာငယ်လေးဖြင့် နှုတ်ခမ်းဆူကာ ပြောလိုက်သည်။ "ဒုတိယတစ်လုံးကို သမီးကို ကျွေးမယ်လို့ ပြောထားတယ် မဟုတ်ဘူးလား..."

... ...

ငွေဓားတောင်ထွတ်မှ မိုးရွာသွန်းမှုသည် ရှုတောင်တစ်ခုလုံး၏ အာရုံစိုက်မှုကို ရယူထားချိန်တွင်၊ ဝေးလံခေါင်သီသော နေရာတစ်နေရာရှိ လူသူအရောက်အပေါက်နည်းသော တောင်ကုန်းတစ်ခု၏ လိုဏ်ဂူထဲ၌၊ ဝတ်ရုံဖြူဝတ်ဆင်ထားသော လူတစ်ဦး ပုန်းအောင်းနေလေသည်။

ထိုဝတ်ရုံဖြူနှင့်လူသည် ကိုယ်ရောင်ဖျောက်ထားပြီး၊ တင်ပျဉ်ခွေထိုင်ကာ လက်ဟန်များ ပြုလုပ်လိုက်သည်။

ရွှီး...

သူ၏ ခန္ဓာကိုယ်ထဲမှ မမြင်ရသော ပုံရိပ်ယောင်တစ်ခုက ပျံထွက်သွားပြီး၊ မိုင်ပေါင်းထောင်ချီ ဝေးကွာသော အမည်မသိနေရာတစ်ခုသို့ ချက်ချင်း ရောက်ရှိသွားလေသည်။

အင်မော်တယ်နည်းစနစ်၊ ကမ္ဘာလှည့်ခရီး...။

ဤနည်းစနစ်သည် မူလခန္ဓာကိုယ် မလှုပ်ရှားဘဲ၊ စိတ်ဝိညာဉ်အာရုံကို ကမ္ဘာမြေ၏ မည်သည့်နေရာသို့မဆို ချက်ချင်း ရောက်ရှိစေနိုင်သည်။ သို့သော် အသုံးပြုသူသည် ထိုနေရာသို့ တစ်ကြိမ်ရောက်ဖူးရမည် သို့မဟုတ် အမှတ်အသားတစ်ခုခု ရှိနေရမည် ဖြစ်၏။

မျက်စိတစ်မှိတ်အတွင်းမှာပင်၊ ဝတ်ရုံဖြူနှင့်လူ၏ ပုံရိပ်ယောင်သည် မှောင်မည်းနေသော အခန်းတစ်ခုထဲသို့ ရောက်ရှိသွားသည်။ အခန်းထဲတွင် အခြားသော အနက်ရောင်အရိပ်တစ်ခုက စောင့်ဆိုင်းနေလေသည်။

ထိုအနက်ရောင်အရိပ်သည် အလင်းရောင်မရှိသော အမှောင်ထုထဲတွင် ပုန်းကွယ်နေသဖြင့် မျက်နှာကို မမြင်ရဘဲ၊ အမျိုးသားတစ်ဦး၏ ပုံသဏ္ဌာန်ကိုသာ ဝိုးတဝါး ခန့်မှန်းရုံရပေသည်။

"ရှုတောင်မှာ နဂါးထွက်ပေါ်လာပြီ... စစ်မှန်တဲ့နဂါးပဲ..." ဝတ်ရုံဖြူနှင့်လူက ရောက်သည်နှင့် ကမန်းကတန်း ပြောလိုက်သည်။

"ဒီသတင်းကို ငါတို့ ရပြီးပြီ..." အနက်ရောင်အရိပ်၏ လေသံမှာ အေးစက်နေပြီး မကျေနပ်သည့်ပုံ ပေါ်နေသည်။ "မြင့်မြတ်ဂိုဏ်း (၉)ဂိုဏ်း၊ မြေကမ္ဘာဂိုဏ်း (၁၀)ဂိုဏ်းလုံးက နဂါးကို ဆွဲဆောင်နေကြတာ... ဘာလို့ ကျဆုံးနေတဲ့ ရှုတောင်ဂိုဏ်းဆီကို နဂါးက ရောက်သွားရတာလဲ... တကယ့်ကို ကံဆိုးတာပဲ..."

"စီမံကိန်းကို ရွှေ့ဆိုင်းရလိမ့်မယ်..." ဝတ်ရုံဖြူနှင့်လူက လေးနက်စွာ ပြောလိုက်သည်။ "စစ်မှန်တဲ့နဂါး ဆင်းသက်လာတာက ရှုတောင်ဂိုဏ်းရဲ့ ကံကြမ္မာ မကုန်ဆုံးသေးဘူးဆိုတာ ပြသနေတာပဲ... ငါတို့သာ မဆင်မခြင် လှုပ်ရှားလိုက်ရင် ကျရှုံးဖို့ပဲ ရှိလိမ့်မယ်..."

ခေတ္တမျှ တိတ်ဆိတ်သွားသည်။

အနက်ရောင်အရိပ်က ရုတ်တရက် မေးလိုက်သည်။ "မင်း အဲဒီမှာနေတာ ကြာသွားလို့၊ ကိုယ့်ကိုယ်ကိုယ် ရှုတောင်ဂိုဏ်းသားလို့ ထင်နေတာများလား..."

"မင်း ဘာစကားပြောတာလဲ..." ဝတ်ရုံဖြူနှင့်လူ အနည်းငယ် ဒေါသထွက်သွားသည်။ "ငါ ပြန်လာချင်တယ်လို့ ပြောတာ ဘယ်နှကြိမ်ရှိနေပြီလဲ... မင်းတို့ပဲ အချိန်ဆွဲနေကြတာလေ... အခု ငါ့ကို သံသယဝင်နေတာလား..."

"ဟားဟား... တောင်းပန်ပါတယ်ကွာ..." အနက်ရောင်အရိပ်က ခေါင်းယမ်းပြီး တောင်းပန်လိုက်သည်။ ထို့နောက် ဆက်ပြောလိုက်သည်။ "မင်းနဲ့ ရှုတောင်ဂိုဏ်းကြားက သွေးကြွေးနဲ့ဆိုရင်... သူတို့ကို ဖျက်ဆီးပစ်ဖို့ မလောဘဲနေနိုင်တာကို ငါ နည်းနည်း နားမလည်ဖြစ်မိလို့ပါ..."

"စစ်မှန်တဲ့နဂါး ဆင်းသက်လာတာက၊ ရှုတောင်ဂိုဏ်းရဲ့ ကံကြမ္မာက အားကောင်းနေတာကို ပြသနေတာပဲ..." ဝတ်ရုံဖြူနှင့်လူက ပြောလိုက်သည်။

"ငါ သိပါတယ်... ဒါပေမဲ့ ကံကြမ္မာဆိုတာ တန်ခိုးရှင်လက်နက် မဟုတ်ဘူးလေ..." အနက်ရောင်အရိပ်က ပြောလိုက်သည်။

"မြင့်မြတ်ဂိုဏ်း (၉)ဂိုဏ်းထဲမှာ ထိပ်တန်းတန်ခိုးရှင်လက်နက်မရှိတာ သူတို့တစ်ဂိုဏ်းတည်း ရှိတယ်... ဒါက သူတို့ရဲ့ အားနည်းချက်ကို သတ်မှတ်ပေးထားပြီးသားပဲ... ဒါ့အပြင် ငါတို့က ရှုတောင်ကို လုံးဝဖျက်ဆီးပစ်စရာ မလိုပါဘူး... တဖြည်းဖြည်း ကျဆင်းသွားအောင် လုပ်လိုက်ရင် ရပြီပဲ..."

"ဟမ့်..." ဝတ်ရုံဖြူနှင့်လူက ဘာမှ ဆက်မပြောတော့ပေ။

"လောလောဆယ် ရှုတောင်ရဲ့ မျိုးဆက်သစ်လူငယ်တွေကို ပစ်မှတ်ထားပြီး၊ မကြာခင်မှာ မြင့်မြတ်ဂိုဏ်း (၉)ဂိုဏ်း စာရင်းထဲကနေ ထုတ်ပယ်ခံရအောင် လုပ်နိုင်ရင်၊ ငါတို့ရဲ့ ပထမအဆင့်အောင်ပွဲပဲ..." အနက်ရောင်အရိပ်က သက်ပြင်းချလိုက်ပြန်သည်။

"ပြီးခဲ့တဲ့တစ်ခေါက် ကျန်းယွဲ့ပိုင်ကို လုပ်ကြံတာသာ အောင်မြင်ခဲ့ရင် ကောင်းသား..."

"ငါ ကျရှုံးခဲ့ပေမဲ့၊ ကျန်းယွဲ့ပိုင်ရဲ့ ပါရမီက ငါတို့ ထင်ထားတာထက် ပိုမြင့်မားတယ်ဆိုတာကိုတော့ သိလိုက်ရတယ်..." ဝတ်ရုံဖြူနှင့်လူက အေးစက်စွာ ပြောလိုက်သည်။

"ဟက်..." အနက်ရောင်အရိပ်က ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "ငါ အမှောင်ဘုရင်ဂိုဏ်းနဲ့ ဆက်သွယ်ထားပြီးပြီ... သူတို့က ရှုတောင်ထိပ်သီးဆွေးနွေးပွဲမှာ လှုပ်ရှားဖို့ သဘောတူတယ်... ဆွေးနွေးပွဲကျရင် ရှုတောင်ဂိုဏ်းသားတွေ ပေါ့ဆနေကြမှာ... အဲဒီအချိန်က သူတို့ကို အကြီးအကျယ်ထိခိုက်စေဖို့ အခွင့်ကောင်းပဲ..."

"အဲဒီ မိစ္ဆာကျင့်ကြံသူတွေအတွက်... မင်း တော်တော်လေး ပေးဆပ်လိုက်ရတယ် မဟုတ်လား..." ဝတ်ရုံဖြူနှင့်လူက မေးလိုက်သည်။

"သေချာတာပေါ့... အကျိုးအမြတ်ကိုပဲ ကြည့်တဲ့ မိစ္ဆာဂိုဏ်းသားတွေလေ... သူတို့ကို ကျေနပ်အောင် လုပ်ရတာ ခက်တယ်..." အနက်ရောင်အရိပ်က ဒေါသတကြီး ပြောလိုက်သည်။

"ရှုတောင်ကို မြင့်မြတ်ဂိုဏ်း (၉)ဂိုဏ်းထဲက ထုတ်ပယ်နိုင်ရင်၊ မြေကမ္ဘာဂိုဏ်း (၁၀)ဂိုဏ်းက အကျိုးအမြတ် အများဆုံး ရရှိမယ့်သူတွေပဲ... အကုန်လုံး အဆင့်နေရာတက်ဖို့ အခွင့်အရေး ရှိလာမှာ... ဒါပေမဲ့ မုန်းစရာကောင်းတာက တခြားလူတွေက ဝင်မပါချင်ကြဘူး..."

"ရှုတောင်ဂိုဏ်းက နှစ်ထောင်ချီတဲ့ အခြေခံအုတ်မြစ် ရှိတယ်လေ... တစ်ယောက်ယောက်က ထိပ်တန်းတန်ခိုးရှင်လက်နက်နဲ့ ဝင်ရောက်တိုက်ခိုက်တာမျိုး မဟုတ်ရင်... ဘယ်သူက အလွယ်တကူ ရန်စရဲမှာလဲ... မြေကမ္ဘာဂိုဏ်း (၁၀)ဂိုဏ်းက ဒီနှစ်ပိုင်းတွေမှာ လှုပ်ရှားနေကြပေမဲ့... တကယ်တမ်း ရှုတောင်ဂိုဏ်းရဲ့ နေရာကို ရောက်ရင်ကော... ဘယ်နှစ်ယောက်လောက်က မြဲမြံအောင် ထိုင်နိုင်မှာလဲ..." ဝတ်ရုံဖြူနှင့်လူက အထင်သေးသော လေသံဖြင့် ပြောလိုက်သည်။

"မင်းရဲ့ လေသံကို နားထောင်ကြည့်စမ်းပါဦး... ဂိုဏ်းအတွက် ဂုဏ်ဝင့်နေတဲ့ ရှုတောင်ဂိုဏ်းတပည့်တစ်ယောက်နဲ့ တူလိုက်တာ..." အနက်ရောင်အရိပ်က ရယ်မောလိုက်သည်။

"မင်း ငါ့ကို ဒီလို လှောင်ပြောင်တဲ့လေသံနဲ့ ဆက်ပြောနေရင်... ငါ သည်းခံမှာ မဟုတ်ဘူးနော်..." ဝတ်ရုံဖြူနှင့်လူက ဒေါသတကြီး ပြောလိုက်သည်။

"ဟားဟား... မင်းက အခု စိတ်ဝိညာဉ်ပုံရိပ်ယောင်နဲ့ ကမ္ဘာလှည့်ခရီး ထွက်နေတာလေ... လူကို တိုက်ခိုက်လို့မှ မရတာ..." အနက်ရောင်အရိပ်က ပြောလိုက်သည်။

"ထွီ..." ဝတ်ရုံဖြူနှင့်လူက တံတွေးထွေးလိုက်သည်။

"..." အနက်ရောင်အရိပ်က ဆွံ့အသွားပြီး ပြောလိုက်သည်။ "ဒီလောက် အသက်ကြီးနေပြီကို ညစ်ပတ်တာတွေ လုပ်နေတုန်း... ထားလိုက်ပါတော့... မင်း အေးအေးဆေးဆေးပဲ ဆက်ပြီး ပုန်းအောင်းနေလိုက်ပါ... အမှောင်ဘုရင်ဂိုဏ်းရဲ့ လှုပ်ရှားမှုပြီးသွားလို့... အဆင်ပြေရင် မင်း ပြန်လာနိုင်လောက်ပါတယ်..."

"ဟက်..." ဝတ်ရုံဖြူနှင့်လူက အေးစက်စွာ ရယ်မောလိုက်သည်။ "မင်းပြောတာကို ငါ ယုံမယ်များ ထင်နေလား... ကတိပေးတယ် (၁၀)နှစ်လေးပဲ… (၁၀)‌နှစ်လေးပဲနဲ့... အခု အနှစ်(၃၀)တောင် ရှိနေပြီကွ..."

အခန်း (၁၀၈) - မျိုးစေ့ရှာပုံတော်

နောက်တစ်နေ့ နံနက်ခင်းတွင် ချူလျန် မျက်လုံးဖွင့်လိုက်သောအခါ အခြေအနေမှာ အနည်းငယ် မူမမှန်ကြောင်း သတိပြုမိလိုက်၏။

သူသည် လက်ထဲရှိ ဝိညာဉ်သားရဲဥကို အရင်ဆုံး ချထားလိုက်လေသည်။ မနေ့ညက သူသည် ဥဖောက်ရင်း အိပ်ပျော်သွားခဲ့ခြင်း ဖြစ်ပြီး၊ ဤဥကို လက်ထဲတွင် တစ်ချိန်လုံးဆုပ်ကိုင်ထားကာ မိခင်တာဝန် ကျေပွန်နေသော အမျိုးသားတစ်ဦးကဲ့သို့ လုံ့လစိုက်ထုတ်နေခဲ့ခြင်း ဖြစ်လေသည်။

ထို့နောက် မတ်တပ်ရပ်လိုက်ပြီး ပြတင်းပေါက်နားသို့ လျှောက်သွားကာ အပြင်ဘက်ရှိ တဖွဲဖွဲကျနေသော ရွှေရောင်မိုးစက်များကို ကြည့်လိုက်လေသည်။

"နောက်တစ်ခါ ထပ်ရွာပြန်ပြီလား..."

"ဒီမိုးက ဘာလို့ ဒီမှာပဲ မရပ်မနား ရွာနေရတာလဲ..."

ရှုတောင်တစ်ခုလုံးမှ လူများသည်လည်း ဤမိုးကို ကြည့်ရင်း စိတ်ထဲတွင် တီးတိုး ရေရွတ်နေကြတော့၏။

"ဘာလို့ ငွေဓားတောင်ထွတ်မှာချည်း ရွာနေရတာတုန်း..."

"နဂါးစစ်စစ်က အသိစိတ်ရှိလို့များ... ငွေဓားတောင်ထွတ်ကို ရေလွှမ်းမိုးပြီး ဟို ရှုတောင်ဂိုဏ်းရဲ့ လူဆိုးမကြီးကို ရေနစ်သတ်ချင်နေတာများလား..."

ရှုတောင်ဂိုဏ်းသား အပေါင်းတို့မှာ စိတ်ထဲတွင် ဆုတောင်းနေမိကြချေသည်။

"နဂါးစစ်စစ်... နဂါးစစ်စစ်ရေ... မျက်လုံးလေး ဖွင့်ကြည့်ပါဦး... ဒီလောက်လေး မိုးရွာရုံနဲ့ သူမကို ရေနစ်သေအောင် လုပ်လို့မရပါဘူး... တခြားနေရာတွေကို ပြောင်းရွာပြီး ကျုပ်တို့ကိုလည်း ခံစားခွင့် ပေးပါဦး..."

ချူလျန်တစ်ယောက် မျက်နှာသစ်ကာ ကိုယ်လက်သန့်စင်ပြီးသောအခါမှသာ မိုးလည်း တိတ်သွားလေသည်။ ကြာချိန်မှာ တိုတောင်းပြီး ပမာဏ မများသော်လည်း၊ အားလုံးမှာ အနှစ်သာရများသာ ဖြစ်ပေသည်။

သူသည် အရင်ဆုံး အပြင်ထွက်ပြီး သေးငယ်သော ရွှေရောင်အစင်းကြား ပန်းခင်းလေးကို သွားရောက် ကြည့်ရှုလိုက်လေသည်။ မနေ့က နဂါးချီ ရွှေရောင်အစင်းကြား သစ်သီးမျိုးစေ့တစ်သုတ် စိုက်ပျိုးခဲ့ရာ၊ ပန်းပင် (၁၀)ပင်ကျော်မှ သစ်သီး (၃၀)ကျော် ရိတ်သိမ်းရရှိခဲ့၏။

သစ်ပင်ဝိညာဉ်ဆေးမှုန့်ဖြင့် အပင်များကို ကြီးထွားစေရာတွင် ကန့်သတ်ချက် ရှိလေသည်။ မြေဆီလွှာအင်အား ကန့်သတ်ချက်ကြောင့် နေ့တိုင်း အသုံးပြု၍ မရနိုင်ပေ။ (၇)ရက် တစ်ကြိမ်လောက်သာ အသုံးပြုခြင်းကို လက်ခံနိုင်ပေလိမ့်မည်။ ထို့ကြောင့် ယခုအခါ ပန်းခင်းထဲတွင် အသီးများ မရှိတော့ဘဲ၊ လှပသော်လည်း အသုံးမဝင်သော ပန်းပွင့်များသာ ကျန်ရစ်တော့လေသည်။

ချူလျန်သည် မျက်လုံးဖြင့် ပတ်ဝန်းကျင်မြေကွက်လပ်ကို တိုင်းတာကြည့်လိုက်ပြီး၊ အကယ်၍ လက်ရှိ ပန်းခင်းအကျယ်အဝန်းကို (၇)ဆလောက် ချဲ့ထွင်လိုက်ပါက၊ နေ့တိုင်းအလှည့်ကျ ရိတ်သိမ်းနိုင်မည် မဟုတ်ပါလောဟု တွေးတောမိလိုက်၏။

မြေယာအလှည့်ကျ အားဖြည့်စိုက်ပျိုးရေးစနစ်ကို ထူထောင်ပြီး၊ ရေရှည်တည်တံ့သော ဂေဟစနစ် စိုက်ပျိုးရေးလမ်းကြောင်းကို လျှောက်လှမ်းရပေမည်။

အဘယ်ကြောင့်မှန်း မသိသော်လည်း၊ သူသည် ယခင်က လယ်စိုက်ဖူးခြင်း မရှိသော်ငြား၊ မနေ့က မျိုးစေ့ချသည်မှ ရိတ်သိမ်းသည်အထိ လုပ်ဆောင်ခဲ့သော လုပ်ငန်းစဉ်တွင် အလွန် ရင်းနှီးကျွမ်းဝင်သော ခံစားချက်ကို ရရှိခဲ့လေသည်။

နောင်တစ်ချိန်တွင် ဖြစ်လာမည့် ကြီးမားသော ပန်းခင်းကြီးကို စိတ်ကူးယဉ်ကာ ကြည်နူးလိုက်ပြီးနောက်၊ သူသည် ငွေဓားတောင်ထွတ်မှ ထွက်ခွာလာခဲ့၏။ ယနေ့တွင် သူ့တွင် လုပ်စရာကိစ္စများ ရှိနေသေးပေသည်။

သူသည် လက်ပံနီတောင်ထွတ်သို့ ပျံသန်းရောက်ရှိလာပြီး၊ ရှုတောင်၏ ဈေးတန်းလေးဆီသို့ ရောက်ရှိလာခဲ့လေသည်။

ဤနေရာသည် ယခင်ကကဲ့သို့ပင် စည်ကားနေပြီး၊ ရင်းနှီးသော မျက်နှာဟောင်းအချို့ကိုလည်း တွေ့မြင်နေရ၏။ ချူလျန်ကို မြင်သောအခါ သူတို့က လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ကြလေသည်။

"မတွေ့တာ ကြာပြီနော်..."

"ဒီရက်ပိုင်း လက်ဖက်ရည်ရောင်းတဲ့ဆိုင်တွေ အများကြီးပေါ်လာတယ်... မင်းဆိုင်ထက် ဈေးပေါပေမဲ့ မင်းဟာလောက် သောက်လို့မကောင်းဘူး..."

"ကျုပ်က မင်းဟာကိုပဲ ကြိုက်တာ... အဲ... မင်းရဲ့ သစ်သီးလက်ဖက်ရည် အရသာကို ပြောတာပါ..."

"..."

"..”

“.”

ချူလျန်သည် တစ်ယောက်ချင်းစီကို ပြုံးပြပြီး တုံ့ပြန်လိုက်လေသည်။ ကြည့်ရသည်မှာ သူ၏ ကုန်အမှတ်တံဆိပ် ဂုဏ်သတင်းမှာ ခိုင်မာနေပြီ ဖြစ်ပုံရ၏။

နှမြောစရာကောင်းသည်မှာ၊ ဤသစ်သီးလက်ဖက်ရည်လုပ်ငန်းသည်ကား ဖျက်သိမ်းရန် အကြောင်းဖန်လာခြင်းပင်။

သူသည် ကော်ဇောငယ်ကို ခင်းလိုက်ပြီး၊ ကြိုတင်ပြင်ဆင်ထားသော ဆိုင်းဘုတ်ငယ်ကို ထောင်လိုက်လေသည်။

[ ပရိုမိုးရှင်းအစီအစဉ်... သစ်သီးလက်ဖက်ရည်ဝယ်လျှင် ဘယ်ရီသီး လက်ဆောင်ပေးမည်။ ]

[ ငွေဓားတောင်ထွတ်၏ အထူးထွက်ကုန် နဂါးချီ ရွှေရောင်အစင်းကြားသစ်သီး... အမျိုးသမီးများအတွက် အလှတိုးစေပြီး၊ အမျိုးသားများအတွက် အားအင်ပြည့်ဖြိုးစေသည်။ ]

သူ့နောက်သို့ လိုက်ပါလာပြီး သစ်သီးလက်ဖက်ရည် ဝယ်ယူရန် စောင့်ဆိုင်းနေသူများမှာ ထူးဆန်းသွားကြကုန်၏။

"ဒါ ဘာသဘောလဲ... မင်းရဲ့ ဘယ်ရီသီးဆိုတာက..."

"ဒါက ဒီလိုအသီးမျိုးပါ..." ချူလျန်သည် သစ်သီးတစ်လုံးကို ထုတ်ယူလိုက်ပြီး၊ သစ်သီးလက်ဖက်ရည်ဘေးတွင် တင်ထားကာ ပြုံးလျက် ပြောလိုက်လေသည်။ "သစ်သီးလက်ဖက်ရည် ဝယ်ယူသူတိုင်းကို အခမဲ့ လက်ဆောင်ပေးမှာပါ... မြည်းစမ်းကြည့်ကြပါ..."

"ဟဲဟဲ... ဒါဆိုရင်တော့ ကောင်းတာပေါ့..." လူတိုင်းက သဘောတူလိုက်ကြကုန်၏။

မည်သို့ပင်ဖြစ်စေ သူတို့သည် သစ်သီးလက်ဖက်ရည် ဝယ်ယူရန် ရည်ရွယ်ထားကြပြီးဖြစ်ရာ၊ လက်ဆောင်ရခြင်းမှာ မရခြင်းထက် သေချာပေါက် ပိုကောင်းသည် မဟုတ်ပါလော။

ထို့အပြင် ဤလက်ဆောင်သစ်သီးကို ကြည့်ရသည်မှာ မဆိုးလှပေ။ အရည်ရွှမ်းပြီး အလုံးကြီးကာ လှပနေလေသည်။

"ဝိုး... ဒီနေ့ လက်ဖက်ရည်က အရသာ နောက်တစ်မျိုးပါလား..." ကံထူးရှင်တစ်ဦးကဲ့သို့ တာဝန်ကျေစွာ အာမေဍိတ်သံ ပြုသူများလည်း ရှိလေသည်။

တဖြည်းဖြည်းနှင့် လူတန်းကြီးမှာ ရှည်လျားလာတော့သည်။

လူတိုင်းသည် သစ်သီးလက်ဖက်ရည်ကို ဝယ်ယူပြီးသည်နှင့် ဝေးဝေးမသွားဘဲ လက်ဆောင်ရရှိသော ရွှေရောင်အစင်းကြားသစ်သီးကို ချက်ချင်း စားလိုက်ကြလေသည်။

"ချိုမွှေးနေတာပဲ... ဒီလောက်စားကောင်းတဲ့ အသီးမျိုး တသက်နဲ့တကိုယ် တစ်ခါမှ မစားဖူးဘူး..."

"တကယ် စားလို့ကောင်းတယ်... ပြီးတော့ ဝိညာဉ်စွမ်းအား အငွေ့အသက်တချို့လည်း ပါနေတယ်... နောက်ထပ် တစ်မျိုးလည်း ပါသေးတယ်... ဒါက နဂါးချီဆိုတာလား..."

"ဝိညာဉ်စွမ်းအားက သိပ်မပြင်းထန်ပေမဲ့၊ အလှတိုးစေတယ် ဆိုတာကတော့ တကယ် ဟုတ်လောက်တယ်... အဲဒီ နဂါးချီကလည်း သွေးလည်ပတ်မှုကို တကယ် ကောင်းမွန်စေတယ်... အားလုံးက အစစ်တွေပဲ..."

"..."

".."

“.”

အာမေဍိတ်သံများ ထွက်ပေါ်လာပြီးနောက်၊ လူအများအပြားမှာ ချက်ချင်းပင် ဝိုင်းအုံလာကြကုန်သည်။

"ဒီသစ်သီးကို ဘယ်လိုရောင်းသလဲ... ကျုပ် ပိုပြီး ဝယ်ချင်တယ်..." လူတိုင်းက တောင်းဆိုလာကြလေသည်။

ချူလျန်က ပြုံးပြီး ခေါင်းခါလိုက်သည်။ "တောင်းပန်ပါတယ်... ဒီနေ့အတွက် သစ်သီးက လက်ဆောင်အနေနဲ့ပဲ ပေးတာပါ... သစ်သီးလက်ဖက်ရည် ဝယ်မှပဲ ရမှာပါ..."

ငြင်းပယ်ခံလိုက်ရသော လူများမှာ မကျေမနပ် ညည်းတွားနေကြလေသည်။

သစ်သီးလက်ဖက်ရည်မှာ ဝယ်ယူမှုကန့်သတ်ချက် ရှိသဖြင့်၊ သူတို့အနေဖြင့် သစ်သီးကို ထပ်မံ မြည်းစမ်းခွင့် မရနိုင်တော့ပေ။ အချို့လူများသည် နောက်မှ ရောက်လာသော ဝယ်ယူသူများထံမှ လက်ဆောင်သစ်သီးကို ပြန်လည် ဝယ်ယူရန် ကြိုးစားကြကုန်၏။

သို့သော် သစ်သီးတစ်လုံးတည်းအတွက် ဈေးကောင်းမရနိုင်သဖြင့်၊ နောက်မှရောက်လာသူများ၏ စူးစမ်းလိုစိတ်ကိုသာ ပိုမို မြင့်တက်စေပြီး၊ အရသာကို ကိုယ်တိုင် မြည်းစမ်းကြည့်ချင်စိတ် ဖြစ်ပေါ်စေတော့သည်။

ချူလျန်၏ သစ်သီးလက်ဖက်ရည်များ အကုန်လုံး ရောင်းထွက်သွားချိန်တွင်၊ ထိုနေရာရှိ လူတိုင်း၏ ဆွေးနွေးနေကြသော ခေါင်းစဉ်မှာ သစ်သီးအကြောင်းသာ ဖြစ်နေတော့လေသည်။

ဝိညာဉ်စွမ်းအားသက်သက်ဖြင့် ဆိုလျှင်၊ ရွှေရောင်အစင်းကြားသစ်သီးသည် သဘာဝရတနာများ၊ ဝိညာဉ်ဆေးပင်များနှင့် သေချာပေါက် ယှဉ်နိုင်မည်မဟုတ်ပေ။ သို့သော် ချူလျန်သည် ၎င်းကို ဝိညာဉ်ဆေးပင် သို့မဟုတ် ဆေးဝါးအဖြစ် သတ်မှတ်ထားခြင်း မဟုတ်ဘဲ၊ အံ့ဖွယ်အာနိသင်များကို ချဲ့ကားပြောဆိုခြင်း မရှိခဲ့ပေ။

ချူလျန်က ၎င်းကို 'ကျန်းမာရေး အားဖြည့်အစားအစာ' အဖြစ် သတ်မှတ်ထားခြင်း ဖြစ်လေသည်။

စားလိုက်လျှင် အကျိုးရှိကောင်း ရှိနိုင်သော်လည်း၊ မစားလျှင် သေချာပေါက် အကျိုးမရှိနိုင်ပေ။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် "အမျိုးသမီးများအတွက် အလှတိုးစေပြီး၊ အမျိုးသားများအတွက် အားအင်ပြည့်ဖြိုးစေသည်" ဟူသော စာသားမှာ အလွန်ပင် ဆွဲဆောင်မှု ရှိနေပြီး၊ မည်သူကများ ထိုဖြစ်နိုင်ခြေလေးကို အပြည့်အဝ လျစ်လျူရှုနိုင်ပါမည်နည်း။

"အားလုံးပဲ တောင်းပန်ပါတယ်... လက်ရှိ စိုက်ပျိုးထားတဲ့ နဂါးချီ ရွှေရောင်အစင်းကြားသစ်သီး ပမာဏက အကန့်အသတ် ရှိနေလို့၊ သစ်သီးလက်ဖက်ရည် ဝယ်ယူသူတွေကို ကျေးဇူးတုံ့ပြန်တဲ့ လက်ဆောင်အနေနဲ့ပဲ ပေးနိုင်တာပါ... ဒါပေမဲ့ နောက်ပိုင်းကျရင် အထွက်နှုန်းတိုးလာမှာမို့၊ အဲဒီအချိန်ကျရင် သစ်သီးတွေကို သီးသန့် လာရောက်ရောင်းချပေးပါ့မယ်... စောင့်မျှော်အားပေးကြပါဦး..."

ချူလျန်သည် တည်ငြိမ်စွာ ကြေညာလိုက်ပြီးနောက်၊ လက်ပံနီတောင်ထွတ်မှ ထွက်ခွာလာခဲ့လေသည်။

ရွှေရောင်အစင်းကြားသစ်သီး၏ ဈေးကွက်တုံ့ပြန်မှုမှာ မဆိုးလှပေ။ နောက်တစ်ဆင့်အစီအစဉ်မှာ သူ ပြောခဲ့သကဲ့သို့ပင်၊ အထွက်နှုန်း တိုးမြှင့်ရန်သာ ဖြစ်လေသည်။

……

နောင်နှစ်ပေါင်းများစွာ ကြာပြီးနောက်၊ အကယ်၍ အမွေးပွ အကောင်မည်းလေးများတွင် အသိဉာဏ်ရှိလာပြီး၊ ကိုယ်ပိုင်သမိုင်းကြောင်း ရှိလာခဲ့မည်ဆိုပါက...။

သူတို့၏ ဒဏ္ဍာရီပုံပြင်များထဲတွင် သေချာပေါက် နတ်ဆိုးတစ်ကောင် ရှိနေပေလိမ့်မည်။

ရှုတောင်နှင့် မဝေးလှသော လူသူကင်းမဲ့သည့် တောအုပ်တစ်ခုတွင်၊ ကြီးမြတ်လှသော အမွေးပွအမည်းရောင် ဘိုးဘေးများသည် လူမဆန်သော သတ်ဖြတ်ခြင်းကို ခံခဲ့ရလေသည်။

ထိုနတ်ဆိုး၏ နာမည်မှာ...။

'ချူလျန် မဟာမိစ္ဆာဘုရင်' ဟု ခေါ်ဆိုပေသည်။

ထိုနတ်ဆိုးသည် ကောင်းကင်ယံအပြည့် ငွေရောင်ဓားအလင်းတန်းများကို ဝှေ့ယမ်းကာ၊ လောကကြီးနှင့် အဆက်အသွယ်မရှိသော အေးဆေးစွာနေထိုင်နေကြသည် အမွေးပွ အကောင်မည်းလေးများကို ရက်ရက်စက်စက် တိုက်ခိုက်ပြီး၊ မရပ်မနား လိုက်လံသတ်ဖြတ်ခဲ့လေသည်။

သူသည် သတ်ဖြတ်ခြင်း၌ ပျော်မွေ့နေသော စိတ်ဖောက်ပြန်နေသူ တစ်ဦးဖြစ်သည်ဟု သံသယဝင်စရာပင် ကောင်းလှ၏...။

သို့သော် ၎င်းတို့ ဘယ်တော့မှ သိရှိနိုင်မည် မဟုတ်သည်ကား…။

ဤမဟာမိစ္ဆာဘုရင်ကြီးက သူတို့ကို လိုက်လံသတ်ဖြတ်ရခြင်း၏ အကြောင်းရင်းမှာ...။

မျိုးစေ့ရယူလိုခြင်းသက်သက်သာ ဖြစ်ကြောင်းပင်...။

အမှန်အတိုင်းဆိုရလျှင်၊ ချူလျန်၏အမြင်၌ ဤအမွေးပွ အကောင်မည်းလေးများသည် မီးအိမ်မိစ္ဆာများထက် ကိုင်တွယ်ရ ပိုခက်ခဲလှ၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ပြေးလွှားရာတွင် အလွန်လျင်မြန်ပြီး၊ လှုပ်ရှားမှု သွက်လက်သောကြောင့် ဖြစ်လေသည်။

သူသည် တစ်ကောင်ကို ခုတ်ပိုင်းလိုက်သည်နှင့်၊ နောက်ဘက်မှ အကောင်များသည် ချက်ချင်းဆိုသလို နောက်ပြန်လှည့်ကာ ထွက်ပြေးကြတော့သည်။

ချူလျန်သည် တောအုပ်၏ အနက်ရှိုင်းဆုံးနေရာအထိ လိုက်လံ ဖမ်းဆီးခဲ့သည့်တိုင်၊ အကောင် (၁၀)ကောင်ကျော်လောက်သာ သတ်ဖြတ်နိုင်ခဲ့လေသည်။

ဆက်လိုက်ရနိုး၊ လက်လျော့ရနိုး တွေးတောနေစဉ်မှာပင်၊ သူ၏ကိုယ်ခန္ဓာမှာ ရုတ်တရက် ရပ်တန့်သွားလေသည်။

တောနက်ကြီး၏ အတွင်းပိုင်းတွင်၊ အလွန်တရာ တုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို သူ တွေ့လိုက်ရလေသည်။

ထိုနေရာတွင် (၃)ကျန်းခန့် မြင့်မားသော အနက်ရောင် သစ်ပင်ကြီးတစ်ပင် ရှိနေ၏။ ပင်စည်မှာ တုတ်ခိုင်ကြီးမားပြီး၊ ချွန်ထက်သော အကိုင်းအခက်များက ဘေးဘက်သို့ ထိုးထွက်နေကာ၊ အရွက်တစ်ရွက်မျှ မရှိပေ။ ထိုဆူးချွန်ကဲ့သို့သော အကိုင်းအခက်များပေါ်တွင်မူ၊ အမွေးပွအမည်းရောင် အကောင်များ ပြည့်နှက်စွာ သီးနေလေသည်။

ဤသစ်ပင်ကြီးတစ်ခုလုံးမှ သရဲတစ္ဆေအငွေ့အသက်များ ထွက်ပေါ်နေပြီး၊ လူ့လောကမှ သစ်ပင်တစ်ပင်နှင့် လုံးဝမတူညီပေ။ ချူလျန်သည် ၎င်း၏အမျိုးအစားကို မသိသဖြင့်၊ လောလောဆယ် 'သရဲသစ်ပင်' ဟုသာ ခေါ်ဆိုလိုက်လေသည်။

အစောပိုင်းက အမွေးပွအမည်းရောင် အကောင်များမှာ ဤသရဲသစ်ပင်၏ အသီးများ ဖြစ်နေသည်လော...။

ဆုလာဘ်ဖွင့်လိုက်သည့်အခါ သစ်ပင်မျိုးစေ့ထွက်လာသည်မှာ မဆန်းတော့ပေ။ အကြောင်းမှာ သူတို့သည် မူလကတည်းက အပင်မျိုးများ ဖြစ်နေသောကြောင့်ပင်။

သို့သော် သစ်ကိုင်းပေါ်ရှိ အမွေးပွအမည်းရောင် အကောင်များတွင် ဝိညာဉ်စွမ်းအား မရှိသလို၊ လှုပ်ရှားနိုင်ခြင်းလည်း မရှိကြပေ။ တောထဲတွင် လျှောက်ပြေးနေသော အကောင်များနှင့် အလွန် ကွာခြားနေလေသည်။

သေချာစဉ်းစားကြည့်လျှင်၊ ဝိညာဉ်လိုအပ်နေခြင်း ဖြစ်လောက်ပေ၏။

ချူလျန်တစ်ယောက် စိတ်ထဲမှ ခန့်မှန်းကြည့်လိုက်ရာ၊ ဤသစ်ကိုင်းပေါ်မှ အမွေးပွအမည်းရောင် အကောင်များ ရင့်မှည့်လာသောအခါ၊ ပိုင်ရှင်မဲ့ဝိညာဉ်တစ်ခုခုနှင့် ပေါင်းစပ်သွားပြီး၊ သူ တွေ့ကြုံခဲ့ရသော မြေပြင်ပေါ်တွင် လျှောက်ပြေးနေသည့် ပုံစံမျိုးဖြစ်လာခြင်း ဖြစ်နိုင်လေသည်။ သို့မဟုတ်ပါက၊ လွင့်မျောဝိညာဉ်များနှင့် ပေါင်းစပ်ပြီးမှ ရင့်မှည့်လာခြင်းလည်း ဖြစ်နိုင်၏။

မည်သို့ပင်ဖြစ်စေ၊ အမွေးပွအမည်းရောင် အကောင်များသည် ဤနေရာမှ ထွက်ပေါ်လာခြင်းပင် ဖြစ်လေသည်။

ဤအပင်သည် သရဲသစ်ပင်ဖြစ်သော်လည်း၊ ပတ်ဝန်းကျင်တွင် လူသူကင်းမဲ့သည့်အပြင် ကျေးငှက်တိရစ္ဆာန်ပင် တွေ့ရခဲသဖြင့်၊ ချူလျန်အနေဖြင့် ၎င်းကို ဘာမှလုပ်ရန် အစီအစဉ်မရှိပေ။

ပထမအချက်မှာ ၎င်းသည် မည်သည့်အန္တရာယ်မှ မပေးနိုင်ပေ။ သရဲသစ်ပင်ဖြစ်လင့်ကစား ဤနေရာတွင် ရှိနေခြင်းက ဘာမှမဖြစ်ပေ။

မလိုအပ်ဘဲနှင့် သူသည် အမွေးပွအမည်းရောင် အကောင်များ ထုတ်လုပ်ပေးနေသော ဤသရဲသစ်ပင်ကို ဖျက်ဆီးလိုစိတ် မရှိပေ။ အမှန်တကယ်တမ်းတွင် ပြီးခဲ့သော တစ်ခေါက်ကလည်း ရုတ်တရက် အတိုက်ခံရခြင်း မဟုတ်လျှင်၊ ပျားဘုရင်မကို မဆင်မခြင် တိုက်ခိုက်မိမည် မဟုတ်ပေ။ ရလဒ်အနေဖြင့် သစ်သီးလက်ဖက်ရည်လုပ်ငန်း ပျောက်ကွယ်သွားရသည်အထိ ဖြစ်လာခဲ့ရလေသည်။

ဒုတိယအချက် ချူလျန်၏ စိတ်ထဲတွင် ခံစားနေရသည်မှာ၊ ကိုယ်တိုင်တိုက်ခိုက်လျှင်လည်း ဤသစ်ပင်ကြီးကို နိုင်ချင်မှနိုင်မည် ဖြစ်၏။ ၎င်း၏ ယင်ဓာတ်အငွေ့အသက်မှာ အလွန်ပင် ပြင်းထန်လှပြီး၊ ယခုအချိန်တွင် ငြိမ်သက်နေသော်လည်း၊ တကယ်တမ်း ပေါက်ကွဲလာပါက မည်မျှ ထူးဆန်းကြောက်မက်ဖွယ်ကောင်းမည်ကို မသိနိုင်ပေ။

သေချာပေါက် ချူလျန်အနေဖြင့် တောင်ပေါ်ပြန်တက်ပြီး လူကြီးများကို အသိပေးလိုက်ပါက၊ ဤသရဲသစ်ပင်ကို ရှင်းလင်းနိုင်မည် ဖြစ်လေသည်။

သို့သော် အဓိက အကြောင်းရင်းမှာ သူသည် အမွေးပွအကောင်မည်းလေးများနှင့် အချိန်အတိုင်းအတာတစ်ခုအထိ ဆက်လက် ပတ်သက်ချင်နေသေးသောကြောင့်ပင်။

တွေ့ဆုံလိုက်တိုင်း သူသည် မျိုးဖြုတ်သတ်ဖြတ်မည့် ပုံစံမျိုး ပြုမူနေသော်လည်း၊ တကယ်တမ်း အမြစ်ပြတ် သုတ်သင်ရှင်းလင်းရမည် ဆိုပါက သူ သေချာပေါက် သဘောတူမည် မဟုတ်ပေ။

ယင်းသည် “ရွှေဥ ဥပေးသော ငန်းကို သတ်ဖြတ်ခြင်း”ပင် မဟုတ်ပါလော။

သေချာပေါက် ချူလျန်တစ်ယောက် ထိုသို့လုပ်မည် မဟုတ်ချေ။

All Chapters