← Chapters

အခန်း (၁၀၉-၁၁၀)

Vol. 11 Ch. 109-110

အခန်း (၁၀၉-၁၁၀)

Vol. 11 Ch. 109-110

အခန်း (၁၀၉) - ရှောင်းယွင်ရှေးဟောင်းဓား

မိုးချုပ်ခါနီးအချိန်အထိ ချူလျန်သည် အမွေးပွအမည်းရောင် အကောင်လေးများနှင့် ခွဲခွာရမည်ကို နှမြောတသဖြစ်နေခဲ့လေသည်။

တောအုပ်ထဲရှိ ထိုသရဲသစ်ပင်ကြီးသည် ယင်ဓာတ်များ လွှမ်းခြုံနေပြီး အလွန်ထူးဆန်းအံ့ဩဖွယ်ကောင်းသည်ဟု သူ အမြဲခံစားရ၏။ အကယ်၍ ညဘက်တွင် ထိုနေရာ၌ရှိနေပါက သူ၏စိတ်ထဲတွင် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာမည်မှာ အမှန်ပင်။

တောအုပ်ထဲတွင် နေရောင်ခြည် ရှားပါးလှသဖြင့် ရှုတောင်သို့ ပြန်ရောက်သောအခါ နေဝင်ရီတရောအချိန်သာ ရှိသေးသည်။

သူသည် မျိုးစေ့များကို စိတ်အားထက်သန်စွာဖြင့် ထုတ်ယူသန့်စင်လိုက်ပြီးနောက် ပန်းခင်းငယ်လေးထဲတွင် စိုက်ပျိုးလိုက်လေသည်။ ယနေ့ သတ်ဖြတ်ခဲ့သော အမွေးပွအမည်းရောင် အကောင်လေးများမှာ အလွန်များပြားလှသဖြင့် မနေ့ကကဲ့သို့ ပန်းခင်းငယ်နှစ်ခင်းစာ တိုးချဲ့ရန် လုံလောက်ပေသည်။

ချူလျန်သည် မြေတူးစိုက်ပျိုးနေရင်း ရွှေရောင်အစင်းပါသော ဘယ်ရီသီးများအတွက် ဈေးနှုန်းသတ်မှတ်ရန် စဉ်းစားတွက်ချက်နေလေသည်။

တွက်ချက်ကြည့်မည်ဆိုပါက ဤရွှေရောင်အစင်းပါသော ဘယ်ရီသီးများ၏ ကုန်ကျစရိတ်မှာ...။

သူ၏ လုပ်အားခ၊ တစ်လလုံးစာ အသုံးပြုနိုင်သည့် ဓားဒင်္ဂါး (၃) ပြားတန် သစ်ပင်ဝိညာဉ်ဆေးမှုန့်နှင့် လျိုရှောင်ယွီလေး၏ လုပ်အားခတို့သာ ရှိချေ၏။

မကြာသေးမီရက်များအတွင်း မိုးအဆက်မပြတ် ရွာသွန်းနေသဖြင့်၊ လျိုရှောင်ယွီလေး၏ ရေလောင်းသည့်အလုပ်ကို အပြီးတိုင် ဖျက်သိမ်းလိုက်၍ ရနိုင်သော်လည်း သူမမှာ စားစရာရှိသည်ကိုတော့ စားနေဆဲ ဖြစ်ပေသည်။ တိတိကျကျ တွက်ချက်မည်ဆိုပါက သူမ၏စရိတ်မှာ ပုံသေကုန်ကျစရိတ်ဟုသာ သတ်မှတ်ရပေမည်။

သို့သော် ကုန်ကျစရိတ် နည်းပါးသော်လည်း ဈေးနှုန်းကို လျှော့ချ၍ မဖြစ်ပေ။ သို့မဟုတ်ပါက မိမိ တည်ဆောက်ထားသော ကုန်အမှတ်တံဆိပ်၏ ဂုဏ်သိက္ခာ ပျောက်ဆုံးသွားလိမ့်မည်။ နောင်တွင် အခြားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာ၌လည်း ထိခိုက်မှု ရှိနိုင်ပေသည်။

ဘယ်ရီသီး ထုတ်လုပ်ရောင်းချမှု လုပ်ငန်းစဉ်သာ ချောမွေ့သွားပါက၊ မကြာမီအချိန်အတွင်း ဤပန်းခင်းငယ်လေးသည် သစ်သီးခြံကြီးတစ်ခု ဖြစ်လာနိုင်မည်ဟု ယုံကြည်မိလေသည်။

အလုပ်ရှုပ်နေစဉ်မှာပင် တစ်ဖက်ခြမ်းမှ လူတစ်ယောက်၏ ခေါ်သံကို ကြားလိုက်ရသည်။ "စီနီယာအစ်ကိုချူ..."

"ဟင်..." ချူလျန် လှည့်ကြည့်လိုက်ရာ ရောက်လာသူမှာ ဝမ်ယွဲ့လုံဖြစ်ကြောင်း တွေ့လိုက်ရလေသည်။ "ဂျူနီယာညီလေးဝမ်ပါလား..."

ဝမ်ယွဲ့လုံက အလျင်အမြန် လျှောက်လှမ်းလာပြီးနောက် ပြောလိုက်သည်။ "ပြီးခဲ့တဲ့တစ်ခေါက်က အစ်ကို့အတွက် ဈေးဆစ်ပေးထားတဲ့ အရှိန်အဝါဖုံးကွယ်ပုဝါပါး ကုန်ကြမ်းပစ္စည်းအတွက် အဖြေရပါပြီ... တောက်ထျယ်မြို့ဘက်က ရောင်းသူက သတင်းပို့လာတယ်... ဈေးလျော့ပေးဖို့ သဘောတူလိုက်ပြီ... အခုဆိုရင် ဓားဒင်္ဂါး (၆၅၀) လောက်နဲ့ ရနိုင်ပြီ..."

"အဆင်ပြေတာပေါ့..." ချူလျန်က ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်လေသည်။

ဤဈေးနှုန်းမှာ ဝမ်ယွဲ့လုံက သူ့အတွက် မူလခန့်မှန်းပေးထားသော ဈေးနှုန်းနှင့် အတော်လေးလျော့နည်းနေသဖြင့် အများကြီး တွက်ကပ်နေစရာ မလိုတော့ပေ။

ပြီးခဲ့သည့်တစ်ခေါက်က ဝမ်ယွဲ့လုံနှင့် ပြောဆိုပြီးနောက် သူသည်လည်း အခြားနေရာများတွင် အရှိန်အဝါဖုံးကွယ်ပုဝါပါး၏ ဈေးနှုန်းကို စုံစမ်းကြည့်ခဲ့ရာ ဝမ်ယွဲ့လုံ ပြောသောဈေးနှင့် အတူတူလောက်ပင် ဖြစ်နေလေသည်။ ဤအချက်က ဝမ်ယွဲ့လုံသည် မရိုးသားသော အကြံအစည်မရှိဘဲ သူ့ကို ရိုးရိုးသားသား ကူညီပေးနေခြင်းဖြစ်ကြောင်း ပြသနေပေသည်။

ဈေးနှုန်းကွာဟမှု သိပ်မရှိသရွေ့ သူ အကျိုးအမြတ်အနည်းငယ် ရယူသွားလျှင်လည်း ချူလျန်သည် လုံးဝ ဂရုစိုက်မည် မဟုတ်ပေ။ သူတစ်ပါးကို အကူအညီတောင်းခံရခြင်း ဖြစ်သဖြင့် ဤမျှလောက်ထိ စာရင်းအင်းများ ရှင်းနေစရာ မလိုပေ။

"ကောင်းပါပြီ..." ဝမ်ယွဲ့လုံက ခေါင်းညိတ်လိုက်လေသည်။ "ဒါဆို ကျွန်တော် သတင်းပြန်ပို့လိုက်ပါ့မယ်... ရောင်းသူကို ပစ္စည်းချက်ချင်း ပို့ခိုင်းလိုက်မယ်... တောက်ထျယ်မြို့ကနေ ရတနာပစ္စည်းပို့ခက နည်းနည်း ဈေးကြီးပေမဲ့ အစိတ်ချရဆုံးပါပဲ... ဒီငွေကြေးလောက်ကိုတော့ မနှမြောပါနဲ့တော့..."

"ပြဿနာမရှိဘူး..." ချူလျန် ပြောလိုက်လေသည်။

တောက်ထျယ်မြို့မှာ ခရီးဝေးလွန်းသဖြင့် ကိုယ်တိုင်သွားယူရမည်ဆိုပါက အသွားအပြန်အတွက် အတော်လေး ဒုက္ခများပေလိမ့်မည်။ လက်ရှိတွင် ဓားဒင်္ဂါးများ ပြည့်စုံနေသလို စီးပွားရေးလုပ်ငန်းတစ်ခုလည်း ထူထောင်တော့မည်ဖြစ်ရာ ချူလျန်တစ်ယောက် သဘောထားကြီးနိုင်ပေသည်။

ဝမ်ယွဲ့လုံသည် သစ်ရွက်ပျံဓားသိုင်းအကြောင်းကိုလည်း မေးမြန်းခဲ့ရာ ချူလျန်မှာ ခါးသက်သက်သာ ပြုံးပြနိုင်ခဲ့သည်။ ထိုအကြောင်းနှင့်ပတ်သက်၍ ညည်းတွားရန် ပြင်လိုက်စဉ်မှာပင် တောင်သခင်မ၏ နန်းဆောင်ဘက်မှ အော်ဟစ်သံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာလေသည်။

"တပည့်လေးရေ..."

တိနွီဖုန့်၏ အော်ဟစ်သံမှာ လွှမ်းမိုးမှုအပြည့် ရှိလှသည်။ မည်သည့်ပြဿနာမျှ မရှိလျှင်ပင် နောက်တစ်စက္ကန့်တွင် ထကာ ရန်ရှာတော့မည့်ပုံ ပေါက်နေချေ၏။

"ဆရာသခင် ခေါ်နေပြီ..." ချူလျန်တစ်ယောက် နောက်လှည့်ကြည့်လိုက်လေသည်။

တိနွီဖုန့်သည် သူ့ကို အလိုလျောက်လာရှာလေ့ သိပ်မရှိပေ။ အရေးကြီးကိစ္စ ရှိနေသည်များ ဖြစ်မည်လော။

"ဒါဆို ကျွန်တော်လည်း သွားစရာရှိသေးလို့... စီနီယာအစ်ကို့ကို မနှောင့်ယှက်တော့ပါဘူး..." ဝမ်ယွဲ့လုံလည်း အလျင်အမြန် နှုတ်ဆက်ထွက်ခွာသွားလေတော့သည်။

ရှုတောင်၏ ဘေးဒုက္ခဆိုးကြီးဟူသော နာမည်ကျော်ကြားမှုကို သူ ငယ်စဉ်ကတည်းက ကြားဖူးထားရာ ဤအော်သံကြောင့် ကြက်သီးထသွားရလေသည်။

...

ထို့နောက် ချူလျန်သည် တောင်သခင်မ၏ နန်းဆောင်သို့ ချက်ချင်း ရောက်ရှိသွားလေသည်။

တိနွီဖုန့်သည် ဓားသေတ္တာတစ်လုံးကို ကိုင်ဆောင်ထားပြီး စားပွဲပေါ်သို့ ဂရုတစိုက် တင်လိုက်သည်ကို တွေ့လိုက်ရ၏။ မျက်နှာတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေပြီး "ကြည့်လိုက်စမ်း... ဒါ ဘာပစ္စည်းကောင်းလေးလဲဆိုတာ..."

"ဘာများလဲ..." ချူလျန်က သတိထားပြီး မေးလိုက်လေသည်။

ဆရာသခင်က သူ့ကို ပစ္စည်းကောင်းပေးမည်ဟု သူ လုံးဝ မယုံကြည်ပေ။

သို့သော်ငြား တိနွီဖုန့်က သူ့ကို အမှန်တကယ်ပင် အံ့အားသင့်သွားစေခဲ့လေသည်။

ဓားသေတ္တာပွင့်သွားသည်နှင့် ချူလျန်၏ မျက်လုံးအိမ်များ ကျုံ့သွားရလေသည်။

အတွင်းထဲတွင် (၄) ပေကျော်ခန့် ရှည်လျားပြီး ငွေရောင်တောက်ပနေသော ရှေးဟောင်းဓားတစ်လက် ရှိနေလေ၏။ ဓားကိုယ်ထည်ပေါ်တွင် တိမ်တိုက်များကွန့်မြူးနေသော ပုံစံကွက်များ ရှိနေပြီး တာအိုအငွေ့အသက်များ စီးဆင်းနေချေသည်။

ရှောင်းယွင်ရှေးဟောင်းဓား...။

ချူလျန် တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်လေသည်။

ဤသည်မှာ 'ကမ္ဘာမြေ ရတနာတစ်သောင်းမှတ်တမ်း' တွင် အဆင့် (၃၁) ၌ ရှိသော ရတနာဖြစ်ပြီး၊ ရှုတောင်ဂိုဏ်း၊ ပိလော့တောင်ထွတ်၏ တောင်သခင် တာအိုသခင်ယန်၏ ကိုယ်ပိုင်ဓား၊ ရှောင်းယွင်ရှေးဟောင်းဓားပင် ဖြစ်ချေ၏။

ဒဏ္ဍာရီများအရ ရှေးခေတ်ကာလက အစွမ်းထက်သော ဓားသွန်းလုပ်သူတစ်ဦးသည် တိမ်တိုက်များထဲတွင် တာအိုတရားတည်ရှိနေသည်ကို တွေ့ရှိခဲ့ပြီး ဓားထဲသို့ ထည့်သွင်းရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

နောက်ဆုံးတွင် သူသည် ဧရာမသားရဲကြီးကို စီးနင်းပြီး ကောင်းကင်ကိုးဆင့်အထက် တိမ်တိုက်များကြားသို့ တက်ရောက်ကာ ဓားသွန်းလုပ်ခဲ့သည်။

လေမိုးကြိုးများ ရိုက်ခတ်ခြင်း၊ ကောင်းကင်မီးတောက်များ လောင်ကျွမ်းခြင်း စသည့် အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ပြီးမှ ဓားဖြစ်ပေါ်လာခဲ့ရာ၊ ဓားအမည်ကို ရှောင်းယွင်ဟု ပေးခဲ့လေ၏။

(စကားချပ် - ရှောင်းယွင် ဆိုတာ မိုးတိမ်လို့ အဓိပ္ပါယ်ရပါတယ်)

ရှုတောင်ဂိုဏ်းသည် ဘိုးဘေးများ၏ ကြွယ်ဝချမ်းသာမှုကို အားကိုးနေရဆဲ ဖြစ်သည်။ အထွတ်အထိပ် နတ်ဘုရားလက်နက်များ ပျောက်ဆုံးသွားခဲ့သော်လည်း 'ကမ္ဘာမြေ ရတနာတစ်သောင်းမှတ်တမ်း' ၏ ထိပ်တန်း (၁၀၀) စာရင်းဝင် ရတနာများကိုမူ အများအပြား ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။

"မင်း ရှုတောင်ထိပ်သီးဆွေးနွေးပွဲ ဝင်ပြိုင်တဲ့အခါ လက်စွဲတော်လက်နက် မရှိဘူးလို့ ပြောတယ်မလား... ဟဲဟဲ…" တိနွီဖုန့်က ရယ်မောပြီး ပြောလိုက်လေသည်။

"ဆရာအနေနဲ့ အကြာကြီး စဉ်းစားပြီးတော့ မင်းကို ကူညီသင့်တယ်လို့ တွေးမိတယ်လေ... ဒါကြောင့် ယန်ဇီဆီကနေ ရှောင်းယွင်ရှေးဟောင်းဓားကို ငှားလာခဲ့တာ... ရှုတောင်မှာ ခရမ်းစိမ်းဓားမောင်နှံကလွဲရင် အဆင့်အမြင့်ဆုံးက သူပဲ..."

ချူလျန်တစ်ယောက် အံ့အားသင့်သွားလေသည်။

"ဆရာသခင်က ကျွန်တော့်ကို ရှောင်းယွင်ရှေးဟောင်းဓားကို ပေးကိုင်ပြီး ရှုတောင်ထိပ်သီးဆွေးနွေးပွဲကို ဝင်ပြိုင်ခိုင်းတာလား... ဒါက..."

သူ့ခမျာ ကျေးဇူးတင်ရမည်လော သို့မဟုတ် အဓိပ္ပါယ်မရှိဟု ဆိုရမည်လောပင် မသဲကွဲတော့ချေ။

"အိပ်မက်မက်နေလိုက်..." တိနွီဖုန့်က မျက်စောင်းထိုးလိုက်လေသည်။

"ယန်ဇီလိုမျိုး မြေကြီးပေါ် လမ်းလျှောက်တာတောင် ဖုန်ပေမှာ ကြောက်တဲ့လူက... သူ့ရဲ့ ကိုယ်ပိုင်ဓားကို တခြားလူကို အသုံးပြုခွင့်ပေးပါ့မလား..."

"ပြီးတော့ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ ဒီဓားကို သုံးမယ်ဆိုရင်... တစ်ချက်တည်းနဲ့တင် မင်းရဲ့ စွမ်းအားတွေအကုန် စုပ်ယူခံလိုက်ရပြီး ခြောက်ကပ်သွားမှာပေါ့... ဘယ်လိုမှ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး..."

"ဟူး..." ထိုစကားကြားမှသာ ချူလျန် သက်ပြင်းချလိုက်နိုင်လေသည်။

အကယ်၍ တိနွီဖုန့်သာ သူ့ကို ရှောင်းယွင်ရှေးဟောင်းဓားအား အမှန်တကယ် အသုံးပြုခိုင်းမည်ဆိုပါက သူ သေချာပေါက် ငြင်းပယ်မိမည် ဖြစ်၏။

ရတနာတိုင်းသည် စိတ်သဘောထားကောင်းမွန်သည် မဟုတ်ဘဲ၊ လူတိုင်း အသုံးပြု၍ရသည် မဟုတ်ပေ။

'ကြက်သွေးရောင်ကွပ်မျက်သူဓား' ကဲ့သို့ ကျင့်ကြံခြင်းအဆင့် မလုံလောက်သူများကို အသုံးပြုခွင့်ပေးပြီး စွမ်းအားဖြည့်ဆည်းပေးသော ရတနာမျိုးသည်သာ လူ့လောက၏ စံပြရတနာမျိုး ဖြစ်လေသည်။

ရှုတောင်ဂိုဏ်း၏ ခရမ်းစိမ်းဓားမောင်နှံကဲ့သို့ အစွမ်းထက်သော မဟာဆရာသခင်ကြီးများကို မနှစ်သက်ဘဲ လူငယ်တပည့်များကိုသာ ဓားသခင်အဖြစ် ရွေးချယ်တတ်ခြင်းမှာလည်း ရှားပါးလှပေသည်။

'ကမ္ဘာမြေ ရတနာတစ်သောင်းမှတ်တမ်း' ၏ ထိပ်တန်းရတနာအများစုမှာ ကျင့်ကြံခြင်းအဆင့် သတ်မှတ်ချက်များ ရှိကြသည်။ အဆင့်နိမ့်ကျင့်ကြံသူများ အသုံးပြုပါက ထိန်းချုပ်နိုင်မည် မဟုတ်သည့်အပြင်၊ စိတ်ကြီးသောရတနာများဆိုလျှင် ပြန်လည် တိုက်ခိုက်ခံရခြင်းများပင် ဖြစ်နိုင်ပေသည်။

အထူးသဖြင့် ထိပ်တန်း (၁၀)ဝင် အထွတ်အထိပ် နတ်ဘုရားလက်နက်များဆိုပါက ကျင့်ကြံခြင်းအဆင့် မလုံလောက်သူများ အတင်းအကျပ်အသုံးပြုပါက ချက်ချင်းပင် တန်ပြန်အားကြောင့် သေဆုံးသွားနိုင်ပေသည်။

ဤရှောင်းယွင်ရှေးဟောင်းဓားသည်လည်း ထိုစည်းမျဉ်းမှ ကင်းလွတ်မည် မဟုတ်ပေ။

‘ရတနာမှန်သမျှ ကုသိုလ်ကံရှိသူ၊ အရည်အချင်းရှိသူသာ ပိုင်ဆိုင်ထိုက်သည်’ ဟူသော ဆိုစကားမှာ မှားယွင်းခြင်းမရှိပေ။

"ငါက မင်းကို တောက်ထျယ်မြို့ကို ခေါ်သွားပြီး... ဓားသွန်းလုပ်တဲ့ ဆရာတစ်ယောက်ဆီမှာ ရှောင်းယွင်ရှေးဟောင်းဓားရဲ့ ပုံတူတစ်လက် သွားလုပ်ပေးမလို့... သူ့ရဲ့ မူလစွမ်းအားကြောင့် ပုံတူဆိုရင်တောင် သိပ်ညံ့မှာ မဟုတ်ဘူး... အဲဒီကျရင် မင်းမှာ ကိုယ်ပိုင်ဓားပျံ ရှိသွားပြီပေါ့... ဟဲဟဲဟဲ…" တိနွီဖုန့်က သူမ၏ အကြံအစည်ကို ပြောပြလိုက်လေသည်။

"ကောင်းလိုက်တဲ့ အကြံပဲ..." ချူလျန် မနေနိုင်တော့ဘဲ ချီးကျူးလိုက်မိသည်။

ယခင်က သူ တွေ့ဆုံခဲ့သော 'မွန်မြတ်သူများခန်းမဆောင်' မှ စုန့်ချင်းရီ၏ လက်နက် 'နှလုံးသားတိုင်းတာပေတံ' သည်လည်း 'မြစ်ရေတိုင်းတာကျောက်စိမ်းပေတံ' ၏ ပုံတူအတုသာ ဖြစ်သော်လည်း စွမ်းအားမှာ ထူးကဲလှပေသည်။

ကျင့်ကြံခြင်းလောကတွင် မှော်ဝင်ပစ္စည်းများ၏ ပုံတူအတုပြုလုပ်ခြင်းမှာ မဆန်းပေ။ မူလပစ္စည်း၏ စွမ်းအားအပြင် မည်သည့်ဓားသွန်းဆရာက ပြုလုပ်သည်၊ မည်သို့သော ကုန်ကြမ်းပစ္စည်းနှင့် မည်သို့သော နည်းစနစ်များ ဆိုသည်ကလည်း အလွန်ပင် အရေးပါလှ၏။

'ကမ္ဘာမြေ ရတနာတစ်သောင်းမှတ်တမ်း' ၏ ထိပ်တန်း (၁၀၀) ဝင် ပစ္စည်းများ၏ အဆင့်မြင့်ပုံတူများကို ပြုလုပ်နိုင်ပါက၊ ထိုပုံတူများသည်ပင် အဆင့် (၅၀၀) အတွင်းသို့ ဝင်ရောက်နိုင်သော စွမ်းအား ရှိပေလိမ့်မည်။ သို့သော် ပုံတူပစ္စည်းများမှာ စာရင်းသွင်း၍ မရသဖြင့် နာမည်ကျော်ကြားခြင်း မရှိကြပေ။

ထို့ကြောင့် ချူလျန် မေးလိုက်လေသည်။ "ဆရာသခင်က တောက်ထျယ်မြို့မှာ ဘယ်ဓားသွန်းဆရာကို သွားရှာဖို့ စိတ်ကူးထားလဲ..."

တိနွီဖုန့်က ပြန်ဖြေလိုက်လေသည်။ "ခွန်းဝူဆရာ…"

"ဗျာ..." ချူလျန် လန့်သွားလေသည်။ "ခွန်းဝူဆရာလား..."

အခန်း (၁၁၀) - မီးငှားခြင်း

တောက်ထျယ်မြို့...။

မြို့ထဲတွင် ပထမတန်းစား ဓားလုပ်ငန်းတစ်ခု ရှိပြီး၊ တောင်နံရံကို အမှီပြုကာ တည်ဆောက်ထားရာ နေရာကျယ်ဝန်းပြီး ခမ်းနားထည်ဝါလှပေသည်။ ဓားလုပ်ငန်း၏ အတွင်းဘက်တွင်မူ ပိုင်ရှင်အစစ်အမှန် နေထိုင်ရာနေရာသည် အလွန်ရိုးရှင်းပြီး တောင်နံရံရှေ့ရှိ သစ်သားအိမ်လေးတစ်လုံးမျှသာ ဖြစ်ချေသည်။

တောင်နံရံရှေ့၌ မျက်နှာအမူအရာ တည်ကြည်ခန့်ညားသော လူလတ်ပိုင်း အမျိုးသားတစ်ဦးသည် လက်ကို နောက်ပစ်ကာ ရပ်နေ၏။ သူသည် ဆံပင်ခပ်တိုတို၊ ဖြောင့်တန်းသော မျက်နှာသွင်ပြင်၊ နက်ရှိုင်းသော မျက်လုံးများနှင့် ကျောက်ရုပ်တုတစ်ရုပ်အလား ခိုင်မာသောအရှိန်အဝါကို ထုတ်လွှတ်နေသည်။

စစ်မှန်သော မဟာဆရာသခင်တစ်ပါး၏ အရှိန်အဝါပင် ဖြစ်ချေသည်။

ဤသူသည် ဤဓားလုပ်ငန်း၏ ပိုင်ရှင်ဖြစ်ပြီး၊ တောက်ထျယ်မြို့အတွင်း လူတိုင်း လေးစားကြည်ညိုကြသော ဓားသွန်းလုပ်သူ မဟာဆရာကြီး ရွှီခွန်းဝူပင် ဖြစ်လေသည်။

သို့သော် ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြီး၏ မျက်လုံးများထဲတွင် ယခုအခါမူ စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ရှိနေချေသည်။

"အဖေ... ကျွန်တော့်ကို ခေါ်လိုက်တာလား..."

တက်ကြွဖျတ်လတ်သော လူငယ်တစ်ဦးက အလျင်အမြန် ရောက်ရှိလာလေသည်။ သူ၏ရုပ်ရည်သည် ရှေ့မှ အမျိုးသားနှင့် အနည်းငယ်ဆင်တူပြီး၊ အသက် (၃၀) ဝန်းကျင်ခန့် ရှိကာ ရိုးသားသော ပုံစံရှိပြီး မျက်လုံးများ တောက်ပနေသည်။

သူသည် ရွှီခွန်းဝူ၏ တစ်ဦးတည်းသောသား ရွှီစွေ့ပင် ဖြစ်၏။

"အင်း..." ရွှီခွန်းဝူက နောက်လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။

"မင်း အမိန့်ထုတ်လိုက်... ဓားလုပ်ငန်းထဲက တန်ဖိုးကြီးပစ္စည်းတွေ... ရှားပါးရတနာတွေ... နာမည်ကြီး ဓားအချောထည်တွေနဲ့ တစ်ဝက်တစ်ပျက်ဓားတွေ... အကုန်လုံးကို ဝှက်ထားခိုင်းလိုက်... အင်း…ထားလိုက်... ဝှက်မနေနဲ့တော့... မြို့ထဲက တခြားနေရာကို တိုက်ရိုက်ရွှေ့ပြောင်းပြီး ခေတ္တသိမ်းဆည်းထားလိုက်... မပျောက်ရင်ပြီးရော... အချိန်အတိုင်းအတာတစ်ခု ကြာမှ ပြန်သယ်လာခဲ့..."

"ဒါက..." ရွှီစွေ့ခမျာ အလွန်ပင် အံ့သြသွားရသည်။ "ဒါ… ဒါ ဘာအတွက်လဲ... ကျွန်တော်တို့ ဓားလုပ်ငန်းထဲမှာ လက်စသတ်ရမယ့် ဓားတွေ ဒါဇင်နဲ့ချီပြီး ရှိသေးတယ်လေ..."

"အကုန်လုံး ခဏရပ်ထားလိုက်... အခြေအနေငြိမ်သွားမှ ပြန်ဖွင့်မယ်... မင်းတို့လက်ထဲမှာလည်း အရေးကြီးတဲ့ အလုပ်တွေ မရှိပါဘူး... ခဏလောက် ရပ်ထားလို့ ဖြစ်ပါတယ်..." ရွှီခွန်းဝူက ပြတ်သားစွာ ပြောလိုက်၏။

"ဒါပေမဲ့ ဘာကြောင့်လဲဗျ..." ရွှီစွေ့ခမျာ နားမလည်နိုင် ဖြစ်နေရှာသည်။ "သူခိုးလာမှာကြောက်လို့ ပြင်ဆင်နေတဲ့အတိုင်းပဲ..."

ရွှီခွန်းဝူက သူ့ကို လေးနက်စွာ ကြည့်ပြီး ပြောလိုက်ပြန်သည်။ "သူခိုးကာကွယ်တယ်လို့ပဲ သဘောထား..."

"ဗျာ..." ရွှီစွေ့ခမျာ ထပ်မံ၍ အံ့အားသင့်သွားရပြန်သည်။ "ဘယ်သူခိုးကများ ကျွန်တော်တို့ရဲ့ ပထမတန်းစား ဓားလုပ်ငန်းကို လာခိုးရဲမှာလဲ... သေချင်နေလို့လား..."

"သူခိုးဆိုရင်တောင် တော်သေးတယ်... သူမ အတင်းလာလုမှာကို ငါ ကြောက်နေတာကွ..." ရွှီခွန်းဝူ၏ မျက်လုံးများ လှုပ်ခတ်သွားပြီး၊ မကောင်းသော အမှတ်တရအချို့ကို ပြန်မြင်မိနေပုံ ရလေသည်။

"တကယ်တမ်း ဘာတွေ ဖြစ်နေတာလဲဗျာ..." ရွှီစွေ့ခမျာ ဘာမှ နားမလည်နိုင်တော့ပေ။ အမြဲတစေ တည်ငြိမ်နေတတ်သော ဖခင်ဖြစ်သူသည် ယခုအခါတွင်မူ ကပ်ဘေးကြီး ဆိုက်ရောက်လာတော့မည့်အလား ဖြစ်ပျက်နေသည်ကို နားမလည်နိုင် ဖြစ်နေရရှာသည်။

"လွန်ခဲ့တဲ့ အနှစ် (၂၀) က... ကျင်းယန်ဓားတစ်လက်ကို ငါ သွန်းလုပ်ခဲ့ဖူးတာကို မင်း မှတ်မိလား..." ရွှီခွန်းဝူက မေးလိုက်သည်။

"သေချာပေါက် မှတ်မိတာပေါ့... အဲဒါက အဖေ သွန်းလုပ်ခဲ့တဲ့ နာမည်ကြီးဓားတွေထဲက တစ်လက်လေ..." ရွှီစွေ့တစ်ယောက် ထိုအကြောင်းကို ပြောလိုက်သည်နှင့် မျက်လုံးထဲတွင် ဖခင်ဖြစ်သူအတွက် ဂုဏ်ယူမှုများ ပြည့်နှက်သွားသည်။

"အဲဒီဓားက အဖေ့ကို ဒီခေတ်ရဲ့ ထိပ်တန်း ဓားသွန်းလုပ်သူစာရင်းထဲ ဝင်သွားစေခဲ့တဲ့ အဓိက သော့ချက်ပဲလေ..."

"အဲဒီတုန်းက အသုံးပြုခဲ့တဲ့ သန့်စင်ယန်သံမဏိတုံးက အရမ်းကို မာကျောလွန်းတယ်... ငါ နတ်မီးတောက် အမျိုးအစားပေါင်း ဒါဇင်နဲ့ချီပြီး စမ်းသပ်ခဲ့ပေမဲ့ အရည်ကျိုလို့ မရခဲ့ဘူး... ကျရှုံးလုနီးပါး ဖြစ်ခဲ့ရတယ်..." ရွှီခွန်းဝူက အတိတ်ကို ပြန်ပြောင်းပြောပြလိုက်သည်။

"နောက်ပိုင်းမှာ ငါ အခက်အခဲတွေ အများကြီးကို ကျော်ဖြတ်ပြီးတော့... သမာဓိမီးတောက်စစ်တစ်ခုကို တောင်းခံရရှိခဲ့မှသာ အဲဒီသံမဏိတုံးကို အရည်ကျိုနိုင်ပြီး ကျင်းယန်ဓားကို သွန်းလုပ်နိုင်ခဲ့တာ..."

"သမာဓိမီးတောက်စစ်လား... အဲဒါက တော်ဝင်မိသားစုရဲ့..."

ကျင်းယန်ဓား ထွက်ပေါ်လာချိန်တွင် ရွှီစွေ့မှာ ငယ်ရွယ်သေးသဖြင့် အသေးစိတ်အချက်အလက်များကို မသိရှိခဲ့ပေ။ ယခု ဖခင်ပြောပြသည်ကို ကြားလိုက်ရသောအခါ အနည်းငယ် အံ့သြသွားရသည်။

အင်မော်တယ်မီးတောက်... သမာဓိမီးတောက်စစ်…။

ယင်းသည် လောကတွင် အပြင်းထန်ဆုံး မီးတောက်ဖြစ်ပြီး၊ မီးတောက်များ၏ ဝိညာဉ်ပင် ဖြစ်ချေသည်။ ဓာတ်ကြီးငါးပါး ဝိညာဉ်ခန္ဓာများထဲမှ နတ်မီးတောက်ဇာတာ ပါရှိသူများသာလျှင် ဤမီးတောက်ကို ကျင့်ကြံနိုင်မည် ဖြစ်သည်။ သို့သော် ထိုနတ်မီးတောက်ဇာတာမှာ ယွီမင်းဆက်၏ တော်ဝင်မိသားစုဖြစ်သော ရှမိသားစု၏ ဘိုးစဉ်ဘောင်ဆက် သွေးသားရင်းမြစ် ဖြစ်လေသည်။

နတ်ဘုရားများနှင့် မိစ္ဆာများ ထွန်းကားသော ဤကမ္ဘာတွင်၊ ဧကရာဇ်အဖြစ် အုပ်ချုပ်နိုင်သူသည် ဧကန်မုချ သာမန်လူ မဖြစ်နိုင်ပေ။ ထိပ်တန်းအဆင့် အစွမ်းထက်သူ မဟုတ်လျှင်ပင်၊ အနည်းဆုံး မြင့်မြတ်ဂိုဏ်း (၉)ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း (၁၀)ဂိုဏ်း၏ အသိအမှတ်ပြုမှုကို ရရှိထားသော အရည်အချင်းမျိုး ရှိရပေမည်။

ယွီမင်းဆက် မတည်ထောင်မီက ရှမိသားစုသည် ကျင့်ကြံခြင်းလောက၏ ရှေးဟောင်းမိသားစုကြီး သုံးခုအနက် တစ်ခုဖြစ်ခဲ့သည်။

ပါရမီရှင် ကျင့်ကြံသူတစ်ဦးသည် အင်မော်တယ်ဂိုဏ်းတစ်ခုကို တည်ထောင်နိုင်သော်လည်း၊ မိသားစုကြီးတစ်ခုကို တည်ထောင်ရန်မှာ မလွယ်ကူပေ။

အဘယ်ကြောင့်ဆိုသော် ဂိုဏ်းများသည် ပါရမီရှင်များကို ရွေးချယ် မွေးထုတ်နိုင်သော်လည်း၊ မိသားစုများမှာမူ မျိုးဆက်တိုင်း ပါရမီရှင်များဖြစ်လာမည်ဟု အာမခံနိုင်ခြင်း မရှိသောကြောင့် ဖြစ်၏။

ထိုမိသားစုတွင် ထူးခြားဆန်းပြားသော သွေးသားရင်းမြစ်တစ်ခုခုအား လက်ဆင့်ကမ်း အမွေဆက်ခံထားခြင်း မရှိပါက ဖြစ်နိုင်မည်မဟုတ်ချေ။

ရှေးဟောင်းကျင့်ကြံခြင်း မိသားစုကြီးသုံးခုမှာ နတ်မီးတောက်ဇာတာကို လက်ဆင့်ကမ်းသော ရှမိသားစု၊ ရွှမ်ယွမ်မျက်လုံးကို လက်ဆင့်ကမ်းသော ကျီမိသားစုနှင့် အင်မော်တယ်ဝိညာဉ်ခန္ဓာကို လက်ဆင့်ကမ်းသော ကျန်းမိသားစုတို့ ဖြစ်ကြသည်။

ဤမိသားစုကြီးသုံးခုမှ လူတိုင်းတွင် ထူးခြားသောစွမ်းရည်များ ရှိကြသည်တော့ မဟုတ်ပေ။ သို့သော် အနည်းဆုံး မျိုးဆက်တိုင်းတွင် တစ်ယောက် သို့မဟုတ် တစ်ယောက်ထက်ပိုသော သူများ ပေါ်ထွက်လာလေ့ ရှိသည်။

ထိုကဲ့သို့သော ခန္ဓာကိုယ်ပိုင်ရှင်များသည် ပုံမှန်အတိုင်း ကြီးပြင်းလာသည်နှင့် ခေတ်ကာလ၏ ပါရမီရှင်များနှင့် ယှဉ်ပြိုင်နိုင်ကြပြီး၊ မိသားစု၏ အဓိကထောက်တိုင်များ ဖြစ်လာကြသည်။ မျိုးဆက်တိုင်းတွင် ဤကဲ့သို့သော ပါရမီရှင်များ ရှိနေမှသာလျှင်၊ ရှေးဟောင်းမိသားစုကြီးတစ်ခုအနေဖြင့် ရေရှည်ရပ်တည်နိုင်မည် ဖြစ်လေသည်။

နောက်ပိုင်းတွင် ရှမိသားစုသည် စစ်မက်ဖြစ်ပွားနေသော ခေတ်ကာလ၌ ထကြွလှုပ်ရှားခဲ့ပြီး ဧကရာဇ်အဖြစ်ခံယူကာ၊ ယွီမင်းဆက်ကို တည်ထောင်ပြီးနောက် တော်ဝင်မိသားစု ဖြစ်လာခဲ့သည်။

ယနေ့အထိ ဘိုးဘွားများ၏ ဩဝါဒကို လိုက်နာပြီး၊ မျိုးဆက်တိုင်းတွင် နတ်မီးတောက်ဇာတာ ပါရှိသူများသာ အိမ်ရှေ့စံဖြစ်ခွင့် ရှိကြပေသည်။ ဤသည်မှာ အနာဂတ်ဧကရာဇ်၏ အစွမ်းထက်မှုကို အာမခံနိုင်ရန်အတွက် ဖြစ်လေသည်။

သို့မဟုတ်ပါက တိုင်းပြည်၏ အရှင်သခင်သည် အလွယ်တကူ လုပ်ကြံသတ်ဖြတ်ခံရနိုင်ပြီး၊ တိုင်းပြည်၏ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန် မဖြစ်နိုင်ပေ။

ရှမိသားစုတွင်သာ နတ်မီးတောက်ဇာတာ ရှိပြီး၊ နတ်မီးတောက်ဇာတာ ရှိသူများသာ သမာဓိမီးတောက်စစ်ကို ကျင့်ကြံနိုင်သည် ဆိုသည်မှာ လူတိုင်း သိရှိထားသော အချက်ဖြစ်သည်။ သို့သော် တော်ဝင်မိသားစုဖြစ်သော ရှမိသားစုတွင် ကိုယ်ပိုင် နန်းတွင်းဓားသွန်းလုပ်သူ ရှိပြီး၊ ထိုသူနှင့် ရွှီခွန်းဝူတို့မှာ ပြိုင်ဘက်များ ဖြစ်ကြလေသည်။ ထို့ကြောင့် တော်ဝင်မိသားစုအနေဖြင့် တောက်ထျယ်မြို့မှ ဓားသွန်းလုပ်သူတစ်ဦးကို ကူညီပေးရန် အကြောင်းမရှိပေ။

"လောကမှာ တော်ဝင်မိသားစုပဲ သမာဓိမီးတောက်စစ် ပိုင်ဆိုင်တာမဟုတ်ဘူး..." ရွှီခွန်းဝူက ခေါင်းခါလိုက်သည်။

"အဲဒီတုန်းက တခြားနေရာကနေ ငါ တောင်းခံခဲ့တာ... အဲဒါကြောင့်မလို့ ကျင်းယန်ဓားကို သွန်းလုပ်နိုင်ခဲ့ပေမဲ့... ဟူး... အဲဒီအတွက်ကြောင့်ပဲ အကြွေးတစ်ခု တင်သွားခဲ့ရတယ်..."

"အခု..." သူသည် အဝေးရှိ ကောင်းကင်ယံကို လှမ်းမျှော်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "အဲဒီလူ လာတော့မယ်..."

...

"မီးငှားတာ..."

ချူလျန် ကြောင်အသွားလေသည်။

"ဟုတ်တယ်... အဲဒီတုန်းက သူ ငါ့ဆီကနေ မီးလာငှားဖူးတယ်..." တိနွီဖုန့်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။

ချူလျန်အနေဖြင့် ဤအကြောင်းကို အမှန်တကယ်ပင် မသိရှိခဲ့ချေ။ သူ၏အမြင်တွင် တိနွီဖုန့်၌ အဆက်အသွယ်ရှိသည်ဆိုလျှင်လည်း၊ ရန်သူများသာ ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့မိသည်။

‘ကောင်းမွန်တဲ့ အဆက်အသွယ်တွေတောင် ရှိသေးတယ်လား...’

‘တကယ့်ကို အံ့သြစရာကောင်းလိုက်တာ...’

‘ပြီးတော့ ရွှီခွန်းဝူဆိုတဲ့ ဓားသွန်းလုပ်သူ မဟာဆရာကြီးဆီမှာတဲ့...’

ယနေ့ခေတ်၌ လောကတွင် ထိပ်တန်းဓားသွန်းလုပ်သူ မဟာဆရာကြီး (၃) ဦး ရှိလေသည်။ ကျုံးရှန်းဓားလုပ်ငန်းမှ ရှေးဟောင်းနည်းလမ်းသုံး ဓားသွန်းလုပ်သူ ချန်ပုယန်၊ ယွီမင်းဆက်နန်းတော်မှ နန်းတွင်းဓားသွန်းလုပ်သူ ပိုင်လီထုန်နှင့် တောက်ထျယ်မြို့မှ ပထမတန်းစား ဓားသွန်းလုပ်သူ ရွှီခွန်းဝူတို့ ဖြစ်ကြသည်။

ထိုအထဲတွင် ဆရာချန်သည် ကျုံးရှန်းဓားလုပ်ငန်း၏ ရှေးဟောင်း ဓားသွန်းလုပ်နည်းကို လက်ဆင့်ကမ်းထားသူ ဖြစ်ပြီး၊ ကုန်ကြမ်းပစ္စည်းများကို အလေးမထားဘဲ ဓားအသိစိတ်ကိုသာ အလေးထားသူ ဖြစ်သည်။

ဓားအသိစိတ်ကို ငြိမ်သက်စွာ မွေးမြူပြီး၊ ပုံသေကားကျမဟုတ်ဘဲ လွတ်လပ်စွာ ဖန်တီးလေ့ရှိသည်။ သို့သော် အောင်မြင်မှုရရှိတိုင်း၊ သမိုင်းတွင်ကျန်ရစ်မည့် ဓားကောင်းတစ်လက် ဖြစ်လာစမြဲ ဖြစ်သည်။

ရှေးဟောင်းနည်းလမ်းသုံး ဓားသွန်းလုပ်သူများသည် တစ်သက်လုံးတွင် ဓားဆယ်လက်ထက် ပိုမို သွန်းလုပ်လေ့ မရှိကြပေ။ ထို့ကြောင့် သူတို့၏ အဆင့်အတန်းမှာ မြင့်မားသော်လည်း၊ သွားရောက်တောင်းဆို၍ မရနိုင်ပေ။ နည်းပညာပိုင်းအရဆိုလျှင် ဆရာချန်သည် လောကတွင် ပြိုင်ဘက်ကင်းနံပတ်တစ်ဟု အများက အသိအမှတ်ပြုထားကြလေသည်။

ဆရာပိုင်လီမှာမူ တော်ဝင်မိသားစုအတွက် အမှုထမ်းသူဖြစ်ပြီး၊ ဂုဏ်ကျက်သရေ ကြီးမားလှသည်။ သူ သွန်းလုပ်သော ဓားများသည်လည်း တော်ဝင်မိသားစုနှင့် နန်းတွင်းအရာရှိများအတွက်သာ ဖြစ်သည်။

ဆရာရွှီခွန်းဝူမှာမူ တောက်ထျယ်မြို့၏ ပထမတန်းစား ဓားသွန်းလုပ်သူ ဖြစ်ပြီး၊ အဆင့်အတန်း မြင့်မားနေဆဲ ဖြစ်သော်လည်း၊ သုံးဦးအနက် ဈေးကွက်သို့ မျက်နှာမူသော တစ်ဦးတည်းသောသူ ဖြစ်လေသည်။ သေချာပေါက် ဈေးနှုန်းဖြင့် ဖောက်သည်များကို စိစစ်လေ့ ရှိသည်။

ထိုဈေးနှုန်းမှာမူ...။

သွေးအန်ထွက်မတတ် ဈေးကြီးသည်ဟုသာ ဆိုရပေမည်။

ချူလျန်တစ်ယောက် စိတ်ကူး၍ပင် မရနိုင်လောက်အောင် ဈေးကြီးခြင်း ဖြစ်လေ၏။

ထို့ကြောင့် တိနွီဖုန့်က ထိုနာမည်ကို ပြောလိုက်သောအခါ၊ ချူလျန်၏ ပထမဆုံးတုံ့ပြန်မှုမှာ ‘သူမ ဘယ်က သတ္တိတွေ ရနေလို့ လျှောက်ပြောနေတာလဲ’ ဟူ၍သာ ဖြစ်၏။

ငွေဓားတောင်ထွတ်၏ မြေနေရာကို ရောင်းချမလို့လား...။

ဒါတောင် လုံလောက်မယ် မထင်…။

ဆရာတပည့်နှစ်ယောက်လုံး တံခါးဝတွင် ဧည့်လမ်းညွှန်အဖြစ် နှစ်ပေါင်းတစ်ရာလောက် အလုပ်လုပ်မှသာ ရနိုင်လောက်ပေမည်။

‘မီးငှားတာက အဲဒီလောက်တောင် တန်ဖိုးရှိလို့လား...’

"တကယ်တော့ အစတုန်းက သူနဲ့ ရင်းနှီးတာ မဟုတ်ဘူး... ဟိုအဘိုးကြီးတချို့ကို ရွဲ့ချင်တာနဲ့ သူ့ကို ကူညီပေးလိုက်တာ... သူ အောင်မြင်သွားမယ်လို့ ဘယ်သူက ထင်မှာလဲ... ဒီနှစ်တွေအတွင်းမှာ သူက နာမည်ကြီး ဓားသွန်းလုပ်သူ မဟာဆရာကြီး ဖြစ်လာတာပဲ..." တိနွီဖုန့်က ခေါင်းကိုကုတ်ရင်း ရယ်မောကာ ပြောလိုက်၏။

"အဲဒီနေ့က မင်းအတွက် ဓားကောင်းတစ်လက်ကို ဘယ်ကရှာပေးရမလဲလို့ စဉ်းစားနေရင်းမှ… ဒီကိစ္စကို သွားပြန်သတိရလိုက်တာ..."

"ဒါပေမဲ့ ဆရာသခင်မှာ ဒီလို အဆက်အသွယ်ရှိနေမှတော့... ဘာလို့ ရှောင်းယွမ်ရှေးဟောင်းဓားကို ငှားနေဦးမှာလဲ... ရွှီခွန်းဝူကို ကျွန်တော်တို့အတွက် ဓားကောင်းတစ်လက် ယူလာခိုင်းလိုက်ရင် ပြီးရော မဟုတ်ဘူးလား..." ချူလျန်က နားမလည်နိုင်စွာ မေးလိုက်တော့သည်။

သူ့အမြင်အရ ရွှီခွန်းဝူ၏ လက်ထဲ၌ ဓားအချောထည်များ အများအပြား ရှိနေမည်မှာ သေချာပေသည်။ အကောင်းဆုံးတစ်လက်ကို ရွေးလိုက်လျှင်ပင်၊ ရှုတောင်၏ လက်နက်ခန်းမမှ ဈေးကြီးပေး၍ ဝယ်ယူရသည်ထက် ပိုမို ကောင်းမွန်ပေလိမ့်မည်။

ထိုသို့ဆိုလျှင် မိမိတို့ ဆရာတပည့်နှစ်ဦးသည် ရှောင်းယွမ်ရှေးဟောင်းဓားကို ပိုက်ပြီး၊ သူ့ထံသွားကာ အတုလုပ်ပေးရန် တောင်းဆိုနေစရာ လိုသေးမည်လော...။

တိနွီဖုန့်က လူယုတ်မာအပြုံးဖြင့် ပြောလိုက်သည်မှာ…။

"အဲလိုလုပ်လိုက်ရင် အရမ်းကို လွယ်သွားလိမ့်မပေါ့..."

"ငါတို့တွေ ဖားတစ်ကောင်ကို ဖမ်းမိထားမှတော့... သူ့ဆီကနေ ချီးပါမကျန် အကုန်ညှစ်ယူရမှာပေါ့... ဟီးဟီးဟီး…"

All Chapters