ခေတ်တစ်ခေတ်၏အဆုံးသတ်
Vol. 4 Ch. 371
ဆန်းလျန်သည် လူသတ်လိုသည့် အငွေ့အသက်များ တဖွားဖွား ထွက်ပေါ်နေသည့် နတ်ဘုရား ထောင်ချောက်ဓားကို ကိုင်ထားသည့်တိုင် အေးဆေး တည်ငြိမ်နေဆဲ ဖြစ်လေသည်။
စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း စာအုပ်မှ တန်ခိုးစွမ်းအား အနှစ်သာရ များသည် ရုတ်တရက် ထွက်ပေါ်လာကာ သူ၏ တာအိုစိတ်ထားကို စဉ်ဆက်မပြတ် သန့်စင် ပေးနေလေသည်။ စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း စာအုပ်မှာ စာကြောင်းတိုင်းနှင့် ကျောက်စိမ်းကျိုင်းတံ ကိုင်ဆောင်ထားသည့် နတ်ဘုရားသည် ဆန်းလျန်အပေါ်တွင် အံ့သြစရာ ကောင်းလောက်အောင် သက်ရောက်မှု ရှိလေသည်။
ဆန်းလျန်သည် နတ်ဘုရားဆန်စွာ လမ်းလျှောက်နေသည့် သူ၏ပုံရိပ်ကို သူကိုယ်တိုင် ပြန်မြင်နေရလေသည်။ သူအသုံးပြုနေသည့် ဓားကွက်များမှာလည်း သူ့ဘဝတွင် တစ်ခါမှပင် မြင်တွေ့ဖူးခဲ့ခြင်း မရှိသည့် ဓားသိုင်းကွက်များ ဖြစ်နေလေသည်။
သွေးနီရောင် အလင်းတန်း များသည် ပတ်ဝန်းကျင် တစ်ခုလုံးတွင် ဖုံးလွှမ်း နေလေသည်။
တောက်ချင် နတ်ဘုရား၏ နဂါးလက်သီး တန်ခိုးစွမ်းအားသည် ဆန်းလျန်၏ ဓားဝိညာဉ်အောက်တွင် ပျက်စီး သွားရလေသည်။ ဓားခြိမ်းသံကြီးက မိုးကောင်းကင် ခုံရုံး တစ်ခုလုံးကို လှုပ်ခါ သွားစေလေသည်။
ယွိမင် နတ်ဘုရား၏ ရင်ထဲတွင် အမုန်းတရား များဖြင့် ပြည့်နေလေသည်။ အထူးသဖြင့် ဆန်းလျန်ဆီသို့ နတ်ဘုရား ထောင်ချောက်ဓားကို ပို့ပေးလိုက်သည့် သူကို အလွန်မှ မုန်းတီး နေမိလေသည်။
နတ်ဘုရား ထောင်ချောက်ဓားကို ကိုင်ဆောင်ထားသည့် ဆန်းလျန်သည် နတ်ဘုရား တစ်ပါး၏ အဆင့်ကိုပင် ကျော်လွန်နေပြီ ဖြစ်လေသည်။ နတ်ဘုရား ထောင်ချောက်ဓား ဆိုသည်က နတ်ဘုရားများကိုပင် သတ်ဖြတ်ပစ်နိုင်စွမ်း ရှိသည့် ဓားတစ်လက် မဟုတ်ပါလား။
ကြောက်မက်ဖွယ်ရာ သွေးနီရောင်ဓားသည် ယွိမင် နတ်ဘုရားကို သွေးပျက် နေစေလေသည်။ သူ့အနေဖြင့် တိုက်ပွဲတွင် အနိုင်ရရန် မသေချာတော့ပေ။
"နွားရိုင်း မိတ်ဆွေကြီး၊ ကျုပ်တို့အားလုံး သေကုန်ရင် မင်းအတွက်လည်း အကျိုး မရှိနိုင်ဘူးနော်၊ ဝင်တိုက်ပါတော့လား"
ယွိမင် နတ်ဘုရားက အော်ဟစ်လိုက်သည်။
ယွိမင် နတ်ဘုရား၏ စကားသံကို ကြားသည်နှင့် နွားရိုင်းကြီးက ကြုံးဝါးသံ တစ်ချက်ကို ပြုလိုက်လေသည်။ ထို့နောက် ဝပ်နေရာမှ ထလာလေသည်။
နွားရိုင်းကြီးထံမှ ထိတ်လန့် တုန်လှုပ်ဖွယ်ရာ တန်ခိုးစွမ်းအားများ ထွက်ပေါ်လာပြီး သူ၏ ဦးချိုနှစ်ချောင်းမှာ လင်းလက် တောက်ပလာလေသည်။
နွားရိုင်းကြီး၏ တန်ခိုး စွမ်းအားများမှာ ပြင်းထန်လွန်းသည့် အတွက် ဆန်းလျန်ပင်လျှင် သူ့ကိုသူ အမြန် ကာကွယ်လိုက်ရသည်။
နွားရိုင်းကြီး ထလာသည်ကို မြင်တွေ့ လိုက်သည်နှင့် ယွိမင် နတ်ဘုရားနှင့် တောက်ချင် နတ်ဘုရားတို့မှာ စိတ်ဓာတ်များ ပြန်လည်တက်ကြွ လာလေသည်။ သူတို့က ရှိသမျှ တန်ခိုးစွမ်းအား များကို အသုံးပြုကာ ဆန်းလျန်ကို တိုက်ခိုက်ရန် ဆုံးဖြတ် လိုက်ကြလေသည်။
ကောင်းကင်ထက်တွင် လျှပ်စီးများ လင်းလက်လာပြီး မိုးကြိုးပစ်သံများ အဆက်မပြတ် ထွက်ပေါ် လာလေသည်။ ယွိမင် နတ်ဘုရား၏ လင်ရှောင် ခန်းမဆောင်ထဲမှ မရေမတွက် နိုင်အောင် များပြားသည့် အင်းသင်္ကေတများ ထွက်ပေါ်လာကာ ဆန်းလျန်ကို တိုက်ခိုက်လိုက်ကြလေသည်။
တောက်ချင် နတ်ဘုရားကလည်း သူ၏နဂါးလက်သီး စွမ်းအားကို အသုံးပြုကာ ဆန်းလျန်ကို အဆက်မပြတ် တိုက်ခိုက်လိုက်လေသည်။
ပြင်းထန် လွန်းလှသည့် တိုက်ပွဲကြောင့် ပတ်ဝန်းကျင် တစ်ခုလုံးမှာ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီး ကုန်လေသည်။ ထို့ကြောင့် မိုးကောင်းကင် ခုံရုံးတွင် စီးဆင်းနေသည့် ကျိန်စာသည် နိုးထလာပြီး ပြင်းထန်စွာ စီးဆင်းမှု စတင်ပြုလုပ် လေတော့သည်။
ထို့ပြင် မိုးကောင်းကင် ခုံရုံးတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့စဉ်က ကြွင်းကျန်နေသည့် နတ်ဘုရားတို့၏ အရိုးစုများမှ တန်ခိုးစွမ်းအား အကြွင်းအကျန်များ ကလည်း စတင်နိုးထ လာလေသည်။
ကျိန်စာ စွမ်းအားများနှင့် တန်ခိုးစွမ်းအား အကြွင်းအကျန်များ ပေါင်းစပ်မိသွားပြီး
ပြင်းထန်လွန်းသည့် ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပေါ်လာ လေတော့သည်။
ပတ်ဝန်းကျင် တစ်ခုလုံးမှာ လင်းလက် တောက်ပသွားပြီး ကြယ်များပင် မှေးမှိန် သွားသယောင် ထင်မှတ် ရလေသည်။
ကောင်းကင်ဘုံ နန်းတော် (သို့မဟုတ်) မိုးကောင်းကင် ခုံရုံးသည် တဖြည်းဖြည်း စတင် ပျက်စီးစ ပြုလာပြီ ဖြစ်လေသည်။
နွားရိုင်းကြီးမှာ ပြင်းထန်လွန်းသည့် ပေါက်ကွဲမှုကြီးကြောင့် ထိတ်လန့် သွားလေသည်။ ထို ပေါက်ကွဲမှုကြီးသည် လူတိုင်းကို ထိတ်လန့်စေမည် ဖြစ်လေသည်။ သို့သော် ထိတ်လန့်သွားသူများ ထဲတွင် ဆန်းလျန် မပါရှိခဲ့ပေ။
နွားရိုင်းကြီးသည် ဆန်းလျန်ကို တိုက်ခိုက်ခြင်း မပြုတော့ပါ။ သူ၏ ကြီးမားလွန်းသည့် ပါးစပ်ကြီးကို ဖွင့်လိုက်ပြီး ဝူချင်ကျီ၏ အလောင်းနှင့် ဟေးဟွမ် အရံအတား မျှော်စင်ကို ပါးစပ်အတွင်းသို့ မျိုချလိုက်လေသည်။ ထို့နောက် သူက လှည့်ပင် မကြည့်တော့ဘဲ ဖနောင့်နှင့် တင်ပါး တစ်သားတည်း ကျအောင် ထွက်ပြေးပျောက်ကွယ် သွားလေတော့သည်။
နွားရိုင်းကြီး ထွက်ပြေးသွားသည့် မြင်ကွင်းကိုကြည့်ပြီး ယွိမင် နတ်ဘုရား၏ ရင်ထဲတွင် နာကျင် သွားရလေသည်။
ထိုနွားရိုင်းကြီးသည့် မည်မျှ အသိဉာဏ် ကင်းမဲ့လိုက်ပါ သနည်း။
ထိုသို့သော သတ္တဝါမျိုးတွင် လောက နတ်ဘုရား တစ်ပါးကဲ့သို့ စွမ်းအားများ ပိုင်ဆိုင်ထားသည်မှာ အလွန်မှ တရားမျှတမှု မရှိလိုက်လေခြင်း။
ဟိုင်သန်းအဆင့် ကျင့်ကြံသူ တစ်ယောက်ပင်လျှင် ထိုနွားရိုင်း ထက်ပိုပြီး သတ္တိ ရှိပေဦးမည်။
အမှန်တော့ နွားရိုင်းကြီးမှာ ဆန်းလျန်၏ လက်ထဲမှ နတ်ဘုရား ထောင်ချောက်ဓားကို ကြောက်ရွံ့သောကြောင့် ထွက်ပြေးသွားခြင်း ဖြစ်လေသည်။ ဆန်းလျန်၏ တန်ခိုးစွမ်းအား မည်မျှ မြင့်မားပါစေ သူ့ကို သေစေသည် အထိ အန္တရာယ် မပေးနိုင်ကြောင်း နွားရိုင်းကြီးက သိထားလေသည်။ သို့သော် နတ်ဘုရား ထောင်ချောက်ဓားကိုတော့ နွားရိုင်းကြီးက အရိုးထဲအထိ ကြောက်ရွံ့ နေမိလေသည်။
သေမှာ ကြောက်သည့်အတွက် ထွက်ပြေးခြင်းမှာ မှားသည်ဟုတော့ မဆိုသာပါ။ မည်သည့် သတ္တဝါမဆို အသက်ရှင်သန် နေသရွေ့ မျှော်လင့်ချက်လည်း ရှင်သန်နေမည် ဖြစ်လေသည်။ ထို့ကြောင့် နွားရိုင်းကြီးက အသက်ရှင်သန်ရန် ပထမဆုံး ဦးစားပေး ရွေးချယ်ခဲ့ခြင်း ဖြစ်လေသည်။
လက်ရှိ အခြေအနေတွင် သတ္တိ ရှိပြနေလျှင်လည်း သူ့အတွက် အသုံးဝင်မည် မဟုတ်ပေ။
နွားရိုင်းကြီး၏ အရူးလုပ်ခြင်းကို ခံလိုက်ရသဖြင့် ယွိမင် နတ်ဘုရားမှာ အလွန်အမင်း ဒေါသထွက် နေလေသည်။
ဆန်းလျန် ကတော့ ကဆုန်ပေါက် ထွက်ခွာသွားသည့် နွားရိုင်းကြီးကို ကြည့်ကာ ရယ်ချင်စိတ်ကို မနည်းမျိုသိပ် ထားလိုက်ရသည်။
နွားရိုင်းကြီး ထွက်ပြေးသွားပြီ ဖြစ်သည့်အတွက် သူရင်ဆိုင် ရမည့်သူမှာ ယွိမင် နတ်ဘုရားနှင့် တောက်ချင် နတ်ဘုရား သာလျှင် ကျန်ရှိတော့သည်။
နတ်ဘုရား ထောင်ချောက်ဓားသည် သူထင်မှတ် ထားသည်ထက် ထူးဆန်းနေပြီး သူ၏တန်ခိုး စွမ်းအားများကို စုပ်ယူနေသည်ဟု ဆန်းလျန် ခံစားနေရလေသည်။
သူ၏ တန်ခိုးစွမ်းအား များနှင့် နတ်ဘုရား ထောင်ချောက်ဓားမှာ သဟဇာတ ဖြစ်စွာ ပေါင်းစပ်ထားသည့်တိုင် သူသည် နတ်ဘုရား ထောင်ချောက်ဓားကို အသုံးပြု တိုက်ခိုက်နိုင်ရန် အတွက် တန်ခိုးစွမ်းအား များစွာကို အသုံးပြု ထားရလေသည်။
ဆန်းလျန်၏ အဆင့်လွန်ဓား ဝိညာဉ်သည် နတ်ဘုရား ထောင်ချောက်ဓားနှင့် ပေါင်းစပ်မိသည့် အခါ စစ်မှန်သည့် ဓားတန်ခိုးစွမ်းအား ပေါ်ထွက်လာလေသည်။ ဆန်းလျန် အနေဖြင့် တစ်ခုခုသာ မှားယွင်း သွားခဲ့ပါက ထိုဓားတန်ခိုး စွမ်းအားကြောင့် သူကိုယ်တိုင်ပင် ဒဏ်ရာ အပြင်းအထန် ရသွားနိုင်ဖွယ် ရှိလေသည်။
သို့သော် ယွိမင် နတ်ဘုရားကတော့ ထိုအချက်ကို သတိမထား ခဲ့မိပါ။
ယွိမင် နတ်ဘုရားနှင့် တောက်ချင် နတ်ဘုရားတို့၏ ဘဝတွင် ပြင်းထန်သည့် တိုက်ပွဲပေါင်း များစွာကို ရင်ဆိုင် ခဲ့ရဖူးလေသည်။ သို့သော် ယနေ့ ရင်ဆိုင်ရသည့် တိုက်ပွဲကတော့ သူတို့အတွက် အန္တရာယ် အများဆုံး တိုက်ပွဲ ဖြစ်နေခဲ့လေသည်။
လင်ရှောင် ခန်းမဆောင်မှ ထွက်ပေါ်လာသည့် အင်းသင်္ကေတ များနှင့် တောက်ချင် နတ်ဘုရား၏ နဂါးလက်သီး စွမ်းအားများ အားလုံးကို ဆန်းလျန်၏ဓားသွားက လွယ်ကူစွာပင် ချေမှုန်း ပစ်လိုက်လေသည်။
ထိုအချိန်မှာပင် မိုးကောင်းကင် ခုံရုံးမှ ကျိန်စာစွမ်းအား များနှင့် တန်ခိုးစွမ်းအား အကြွင်းအကျန် များမှာ သူတို့ တိုက်ခိုက်ရာ နေရာဆီသို့ တဖြည်းဖြည်း စီးဝင် လာကြလေသည်။
တစ်ချိန်တည်း မှာပင် ကောင်းကင်ထက်တွင် ခန်းမဆောင်ကြီး တစ်ခု ပေါ်လာပြီး ထိုခန်းမဆောင်ကြီးမှာ လင်ရှောင် ခန်းမဆောင်နှင့် အလွန် ဆင်တူလေ၏။ ထိုခန်းမဆောင်ကြီး၏ ပတ်ပတ်လည်တွင် နတ်ဘုရား မီးခွက်များက ထွန်းလင်းနေပြီး ကောင်းကင် တစ်ခွင်လုံးမှာ လင်းလက်တောက်ပ နေလေသည်။
သို့သော် ထိုအရာများသည် အစစ်အမှန်များ မဟုတ်ပေ။ ထင်ယောင်ထင်မှား ရုပ်ပုံများသာ ဖြစ်လေသည်။
ပျက်စီးတော့မည့် မိုးကောင်းကင် ခုံရုံးသည် မပျက်စီးမီ နောက်ဆုံး အချိန်ကလေးတွင် ကျန်ရှိနေသေးသည့် တန်ခိုး စွမ်းအားများဖြင့် အားယူကာ နောက်ဆုံး အနေဖြင့် ခမ်းနားမှု ပုံရိပ်များကို ပြသသွားခြင်း ဖြစ်လေသည်။
ထိုမျှ ခမ်းနားလွန်းသည့် ပုံရိပ်များကို မြင်တွေ့ လိုက်ရသည်နှင့် ယွိမင် နတ်ဘုရားမှာ ကျင်းချွယ် ကျောက်စိမ်းစာအုပ် ကိုပင် မေ့လျော့သွားကာ မြင်ကွင်းကို ရင်သပ်ရှုမော ငေးမော ကြည့်နေမိလေသည်။
ထိုအချိန်မှာပင် …
နာကျင်စွာ အော်ဟစ်လိုက်သည့် အသံတစ်သံ ထွက်ပေါ်လာလေသည်။
တောက်ချင် နတ်ဘုရား၏ လက်တစ်ဖက်သည် ဆန်းလျန်၏ ဓားချက်ဖြင့် ပြတ်တောက်သွားပြီ ဖြစ်လေသည်။
ထိုအခါမှ ယွိမင် နတ်ဘုရားသည် သတိဝင်လာပြီး တောက်ချင် နတ်ဘုရားကို ကူညီရန် အလျင်အမြန် ရောက်လာလေသည်။ သို့သော် အရာအားလုံးက နောက်ကျခဲ့ပြီ ဖြစ်သည်။
"ဒီနေရာက အမြန်ထွက်သွားတော့ ဂိုဏ်းတူညီလေး"
တောက်ချင် နတ်ဘုရားက အော်ဟစ်လိုက်သည်။
သူနှင့် နှစ်ပေါင်းရာနှင့် ချီပြီး အတူတူ ကျင့်စဉ်လမ်းကို လျှောက်လှမ်းခဲ့ကြသည့် ဂိုဏ်းတူညီ ဖြစ်သူ ယွိမင် နတ်ဘုရားသည် သူ့အတွက် အသက်ပေးရန် အသင့်ရှိသည်ကို သူနားလည် ထားပါသည်။ သို့သော် ယွိမင် နတ်ဘုရား အနေဖြင့် ထိုသို့ ပေးဆပ်ရန် မသင့်တော်လှပေ။
ထို့ပြင် မိုးကောင်းကင် ခုံရုံးသည် တဖြည်းဖြည်း ပြိုကျ ပျက်စီးနေပြီ ဖြစ်လေသည်။
ယွိမင် နတ်ဘုရားသည် တောက်ချင် နတ်ဘုရားကိုလည်း မကယ်တင် နိုင်တော့သလို လင်ကွမ်း နတ်သမီးကိုလည်း သူနှင့်အတူ ခေါ်ယူသွားနိုင်ခြင်း မရှိတော့ပါ။
ထို့အပြင် ဤအရာကို ရှင်းရှင်းလင်းလင်း ပြိုကျသွားခဲ့သည်။
သူ့အတွက် မိုးကောင်းကင် ခုံရုံးမှ အမြန်ဆုံး ထွက်ခွာသွားရန်သာ ရှိတော့သည်။
ယွိမင် နတ်ဘုရားသည် ရှိသမျှ တန်ခိုးစွမ်းအားကို အသုံးပြုကာ မိုးကောင်းကင် ခုံရုံးမှ ထွက်ခွာ သွားလေတော့သည်။
ယွိမင် နတ်ဘုရား ထွက်ခွာသွားသည်နှင့် တောက်ချင် နတ်ဘုရား တည်ရှိရာ နေရာတွင် နဂါးငွေ့တန်းထက်ပင် တောက်ပသည့် အဖြူရောင် အလင်းတန်းများ ပေါ်ထွက်လာကာ ပေါက်ကွဲထွက် သွားလေတော့သည်။
ဆန်းလျန်က သွေးနီရောင်ဓားကို ကိုင်ဆောင်ထားပြီး လှပသည့် လင်ကွမ်း နတ်သမီးကို ခေါ်ဆောင်ကာ ခရမ်းရောင် ကလပ်ဆီသို့ ဆုတ်ခွာ လာခဲ့လေသည်။
ထိုအချိန်မှာပင် ကောင်းကင်ထက်တွင် ထွန်းလင်းနေသည့် ခန်းမဆောင်ကြီးမှာ တဖြည်းဖြည်း ပျောက်ကွယ်စ ပြုလာပြီ ဖြစ်လေသည်။
ထို့နောက် …
ပေါက်ကွဲမှုကြီး ဖြစ်ပွားပြီး သွားသည့်နောက် ပတ်ဝန်းကျင် တစ်ခုလုံးသည် အဆုံး မရှိအောင် မှောင်မိုက် သွားလေတော့သည်။
မိုးကောင်းကင် ခုံရုံးသည် သဲလွန်စပင် မကျန်အောင် ပျက်စီးသွားခဲ့ပြီ ဖြစ်လေသည်။
မိုးကောင်းကင်ခုံရုံး ပျောက်ကွယ်သွားခြင်းသည် ခေတ်တစ်ခေတ်၏ အဆုံးသတ်ပင် ဖြစ်လေသည်။ သို့သော် မည်သူမှ သတိမထား မိခဲ့ကြပေ။
***