← Chapters

မြေမှုန်လေး တစ်မှုန်ပင် ဖြစ်ဦးတော့ လောကကိုကျော်လွန်နိုင်

Vol. 4 Ch. 372

မြေမှုန်လေး တစ်မှုန်ပင် ဖြစ်ဦးတော့ လောကကိုကျော်လွန်နိုင်

Vol. 4 Ch. 372

မြေပြင်ထက်မှ ကောင်းကင်ကို မော့ကြည့်သူ တစ်ယောက်သည် သူ၏ မျက်စိဖြင့် စကြဝဠာ အကြောင်း အမှန်တရားကို သိမြင်နိုင်မည် မဟုတ်ပေ။

မြေပြင်မှ ကြည့်လျှင် ထွန်းလင်း တောက်ပနေသည့် ကြယ်များကိုသာ တစ်စုတစ်စည်းတည်း မြင်တွေ့ရမည် ဖြစ်လေသည်။

သို့သော် လူတစ်ယောက်သည် အဆုံးအစမဲ့ စကြဝဠာ ထဲသို့ ရောက်ရှိသွားသည့် အချိန်တွင်တော့ အကန့်အသတ်မဲ့ အမှောင်ထုကိုသာ ရင်ဆိုင်ရမည် ဖြစ်လေသည်။

ကြယ်များသည် ထွန်းလင်း တောက်ပနေသည့်တိုင် ကြယ်စင်တစ်ခုနှင့် တစ်ခု အကွာအဝေးကို လူတစ်ယောက်သည် မည်သည့် နည်းနှင့်မျှ ဖြတ်သန်း သွားလာနိုင်မည် မဟုတ်ပေ။

စကြဝဠာသည် အကန့်အသတ် မဲ့လွန်းလှလေသည်။

ထိုသို့ အကန့်အသတ် မဲ့သည့် စကြဝဠာ ထဲတွင် ခရမ်းရောင် ကလပ်သည် လွင့်မျော နေလေသည်။ ခရမ်းရောင် ကလပ်၏ ထိပ်ဆုံးတွင် ခြောက်သွေ့နေသည့် ကျောက်စိမ်းသစ်ပင် တစ်ပင် ရှိနေလေသည်။

သစ်ပင်အောက်တွင် မျက်လုံးများကို မှိတ်ထားသည့် နတ်မိမယ်တစ်ပါး ထိုင်နေလေသည်။ သို့သော် သူမသည် အသက်ရှူနေခြင်း မရှိပါ။ အဘယ်ကြောင့်ဆိုသော အာကာသထဲတွင် လေ မရှိသောကြောင့် ဖြစ်လေသည်။

သူမသည် တိတ်ဆိတ် ငြိမ်သက်နေပြီး ပန်းပုရုပ်လေး တစ်ခုအလား ထင်မှတ် ရလေ၏။

ခရမ်းရောင်ကလပ် အောက်ခြေရှိ ကြမ်းပြင်ထက်တွင် ဆန်းလျန် ထိုင်နေလေသည်။ သူ၏ဒူးထက်တွင် သွေးနီရောင် ဓားရှည်တစ်လက် ရှိနေလေ၏။ သူက အရှေ့ဆီသို့ ငေးစိုက် ကြည့်နေလေသည်။ သို့သော် သူမြင်ရသည့် အရာသည် အမှောင်ထုသာ ဖြစ်လေသည်။

အဘယ်ကြောင့်ဆိုသော် သူတို့သည် ကြီးမားသည့် ကြယ်ကြီးတစ်လုံး၏ အမှောင်ထု ဘက်ခြမ်းသို့ ရောက်ရှိနေသောကြောင့် ဖြစ်လေသည်။

ထိုကြယ်စင်မှာ ချင်းရွှမ် တည်ရှိရာ နေရာ အတိအကျပင် ဖြစ်လေသည်။

ဆန်းလျန်၏ ဘေးတွင် ချောမော လှပသည့် လင်ကွမ်း နတ်သမီး လဲလျောင်း နေလေသည်။

ရုတ်တရက် …

သူမ နိုးထလာပြီး သူမ၏ မျက်ဝန်းများကို ဖွင့်ကြည့်လိုက်လေသည်။

သူမ ပထမဆုံး သတိရလာသည့် အချိန်တွင် ပထမဆုံး မြင်တွေ့လိုက်ရသည့် မြင်ကွင်းမှာ ဆန်းလျန်၏ ဘေးတိုက်မျက်နှာ အနေအထား ဖြစ်လေသည်။ သို့သော် သူမမျက်ဝန်း များက မြင်ကွင်းကို ရှင်းလင်းစွာ မမြင်ရပေ။ သူမမျက်လုံး များသည် အမြင်အာရုံများ ပျောက်ကွယ်နေကြောင်း သူမ ချက်ချင်း သဘောပေါက်လိုက်သည်။ သူမဘေးတွင် တစ်စုံတစ်ယောက် ရှိနေသည်ကို သိရှိနိုင်ရန် အတွက် သူမ၏ နတ်ဘုရား စိတ်အာရုံကိုသာ အသုံးပြု ရတော့မည် ဖြစ်လေသည်။

စူးရှသည့် နာကျင်မှု တစ်ခုကို ခံစားလိုက်ရပြီး သူမ၏ နတ်ဘုရား စိတ်အာရုံထဲတွင် ဆန်းလျန်၏ မျက်နှာကို ရှင်းလင်းစွာ မြင်တွေ့လိုက် ရလေသည်။

သို့သော် စူးရှသည့် နာကျင်မှုကတော့ ပျောက်ဆုံး မသွားခဲ့ပေ။

သူမ ထိုသို့နာကျင် ခံစားနေရသည်မှာ မည်မျှကြာပြီလည်းကို သူမ မမှတ်မိတော့ပါ။ ထို့ပြင် သူမ၏ ခန္ဓာကိုယ်မှာလည်း လှုပ်ရှား၍ မရပေ။ အဘယ်ကြောင့်ဆိုသော် သူမ တစ်ကိုယ်လုံး အေးခဲ ထုံကျဉ် နေသောကြောင့် ဖြစ်လေသည်။

သူမက သူမ၏ မူလဝိညာဉ် ခန္ဓာစွမ်းအား များကို စီးဆင်း စေလိုက်တော့မှ အနည်းငယ် နွေးထွေးကာ လှုပ်ရှား၍ ရလာလေသည်။ သူမ၏ မျက်ဝန်းများမှ အမြင်အာရုံ များလည်း ပြန်လည် ရရှိလာလေသည်။ သို့သော် ပတ်ဝန်းကျင် တစ်ခုလုံးက မှောင်မိုက်နေပြီး အလင်းရောင် အနည်းငယ်သာ မြင်တွေ့ရလေသည်။

ခရမ်းရောင်ကလပ် အနားတွင် ရှိမနေလျှင် သူမအနေဖြင့် အေးရန်ပင် အခွင့်အရေး မရှိဘဲ စကြဝဠာထဲတွင် ပျောက်ကွယ် သွားရမည် ဖြစ်လေသည်။

အကန့်အသတ် မရှိသော စကြဝဠာထဲတွင် လောက နတ်ဘုရားများ ပင်လျှင် ဖုန်မှုန့်များ ကဲ့သို့ အသုံးမကျ ဖြစ်ရလေသည်။

အအေးနှင ့်အပူကို လိုအပ်သလို ညှိယူနိုင်ခြင်း မရှိပါက လောက နတ်ဘုရားများ ပင်လျှင် အသက်ပျောက် သွားနိုင်လေသည်။

သို့သော် လောကကို ကျော်လွန်သွားသည့် မိုးကောင်းကင် နတ်ဘုရားများ ကတော့ မူလဝိညာဉ် ခန္ဓာစွမ်းအားကို အသုံးပြုကာ စကြဝဠာ တစ်လွှားရှိ နဂါးငွေ့တန်း တစ်လျှောက် လိုသလို ဖြတ်သန်း သွားလာ နိုင်ကြလေသည်။

"မင်း ငါ့အသက်ကို ကယ်ခဲ့တာလား"

လင်ကွမ်း နတ်သမီးက မေးလိုက်သည်။

ဆန်းလျန်က သူမကို လှည့်ကြည့်လိုက်ပြီး ပြုံးပြလိုက်သည်။

"အဖြေက ရှင်းနေတာပဲ မဟုတ်ဘူးလား"

လင်ကွမ်း နတ်သမီးက လဲလျောင်းနေရာမှ ထိုင်လိုက်လေသည်။

သူမသည် ဆန်းလျန်နှင့် အလွန်နီးကပ်စွာ ရှိနေသည့်တိုင် ဆန်းလျန်ကို တိုက်ခိုက်ရန် စိတ်ကူး မရှိတော့ပါ။ အဘယ်ကြောင့် ဆိုသော် ဆန်းလျန်သည် သူမ မယှဉ်နိုင်သည့် အလွန် ကြောက်စရာ ကောင်းသော နတ်ဘုရားတစ်ပါး ဖြစ်လေသည်။

ထို့ပြင် ကြောက်မက်ဖွယ်ရာ သွေးနီရောင် ဓားရှည်ကလည်း ဆန်းလျန်၏ ညာဘက် ဒူးပေါ်တွင် ရှိနေလေသည်။ သွေးနီရောင်များ လင်းလက်နေခြင်း မရှိသည့်တိုင် လူသတ်လိုသည့် အငွေ့အသက် များက တဖွားဖွား ထွက်ပေါ်နေသည့် အတွက် သူမ စိတ်များကိုပင် ပျံ့လွင့် သွားစေလေသည်။

သူမက ကြိုးစားပြီး ပြုံးလိုက်သည်။

"ငါက မမေးသင့်တဲ့ မေးခွန်းကို မေးလိုက်မိတာပဲ၊ ဒါနဲ့ ငါ့ရဲ့ ဂိုဏ်းတူ အစ်ကိုတွေရော"

သူမသည် ပို၍ မမေးသင့်သော မေးခွန်းကို မေးလိုက်ခြင်းပင် ဖြစ်လေသည်။

"တောက်ချင် နတ်ဘုရားကတော့ ဗလာနယ်ထဲ ရောက်သွားတယ် ထင်တယ်၊ ယွိမင် နတ်ဘုရားကတော့ သေလား ရှင်လား မသိဘူး"

ဆန်းလျန်၏ အဖြေမှာ တိုတောင်းပြီး ရိုးရှင်းလေသည်။

လင်ကွမ်း နတ်သမီးသည် သူမကြားရမည့် အဖြေစကား အတွက် စိတ်ပိုင်းဆိုင်ရာ အရ ကြိုတင် ပြင်ဆင်ထားပြီးသား ဖြစ်လေသည်။ သို့သော် သူမတကယ်တမ်း ကြားလိုက်ရသည့် အခါတွင်တော့ သူမ၏ နှလုံးသားသည် နာကျင်၍ လာလေသည်။

ထိုအဖြေကို ကြားလိုက်ရခြင်းထက် ဆန်းလျန်က သူမကို ဓားဖြင့် နောက်တစ်ကြိမ် ထိုးလိုက်ခြင်းကသာ ပို၍ ခံသာဦးမည်ဟု သူမ တွေးလိုက်မိသည်။

ကွမ်းချင်း နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူ ယွိမင် နတ်ဘုရားသည် သူမတို့ ငါးယောက်ထဲတွင် တန်ခိုးစွမ်းအား အမြင့်မားဆုံး ဖြစ်လေသည်။

ကောင်းကင်ဘုံ နန်းတော်ကိုသာ ပြန်လည် တည်ဆောက်နိုင်လျှင် ယွိမင် နတ်ဘုရားသည် မိုးနတ်မင်းအဖြစ် ခံယူနိုင်မည် ဖြစ်လေသည်။ ထိုအခါ ကျန်ရှိသည့် နတ်ဘုရား လေးပါးသည် မိုးနတ်မင်း လက်အောက်ရှိ နတ်မင်းလေးပါး အဖြစ် ယွိမင် နတ်ဘုရားကို ပံ့ပိုး ကူညီပေးမည် ဖြစ်လေသည်။

သို့သော် ထိုအိပ်မက်များ အားလုံးသည် သဲထဲရေသွန် ဖြစ်ခဲ့ရပြီ ဖြစ်လေသည်။

လင်ကွမ်း နတ်သမီး၏ မျက်ဝန်းထဲတွင် မျက်ရည်များ ရစ်ဝဲလာလေသည်။ သို့သော် ထိုမျက်ရည်များသည် ချက်ချင်းပင် နှင်းခဲ အလွှာပါးလေးများ အဖြစ် ပြောင်းလဲ သွားလေသည်။ အာကာသထဲတွင် အေးလွန်းသည့် အတွက် မျက်ရည်များသည် စီးထွက်နိုင်ခြင်း မရှိဘဲ အေးခဲသွားရခြင်း ဖြစ်လေသည်။

"ကြည့်ပါဦး၊ မင်းကို ကျုပ်ကယ်ခဲ့တာ အလကား မဖြစ်ဘူးပဲ၊ အနည်းဆုံးတော့ မင်းရဲ့ နှလုံးသားဟာ ကျောက်သားလို မမာကျော နိုင်ဘူးပဲ"

ဆန်းလျန်က ပြောလိုက်သည်။

ဆန်းလျန်၏ စကားကြောင့် လင်ကွမ်း နတ်သမီးက ဟွန့်ခနဲ နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။

"ငါတို့ ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှာ လူမဆန်တဲ့ သူတွေပဲ ရှိနေတယ်လို့ မင်းက ထင်နေတာလား၊ ငါတို့က ရက်စက်ပြီး သူတစ်ပါးတွေ ပျက်စီးအောင် လုပ်နေတဲ့ ဂိုဏ်းတစ်ဂိုဏ်းလို့ မင်း ထင်နေတာလား၊ မင်းလို ကံအရမ်းကောင်းတဲ့ ကောင်လေးတစ်ယောက်က ကွမ်းချင်း နတ်ဘုရားဂိုဏ်းဟာ အောင်မြင်မှု ရဖို့ ဘယ်လောက်တောင် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသလဲ ဆိုတာကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ"

ဆန်းလျန်က လင်ကွမ်း နတ်သမီးကို စကားပြန် မပြောတော့ပါ။ သူက တိတ်ဆိတ်စွာဖြင့် လင်ကွမ်းနတ်သမီး ပြောသမျှ နားထောင်နေရန်သာ ဆုံးဖြတ် ထားလေသည်။

လင်ကွမ်း နတ်သမီး၏ စိတ်များမှာ ရှုပ်ထွေး နေလေသည်။ သူမသည် လောက နတ်ဘုရားတစ်ပါး ဖြစ်သည့်တိုင် မိန်းကလေး တစ်ယောက်လည်း ဖြစ်လေသည်။ ထို့ကြောင့် မိန်းကလေး တို့၏ သဘော သဘာဝအတိုင်း ဝမ်းနည်း အားငယ် တတ်လေသည်။ နောက်ဆုံးတော့ သူမ၏ နှလုံးသားသည် ကြေကွဲလျက် ရှိလေပြီ။

"ချင်းရွှမ် နတ်တံခါးက တာအိုဆရာ တွေက လောကတစ်ခွင်မှာ တာအို ကျင့်စဉ်တွေကို သင်ပြပေးလေ့ ရှိကြတယ်၊ ချင်းရွှမ် နတ်တံခါးကို တည်ထောင်ခဲ့တဲ့ သူက မြင့်မြတ်တဲ့ နတ်ဘုရားတစ်ပါး ဖြစ်တဲ့ ဆရာဘိုးဘိုး ယွမ်ချင်းပဲ မဟုတ်လား၊ မျိုးဆက် တစ်ဆက်တိုင်းမှာ ချင်းရွှမ် နတ်တံခါးကနေ လောက နတ်ဘုရားတွေ ပေါ်ထွက် လာစမြဲပဲ၊ တကယ်ဆိုရင် မင်းဟာ ကျင့်ကြံသ ူလောကမှာ လူအများ လေးစားရတဲ့ တော်ဝင်နတ်ဘုရား တစ်ပါးပါပဲလေ။

ဒါပေမဲ့ ငါတို့ ကွမ်းချင်း နတ်ဘုရားဂိုဏ်းကို တည်ထောင်ခဲ့တဲ့ ဆရာဘိုးဘိုး ကတော့ ဟိုင်သန်းအဆင့်ကိုတောင် တက်ရောက်နိုင်ခြင်း မရှိခဲ့တဲ့ သာမန်ကျင့်ကြံသူ တစ်ယောက်ပါပဲ၊ ဒါပေမဲ့ သူက သေတဲ့အထိ နတ်ဘုရားတစ်ပါး ဖြစ်ချင်တဲ့ အိပ်မက်ကို လက်မလျှော့ခဲ့ဘူး၊ သူက အမြဲတမ်း ပြောလေ့ရှိတဲ့ စကားတစ်ခွန်း ရှိတယ်၊ "မြေမှုန်လေး တစ်မှုန်ပင် ဖြစ်ဦးတော့ လောကကို ကျော်လွန်နိုင်ဖို့ အရည်အချင်း ရှိတယ်" တဲ့။

ငါတို့ကလေ ဆရာဘိုးဘိုးရဲ့ စကားကို လုံးဝ မမေ့လျော့ခဲ့ဘူး၊ မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဆရာဘိုးဘိုးရဲ့ ဆန္ဒကို အကောင်အထည် ဖော်နိုင်အောင် ကြိုးစား ရုန်းကန်ခဲ့ကြတယ်၊ နောက်ဆုံးတော့ မိုးနဲ့မြေမှာ မားမားမတ်မတ် ရပ်တည်နိုင်တဲ့ အထိ အောင်မြင်ခဲ့ကြပြီး ကွမ်းချင်း နတ်ဘုရားဂိုဏ်းကို ဘယ်သူမှ အထင်မသေး ရဲတဲ့ အခြေအနေထိ ရောက်လာ ခဲ့ရတယ်။

ငါတို့ ကွမ်းချင်း နတ်ဘုရားဂိုဏ်းရဲ့ ရွှမ်ချင်း အလင်းစွမ်းအားဟာ အစပိုင်းမှာ သိပ်ပြီး နာမည် မကြီးခဲ့ပါဘူး၊ ဒါပေမဲ့ ငါတို့ဆရာရဲ့ ခေတ်ကိုရောက်တဲ့ အခါ ဆရာက အဲဒီ ရွှမ်ချင်း အလင်းစွမ်းအားကို သန့်စင်သည်ထက် သန့်စင်အောင် ကျင့်ကြံ နိုင်ခဲ့တယ်၊ ဒါကြောင့်ပဲ ငါတို့ရဲ့ ဆရာဟာ ကွမ်းချင်း နတ်ဘုရားဂိုဏ်းရဲ့ ပထမဆုံး လောကနတ်ဘုရား ဖြစ်လာခဲ့တယ်၊ မင်းသိလား၊ ရွှမ်ချင်း အလင်းစွမ်းအား ဒီလို နာမည်ကျော်ကြား လာဖို့ ဆရာသခင် အဆက်ဆက်ဟာ သွေးတွေချွေးတွေ ရင်းနှီး ခဲ့ကြရတယ်။

ငါတို့က ရွှမ်ချင်း အလင်းစွမ်းအားကို ရတနာ တစ်ပါးလို တန်ဖိုးထားနေတဲ့ အချိန်မှာ မင်းတို့ချင်းရွှမ် နတ်တံခါးမှာတော့ မရေမတွက် နိုင်အောင် များပြားတဲ့ တာအိုကျင့်စဉ် တွေမှ ရှိနေခဲ့တယ် မဟုတ်လား၊ ဘယ်လောက်တောင် ကျင့်စဉ်တွေ များလိုက်သလဲ ဆိုရင် ဆရာသခင်တွေဟာ ကျင့်ကြံရင် အန္တရာယ် ဖြစ်နိုင်တဲ့ကျင့်စဉ် တွေကိုတောင် ဖယ်ရှား ပစ်ခဲ့တဲ့ အထိပဲလေ"

လင်ကွမ်းနတ်သမီးက ပြောလိုက်လေသည်။

ပြောနေရင်းနှင့်ပင် သူမ၏ မကျေနပ်မှု များသည် အထွတ်ထိပ်သို့ ရောက်ရှိလာတော့သည်။

ကံတရားက အလွန်မှ မျက်နှာလိုက် လွန်းလေသည်။ ကံတရားသည် အမြဲတမ်း ချင်းရွှမ် နတ်တံခါးကိုသာ မျက်နှာသာ ပေးခဲ့လေသည်။

သူမတို့၏ ကွမ်းချင်း နတ်ဘုရားဂိုဏ်းသည် အောင်မြင်မှုလေး တစ်ခုရရန် အတွက် အလွန်မှ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသည်။ သို့သော် ချင်းရွှမ် နတ်တံခါးကတော့ အန္တရာယ် ဆိုးကြီးနှင့် ကြုံတွေ့ရသည့်တိုင် ဆန်းလျန် ကဲ့သို့သော အလွန် ထူးချွန်သည့် ပါရမီရှင် လူငယ်လေးကို ရရှိခဲ့ပြီး ပြန်လည် ဦးမော့ လာခဲ့သည်။

အဘယ်ကြောင့် ကံတရားသည်ပင်လျှင် ထိုမျှ မျက်နှာလိုက် တတ်ရပါသနည်း။

***

All Chapters