အကန့်အသတ်မဲ့ထိုက်ယင်း
Vol. 4 Ch. 373
ဗလာနယ်ထဲသို့ လွင့်မျောသွားသည့် တောက်ချင် နတ်ဘုရားကတော့ သေဆုံး သွားခဲ့သည်မှာ သေချာသလောက် ရှိလေသည်။ ယွိမင် နတ်ဘုရားကတော့ သေလားရှင်လား မသိရသေးပေ။ ဟွမ်ကျန်းနှင့် ဖော့ဝမ့် အဆင့်ကျင့်ကြံသူ ဆယ့်နှစ်ပါးက ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်လေသည်။ သူတို့အားလုံး သေဆုံး သွားကြခြင်းလည်း ဖြစ်နိုင်လေသည်။
လင်ကွမ်းသည် ယူကျုံးမရ ခံစား နေရလေသည်။
သူတို့ ကွမ်းချင်း နတ်ဘုရားဂိုဏ်းသည် ယခုမှ မျှော်လင့်ချက် ရောင်ခြည်လေး သန်းကာစပဲ ရှိသေးသည်။ ယခုတော့ ထိုမျှော်လင့် ရောင်ခြည်လေးသည် လျင်မြန်စွာပင် ပျောက်ကွယ် သွားခဲ့ရပြန်ပြီ။ ဘာကြောင့်များ ထိုသို့ ဖြစ်ရပါသနည်း။
ပုံမှန်အားဖြင့် သူမသည် ထိုသို့ ဝမ်းနည်း အားငယ်တတ်သူ မဟုတ်ပေ။ သို့သော် ယခုတော့ သူမသည် ယူကျုံးမရ ဝမ်းနည်းခံစား နေရပြီး သူမ၏ ခန္ဓာကိုယ်သည် စတင်လောင်ကျွမ်း လာလေတော့သည်။
အမှန်ဆိုလျှင် သူမတစ်ကိုယ်လုံး မီးလောင် ကျွမ်းသွားကာ ပြာမှုန့်အဖြစ် ကူးပြောင်း သွားရမည် ဖြစ်လေသည်။
သို့သော် အလွန် အေးစိမ့်သည့် တန်ခိုးစွမ်းအား တစ်ခုသည် သူမ၏ ငယ်ထိပ်ဆီမှ ဝင်ရောက်လာကာ လောင်ကျွမ်းမှုကို ရပ်တန့်ပစ်လိုက်လေသည်။
ဆန်းလျန်၏ ရေခဲအလင်း တန်ခိုးစွမ်းအားပင် ဖြစ်လေသည်။
လင်ကွမ်း နတ်သမီးသည် တဖြည်းဖြည်းနှင့် ပြန်လည် တည်ငြိမ် လာလေသည်။
"မင်းရင်ဆိုင်ရတဲ့ မိုးကောင်းကင် အစစ်ဆေး ခံရမှုက မျှော်မှန်း ထားတာထက် စောနေတယ်၊ ဒါပေမဲ့ ထူးဆန်းတာက မင်းရင်ဆိုင်ရတဲ့ မိုးကောင်းကင် အစစ်ဆေး ခံရမှုက မိုးကြိုး ပစ်ခံရတာ မဟုတ်ဘဲ မီးလောင်ကျွမ်း ခံရတာပဲ"
ဆန်းလျန်က ပြောလိုက်လေသည်။
ဆန်းလျန်သည် လင်ကွမ်း နတ်သမီးကို စိတ်ဝင်စားစွာဖြင့် ကြည့်နေလေသည်။
သန့်စင်လွန်းသည့် ဆန်းလျန်၏ အကြည့်သည် လင်ကွမ်း နတ်သမီး၏ စိတ်နှလုံး အတွင်းထဲထိ ဖောက်ထွင်း ဝင်ရောက် သွားသကဲ့သို့ ထင်မှတ်ရလေသည်။
ဆန်းလျန်၏ မျက်ဝန်းများကို မြင်တွေ့ လိုက်ရသည်နှင့် သူမ ဇာတ်စုံခင်း ပြနေသည့် ကွမ်းချင်း နတ်ဘုရားဂိုဏ်း၏ အကြောင်းများသည် ဆန်းလျန်ကို မည်သို့မျှ မခံစား ရစေကြောင်း သဘောပေါက် သွားလေသည်။
"ဒါပေမဲ့ မင်းခံစားရတဲ့ မိုးကောင်းကင် စစ်ဆေးခံရခြင်းက ကိုယ်တွင်းက မီးတောက်ကြောင့် ဖြစ်တည် လာခဲ့တာပဲ၊ ဒါကြောင့် မိုးကြိုး ပစ်မခံရဘဲ မီးလောင်ကျွမ်း ခံရတာ သဘာဝတော့ ကျပါတယ်၊ ကျုပ် ခန့်မှန်းကြည့်မယ်၊ မင်းတို့ ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှာ မီးလောင်ကျွမ်း ခံရပြီး မိုးကောင်းကင် အစစ်ဆေး ခံရတဲ့သူ တစ်ယောက်မှ မရှိသေးဘူး မဟုတ်လား"
ဆန်းလျန်က တမင်သက်သက် စကားလမ်းကြောင်း လွှဲကာ ပြောဆိုနေခြင်း ဖြစ်လေသည်။
ထိုမှသာ လင်ကွမ်း နတ်သမီး၏ စိတ်တွင် အပြောင်းအလဲ ဖြစ်သွားပြီး ပူဆွေး ဝမ်းနည်းနေခြင်းမှ လွတ်မြောက်သွားမည် ဖြစ်လေသည်။
ဆန်းလျန်၏ စကားကြောင့် လင်ကွမ်း နတ်သမီးမှာ ထိတ်လန့် အံ့သြသွားလေသည်။
"မင်းဘယ်လိုလုပ် သိတာလဲ"
လောက နတ်ဘုရားများသည် မသေနိုင်သည့် နတ်ဘုရားများ ဖြစ်သည့်တိုင် မိုးကောင်းကင် အစစ်ဆေးခံရမှု သုံးခုကို ရင်ဆိုင်ရလေ့ ရှိလေသည်။ လေမုန်တိုင်း တိုက်ခတ်ခံရခြင်း၊ မိုးကြိုး ပစ်ခံရခြင်းနှင့် မီးလောင် ကျွမ်းခံရခြင်းတို့ ဖြစ်လေသည်။ ပထမဆုံး ရင်ဆိုင်ရမည့် အစစ်ဆေး ခံရခြင်းမှာ မိုးကြိုး ပစ်ခံရခြင်း ဖြစ်လေသည်။ လောကနတ်ဘုရား တစ်ပါးဖြစ်လာပြီး နှစ်ပေါင်းငါးရာ ကြာမြင့်သည့် အချိန်တွင် ထိုအစစ်ဆေး ခံရမှုကို ရင်ဆိုင်ရမည် ဖြစ်လေသည်။ ထိုအစစ်ဆေး ခံရမှုကို ကျော်လွှားနိုင်မှသာ လောကနတ်ဘုရား တစ်ပါးအဖြစ် ဆက်လက် ရှင်သန်နိုင်မည် ဖြစ်သည်။
လေမုန်တိုင်းနှင့် မီးလောင်ကျွမ်းခြင်း ကတော့ စိတ်ဝင်စားစရာ ကောင်းလေသည်။
ထိုမိုးကောင်းကင် အစစ်ဆေးခံရခြင်း နှစ်မျိုးကတော့ မိခင်ဆန်လေသည်။ နှစ်ပေါင်းတစ်ရာမှ နှစ်ပေါင်းတစ်ထောင် အတွင်း ပေါ်ပေါက် လာနိုင်လေသည်။ အချိန် သတ်မှတ်ချက် အတိအကျ မရှိပေ။ ထိုအစစ်ဆေးခံရမှု နှစ်ခုကို ကျော်လွှား နိုင်ခဲ့လျှင်တော့ လောကနတ်ဘုရား တစ်ပါးအဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်လေသည်။
သို့သော် ထိုအစစ်ဆေး ခံရမှုများကို မကျော်လွှား နိုင်ပါက လောက နတ်ဘုရား တစ်ပါး၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း တိုက်စားခံရပြီး ပျောက်ကွယ်သွားမည် ဖြစ်လေသည်။
ယခု လင်ကွမ်းနတ်သမီး ကြုံတွေ့ရသည့် အစစ်ဆေးခံရမှုသည် ဆန်းလျန်၏ ရေခဲအလင်း စွမ်းအားကြောင့် ယာယီငြိမ်သက် သွားသည့်တိုင် ကျော်လွှားနိုင်မည့် နည်းလမ်းကို ရှာဖွေတွေ့ရှိခြင်း မရှိပါက သူမသည် အသက်ဆုံးရှုံးရမည် ဖြစ်လေသည်။
အဓိက နတ်ဘုရား ကျောင်းတော်ကြီးလေးခုမှ လောက နတ်ဘုရားများ ပင်လျှင် လေမုန်တိုင်းနှင့် မီးလောင်ကျွမ်းခြင်း စမ်းသပ်မှုများသည် အလွန် ကြောက်စရာ ကောင်းသည်ဟု ယူဆ ထားကြလေသည်။
ထို့ပြင် ထိုမိုးကောင်းကင် အစစ်ဆေးခံရမှု များကို ကျော်လွှား သွားနိုင်ခဲ့လျှင်လည်း တန်ခိုးစွမ်းအား များကတော့ တိုးတက်လာမည် မဟုတ်ပေ။ အစစ်ဆေး ခံရခြင်း ဆိုသည်က သဘာဝ တရားမှ ပေးသည့် အပြစ်ဒဏ် ဖြစ်ပြီး ဆုလာဘ်တစ်ခု မဟုတ်ပေ။
"မင်းတို့ ကွမ်းချင်း နတ်ဘုရားဂိုဏ်း ရင်ဆိုင်ရတဲ့ အခက်အခဲ တွေကို ပြောပြနေတုန်းက ကျုပ်ခန့်မှန်း ကြည့်မိတာပါ၊ တာအိုတိုက်ပွဲ တွေကို ကျုပ်တို့ ရင်ဆိုင်ရမှာ မှန်ပေမဲ့ မင်းရဲ့ဂိုဏ်းကတော့ အရမ်းပြင်းထန်ပြီးရက်စက်တယ်၊ ဒါကြောင့် နတ်ဘုရားတစ်ပါး ဖြစ်အောင် ကျင့်ကြံရင်းနဲ့ပဲ မကောင်းတဲ့စိတ်တွေ ကိုလည်း မသိမသာ စိုက်ပျိုးခဲ့တယ်၊ ဒါကြောင့် မီးလောင်ကျွမ်း အစစ်ဆေး ခံရရင် ရှောင်လွှဲနိုင်မယ် မထင်ဘူး၊ ဒါကြောင့် စိတ်နှလုံးကို အရင် ပြုပြင်နိုင်ဖို့ လိုတယ်၊ မင်းတို့ ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှာ ပေါ်ထွက်ခဲ့တဲ့လောက် နတ်ဘုရားဆိုတာ ဆယ်ပါးတောင် မရှိသေးပါဘူး၊ ပြီးတော့ မင်းတို့ ဂိုဏ်းတည် ရှိခဲ့တာလည်း နှစ်ပေါင်းတစ်ထောင်တောင် မရှိသေးဘူး၊ ဒါကြောင့် မင်းမှာ ဒီပြဿနာနဲ့ ပတ်သက်ပြီး အတွေ့အကြုံ မရှိဘူး၊ ပြီးတော့ ယွိမင် နတ်ဘုရားလို ထူးချွန်ထက်မြက်တဲ့ နတ်ဘုရား တစ်ပါးသာ ပေါ်မလာခဲ့ဘူး ဆိုရင် မင်းတို့ဂိုဏ်းဟာ အခုလိုမျိုး အောင်မြင်လာမှာ မဟုတ်ဘူး၊ ကျဆင်း သွားမှာပဲ၊ ဒါပေမဲ့ အခု မင်းကြုံတွေ့ရတဲ့ အတွေ့အကြုံတွေ ကနေ တစ်ဆင့် နောက်မျိုးဆက် တပည့်တွေကို မကောင်းတဲ့စိတ်တွေ မစိုက်ပျိုးဘဲ စိတ်နှလုံးကို အရင်ပြုပြင်နိုင်ဖို့ သင်ကြားပေးနိုင်မယ် ဆိုရင် နောင်တစ်ချိန်မှာ မင်းတို့ ကွမ်းချင်း နတ်ဘုရားဂိုဏ်းဟာ အဓိက နတ်ဘုရား ကျောင်းတော်ကြီး လေးခုလို မအောင်မြင်ဘူး ဆိုရင်တောင်မှ ဘယ်တော့မှ မကျရှုံးဘဲ အောင်မြင်မှုကို ထိန်းသိမ်း ထားနိုင်လိမ့်မယ်"
ဆန်းလျန်က ပြောလိုက်သည်။
"တာအို တိုက်ပွဲတွေက ပြင်းထန်ခဲ့တယ်၊ ဒါပေမဲ့ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုက မမှားခဲ့ပါဘူး၊
"Dao ၏ စစ်ပွဲသည် အလွန် ပြင်းထန်ခဲ့တယ်၊ ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုက မမှားခဲ့ပါဘူး၊ သူက ကံမကောင်း ခဲ့တာပဲ ရှိတာပါ၊ အခု ငါတို့ ရှုံးခဲ့ရပြီ၊ အောင်မြင်တဲ့သူက ဘုရင်ဖြစ်လာပြီး ရှုံးတဲ့သူ ကတော့ အလကားပဲပေါ့၊ မင်းက အနိုင်ရခဲ့တဲ့ သူပဲလေ၊ မင်းပြောတဲ့ စကားတွေက အဓိပ္ပာယ် မရှိဘူး ဆိုရင်တောင်မှ လက်ခံရမှာပဲပေါ့"
လင်ကွမ်း နတ်သမီးက ဆန်းလျန်ကို အေးစက်စွာ ကြည့်ပြီး ပြောလိုက်သည်။
ဆန်းလျန်ကတော့ သူ့အကျင့်အတိုင်း ပြုံးနေလိုက်လေသည်။
လင်ကွမ်း နတ်သမီးက သူ့ကို ဆန့်ကျင် ပြောဆိုနေသည့်တိုင် သူမ၏ရင်တွင်း တစ်နေရာတွင် ဆန်းလျန် ပြောသည့် စကားများကို ယုံကြည် လက်ခံနေကြောင်း ဆန်းလျန် သိထားလေသည်။
အဘယ်ကြောင့် ဆိုသော် အနိုင်ရသူ ပြောသည့်စကား များသည် လက်ရှိအချိန်တွင် အဓိပ္ပာယ် မရှိလျှင်တောင်မှ နောင်တစ်ချိန်တွင် အဓိပ္ပာယ် ရှိနေလိမ့်မည် ဖြစ်လေသည်။
သူတို့ စကားပြော နေကျဆဲ အချိန်တွင်ပင် …
ခရမ်းရောင် ကလပ်ထိပ်တွင် မြူခိုးလေးများ စတင် ဝန်းရံလာလေသည်။ မြူခိုးငွေ့များသည် ရေခဲမှုန်လေးများ အဖြစ် စတင်ဖွဲ့စည်း လာလေသည်။
ခရမ်းရောင် ကလပ်ထိပ်ပိုင်းရှိ ခြောက်သွေ့နေသည့် ကျောက်စိမ်းသစ်ပင် အောက်တွင် တုန်လှုပ်ဖွယ်ရာ တန်ခိုးစွမ်းအား ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ် လာခဲ့လေသည်။
ဆန်းလျန်၏ ဆရာဘွားဘွား ဖြစ်သူ ကျင့်စဉ်လမ်းသည် အနက်ရှိုင်းဆုံး အဆင့်သို့ ဝင်ရောက်ခဲ့ပြီ ဖြစ်လေသည်။
တန်ခိုးစွမ်းအား ပြောင်းလဲမှုများ စတင် ဖြစ်ပေါ်လာပြီး အေးဓာတ်များ ထွက်ပေါ်လာလေသည်။ ထိုအအေးဓာတ်များ ထဲတွင် အလွန် ရှေးကျသည့် ရနံ့ တစ်ခုကိုလည်း ခံစားလိုက် ရလေသည်။
ထိုမျှ ပြင်းထန်လွန်းသည့် စွမ်းအား ပေါက်ကွဲမှုကို ခံစားလိုက်ရသည့် အတွက် လင်ကွမ်း နတ်သမီးသည် ကိုယ့်ကိုကိုယ်ပင် မကာကွယ်နိုင် ဖြစ်သွားရလေသည်။
သို့သော် ဆန်းလျန်က နတ်ဘုရား ထောင်ချောက်ဓားဖြင့် သူတို့ နှစ်ယောက်လုံးကို ကာကွယ် ပေးထားလိုက်သည့် အတွက် အန္တရာယ်ကင်း သွားရလေသည်။
ဆန်းလျန်သည် မြူခိုးငွေ့များ ကြားမှ ဆရာဘွားဘွား ဖြစ်သူ၏ ထူးဆန်းသည့် ပုံရိပ်ကို ငေးကြည့် နေလေသည်။
သူမ၏ အသားအရောင်သည် နှင်းဆီရောင် သန်းနေပြီး ကြည်လင် နေလေသည်။ သူမ၏ အလှတရားသည် လောကတွင် တုနှိုင်းမဲ့ ဖြစ်လေ၏။
ထိုအချိန် …
ချင်းရွှမ် နတ်တံခါးတွင် တပည့်ငယ်များ၏ တာအို အရည်အချင်းစစ် ပြိုင်ပွဲကို ကြည့်နေသည့် ကူးချိုင်ဝေ့သည် ကောင်းကင်ထက်သို့ မော့ကြည့် လိုက်မိလေသည်။ အာကာသ တစ်နေရာတွင် ဖြစ်ပေါ်နေသည့် တုန်ခါမှု တစ်ခုကို သူမခံစားလိုက်ရလေသည်။
ထို့နောက် သူမက သူမ၏ဘေးတွင် ထိုင်နေသည့် မောင်ငယ်ဖြစ်သူ ဆန်းလျန်ကို လှမ်းကြည့် လိုက်လေသည်။ ဆန်းလျန်သည် မျက်လုံးများကို မှိတ်ထားပြီး အသက်ရှူခြင်း အလျဉ်း မရှိတော့ချေ။ အကြောင်း မသိသူသာ ဆိုလျှင် ဆန်းလျန်သည် အသက် မရှိတော့ဘဲ သေဆုံး သွားသည်ဟု ထင်မှတ်မိမည် ဖြစ်လေသည်။
ကူးချိုင်ဝေ့သည် ထူးဆန်းမှုတစ်ခု ဖြစ်ပေါ်နေသည်ကို ရိပ်မိလိုက်ပြီး မောင်ငယ်ဖြစ်သူကို နှိုးထရန် မရည်ရွယ်ခဲ့ပေ။ သူမက တပည့်များ၏ ယှဉ်ပြိုင်ပွဲကိုသာ ဆက်ကြည့် နေလိုက်လေသည်။
တာအို အရည်အချင်းစစ် ပြိုင်ပွဲတွင်တော့ တာအိုဆရာ ယွိ၏ တပည့်ဖြစ်သူ ကျားယိလီသည် မိုးကြိုး လက်ဝါးသိုင်းကို အသုံးပြု တိုက်ခိုက် နေလေသည်။
"ဒီအစ်ကိုရဲ့ ပညာက မဆိုးဘူးပဲ"
ရော့ရှီက ပြောလိုက်ခြင်း ဖြစ်လေသည်။
သူမ၏ စကားကြောင့် ကူးချိုင်ဝေ့ပင် တွန့်ခနဲ ဖြစ်သွားရသည်။
သူမ၏ စကားကို ကျားယိလီသာ ကြားမည်ဆိုလျှင် အလွန်ဒေါသ ထွက်သွားပြီး တိုက်ပွဲတွင် အမှားမှား အယွင်းယွင်းတွေပင် ဖြစ်ကုန်မည် ဖြစ်လေသည်။
ထိုအချိန် …
ကျိကျိုက် သီလရှင်ကျောင်းတွင် ဟွေခဲ့ ဆရာတော်နှင့် လျို့ချင်းရှင်းထိုင် တို့သည် စစ်တုရင် ကစားနေလေ၏။
"ကဲ … တစ်ယောက်ယောက် ကတော့ အောင်မြင် သွားပြန်ပြီ ၊ သိပ်တောင် နှစ်ပေါင်း မကြာသေးဘူး၊ မြန်မြန်ဆန်ဆန်နဲ့ အောင်မြင်မှု ရသွားပြန်ပြီပဲ"
ပြောလိုက်သူမှာ ဟွေခဲ့ ဆရာတော် ဖြစ်လေသည်။
"ဒီအသက်ဓာတ် စွမ်းအားတွေက ချင်းရှောင်းရဲ့ အသက်ဓာတ် စွမ်းအားတွေနဲ့ တူနေတယ်"
လျှို့ချင်းရှင်းထိုင်က တုံ့ဆိုင်းနေပြီးမှ ပြောလိုက်လေသည်။
"ဟေ… ချင်းရွှမ် ကပဲလားဟ …"
ဟွေခဲ့ ဆရာတော်က တအံ့တသြဖြင့် မေးလိုက်သည်။
"ဒီဓားဝိညာဉ် စွမ်းအားကို ကြည့်ရတာတော့ ကျိန်းသေ ချင်းရှောင်းပဲ၊ ဒါပေမဲ့ ကျိလင်ကို ထားခဲ့ပြီး ချင်းရှောင်းက သူတစ်ယောက်တည်း အောင်မြင်အောင်တော့ လုပ်မယ် မထင်ဘူး၊ ဘာဖြစ်သွားလဲတော့ မသိနိုင်သေးဘူး၊ ဒီလိုသာ ဖြစ်လာရင်တော့ ပြဿနာတွေ အများကြီး ဖြစ်လာ ဦးတော့မှာပဲ"
လျို့ချင်းရှင်းထိုင်က သက်ပြင်း တစ်ချက်ချရင်း ပြောလိုက်သည်။
"အော်မီတော်ဖော်"
ဟွေခဲ့ ဆရာတော်က ဘုရားစာကိုသာ ရွတ်ဖတ် နေလိုက်လေသည်။
ရွှမ်ထျန်းဂိုဏ်း …
စုန့်ချင်းယီသည် အပြင်မှ ပြန်ရောက်လာပြီး သူ၏ အဝတ်အစား များတွင် ဖုန်မှုန့်များဖြင့် ပေကျံ နေလေသည်။ သူ၏ တာအိုဝတ်ရုံတွင် သွေးများလည်း စွန်းထင်း နေသေးသည်။
သူက ရောက်ရောက်ချင်းပင် ဆရာဖြစ်သူ လုကျိုးယွမ် နေထိုင်ရာ တာအိုကျောင်းဆောင် ဆီသို့ သွားခဲ့လေသည်။
ရှန်ဆန်းကျန်းရန်လုကျိုးယွမ်သည် စမ်းချေင်းလေး နံဘေးတွင် ရပ်နေရင်း ကောင်းကင်ထက်သို့ မော့ကြည့် နေလေသည်။
"ဘာတွေ ကြည့်နေတာလဲ ဆရာ"
စုန့်ချင်းယီက မေးလိုက်လေသည်။
"ကျင့်ကြံသူ လောကမှာ နှစ်ပေါင်း သုံးထောင်အတွင်း တစ်စုံတစ်ယောက် ကတော့ အကန့်အသတ်မဲ့ ထိုက်ယင်းစွမ်းအားကို အောင်မြင်အောင် ကျင့်ကြံ နိုင်ခဲ့ပြီ၊ သူမ အကန့်အသတ်မဲ့ ထိုက်ယင်းကို အောင်မြင်သွားပြီ ဆိုတော့ ကျုပ်ဆီကို တရား ဆွေးနွေးမယ့်သူ တစ်ယောက်တော့ ရောက်လာ ဦးတော့မှာပဲ"
လုကျိုးယွမ်က ရယ်မောရင်း ပြောလိုက်လေသည်။
စုန့်ချင်းယီ၏ မျက်နှာတွင် ထိတ်လန့် တုန်လှုပ်မှုများ အထင်းသား ပေါ်လွင် လာလေသည်။
သူ၏ ဆရာဖြစ်သူသည် လောက ပထမနေရာကို နှစ်ပေါင်းများစွာ ရယူထားခဲ့သူ ဖြစ်လေသည်။ သူ၏ဆရာကို တိုက်ခိုက်ရန် ရောက်လာခဲ့သူ အားလုံးသည် သူ၏ ဆရာရှေ့တွင် အရှုံးနှင့် ရင်ဆိုင်ကာ ပြန်သွားကြရသည် ချည်းပင် ဖြစ်လေသည်။
ယခုတော့ ဆရာဖြစ်သူနှင့် တရား ဆွေးနွေးမည့်သူ တစ်ဦး ပေါ်ထွက်လာတော့မည် ဖြစ်လေသည်။
ထိုသူသည် မည်သို့သော သူဖြစ်သည်ကို စုန့်ချင်းယီသည် အလွန်မှ သိချင် နေမိလေတော့သည်။
***