ချင်းရွှမ်နတ်တံခါး၏အာဏာ
Vol. 4 Ch. 374
ချင်းရှောင်း နတ်သမီးသည် ခရမ်းရောင် ကလပ်ပေါ်ရှိ လုံးဝန်းသည့် ကျောက်တုံးထက်တွင် ထိုင်နေလေသည်။ သူမ၏ ခန္ဓာကိုယ်ထက်မှ ပါးလွှာသည့် မြူခိုးများ ထွက်ပေါ်နေပြီး အလင်းတန်းများ တဖြည်းဖြည်း ဖြာထွက်လာ လေသည်။
ဆန်းလျန်က နတ်ဘုရား ထောင်ချောက်ဓားကို အသုံးပြုကာ ချင်းရှောင်း နတ်သမီးထံမှ အလင်းတန်းများကို ကာကွယ်ထား လေသည်။
လင်ကွမ်း နတ်သမီးမှာ ထိုအလင်းတန်းများကို ကြည့်ရင်း ရင်သပ်ရှုမော အံ့သြနေမိ လေသည်။ အဘယ်ကြောင့် ဆိုသော် ထိုအလင်းများ များထဲတွင် အလွန်မှ နက်နဲသိမ်မွေ့ လွန်းသည့် တာအို တရားဓမ္မများ ပါဝင်နေ သောကြောင့်ပင်။ နတ်ဘုရား တစ်ပါးဖြစ်သည့် သူမသည် ထိုတာအို တရားဓမ္မ၏ အဖိုးတန်ခြင်းကို ကောင်းကောင်း နားလည်ထား လေသည်။
ထိုတာအို တရားဓမ္မ စွမ်းအားမှာ အလွန်ရှေးကျသည့် အချိန်များစွာ ကတည်းက တည်ရှိခဲ့သည့် ထိုက်ယင်း လမ်းစဉ် တန်ခိုး စွမ်းအားပင် ဖြစ်လေသည်။
ထိုက်ယင်း တန်ခိုးစွမ်းအားသည် နတ်ဘုရားများ၏ မူလဝိညာဉ်ကို အေးခဲသွားစေပြီး နတ်ဘုရား တစ်ပါးကိုပင် သတ်ဖြတ် ပစ်နိုင်သည့် အစွမ်းရှိလေသည်။ လင်ကွမ်းနတ် နတ်သမီးမှာ နတ်ဘုရားတစ်ပါး ဖြစ်သည့်တိုင် ထိုက်ယင်းတန်ခိုး စွမ်းအားကိုတော့ ကြောက်ရွံ့မိ လေသည်။
ချင်းရှောင်းသည် ကျောက်စိမ်း သစ်ပင်အောက်မှ ဖြည်းညင်းစွာ မတ်တတ်ထရပ် လိုက်လေသည်။ ထို့နောက် သူမက ဆန်းလျန် ရှိရာသို့ တစ်လှမ်းချင်း လမ်းလျှောက် လာလေသည်။
ဆရာဘွားဘွားကို မြင်တွေ့ရသည့် အခိုက်အတန့်သည် ဆန်းလျန်၏ ရင်ထဲတွင် ငြိမ်းချမ်းခြင်းကို ခံစားလိုက်ရ လေသည်။ အဘယ်ကြောင့် ဆိုသော် သူတို့ နှစ်ယောက်လုံး၏ ထိုက်ရွှီး တန်ခိုးစွမ်းအား များသည် ဆက်သွယ်မှု ရှိနေပြီး ချင်းရှောင်း နတ်သမီးထံမှ နက်ရှိုင်းသည့် တန်ခိုးစွမ်းအား အပြောင်းအလဲ ကိုလည်း ဆန်းလျန် ခံစားလိုက်ရ သောကြောင့် ဖြစ်လေသည်။
ချင်းရှောင်းသည် ပင်လယ်ထဲမှ ရေခဲတောင် တစ်ခုအလား စွမ်းအား မြင့်မားလွန်းသူ ဖြစ်လေသည်။
ယခုတော့ သူမကို တွေ့မြင်ရသည်မှာ ရေခဲများ ပင်လယ်အတွင်းသို့ အရည်ပျော်ကျ နေသည့် ဆင်တူနေ လေသည်။ သူမ၏ တန်ခိုးစွမ်းအား များသည် ဆန်းလျန် ခန့်မှန်းနိုင်သည့် အဆင့်ထက် ကျော်လွန် နေလေပြီ။
ချင်းရှောင်း နတ်သမီး၏ ထိုက်ရွှီး တန်ခိုးစွမ်းအား များသည် တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားပြီး အလွန်သန့်စင်သည့် ထိုက်ယင်း တန်ခိုးစွမ်းအား များက အစားထိုး ဝင်ရောက် လာလေသည်။
ချင်းရှောင်းသည် ဆန်းလျန်ရှေ့တွင် သူမ၏ ခြေလှမ်းများကို ရပ်တန့် လိုက်သည်။
ထိုအခါ ဆန်းလျန်၏ စိတ်ထဲတွင် ခံစားနေရသည့် ငြိမ်းချမ်းခြင်း များသည် စိုးရိမ်ပူပန်ခြင်း များအဖြစ် တဖြည်းဖြည်း ကူးပြောင်း သွားလေသည်။ အဘယ်ကြောင့် ဆိုသော် ချင်းရှောင်းကိုသာ တွေ့မြင်ပြီး ကျိလင်ကို မတွေ့မြင်ရ တော့သည့်အတွက် စိတ်ပူသွားရခြင်း ဖြစ်လေသည်။ ကျိလင် နတ်သမီးသည် အဆုံးသတ် ပျောက်ကွယ်သွား ခဲ့လေပြီလား။
ကျိလင်နှင့် ချင်းရှောင်းမှာ တန်ခိုးစွမ်းအား တန်းတူညီမျှ မြင့်မားကြသူများ ဖြစ်လေသည်။ သို့သော် ယခုတော့ ချင်းရှောင်းသည် ထိုက်ယင်း လမ်းစဉ်ကို အောင်မြင်ခဲ့ပြီ ဖြစ်သည့်အတွက် ကျိလင်အတွက် နေရာမှ ရှိပါဦးမည်လား။
ဆန်းလျန်သည် ချင်းရှောင်းကို မုန်းတီးခြင်း မဖြစ်မိပါ။ ကျိလင်ဖြစ်စေ ၊ ချင်းရှောင်း ဖြစ်စေ နှစ်ယောက်လုံး အပေါ်တွင် သူက တူညီသည့် စေတနာ ထားရှိလေသည်။ ထို့ကြောင့် သူတို့ နှစ်ယောက်အနက် တစ်ယောက်သာ တစ်ခုခု ဖြစ်သွားမည် ဆိုလျှင် သူ့အနေဖြင့် စိတ်မကောင်း ဖြစ်မည်သာ ဖြစ်လေသည်။
“ဆန်းလျန်…”
ချင်းရှောင်း နတ်သမီး၏ အသံသည် နူးညံ့စွာ ထွက်ပေါ် လာလေသည်။
သူမ၏ မျက်ဝန်းများက ကြယ်စင်များ အလား တစ်လက်လက် တောက်ပနေ လေသည်။ သူမ၏ အသံသည် ကျောက်စိမ်းသားမှ ထွက်ပေါ် လာသည့်အလား ကြည်လင်အေးမြ လွန်းလှသည်။ သူမ၏အသံကို ကြားရသူ တိုင်းသည် ရင်ထဲမှ သောကအပူမီးများ ပြေပျောက် သွားရမည် ဖြစ်လေသည်။
ဆန်းလျန်မှာ အနည်းငယ် အံ့သြသွားရသည်။
“ဆရာဘွားဘွား ကျိလင်လား”
ဆန်းလျန်က မေးလိုက်လေသည်။
အဘယ်ကြောင့် ဆိုသော် ချင်းရှောင်းနှင့် ကျိလင်မှာ လုံးဝ မတူညီသည့် လူနှစ်ယောက် ဖြစ်လေသည်။ သူတို့၏ အသံသည်ပင်လျှင် လုံးဝတူညီခြင်း မရှိပေ။
သို့သော် ယခု သူ့ရှေ့တွင် ရောက်ရှိနေသူမှာ ချင်းရှောင်း နတ်သမီး ဖြစ်နေသည့်တိုင် နူးညံ့သိမ်မွေ့သည့် အသံမှာတော့ ကျိလင် နတ်သမီး၏ အသံမျိုး ဖြစ်နေလေသည်။
လင်ကွမ်း နတ်သမီးမှာလည်း ချင်းရှောင်း နတ်သမီးကို ငေးမောကြည့်ရင်း အလွန်မှ အလွန်မှ အံ့သြသွားရ လေသည်။ အဘယ်ကြောင့် ဆိုသော် သူမသည် တစ်စုံတစ်ခုကို နားလည် လိုက်သောကြောင့် ဖြစ်လေသည်။ ယခု သူတို့ ရောက်ရှိနေသည့် အာကာသထဲတွင် လေလုံးဝမရှိပေ။ ထို့ကြောင့် သူတို့၏ နတ်ဘုရား စိတ်စွမ်းအားများကို အသုံးပြုကာ တစ်ယောက်နှင့် တစ်ယောက် ဆက်သွယ်နေ ကြရလေသည်။
သို့သော်…
ယခုအချိန် ခဏလေး အတွင်းတွင် သူမသည် အသက်ရှူနိုင်ခြင်း မရှိသည့်တိုင် ချင်းရှောင်း နတ်သမီး၏ အသံကိုကြားနိုင် နေလေသည်။
သူမ ကြားနေရသည့် အသံသည် နတ်ဘုရား စိတ်စွမ်းအားဖြင့် ကြားရသည့် အသံမဟုတ်ပေ။ ချင်းရှောင်း နတ်သမီး၏ နှုတ်ခမ်းများမှ ထွက်ပေါ်လာသည့် အသံကို နားနှင့်ဆတ်ဆတ် ကြားရခြင်း ဖြစ်လေသည်။
သူမရှေ့မှ နတ်ဘုရား မိန်းမပျိုသည် အချိန်နှင့်ရော၊ မိုးနှင့်မြေကို ကျော်လွန်ကာ လွတ်လပ်စွာ သွားလာနိုင်သည့် နတ်ဘုရား တစ်ပါး ဖြစ်လေသည်။
လင်ကွမ်း နတ်သမီးသည် မာန်မာန ကြီးသည့် နတ်ဘုရားတစ်ပါး ဖြစ်လေသည်။ သို့သော် ယခု သူမရှေ့မှ နတ်ဘုရား မိန်းမပျိုကို မြင်တွေ့ လိုက်ရသည့် အခါတွင်တော့ သူမ၏ တန်ခိုးစွမ်းအား များသည် အလကား ဖြစ်သွားပြီ ဖြစ်လေသည်။ သူမအနေဖြင့် ထို နတ်ဘုရား မိန်းမပျိုကို မည်သည့် နည်းနှင့်မျှ ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။
ထိုအချိန်မှာပင် လင်ကွမ်း နတ်သမီးသည် အချက်တစ်ချက်ကို နားလည် သွားရသည်။
သူမတို့၏ ကွမ်းချင်းနတ်ဘုရား ဂိုဏ်းသည် မည်မျှပင် ခက်ခက်ခဲခဲ ကြိုးစားပါစေ ချင်းရွှမ် နတ်တံခါးကို မည်သည့်အခါမှ ယှဉ်ပြိုင်နိုင်မည် မဟုတ် ဆိုသည့်အချက်ပင် ဖြစ်လေသည်။
ယခု သူမရှေ့တွင် ရပ်နေသည့် နတ်ဘုရား မိန်းမပျိုသည် သူမ တစ်ယောက်တည်း၏ တန်ခိုး စွမ်းအားဖြင့်ပင် ကွမ်းချင်း နတ်ဘုရားဂိုဏ်း တစ်ခုလုံးကို သုတ်သင် ပစ်နိုင်စွမ်း ရှိနေလေပြီ။ သူမ၏ တန်ခိုးစွမ်းအား များသည် လောကနတ်ဘုရား တစ်ပါး အဆင့်ထက်ပင် ကျော်လွန်နေပြီ ဖြစ်လေသည်။
နတ်ဘုရား မိန်းမပျိုသည် မိုးကောင်းကင် နတ်ဘုရားတစ်ပါး မဖြစ်သေးသည့်တိုင် သူမ၏ တန်ခိုးစွမ်းအားများက မိုးကောင်းကင် နတ်ဘုရား တစ်ပါးထက်တော့ လျော့နည်းခြင်း မရှိပေ။
အကယ်၍ သူမသည် လူ့လောကတွင်ပင် ဆက်လက် နေထိုင်ဦးမည် ဆိုပါက လုကျိုးယွမ် ကဲ့သို့ပင် တန်ခိုးစွမ်းအား မြင့်မားသည့် နတ်ဘုရားတစ်ပါး ဖြစ်လာပြီး ချင်းရွှမ် နတ်တံခါးသည် ရွှမ်ထျန်း နတ်ဘုရားဂိုဏ်း ကဲ့သို့ ဖြစ်လာမည် ဖြစ်လေသည်။ ရွှမ်ထျန်း နတ်ဘုရား ဂိုဏ်းထက်ပင် သာလွန်သည့် အချက်မှာ ချင်းရွှမ် နတ်တံခါးတွင် ချင်းရှောင်း နတ်သမီးသာမက ပါရမီရှင်လူငယ် တစ်ယောက် ဖြစ်သည့် ဆန်းလျန်လည်း ရှိနေသည့် အချက်ပင် ဖြစ်လေသည်။
ဆန်းလျန်သည် လင်ကွမ်း နတ်သမီးကို သတိပင် မရတော့ပါ။
သူက သူ့ရှေ့တွင် ရပ်တန့်နေသည့် ဆရာဘွားဘွား ကိုသာ မျက်တောင်မခတ် ငေးစိုက်ကြည့်နေ မိလေသည်။
“ဘာလဲ၊ မင်းက ငါ့ကို ကျိလင်လားလို့ မေးတော့ ချင်းရှောင်းက လေထဲပျောက်သွား ပေးရမှာလား”
ချင်းရှောင်းက တင်းမာသည့် လေသံဖြင့် မေးလိုက်လေသည်။
သူမ၏လေသံက အလွန် အေးစက်နေပြီး ရေခဲဓားသွား တစ်ခုအလား ထက်ရှနေလေသည်။ လင်ကွမ်း နတ်သမီးပင်လျှင် တုန်လှုပ် သွားရလေသည်။
“မလုပ်ဝံ့ပါဘူး၊ ကျွန်တော်က ဆရာဘွားဘွား နှစ်ယောက်လုံးကို အန္တရာယ် ကင်းစေချင်လို့ မေးမိတာပါ”
ဆန်းလျန်က ချက်ချင်းပြန်ဖြေ လိုက်လေသည်။
ဆန်းလျန်၏ စကားကြောင့် နတ်ဘုရား မိန်းမပျိုက နူးညံ့စွာ ပြုံးလိုက် လေသည်။ သူမ၏အပြုံးမှာ နွေဦးပန်းပွင့်လေး အလား လှပလွန်းသလို ဆောင်းရာသီတွင် ထိန်ထိန်သာ နေသည့် လပြည့်ဝန်းအလား အေးချမ်းလွန်း လေသည်။
ချင်းရှောင်း နတ်သမီး၏ အစိမ်းရောင် အဝတ်အစား များသည် ခရမ်းရောင် အဝတ်အစားများ အဖြစ် ပြောင်းလဲကာ ကျိလင်နတ်သမီး ထွက်ပေါ်လာ လေသည်။
“ဆန်းလျန်၊ မင်းက သိပ်ပြီးစိတ်ထား ကောင်းတယ်၊ မင်းလိမ်မပြောဘူး ဆိုတာလည်း ငါသိတယ်၊ ချင်းရှောင်းက အကန့်အသတ်မဲ့ ထိုက်ယင်း လမ်းစဉ်ကို ကျင့်ကြံခဲ့တဲ့တာ ငါ့အတွက်လည်း အကျိုးရှိပါတယ်၊ ဘာလို့လဲဆိုတော့ ငါတို့နှစ်ယောက် စလုံးက နတ်ဘုရားဝိညာဉ် တစ်ခုတည်းမှာ ရှင်သန်နေကြလို့ပဲ၊ ဒါကြောင့် ချင်းရှောင်းက ထိုက်ယင်း လမ်းစဉ်ကို ကျင့်ကြံမယ်ဆိုရင် သူမရဲ့ ယင်စွမ်းအားထဲမှာ ယန်စွမ်းအား ရှိနေမှရမယ်၊ ယန်စွမ်းအား ဆိုတာ ငါပိုင်ဆိုင်တဲ့ နတ်ဘုရား ဝိညာဉ်ပဲ၊ အဲဒီလိုမျိုးပဲ ငါကလည်း ထိုက်ယင်း လမ်းစဉ်ကို ကျင့်ကြံမယ်ဆိုရင် ယန်စွမ်းအားထဲမှာ ယင်စွမ်းအား ရှိနေမှာရမယ်၊ ဒီတော့ ငါတို့ နှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် ဘယ်တော့မှ လွတ်မြောက်နိုင်ကြမှာ မဟုတ်ဘူး၊ ငါတို့တစ်ဘဝလုံး တစ်ယောက်နဲ့ တစ်ယောက် ငြိတွယ် နေကြမှာပဲ”
ဒီတစ်ကြိမ်တော့ ချင်းရှောင်းက ဆရာဘွားဘွား လီချင်းဆွေရဲ့ တာအို တရားဓမ္မကို အသုံးပြုပြီး သူမရဲ့ ယန်စွမ်းအားကို မြှင့်တင်ပြီး အကန့်အသတ်မဲ့ ထိုက်ယင်းကို ကျင့်ကြံခဲ့တယ်၊ ဒါကြောင့် ငါ့အနေနဲ့လည်း ကျင့်စဉ်လမ်း အပြစ်အနာအဆာ တွေကို ဖြည့်စွက်နိုင်တဲ့ ယင်စွမ်းအား နတ်ဘုရားဝိညာဉ် အနည်းငယ်ကို ရခဲ့တယ်”
“ဒီတော့ ချင်းရှောင်းလည်း ပျောက်ကွယ်သွားမှာ မဟုတ်သလို၊ ငါလည်း ပျောက်ကွယ်သွားမှာ မဟုတ်ဘူး၊ နောက်ထပ် အချိန်ကာလတွေ ကြာသွားတဲ့ အခါမှာတော့ ငါတို့ နှစ်ယောက်ဟာ အခုလိုမျိုး ငြိတွယ်မနေဘဲ သီးခြား ဖြစ်တည်မှုကို ရရှိကောင်း ရရှိလိမ့်မယ်”
ကျိလင်နတ်သမီး၏ စကားကို ဆန်းလျန်သည် ချက်ချင်းပင် နားလည်သွား လေသည်။ အမှန်တော့ ချင်းရှောင်း နတ်သမီးသည် စစ်မှန်သော အောင်မြင်မှုကို ရယူလိုလျှင် သူမ၏ ယင်စွမ်းအားထဲမှ ယန်စွမ်းအားအဖြစ် တည်ရှိနေသည့် ကျိလင်ကို အမြဲတမ်း လိုအပ်နေမည် ဖြစ်လေသည်။
ချင်းရှောင်းသည် အကန့်အသတ်မဲ့ ထိုက်ယင်းကို ကျင့်ကြံ အောင်မြင်ခဲ့ပြီ ဖြစ်သည့်အတွက် ကျိလင်မှာလည်း အလိုလို ကျင့်ကြံနိုင်ခွင့် ရသွားမည် ဖြစ်လေသည်။ အမှန်တော့ သူတို့နှစ်ဦးသည် ညီညွတ်နေကြပြီး မည်သည့်အခါမှ တိုက်ခိုက်ကြမည် မဟုတ်ပေ။
“ဒါဆို ဆရာဘွားဘွားက နေရောင်ခြည် အစစ်အမှန် မီးတောက်နဲ့ အကန့်အသတ်မဲ့ ထိုက်ယင်း တန်ခိုးစွမ်းအားကို ထပ်ပြီးကျင့်ကြံ ရဦးမှာလား”
ဆန်းလျန်က မေးလိုက်သည်။
“အမှန်ပဲ၊ ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး”
ကျိလင် နတ်သမီးက ပြန်ပြောလိုက် လေသည်။
ထို့နောက် သူမ၏အကြည့်က ဆန်းလျန်၏ လက်ထဲမှ နတ်ဘုရား ထောင်ချောက် ဓားပေါ်သို့ ကျရောက်သွား လေသည်။ ထိုအခါ သွေးနီရောင် ဓားထံမှ ဓားခြိမ်းသံတစ်ချက် ထွက်ပေါ်လာပြီး ကြယ်စင်များ လင်းလက် တည်ရှိနေရာ အာကာသထဲသို့ လွင့်မျောပျောက်ကွယ် သွားလေတော့သည်။
“မင်း နောက်သုံးနှစ်နေရင် ချန်ပေသိုနဲ့ ကျုန်းစန်းတောင်မှာ သွားတွေ့စရာ မလိုပါဘူး၊ အခုပဲ ငါသူ့ကို ရှင်းပစ်လိုက်လို့ ရတယ်”
ကျိလင်က ပြောလိုက် လေသည်။
ကျိလင်နတ်သမီး၏ စကားကြာင့် ဆန်းလျန်၏ ရင်ထဲတွင် ထိရှသွားလေသည်။
ချင်းရှောင်း နတ်သမီး အကန့်အသတ်မဲ့ ထိုက်ယင်း တန်ခိုးစွမ်းအားကို ကျင့်ကြံနေသည့် အချိန်တွင် ဆန်းလျန်က ချင်းရှောင်းကို ကာကွယ်ပေးရန် အတွက် ချန်ပေသိုထံမှ အကူအညီ ယူခဲ့ရလေသည်။
သူ့အနေဖြင့် ချန်ပေသို၏လက်မှ မည်သည့် နည်းနှင့်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့် ဆိုသော် ချန်ပေသို ကိုယ်တိုင်က ကြောက်မက်ဖွယ်ရာ ကောင်းသလို သူ၏ နတ်ဘုရား ထောင်ချောက် ဓားကလည်း ကြောက်မက် ဖွယ်ရာပင် ဖြစ်လေသည်။ နတ်ဘုရား ထောင်ချောက်ဓား၏ ကြောက်မက်ဖွယ်ရာ ကောင်းပုံကို ဆန်းလျန်သည် ကိုယ်တွေ့ သိရှိထားသူ ဖြစ်လေသည်။
သို့သော် ဆန်းလျန်သည် ဆရာဘွားဘွားထံမှ အကူအညီကို ရယူလိုခြင်း မရှိပါ။
“ဆရာဘွားဘွား၊ နောက်သုံးနှစ်နေရင် ကျွန်တော်ပဲ ကျုန်းစန်းတောင်ကို သွားလိုက်ပါ့မယ်”
ဆန်းလျန်၏ စကားကြောင့် ကျိလင် နတ်သမီးက ဒေါသထွက်သွားခြင်း မရှိပါ။ သူမက ဆန်းလျန်ကို တည်ငြိမ်စွာ ကြည့်ရင်း ဆန်းလျန် ဆက်ပြောမည့် စကားကို နားထောင် နေလေသည်။
“နောက်သုံးနှစ်နေရင် တပည့်ဆန်းလျန် ချန်ပေသိုနဲ့ တိုက်ခိုက်ဖို့ အဆင်သင့် မဖြစ်သေးဘူး ဆိုရင်တောင်မှ ကိုယ့်ကိုယ်ကိုယ်တော့ ကာကွယ် နိုင်ပါတယ်၊ ဒါပေမဲ့ ဆရာဘွားဘွားက ကျွန်တော့်အတွက် စကြဝဠာမြေမှုံ့၊ မိုးကောင်းကင် ရေစင်နဲ့ နှစ်တစ်ထောင် ရေခဲသံမဏိကို ရှာပေးမယ် ဆိုရင်တော့ လိုချင်မိပါတယ်”
ဆန်းလျန်က ဆက်ပြောလိုက် လေသည်။
“ဒါဖြင့်လည်း မင်းသဘော အတိုင်းပဲပေါ့”
ကျိလင်နတ်သမီးက ပြန်ပြောလိုက် လေသည်။
ဆန်းလျန်နှင့် ကျိလင်နတ်သမီး စကားပြောနေသည်ကို ကြည့်ရင်း လင်ကွမ်း နတ်သမီး၏ စိတ်များမှာ ကျဉ်းကျပ် လာရလေသည်။ ချင်းရွှမ်နတ်တံခါးနှင့် သူမ၏ ဆက်ဆံရေးသည် မည်သည့် နည်းနှင့်မျှ သဟဇာတ မဖြစ်နိုင်ကြောင်း သဘောပေါက်သွား မိလေသည်။
ဆန်းလျန်က ပြုံးလိုက်ရင်း…
“ကျွန်တော်က ဆရာဘွားဘွားကို နေ့တိုင်း ဂရုစိုက်ပေးနိုင်မှာ မဟုတ်ဘူး၊ ဒီတော့ သူ့ကို ဆရာဘွားဘွားရဲ့ မိန်းကလေး အစေခံအဖြစ် ထားပေးမယ်ဆိုရင် ဘယ်လို သဘောရသလဲ”
ဆန်းလျန် စကားကြောင့် ကျိလင်နတ်သမီးက ပြုံးလိုက်သည်။
“ကောင်းသားပဲ…”
“ဆန်းလျန်၊ မင်းက တော်တော် စော်ကားပါလား”
လင်ကွမ်း နတ်သမီးက ဒေါသတကြီးဖြင့် ဆန်းလျန်ကို အော်ဟစ်လိုက် လေသည်။
သို့သော် ကျိလင်နတ်သမီးက လက်တစ်ဖက်ကို ဝှေ့ယမ်း လိုက်လေရာ လင်ကွမ်း နတ်သမီးမှာ မည်သည့်စကားမှ ဆက်မပြော နိုင်တော့ဘဲ သတိလစ်မေ့မျော သွားရလေ တော့သည်။
ဆန်းလျန်က လင်ကွမ်း နတ်သမီးကို သူမအတွက် မိန်းကလေး အစေခံအဖြစ် အဘယ့်ကြောင့် ထားစေချင်သည်ကို ကျိလင်နတ်သမီးက သဘောပေါက် နားလည်ထား လေသည်။
ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ လောကနတ်ဘုရား တစ်ပါးသည် ချင်းရွှမ်နတ်တံခါးမှ ကျိလင်နတ်သမီး၏ အစေခံ ဖြစ်ရပြီဆိုသည့် သတင်းသာ ပျံ့နှံ့သွားပါက ချင်းရွှမ် နတ်တံခါးသည် ကွမ်းချင်းနတ်ဘုရား ဂိုဏ်းထက် သာလွန်ကြောင်း ကျင့်ကြံသူ လောကတွင် ပြန်လည် လက်ခံလာကြမည် ဖြစ်လေသည်။
ကွမ်းချင်း နတ်ဘုရားဂိုဏ်းက ထိုအချက်ကို လက်မခံနိုင်ပါက လင်ကွမ်း နတ်သမီးကို ကယ်တင်ရန် အတွက် ချင်းရွှမ်သို့ ရောက်လာကြမည် ဖြစ်လေသည်။
သို့သော် လက်ရှိ အခြေအနေဖြင့် ကွမ်းချင်း နတ်ဘုရားဂိုဏ်းသည် ချင်းရွှမ်နတ်တံခါးကို မည်သို့မျှ အနိုင်ရအောင် တိုက်ခိုက် နိုင်လိမ့်မည် မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် ချင်းရွှမ် နတ်တံခါးသည် အဓိကနတ်ဘုရား ကျောင်းတော်ကြီး လေးခုတွင် တစ်ခုအပါအဝင် ဖြစ်ရသည်မှာ ထိုက်တန်၍ ဖြစ်ရသည် ဆိုသည့်အချက်ကို သက်သေပြနိုင်မည် ဖြစ်လေသည်။
ဆရာဘိုးဘိုး ယွမ်ချင်းနှင့် ဆရာဘွားဘွား လီချင်းဆွေတို့၏ မျိုးဆက်များသည် လူညံ့များ မဟုတ်ကြောင်းနှင့် ချင်းရွှမ် နတ်တံခါး၏ အာဏာကို လောကတစ်ခွင်ကို သိစေမည် ဖြစ်လေသည်။
***