ဆရာဘွားဘွား၏မိုးကောင်းကင်အစစ်ဆေးခံရခြင်း
Vol. 4 Ch. 375
လင်ကွမ်းနတ်သမီး သတိလစ်မေ့မျော သွားတော့မှ ဆန်းလျန်က တည်ကြည် လေးနက်သည့် လေသံဖြင့် မေးလိုက်သည်။
“ဆရာဘွားဘွား၊ အခုဆိုရင် ဆရာဘွားဘွားက မိုးကောင်းကင် နတ်ဘုရားတစ်ပါး ဖြစ်သွားပြီလား”
“အဲဒီလိုတော့လည်း မဟုတ်သေးဘူး၊ အခု ထိုက်ယင်း လမ်းစဉ်ကို အောင်မြင်သွားတဲ့ သူက ချင်းရှောင်းပဲ၊ သူက မိုးကောင်းကင် အစစ်ဆေးခံရမှု သုံးခုကို ကျော်ဖြတ်ပြီး မိုးကောင်းကင် နတ်ဘုရားတစ်ပါး ဖြစ်သွားနိုင်တယ်၊ ဒါပေမဲ့ ငါတို့နှစ်ယောက်က နက်နက်ရှိုင်းရှိုင်း ဆက်စပ်နေတယ်၊ တကယ်လို့ သူက မိုးကောင်းကင် အစစ်ဆေးခံရမှုနဲ့ ရင်ဆိုင်ရမယ်ဆိုရင် ငါလည်း ရင်ဆိုင်ရလိမ့်မယ်၊ ငါတို့က နှစ်ယောက် ဖြစ်နေတဲ့အတွက် မိုးကောင်းကင် အစစ်ဆေးကို နှစ်ဆခံရလိမ့်မယ်၊ ဒီလိုသာ ဖြစ်လာခဲ့မယ်ဆိုရင် ငါတို့ရဲ့ အသက်ရှင် နိုင်ခွင့်က သုညပါပဲ”
ကျိလင်နတ်သမီးက ပြန်ပြောလိုက် လေသည်။
“ဒါဖြင့် ဆရာဘွားဘွားလည်း အကန့်အသတ်မဲ့ ထိုက်ယင်းကို ထပ်ပြီးကျင့်ကြံလို့ အောင်မြင်မယ်ဆိုရင် မိုးကောင်းကင် အစစ်ဆေး ခံရတဲ့အခါမှာ အသက်ရှင်ဖို့ ဘယ်လောက် အခွင့်အရေး ရှိနိုင်မှာလဲ”
ဆန်းလျန်က မေးလိုက်လေသည်။
ကျိလင်က ဆန်းလျန်၏မေးခွန်းကို တစ်ခဏကြာမျှ စဉ်းစားလိုက်ပြီးမှ အဖြေပေး လိုက်သည်။
“ဆယ်ရာခိုင်နှုန်း ရှိတယ်”
ဆန်းလျန် သက်ပြင်း ချလိုက်မိသည်။
ယခုမှ ကျိလင် နတ်သမီးသည် နေရောင်ခြည် အစစ်အမှန် မီးတောက်ဖြင့် အကန့်အသတ်မဲ့ ထိုက်ယင်း တန်ခိုးစွမ်းအားကို ထပ်ပြီး ကျင့်ကြံရန်အတွက် အလောတကြီး မလုပ်လိုသည်ကို ဆန်းလျန် သဘောပေါက် သွားမိသည်။
ကျိလင် နတ်သမီးသည် ချင်းရှောင်း နတ်သမီးကဲ့သို့ ထိုက်ယင်း လမ်းစဉ်ကို ကျင့်ကြံအောင်မြင် သွားပါက ကျိလင်နှင့် ချင်းရှောင်းတို့၏ မိုးကောင်းကင် အစစ်ဆေး ခံရမှုသည် ထပ်တူကျသွား လိမ့်မည် ဖြစ်လေသည်။ ထိုအခါ ယင်နှင့် ယန်တို့ အပြန်အလှည် ဖြည့်ဆည်းခြင်း ဖြင့်ပင် ရင်ဆိုင်ရန် လွယ်ကူမည် မဟုတ်ပေ။
“ဆရာဘွားဘွား၊ မိုးကောင်းကင် အစစ်ဆေးမခံရဘဲ တစ်ခါတည်း မိုးကောင်းကင် နတ်ဘုရားတစ်ပါး ဖြစ်သွားနိုင်တဲ့ နည်းလမ်းများ မရှိဘူးလား”
ဆန်းလျန်က လေသံကိုနှိမ့်ကာ မေးလိုက်သည်။
ဆန်းလျန်၏ မျက်ဝန်းများထဲမှ ဆုံးဖြတ်ချက် ခိုင်မာမှုများကို ကျိလင်နတ်သမီး တွေ့မြင်နေရ လေသည်။ ထိုသို့သော နည်းလမ်း မျိုးသာရှိလျှင် ဆန်းလျန်သည် သူမအတွက် ဘာမဆို လုပ်ပေးမည့်သူ ဖြစ်လေသည်။
“ဟင့်အင်း၊ ဘယ်ရှိမှာလဲကွယ်၊ ကဲ… လျှောက်စဉ်းစား မနေနဲ့တော့၊ ပြီးတော့ ငါနဲ့ ချင်းရှောင်းတို့ နှစ်ယောက်ရဲ့ စွမ်းအားနဲ့ဆိုရင် မိုးကောင်းကင် အစစ်ဆေးခံရမှုကို နတ်ဘုရား ဘိုးဘိုးလိုပဲ နှစ်ပေါင်းထောင်ချီပြီး တားထားလို့ ရပါတယ်၊ အခုချိန်ကစပြီး စိတ်ပျက် စရာတွေကို တွေးမနေနဲ့”
ကျိလင်နတ်သမီးက နူးညံ့စွာဖြင့် ပြောလိုက်လေသည်။
ဆန်းလျန်သည် နတ်ဘုရားတစ်ပါး ဖြစ်ခဲ့ပြီးသည့် နောက်ပိုင်း ချင်းရွှမ်နတ်တံခါး၏ အဓိက နေရာတွင် ရပ်တည်နေ ခဲ့ရလေသည်။ အကယ်၍ ဆန်းလျန်သာ စိတ်အာရုံ ထွေပြားသွားပြီး ကျင့်စဉ်လမ်းတွင် တိုးတက်မှု ရပ်တန့်သွားပါက သူ့အနေဖြင့် ကောင်းကျိုး မရှိနိုင်ပေ။
သူမသည် ဆန်းလျန်၏ ဆရာတစ်ယောက် ဖြစ်ခဲ့သည့်တိုင် ဆန်းလျန် အပေါ်တွင် တာဝန်ကျေခဲ့ခြင်း သိပ်မရှိခဲ့ပေ။ ထို့ကြောင့် သူမ၏ကိစ္စအတွက် ဆန်းလျန်ကို အဘယ့်ကြောင့် ဝန်ပိစေပါ မည်နည်း။
ထို့ပြင် ချင်းရွှမ်နတ်တံခါး အတွက်ရော၊ ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်၏ ဆက်ခံသူ တစ်ယောက်အဖြစ်ပါ ဆန်းလျန်သည် အတော်ဆုံး နတ်ဘုရားတစ်ပါး ဖြစ်လေသည်။
ဆန်းလျန် အနေဖြင့် မိုးကောင်းကင် အစစ်ဆေး ခံရခြင်းကို ကျော်လွှားနိုင်မည့် နည်းလမ်း ရှိသည်ကို ရိပ်မိထားလေသည်။ သို့သော် မည်သို့သော နည်းလမ်း ဖြစ်သည်ကို အတိအကျ မသိရှိနိုင်ခဲ့ပေ။ ထို့ကြောင့် သူက ဆရာဘွားဘွားကို မေးမြန်းခဲ့သော်လည်း သူမက “ထိုကဲ့သို့သော နည်းလမ်းမျိုး မရှိ” ဟု အခိုင်အမာ ပြောလေသည်။
မည်သို့ပင်ဖြစ်စေ ဆန်းလျန်က ဆရာဘွားဘွား အတွက် မိုးကောင်းကင် အစစ်ဆေး ခံရခြင်းကို ကျော်လွှားနိုင်မည့် နည်းလမ်းကို မရမနေ ရှာဖွေမည်ဟု ဆုံးဖြတ်လိုက် လေသည်။
သူ့စိတ်ထဲတွင် ပင်လယ်ရေအောက်မှ မဟူရာအဏ္ဏဝါ နန်းတော်မှ ထူးဆန်းသည့် သင်္ကေတများကို ပြန်လည် သတိရလာ မိလေသည်။ နတ်ဘုရားတစ်ပါး ဖြစ်လာပြီးသည့် နောက်ပိုင်း သူက တန်ခိုးစွမ်းအား တိုးတက်စေရန် ဆက်လက် ကျင့်ကြံရင်း အခြားသော ကိစ္စများဖြင့်လည်း အလုပ်ရှုပ် နေခဲ့သည့်အတွက် ထိုနေရာသို့ သွားရောက်ရန် နှောင့်နှေးနေ ခဲ့လေသည်။ သို့သော် ယခုတော့ ထိုနေရာက သူ့စိတ်ထဲတွင် ပြန်ပေါ်လာပြီ ဖြစ်သည့်အတွက် နောက်တစ်ခေါက် ပြန်သွားရန် အချိန်တန်ပြီးဟု စဉ်းစားလိုက်မိ လေသည်။
ကျိလင်နတ်သမီး၏ ဝတ်ရုံမှ ခရမ်းရောင် ဖဲကြိုးရှည်တစ်ခု လွင့်ပျံလာလေသည်။ သူမက ထိုဖဲကြိုးရှည်ဖြင့် လင်ကွမ်း နတ်သမီးနှင့် ဆန်းလျန်တို့ နှစ်ယောက်ကို ချုပ်နှောင်လိုက်သည်။
ထို့နောက်…
သူမသည် အာကာသထဲရှိ ဗလာနယ်ထဲတွင် ရပ်နေလေသည်။ ထိုအချိန်မှာပင် ခရမ်းရောင် ကလပ်သည် စတင်လှုပ်ခါ လာလေသည်။ ခရမ်းရောင် ကလပ်ထိပ်ပိုင်းရှိ ကျောက်စိမ်း သစ်ပင်သည် ရွှေရောင်စာအုပ် တစ်အုပ်အဖြစ် ပြောင်းလဲသွား လေသည်။
ခရမ်းရောင် ကလပ်သည် ကျိလင်နတ်သမီး၏ အင်္ကျီလက် အတွင်းသို့ ပျံသန်းဝင်ရောက် သွားလေသည်။ သို့သော် သူမက ရွှေရောင် စာအုပ်ကိုတော့ ဆန်းလျန်ကို ပေးလိုက်သည်။
“ဒီစာအုပ်က ကျင်းချွယ် ကျောက်စိမ်းစာအုပ်ပဲ၊ မင်းကိုပဲ ပေးလိုက်မယ်”
သူမက ဆန်းလျန်ကို အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
“ဆရာဘွားဘွား၊ ဒီစာအုပ်ကို ဆန်းလျန် ထိန်းသိမ်း မထားနိုင်မှာ စိုးရွံ့မိပါတယ်”
ဆန်းလျန်က ပြောလိုက်သည်။
သူက ရဲ့လျိုယွင်ကို ပေးထားသည့် ကတိကို ပြန်သတိရမိ သောကြောင့် ထိုသို့ ပြောလိုက်ခြင်း ဖြစ်လေသည်။
“အစကတည်းက အဲဒီစာအုပ်က မင်းစာအုပ်မှ မဟုတ်တာ၊ ပြီးတော့ လောကမှာ လူတစ်ယောက်က ပစ္စည်းတစ်ခုကို ထိန်းသိမ်းထားစရာ အကြောင်းလည်း မရှိပါဘူးလေ”
ကျိလင်နတ်သမီးက ပြန်ပြောလိုက်သည်။
သူမက စကားကို ခဏနားပြီးမှ ဆက်ပြောလိုက်သည်။
“ပြီးတော့ အဲဒီစာအုပ်က မင်းလက်ထဲမှာ မရှိလေ ကောင်းလေပဲ ဆိုတာ သိပ်မကြာခင် မင်းနားလည် လာတော့မှာပါ”
ဆန်းလျန်က ကျိလင်နတ်သမီးကို ရဲ့လျိုယွင် အကြောင်းနှင့် ကျင်းချွယ် ကျောက်စိမ်း စာအုပ်ကို ရဲ့လျိုယွင်ကို ပေးရန်ဆုံးဖြတ် ထားသည့်ကိစ္စကို ပြောရန်ပြင်လိုက် လေသည်။
သို့သော် ကျိလင်နတ်သမီးက သူ့ကို စကားပြောခွင့် မပေးတော့ပါ။
ကျိလင် နတ်သမီးသည် ကြီးမားလွန်းသည့် တန်ခိုးစွမ်းအား တစ်ခုကို အသုံးပြုကာ ဆန်းလျန်ကို အာကာသထဲသို့ တွန်းချလိုက် လေသည်။
ဆန်းလျန်သည် ချက်ချင်းပင် ချင်းရွှမ်တောင်သို့ ပြန်လည်ရောက်ရှိ လာလေတော့သည်။
“ဒါ ဗလာနယ်ဖျက် တန်ခိုးစွမ်းအားပဲ ဖြစ်ရမယ်”
ဆန်းလျန် တွေးလိုက်မိသည်။
တစ်ချိန်တည်းမှာပင် ချင်းရှောင်းနှင့် ကျိလင်တို့ နှစ်ယောက်ကြောင့် ဆန်းလျန်မှာ စိတ်များပင် ရှုပ်ထွေးလာရ တော့သည်။ ချင်းရှောင်း နတ်သမီးသည် အကန့်အသတ်မဲ့ ထိုက်ယင်း တန်ခိုးစွမ်းအားကို ကျင့်ကြံအောင်မြင် ခဲ့ပြီးသည့်နောက် မိုးကောင်းကင် နတ်ဘုရား တစ်ပါးကဲ့သို့ ဗလာနယ်ကို ကျော်ဖြတ်နိုင်သူ ဖြစ်လာခဲ့လေသည်။ သို့သော် သူမနှင့်အတူ ယှဉ်တွဲ တည်ရှိနေသည့် ကျိလင်နတ်သမီး မှာလည်း ထိုက်ယင်း တန်ခိုးစွမ်းအားကို ကျင့်ကြံ အောင်မြင်ခြင်း မရှိသေးသည့်တိုင် ထိုစွမ်းအားကို ပိုင်ဆိုင်ထား ပြန်လေသည်။
သူ့အတွေးများ ရှုပ်ထွေးနေဆဲ သူ၏ မူလဝိညာဉ်ခန္ဓာသို့ သက်ရောက် လာသည့် ကြီးမားသည့် စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။ ထိုစွမ်းအားက သူ့ကို နေရာတစ်ခုသို့ ဆွဲခေါ်သွား လေသည်။
အသူရာချောက် တစ်နေရာတွင် ရှေးဟောင်း ပလ္လင်တစ်ခု ပေါ်လာလေသည်။ ထိုပလ္လင်သည် သွေးနီရောင်ဖြစ်ပြီး ပလ္လင်ပေါ်တွင် ရေးထွင်းထားသည့် သင်္ကေတများက တောက်ပနေ လေသည်။ ထိုပလ္လင်ဆီမှ လောကတစ်ခွင်ကို လွှမ်းမိုးနိုင်သည့် စွမ်းအားများ စီးထွက် နေလေသည်။
ရဲ့လျိုယွင်သည် သွေးနီရောင် ပလ္လင်ထက်တွင် ထိုင်နေပြီး ခရမ်းရောင် ဝတ်ရုံတစ်ခုကို ခြုံထားလေသည်။ သူ၏ပုံသဏ္ဌာန်မှာ ငရဲမင်း တစ်ပါးနှင့်ပင် ဆင်တူလေသည်။
မရေမတွက် နိုင်အောင် များပြားသည့် နတ်ဆိုး စစ်သည်တော် များသည် ရဲ့လျိုယွင်၏ ခြေရင်းတွင် ဦးညွှတ် နေကြသည်။
ရဲ့လျိုယွင်က သူ၏ နတ်ဘုရား စိတ်အာရုံကို အသုံးပြုကာ ဆန်းလျန်ကို ဆင့်ခေါ်လိုက်ခြင်း ဖြစ်လေသည်။
သူက ဆန်းလျန်ကို ပြုံးပြလိုက် လေသည်။
ဆန်းလျန်ကလည်း သူ့ကို ပြန်ပြုံးပြလိုက် လေသည်။
ဆန်းလျန် လက်ထဲမှ ကျင်းချွယ် ကျောက်စိမ်း စာအုပ်မှာ ဆန်းလျန်၏ ထိန်းချုပ်မှုမှ ကင်းလွတ်သွားပြီး အမှောင်ထု အတွင်းသို့ ပျံသန်းဝင်ရောက် သွားလေသည်။
“ဆန်းလျန်၊ မင်းက တကယ့်ကို သစ္စာရှိတဲ့သူပဲ၊ လျိုယွင် မင်းရဲ့ သစ္စာစောင့်သိမှုကို ပြန်ပြီးပေးဆပ် ပါ့မယ်”
အသူရာချောက် ကိုးထပ်မှ ထွက်ပေါ်လာသည့် ရဲ့လျိုယွင်၏ အသံသည် ဆန်းလျန်၏ မူလဝိညာဉ်ခန္ဓာကို လှည့်ပတ် နေလေသည်။
ဆန်းလျန် အနေဖြင့် ရဲ့လျိုယွင်၏ ဆင့်ခေါ်မှုကို တားဆီးမည် ဆိုလျှင် လွယ်လွယ်နှင့်ပင် တားဆီးနိုင် လေသည်။ သို့သော် သူက မပြုလုပ်ခဲ့ပါ။
ရှောင်းကျူကို သတ်ခဲ့မိသည့် အတွက် သူသည် ရဲ့လျိုယွင်အပေါ်တွင် အကြွေးတင် နေခဲ့သူ ဖြစ်လေသည်။ ယခုတော့ သူ့အနေဖြင့် ရဲ့လျိုယွင် အပေါ်တွင် တာဝန်ကျေ သွားသလို ခံစားလိုက်ရသည်။ ထိုခံစားချက်က သူ့ကို စိတ်သက်သာရာ ရစေလေသည်။
ထို့နောက်တွင်တော့ ဆန်းလျန်၏ မူလဝိညာဉ် ခန္ဓာသည် သူ၏ရုပ်ခန္ဓာ အတွင်းသို့ ပြန်လည် ရောက်ရှိသွား လေသည်။ သူက မျက်လုံးများကို ဖွင့်ကြည့်လိုက်ပြီး ထိုင်ရာမှ ထလိုက်ကာ ကူးချိုင်ဝေ့နှင့် ရော့ရှီတို့ အနားသို့ လျှောက်သွား လိုက်လေသည်။
တာအို အရည်အချင်းစစ် ပြိုင်ပွဲတွင် ကျောက်စစ်မင်သည် ချိုးရှီတို့ တိုက်ခိုက်နေ ကြလေသည်။
ကျောက်စစ်မင်၏ ခန္ဓာကိုယ်မှာ ဓားတစ်လက်အလား ယိမ်းနွဲ့လှုပ်ရှား နေလေသည်။ သို့သော် ချိုးရှီ၏ ဓားရိပ်က လရောင်အလား ကျောက်စစ်မင် တစ်ကိုယ်လုံးကို လွှမ်းခြုံထား လေသည်။ ထို့ကြောင့် ကျောက်စစ်မင်၏ ဓားချက်သည် ချိုးရှီအနားသို့ပင် ရောက်နိုင်ခြင်း မရှိပေ။
ချိုးရှီမှာ လွယ်ကူသည့် ပြိုင်ဘက်တစ်ယောက် မဟုတ်ကြောင်း ကျောက်စစ်မင် ချက်ချင်း နားလည်လိုက်သည်။ သူရင်ဆိုင် ခဲ့ရသမျှတွင် ထိပ်တန်းအဆင့် ပြိုင်ဘက် တစ်ယောက် ဖြစ်လေသည်။
ချိုးရှီသည် ကျောက်စစ်မင်ကို တဖြည်းဖြည်း ပင်ပန်းနွမ်းနယ် လာသည်အထိ အချိန်ဆွဲကာ တိုက်ခိုက် နေလေသည်။
ကျောက်စစ်မင်သည် ချိုးရှီထံမှ သင်ခန်းစာ ယူသင့်လေသည်။
“ကျွန်တော်က ချိုးရှီကို လင်ထိုင် တာအိုပြိုင်ပွဲကို ခေါ်သွားချင်တယ်၊ အစ်မ ဘယ်လိုသဘောရလဲ”
ဆန်းလျန်က ကူးချိုင်ဝေ့ကို မေးလိုက်သည်။
“သူက သူ့ရဲ့ အားနည်းချက်တွေကို ဖုံးကွယ်ထား ပုံတော့ရတယ်၊ သူက လင်ထိုင် တာအိုပြိုင်ပွဲကို လိုက်ချင်ပါ့မလား”
ကူးချိုင်ဝေ့က ပြန်ပြောလိုက် လေသည်။
ဆန်းလျန်က ရယ်မောလိုက်သည်။
“သူက လက်ခံမှာပါ၊ ပြီးရင်တော့ ရှင်သန်စေခြင်း ကျောင်းတော်ကို သွားဖို့ သူ့ကို တာဝန်ပေး လိုက်မယ်လေ”
ကူးချိုင်ဝေ့မှာ ဆန်းလျန်၏ စကားကြောင့် အံ့သြသွားရသည်။
သူမသည် ရှင်သန်စေခြင်း ကျောင်းတော်ကို တည်ထောင်ခဲ့သူ ဖြစ်သည့်အတွက် ရှင်သန်စေခြင်း ကျောင်းတော်သည် ချင်းရွှမ် နတ်တံခါးအတွက် မည်မျှ အဓိပ္ပာယ် ရှိသည်ကို ကောင်းကောင်း သိထားလေသည်။ ရှင်သန်စေခြင်း ကျောင်းတော်သည် ချင်းရွှမ် နတ်တံခါး၏ အနွယ်တော်ဂိုဏ်းခွဲ ဆိုသည်ထက် ပိုမိုသည့် ရပ်တည်မှု ရှိလေသည်။
အမှန်တော့ ရှင်သန်စေခြင်း ကျောင်းတော်သည် လူ့လောက ပြင်ပကမ္ဘာရှိ ချင်းရွှမ် နတ်တံခါး၏ ပြယုဂ် ဖြစ်လေသည်။ ချင်းရွှမ်နတ်တံခါးကို ကိုယ်စားပြုပြီး ပြည့်ဝသော အဓိပ္ပာယ်ကို ဆောင်လေသည်။
ထို့ကြောင့် ရှင်သန်စေခြင်း ကျောင်းတော်ကို အုပ်ချုပ်သူသည် အရှေ့ပင်လယ် ဒေသ၏ ကျင့်ကြံသူ အသိုင်းအဝိုင်းတွင် သြဇာညောင်းသူ တစ်ယောက် ဖြစ်သင့်လေသည်။ ထိုသူသည် ရွှမ်ထုံနတ်မိစ္ဆာ ဘုရင်မလောက် မတော်လျှင်တောင် မလျော့သော တန်ခိုးစွမ်းအား ရှိသင့်လေသည်။
“သူသာဆိုရင် အခြားသူတွေကို စည်းရုံး သိမ်းသွင်းနိုင်ဖို့ ခက်လိမ့်မယ်”
ကူးချိုင်ဝေ့က ပြန်ပြောလိုက်သည်။
ဆန်းလျန်က ပြုံးလိုက်ရင်း…
“နောက်ကျရင် သူ့ကို လူတိုင်းက အသိအမှတ် ပြုလာမှာပေါ့ဗျာ”