နောက်ဆုံးတိုက်ပွဲ
Vol. 4 Ch. 376
ပြိုင်ပွဲတွင် ချိုးရှီသည် ကျောက်စစ်မင်ကို အနိုင်ရသွား ခဲ့လေသည်။
ပြိုင်ပွဲ၏ နောက်ဆုံး အချိန်ရောက်မှ ကျောက်စစ်မင်က သူ၏မိုးကြိုးဓား ဝိညာဉ်ကို အသုံးပြုခဲ့ လေသည်။ သူက ပြိုင်ပွဲတွင် ရှုံးနိမ့်သည့်တိုင် ချိုးရှီကိုလည်း ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်လေသည်။ သို့သော် အခြေအနေ အရပ်ရပ်ကို လေ့လာထားသည့် ချိုးရှီသည် ကိုယ်ပွားခန္ဓာတစ်ခု ဖန်ဆင်းထား ခဲ့သည့်အတွက် ကျောက်စစ်မင်၏ ရည်ရွယ်ချက်မှာ အောင်မြင်ခဲ့ခြင်း မရှိပေ။
တာအို အရည်အချင်းစစ် ပြိုင်ပွဲတွင် ကျောက်စစ်မင်မှာ ပထမနေရာရရန် အတွက် အများဆုံး ခန့်မှန်းခံထားရသူ ဖြစ်လေသည်။ သို့သော် ထိပ်တန်းရှစ်ယောက် ရွေးထုတ်ပြီးမှ ပထမ နေရာရွေးသည့် ပထမဆုံး တိုက်ပွဲတွင် ကျောက်စစ်မင်သည် အရှုံးဖြင့် ရင်ဆိုင်ခဲ့ရ လေသည်။
အမှန်တော့ ချိုးရှီကို ကျောက်စစ်မင် ရှုံးနိမ့်သွားမည်ဟု မည်သူမျှ မျှော်လင့်မထား မိခဲ့ကြပေ။
ချိုးရှီသည် ကျောက်စစ်မင်နှင့် ယှဉ်လျှင် သာမာန်မထင်မရှား တပည့် တစ်ယောက်သာ ဖြစ်သည် မဟုတ်ပါလား။
ကျောက်စစ်မင်မှာ ဟိုင်သန်း အဆင့်သို့ တက်ရောက်နိုင်ခြင်း မရှိသေးသည့်တိုင် ဟိုင်သန်း အဆင့်ကို ပုံပြောင်းအဆင့် အနည်းငယ်ဖြင့် တက်ရောက် နိုင်ခဲ့သည့် ဆရာသခင် များကိုပင် အနိုင်ရအောင် တိုက်ခိုက်နိုင်ခဲ့သူ ဖြစ်လေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် သူ၏တန်ခိုးစွမ်းအား မည်မျှမြင့်မားကြောင်း သိနိုင်လေသည်။
ရော့ရှီမှာလည်း ပြိုင်ပွဲ တစ်လျှောက်တွင် အရှုံးမရှိ အောင်ပွဲခံလာ ခဲ့လေသည်။
တာအို အရည်အချင်းစစ် နောက်ဆုံး ပြိုင်ပွဲဖြစ်သည့် ပထမနေရာ လုပွဲတွင် ချိုးရှီနှင့် ရော့ရှီ တိုက်ခိုက်ကြရမည် ဖြစ်လေသည်။
ချိုးရှီသာ ပထမနေရာကို ရရှိနိုင်မည်ဟု အများစုက ယုံကြည်ထား ကြလေသည်။
လူ့လောကသို့ သုံးနှစ်တာ ခရီးသွားရာမှ ပြန်ရောက် လာသည့်နောက်ပိုင်း ချိုးရှီ၏ တန်ခိုးစွမ်းအားများ များစွာမြင့်တက် လာသည်ကို ယခုတော့ လူတိုင်းသတိပြုမိ လိုက်ကြပြီ ဖြစ်လေသည်။ ထို့ပြင် ချိုးရှီ၏ ကျင့်စဉ်လမ်းအဆင့် တက်လှမ်းနိုင်မှု မှာလည်း အလွန်မှပင် လျှင်မြန်လာ ခဲ့လေသည်။
ရော့ရှီမှာတော့ အလွန်မှ ငယ်ရွယ်သေးသည်။ သူမသည် လျှို့ဝှက် ဆန်းကြယ်သော တန်ခိုး စွမ်းအားများကို ပိုင်ဆိုင်ထားသည့်တိုင် သူမ၏ ဓားစွမ်းသည် ကျောက်စစ်မင် ကိုတော့ မယှဉ်နိုင်ခဲ့ပေ။ ထို့ကြောင့် အများစုက သူမကို ပထမ နေရာရမည်ဟု မထင်ကြခြင်း ဖြစ်လေသည်။
နောက်ဆုံး တိုက်ပွဲကို သန်းခေါင်ယံ အချိန်တွင် စတင်မည်ဟု ဂိုဏ်းချုပ် ဆန်းလျန်က ကြေညာလိုက် လေသည်။
ယနေ့ညသည် လပြည့်ည ဖြစ်လေသည်။ တာအို အရည်အချင်းစစ် ပြိုင်ပွဲ၏ နောက်ဆုံးပြိုင်ပွဲကို လပြည့်ညတွင် ကြည့်ရမည်မှာ ကြည်နူးစရာပါ။
ထို့ပြင် ဆရာသခင် ယန့်ပုကွေးက အားလုံးကို အရက်တိုက်မည် ဖြစ်ကြောင်းလည်း ဆန်းလျန်က ကြေညာလိုက် လေသည်။
ဆန်းလျန်၏ ကြေညာချက်ကို ကြားလိုက်ရသည်နှင့် ယန့်ပုကွေးမှာ မအီမလည် ဖြစ်သွားလေသည်။ သူက ဆန်းလျန် ကြေညာချက်ကို ကြားမှသာ သူက အရက်တိုက်ရမည့် အကြောင်းကို သိရှိရခြင်း ဖြစ်လေသည်။
သို့သော် အားလုံးက ယန့်ပုကွေးကို အရက်တိုက်ရန် တောင်းဆိုကြ တော့သည်။
ယန့်ပုကွေးမှာ အချင်းချင်း ဂျင်းထည့် သွားသော ဆန်းလျန်ကို ဒေါသချောင်းချောင်း ထွက်နေ သော်လည်း ဆန်းလျန်ကတော့ သူ၏ဒေါသကို အရေးပင် မလုပ်ပေ။
စိုကျင့်တို့ အဖွဲ့ကတော့ မည်သူ အနိုင်ရမည်ကို အလောင်းအစား လုပ်နေကြလေသည်။
ယိယွမ် ပြဒါးဆေးဖြင့် အလောင်းအစား လုပ်နေကြခြင်း ဖြစ်ပြီး တပည့်များသာမက ဆရာသခင်များပါ ပါဝင်နေကြ လေသည်။
စိုကျင့်က လောင်းကြေးများကို တွက်ချက် ကြည့်လိုက်ရာ ယိယွမ် ပြဒါးဆေးမှာ သန်းနှင့်ချီ နေလေသည်။ အားလုံးမှာ ချိုးရှီဘက်မှ လောင်းထားကြခြင်း ဖြစ်ပြီး ချိုးရှီသာ ရှုံးနိမ့်ပါက အားလုံးမှာသူ့ကို စိတ်ဆိုးဒေါသ ထွက်ကြမည်ကို စိုကျင့်က စိတ်ပူနေလေသည်။
စိုကျင့်က ချိုးရှီနှင့် မရင်းနှီး သော်လည်း သိပ်ပြီး မစိမ်းပေ။
ချိုးရှီဘက်မှ လောင်းကြေးများမှာ အရမ်းများ နေသည့်အတွက် ချိုးရှီသာ ဂိုဏ်းတူညီမလေး ဆန်းရော့ရှီကို ရှုံးနိမ့်သွားပါက အမှန်တကယ်ပင် အရှက်ကွဲရမည် ဖြစ်လေသည်။
ဆန်းလျန်သည် စိုကျင့်နှင့် တပည့်များ ပြုလုပ်နေသည့် အလောင်းအစားပွဲကို ရိပ်မိသော်လည်း တားဆီးခြင်း မရှိသလို ပါဝင် ပတ်သက်ခြင်းလည်း မရှိပေ။
လမင်းသည် ထိန်ထိန်သာနေပြီး လရောင်သည် တိမ်လွှာ ကွင်းပြင်ထက်သို့ ဖြာကျနေလေသည်။
ဆန်းလျန်သည် ကူးချိုင်ဝေ့၏ ဘေးတွင် မတ်တတ်ရပ် နေလေသည်။ သူ၏ပုံစံမှာ ယောက်ျားပီသစွာ ချောမောလွန်း လှလေသည်။
“မောင်လေး၊ မင်းက တပည့်တွေ အားလုံးအပေါ်မှာ လေ့လာမှုအား အကောင်းဆုံးပဲ၊ ဒီည ဘယ်သူ နိုင်မယ်လို့ ထင်သလဲ”
ကူးချိုင်ဝေ့က ဆန်းလျန်ကို မေးလိုက်သည်။
ဆန်းလျန်က ကောင်းကင်ထက်မှ လမင်းကို ငေးကြည့်လိုက်ရင်းမှ ကူးချိုင်ဝေ့၏ အမေးကို ဖြေလိုက်သည်။
“ပြိုင်ပွဲတစ်ခုရဲ့ အနိုင်အရှုံး ဆိုတာက ကြိုတင်သတ်မှတ်လို့ ရတဲ့အရာမှ မဟုတ်တာ၊ နောက်ဆုံးအချိန်ထိ ဘယ်သိနိုင်မှာလဲ၊ ဒီတော့ ပြိုင်ပွဲရဲ့ရလဒ် အကြောင်းကို မပြောဘဲ ရော့ရှီနဲ့ ချိုးရှီ အကြောင်းကိုပဲ ပြောကြရအောင်လေ”
ကူးချိုင်ဝေ့က မျက်တောင် လေးများကို တစ်ဖျပ်ဖျပ် ခတ်လိုက်ရင်း…
“မင်းက ရော့ရှီအကြောင်း ပြောပြလေ၊ အစ်မက ချိုးရှီအကြောင်း ဝေဖန်ပေးမယ်”
“အစ်မ ပြောချင်တဲ့ သူအကြောင်း ပြောပါဗျာ”
“မင်းပြောသမျှ ကိုတော့ အစ်မက ရော့ရှီလေးကို အကုန် ပြန်ပြောမှာနော်”
ကူးချိုင်ဝေ့က စ နောက် လိုက်လေသည်။
ဆန်းလျန်က မျက်နှာထား တည်တည်ဖြင့်…
“ကဲ… အစ်မပြောချင်တဲ့ သူအကြောင်း စပြောတော့လေ”
ကူးချိုင်ဝေ့က ခေါင်းတစ်ချက် ညိတ်လိုက်ပြီး သိမ်မွေ့စွာဖြင့် စကားစပြောသည်။
“ချိုးရှီက မမျှော်လင့်ဘဲ အောင်မြင်မှု ရခဲ့ပေမဲ့ သူကျင့်ကြံခဲ့တဲ့ ကျင့်စဉ်က ချင်းရွှမ် နတ်တံခါးရဲ့ ကျင့်စဉ် တစ်ရာ့ရှစ်မျိုးထဲက ဆေးရွက်ပညာ ဘက်ကိုသွားတဲ့ သံလွင်ကြယ်စင် ကျင့်စဉ်ကို လေ့လာနေခဲ့တာ၊ ဒါပေမဲ့ ဒီပညာကို အောင်မြင်အောင် ကျင့်ကြံနိုင်ရင်လည်း သူ့ရဲ့ တန်ခိုးစွမ်းအားက အဆုံးမရှိ မြင့်မားလာမှာပဲ၊ ဒါကြောင့်လည်း သူက ကျောက်စစ်မင်ကို အနိုင်ရ ခဲ့တာပဲပေါ့၊ ဒါပေမဲ့ သူ့ရဲ့ ကျင့်စဉ်လမ်း အဆင့်က ကျောက်စစ်မင် ထက်ပိုပြီး မြင့်မားနေတဲ့ အတွက်လည်း အနိုင်ရခဲ့တာလို့ ထည့်ပြောရမယ်၊ ရော့ရှီလေးကတော့ အစ်မတောင် နားမလည်နိုင်တဲ့ ထူးခြားတဲ့ တန်ခိုး စွမ်းအားတွေကို ပိုင်ဆိုင်ထားတာ၊ ဒါပေမဲ့ သူမရဲ့ ဇွဲရှိမှုကတော့ ချိုးရှီနဲ့ သိပ်မတူဘူး”
“ချိုးရှီက သူ့ရဲ့ တိုက်ကွက် အဟောင်းတွေ အတိုင်းပဲ တိုက်ခိုက်လိမ့်မယ်လို့ အစ်မထင်လား၊ သူက အားနည်းချက်ကို ဖုံးကွယ်ပြီး ခံစစ်ကနေမယ်လို့ ထင်လား”
ဆန်းလျန်က ပြန်မေးလိုက်သည်။
ကူးချိုင်ဝေ့က ခေါင်းခါယမ်း လိုက်သည်။
“အစ်မကတော့ ချိုးရှီ အဲဒီလို လုပ်လိမ့်မယ် မထင်ဘူး၊ သူက အရင်စပြီး တိုက်ခိုက်မယ် ထင်တယ်”
ဆန်းလျန်က သိမ်မွေ့စွာဖြင့် ပြုံးလိုက်ရင်း…
“ဘာလို့ ဒီလိုဖြစ်ရမှာလဲ”
“မင်းကို အသေးစိတ် ရှင်းပြစရာ လိုသေးလို့လား”
ကူးချိုင်ဝေ့က ပြန်ပြောလိုက် လေသည်။
“အစ်မရယ်၊ အစ်မက တကယ့်ကို ပညာရှိပါပေတယ်၊ ရော့ရှီက အိပ်မက်လိပ်ပြာ ကျင့်စဉ်ကို ကျင့်ကြံပြီးတော့ သူ့ရဲ့ ဓားသိုင်းကလည်း ယင်နဲ့ယန်ကို ပေါင်းစပ်ထားတဲ့ ဓားသိုင်းပဲ၊ သူတိုက်ခိုက်ရင် ဘယ်တော့မှ ရပ်တန့်သွားမှာ မဟုတ်ဘူး၊ ယင်နဲ့ ယန်ရဲ့ ပြောင်းလဲမှု လေးမျိုးက တန်ခိုးစွမ်းအား ရှစ်မျိုးကို ပုံဖော်တယ်၊ ချိုးရှီသာ ရော့ရှီကို ခံစစ်က တိုက်ခိုက်မယ်ဆိုရင် ရော့ရှီကို ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့် ရော့ရှီနဲ့ ရင်ဆိုင်ရတဲ့အခါ ချိုးရှီအနေနဲ့ တိုက်စစ်ကို အသုံးပြုတာ အကောင်းဆုံးပဲ၊ တကယ်လို့ ခံစစ်ပဲ တိုက်မယ်ဆိုရင် ရော့ရှီရဲ့ ယင်နဲ့ ယန် ပေါင်းစပ်ထားတဲ့ ဓားသိုင်းကို သူ ခုခံနိုင်မှာ မဟုတ်ဘူး”
ဆန်းလျန်က ပြုံးရင်ဖြင့်ပင် ပြောလိုက်လေသည်။
ကူးချိုင်ဝေ့က သက်ပြင်းတစ်ချက် ချလိုက်ရင်း…
“ချိုးရှီက တိုက်ပွဲအစမှာ မှန်မှန်ကန်ကန်နဲ့ တိုက်ခိုက်နိုင်တယ် ဆိုရင်တောင်မှ သူ့အနေနဲ့ အနိုင်ရဖို့ ခက်ခဲလိမ့်မယ်၊ ဒါပေမဲ့ မင်းက ရော့ရှီရဲ့ မှော်ဝင်မိစ္ဆာဓားကို ယူထားလိုက်တော့ ချိုးရှီအတွက် အနိုင်ရဖို့ မျှော်လင့်ချက်တော့ ရှိသွားတာပေါ့”
ကူးချိုင်ဝေ့၏ စကားမှာ အမှန်ပင် ဖြစ်လေသည်။
တာအို တိုက်ပွဲများတွင် မှော်ဝင်လက်နက် များကလည်း အရေးပါးသည့် အခန်းကဏ္ဍတွင် ပါဝင်လေသည်။
မှော်ဝင်မိစ္ဆာဓားသည် မိစ္ဆာဓားတစ်လက် ဖြစ်လေသည်။ တစ်ချိန်တည်းမှာဝင် မှော်ဝင်ဓား တစ်လက်လည်း ဖြစ်လေသည်။ ထိုဓားဖြင့်သာ တိုက်ခိုက်မည်ဆိုလျှင် ရော့ရှီ၏ တန်ခိုးစွမ်းအားများ ပိုပြီးမြင့်မား လာမည်မှာ အသေအချာပင် ဖြစ်လေသည်။
“ဒါဆို ရော့ရှီ ရှုံးမယ်လို့ အစ်မ ထင်သလား”
ဆန်းလျန်က မေးလိုက်သည်။
“အစ်မက ချိုးရှီအနေနဲ့ နိုင်ချေရှိတယ်လို့ပဲ ပြောတာပါ”
ကူးချိုင်ဝေ့က ပြန်ဖြေလိုက်သည်။
ဆန်းလျန်က ချိုးရှီနှင့် ရော့ရှီအကြောင်း စကားဆက် မပြောတော့ပါ။
သူက ကောင်းကင်ထက်မှ လပြည့်ဝန်းကို မော့ကြည့်လိုက်ရင်း…
“ဒီည လက ထိန်ထိန်သာ နေတာပဲ”
သန်းခေါင်ယံအချိန် နီးကပ်လာပြီ ဖြစ်လေသည်။
ချိုးရှီသည် ပွဲကြည့်စင်မြင့် တစ်နေရာတွင် တစ်ယောက်တည်း ထိုင်နေလေသည်။ သူ၏ပုံစံက တည်ငြိမ်နေလေ၏။ ပြိုင်ပွဲယှဉ်ပြိုင်ရန် အချိန်ကျသည့်အခါ သူက တိမ်လွှာ ကွင်းပြင်ထက်သို့ ဖြည်းညင်းစွာဖြင့် ခုန်ဆင်းလာ လေသည်။
ညသန်းခေါင်ယံအချိန် နီးလာပြီ ဖြစ်သည့်တိုင် ရော့ရှီကတော့ ရောက်လာခြင်း မရှိသေးပါ။
ဆရာဘိုးဘိုး ကယ်ယွမ်းက မျက်မှောင်ကြုတ် ထားလေသည်။ ရော့ရှီသည် ဂိုဏ်းချုပ်၏ တူမလေး ဖြစ်သည့်တိုင် စည်းကမ်း ဖောက်ဖျက်ပြီး ပြိုင်ပွဲဝင်ရမည့် အချိန်တွင် ရောက်ရှိမလာပါက အရှုံးအဖြစ် သတ်မှတ်မည်ဟု သူက ဆုံးဖြတ်ထား လေသည်။
ထိုအချိန်တွင်…
ငယ်ရွယ်သည့် မိန်းကလေးသည် လပြည့်ဝန်းထက်မှ ပျံဝဲ ထွက်ပေါ်လာလေသည်။ သူမသည် သန့်စင်သည့် အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထား လေသည်။ သူမလက်ထဲတွင် ထင်းရှူးကိုင်း တစ်ကိုင်းကို ကိုင်ဆောင်ထားပြီး တိမ်လွှာ ကွင်းပြင်ထက်သို့ ဆင်းသက်လာ လေသည်။
အမှန်တော့ ရော့ရှီသည် နောက်ဆုံးတိုက်ပွဲ မတိုက်ခိုက်မီ ထိုက်ယီ တောင်ထိပ်သို့ သွားကာ ရေချိုးသန့်စင်ကာ အဝတ်အစားလဲ လိုက်လေသည်။
ထို့နောက်…
သူမက ဟွမ်ထင်ကျမ်းစာ ရေးထွင်းထားသည့် ကျောက်နံရံကြီးဆီသို့ သွားကာ ဟွမ်ထင် ကျမ်းစာကို ရွတ်ဆိုနေ ခဲ့လေသည်။ ထို့နောက် သူက ကျောက်နံရံကြီး အနားရှိ ထင်းရှူးပင် တစ်ပင်မှ ထင်းရှူးကိုင်း တစ်ကိုင်းကို ချိုးကာ ပြိုင်ပွဲ ယှဉ်ပြိုင်ရမည့် တိမ်လွှာ ကွင်းပြင်ဆီသို့ ထွက်ခွာလာခဲ့ခြင်း ဖြစ်လေတော့သည်။
***