မီးခိုးစိမ်းဓားဝိညာဉ်
Vol. 4 Ch. 377
ချိုးရှီက တည်ငြိမ် နေလေသည်။
သူက ကောင်းကင်ထက်မှ တိမ်လွှာ ကွင်းပြင်ဆီသို့ ဆင်းသက်လာသည့် ရော့ရှီကို စူးရှသည့် အကြည့်များဖြင့် စိုက်ကြည့် နေလေသည်။
ရော့ရှီသည် အလွန်မှ ငယ်ရွယ် လွန်းသည့်တိုင် အလွန်မှ ချောမောလှပ သည်ကိုတော့ မည်သူမှ မငြင်းနိုင်ပေ။
ခါးအထိ ရှည်လျားသည့် ဆံနွယ်များနှင့် ချောမောလွန်းသည့် မျက်နှာသွင်ပြင် ရှိလေသည်။ သူမ၏လက်ထဲတွင် ထင်းရှူးကိုင်း တစ်ကိုင်းကို ကိုင်ထားလေသည်။ ထိုထင်းရှူး ကိုင်းသည် လေထဲတွင် လွင့်မျောနေပြီး မိုးမခပင်ကို ကိုင်ဆောင်ထားသည့် ကွမ်ယင်မယ်တော် အလား ကျက်သရေနှင့် ပြည့်စုံလွန်း လှလေသည်။
လရောင်အလင်းဖြင့် ထွန်းလင်း တောက်ပသည့် ညတွင် နှင်းပွင့်များကလည်း ကျဆင်းနေ လေသည်။
ပြိုင်ပွဲယှဉ်ပြိုင်ရာ တိမ်လွှာကွင်းပြင် ဆီသို့ ရော့ရှီ ရောက်ရှိလာသည်နှင့် ကောင်းကင်ထက်မှ လမင်းကို အနက်ရောင် တိမ်တိုက်များက ဖုံးလွှမ်းသွား လေသည်။
အလင်းရောင်မှာ အားနည်းသွားသည့် အတွက် ပြိုင်ဘက်၏ တည်ရှိမှုကို စိတ်အာရုံဖြင့်သာ သိမြင်နိုင်တော့မည်။
သို့သော် ရော့ရှီသည် တိမ်လွှာ ကွင်းပြင်ထက်သို့ ခြေချမိသည်နှင့် ပျောက်ကွယ်သွား ပြန်လေသည်။
ချိုးရှီသည် ရော့ရှီကို တိုက်ခိုက်ရန် အတွက် တာအို တန်ခိုးစွမ်းအား များကို အဆင်သင့် ပြင်ဆင်ထားလေရာ သူက ရော့ရှီမှာ ထိုသို့ပျောက်ဆုံး သွားလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
သို့သော် သူက တည်ငြိမ်နေဆဲ ဖြစ်ပြီး လက်ဟန် တစ်ခုပြုလုပ်ကာ တာအိုတန်ခိုး စွမ်းအားများကို ဖော်ထုတ်လိုက် လေသည်။
ရုတ်တရက် လေပြင်များ တိုက်ခတ်သွားပြီး အတိုင်းအဆ မရှိသည့် နတ်ဘုရား အလင်းတန်းတစ်ခု ဖြာထွက်လာ လေသည်။
နတ်ဘုရား အလင်းတန်းသည် ကြိုးတစ်ခုအလား ကောင်းကင်ကို ဖြတ်၍ ပျံသန်းသွားလေသည်။
“သူက ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်ကို ကျင့်ကြံတဲ့သူ မဟုတ်ဘဲနဲ့ ကောင်းကင်၊ ရေနဲ့ လေ ဒြပ်စင်စွမ်းအား သုံးမျိုးကို အသုံးပြုနိုင်တယ်၊ စိတ်ဝင်စားစရာပဲ”
ကူးချိုင်ဝေ့က ပြောလိုက်ခြင်း ဖြစ်လေသည်။
ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်တွင် ကောင်းကင်၊ မြေကြီး၊ တောင်၊ ရွှံ့၊ ရေ၊ မီး၊ လေနှင့် လျှပ်စီး ဆိုသည် ဒြပ်စင်စွမ်းအား ရှစ်မျိုး ပါဝင်လေသည်။ ထိုဒြပ်စင်စွမ်းအား ရှစ်မျိုးကို အသုံးပြုကာ ကျင့်ကြံသူသည် အမျိုးမျိုးသော တန်ခိုးစွမ်းအား များကို ဖော်ထုတ်အသုံးပြု နိုင်လေသည်။
ချိုးရှီ ကျင့်ကြံထားသည် သံလွင်ကြယ်စင် ကျင့်စဉ်သည် ထူးခြားသည့်တိုင် ဒြပ်စင်စွမ်းအား ရှစ်မျိုး၏ သဘော သဘာဝကို အသုံးပြုနိုင်သည့် ကျင့်စဉ် မဟုတ်ပေ။
ချိုးရှီတွင် သူ၏ကျင့်စဉ်ကို ပြောင်းလဲရန် တာအိုကျင့်စဉ် တစ်ခု ရှိနေသည်မှာ ထင်ရှားလေသည်။
သူ၏ လျှို့ဝှက် ကျင့်စဉ်သည် ထိုက်ရွှီး နည်းဗျူဟာနှင့် ဆင်တူသည့်တိုင် ထိုက်ရွှီး နည်းဗျူဟာကဲ့သို့ တန်ခိုးစွမ်းအား မြင့်မားလွန်း ခြင်းတော့ မရှိသေးပေ။
ချိုးရှီက တန်ခိုးစွမ်းအားများကို အသုံးပြု တိုက်ခိုက် ပြီးသည်နှင့် တိမ်လွှာ ကွင်းပြင်ထက်တွင် ရော့ရှီ ပြန်ပေါ်လာလေသည်။
ရော့ရှီသည် မှောင်မိုက်သွားသည့် ပတ်ဝန်းကျင် အနေအထားကို အသုံးပြုကာ တိုက်ခိုက်မှုကို စတင်ခဲ့ခြင်း ဖြစ်လေသည်။ ရော့ရှီ၏ မိုးမြေစွမ်းအားများကို အသုံးပြုနိုင်စွမ်းသည် ချိုးရှီထက် သာလွန်လေသည်။
ပြိုင်ပွဲကို ကြည့်နေကြသည့် တပည့်များမှာ ချိုးရှီနှင့် ရော့ရှီတို့လောက် တန်ခိုးစွမ်းအား မမြင့်မား ကြသည့်တိုင် တာအို ကျင့်စဉ်လမ်းကို နားလည်သည့် ချင်းရွှမ်နတ်တံခါးမှ တပည့်များ ဖြစ်ကြသည့်အတွက် တိုက်ပွဲ အခြေအနေကို လေ့လာသုံးသပ် နေကြလေသည်။
ချိုးရှီသည် သူ၏ တန်ခိုးစွမ်းအားကို ဖော်ထုတ်ပြီး ဂိုဏ်းတူညီမလေး ဆန်းရော့ရှီကို စတင် တိုက်စစ်ဆင် ခဲ့သည်။ ထို့ပြင် ချိုးရှီ၏ တန်ခိုးစွမ်းအားမှာ နက်ရှိုင်းပြီး တိုက်ခိုက်မှု အဟုန်မှာလည်း လျင်မြန်လေသည်။
သိပ်မကြာမီပင် ချိုးရှီသည် ဆန်းရော့ရှီ၏ ဟာကွက်ကို တွေ့ရှိသွားနိုင်မည် ဖြစ်လေသည်။ ထိုအခါ ချိုးရှီသည် တိုက်ပွဲတွင် နိုင်ချေပိုများလာ နိုင်လေသည်။
သို့သော် ရော့ရှီက ဟာကွက်မရှိအောင် ပြန်လည် တိုက်ခိုက်ရင်း ခံစစ် အနေအထားဖြင့် ရှိနေလေသည်။
ထို့နောက် သူမ၏ တန်ခိုးစွမ်းအားကို အသုံးပြုကာ လမင်းကို အနက်ရောင် တိမ်များဖြင့် ဖုံးအုပ်လိုက်ပြီး ခံစစ်မှ ထိုးစစ်သို့ ပြောင်းလဲလိုက် လေသည်။
ရုတ်တရက်…
လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး တန်ခိုးစွမ်းအား လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်သွားကာ လမင်းကို ဖုံးနေသည့် တိမ်တိုက်များကို ဖယ်ရှားပစ် လိုက်လေသည်။
ချိုးရှီ၏ တန်ခိုးစွမ်းအားမှာ အထင်ကြီး လေးစားဖွယ်ရာပင် ဖြစ်လေသည်။
ဆန်းရော့ရှီက ယင်နှင့် ယန် ပေါင်းစည်းကာ အနက်ရောင် တိမ်တိုက်များကို ဖန်ဆင်း ခဲ့လေသည်။ သို့သော် ချိုးရှီကတော့ သူ၏ကိုယ်ပိုင် တန်ခိုးစွမ်းအားကို လေပြင်း တစ်ချက်အဖြစ် အသွင်ပြောင်းကာ အနက်ရောင် တိမ်တိုက်များကို ဖယ်ရှားပစ် လိုက်လေသည်။
လျှပ်စီးတစ်ချက် လက်သွားပြီး မိုးကြိုး ပစ်ခတ်မှုကြောင့် တိမ်လွှာ ကွင်းပြင်ပင် တုန်ခါသွားရ လေသည်။ ပတ်ဝန်းကျင် တစ်ခုလုံးမှ မိုးမြေစွမ်းအားများ လှုပ်ရှားသွား လေသည်။
လျှပ်စီး အလက်တွင် တည်ငြိမ်နေသည့် ရော့ရှီ၏ မျက်နှာကို မြင်တွေ့ရမည် ဖြစ်လေသည်။ မိုးကြိုးပစ်သံသည် သူမကို လုံးဝ အနှောင့်အယှက် မဖြစ်ခဲ့ပေ။
ရော့ရှီ၏ လက်ထဲတွင် ကိုင်ထားသည့် ထင်းရှူးကိုင်းသည် လေထဲတွင် လှပစွာ ပျံ့လွင့်နေ လေသည်။ ချိုးရှီ ထုတ်လွှတ်လိုက်သည် မိုးကြိုး လျှပ်စီးများကို သူမ၏ ထင်းရှူးကိုင်းဖြင့် ခုခံကာကွယ် လိုက်လေသည်။
ချိုးရှီ၏ မျက်နှာမှာ မည်းမှောင် သွားလေသည်။ သူ၏ အင်္ကျီလက်တွင် ဓားချက် တစ်ချက်ကို မြင်တွေ့လိုက်ရ လေသည်။ ဂိုဏ်းတူညီမလေး ဆန်းရော့ရှီ၏ ဓားသိုင်းပညာ၏ အမြန်နှုန်းနှင့် တိကျမှုသည် ကျောက်စစ်မင်ထက် သာလွန်လေသည်။
ရော့ရှီ၏ ထင်းရှူးကိုင်းထဲမှ ထွက်ပေါ်လာသည့် ဓားချက်သည် ယင်နှင့်ယန်၏ ဟန်ချက်ကို ပြောင်းလဲ စေလေသည်။ ထိုဓားချက်သည် မိုးကြိုးကိုပင် ငြိမ်သက် စေခဲ့သည်။
သို့သော် ချိုးရှီကလည်း စိတ်ပျက်သွားခြင်း မရှိပါ။
သူ၏ အင်္ကျီလက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ တန်ခိုးစွမ်းအား များသည် မြစ်တစ်စင်းအလား စီးဆင်း ထွက်ပေါ် လာလေသည်။
သူ၏ခေါင်းထိပ်မှ မီးခိုးများ အစိမ်းရောင် အခိုးအငွေ့များ ထွက်ပေါ်လာပြီး ထိုအခိုးအငွေ့ များသည် မရေမတွက် နိုင်သည့် ဓားဝိညာဉ်များ အဖြစ်သို့ ပြောင်းလဲသွား လေသည်။ ထိုဓားဝိညာဉ်များက ရော့ရှီကို ထိုးစိုက်ချလိုက် လေသည်။
“သူက ချန်ချင်းကျီရဲ့ မီးခိုးငွေ့စိမ့် ဓားဝိညာဉ် ကိုတောင် သင်ယူထားတာကိုး”
ကူးချိုင်ဝေ့က အံ့သြစွာဖြင့် ပြောလိုက်လေသည်။
ဆန်းလျန်လည်း ချန်ချင်းကျီ ဆိုသော အမည်ကို ကြားဖူးလေသည်။ ချန်ချင်းကျီသည် ကျင့်ကြံသူ လောကတွင် နာမည် ကျော်ကြားသူ တစ်ယောက် ဖြစ်လေသည်။
သူ၏အမည်ရင်းမှာ လီစိုကျော်ဖြစ်ပြီး မိဘမဲ့ကလေး တစ်ယောက် ဖြစ်လေသည်။ သို့သော် သူ့ဘဝတွင် အလှည့်အပြောင်း များစွာကို ရင်ဆိုင်ခဲ့ရပြီး နတ်မိစ္ဆာ အမြုတေကို စားသုံးခဲ့ မိလေသည်။ ထို့ကြောင့် အသက်ရှည် ရုံသာမက ထူးခြားသူ တစ်ယောက် ဖြစ်လာခဲ့သည်။
ထို့နောက် သူသည် တာအို ကျင့်စဉ်များကို ကျင့်ကြံကာ နတ်ဘုရားတစ်ပါး ဖြစ်လိုသည့် အတွက် တောအထပ်ထပ် တောင်အသွယ်သွယ်သို့ ခရီးနှင်ကာ ပညာသင်ယူရန် ခရီးနှင်ခဲ့ လေသည်။
သို့သော် … သူ၏ အသက်ရွယ်နှင့် နတ်မိစ္ဆာအမြုတေကို စားသုံးခဲ့ခြင်း များကြောင့် မည်သည့် နတ်ဘုရားဂိုဏ်းကမှ သူ့ကို တပည့်အဖြစ် လက်မခံခဲ့ပေ။
နောက်ဆုံးတွင်တော့ သူသည် လက်လျှော့လိုက်ကာ သာမန်မိန်းမပျို တစ်ယောက်နှင့် လက်ထပ်ကာ ရွာလေးတစ်ရွာတွင် ငြိမ်းချမ်းစွာ နေထိုင်ခဲ့လေသည်။
တစ်နေ့တွင်တော့ သူသည် မိတ်ဆွေ တစ်ယောက်ဆီသို့ သွားရောက် လည်ပတ်ပြီး ရွာသို့ ပြန်လာခဲ့လေသည်။
ထိုအချိန်တွင်…
သူ၏ မိသားစုအပါအဝင် ရွာသားများ အားလုံးသည် နတ်မိစ္ဆာဂိုဏ်း တစ်ဂိုဏ်း၏ သတ်ဖြတ်ခြင်းကို ခံထားရသည်ကို သူတွေ့ရှိခဲ့ရ လေသည်။
နတ်မိစ္ဆာဂိုဏ်းမှ ဘုရင်မှ လူသားအသွင် ပြောင်းလဲနိုင်သည့် တန်ခိုးစွမ်းအား မြင့်မားသည့် နတ်မိစ္ဆာ ဘုရင်တစ်ပါး ဖြစ်လေသည်။
သူ့အနေဖြင့် မည်သို့မျှ မတတ်နိုင်ခဲ့ပေ။
သို့သော်…
သူသည် အမည်မရှိသော ဓားကျမ်းတစ်ခုကို အမှတ်မထင် တွေ့ရှိကာ လေ့ကျင့်ခဲ့ရာမှ ဟိုင်သန်း အဆင့်ကို တက်ရောက် နိုင်သည်အထိ ကျင့်ကြံနိုင်ခဲ့ကာ နတ်မိစ္ဆာဘုရင်ကို လက်စားချေနိုင် ခဲ့လေသည်။
ထိုအချိန်မှစပြီး သူသည် လောကတစ်ခွင်ရှိ နတ်မိစ္ဆာများကို လိုက်လံနှိမ်နင်း သတ်ဖြတ် လေတော့သည်။
သူသည် စိတ်ထား အလွန်ပြင်းထန်ပြီး ဘဝကိုလည်း အထီးကျန်ဆန်စွာ ဖြတ်သန်း ခဲ့လေသည်။ နောက်ဆုံးတွင် ပင်လယ်ပြင်တွင် ခရီးနှင် ထွက်ခွာသွားရင်း သူ့အကြောင်း သည်လည်း ပျောက်ကွယ်သွား ရလေသည်။
သို့သော် သူထွက်ခွာမသွားမီ သဲကန္တရ တစ်ခုတွင် တိုက်ပွဲတစ်ပွဲ ဆင်နွှဲခဲ့လေသည်။
ထိုတိုက်ပွဲတွင် ကြာပန်းစိမ်းဂိုဏ်းမှ ဆရာသခင် တစ်ပါးနှင့် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး သူက မီးခိုးစိမ်း ဓားဝိညာဉ်ကို အသုံးပြုကာ တိုက်ပွဲတွင် အနိုင်ရခဲ့လေသည်။
ကြာပန်းစိမ်းဂိုဏ်းမှ ဆရာသခင်သည် သူ၏လက်ချက်ဖြင့် သေဆုံးခဲ့ရသည့် အတွက် ကျင့်ကြံသူ လောကတစ်ခုလုံး အံ့သြတုန်လှုပ် ခဲ့ကြရလေသည်။
ချိုးရှီသည် တည်ငြိမ်နေဆဲ ဖြစ်လေသည်။
ကောင်းကင် တစ်ခုလုံးတွင် မီးခိုးစွမ်း ဓားဝိညာဉ်များက ဖုံးလွှမ်း နေလေသည်။
ပြိုင်ပွဲကို ကြည့်နေကြသည့် တပည့်များသည် သူတို့၏ ဂိုဏ်းတူညီမလေး ဆန်းရော့ရှီ အတွက် စိတ်ပူပန်နေမိကြ လေတော့သည်။
***