← Chapters

နှစ်ထရီလီယံ လှူဒါန်းခြင်း

Vol. 42 Ch. 441

နှစ်ထရီလီယံ လှူဒါန်းခြင်း

Vol. 42 Ch. 441

ဖုန်းယွီချင်း၏ လူစိတ်ဝင်စားခံချင်သည့် အစီအစဉ်မှာ ပျက်ပြားသွားခဲ့ရပြီးနောက် သူမက သူမ၏ အခွန်များကိုသာ လိမ်မာစွာဖြင့် သွားပေးဆောင်ခဲ့ရတော့သည်။

သူမ၏ ဝင်ငွေ ၂၈၄၉.၇ ဘီလီယံအတွက် အခွန်မှာ ၁၁၃၉.၈ ဘီလီယံအထိ ရှိနေခဲ့ပေသည်။

ဤပမာဏမှာ ဒုတိယနေရာတွင်ရှိသော ထိုက်ယိမဟာမိတ်၏ စုစုပေါင်းစာရင်းထက်ပင် များစွာ ကျော်လွန်နေခဲ့ရာ ရွှမ်ယွင်မျှော်စင်၏ ငွေကြေးဓန မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို သိသာစေသည်။

သေချာပေါက်ပင် ၎င်းမှာ ထန်ထျန်းက သူမထံသို့ ငွေများ ပို့ပေးခဲ့ခြင်းနှင့်လည်း များစွာ ပတ်သက်နေပေသည်။

သို့သော် ထန်ထျန်း၏ စိတ်အခြေအနေမှာမူ တော်တော်လေး ကောင်းမွန်နေသည်၊ ပို့ပေးလိုက်သော ငွေများမှာ ယခုအခါ ကျန့်ဟွမ်းတောင်အတွင်းသို့ အခြေခံအားဖြင့် ပြန်လည်ရောက်ရှိသွားပြီဖြစ်ရာ ၎င်းကို ကျန့်ဟွမ်းတောင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ပေးလိုက်သည်ဟုသာ သဘောထားလိုက်တော့သည်။

ဖုန်းယွီချင်း၏ တက်ကြွစွာ အခွန်ဆောင်မှုမှာ မင်ရွှမ်အင်မော်တယ်အရှင်၏ ကြည်ဖြူမှုကို မရရှိခဲ့သော်လည်း တစ်ဖက်တွင်မူ စံပြလုပ်ရပ်တစ်ခု ဖြစ်သွားခဲ့ပေသည်။

ထို့နောက် ထိုက်ယိမဟာမိတ်၊ မိုမိသားစု၊ ရှန်းယွဲ့ရေကန် စသည့် ထိပ်တန်းအင်အားစုများမှာလည်း သူတို့၏ အခွန်များကို စတင်ပေးဆောင်လာကြသည်။

သူတို့မှာ အခြေခံ အုတ်မြစ်ကြီးမားသူများ ဖြစ်ကြသဖြင့် ဤမျှသော ငွေကြေးမှာ သူတို့အား အထိနာစေသည်အထိ မဖြစ်စေနိုင်ပေ။

သို့သော် အသေးစားနှင့် အလယ်အလတ် ကုန်သွယ်ရေးအသင်းများအတွက်မူ တော်တော်လေး ခက်ခဲနေဆဲ ဖြစ်သည်၊ လူတိုင်းမှာ သူတို့၏ ချစ်သူလေးကို ဘေးအိမ်က အဘိုးကြီးဝမ်က အတင်းအဓမ္မ လုယူသွားသကဲ့သို့ ငိုမဲ့မဲ့ မျက်နှာများ ဖြစ်နေကြရသည်။

၎င်းကို မြင်သည့်အခါ ထန်ထျန်းကလည်း ထရပ်လိုက်သည်။

ဘေးနားရှိ မိုကျွင်းမှာ ချက်ချင်းပင် မှင်တက်သွားပြီး မေးလိုက်သည်။ "မင်း ဘာလုပ်မလို့လဲ"

"မင်းက အရှုံး ပြနေတာဆိုတော့ အခွန်ဆောင်ဖို့ မလိုဘူးလေ၊ ဘာလို့ ထရပ်တာလဲ"

ထန်ထျန်းက ရယ်ကာ ပြောသည်။ "ဘယ်သူက အခွန်ဆောင်ဖို့ မလိုရင် မဆောင်ဘူးလို့ ပြောလို့လဲ"

"ထျန်းဖူနန်းတော်ရဲ့ တပည့်တစ်ယောက်အနေနဲ့ ဒီလိုကိစ္စမျိုးမှာ ကျွန်တော် က အမြဲတမ်း တက်တက်ကြွကြွ ရှိနေကျပဲ။"

ပြောပြီးနောက် သူက ထိုင်ခုံမှ ထကာ အခွန်ကောက်ခံနေသည့် အကြီးအကဲရှိရာသို့ တိုက်ရိုက် လျှောက်သွားတော့သည်။

မိုကျွင်းမှာ ခဏမျှ ကြောင်အသွားပြီးနောက် အလျင်အမြန် ထကာ နောက်မှ လိုက်သွားခဲ့သည်။

"ဒီကောင်ကတော့..."

"နောက်ထပ် လှုပ်ရှားမှု အကြီးကြီးတစ်ခုခု ထပ်လုပ်ဦးမလို့လား မသိဘူး"

.....

အခွန်ကောက်ခံသည့် အကြီးအကဲ၏ ရှေ့တွင် လူတန်းကြီးမှာ ရှည်လျားနေပြီ ဖြစ်သည်။

မိုကျွင်း၏ ပြောပြချက်အရ ယခင်ကဆိုလျှင် ကျန့်ဟွမ်းတောင်က လူသီးသန့်လွှတ်ကာ အသင်းခေါင်းဆောင်များထံသို့ ကိုယ်တိုင်သွား၍ အခွန်ကောက်ခံလေ့ရှိသည်ဟု သိရသည်။

ယခုတစ်ကြိမ်မှာမူ အမှန်တကယ်ပင် ကွာခြားနေခဲ့ပေသည်။

သို့သော် ကံကောင်းသည်မှာ လုပ်ထုံးလုပ်နည်း အများကြီး မရှိဘဲ သတ်မှတ်ထားသော ပမာဏအတိုင်း အပြည့်အဝ ပေးဆောင်လိုက်ရုံသာ ဖြစ်ပေသည်။

မကြာမီမှာပင် ထန်ထျန်း၏ အလှည့်သို့ ရောက်လာခဲ့သည်။

ထန်ထျန်းကို မြင်သည့်အခါ အခွန်ကောက်အကြီးအကဲမှာ ကြောင်သွားပြီး မေးလိုက်သည်။ "ထျန်းရှထုန်က အခွန်ဆောင်ဖို့ မလိုဘူးလို့ မင်း မကြားဘူးလား"

သူ၏ လေသံမှာ သိပ်ပြီး မကောင်းလှပေ။

ယနေ့တွင် ကျန့်ဟွမ်းတောင် အကြီးအကဲများအားလုံးမှာ စိတ်ဆတ်နေကြပုံ ရပေသည်။

ထန်ထျန်းက လက်သီးဆုပ်ကာ "အင်မော်တယ်အရှင်၊ တပည့် သိပါတယ်။"

"ဒါပေမဲ့ ကျွန်တော်တို့ ထျန်းရှထုန် ကုန်သွယ်ရေးအသင်းက မကြာသေးခင်က တခြားသော ကုန်သွယ်ရေးအသင်းတွေနဲ့ လုပ်ငန်းတော်တော်များများကို ဝယ်ယူထားပါတယ်။"

"သူတို့ရဲ့ အခွန်တွေကို ကျွန်တော်တို့ ထျန်းရှထုန် ကုန်သွယ်ရေးအသင်းက တာဝန်ယူပေးမှာပါ။"

"ဒါက အဲဒီအသင်းတွေရဲ့ စာရင်းပါ၊ အရှင် ကြည့်ပေးပါဦး။"

ပြောပြီးနောက် သူက ကျောက်စိမ်းပြားတစ်ခုကို ကမ်းပေးလိုက်သည်။

အကြီးအကဲက ကျောက်စိမ်းပြားကို ယူကာ မျက်မှောင်ကြုတ်လျက် "ငါ သိသလောက်ဆိုရင် မင်းတို့ ထျန်းရှထုန်က တခြားအသင်းတွေကို အခုလေးတင် ဝယ်ထားတာ မဟုတ်လား။"

"ဒါပေမဲ့ အခု ပေးဆောင်ရမှာက အရင်က အခွန်တွေလေ၊ အဲဒါကိုပါ မင်းတို့က တာဝန်ယူမှာလား"

ထန်ထျန်းက ပြုံး၍ ခေါင်းညိတ်ပြသည်။ "မှန်ပါတယ်။"

"ဒါက ထျန်းရှထုန်ရဲ့ အမြဲတမ်း လုပ်နေကျပါပဲ။"

အကြီးအကဲမှာ ဘာမှ ထပ်မပြောတော့ပေ၊ မည်သူပေးသည်ဖြစ်စေ ပမာဏ ပြည့်မီလျှင် သူ ဂရုမစိုက်တော့ပေ။

သို့သော် ဤကိစ္စမှာ အခြားသော အသင်းခေါင်းဆောင်များအတွက်မူ လုံးဝ ခြားနားသွားခဲ့ပေသည်

ဝယ်ယူခြင်း ခံထားရသော အသင်းခေါင်းဆောင်များမှာ တိတ်တဆိတ် သက်ပြင်းချနိုင်သွားကြသည်၊ တော်သေးသည် ထျန်းရှထုန်က သူ၏ ကတိကို တည်ခဲ့ပေသည်။

သို့သော် အခြားသော အသင်းခေါင်းဆောင်များမှာမူ ထိုနေရာမှာပင် မှင်တက်နေကြတော့သည်။

"ဟာ တကယ်ပဲ အခွန်ဆောင်ပေးလိုက်တာလား"

"ဒါပေမဲ့ ဒါက ယုတ္တိမရှိဘူးလေ ဘယ်ကုန်သွယ်ရေးအသင်းက ဒီလိုမျိုး လုပ်လို့လဲ၊ သူက အလှူရှင် လုပ်နေတာ လား"

"ဒါကြောင့်လည်း ထျန်းရှထုန်က အရှုံးစာရင်း ထွက်လာတာကိုး၊ တခြားနေရာတွေမှာလည်း ဒီလိုပဲ လုပ်နေတယ်ဆိုရင် မရှုံးရင်ပဲ ထူးဆန်းနေဦးမယ်"

"ဒါပေမဲ့ ငါ တကယ်ကို အားကျမိတယ်၊ ဒီနေ့ ၄၀% အခွန်သာ ပေးလိုက်ရရင် ငါ့အသင်းကတော့ တကယ်ကို သေရေးရှင်ရေး ဖြစ်သွားတော့မှာပဲ..."

"မပြောနဲ့တော့၊ ငါပဲ နောင်တရတာ၊ အစတုန်းက ငါက အဝယ်ခံဖို့ ဆုံးဖြတ်ထားတာပဲ၊ ဒါပေမဲ့ တစ်ယောက်ယောက်က စောင့်ကြည့်ဦးလို့ လာပြောလို့ ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို လွှတ်ပေးလိုက်မိတာ၊ ငါ တကယ်ကို ငိုချင်လာပြီ..."

အချို့လူများမှာ အံ့သြတုန်လှုပ်နေကြပြီး ထန်ထျန်း ဘာကြောင့် ဤသို့ လုပ်ရသနည်း ဆိုသည်ကို စဉ်းစားမရ ဖြစ်နေကြသည်။

အချို့ကမူ သူတို့ကိုယ်သူတို့ ရင်ဘတ်ထုကာ နောင်တရနေကြပေသည်။

သို့သော် ပို၍ ထက်မြက်သူများမှာမူ ဤကိစ္စကို အလေးအနက် စဉ်းစားလာကြသည်။

ထန်ထျန်း၏ အသင်းဝယ်ယူသည့် စည်းကမ်းချက်များမှာ မူလကပင် အလွန်ကောင်းမွန်လှသည်၊ လက်ဝါးကြီး မအုပ် ရုံသာမက အသင်းများကို ကိုယ်ပိုင်စီမံခွင့်ပါ ပေးထားခြင်း ဖြစ်ရာ၊ ထို့ကြောင့်လည်း လဝက်အတွင်းမှာပင် အသင်းများစွာက ပူးပေါင်းရန် ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

ယနေ့တွင် ဤသို့ ထပ်လုပ်လိုက်ခြင်းကြောင့် ထန်ထျန်း၏ "အလှူရှင်" ဆိုသည့် နာမည်မှာ အတည်ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

ကုန်သည်များမှာ အလှူရှင် များကို အကြိုက်ဆုံး မဟုတ်ပါလား။

ဤမျှ ကောင်းမွန်သော အခွင့်အရေးကို သူတို့က မည်သို့ အလွယ်တကူ လက်လွှတ်ခံပါ့မည်နည်း။

ထိုအသံများကို ကြားနေရသော ထန်ထျန်းမှာမူ ပြုံးပျော်နေခဲ့သည်။

ယနေ့ သူ လာခြင်းမှာလည်း ဤရလဒ်ကို လိုချင်သောကြောင့်ပင်။

အမှန်တကယ်တော့ အသင်းများ ဝယ်ယူသည့် လုပ်ငန်းစဉ်မှာ ထင်သလောက် မချောမွေ့ခဲ့ပေ၊ ပိုင်ဆိုင်မှု အာဏာကို လွှဲပြောင်းပေးရခြင်းမှာ လူတိုင်းကို စိုးရိမ်စိတ် ဝင်စေသဖြင့် အသင်းများစွာမှာ စောင့်ကြည့်နေကြဆဲ ဖြစ်သည်။

သို့သော် ယနေ့ပြီးနောက်တွင်မူ အခြေအနေများမှာ ပို၍ ကောင်းမွန်လာမည်မှာ သေချာပါသည်။

မကြာမီမှာပင် အကြီးအကဲက ထန်ထျန်း ပေးအပ်သော စာရင်းအရ အခွန်စုစုပေါင်းကို တွက်ချက်လိုက်သည်။

"စုစုပေါင်း ၁၀၇.၅၃ ဘီလီယံ..."

သူက ရှည်လျားသော ကိန်းဂဏန်းတစ်ခုကို ဖတ်ကြားလိုက်သည်။

ရွှမ်ယွင်မျှော်စင်လောက် မများသော်လည်း ၎င်းမှာ အလွန်ပင် အံ့သြဖွယ်ကောင်းသော ပမာဏ ဖြစ်ပေသည်။

သို့သော် ထန်ထျန်းက ဝမ်ကန်းကို ကြိုတင် ပြင်ဆင်ခိုင်းထားပြီး ဖြစ်သဖြင့် သတ်မှတ်ထားသော ကျောက်စိမ်းတုံးများ အပြည့် ထည့်ထားသည့် သိုလှောင်လက်စွပ်ကို အကြီးအကဲထံ ကမ်းပေးလိုက်သည်။

သို့သော် စာရင်းသွင်းပြီးသည့်တိုင်အောင် ထန်ထျန်းက ထွက်မသွားသေးပေ။

အကြီးအကဲက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "ဘာကိစ္စ ရှိသေးလို့လဲ"

ထန်ထျန်းက ပြုံး၍ ပြောသည်။ "ထျန်းဖူနန်းတော်ရဲ့ ကိစ္စတွေအပေါ် တပည့်က အမြဲတမ်း အလေးထားပါတယ်။"

"ခုနက ဖုန်းယွီချင်း ပြောသလိုပါပဲ၊ ထျန်းဖူနန်းတော် မရှိရင် ကျွန်တော်တို့လည်း ဘယ်ရှိပါ့မလဲ။"

"ဒါကြောင့် တပည့်အနေနဲ့ ကျန့်ဟွမ်းတောင်ကို ထောက်ပံ့ဖို့အတွက် သီးသန့် ငွေကြေးအချို့ ထပ်ပြီး ထုတ်ပေးချင်ပါတယ်။"

ထိုစကားအဆုံးတွင် ဘေးပတ်ပတ်လည်ရှိ အသင်းခေါင်းဆောင်များမှာ ဖုန်းယွီချင်းကို တိတ်တဆိတ် လှမ်းကြည့်လိုက်ကြသည်။

"ဟုတ်တယ်လေ၊ ဒီလိုမျိုး သီးသန့် ပိုက်ဆံ ထပ်ထုတ်ပေးတာမှ ထောက်ပံ့တယ် ခေါ်တာ။"

"တချို့ အင်အားကြီး အသင်းတွေကျတော့ ဆောင်ရမယ့် အခွန်ကိုပဲ ပေးပြီး ထောက်ပံ့ပါတယ် ဆိုပြီး ပြောနေတာကတော့ တကယ်ကို ရယ်စရာကြီးပဲ။"

ဖုန်းယွီချင်း၏ မျက်နှာမှာ ချက်ချင်းပင် စိမ်းဖန့်သွားခဲ့ပြီး ထန်ထျန်းကို ဒေါသတကြီး ကြည့်လိုက်မိသည်။

ဤကောင်က သူမကို တမင်တကာ ထည့်ပြောခြင်းမှာ သူမကို အရှက်ခွဲလိုသောကြောင့် ဖြစ်ပေသည်။

နင် ထန်ထျန်းကရော ပိုက်ဆံ ဘယ်လောက်များများ ထုတ်ပေးနိုင်မလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့

ထန်ထျန်း ပြောသည်ကို ကြားလိုက်ရသည့် အခါတွင် အကြီးအကဲမှာ ခေတ္တမျှ ကြောင်သွားပြီးနောက် မင်ရွှမ်အင်မော်တယ်အရှင်ကို လှမ်းကြည့်လိုက်သည်။

မင်ရွှမ်အင်မော်တယ်အရှင်ကလည်း လှမ်းကြည့်လာပြီး ထန်ထျန်းနှင့် အကြည့်ချင်း ဆုံပြီးနောက် သူ၏ အမူအရာမှာ အနည်းငယ် ပျော့ပြောင်းသွားခဲ့သည်။

"အို"

သူက ပြောသည်။ "ဒါဆို မင်းက ဘယ်လိုမျိုး ထောက်ပံ့ချင်တာလဲ"

"အသစ်တက်လာတဲ့ ထိပ်တန်းကုန်သွယ်ရေးအသင်းရဲ့ အရှင်သခင် တစ်ယောက်အနေနဲ့တော့ သိပ်ပြီး ကပ်စေးမနှဲသင့်ဘူးနော်။"

ဤလေသံ ပြောင်းလဲသွားမှုကို လူတိုင်း သတိထားမိလိုက်ကြသည်။

သူတို့၏ စိတ်ထဲတွင် အံ့သြသွားကြသည်မှာ မင်ရွှမ်အင်မော်တယ်အရှင်နှင့် ထန်ထျန်းကြားတွင် ပတ်သက်မှု တစ်ခုခု ရှိနေသလား ဆိုသည်ပင်။

မင်ရွှမ်အင်မော်တယ်အရှင်ကို ကြည့်ကာ ထန်ထျန်းက ပြုံး၍ ပြောသည်။ "အင်မော်တယ်အရှင်က မိန့်ကြားလာပြီဆိုမှတော့ တပည့်အနေနဲ့ သေသေချာချာလေး ပြသရမှာပေါ့။"

"ကျွန်တော် အစကတော့ တစ်ထရီလီယံ လောက်ပဲ လှူဖို့ စဉ်းစားထားတာ။"

"ဒါပေမဲ့ အခုတော့ နှစ်ဆ တိုးလိုက်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။"

"ထျန်းရှထုန် ကုန်သွယ်ရေးအသင်းကနေ ကျန့်ဟွမ်းတောင် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျောက်စိမ်းတုံး နှစ်ထရီလီယံ ကို လှူဒါန်းပါတယ် "

မင်ရွှမ်အင်မော်တယ်အရှင်မှာ ချက်ချင်းပင် မှင်တက်သွားတော့သည်။

"ဘာ"

"မင်း ဘယ်လောက်လို့ ပြောလိုက်တာလဲ"

All Chapters