အကြောင်းရင်း
Vol. 42 Ch. 442
နှစ်ထရီလီယံ ဆိုသည်မှာ မည်သို့သော အဓိပ္ပာယ်မျိုးနည်း။
ကုန်သွယ်မှုလောက၏ ဘုရင်ဖြစ်သော ရွှမ်ယွင်မျှော်စင်ကိုပဲ နမူနာကြည့်လျှင် အခြားသော အချက်အလက်များကို ဖယ်ထားဦးတော့၊ သူတို့၏ လုပ်ငန်းအားလုံးကို ပေါင်းလိုက်လျှင်ပင် စုစုပေါင်း ပမာဏမှာ ထရီလီယံ အနည်းငယ်မျှသာ ရှိပေသည်။
ဒုတိယနေရာတွင် ရှိသော ထိုက်ယိမဟာမိတ်၏ စုစုပေါင်း ပမာဏမှာမူ နှစ်ထရီလီယံပင် မပြည့်ပေ။
မိုမိသားစု၊ လင်းရှောင်တောင်ကြား ၊ ရှန်းယွဲ့ရေကန်နှင့် မုမိသားစု ကဲ့သို့သော ထိပ်တန်း အင်အားစုများမှာမူ ထရီလီယံ စံနှုန်းသို့ ရောက်ရုံမျှသာ ရှိကြသည်။
အခြားသော ကုန်သွယ်ရေးအသင်းများကိုမူ ပြောနေရန်ပင် မလိုတော့ပေ။
ထန်ထျန်းက နှစ်ထရီလီယံကို အလွတ်လှူဒါန်းလိုက်ခြင်းမှာ မိုမိသားစု နှစ်ခုစာကို တိုက်ရိုက် လှူဒါန်းလိုက်ခြင်းနှင့် အတူတူပင် ဖြစ်ပေသည်
ဒါက ထန်ထျန်း ပိုက်ဆံ ဘယ်လောက် လှူသလဲ ဆိုသည့် ပြဿနာ မဟုတ်တော့ပေ။
လူတိုင်းက မတွေးဘဲ မနေနိုင်ကြသည်မှာ အသစ်တက်လာသည့် ကုန်သွယ်မှုလောက၏ ထိပ်တန်း အသင်းတစ်ခု အနေဖြင့် ထျန်းရှထုန်၏ ငွေကြေးဓနမှာ မည်မျှအထိ တောင့်တင်းခိုင်မာနေသနည်း ဆိုသည်ပင်။
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အင်အားစုကြီးကို ရင်ဆိုင်ရလျှင် သူတို့ကဲ့သို့သော အသင်းများက မည်သို့ တောင့်ခံနိုင်ပါ့မည်နည်း။
တောင့်မခံနိုင်လျှင်ကော သူတို့က မည်သို့သော ရှင်သန်မှု နည်းလမ်းကို ရှာဖွေရမည်နည်း။
ဤမေးခွန်းများမှာ အသင်းခေါင်းဆောင် အားလုံး၏ စိတ်ထဲတွင် ဝဲလည်နေခဲ့သည်။
ကုန်သွယ်မှုလောကတွင် ကျင်လည်နေသူများ ဖြစ်သဖြင့် ငွေကြေးဓနက ကျင့်ကြံခြင်းလောက၏ အစွမ်းနှင့် အတူတူပင် ဖြစ်ကြောင်း သူတို့ သိကြပေသည်။
အခြား အသင်းများထက် များစွာ သာလွန်သော ငွေကြေးဓနကို ပိုင်ဆိုင်ထားသည့်အခါ မင်းက ကုန်သွယ်မှုလောကတွင် ပြိုင်ဘက်ကင်း အင်အားစု ဖြစ်လာသည်မှာ သေချာပါသည်။
သူတို့က အခြေအနေကို စတင် သုံးသပ်လာကြရပြီး ထျန်းရှထုန်နှင့် ထန်ထျန်းကို အမြင် အသစ်ဖြင့် စ ကြည့်လာကြတော့သည်။
ထိုက်ယိမဟာမိတ် ကဲ့သို့သော ထိပ်တန်းအသင်းပင်လျှင် တိတ်ဆိတ်သွားခဲ့ရသည်၊ သူတို့က ထျန်းရှထုန်၏ ဝါးမြိုမှုကို မကြောက်သော်လည်း နောင်အနာဂတ်၏ ဘုရင်နေရာမှာ ပြောင်းလဲသွားတော့မည်မှာ အတည်ဖြစ်သွားခဲ့ပြီ။
ဖုန်းယွီချင်းမှာမူ နှုတ်ခမ်းများ ဖြူလျော်ကာ သူမ၏ ထိုင်ခုံပေါ်သို့ ပြန် ပုံကျသွားခဲ့သည်။
ရွှမ်ယွင်မျှော်စင်၏ အဆင့်မြင့်ပိုင်း အချို့ ပြောခဲ့သည်မှာ မှန်ကန်ပေသည်၊ တကယ်လို့ ထန်ထျန်းက ဝမ်ပေါင်ရေကန်၏ တစ်ဝက်ကျော်ကို ဝယ်ယူနိုင်စွမ်း တကယ်ရှိနေလျှင် သူတို့တွင် အနိုင်ရနိုင်ခြေ အစက်အပြောက်မျှပင် မရှိတော့ပေ။
သို့သော် ပင်မနေရာတွင် ထိုင်နေသော မင်ရွှမ်အင်မော်တယ်အရှင်၏ စိတ်နေစိတ်ထားမှာမူ ဤအသင်းခေါင်းဆောင်များနှင့် ကွဲပြားပေသည်။
သူက ထန်ထျန်းကို ကြောင်တောင်တောင် ကြည့်ကာ နောက်တစ်ကြိမ် ထပ်မံ အတည်ပြုလိုက်သည်။ "ထန်ထျန်း၊ မင်း နှစ်ထရီလီယံ လှူမယ်ဆိုတာ သေချာရဲ့လား"
"ဒါက နောက်ပြောင်လို့ ရတဲ့ ကိစ္စ မဟုတ်ဘူးနော်။"
ထန်ထျန်းက ပြုံးလျက် လက်သီးဆုပ်ကာ "အင်မော်တယ်အရှင်"
"တပည့်က ထျန်းဖူနန်းတော်အပေါ် အမြဲတမ်း သစ္စာရှိခဲ့ပါတယ်၊ ဒီအချက်ကို လန်တင်းအင်မော်တယ်အရှင်လည်း သိပါတယ်။"
"ကျန့်ဟွမ်းတောင်က ထျန်းဖူနန်းတော် တည်ငြိမ်ဖို့အတွက် နယ်မြေတွေ ချဲ့ထွင်ပေးခဲ့တယ်၊ မမောနိုင် မပန်းနိုင် ကြိုးစားခဲ့ကြပြီး အဆုံးမရှိတဲ့ ပင်ပန်းဆင်းရဲမှုတွေနဲ့ ချွေးတွေကို ပေးဆပ်ခဲ့ကြတယ်၊ အတုမဲ့ ဂုဏ်ယူစရာ အောင်မြင်မှုတွေကိုလည်း ရရှိခဲ့ကြတယ်။"
"တပည့်က အချိန်နောက်ကျမှ မွေးဖွားလာခဲ့လို့ အဲဒီတုန်းက မဟာကိစ္စ ကြီးတွေမှာ မပါဝင်ခဲ့ရတာကိုပဲ ဝမ်းနည်းမိပါတယ်၊ အဲဒါကြောင့် အခုအချိန်မှာ တတ်နိုင်သလောက်လေး အားဖြည့်ပေးချင်တာပါ။"
"အင်မော်တယ်အရှင်အနေနဲ့ တပည့်ကို ဒီလို အခွင့်အရေးမျိုး ပေးစေချင်ပါတယ် "
ချိုသာသော စကားကို လူတိုင်း ကြိုက်ကြပေသည်။
သင့်တော်သော အချိန်တွင်တော့ ပြောသင့်သည်မှာ အမှန်ပင်။
မှန်ပေသည်၊ ထိုသို့ ပြောပြီးနောက်တွင် မျက်နှာပျက်နေကြသော အခြား အကြီးအကဲများ၏ အမူအရာမှာလည်း အနည်းငယ် ပျော့ပြောင်းသွားခဲ့သည်။
ကျန့်ဟွမ်းတောင်၏ အောင်မြင်မှုများကို ယခုအခါ မည်သူမျှ မပြောကြတော့ပေ၊ နန်းတော်အရှင် အချို့ပင်လျှင် အာရုံပြောင်းသွားခဲ့ကြရာ သူတို့မှာ အရေးမပါဆုံးသော ဌာနတစ်ခု ဖြစ်လာခဲ့သည်။
ယခု ထန်ထျန်း၏ ပါးစပ်မှ ထွက်လာသော စကားများကြောင့် သူတို့မှာ အတော်လေး စိတ်လှုပ်ရှားသွားကြရပေသည်။
မင်ရွှမ်အင်မော်တယ်အရှင်ကလည်း သူ၏ မေးစေ့မှ မုတ်ဆိတ်များကို ပွတ်သပ်ကာ ကြင်နာသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ဤတပည့်က သူ့ကို အမြဲတမ်း အံ့အားသင့်စရာကြီးများ ယူဆောင်လာပေးတတ်ပေသည်။
နေလအင်မော်တယ်နန်းတော်မှာတုန်းကလည်း ဤအတိုင်းပင်၊ အခုလည်း ဤအတိုင်းပင် ဖြစ်ပေသည်။
"ထန်ထျန်း"
သူက နှေးကွေးစွာ ပြောသည်။ "မင်း သိမှာ မဟုတ်ဘူး၊ ကျန့်ဟွမ်းတောင်က အခု ဘယ်လို အခြေအနေမျိုးလဲ ဆိုတာ။"
"ဒီ နှစ်ထရီလီယံကို မင်း တကယ် လှူမယ်ဆိုရင် ငါကတော့ လုံးဝ ငြင်းမှာ မဟုတ်ဘူး။"
"မင်း သေသေချာချာ စဉ်းစားပါ။"
ထန်ထျန်းက ထပ်မံ လက်သီးဆုပ်ကာ "ဒါက တပည့်အတွက် ဂုဏ်ယူစရာပါပဲ "
၎င်းကို မြင်သည့်အခါ မင်ရွှမ်အင်မော်တယ်အရှင်က သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ။"
ခဏအကြာတွင် ထန်ထျန်းက နှစ်ထရီလီယံကို လှူဒါန်းပြီးနောက် သူ့ နေရာသို့ ပြန်လာခဲ့သည်။
မိုကျွင်း၏ အကြည့်များမှာ ကြောင်အနေဆဲ ဖြစ်သည်။ "ငါ့ညီမလေး က မင်းကို တကယ် သိတာပဲ။"
"သူမက ငါ့ကို အမြဲ သတိပေးတယ်၊ မင်းကို ဘယ်လောက်ပဲ အထင်ကြီးကြီး လုံးဝ မလွန်ဘူးတဲ့။"
"သူမ ပြောတာ မှန်နေတာပဲ။"
"တစ်ခါတစ်လေ ငါက မင်းကို အထင်ကြီးလွန်းနေပြီလို့ ထင်လိုက်တိုင်း မင်းက လှုပ်ရှားမှု အကြီးကြီး တစ်ခု လုပ်လိုက်ပြီး ငါ့ကို မူးနောက်သွားအောင် လုပ်လိုက်တာပဲ။"
သူက တဖွဖွ ရေရွတ်နေတော့သည်။
ထန်ထျန်းကမူ ပြုံးရုံသာ ပြုံးနေပြီး ဘာမှ မပြောခဲ့ပေ။
အထင်ကြီးတာ မကြီးတာက ဘာမှ မဟုတ်ပေ။
ဘယ်လိုပဲဖြစ်ဖြစ် အခုအချိန်တွင် သူက ထျန်းဖူနန်းတော် ရှိနေသည့် ဤကမ္ဘာကြီးထဲတွင် "ငါ့စကား နားထောင်သူ ကြီးပွားပြီး၊ ငါ့ကို ဆန့်ကျင်သူ ပျက်စီးစေရမယ်" ဆိုသည့် အလွန် မောက်မာသော စကားကို ယုံကြည်ချက်ရှိရှိ ပြောနိုင်နေပြီ ဖြစ်သည်။
အပေါ်က လူ တွေ ကိုယ်တိုင် ဆင်းမလာသရွေ့တော့ ကုန်သွယ်မှုလောကမှာ ဖြစ်ဖြစ်၊ လက်တွေ့မှာ ဖြစ်ဖြစ် သူ့ကို ဘယ်သူမှ ခြိမ်းခြောက်နိုင်မှာ မဟုတ်ပေ။
နှမြောစရာ ကောင်းသည်မှာ...
စောင့်ကြည့်ခံနေရဆဲ ဖြစ်ခြင်းပင်။
ထို့ကြောင့်လည်း သူက ထျန်းဖူနန်းတော်သို့ ပြန်ရောက်လာသည်နှင့် ချက်ချင်း လှုပ်ရှားမှုများကို စတင်ခဲ့ခြင်း ဖြစ်သည်။
၅၀ ထရီလီယံ အထိ မစုမိရင်တောင်၊ များများစုမိလေ ပိုကောင်းလေ ဖြစ်မှာ သေချာပါသည်။
အနည်းဆုံးတော့ သူ့ကို အစွမ်းထက်သော ဝူကျိတာအိုလမ်းစဉ် အရှင်သခင် တစ်ယောက် ဖြစ်လာစေလိမ့်မည်။
ယနေ့ သူ ကိုယ်တိုင် အခွန်ပေးဆောင်သည့် ပွဲသို့ လာရခြင်းမှာလည်း ဤကိစ္စ ကို ပို၍ လျင်မြန်စေရန်ပင် ဖြစ်ပေသည်။
ရလဒ်မှာ သိသာလှပေသည်။
ဝယ်ယူထားပြီးသော အသင်းများအတွက် အခွန်ဆောင်ပေးလိုက်ခြင်းက အခြားသော အသေးစားနှင့် အလယ်အလတ် အသင်းများကို စတင် လှုပ်ခတ်စေခဲ့သည်။
နှစ်ထရီလီယံ အလွတ်လှူဒါန်းလိုက်ခြင်းကမူ အကြီးစားနှင့် အင်အားကြီး ကုန်သွယ်ရေးအသင်းများကိုပါ မထိုင်နိုင် မရပ်နိုင် ဖြစ်စေခဲ့သည်။
သူတို့က ထိုက်ယိမဟာမိတ် ကဲ့သို့သော ထိပ်တန်း အင်အားစုများ မဟုတ်ကြပေ၊ သူတို့တွင် အကာအကွယ်ပေးမည့် အစွမ်းနှင့် ခိုင်မာသော အခြေခံအုတ်မြစ် မရှိကြသဖြင့် ထန်ထျန်းက ငွေကြေးဖြင့် ဝါးမြိုလာမည်ကို အလွန် စိုးရိမ်နေကြသည်။
သူတို့အတွက်တော့ ထန်ထျန်းကသာ လှုပ်ရှားလိုက်လျှင် ပျက်စီးခြင်း ဘေးဒုက္ခနှင့် ရင်ဆိုင်ရမည် ဖြစ်ရာ မည်သို့သော ခုခံနိုင်စွမ်းမှ ရှိလိမ့်မည် မဟုတ်ပေ။
ဒါဆိုရင် အခုလို ဝယ်ယူတဲ့ စည်းကမ်းချက်တွေ ကောင်းနေတုန်းမှာပဲ ထျန်းရှထုန်ဆီကို အမြန်ဆုံး ဝင်လိုက်တာက ပိုမကောင်းဘူးလား။
သူတို့မှာ အလေးအနက် စဉ်းစားနေကြတော့သည်။
လူတိုင်း၏ မတူညီသော တုံ့ပြန်မှုများကို ကြည့်ကာ ထန်ထျန်းက သူ့ ရည်ရွယ်ချက် အထမြောက်သွားပြီ ဖြစ်ကြောင်း သိလိုက်သည်။
နောက်ပိုင်း ဝယ်ယူမည့် အစီအစဉ်များမှာ သေချာပေါက် ပို၍ လွယ်ကူလာလိမ့်မည်။
ထို့နောက်တွင် သူက ဘာမှ ထပ်မလုပ်တော့ဘဲ ယခု အစည်းအဝေး ပြီးဆုံးသည်အထိ ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့သည်။
နာရီဝက်ခန့် ကြာပြီးနောက် အခွန်ပေးဆောင်မှုမှာ လုံးဝ ပြီးဆုံးသွားခဲ့သည်။
အသင်းခေါင်းဆောင်များမှာ မတူညီသော စိတ်ခံစားချက်များနှင့် စိတ်ကူးများဖြင့် ကျန့်ဟွမ်းခန်းမမှ ထွက်ခွာသွားကြသည်။
သို့သော် ထန်ထျန်းက ထွက်ခွာရန် ပြင်လိုက်ချိန်တွင် အကြီးအကဲ တစ်ဦးက သူ့ကို လှမ်းခေါ်လိုက်သည်။
"ထန်ထျန်း၊ အရှင် မင်ရွှမ်က မင်းကို စကားပြောချင်လို့ ခေါ်လိုက်တယ်။"
သူက ယဉ်ကျေးစွာ ပြောလိုက်သည်။
ထန်ထျန်း ခေါင်းညိတ်လိုက်သည်၊ ဤမျှ များပြားသော ငွေကြေးကို လှူဒါန်းထားသဖြင့် မင်ရွှမ်အင်မော်တယ်အရှင်က သူ့ကို စကားပြောချင်သည်မှာ ပုံမှန်ပင် ဖြစ်သည်။
ထို့နောက် ထန်ထျန်းက အကြီးအကဲနောက်မှ လိုက်သွားကာ ကျန့်ဟွမ်းခန်းမ၏ အနောက်ဘက်သို့ ရောက်ရှိလာခဲ့သည်။
လမ်းတစ်လျှောက် ဆက်သွားပြီးနောက် နောက်ဆုံးတွင် ကျန့်ဟွမ်းတောင်၏ တောင် ထိပ်သို့ ရောက်ရှိလာခဲ့သည်။
မင်ရွှမ်အင်မော်တယ်အရှင်၏ ပုံရိပ်မှာ ထိုနေရာတွင် ရှိနေပြီး ဝေးကွာသော အရပ်ကို လှမ်းကြည့်နေပေသည်။
အကြီးအကဲက ထန်ထျန်းကို ပို့ဆောင်ပေးပြီးနောက် ထွက်ခွာသွားခဲ့သည်၊ ထန်ထျန်းက ခေတ္တ စဉ်းစားပြီးနောက် မင်ရွှမ်အင်မော်တယ်အရှင်၏ အနောက်သို့ လျှောက်သွားလိုက်သည်။
"အင်မော်တယ်အရှင်၊ ကျွန်တော့်ကို ခေါ်တယ်ဆို။"
သူက အသံပေးလိုက်သည်။
မင်ရွှမ်အင်မော်တယ်အရှင်မှာ တိတ်ဆိတ်နေပြီး ခေတ္တမျှ ရပ်နေပြီးမှ နှေးကွေးစွာ စကားစလိုက်သည်။
သို့သော် သူ၏ ပထမဆုံး စကားတစ်ခွန်းကပင် ထန်ထျန်းကို ကြောင်အသွားစေခဲ့သည်။
"ကျန့်ဟွမ်းတောင်ကတော့ ပျောက်ကွယ်တော့မှာပဲ။"
မင်ရွှမ်အင်မော်တယ်အရှင်က သက်ပြင်းရှည်ကြီး ချလိုက်ပြီး ပြောသည်။ "အရင်က နေလအင်မော်တယ်နန်းတော် ရှိနေတုန်းကတော့ ကျန့်ဟွမ်းတောင်မှာ လုပ်စရာ ရှိသေးတယ်။"
"ဒါပေမဲ့ အခု နေလအင်မော်တယ်နန်းတော်ကို သိမ်းပိုက်ပြီးသွားပြီ၊ တစ်လောကလုံးကလည်း နာခံသွားကြပြီ ဆိုတော့ ကျန့်ဟွမ်းတောင်လည်း တည်ရှိနေဖို့ မလိုအပ်တော့ဘူး။"
"အဆင့်မြင့်ပိုင်းတွေရဲ့ ဆုံးဖြတ်ချက်အရ ပြင်ပစစ်ပွဲအားလုံးကို အပြီးတိုင် ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်ပြီ၊ ပြင်ပရေးရာ ကိစ္စအားလုံးကိုလည်း မဟာ အကြီးအကဲဘက်ဆီကို ပြန်အပ်ရတော့မယ်။"
ထန်ထျန်းမှာ ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့သည်။
ယနေ့ အခြေအနေမှာ ဘာကြောင့် ဤမျှ တင်းမာနေရသနည်း၊ အကြီးအကဲများ၏ မျက်နှာမှာလည်း ဘာကြောင့် မကောင်းရသနည်း ဆိုသည်ကို အခုမှ နားလည်သွားခဲ့သည်။
အကြောင်းရင်းက ဒီလို ကိုး။