ထုန်းရှန့်ညီလာခံ စတင်ခြင်း
Vol. 42 Ch. 446
ထန်ထျန်းက ထုန်းရှန့်ညီလာခံအတွက် အောင်မြင်စွာ စာရင်းသွင်းနိုင်ခဲ့ခြင်းက လူအုပ်စုလေးအတွင်း၌ ဆွေးနွေးငြင်းခုံမှုများကို ဖြစ်ပေါ်စေခဲ့ပေသည်။
တစ်နှစ်အတွင်း၌ ကောင်းကင်အင်မော်တယ်အဆင့်မှ မြင့်မြတ်ရွှေအင်မော်တယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းမှာ အံ့ဖွယ်ဟုပင် တင်စားနိုင်ပေသည်။
ထူးချွန်သည့် ပါရမီရှင်ဆိုသည့် နာမည် မှာ အတည်ဖြစ်သွားခဲ့ပြီဖြစ်ရာ ထန်ထျန်းက ထျန်းဖူနန်းတော်၏ သမိုင်းတွင် မှတ်တမ်းတင်ခံရမည့်သူ ဖြစ်လာရန် သေချာသလောက် ရှိနေပေပြီ။
နှမြောစရာကောင်းသည်မှာ ထန်ထျန်းက အနေအေးသူဖြစ်ပြီး ကုန်သွယ်မှုလောကတွင်သာ လှုပ်ရှားလေ့ရှိကာ တပည့်များကြားတွင်မူ သိပ်ပြီး ပေါ်ပေါ်ထင်ထင် မရှိခြင်းပင်။
သို့မဟုတ်ပါက သူ၏ တောက်ပသော အနာဂတ်တွင် ပါ နိုင်ရန်အတွက် တပည့်များ သို့မဟုတ် အကြီးအကဲ အမြောက်အမြားက သူ့ကို ချဉ်းကပ်ကြမည်မှာ အသေအချာပင်။
သို့သော် သူတို့ မသိသည်မှာ ထန်ထျန်းက ထိုကဲ့သို့သော ကိစ္စမျိုးကို စိတ်ဝင်စားမှု လုံးဝမရှိခြင်းပင် ဖြစ်ပေသည်။
တိမ်တိုက် ထျန်းဖူနန်းတော် မှာ သူ၏ ခဏတာ နားခိုရာ နေရာတစ်ခုသာ ဖြစ်ပြီး သိပ်မကြာမီ အချိန်အတွင်းမှာပင် သူက ကောင်းကင်ထိပ်ဆုံးသို့ သွားရဦးမည် ဖြစ်ပေသည်။
ထို့ကြောင့် ဆက်ဆံရေး ထူထောင်နေရန်မှာ အခြေခံအားဖြင့် မလိုအပ်ပေ။
ဟွမ်းလုံ ခေါင်းလောင်း တွင် စစ်ဆေးမှု ခံယူပြီးနောက် ထန်ထျန်းက ထုန်းရှန့်တောင်ရှိ ကျင့်ကြံခြင်း အခန်းသို့ ပြန်လာကာ ဆက်လက် ကျင့်ကြံနေခဲ့ပေသည်။
ကုန်သွယ်ရေးအသင်းများ ဝယ်ယူသည့်ကိစ္စမှာ လမ်းကြောင်းမှန်ပေါ်သို့ ရောက်နေပြီဖြစ်ရာ ဝမ်ကန်းကိုသာ လွှဲအပ်၍ တာဝန်ယူခိုင်းထားလိုက်သည်။
လီဟုန် ဘက်တွင်မူ အတားအဆီးအချို့နှင့် ရင်ဆိုင်နေရပေသည်၊ ဘယ်လိုပဲဖြစ်ဖြစ် ၎င်းမှာ အခြားသူများ၏ အခြေခံ အုတ်မြစ်များ ဖြစ်နေသောကြောင့် မလိုအပ်ဘဲနှင့် သူတို့ဘက်မှ ရောင်းချရန် ရွေးချယ်မည် မဟုတ်ပေရာ တိုးတက်မှုနှုန်းမှာ ထင်သလောက် ခရီးမရောက် ပေ။
သို့သော် လန်တင်းအင်မော်တယ်အရှင် ဘက်တွင်မူ အင်မော်တယ်အရှင်နှင့် အင်မော်တယ်ဘုရင် အမြောက်အမြားနှင့် စကားပြောဆိုပြီးဖြစ်ရာ အချို့လူများမှာ ထျန်းရှထုန်ကို စောင့်ရှောက်ပေးရန် စိတ်အားထက်သန်နေကြပေသည်၊ ၎င်းမှာ ထန်ထျန်းက ကျန့်ဟွမ်းတောင်ပေါ်တွင် တာအို ကျောက်စိမ်း နှစ်ထရီလီယံ လှူဒါန်းခဲ့ခြင်းနှင့် သက်ဆိုင်နိုင်ပေသည်။
နောက်ဆုံးတွင် ထန်ထျန်းနှင့် လန်တင်းအင်မော်တယ်အရှင်တို့ တိုင်ပင်ပြီးနောက် ထုန်းရှန့်ညီလာခံ ပြီးဆုံးသွားသည်နှင့် ဤအင်မော်တယ်ဘုရင်များနှင့် အင်မော်တယ်အရှင်များကို တရားဝင် စတင် စည်းရုံးရန် ဆုံးဖြတ်လိုက်ကြသည်။
အလုပ်သုံးခုစလုံးမှာ တိုးတက်မှုနှုန်း မတူညီသော်လည်း အားလုံးက ရှေ့သို့ ဆက်လက် ရွေ့လျားနေကြပေသည်။
ထို့ကြောင့် ထန်ထျန်းက အလုပ်အားလုံးကို သူတို့ထံ လွှဲအပ်လိုက်ပြီး သူ အကျွမ်းကျင်ဆုံးဖြစ်သော အလုပ်မလုပ်ဘဲ ထိုင်နေသည့် သူဌေးကြီးအဖြစ်သာ နေလိုက်တော့သည်။
လဝက်ခန့် ကျင့်ကြံပြီးနောက်တွင် မြင့်မြတ်ရွှေအင်မော်တယ် အလယ်အလတ်အဆင့်မှာ လုံးဝ ခိုင်မာသွားခဲ့ပြီး နောက်ထပ် ခြေတစ်လှမ်းဆိုလျှင် နှောင်းပိုင်း အဆင့်သို့ တက်လှမ်းနိုင်တော့မည် ဖြစ်ပေသည်။
သို့သော် ထိုအချိန်တွင် ထုန်းရှန့်ညီလာခံမှာ တရားဝင် စတင်ခဲ့ပြီ ဖြစ်သည်။
၎င်းမှာ ထုန်းရှန့်တောင် တစ်ခုလုံးသာမက ထျန်းဖူနန်းတော် တစ်ခုလုံး၏ အမြင့်ဆုံး အဆင့်ရှိသော တပည့်များ၏ အတွေ့အကြုံ ဖလှယ်ပွဲကြီး ဖြစ်ပေသည်။
ဤညီလာခံမှ ထင်ပေါ်လာခဲ့လျှင် ၎င်းမှာ မြင့်မြတ်သားတော် သို့ တက်လှမ်းနိုင်မည့် လမ်းကြောင်းပေါ်သို့ အမှန်တကယ် ရောက်ရှိသွားခြင်းပင်။
ထို့ကြောင့်ပင် ပြိုင်ဆိုင်မှုမှာ အလွန်ပင် ပြင်းထန်လှပေသည်။
ထိပ်တန်း တပည့်ပေါင်း ၅၀၀ ကျော်ထဲမှ နောက်ဆုံးတွင် ၃ ဦးသာ ဂုဏ်ပြုခံရပြီး ရှန်းယွမ်စင်မြင့် ပေါ်သို့ တက်လှမ်းနိုင်မည် ဖြစ်ပေသည်။
ယနေ့က ထုန်းရှန့်ညီလာခံ၏ ပထမဆုံးနေ့ ဖြစ်ပေသည်။
ပထမဆုံးနေ့ ပြိုင်ပွဲမှာ မြင့်မြတ်ရွှေအင်မော်တယ် အစောပိုင်းအဆင့်များ၏ တိုက်ပွဲဖြစ်ပြီး ထန်ထျန်းမှာမူ ဒုတိယအဆင့် ပြိုင်ပွဲများမှသာ တရားဝင် စတင် ယှဉ်ပြိုင်ရမည် ဖြစ်ပေသည်။
သို့သော် ထန်ထျန်းက အခန်းထဲမှ ထွက်လာရန် ရွေးချယ်ခဲ့သည်၊ ဤမျှ ကြာအောင် ကျင့်ကြံလာခဲ့ပြီးမှ တစ်ရက်၊ နှစ်ရက်လောက်မှာ ကိစ္စမရှိပေ ၊ အနားယူ ခြင်းဟုသာ သတ်မှတ်လိုက်ပေသည်။
မိုရှုက အပြင်မှာ စောင့်နေပြီး သူမနှင့်အတူ မုရွှင် လည်း ပါလာခဲ့သည်။
နေလအင်မော်တယ်နန်းတော်မှ ပြန်လာပြီးနောက် မုရွှင်သည်လည်း မြင့်မြတ်ရွှေအင်မော်တယ် အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်၊ သို့သော် သူ၏ အဆင့်မှာ မတည်ငြိမ် သေးသဖြင့် ယခုတစ်ကြိမ် ထုန်းရှန့်ညီလာခံတွင် ပါဝင်ရန် မရွေးချယ်ခဲ့ပေ။
သူက ငယ်သေးသည်ဖြစ်ရာ အခွင့်အရေးများစွာ ရှိနေသေးသဖြင့် အလျင်စလို လုပ်ရန် မလိုပေ။
ထန်ထျန်းကို မြင်သည့်အခါ သူက လက်သီးဆုပ် လျက် ပြုံးကာ "ကျွန်တော် ပြောသားပဲ၊ သခင်လေးထန်ရဲ့ ခွန်အားက အဲဒီတုန်းကတည်းက ကျွန်တော့်ထက် သာနေမှာပါလို့။"
"မြင့်မြတ်ရွှေအင်မော်တယ် အလယ်အလတ်အဆင့်... သခင်လေးက တကယ်ကို ဖုံးကွယ်ထားတာ နက်နဲလွန်းပါတယ်ဗျာ။"
ထန်ထျန်းက မုရွှင်ကို ကြည့်ကာ စကားလမ်းကြောင်း ပြောင်း၍ မေးလိုက်သည်။ "ငါ ပြီးခဲ့တဲ့ အခေါက်က ပြောတဲ့ကိစ္စကို ဘယ်လို စဉ်းစားထားလဲ"
"မင်းတို့ရဲ့ လျို့ယွင်တင်း ကို ရောင်းမှာလား"
မုရွှင်က ချက်ချင်းပင် ခါးသက်သက် ပြုံးကာ "သခင်လေးထန်ရယ်... ကျွန်တော်က တပည့်လေး တစ်ယောက်ပဲလေ၊ ဒီလို ကိစ္စမျိုးကို ဘယ်လို ဆုံးဖြတ်နိုင်ပါ့မလဲ။"
"ဒါပေမဲ့... အဟွတ်၊ ကျွန်တော် တိုးတိုးလေး ပြောပြမယ်၊ ဒါကို ကျွန်တော် ပြောတယ်လို့တော့ လုံးဝ မပြောပါနဲ့နော်။"
"လျို့ယွင်တင်း ရဲ့ လက်ရှိ အခြေအနေက တကယ်ပဲ အခက်အခဲ တချို့နဲ့ ကြုံနေရတာ။"
"အဆင့်မြင့်ပိုင်းတွေကလည်း ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း ရှာနေကြတယ်၊ တကယ်လို့ ဒီအခက်အခဲတွေကို ဖြေရှင်းနိုင်မယ်ဆိုရင်တော့ ရောင်းဖို့ ဖြစ်နိုင်ခြေ အနည်းငယ် ရှိကောင်း ရှိနိုင်ပါလိမ့်မယ်။"
ထန်ထျန်းက မျက်ခုံးပင့်ကာ "အော်..." ဟု ရှည်လျားစွာ ဆိုလိုက်သည်။
အမှန်ပင်၊ ဤကောင်က သူ့ဆီကို ပြိုင်ပွဲကြည့်ဖို့ သက်သက် လာခြင်း မဟုတ်ပေ။
တိုးတိုးလေး ပြောပြသည် ဆိုသော်လည်း အမှန်စင်စစ်မှာ လျို့ယွင်တင်း အဆင့်မြင့်ပိုင်းများက မုရွှင်၏ ပါးစပ်မှတစ်ဆင့် ဤကိစ္စကို သူ့အား အသိပေးစေလိုခြင်း ဖြစ်နိုင်ခြေ များပေသည်။
သို့သော် ထန်ထျန်းက နားလည်ပေးနိုင်ပါသည်၊ အင်အားစုတစ်ခုအတွင်း ပြဿနာတက်လျှင် လူသိရှင်ကြား ကြေညာပါက မလိုအပ်ဘဲ အခက်တွေ့နိုင်ပြီး တစ်ဖွဲ့လုံး ပြိုလဲသွားနိုင်သည်အထိ ဖြစ်နိုင်သောကြောင့်ပင်။
"ဒါဆို တကယ်ကို တိုက်ဆိုင်တာပဲ၊ ငါ အကျွမ်းကျင်ဆုံးက ပြဿနာတွေကို ဖြေရှင်းပေးတာပဲလေ။"
"စိတ်မပူပါနဲ့၊ နောက်မှ ငါ တစ်ယောက်ယောက်ကို လွှတ်ပြီး မင်းတို့ဘက်နဲ့ ဆက်သွယ်ခိုင်းလိုက်မယ်၊ ဘာတွေဖြစ်နေလဲဆိုတာ ကြည့်ဖို့ပေါ့ ။"
ထန်ထျန်းက ပြုံးလျက် ပြောလိုက်သည်။
မုရွှင်က နားထောင်ပြီးနောက် သက်ပြင်းတစ်ချက် ချကာ ထန်ထျန်းကို အလေးအနက် ဦးညွှတ်၍ ကျေးဇူးတင်လိုက်သည်။
ဤကဲ့သို့သော ကိစ္စမျိုးမှာ ထန်ထျန်းကို ဖုံးကွယ်ထား၍ မရနိုင်ကြောင်း သူ သေချာပေါက် သိပေသည်။
ခဏမျှ စကားစမြည် ပြောပြီးနောက် သူတို့သုံးဦးမှာ ထုန်းရှန့်ညီလာခံ ကျင်းပရာ နေရာသို့ ထွက်လာခဲ့ကြပေသည်။
ထုန်းရှန့်ညီလာခံ ကျင်းပသည့် နေရာမှာ ထုန်းရှန့်တောင်ပေါ်တွင် မဟုတ်ဘဲ ထျန်းချီတောင် ခြေရင်းရှိ ကွင်းပြင်ကြီး လေးခုအတွင်း၌ ဖြစ်ပေသည်။
ဤကဲ့သို့သော ထိပ်တန်းပြိုင်ပွဲမျိုးကို တပည့်များစွာအား မြင်တွေ့စေလိုခြင်းမှာ တစ်ဖက်မှ သူတို့ကို စိတ်ဓာတ်တက်ကြွစေရန်ဖြစ်ပြီး အခြားတစ်ဖက်မှ ထျန်းဖူနန်းတော်က မည်မျှ အစွမ်းထက်ကြောင်း သိစေရန် ဖြစ်ပေသည်။
ထန်ထျန်းတို့ ရောက်ရှိချိန်တွင် နေရာတစ်ခုလုံးမှာ လူပင်လယ်ကြီး ဖြစ်နေပြီ ဖြစ်ပေသည်။
ကြီးမားလှသော ပြိုင်ကွင်း ကြီးမှာ ကွင်းပြင်၏ အလယ်ဗဟိုတွင် တင့်တယ်စွာ တည်ရှိနေပေသည်။
ပြိုင်ကွင်း ၏ ဘေးပတ်ပတ်လည်တွင်မူ လူပေါင်း သိန်းချီ ဆံ့သော ကြည့်ရှုသူ စင်မြင့်ကြီး ရှိပေသည်။
၎င်း၏ ပုံစံမှာ ယခင်က နဂါးကျွန်းပေါ်တွင် ရှိခဲ့သည့် ပုံစံနှင့် ဆင်တူပေသည်။
ကံကောင်းသည်မှာ အားလုံးက ကျင့်ကြံသူများ ဖြစ်ကြသဖြင့် မျက်စိအား ကောင်းကြရာ အဝေးကြီးမှ ကြည့်ရသဖြင့် မမြင်ရမည်ကို စိုးရိမ်ရန် မလိုပေ။
ထန်ထျန်းနှင့် မိုရှု တို့မှာ ပါဝင်ယှဉ်ပြိုင်မည့် တပည့်များ ဖြစ်ကြသဖြင့် ကိုယ်ပိုင် နေရာများ ရှိကြပေသည်။
ထိုင်ပြီး မကြာမီမှာပင် ကြီးကျယ်လှသော ခေါင်းလောင်းသံ မြည်ဟည်းလာခဲ့ပြီး ယခုနှစ် ထုန်းရှန့်ညီလာခံကို တရားဝင် စတင်လိုက်ပြီ ဖြစ်ပေသည်။
လန်တင်းအင်မော်တယ်အရှင်နှင့် တောင်ထိပ်သခင်ကုန်း တို့က အဓိက နေရာတွင် ထိုင်နေကြပြီး တပည့်များကို အားပေးစကားများ ပြောကြားခဲ့ကြပေသည်။
စကားအဆုံးတွင် မီးရှူးမီးပန်းများ ပစ်လွှတ် ခဲ့ပြီး ကြီးမားသော ပေါက်ကွဲသံကြီးမှာ စစ်ဗုံသံကဲ့သို့ပင် တိုက်ပွဲဝင်မည့် လမ်းကို တီးခတ်လိုက်သကဲ့သို့ ဖြစ်ပေသည်။
နောက်ဆုံးတွင် တပည့်နှစ်ဦး စင်ပေါ်သို့ တက်လာခဲ့ကြသည်။
ရှောင်ကျိ ရှိနေသဖြင့် ထန်ထျန်းက သူတို့၏ အချက်အလက်များကို ချက်ချင်း မြင်လိုက်ရပေသည်။
ဤတပည့်နှစ်ဦးမှာ ကုံးချန် ခြံဝင်း မှ မဟုတ်ဘဲ ကျီဝေခြံဝင်း မှ ထူးချွန်သော တပည့်များ ဖြစ်နေကြပေသည်။
သူတို့၏ ခွန်အားမှာ မဆိုးလှသော်လည်း အသက် ၃၀ နီးပါး ရှိနေကြပြီ ဖြစ်ရာ ကုံးချန် ခြံဝင်း သို့ ဝင်ခွင့်မရကြသော်လည်း ထုန်းရှန့်ညီလာခံတွင်မူ ပါဝင်ယှဉ်ပြိုင်ခွင့် ရှိကြပေသည်။
တောင်ထိပ်သခင်ကုန်း ကိုယ်တိုင် ဦးဆောင်၍ အမိန့်ပေးလိုက်သည်နှင့် သူတို့နှစ်ဦး၏ မြင့်မြတ်ရွှေအင်မော်တယ် အစောပိုင်းအဆင့် အော်ရာ များမှာ ဟုန်းခနဲ ပေါက်ကွဲ ထွက်ပေါ်လာတော့သည်။
သူတို့မှာ ထိပ်တန်း တပည့်များ ဖြစ်ကြရာ ကုံးချန် ခြံဝင်း သို့ မဝင်နိုင်ခဲ့သော်လည်း အခြား တပည့်များအတွက်မူ ငြင်းစရာ မလိုသော ထူးချွန်သူများ ဖြစ်ကြပေသည်။
သူတို့၏ လှုပ်ရှားမှုတိုင်းတွင် နေမင်းများ နစ်မြုပ်ကာ တောင်နှင့် မြစ်များ လည်ပတ်နေသကဲ့သို့ပင် ဖြစ်ရာ ကြည့်ရှုနေသော တပည့်များမှာ တအံ့တသြ အော်ဟစ်နေကြပေသည်။
သို့သော် ထန်ထျန်းနှင့် မိုရှု တို့၏ အနီးနားရှိ ပြိုင်ပွဲဝင်များမှာမူ တည်ငြိမ်သော အကြည့်များဖြင့် ကြည့်နေကြပြီး တစ်ခါတစ်ရံတွင် သူတို့၏ စွမ်းရည်အပေါ် ဝေဖန် အကဲဖြတ်နေကြပေသည်။
"အင်မော်တယ်ကျင့်စဉ် ကျင့်ကြံတာက အားနည်းသေးတယ်၊ ဒီနေရာမှာ နောက်ထပ် ပိုကောင်းအောင် လုပ်လို့ ရသေးတယ်"
"တိုက်ခိုက်ပုံမှာလည်း ပြဿနာတချို့ ရှိနေတယ်၊ ငါသာ ဆိုရင် တစ်ဖက်လူက အခုဆို မြေပြင်ပေါ်မှာ လဲနေပြီ"
သူတို့၏ တုံ့ပြန်မှုမှာ အခြား ကြည့်ရှုသူများနှင့် လုံးဝ ကွဲပြားနေပေသည်။
သို့သော် သူတို့မှာ ထိုသို့ ပြောရန် အရည်အချင်းရော ခွန်အားပါ ရှိကြပေသည်။
ထိုသူများ၏ ဆွေးနွေးမှုများကို နားထောင်ရင်း ထန်ထျန်းက မေးစေ့ကို ပွတ်ကာ တစ်ခုခုကို စဉ်းစားနေခဲ့ပေသည်။
ဤထိပ်တန်း တပည့်များမှာ တကယ်ကို ထူးခြားလှပေသည်။
တကယ်လို့ ငါက နိယာမ တွေကို မသုံးဘဲ အနန္တတာအိုနိယာမ ကိုလည်း မသုံးဘဲ ငါ့ရဲ့ ကြောက်စရာကောင်းတဲ့ ဟင်းလင်းပြင် ခန္ဓာ ကိုလည်း ချန် ထားမယ် ဆိုရင်ပေါ့။
ဖြစ်နိုင်တာက တကယ်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ တိုက်ပွဲတစ်ခု ဖြစ်လာနိုင်မလား...