အဆုံးအဖြတ်တိုက်ပွဲ စတင်ခြင်း
Vol. 42 Ch. 449
နောက်ထပ် ရက်အနည်းငယ်အတွင်းမှာပင် ထန်ထျန်းက နေ့စဉ် ပြိုင်ဘက်အသစ်တစ်ဦးနှင့် ရင်ဆိုင်ခဲ့ရပေသည်။
တစ်ကျော့ ပြီးဆုံးသွားတိုင်း ပြိုင်ဘက်၏ ခွန်အားမှာ ပိုမို သန်မာ လာခဲ့ပေသည်။
သို့သော် ထန်ထျန်းအတွက်မူ အခြေခံအားဖြင့် ဘာမှ သိပ်ပြီး ထူးထူးခြားခြား ကွဲပြားမှု မရှိပေ။
သူ အမြင်ကြည်သည့် ပြိုင်ဘက်ဆိုလျှင် ကောင်းကောင်းမွန်မွန် လမ်းညွှန်ပြသပေးပြီး အမြင်မကြည်သည့် ကောင်များဆိုလျှင်မူ ကောင်းကောင်းကြီး "ပညာပေး" လိုက်ပေသည်။
ဆက်တိုက် ကျော်ဖြတ်လာပြီးနောက် သူ၏ ဂုဏ်သတင်းမှာလည်း တပည့်များကြားတွင် ဆက်လက် မြင့်တက်လာခဲ့ပေသည်။
ယခင်က လူတိုင်းမှာ ထန်ထျန်း၏ အကြောင်းကို ကြားဖူးရုံသာရှိပြီး သူနှင့် သူတို့ကြားတွင် အလှမ်းကွာဝေးနေသကဲ့သို့ ခံစားရပေသည်။
သို့သော် ယခုမူ သူတို့က ထန်ထျန်း၏ ခွန်အား ကို အမှန်တကယ် မြင်တွေ့လိုက်ရပြီဖြစ်ရာ ၎င်းက ပေးစွမ်းသည့် ရိုက်ခတ်မှုမှာ ကြားဖူးနားဝရှိရုံထက် များစွာ ပိုမို ပြင်းထန်လှပေသည်။
အချို့လူများဆိုလျှင် ထန်ထျန်းက ဂိုဏ်းအတွင်းမှာ အုပ်စုဖွဲ့တာမျိုး ရှိ၊ မရှိကို စတင် စုံစမ်းနေကြပြီး ထန်ထျန်းနှင့် နီးစပ်ခွင့်ရမည့် အခွင့်အရေးကို ရှာဖွေနေကြပေသည်။
သို့သော် နှမြောစရာကောင်းသည်မှာ ထန်ထျန်းက ဤကိစ္စမျိုးတွင် အမြဲတမ်း အနေအေးသူဖြစ်ပြီး ရှုပ်ထွေးလှသော လူမှုဆက်ဆံရေးများကို မလုပ်သဖြင့် သူတို့မှာ အားလျှော့လိုက်ကြရုံသာ ရှိပေသည်။
ရက်အနည်းငယ်ကြာ ပြင်းထန်သော တိုက်ပွဲများအပြီးတွင် ထန်ထျန်းက မြင့်မြတ်ရွှေအင်မော်တယ် နှောင်းပိုင်းအဆင့် ရှုံးထွက်ပြိုင်ပွဲများသို့ ချောမွေ့စွာ တက်လှမ်းနိုင်ခဲ့ပေသည်။
မြင့်မြတ်ရွှေအင်မော်တယ် နှောင်းပိုင်းအဆင့် တပည့်အရေအတွက်မှာ မများလှပေ၊ အဆင့်တက်လာသည့် သူများနှင့် ပေါင်းလိုက်လျှင်ပင် လူ ၄၀ မပြည့်ပေ။
နှစ်ကျော့ တိုက်ခိုက်ပြီးနောက် ထန်ထျန်းက အဆုံးအဖြတ် တိုက်ပွဲ စင်မြင့်ပေါ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပေသည်။
ထို့နောက်တွင်တော့ သုံးရက်ကြာ အနားယူချိန် ရှိပေသည်။
ထန်ထျန်း၏ မဆုတ်မနစ် ကြိုးစားမှုကြောင့် ထုန်းရှန့်ညီလာခံ အဆုံးအဖြတ် တိုက်ပွဲမတိုင်မီ ညနေခင်းမှာပင် သူက မြင့်မြတ်ရွှေအင်မော်တယ် နှောင်းပိုင်းအဆင့်သို့ နောက်ဆုံး၌ တက်လှမ်းနိုင်ခဲ့ပေပြီ။
ကျင့်ကြံခြင်း အခန်းအတွင်း၌ ထန်ထျန်းက သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပေသည်။
မြင့်မြတ်ရွှေအင်မော်တယ် အဆင့်အတွက် လိုအပ်သော အင်မော်တယ် စွမ်းအားပမာဏမှာ တကယ်ကို များပြားလွန်းလှပေသည်။
သူ သိထားသလောက်ဆိုလျှင် ဤအဆင့်မှာ သူ၏ အခက်ခဲဆုံး အဆင့်လည်း ဖြစ်နိုင်ပေသည်။
အဘယ်ကြောင့်ဆိုသော် အင်မော်တယ်ဘုရင် အဆင့်သို့ ရောက်ပြီးနောက်တွင် အင်မော်တယ်အရှင်၊ အင်မော်တယ်ဧကရာဇ် စသည့် ကျင့်ကြံခြင်းအဆင့် များမှာ နိယာမ အဆင့် များနှင့် ပိုမို နီးကပ်လာသောကြောင့်ပင်။
သာမန် ကျင့်ကြံသူများအတွက်မူ ၎င်းမှာ အလွန် ခက်ခဲပေလိမ့်မည်၊ ပါရမီ၊ နားလည်နိုင် စွမ်းနှင့် ကံတရားတို့အတွက်ပါ ကြီးမားသော စိန်ခေါ်မှု ဖြစ်ပေသည်။
ထိုအခွင့်အလမ်းကို အောင်မြင်စွာ ရှာဖွေတွေ့ရှိမှသာ ကျင့်ကြံခြင်း လမ်းကြောင်းပေါ်တွင် ပိုမို ရှေ့ဆက်နိုင်မည် ဖြစ်ပေသည်။
သို့သော် ထန်ထျန်းအတွက်မူ ၎င်းမှာ ပြောင်းပြန်အားဖြင့် အလွယ်ကူဆုံး ဖြစ်နေပေသည်။
သူကိုယ်တိုင်ကပင် ဟင်းလင်းပြင် သားတော် ပါရမီကို ပိုင်ဆိုင်ထားပြီး ဟင်းလင်းပြင် ခန္ဓာ ကဲ့သို့သော ကောင်းကင်ကို ဆန့်ကျင်သည့် ခန္ဓာကိုယ်မျိုးလည်း ရှိနေသဖြင့် ကောင်းကင်တာအို နိယာမများကို နားလည်သဘောပေါက်ရန်မှာ ဘာမှ အားစိုက်စရာ မလိုပေ။
ထို့ပြင် သူ့မှာ စနစ် လည်း ရှိနေသေးသည်။
အခြားသူများက ကောင်းကင်တာအို နိယာမဆိုသည်မှာ ဘာမှန်းမသိသေးခင်မှာပင် သူက နိယာမပေါင်း တစ်ထောင်ကျော်ကို ကြိုတင် တတ်မြောက်ထားပြီး ဖြစ်ရာ ဤအားသာချက်မှာ အားသာချက်ဆိုသည့် စကားလုံးနှင့်ပင် မလုံလောက်တော့ဘဲ လုံးဝ ဖိနှိပ်ထားသည့် ထူးဆန်းသော တည်ရှိမှုမျိုး ဖြစ်ပေသည်။
ပြောရလျှင် သူက နောက်ပိုင်း လမ်းများကို ခင်းပြီးသားဖြစ်ရာ ယခုအခါ ထိုလမ်းအတိုင်း ခြေတစ်လှမ်းချင်း လျှောက်လှမ်းသွားရန်သာ လိုအပ်ပေသည်။
အင်မော်တယ်ဘုရင် အဆင့်သို့ တက်လှမ်းနိုင်ခြင်းကသာ ထန်ထျန်း တရားဝင် တိုးတက် နိုင်မည့် အစပင် ဖြစ်ပေသည်။
ထန်ထျန်း၏ အကြည့်များမှာ တည်ငြိမ်နေပေသည်၊ နောက်ဆုံး ခြေတစ်လှမ်းသာ လိုတော့ပေသည်။
အဆင့်ကို ခေတ္တမျှ တည်ငြိမ်အောင် လုပ်ပြီးနောက် သူက ဆက်လက် ကျင့်ကြံရန် ပြင်လိုက်ပေသည်။
သို့သော် ထိုအချိန်မှာပင် မြင့်မားလှသော ခေါင်းလောင်းသံ မြည်ဟည်းလာခဲ့ပြီး ၎င်းမှာ ထုန်းရှန့်ညီလာခံ၏ အဆုံးအဖြတ် တိုက်ပွဲများ တရားဝင် စတင်ပြီဖြစ်ကြောင်း အချက်ပေးလိုက်ခြင်းပင်။
ထန်ထျန်းက စိတ်ကို တည်ငြိမ်အောင် ထားကာ မတ်တပ်ရပ်လိုက်ပြီး ကျင့်ကြံခြင်း အခန်းမှ ထွက်လာခဲ့ပေသည်။
.....
ကွင်းပြင်အတွင်း၌...
ကြီးမားလှသော ပြိုင်ကွင်း ကြီး၏ ဘေးပတ်ပတ်လည်တွင် လူပင်လယ်ကြီး ရှိနေဆဲ ဖြစ်ပေသည်။
ထို့ပြင် ပြီးခဲ့သည့် ရက်များထက်ပင် လူပိုများလာပြီး ပိုမို စိတ်အားထက်သန်နေကြပေသည်။
အဘယ်ကြောင့်ဆိုသော် ယနေ့တွင် ထုန်းရှန့်ညီလာခံ၏ အဆုံးအဖြတ် တိုက်ပွဲများ တရားဝင် စတင်တော့မည် ဖြစ်သောကြောင့်ပင်။
၎င်းမှာ တပည့်များ မြင်တွေ့နိုင်သည့် အမြင့်ဆုံး အဆင့်ရှိသော တပည့်များကြားမှ အားပြိုင်ပွဲဖြစ်ရာ မည်သူကမျှ ဤကဲ့သို့ စိတ်လှုပ်ရှားဖွယ် အခိုက်အတန့်ကို လက်လွှတ်လိုခြင်း မရှိကြပေ။
ယခင် တိုက်ပွဲများတွင် ပြသခဲ့သော စွမ်းရည်များ၊ အထူးသဖြင့် မြင့်မြတ်ရွှေအင်မော်တယ် နှောင်းပိုင်းအဆင့်မှ တက်လှမ်းလာသည့် တပည့်များမှာ လူအများ ပြောစမှတ်ပြုရာ ဖြစ်လာခဲ့ပေသည်။
အာရုံစိုက်ခြင်း အခံရဆုံးသူမှာ သေချာပေါက် ထန်ထျန်းပင် ဖြစ်ပေသည်။
"မြင့်မြတ်ရွှေအင်မော်တယ် အလယ်အလတ်အဆင့်နဲ့တင် တစ်လျှောက် လုံးကို အစွမ်းထက်လှတဲ့ အရှိန်အဟုန်နဲ့ ဖိနှိပ်ပြီး အဆင့်တက်လာနိုင်တာ၊ ထန်ထျန်းက တကယ်ပဲ 'အံ့ဖွယ်ဖန်တီးရှင်' ဆိုတဲ့ နာမည် နဲ့ ထိုက်တန်ပါတယ်ကွာ"
တစ်စုံတစ်ယောက်က ကျယ်လောင်စွာ ချီးကျူးလိုက်ပေသည်။
"ဟုတ်ပ၊ ထျန်းဖူနန်းတော်ရဲ့ သမိုင်းတစ်လျှောက်မှာ ဒီလိုမျိုး လုပ်နိုင်တဲ့သူက လက်ချိုးရေလို့တောင် ရတယ်၊ နောက်လာမယ့် ဗိုလ်လုပွဲတွေမှာ ထန်ထျန်းက ဘယ်လောက်အထိ ခရီးရောက်မလဲဆိုတာ တကယ် သိချင်မိတယ်"
"ငါ့ခံစားချက်အရတော့ ကံတရားက သိပ်ပြီး မဆိုးဘူးဆိုရင် သူက ပထမဆုံးအကျော့မှာတင် နှစ်ပွဲရှုံးပြီး ထွက်သွားရမှာ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ သူက တစ်လျှောက် လုံးကို ဖိနှိပ်ပြီး တက်လာတာဆိုတော့ သူ့ရဲ့ တကယ့် အစစ်အမှန် ခွန်အားကို ဘယ်သူမှ မခန့်မှန်းနိုင်ကြဘူးလေ"
"ဒါနဲ့ သူက အသန်မာဆုံး ၃ နေရာထဲက တစ်နေရာကို ရယူပြီး နောက်ထပ် ကောင်းကင်ကို ဆန့်ကျင်တဲ့ သမိုင်းသစ်တစ်ခုကို ဖန်တီးနိုင်မလား"
လူတိုင်းက အမျိုးမျိုး ဆွေးနွေးနေကြပေသည်။
သို့သော် ဤအဆင့်သို့ ရောက်လာသည့်အခါ ထန်ထျန်းအပေါ် သိပ်ပြီး အကောင်းမမြင်သည့် သူများလည်း ရှိပေသည်။
"မနောက်ပါနဲ့ကွာ၊ အဲဒီ ၃ နေရာက ထန်ထျန်းလို သူက လက်လှမ်းမီနိုင်တဲ့ နေရာမျိုး မဟုတ်ပါဘူး"
"ဟုတ်တယ်၊ အပေါ်မှာ ဘယ်လိုမျိုး တည်ရှိမှုတွေ ရှိနေလဲဆိုတာ ကြည့်ဦးလေ"
"ကော်ရှိုကွမ်း၊ ယွမ်ယု၊ လျိုချီချိုင် နဲ့ လင်းဟုန်ရင် ဆိုတဲ့ ပင်မနန်းတော် လေးခုရဲ့ ပါရမီရှင်တွေက တစ်ယောက်ချင်းစီတိုင်းဟာ အင်မော်တယ်ဘုရင် အဆင့်ကို တက်လှမ်းဖို့ ခြေတစ်လှမ်းပဲ လိုတော့တဲ့ ပါရမီရှင်တွေလေ၊ တစ်ယောက်ထက်တစ်ယောက် ပိုပြီး ထူးခြားကြတာ၊ ထန်ထျန်းက သူတို့ကို ဘာနဲ့ ယှဉ်မှာလဲ"
"နောက်ပြီး တိုက်ယိမဟာမိတ် က ကျန်းတောက်ရင်၊ ရှန်းယွဲ့ရေကန် က ယင်ချင်းရွှယ်၊ စစ်နတ်ဘုရားနန်းတော်က ဟွမ်ထောင် နဲ့ မိုမိသားစုက မိုရှု တို့ကလည်း အပျော့ တွေ မဟုတ်ဘူး၊ အဲဒီ ထိပ်တန်း အင်အားစုတွေရဲ့ ထိပ်တန်း ပါရမီရှင်တွေပဲ"
"မင်းတို့ မေ့နေတာ တစ်ခု ရှိသေးတယ်၊ အလျှို့ဝှက်ဆုံး ဖြစ်တဲ့ ရှောင်းယောင်မိသားစုက ရှောင်းယောင်ရွှင် လေ၊ သူက သူ့ရဲ့ ခွန်အားကို အပြင်မှာ ပြတာ နည်းပေမဲ့ ဘယ်သူမှ သူ့ကို အထင်သေးရဲတာ မဟုတ်ဘူး"
"ဒီလိုမျိုး ပါရမီရှင်တွေက အဲဒီ ၃ နေရာအတွက် အားကောင်းတဲ့ ပြိုင်ဘက်တွေပဲ၊ သူတို့က မြင့်မားလှတဲ့ တောင်ကြီး ၉ လုံးလိုမျိုးပဲ၊ ထန်ထျန်းက ဘယ်သူနဲ့ပဲ တိုးတိုး ကျော်ဖြတ်ဖို့ ခက်ခဲလိမ့်မယ်"
"ကျော်ဖြတ်ဖို့ ခက်ခဲတာ မဟုတ်ဘူး၊ ကျော်ဖြတ်လို့ မရတာ၊ ထုန်းရှန့်ညီလာခံရဲ့ ဗိုလ်လုပွဲ အဆင့်က အရင် အဆင့်တွေနဲ့ လုံးဝ အဆင့် မတူဘူး၊ အရင် အဆင့်တွေက ပြပွဲလောက်ပဲ ရှိတာ၊ အခုမှ တကယ့် ထိပ်တန်း တိုက်ပွဲ စတာ"
တပည့်များက ယခုအကြိမ် ထုန်းရှန့်ညီလာခံ၏ အသန်မာဆုံး သူများကို ရေတွက်ကြည့်သည့်အခါမှ သူတို့၏ ခွန်အားမှာ ယခင် အဆင့်များထက် များစွာ ကျော်လွန်နေကြောင်း သတိပြုမိသွားကြပေသည်။
ထိုလူများမှာ ထို ၃ နေရာအတွက်သာ လာခဲ့ကြခြင်း ဖြစ်ပေသည်။
အရှိန်အဟုန်ပြင်းစွာ တက်လာခဲ့သည့် ထန်ထျန်းက သူ၏ မူလ အရှိန်အဟုန်ကို ဆက်လက် ထိန်းထားနိုင်ပါ့မလား။
အရာအားလုံးမှာ မသိရပေ။
ထန်ထျန်း ကွင်းပြင်သို့ ရောက်လာသည့်အခါ မိုရှုက စောစောစီးစီး ရောက်နှင့်နေပြီ ဖြစ်ပေသည်။
သို့သော် ယနေ့တွင် သူမက ရှီးရှီးကို ခေါ်မလာခဲ့ပေ။
"ကျွန်မ သွေးအလိမ်းလိမ်းနဲ့ အရိုက်ခံနေရတာကို ရှီးရှီးကို မမြင်စေချင်ဘူးလေ။"
"ကျွန်မရဲ့ ပြိုင်ဘက်ကင်း အစ်မကြီး ပုံရိပ်ကိုတော့ ဆက်ပြီး ထိန်းထားရဦးမယ် မဟုတ်လား"
မိုရှုက ပြုံးလျက် ပြောလိုက်ပေသည်။
ရှီးရှီး ရှိလာပြီးနောက် သူမ၏ စရိုက်မှာလည်း အနည်းငယ် ပြောင်းလဲသွားခဲ့သည်၊ ယခင်က အေးစက်နေသည့် ပုံစံထက်စာလျှင် ပိုမို ပွင့်လင်းလာပုံ ရပေသည်။
အကောင်း၊ အဆိုးကို ဝေဖန်၍ မရပေ ၊ ကွဲပြားသော လူနေမှုပုံစံများသာ ဖြစ်ပေသည်။
ထန်ထျန်း ထိုင်ပြီးနောက် မိုရှုက သူ့ကို ဘေးဘက်သို့ ညွှန်ပြလိုက်ပေသည်။
"ဟွမ်ထောင် နောက်ဆုံးတော့ ရောက်လာပြီ"
"ဒီရက်တွေမှာ သူ တစ်ခါမှ ပေါ်မလာဘူး၊ ဖြစ်နိုင်တာက ဘယ်လို အသေသတ်ကွက်တွေကို ပြင်ဆင်နေလဲ မသိဘူး"
"တကယ်လို့ မင်း သူနဲ့ တွေ့ခဲ့ရင်... သူ့ကို ပိုပြီး ဆိုးဆိုးရွားရွား ရှုံးအောင် လုပ်ပေးဖို့ မမေ့နဲ့ဦးနော်"
ထန်ထျန်း: ....
"ငါက မင်း ငါ့ကို သတိထားဖို့ ပြောမယ် ထင်နေတာ"
မိုရှုက ဟက်ဟက်ပက်ပက် ရယ်မောကာ "ကျွန်မ က ကျွန်မ အစ်မရဲ့ အကဲခတ်တာ ကို ယုံတယ်လေ။"
"သူမက ပြောတယ်၊ ဒီလူတွေက ရှင့်ရှေ့မှာဆိုရင် ဟင်းပွဲလေးတွေပဲတဲ့။"
"အင်း... ကျွန်မ လည်း အပါအဝင်ပေါ့၊ ဒါကြောင့် ကျွန်မ တို့ တွေ့ခဲ့ရင်တော့ ကျွန်မ ကို သိပ်ပြီး အရှက်မကွဲအောင် လုပ်ပေးပါဦးနော်"
ထန်ထျန်းက နှာခေါင်းကို ပွတ်လိုက်ပေသည်။
မိုရှောင်းရှောင်း ဆိုသည့် ဤမိန်းမက သူ့အပေါ်မှာ တကယ်ကို မျက်စိမှိတ် ယုံကြည်နေတာပဲ။
သို့သော်...
ထန်ထျန်း ပြောနိုင်သည်မှာ 'မင်း လူအကဲခတ်တာ တကယ် တော်တာပဲ'
မကြာမီမှာပင် အဆုံးအဖြတ် တိုက်ပွဲဝင်မည့် ပြိုင်ပွဲဝင်များ အားလုံး စုံလင်သွားခဲ့ပေသည်။
ရှန်းယွမ်စင်မြင့် နေရာကို ရည်မှန်းထားသည့် လူ ၉ ဦးအပြင် အခြား တပည့်များမှာ အခြေခံအားဖြင့် အသက်ကြီးနေပြီဖြစ်ကာ ဤစင်မြင့်ပေါ်တွင် နောက်ဆုံးအကြိမ် ပွဲအတွက် ပြင်ဆင်ထားကြသည့် တပည့်များ ဖြစ်ကြပေသည်။
သူတို့သည်လည်း အစွမ်းကုန် ကြိုးစားကြမည်ဖြစ်ရာ ခွန်အားကို လျှော့တွက်၍ မရပေ၊ သို့မဟုတ်ပါက ထို ၉ ဦးပင်လျှင် အမှားအယွင်း ဖြစ်သွားနိုင်ခြေ ရှိပေသည်။
ခဏမျှ စောင့်ဆိုင်းပြီးနောက် တောင်ထိပ်သခင်ကုန်း စင်ပေါ်သို့ တက်လာသည်နှင့်အတူ ယခုနှစ် ထုန်းရှန့်ညီလာခံ၏ အဆုံးအဖြတ် တိုက်ပွဲများ...
တရားဝင် စတင်ခဲ့ပြီ ဖြစ်ပေသည်