အခန်း (၂၁၆)
Vol. 22 Ch. 216
တစ်ချိန်တည်းမှာပင် ကျားဖြူကြီးမှာ ဟိန်းဟောက်လိုက်ပြီး သူ၏ လက်ပါးစေ မိစ္ဆာများကို ရှေ့သို့တိုးကာ တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။
ထူးခြားလှသော လူမျက်နှာပါ မြွေဟောက်၊ တောင်ဆိတ်နီနှင့် အခြားသော သားရဲကြီးများသည် သူတို့၏ ဧရာမ ခန္ဓာကိုယ်ကြီးများကို အားပြုလျက် တာအိုဝတ်စုံနှင့် လူငယ်ထံသို့ တဟုန်ထိုး ပြေးဝင်သွားကြတော့သည်။
"ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေကြတာပဲ"
အနီရောင်ဝတ်စုံနှင့် လူငယ်က မထီမဲ့မြင် ပြုံးလိုက်သည်။ သူသည် ညာဘက်လက်ကို မြှောက်လိုက်ရာ လက်ဖဝါးပေါ်တွင် ကြက်ဥအရွယ်အစားခန့်ရှိသော လိမ္မော်နီရောင် ကြာပန်းပုံသဏ္ဌာန် မီးလျှံ တစ်ခု ပေါ်ထွက်လာပြီး ပြေးဝင်လာသော သားရဲများဆီသို့ ပစ်လွှတ်လိုက်သည်။
ထိုမီးလျှံသည် လူမျက်နှာပါ မြွေဟောက်နှင့် အခြားသားရဲများကို အားစိုက်စရာမလိုဘဲ ထိုးဖောက်သွားပြီး အရှိန်မပျက်ဘဲ ပိုမိုကြီးထွားလာသည်။ စောစောကမှ ရက်စက်ကြမ်းကြုတ်မှုများကို ပြသနေသော သားရဲများသည် မီးလျှံ၏ ထိုးဖောက်ခြင်းကို ခံရပြီးနောက် နေရာတွင်တင် တောင့်တင်းသွားကြတော့သည်။
ထို့နောက် ၎င်းတို့၏ ဧရာမခန္ဓာကိုယ်ကြီးများသည် မျက်စိရှေ့တင်ပင် တောက်လောင်လာပြီး နောက်ဆုံးတွင် ပြာပုံအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။ ထွက်သက်ဝင်သက် အကြိမ်အနည်းငယ်အတွင်းမှာပင် ပေရာပေါင်းများစွာ အကွာအဝေးအတွင်းရှိ သားရဲအားလုံးမှာ အစအနပင်မကျန်အောင် ရှင်းလင်းသွားခဲ့ပြီ ဖြစ်သည်။
ဤမီးလျှံ၏ စွမ်းအားကို မြင်တွေ့လိုက်ရသောအခါ အနားတွင် စုဝေးနေသော သားရဲများမှာ သားရဲဘုရင်၏ ဘေးကင်းမှုကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အရပ်မျက်နှာအနှံ့ ထိတ်လန့်တကြား ထွက်ပြေးကြတော့သည်။
မြို့ရိုးပေါ်ရှိ သိုင်းဆရာသခင်များမှာမူ မှင်သက်နေကြရသည်။ သူတို့မျက်စိရှေ့တွင် မြင်တွေ့နေရသည့် အရာများမှာ သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။
လူတစ်ယောက်က ဒီလောက်ထိ ပြင်းထန်တဲ့ မီးလျှံတွေကို ထုတ်လွှတ်နိုင်တာလား။
"ဒါ... ဒါ မိစ္ဆာအတတ် တစ်ခုခုလား..."
အဘိုးကြီးယွမ်က တိုးတိုးလေး ရေရွတ်လိုက်မိသည်။ အခြားသူများမှာလည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသော်လည်း ဘာမှဝင်မပြောဘဲ နေကြသည်။ သူတို့အားလုံးမှာလည်း အဘိုးကြီးယွမ်ကဲ့သို့ပင် တွေးနေကြပုံပင်။
"လျှောက်မပြောနဲ့... သူက မသေမျိုးဆရာသခင်ပဲ"
အတွေ့အကြုံရင့်ကျက်သော မြို့စားမင်းလီက အနီရောင်ဝတ်စုံနှင့် လူငယ်၏ အဆင့်အတန်းကို ခွဲခြားသိမြင်လိုက်သည်။
လူတိုင်း ထိုစကားကို ကြားသောအခါ အံ့ဩသွားကြသည်။ ဤသူမှာ မြို့ကို ကာကွယ်ရန် အစီအရင်စနစ်ကို တည်ဆောက်ပေးခဲ့သော မသေမျိုးဆရာသခင်လား။ တကယ့်ကို နတ်မင်းတစ်ပါးကဲ့သို့ပင်။
"သိုင်းသမားတွေဆိုတာ တကယ့်ကို အသိအမြင် နည်းကြတာပဲ"
လှောင်ပြောင်သလို အသံတစ်ခု ထွက်ပေါ်လာသည်။ အနီရောင်ဝတ်စုံနှင့် တာအိုပညာရှင်မှာ သူ၏မြင်းကို စီးနင်းလျက် အတောင်ပံပါ ကျားဖြူကြီးရှိရာသို့ ဆက်လက် ဦးတည်သွားတော့သည်။
တာအိုဝတ်စုံနှင့် လူငယ် ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ သားရဲရိုင်းများနှင့် သားရဲငှက်များမှာ ကြောက်လန့်တကြား ဆုတ်ခွာပေးကြသဖြင့် သူ၏ရှေ့တွင် ဟာလာဟင်းလင်းဖြစ်သော လမ်းပွင့်သွားတော့သည်။
“ဝူး...”
အတောင်ပံပါကျားကြီးသည် မတည်မငြိမ်ဖြစ်စွာဖြင့် ဟိန်းဟောက်လိုက်ပြီး ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးကို အဆက်မပြတ် နောက်ဆုတ်နေတော့သည်။
“ယုတ်ညံ့တဲ့ သားရဲ... ငါ့ကိုမြင်တာတောင် ဘာလို့ အမြန် ဒူးမထောက်တာလဲ"
ထိုသို့ ကြိမ်းမောင်းနေစဉ်မှာပင် တာအိုပညာရှင်လူငယ်၏ လက်ထဲ၌ ဝါဂွမ်းရောင် အဆောင်စာရွက်တစ်ရွက် ပေါ်လာသည်။ ၎င်းပေါ်တွင် နားမလည်နိုင်သော အမည်းရောင် အကွေးအဆန့်များနှင့် စာလုံးများ ရေးထိုးထားသည်။
အနီရောင်ဝတ်စုံနှင့် တာအိုပညာရှင်သည် အဆောင်စာရွက်ကို သူ၏ လက်ဝဲဘက် လက်မနှင့် လက်ညှိုးကြားတွင် ညှပ်ကိုင်ထားပြီး ညာဘက်လက်ဖြင့် ရင်ဘတ်ရှေ့တွင် ရှုပ်ထွေးလှသော လက်ကွက်များ ဖော်ကာ မန္တန်များကို ရွတ်ဖတ်လိုက်သည်။ ဝါဂွမ်းရောင် အဆောင်စာရွက်သည် လေထဲသို့ ပျံတက်သွားပြီး တစ်ဝက်တစ်ပျက် ကြည်လင်နေသော ကြိုးတစ်ချောင်း အဖြစ် ပြောင်းလဲသွားတော့သည်။
၎င်းသည် ဟင်းလင်းပြင်ထဲတွင် နဂါးတစ်ကောင် သို့မဟုတ် မြွေတစ်ကောင်အလား လှုပ်ရှားသွားပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် အတောင်ပံပါကျားကြီး၏ ရှေ့သို့ ရောက်ရှိသွားကာ ၎င်းအား အထပ်ထပ်အခါခါ မြဲမြံစွာ တုပ်နှောင်လိုက်တော့သည်။
“ဝူး...”
အတောင်ပံပါကျားကြီးသည် မကျေမနပ် ဟိန်းဟောက်လိုက်ပြီး အသည်းအသန် ရုန်းကန်တော့သည်။ သို့သော် ထိုတစ်ဝက်တစ်ပျက် ကြည်လင်နေသော ကြိုးမှာ သားရေကွင်းတစ်ခုကဲ့သို့ပင် အဆက်မပြတ် ကျုံ့လိုက် ဆန့်လိုက် ဖြစ်နေပြီး ကျားဖြူကြီးကို ခိုင်မြဲစွာ ချည်နှောင်ထားဆဲပင်။
“အချည်းနှီးပါပဲကွာ...”
အနီရောင်ဝတ်စုံနှင့် တာအိုပညာရှင်က လှောင်ပြုံးပြုံးလိုက်သော်လည်း နောက်တစ်ခဏ၌ သူ၏ အမူအရာ ပြောင်းလဲသွားသည်။
အတောင်ပံပါကျားကြီးသည် သူ၏ အင်အားရှိသမျှ အစွမ်းကုန်ထုတ်၍ ရုန်းကန်လိုက်ခြင်းပင်။ ၎င်း၏ တစ်ကိုယ်လုံးမှ နေမင်းငယ်လေးတစ်ခုအလား စူးရှတောက်ပသော အနီရောင်
အလင်းတန်းများ ဖြာထွက်လာပြီး ခန္ဓာကိုယ်မှာလည်း အဆက်မပြတ် ဖောင်းကြွလာရာ နောက်ဆုံးတွင် ထိုကြည်လင်နေသော ကြိုးမှာ တိခနဲ ပြတ်တောက်သွားတော့သည်။
ဖတ်ဟူသော အသံနှင့်အတူ ကြိုးမှာ စုတ်ပြတ်နေသော ဝါဂွမ်းရောင် အဆောင်စာရွက်အဖြစ် ပြန်လည်ပြောင်းလဲသွားပြီး လေထဲမှ တဖြည်းဖြည်း ကြွေကျလာသည်။
“ခေါင်းမာတဲ့ သားရဲ... ငါကတော့ မင်းကို အသက်ချမ်းသာပေးမလို့ပဲ”
အနီရောင်ဝတ်စုံနှင့် တာအိုပညာရှင်၏ မျက်ဝန်းထဲတွင် ရက်စက်မှုများ ဝင်းလက်သွားပြီး အခြား အဆောင်စာရွက်တစ်ရွက်ကို ထပ်မံ ပစ်လွှတ်လိုက်ပြန်ရာ ၎င်းမှာ အတောင်ပံပါကျားကြီးကို နောက်တစ်ကြိမ် တုပ်နှောင်ရန် ကြိုးအဖြစ် ပြောင်းလဲသွားပြန်သည်။
တစ်ချိန်တည်းမှာပင် လိမ္မော်နီရောင် ကြာပန်းပုံသဏ္ဌာန် မီးလျှံသည် သူ၏ လက်ဖဝါးပေါ်တွင် ပေါ်လာပြီး ကျားဖြူကြီးထံသို့ ပျံသန်းသွားကာ ၎င်း၏ ပါးစပ်အဟတွင် အတွင်းသို့ တိုးဝင်သွားတော့သည်။ အတောင်ပံပါကျားကြီးသည် နာကျင်လှစွာ အော်ဟစ်လိုက်ပြီး ၎င်း၏ ခန္ဓာကိုယ်မှာ ရုန်းကန်နေခြင်းကို ရပ်တန့်သွားသည်။
မီးလျှံများ ပြန်လည်ထွက်ခွာသွားပြီးနောက် ၎င်း၏ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တောက်လောင်လာပြီး ခဏအကြာတွင်မူ ဧရာမ အနက်ရောင် အရိုးစုကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
အတောင်ပံပါကျားကြီး သေဆုံးသွားသည်နှင့်အမျှ တောင်ပံကျိုးသွားသော ငှက်ပမာ ဧရာမ သားရဲဒီရေကြီးသည်လည်း တစ်စစီ ပြိုကွဲသွားပြီး ဝေးကွာလှသော သားရဲတစ်ရာတောအုပ်ဆီသို့ ဦးတည်ကာ ထွက်ပြေးကြတော့သည်။
ထိုင်ဝမ်မြို့၏ မြို့ရိုးမျှော်စင်ပေါ်မှနေ၍ ကြည့်လျှင် ပင်လယ်ဒီရေ ဆုတ်သွားသကဲ့သို့ မည်းနက်နေသော သားရဲအုပ်ကြီး ဆုတ်ခွာသွားသည်ကို အထင်အရှား မြင်တွေ့နေရပြီ ဖြစ်သည်။ ဤသားရဲဘေးဒုက္ခကြီးသည် အမှန်တကယ်ပင် ပြီးဆုံးသွားခဲ့သည်။
“မသေမျိုးဆရာသခင်ကို ကြိုဆိုပါတယ်ခင်ဗျာ”
မြို့စားမင်းလီ၏ မျက်နှာတွင် ရိုသေလေးစားမှုများ အပြည့်ဖြင့် စစ်သူကြီး ယွဲ့နှင့် မြို့စားမင်းဂေဟာမှ လေးသည်တော်များကို ဦးဆောင်ကာ အောက်ဘက်ရှိ မြို့တံခါးကို ဖွင့်လှစ်ပေးလိုက်သည်။ ထို့နောက် အနီရောင်ဝတ်စုံနှင့် တာအိုပညာရှင်ကို ဦးညွှတ် ဂါရဝပြုကြတော့သည်။
“မသေမျိုးဆရာသခင်ကို ကြိုဆိုပါတယ်”
၎င်းကို မြင်သောအခါ မြို့ရိုးပေါ်ရှိ အခြားသော သိုင်းဆရာသခင်များကလည်း တစ်ပြိုင်နက်
တည်း ဟစ်ကြွေးကြရာ သူတို့၏ ဟိန်းဟောက်သံများမှာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး အားမာန်အပြည့်ရှိသော အရှိန်အဝါတစ်ခုကို ဖန်တီးလိုက်တော့သည်။
နုပျိုသော အနီရောင်ဝတ်စုံနှင့် တာအိုပညာရှင်သည် ခေါင်းကို အသာအယာ ငြိတ်ပြလိုက်ပြီး သူ၏ ယူနီကွန်းမြင်းကို စီးနင်းလျက် မြို့ထဲသို့ ဂုဏ်ယူဝင့်ကြွစွာ ဝင်ရောက်လာခဲ့သည်။
“မသေမျိုးဆရာသခင်က အဝေးကနေ ကြွလာပြီး သားရဲဘုရင်ကို နှိမ်နင်းပေးခဲ့တာ တကယ့်ကို ကျေးဇူးကြီးမားလှပါတယ်။ ဆရာသခင်အတွက် ဂုဏ်ပြုစားပွဲတစ်ခု တည်ခင်းပါရစေ...” မြို့စားမင်းလီက အရင်ဆုံး အကြံပြုလိုက်သည်။
“မလိုပါဘူး အရင်ဆုံး အစီအရင်စနစ်ကို အရင်ပြင်လိုက်မယ်"
အနီရောင်ဝတ်စုံနှင့် တာအိုပညာရှင်သည် ဂရုမစိုက်ဟန်ဖြင့် လက်ယမ်းပြလိုက်ပြီး မြို့ရိုးအတွင်းဘက်ရှိ ကျောက်လှေကားများအတိုင်း မြို့ရိုးမျှော်စင် ထိပ်ဆုံးသို့ တက်လှမ်းသွားတော့သည်။ သူသည် မျှော်စင်၏ အလယ်ဗဟို၊ နက်မှောင်သော အနီရောင် သင်္ကေတများစွာ ရေးထိုးထားသည့် နံရံတစ်ခုရှေ့သို့ ရောက်ရှိလာသည်။
သူသည် မည်သည့်နည်းလမ်းကို သုံးလိုက်သည်မသိပေ။ မြို့ရိုးပေါ်ရှိ ကျောက်တုံးတစ်တုံးမှာ တဖြည်းဖြည်း ရှေ့သို့ ထွက်ပေါ်လာပြီး ၎င်း၏ မျက်နှာပြင်ပေါ်တွင် လက်သီးဆုပ်ခန့်ရှိသော ချိုင့်ခွက်လေးတစ်ခု ပေါ်လာသည်ကို အားလုံးက စောင့်ကြည့်နေကြသည်။ ထိုချိုင့်ခွက်ထဲတွင် အရောင်မှိန်ဖျော့နေသော တစ်ဝက်တစ်ပျက် ကြည်လင်သည့် ကျောက်တုံးလေးတစ်ခု ရှိနေသည်။
တာအိုပညာရှင်သည် ထိုကျောက်တုံးဟောင်းကို ဖယ်ရှားလိုက်ပြီး ဖြူဖွေးသော ကျောက်တုံးအသစ်တစ်တုံးဖြင့် အစားထိုးလိုက်သည်။ ထို့နောက် သူ၏လက်ဖဝါးပေါ်တွင် လိမ္မော်နီရောင် ကြာပန်းပုံစံ မီးလျှံ ပေါ်လာပြန်ပြီး ၎င်းမှာ နံရံပေါ်ရှိ အနီရင့်ရောင် သင်္ကေတများထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားတော့သည်။
တစ်မြို့လုံးကို လွှမ်းခြုံထားသော ပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် အလင်းအကာအကွယ်ကြီးမှာ ထိုခဏ၌ပင် ပြန်လည် တောက်ပလာပြီး မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ ခဏအကြာတွင် အလင်းအကာအကွယ်မှာ ပြန်လည်ရုပ်သိမ်းသွားပြီး တာအိုပညာရှင်သည် သူ၏ လှုပ်ရှားမှုများကို ရပ်တန့်ကာ မြို့စားမင်းလီကို လှည့်ကြည့်လိုက်သည်။
“ဒီတစ်ခါ မိစ္ဆာတွေ ပေါ်လာလို့ အစီအရင်စနစ်ကို အသုံးပြုခဲ့ရတာက နားလည်ပေးလို့ ရပါတယ်။ ငါကိုယ်တိုင် နန်းတော်ကို အစီရင်ခံပေးမှာမို့လို့ မင်းကို အလွယ်တကူ အပြစ်ပေးမှာ မဟုတ်ဘူး"
“ကျေးဇူးတင်ပါတယ် မသေမျိုးဆရာသခင်...”
မြို့စားမင်းလီ၏ မျက်နှာတွင် ဝမ်းသာအားရ ဖြစ်သွားသည့် အရိပ်အယောင်များ ထင်ဟပ်သွားသည်။
မြို့စောင့်အစီအရင်စနစ်ကို ပေါ့ပေါ့ဆဆ အသုံးမပြုသင့်ကြောင်း၊ အလွယ်တကူ အသက်သွင်းမိပါက မိမိ၏ ရာထူးသက်တမ်း အဆုံးသတ်သွားနိုင်ကြောင်း ကောလာဟလများ ရှိခဲ့ဖူးသည်။ ယခုမူ မသေမျိုးဆရာသခင် ကိုယ်တိုင်က အကာအကွယ်ပေးမည်ဟု ဆိုသဖြင့် စိုးရိမ်စရာ မရှိတော့ပေ။
“မသေမျိုးဆရာသခင်ကို ကျွန်တော့်ဂေဟာမှာ အနားယူဖို့ ရိုသေစွာ ဖိတ်ကြားအပ်ပါတယ်” သူက စိတ်အားထက်သန်စွာ ဖိတ်ခေါ်လိုက်သည်။
အနီရောင်ဝတ်စုံနှင့် တာအိုပညာရှင်ကလည်း ငြင်းဆန်ခြင်းမရှိဘဲ မြို့စားမင်းလီ၏ နောက်မှလိုက်ကာ မြို့ရိုးပေါ်မှ ဆင်းသွားတော့သည်။ တစ်လမ်းလုံးတွင် သူသည် မြို့စားမင်းလီမှလွဲ၍ အခြားမည်သူ့ကိုမျှ ဒုတိယအကြိမ် လှည့်မကြည့်ဘဲ မာန်မာနအပြည့်ဖြင့် ရှိနေခဲ့သည်။ သိုင်းဆရာသခင်များကိုပင် သူက လုံးဝ အရေးမလုပ်ဘဲ လျစ်လျူရှုထားခဲ့သည်။
သို့သော်လည်း အခင်းဖြစ်ပွားရာနေရာရှိ သိုင်းဆရာသခင်များမှာမူ အမျက်မထွက်ရဲကြဘဲ မသေမျိုးဆရာသခင်ထံမှ လမ်းညွှန်မှု တစ်စုံတစ်ရာ ရရှိလိုရရှိငြား သူ၏ခြေလှမ်းများနောက်သို့ လိုက်ပါသွားကြသည်။
လုံယီတစ်ဦးတည်းသာ ထိုလူအုပ်ထဲတွင် မပါဘဲ ချန်ရစ်ခဲ့သည်။ မသေမျိုးဆရာသခင်သည် မည်မျှပင် အစွမ်းထက်စေကာမူ ၎င်းမှာ သူနှင့်မဆိုင်ပေ။ သူ့လက်ထဲရှိ အကျိုးကျေးဇူးများကသာ အရေးအကြီးဆုံး ဖြစ်သည်။ သူသည် မြို့ရိုးပေါ်မှ ခုန်ချလိုက်ပြီး သားရဲဘုရင် အတောင်ပံပါကျားကြီး၏ အလောင်းရှိရာသို့ ပြေးသွားလိုက်သည်။
သူသည် ဆယ်မီတာခန့် အကွာအဝေးသို့ ရောက်ရှိသောအခါ သူ၏ရှေ့တွင် အသိပေးချက်
တစ်ခု ပေါ်လာတော့သည်။
[စုဆောင်းရရှိနိုင်သော အရာများကို တွေ့ရှိရပါသည်။ အောက်ပါ ရွေးချယ်စရာ သုံးခုထဲမှ တစ်ခုကို ရွေးချယ်ပါ။
၁။ စွမ်းအင်အမှတ် ၄၀
၂။ အနည်းငယ် မြှင့်တင်ထားသော လေဓာတ်ဆိုင်ရာ ဆွဲဆောင်မှု
၃။ လေဓားသွား နည်းပညာ
တစ်ခု ရွေးချယ်လိုပါသလား]
ဤသည်မှာ စွမ်းရည်ပြမျက်နှာပြင်အဆင့်မြင့်ပြီးနောက် ရရှိလာသော လုပ်ဆောင်ချက်အသစ် ဖြစ်သည်။ အမှန်တကယ်ပင် ယခင်ကထက် များစွာ ပိုမိုကောင်းမွန်လှသည်။ လုံယီ၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီး ရွေးချယ်စရာ သုံးခုကို စတင်စဉ်းစားတော့သည်။
ပထမရွေးချယ်စရာ စွမ်းအင်အမှတ်ကို သူ ချက်ချင်းပင် ပယ်ချလိုက်သည်။ လက်ရှိတွင် သူ၌ စွမ်းအင်အမှတ် လေးထောင်နီးပါး ရှိနေပြီဖြစ်ရာ ၎င်းအတွက် မလိုအပ်ပေ။ ဒုတိယရွေးချယ်စရာ လေဓာတ်ဆိုင်ရာ ဆွဲဆောင်မှုဆိုသည်မှာ ဘာမှန်းအတိအကျ မသိရသေးသော်လည်း ၎င်းသည် သူ့အတွက် အကျိုးရှိမည်မှာ ဧကန်မသွေပင်။
တတိယရွေးချယ်စရာ လေဓားသွား နည်းပညာဆီသို့ သူ၏အကြည့် ရောက်သွားချိန်တွင်မူ စာသားတစ်ခုလုံးမှာ မီးခိုးရောင်သို့ ပြောင်းလဲသွားသည်။ လုံယီသည် ၎င်း၏ အဓိပ္ပာယ်ကို ချက်ချင်းပင် နားလည်လိုက်သည်။ ဆိုလိုသည်မှာ လေဓားသွား နည်းပညာကို သူရွေးချယ်ခဲ့လျှင်ပင် လက်ရှိတွင် သူ၌ လိုအပ်သော အခြေအနေများ မပြည့်စုံသေးသဖြင့် အသုံးပြုနိုင်ဦးမည် မဟုတ်ချေ။