အခန်း (၂၁၇)
Vol. 22 Ch. 217
ထိုသို့ မြင်တွေ့ပြီးနောက် လုံယီသည် ဒုတိယမြောက် ရွေးချယ်စရာကိုသာ ရွေးချယ်လိုက်တော့သည်။
နောက်တစ်ခဏတွင် တစ်စုံတစ်ရာက သူ၏စိတ်ထဲသို့ တိုးဝင်လာသကဲ့သို့ ခံစားလိုက်ရပြီး ဦးနှောက်၏ အနက်ရှိုင်းဆုံးနေရာတွင် ခဏတာ အေးမြသွားကာ နောက်ထပ် ထူးခြားသော တုံ့ပြန်မှု မရှိတော့ပေ။ လေဓာတ်ဆိုင်ရာ ဆွဲဆောင်မှုအနည်းငယ် တိုးလာခဲ့သော်လည်း မည်သည့်နေရာတွင် တိုးလာသည်ကို သူ မခံစားမိသလို စွမ်းရည်ပြမျက်နှာပြင်ပေါ်တွင်လည်း ဖော်ပြထားခြင်း မရှိပေ။
လုံယီသည် များများစားစား ဆက်မစဉ်းစားတော့ဘဲ မြို့ထဲသို့ တန်းတန်းမတ်မတ် ပြန်ဝင်လာခဲ့သည်။ ထို့နောက် အခြားသော သိုင်းဆရာသခင်များ အုပ်စုနှင့်အတူ အဝေးမှ ကြွရောက်လာသော မသေမျိုးဆရာသခင် လူငယ်၏ နောက်သို့ လိုက်ပါသွားခဲ့သည်။
အနီရောင်ဝတ်စုံနှင့် မသေမျိုးဆရာသခင်သည် ကြယ်ရံသော လမင်းပမာ လူအုပ်အလယ်တွင် ဝင့်ကြွစွာ ရပ်နေပြီး အမျိုးမျိုးသော သိုင်းပညာရှင်များ၊ မျိုးနွယ်စုခေါင်းဆောင်များနှင့် ဂိုဏ်းချုပ်များ၏ ချီးမွမ်းခန်းများမှာ စက်သေနတ်ပစ်သကဲ့သို့ တရစပ် ထွက်ပေါ်နေတော့သည်။
“မသေမျိုးဆရာသခင်က လက်တစ်ချက်မြှောက်ရုံနဲ့တင် သားရဲဘုရင်ကို နှိမ်နင်းနိုင်ခဲ့တာ... တကယ့်ကို နတ်ဘုရားတွေ၊ တစ္ဆေတွေတောင် နားမလည်နိုင်တဲ့ အစွမ်းထက်လှတဲ့ နည်းလမ်းပါပဲ။ ကျွန်တော်တို့ တကယ့်ကို အံ့ဩတသ ချီးကျူးရပါတယ်”
“မသေမျိုးဆရာသခင်က ဒီလောက်အထိ နုပျိုနေလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး။ တကယ့်ကို လူငယ်သူရဲကောင်း ပါပဲ”
“ဆရာသခင် ပြောသွားတဲ့ မိစ္ဆာနတ်ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း ဒီအဘိုးကြီးရဲ့ အသိအမြင် နည်းပါးမှုကို ခွင့်လွှတ်ပေးပါဦး... အဲဒါက အတိအကျ ဘာကို ဆိုလိုတာပါလဲခင်ဗျာ”
တရစပ် ချီးမွမ်းမှုများကြောင့်ဖြစ်စေ မေးခွန်းအပေါ် စပ်စုလိုစိတ်ကြောင့်ဖြစ်စေ အနီရောင်
ဝတ်စုံနှင့် မသေမျိုးဆရာသခင်သည် ဖြေကြားလိုသောဆန္ဒ ပေါ်ပေါက်လာပုံပင်
သူက အေးအေးဆေးဆေးပင် ပြောလိုက်သည်။
“သားရဲတစ်ကောင်ဟာ နှစ်ပေါင်းများစွာ ကြာတဲ့အခါ ဝိညာဉ်ဝင်လာတတ်တယ်။ အဲဒီကနေ ထပ်ပြီး အသွင်ပြောင်းလာရင် မိစ္ဆာဖြစ်လာတာပဲ။ အကယ်၍ အဲဒီမိစ္ဆာက ကံကောင်းထောက်မစွာနဲ့ ထူးခြားတဲ့ အခွင့်အရေးတစ်ခုခု ရခဲ့မယ်ဆိုရင် မိစ္ဆာနတ်ဖြစ်လာနိုင်တယ်။ မိစ္ဆာနတ်တွေက မှော်အတတ်တွေကို သုံးနိုင်ပြီးတော့ သိုင်းပညာရှင်တွေအနေနဲ့ သူတို့ကို ယှဉ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။
မင်းတို့အနေနဲ့ မိစ္ဆာနတ်အကြောင်း မကြားဖူးတာက သဘာဝကျပါတယ်။ ဘာလို့လဲဆိုတော့ ဝေနိုင်ငံတော်ကြီးအတွင်းမှာရှိတဲ့ မိစ္ဆာနတ်တွေအားလုံးကို ငါတို့ဂိုဏ်းက အမြစ်ပြတ် သုတ်သင်ရှင်းလင်းထားပြီးသားမို့လို့ပဲ။ ဒါပေမဲ့ မမျှော်လင့်ဘဲ ဝမ်ကျန်းခရိုင်ထဲမှာ တစ်ကောင်က ပိုက်ကွန်ထဲက လွတ်ထွက်ပြီး ကျန်နေခဲ့တာပဲ"
“မသေမျိုးဆရာသခင်ရဲ့ အထွတ်အမြတ်ထားရတဲ့ ဂိုဏ်းတော်နာမည်ကို သိခွင့်ရှိပါမလားခင်ဗျာ”
“ငါးပါးသော ဓာတ်ကြီးဂိုဏ်းပဲ"
အနီရောင်ဝတ်စုံနှင့် မသေမျိုးဆရာသခင်သည် ထိုစကားသုံးခွန်းကို အေးစက်စွာ ပြောကြားလိုက်ပြီး သူ၏မျက်နှာထက်တွင် ဂုဏ်ယူဝင့်ကြွမှုများ အထင်းသား ပေါ်လွင်နေသည်။ သူ၏ဂိုဏ်းမှာ အလွန်တရာ အဆင့်အတန်းမြင့်မားကြောင်း သိသာလှပေသည်။
“ငါးပါးသော ဓာတ်ကြီးဂိုဏ်း”
သို့သော်လည်း အခင်းဖြစ်ပွားရာနေရာရှိ လူအားလုံးမှာ ထိုအမည်ကို တစ်ခါမျှ မကြားဖူးကြသဖြင့် တစ်ဦးကိုတစ်ဦး ကြည့်ကာ ကြောင်တောင်တောင် ဖြစ်နေကြတော့သည်။ ၎င်းကို မြင်
လိုက်ရသောအခါ မသေမျိုးဆရာသခင်၏ မျက်နှာကြွက်သားများမှာ မသိမသာ လှုပ်ခါသွားပြီး
တကယ့်ကို အသိအမြင်မရှိတဲ့ လူအုပ်စုပဲ။ ပိုက်ဆံအိတ်လောက်ပဲ မြင်ကြတာလားဟု သူ၏စိတ်ထဲတွင် တိတ်တဆိတ် ကျိန်ဆဲလိုက်မိသည်။
ကံကောင်းထောက်မစွာပင် မြို့စားမင်းလီက အခြေအနေကို ချက်ချင်း ပြန်လည် ထိန်းကျောင်းပေးလိုက်သည်။
“မသေမျိုးဆရာသခင်ဟာ သားရဲဘုရင်ကို နှိမ်နင်းဖို့ အဝေးကြီးကနေ လာခဲ့ရတာဆိုတော့ အခုပဲ ကျွန်တော့်ဂေဟာမှာ အနားယူဖို့ ကြွလှမ်းသင့်ပါပြီ။ သူ့ကို ထပ်ပြီး အနှောင့်အယှက် မပေးကြပါနဲ့တော့"
“မသေမျိုးဆရာသခင် ခင်ဗျာ... ပြည်သူတွေကို ဘေးဒုက္ခကနေ ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ ဆရာသခင်အနေနဲ့ ထိုင်ဝမ်မြို့မှာ ဘယ်လောက်ကြာကြာ သီတင်းသုံးဦးမလဲဆိုတာ သိခွင့်ရှိပါမလား ကျွန်တော်တို့အနေနဲ့ ဆရာသခင်ရဲ့ ကျေးဇူးကို တုံ့ပြန်တဲ့အနေနဲ့ ဂုဏ်ပြုစားပွဲတစ်ခု တည်ခင်းချင်ပါတယ်။ ဆရာသခင် ကြွရောက်ချီးမြှင့်ပေးဖို့ မျှော်လင့်မိပါတယ်ခင်ဗျာ"
တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ဝမ်ကျန်းခရိုင်၏ နံပါတ်တစ် ပညာရှင် မုန့်ခုန်းဟွာက ရုတ်တရက် ဖိတ်ကြားလိုက်ခြင်းပင်။
“မင်းကို ငါမှတ်မိတယ်။ သာမန်သိုင်းသမား ခန္ဓာကိုယ်နဲ့ မိစ္ဆာနတ်တစ်ကောင်ကို ရင်ဆိုင်ရတာဟာ... အဲဒါက မိစ္ဆာနတ်အငယ်စားလေးပဲ ဖြစ်ပါစေဦး မလွယ်ကူတဲ့ ကိစ္စပဲ"
မသေမျိုးဆရာသခင်က အေးစက်စက်ပင် ပြန်ပြောလိုက်သည်။
“ဒါပေမဲ့ အခု ငါ့ရဲ့ ကျင့်စဉ်က အရေးကြီးတဲ့ အချိန်ကို ရောက်နေတယ်။ ငါ ဒီမှာ တစ်ညပဲ နေမှာမို့လို့ ဂုဏ်ပြုစားပွဲတွေ ဘာတွေ မလိုပါဘူး"
“မသေမျိုးဆရာသခင် သိအောင် တင်ပြရရင်... ကျွန်တော် လူငယ်ဘဝတုန်းက ဆရာကြီးတစ်ဦးနဲ့ ဆုံခဲ့ဖူးပြီး ကံကောင်းထောက်မစွာနဲ့ ဝိုင်အိုးတစ်လုံး ရခဲ့ပါတယ်။ အဲဒီဝိုင်ဟာ သမင်ဖြူမိစ္ဆာရဲ့ သွေးနဲ့ ဖော်စပ်ထားတာဖြစ်ပြီး အသက်ရှည်စေတယ်။ ကျန်းမာစေတယ်လို့ ပြောပါတယ်။ ကျွန်တော်ဟာ အဲဒီဝိုင်ကို ဆယ်စုနှစ်ပေါင်းများစွာ တန်ဖိုးထားပြီး ဂရုတစိုက် သိမ်းဆည်းထားခဲ့တာပါ။ အကယ်၍ မသေမျိုးဆရာသခင်ကသာ ကြွရောက်ချီးမြှင့်ပေးမယ်ဆိုရင် အဲဒီဝိုင်ကို ကျွန်တော် ထုတ်ယူခဲ့ပါ့မယ်...”
မုန့်ခုန်းဟွာက အရှုံးမပေးဘဲ အတိတ်က အကြောင်းအရာတစ်ခုကို ပြန်လည်ပြောပြလိုက်သည်။
“အို... သမင်ဖြူသွေးနဲ့ ဖော်စပ်ထားတဲ့ ဝိုင်လား အသက်တောင် ရှည်စေတယ်ပေါ့”
အနီရောင်ဝတ်စုံနှင့် မသေမျိုးဆရာသခင်၏ မျက်ဝန်းထဲတွင် စိတ်ဝင်စားမှု အရိပ်အယောင်များ ဝင်းလက်သွားပြီး စူးစမ်းလိုသော အမူအရာ ပေါ်လာတော့သည်။
“ဟားဟား... မုန့်အိုကြီး မင်းမှာ ဒီလို ရတနာမျိုး ရှိနေတာကို ဒီနေ့မှပဲ ထုတ်ပြောတော့တယ်ပေါ့”
မြို့စားမင်းလီက အားရပါးရ ရယ်မောလိုက်သည်။
“သူရဲကောင်းမုန့်ရဲ့ ဂေဟာမှာ ရတနာဝိုင် ရှိတယ်ဆိုတာ ကျွန်တော် ကြားဖူးတာ ကြာပါပြီ။ ဒါပေမဲ့ ခင်ဗျားရဲ့ ဂေဟာက ထိုင်ဝမ်မြို့နဲ့ တော်တော်ဝေးတာပဲ အချိန်မီ သွားယူနိုင်ပါ့မလား”
“အဲဒါ ဘာခက်တာမှတ်လို့လဲ အခုပဲ ကျွန်တော် အိမ်ကို ပြန်ပြီး ညတွင်းချင်း ဝိုင်ကို ယူခဲ့ပါ့မယ်” မုန့်ခုန်းဟွာက ပြတ်သားစွာပင် ပြောပြောဆိုဆိုနှင့် ချက်ချင်း ထွက်ခွာသွားတော့သည်။
ရတနာဝိုင်ကြောင့် မသေမျိုးဆရာသခင်သည်ပင် နောက်ထပ် နှစ်ရက်ခန့် ဆက်နေရန် သဘောတူလိုက်လေသည်။ ထို့ကြောင့် မြို့စားမင်းလီ၏ ဆုံးဖြတ်ချက်ဖြင့် နောက်ထပ် နှစ်ရက်အကြာတွင် မြို့ရှိ အကြီးဆုံး စားသောက်ဆိုင်၌ ခမ်းနားထည်ဝါသော အောင်ပွဲခံ ဂုဏ်ပြုစားပွဲကို ကျင်းပရန် စီစဉ်လိုက်ကြတော့သည်။
မသေမျိုးဆရာသခင်ကို ကြိုဆိုရန်အတွက်သာမက သားရဲဒီရေကို အသက်စွန့်ခုခံခဲ့ကြသော သူရဲကောင်းများကို ဂုဏ်ပြုဆုချရန်အတွက်လည်း ရည်ရွယ်ထားသည်။
...
နှစ်ရက်အကြာ မြို့အတွင်းရှိ မသေမျိုးမူးယစ်မျှော်စင်၌ ထိုင်ဝမ်မြို့၏ အကြီးဆုံး စားသောက်ဆိုင်ဖြစ်သည့်အလျောက် မသေမျိုးမူးယစ်မျှော်စင်သည် ဧကတစ်ရာကျော် ကျယ်ဝန်းသည်။ အတွင်း၌ ပန်းခြံများ၊ ကျောက်တောင်တုများနှင့် ရေကန်များဖြင့် ဝေဝေဆာဆာ ရှိနေပြီး မြို့၏ အရာရှိကြီးများနှင့် ဂုဏ်သရေရှိ လူကြီးမင်းများ စုဝေးရာ အနှစ်သက်ဆုံးနေရာလည်း ဖြစ်သည်။
ယခုအချိန်တွင် မျှော်စင်၏ အမြင့်ဆုံးထပ်၌ ကျယ်ဝန်းလှသော အခန်းမကြီးအတွင်း ပိတောက်သား ဝိုင်းဝန်းစားပွဲ ကိုးလုံး၊ ဆယ်လုံးခန့်ကို ခင်းကျင်းထားပြီး အရသာထူးကဲလှသော စားဖွယ်သောက်ဖွယ်မျိုးစုံနှင့် အဖိုးတန်ဝိုင်များဖြင့် ပြည့်နှက်နေသည်။ လှပချောမောသော အစေခံမိန်းကလေးများကလည်း ဘေးတွင် ရိုသေစွာ ရပ်စောင့်နေကြသည်။ အခန်းပတ်ပတ်လည်ရှိ ပန်းအိုးများမှ ပန်းရနံ့သင်းသင်းလေးများမှာလည်း ရံဖန်ရံခါ လွင့်ပျံ့လာနေ၏။
အလယ်ဗဟိုရှိ အဓိက စားပွဲဝိုင်းကြီးတွင်မူ မသေမျိုးဆရာသခင်နှင့် မြို့စားမင်းလီတို့အပြင်၊ မုန့်ခုန်းဟွာ၊ လုံယီ၊ နဂါးသတ်ဓားရှင်ဆုန်ချီကျွင်း၊ တရားသူကြီးကလောင်ယိုခိုင်၊ ဓားတစ်လက် နတ်သမီးဟူနန်းနှင့် သံလက်ဝါးရှင်လျိုတာလုံး စသည့် ထိပ်တန်းသိုင်းပညာရှင်များ ထိုင်နေကြသည်။
သိုင်းဆရာသခင်တိုင်းမှာ ဤအဓိက စားပွဲဝိုင်းတွင် ထိုင်ခွင့်ရရန် အရည်အချင်း မပြည့်မီကြပေ။ အားအင်ချည့်နဲ့နေသော ဆရာတော် ရွှမ်ကျီ၊ နှိမ့်ချစွာနေတတ်သော အဘိုးကြီးရှီနှင့် ဒုတိယစစ်သူကြီး ယွဲ့တို့ပင်လျှင် ဘေးစားပွဲများ၌သာ ထိုင်ကြရသည်။ အစွန်ဆုံးစားပွဲများတွင်မူ မျိုးနွယ်စုခေါင်းဆောင်များ၊ ဂိုဏ်းချုပ်များနှင့် သူတို့က အကုန်အကျခံပြီး ခေါ်ဆောင်လာကြသော မျိုးဆက်သစ်လူငယ်များ ထိုင်နေကြသည်။
ဒဏ္ဍာရီလာ မသေမျိုးဆရာသခင်နဲ့ ဘယ်သူက နီးနီးကပ်ကပ် မနေချင်ဘဲ နေပါ့မလဲ။
ပုံပြင်ထဲကလိုမျိုး မသေမျိုးကံကြမ္မာနှင့် ဆုံတွေ့ပြီး တစ်ဟုန်ထိုး ကောင်းကင်ဘုံသို့ တက်လှမ်းခွင့်ရမလားဟု မျှော်လင့်နေကြခြင်းပင်။ ထို့ကြောင့် ဤစားပွဲဝိုင်းအတွက် ဝင်ခွင့်လက်မှတ်မှာ အလွန်တရာ အဖိုးတန်လှပြီး အင်အားစုအသီးသီးမှာ ကွယ်ရာတွင် အကျိုးစီးပွားချင်း ညှိနှိုင်းလဲလှယ်မှုများစွာ ပြုလုပ်ခဲ့ကြရသည်။
သို့သော်လည်း ကံမကောင်းစွာဖြင့် အခမ်းအနား၏ အငွေ့အသက်မှာ အနည်းငယ် တောင့်တင်းနေတော့သည်။
ငါးပါးသော ဓာတ်ကြီးဂိုဏ်းမှ အနီရောင်ဝတ်စုံနှင့် မသေမျိုးဆရာသခင်သည် အဓိကစားပွဲ၏ ထိပ်ဆုံးတွင် ထိုင်နေသော်လည်း သူ၏မျက်လုံးများကို မှိတ်ထားဆဲပင်။ သူသည် ကျင့်စဉ်
ကျင့်နေခြင်းလား သို့မဟုတ် အခြားသူများနှင့် စကားမပြောလိုခြင်းလားဆိုသည်မှာ မသေချာချေ။
အဓိကစားပွဲဝိုင်းတွင် မည်သည့်လှုပ်ရှားမှုမျှ မရှိသဖြင့် အခြားစားပွဲများမှ လူများသည်လည်း အသံထွက်ရန် မဝံ့ရဲကြပေ။ ကံကောင်းထောက်မစွာဖြင့် မုန့်ခုန်းဟွာသည် သူ၏ အဖိုးတန် သမင်သွေးဝိုင်ကို တိုက်ရိုက်ထုတ်ယူလာခဲ့သည်။ ဝိုင်အိုး၏ အပြင်ဘက်ကို ဖမိစ္ဆာနတ်နီဖြင့် ပိတ်ထား၏။
ထိုအပိတ်ကို ခွာလိုက်သည်နှင့် ပြင်းရှလှသော ဝိုင်နံ့သင်းသင်းလေးမှာ လေထုထဲသို့ ပျံ့နှံ့သွားပြီး အခမ်းအနားရှိ လူတိုင်းကို လန်းဆန်းတက်ကြွသွားစေတော့သည်။ ငါးပါးသော ဓာတ်ကြီးဂိုဏ်းမှ မသေမျိုးဆရာသခင်ပင်လျှင် မျက်လုံးများကို မဖွင့်ဘဲ မနေနိုင်တော့ပေ။
“ဒီသမင်သွေးဝိုင်ကို ကျွန်တော်ကိုယ်တိုင်လည်း တစ်ခါမှ မမြည်းစမ်းဖူးသေးပါဘူး။ အသက်
ရှည်စေတဲ့ အာနိသင် တကယ်ရှိမရှိဆိုတာလည်း မသေချာပါဘူး”
မုန့်ခုန်းဟွာက ရယ်မောရင်း ပြောလိုက်သည် “မသေမျိုးဆရာသခင်... ကျေးဇူးပြုပြီး ဒါကို မြည်းစမ်းပြီး အကဲဖြတ်ပေးပါဦး"
ပြောပြောဆိုဆိုနှင့် သူသည် မသေမျိုးဆရာသခင်၏ ခွက်ထဲသို့ ဝိုင်ကို အရင်ဆုံး လောင်းထည့်ပေးလိုက်သည်။ ဝိုင်အရည်မှာ ကြည်လင်နေသော ခရမ်းရောင်သန်းသည့် အနီရောင်ဖြစ်ပြီး ထူးခြားဆန်းပြားလှသည်။ ထို့နောက် ဒုတိယတစ်ခွက်ကို မြို့စားမင်းအတွက် ငှဲ့ပေးသော်လည်း ခွက်၏တစ်ဝက်ခန့်သာ ရှိသည်။ အဓိကစားပွဲရှိ အခြားသော သိုင်းဆရာသခင်များကိုမူ ခွက်၏အောက်ခြေ ဖုံးရုံမျှသာ ငှဲ့ပေးခဲ့ရာ အားလုံးပေါင်းလိုက်လျှင်ပင် မြို့စားမင်း၏ ခွက်တစ်ဝက်စာမျှ မရှိပေ။ အဓိကစားပွဲ၏ အပြင်ဘက်မှ လူများမှာမူ မြည်းစမ်းခွင့်ပင် မရှိကြချေ။
ဒီမုန့်ခုန်းဟွာကတော့ တကယ့်ကို ကပ်စေးနှဲတာပဲ။
လုံယီက စိတ်ထဲမှ မှတ်ချက်ချလိုက်မိသည်။ သူသည် သူ၏ခွက်ကို မြှောက်ကာ နည်းလှစွာသော ဝိုင်ကို တစ်ကျိုက်တည်းနှင့် မော့ချလိုက်သည်။
နောက်တစ်ခဏတွင် လုံယီ၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားတော့သည်။ သူ၏ ဝမ်းဗိုက်ထဲမှ အေးမြသော ခံစားမှုတစ်ခု တက်လာပြီး ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းသို့ တစ်ခဏချင်း ပြန့်နှံ့သွားသည်ကို ခံစားလိုက်ရသည်။ ခန္ဓာကိုယ်အတွင်းရှိ ပင်ပန်းနွမ်းနယ်မှုများ အားလုံး ပျောက်ကွယ်သွားပြီး သူ၏ အတွေးအမြင်များမှာလည်း သိသိသာသာ ကြည်လင်လာခဲ့သည်။
ဒါ... ဒါက မယုံနိုင်စရာပဲ။
လုံယီသည် မုန့်ခုန်းဟွာ၏ ကပ်စေးနှဲမှုကို ချက်ချင်းပင် နားလည်သွားတော့သည်။ သူ၏ အဖိုးတန် သမင်သွေးဝိုင်မှာ သေချာပေါက် နတ်ဘုရားအဆင့် ပစ္စည်းတစ်ခုဖြစ်ပြီး အသက်ရှည်စေသည်ဟူသော ပြောစကားမှာလည်း အမှန်ဖြစ်နိုင်ပေသည်။
စားပွဲပေါ်ရှိ အခြားသူများ၏ တုံ့ပြန်မှုမှာလည်း လုံယီနှင့် မခြားပေ။ လူတိုင်းသည် ထိုအရသာကို အရသာခံနေကြပြီး မုန့်ခုန်းဟွာ၏ ဘေးနားရှိ ဝိုင်အိုးကို တပ်မက်စွာ စိုက်ကြည့်နေကြတော့သည်။ ငါးပါးသော ဓာတ်ကြီးဂိုဏ်းမှ မသေမျိုးဆရာသခင်မှာမူ ဝိုင်ကို သောက်ပြီးနောက် ပါးပြင်များ အနည်းငယ် နီမြန်းလာပြီး အံ့ဩတသစွာ ရေရွတ်လိုက်သည်
“ဝမ်ကျန်းခရိုင်လို ဝေးလံတဲ့ အရပ်ဒေသမှာ ဒီလောက်အထိ အဆင့်မြင့်တဲ့ ဝိညာဉ်ဝိုင်။ အဲဒီထဲမှာမှ အဖိုးတန်လှတဲ့ သက်ရှည်ဝိညာဉ်ဝိုင်ကို တွေ့ရလိမ့်မယ်လို့ ငါတစ်ခါမှ မထင်ထားခဲ့ဘူး။ မင်းကို ဒီဝိုင် လက်ဆောင်ပေးခဲ့တဲ့ ဆရာကြီးက တကယ့်ကို မြင့်မားတဲ့ ကျင့်စဉ်အဆင့်ရှိတဲ့ ချီစွမ်းအင်ကျင့်ကြံသူတစ်ယောက် ဖြစ်ရမယ်"
“မသေမျိုးဆရာသခင်... ချီစွမ်းအင်ကျင့်ကြံသူဆိုတာ ဘာလဲဆိုတာကို သိခွင့်ရှိမလားခင်ဗျာ”
မြို့စားမင်းလီက ပြုံးလျက် မေးမြန်းလိုက်သည်။