အခန်း (၂၁၈)
Vol. 22 Ch. 218
“ငါတို့ ချီစွမ်းအင်ကျင့်ကြံသူဆိုတာက ကမ္ဘာမြေနဲ့ ကောင်းကင်ယံရဲ့ အနှစ်သာရတွေကို စုပ်ယူတယ်။ စကြဝဠာရဲ့ စွမ်းအင်တွေကို စုစည်းပြီး ခန္ဓာကိုယ်ထဲက ထူးခြားတဲ့ သွေးကြောမကြီး ရှစ်သွယ်ထဲမှာ ဝိညာဉ်ချီစွမ်းအားအဖြစ် ပြောင်းလဲပစ်တာပဲ။ ကံကြမ္မာကို ဖီဆန်ပြီး ကောင်းကင်ဘုံဆီကနေ သက်တမ်းကို ချေးယူကြတာပေါ့။
တစ်ကြိမ်တစ်ခါ ပေါက်မြောက်သွားပြီဆိုရင် စကြဝဠာရဲ့ အရောင်အသွေးကို ပြောင်းလဲပစ်
နိုင်တယ်။ တောင်တန်းတွေနဲ့ မြစ်ရေစီးကြောင်းတွေကို လမ်းကြောင်းလွှဲနိုင်တယ်။ ဘယ်အရာကမှ မတားဆီးနိုင်ဘဲ လွတ်လပ်စွာ သွားလာနိုင်သလို ယိုယွင်းခြင်း ငါးပါးဆိုတဲ့ ဘေးဒုက္ခတွေကနေလည်း လွတ်မြောက်နိုင်တယ်"
မုန့်ခုန်းဟွာ၏ ဝိညာဉ်ဝိုင်ကို သောက်ထားမိ၍ ဖြစ်နိုင်သလို လူငယ်မသေမျိုးဆရာသခင်မှာ စကားဖောင်ဖွဲ့လာပြီးနောက် မထီမဲ့မြင်ပြုသည့် လေသံဖြင့် ဆက်ပြောသည်။
“မင်းတို့လို သိုင်းသမားတွေကတော့ သွေးစွမ်းအင်ကိုပဲ ဦးစားပေးပြီး လက်သီး၊ ခြေသိုင်း အတတ်ပညာတွေထဲမှာပဲ ပိတ်မိနေကြတာ။ လူသားခန္ဓာကိုယ်ဆိုတဲ့ အကျဉ်းထောင်ထဲမှာပဲ သောင်တင်နေပြီး ရဲရဲဝံ့ဝံ့ တိုက်ခိုက်တတ်ရုံပဲ သိကြတယ်။ နောက်ထပ် နှစ်ပေါင်း တစ်ရာကြာရင်တော့ မင်းတို့အားလုံးဟာ မြေမှုန့်တစ်ဆုပ်ပဲ ဖြစ်သွားကြမှာပဲ”
“မသေမျိုးဆရာသခင် ဆိုလိုတာက... ချီစွမ်းအင်ကျင့်ကြံသူတွေက သာမန်လူတွေထက် ပိုပြီး အသက်ရှည်နိုင်တယ် ဆိုတဲ့ အဓိပ္ပာယ်လားဟင်”
အနီရောင်ဝတ်စုံနှင့် ဟူနန်း၏ မျက်လုံးများ ဝင်းလက်သွားသည်။
“သာမန် ချီစွမ်းအင်ကျင့်ကြံသူတစ်ယောက်ဟာ အသက် တစ်ရာကျော်အထိ အေးအေးဆေးဆေး နေနိုင်တယ်။ ကျင့်စဉ်နက်ရှိုင်းတဲ့သူတွေဆိုရင် အသက် သုံးရာ၊ ငါးရာ ဒါမှမဟုတ် အဲဒီထက်မက နေထိုင်ကြတာဟာ ဆန်းကြယ်တဲ့ကိစ္စ မဟုတ်ဘူး"
လူငယ်မသေမျိုးဆရာသခင်က မာန်မာနအပြည့်ဖြင့် ဆိုလိုက်သည်။
ထိုစကားကို ကြားလိုက်ရချိန်တွင် အခမ်းအနားရှိ လူတိုင်း၏ အသက်ရှူသံများမှာ ပြင်းထန်လာကြတော့သည်။
ဒီလောကမှာ ဘယ်သူက အသက်ရှည်ရှည် မနေချင်ဘဲ နေပါ့မလဲ။
မင်းရဲ့ သိုင်းပညာက ဘယ်လောက်ပဲ ပြိုင်ဘက်ကင်းပါစေ။ မင်းရဲ့ အာဏာက ဘယ်လောက်ပဲ ကြီးမားပါစေ။ လောကီစည်းစိမ်တွေကို ဘယ်လောက်ပဲ ခံစားနေရပါစေ... ဆယ်စုနှစ် အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ မင်းကလည်း သာမန်လူတွေလိုပဲ ခေါင်းတလားထဲဝင်ပြီး အရိုးစုဖြစ်သွားရမှာပဲ။ ဒါကို လူတိုင်းက မတရားဘူးလို့ ခံစားနေကြရတာ။
သိုင်းပညာရှင်များ ဖြစ်သည့်တိုင်အောင် သူတို့၏ သက်တမ်းက အသက် တစ်ရာကို ကျော်ဖို့ ခဲယဉ်းသည်။ ယခုမူ အသက်ရှည်ရာ အသက်ရှည်ကြောင်း နည်းလမ်းရှိသည်ဟု ကြားလိုက်ရသဖြင့် မည်သူမျှ စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ချေ။
“မသေမျိုးဆရာသခင် ခင်ဗျာ... ဒီမသေမျိုး အတတ်ပညာကို ကျွန်တော်တို့ ဘယ်လို သင်ယူနိုင်မလဲဆိုတာ လမ်းညွှန်ပေးပါဦး”
နဂါးသတ်ဓားရှင်ဆုန်ချီကျွင်းသည် မနေနိုင်တော့ဘဲ ထရပ်လိုက်ပြီး ဘေးမှ ဝိုင်ခွက်ကို ငှဲ့ကာ အနီရောင်ဝတ်စုံနှင့် ဆရာသခင်ကို ရိုသေစွာ ဂါရဝပြုလိုက်သည်။
သို့သော် မမျှော်လင့်ဘဲ လူငယ်မသေမျိုးဆရာသခင်သည် လူတိုင်းအပေါ် ကြင်နာတတ်သူ မဟုတ်ပေ။ သူသည် ဆုန်ချီကျွင်းကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး ဝိုင်ခွက်ကိုပင် လှမ်းမကိုင်သလို ပြန်လည်ဖြေကြားရန်လည်း စိတ်မဝင်စားဟန် ပြုမူလိုက်တော့သည်။
ဆုန်ချီကျွင်းမှာ ဒေါသထွက်သွားသော်လည်း တစ်ဖက်လူကို မပြစ်မှားရဲသဖြင့် အောင့်သက်သက်ဖြင့်သာ ပြန်ထိုင်လိုက်ရတော့သည်။
၎င်းကို မြင်လိုက်ရသောအခါ ဟူနန်း၏ လှပသော မျက်ဝန်းအစုံမှာ လည်ပတ်သွားပြီး သူမသည်လည်း ကိုယ်ရနံ့သင်းသင်းလေးနှင့်အတူ ထရပ်လိုက်ကာ ကလေးဆိုးလေးလို ပြုံးပြလိုက်သည်။
"ဒီမသေမျိုး အတတ်ပညာဆိုတာ မသေမျိုးဆရာသခင်လေးလို ခန့်ညားထည်ဝါတဲ့ သူရဲကောင်းမျိုးတွေပဲ ကျင့်ကြံဖို့ သင့်တော်တာနေမှာပါ။ ကျွန်မကတော့ အရင်ဆုံး သူရဲကောင်းကြီးကို ဂုဏ်ပြုလိုက်ပါရစေ"
ပြောပြောဆိုဆိုနှင့် ဟူနန်းသည် ဘေးမှ ဝိုင်ကို ခွက်ထဲထည့်ကာ သူမ၏ ဖြူဖွေးသော လည်တိုင်လေးကို မော့လျက် တစ်ခွက်လုံး ကုန်အောင် သောက်ပြလိုက်သည်။
အလှလေးတစ်ဦးထံမှ ထိုမျှအထိ ဗြောင်ကျကျ မြှောက်ပင့်ပြောဆိုသံကို ကြားလိုက်ရသောအခါ လူငယ်မသေမျိုးဆရာသခင်၏ မျက်နှာတွင် အပြုံးဖျော့ဖျော့လေး ပေါ်လာပြီး ဝိုင်ခွက်ကို အမှန်တကယ်ပင် မြှောက်ကာ အသာအယာ တစ်ငုံသောက်လိုက်သည်။
'ဒီမသေမျိုးဆရာသခင်ကတော့ တကယ့် နှာဘူးမိစ္ဆာပဲ'
အခမ်းအနားရှိ လူအများအပြားက စိတ်ထဲမှ ကဲ့ရဲ့ရှုံ့ချလိုက်ကြသည်။
ဟူနန်းသည် နာမည်ကျော်ကြားခဲ့သည်မှာ ကြာပြီဖြစ်၍ အသက် ၃၀ ကျော်နေပြီ ဖြစ်
သော်လည်း သိုင်းပညာကို လေ့ကျင့်ထားသဖြင့် သူမ၏ အသားအရေမှာ ၁၆ နှစ်၊ ၁၈ နှစ်
အရွယ် မိန်းကလေးငယ်များကဲ့သို့ပင် နုနယ်ဝင်းပနေဆဲပင်။ ၎င်းအပြင် ရင့်ကျက်သော အမျိုးသမီးများတွင်သာ တွေ့ရတတ်သည့် ဆွဲဆောင်မှုရှိသော အငွေ့အသက်မျိုးလည်း ရှိနေသည်။
မသေမျိုးဆရာသခင်သည် ဟူနန်း၏ အမူအရာကြောင့် စိတ်လှုပ်ရှားသွား၍ ဖြစ်နိုင်သည်။ သူသည် နောက်ဆုံးတွင် နှုတ်ခမ်းကို ပြန်ဟလာပြန်သည်။ သို့သော် သူပြောလိုက်သော စကားများက လူတိုင်း၏ စိတ်ကို တုန်လှုပ်သွားစေခဲ့သည်။
"မသေမျိုး အတတ်ပညာကို သင်ယူရတာက ခက်ခဲသလို လွယ်ကူလည်း လွယ်ကူပါတယ်။ ဒါပေမဲ့... မင်းတို့အားလုံးကတော့ အခွင့်အရေး မရှိဘူး"
"ဘာ... ဘာပြောတယ်"
ထိုနေရာရှိ သိုင်းဆရာသခင်ကြီးများ၊ မျိုးနွယ်စုခေါင်းဆောင်များ၊ ဂိုဏ်းချုပ်များနှင့် ဗဟုသုတရအောင် ခေါ်လာသည့် လူငယ်လေးများအားလုံး၏ မျက်နှာမှာ တစ်ပြိုင်နက်တည်း ပျက်ယွင်းသွားကြတော့သည်။
လောကတွင် အသက်ရှည်စေမည့် မသေမျိုးအတတ်ပညာရှိကြောင်း သိလိုက်ရရုံရှိသေးသည်။ ယခုအခါ ၎င်းကို သူတို့ မကျင့်ကြံနိုင်ဘူးဟု အပြောခံလိုက်ရခြင်းပင်။
ဘဝ၏ အနိမ့်အမြင့်၊ အတက်အကျများမှာ မြန်ဆန်လွန်းလှသဖြင့် လူတိုင်း၏ စိတ်နှလုံးကို ရူးသွပ်မတတ် လှုံ့ဆော်နေတော့သည်။
“မသေမျိုးဆရာသခင်... ဘာလို့ အဲဒီလို ပြောရတာလဲခင်ဗျာ နောက်နေတာများလား”
မြို့စားမင်းလီက မနေနိုင်ဘဲ ဝင်မေးလိုက်သည်။
“နောက်နေတာ မဟုတ်ဘူး"
လူတိုင်း၏ မျက်နှာပျက်သွားပုံကို ကြည့်ပြီး လူငယ်မသေမျိုးဆရာသခင်၏ မျက်နှာတွင်
နောက်ပြောင်လိုသော အရိပ်အယောင်များ ပေါ်လာသည်။
“ငါတို့ဂိုဏ်းက ဝမ်ကျန်းခရိုင်ကနေ တပည့်သစ် မရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ"
“ဒါက ဘာကြောင့်ပါလဲ”
မသေမျိုးဆရာသခင်က နှုတ်ပိတ်သွားပြန်သဖြင့် မုန့်ခုန်းဟွာသည် အဖိုးတန်လှသော သမင်သွေးဝိုင်ကို တစ်ခွက်ထပ်ငှဲ့ပေးလိုက်သည်။ သူ၏ မျက်ဝန်းများမှာလည်း တောက်ပနေပြီး အတွင်းရေးအကြောင်းရင်းကို သိလိုစိတ် ပြင်းပြနေသည်မှာ ထင်ရှားလှသည်။
ထိုအခါမှသာ မသေမျိုးဆရာသခင်က စကားပြန်စသည်။
“ဝမ်ကျန်းခရိုင်က ဝေးလံခေါင်ဖျားလွန်းတယ်။ ငါတို့ကလည်း ဒီအထိ လာရမှာ ပျင်းကြတယ်... ဒါက အကြောင်းရင်း တစ်ခုပေါ့။ ဒါပေမဲ့ အဓိကအကျဆုံး အကြောင်းရင်းကတော့... လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီတုန်းက ငါတို့ဂိုဏ်းထဲမှာ သစ္စာဖောက်အချို့ ပေါ်ပေါက်ပြီး ဂိုဏ်းကို ဗရပွဖြစ်အောင် မွှေနှောက်သွားခဲ့ဖူးတယ်။ အဲဒီတုန်းက ဆုံးရှုံးမှုက တော်တော်ကြီးမားခဲ့သလို အဲဒီသစ္စာဖောက်တွေ အားလုံးဟာ ဝမ်ကျန်းခရိုင်က လာတဲ့သူတွေ ဖြစ်နေတာပဲ"
“ဒါကြောင့် ဂိုဏ်းရဲ့ စည်းမျဉ်းထဲမှာ အတိအလင်း ပြဋ္ဌာန်းမထားပေမဲ့လည်း ဒီဒေသကလူတွေကို တပည့်အဖြစ် လက်မခံဖို့ဆိုတာ အားလုံးက ကွယ်ရာမှာ သဘောတူထားကြတဲ့ အချက်ပဲ"
မသေမျိုးဆရာသခင်၏ ရှင်းပြချက်ကို ကြားလိုက်ရချိန်တွင် အခမ်းအနားတစ်ခုလုံးမှာ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားတော့သည်။ ဤမျှ ရယ်စရာကောင်းသော အကြောင်းပြချက်များကြောင့် ငါးပါးသော ဓာတ်ကြီးဂိုဏ်းက ဝမ်ကျန်းခရိုင်မှ တပည့်များကို လက်မခံတော့ခြင်းဖြစ်သည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။
အချို့ကလည်း ဪ... ဒါကြောင့်လည်း မသေမျိုးအတတ်ပညာ ရှိတယ်ဆိုတာကို တစ်ခါမှ မကြားဖူးခဲ့တာကိုးဟု တွေးလိုက်မိကြသည်။ နှစ်ပေါင်း ရာချီအောင် တပည့်လက်မခံတော့သည့်အတွက် မသေမျိုးနယ်ပယ်နှင့် ပတ်သက်သော သတင်းအချက်အလက်များမှာလည်း သဘာဝကျစွာပင် ပြတ်တောက်သွားခဲ့ခြင်းပင်။
“ဒါက... ဒါက အမြဲတမ်း ဒီလိုပဲ ဖြစ်နေမှာလား”
ဟူနန်းက မျက်မှောင်ကြုတ်လျက် မကျေမနပ် မေးလိုက်သည်။
သူမသည် ဝမ်ကျန်းသူဖြစ်ပြီး သူမ၏ မိသားစု အမြစ်တွယ်ရာမှာလည်း ဝမ်ကျန်းတွင်ပင်။
ငါးပါးသော ဓာတ်ကြီးဂိုဏ်းက ဝမ်ကျန်းကလူတွေကို လက်မခံဘူးဆိုလျှင် သူမ၏ နောင်လာနောက်သားများအတွက် မသေမျိုးကံကြမ္မာဆိုသည်မှာ ဘယ်သောအခါမှ ဆုံစည်းခွင့်ရတော့မည် မဟုတ်ပေ။
လူငယ်မသေမျိုးဆရာသခင်က ဘာမှပြန်မပြောဘဲ အသာအယာ ပြုံးပြလိုက်သော်လည်း သူ၏ အမူအရာကပင် အရာအားလုံးကို ဖြေကြားပြီးသား ဖြစ်နေတော့သည်။
လုံယီသည် ထိုစကားများကို နားထောင်ရင်း သူ၏ရင်ထဲ၌ ရုတ်တရက် လေးလံသွားတော့သည်။
ဒီငါးပါးသော ဓာတ်ကြီးဂိုဏ်းကတော့ ရယ်စရာကောင်းလှချေလား။ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာက ကိစ္စရပ်တစ်ခုကြောင့် ဝမ်ကျန်းခရိုင်တစ်ခုလုံးကို အမည်မည်းစာရင်း သွင်းထားတယ်ပေါ့။
သို့သော်လည်း မသေမျိုးအတတ်ပညာက သူတို့လက်ထဲတွင် ရှိနေခြင်းဖြစ်ရာ သင်ကြားပေးခြင်း၊ မပေးခြင်းမှာ သူတို့၏ လွတ်လပ်ခွင့်သာ ဖြစ်သည်။ မည်သို့ပင်ဆိုစေ လောကတွင် မသေမျိုးအတတ်ပညာ ရှိကြောင်း သူသိလိုက်ရပြီဖြစ်သဖြင့် ၎င်းကို ရရှိရန် နည်းလမ်းရှာရမည်သာ။ ငါးပါးသော ဓာတ်ကြီးဂိုဏ်းကနေ မရလျှင်လည်း အခြားနည်းလမ်းကို စဉ်းစားရမည်ပင်။ လူဆိုသည်မှာ ဆီးအောင့်ရုံနှင့် အသက်ထွက်သွားစရာ အကြောင်းမရှိပေ။
အခမ်းအနားအတွင်းရှိ လေထုမှာ ဖိအားများဖြင့် ပြည့်နှက်နေပြီး လူအများစုမှာ ဒေါသထွက်နေသည့် အမူအရာများ၊ မကျေနပ်သည့် အမူအရာများ ရှိနေကြသည်။ ထိုစဉ် လူတစ်ယောက်မှာ မတ်တပ်ထရပ်လိုက်ပြီး မျက်လုံးများ နီရဲလျက် လူငယ်မသေမျိုးဆရာသခင်ကို စိုက်ကြည့်ကာ နိမ့်ရှိုင်းသော အသံဖြင့် ဟိန်းဟောက်လိုက်သည်
“ဝေးလံလို့ မင်းတို့က မလာချင်ဘူး... တခြားသူတွေရဲ့ သစ္စာဖောက်မှုကြောင့် မင်းတို့က ငါတို့အားလုံးကို အမျက်ထွက်ပြီး မသေမျိုးလမ်းစဉ်ကို ပိတ်ပင်ထားတယ်ပေါ့။ ဒါက မသေမျိုးဂိုဏ်းတွေရဲ့ မြင့်မြတ်တဲ့ အကျင့်သီလလို့ ဆိုလိုတာလား”
ဤမျှ ပြင်းထန်သော စကားလုံးများဖြင့် တုံ့ပြန်လိုက်သူမှာ အခြားသူမဟုတ်ပေ။ စောစောကမှ မသေမျိုးဆရာသခင်ကို ဝိုင်ငှဲ့ပေးခဲ့သော မုန့်ခုန်းဟွာပင်။
သူ၏မျက်လုံးများမှာ အလွန်တရာ ရန်လိုနေပြီး တစ်ဖက်လူကို ဝါးစားတော့မည့်အတိုင်းပင်။
“မုန့်ခုန်းဟွာ... မင်း ရူးနေတာလား မသေမျိုးဆရာသခင်ကို အမြန် တောင်းပန်လိုက်စမ်း” မြို့စားမင်းလီမှာ ထိတ်လန့်တုန်လှုပ်သွားရသည်။ အမြဲတမ်း တည်ငြိမ်လှသော မုန့်ခုန်းဟွာက ရုတ်တရက် လူရူးတစ်ယောက်လို ပြောင်းလဲသွားလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
“တောင်းပန်ရမယ် ဟုတ်လား ဟားဟား...”
မုန့်ခုန်းဟွာ၏ မျက်ဝန်းထဲမှ မေ့မရနိုင်သော နာကျည်းချက်များ ပေါက်ဖွားလာသည်။
“ငါက ငယ်စဉ်ကတည်းက ပါရမီရှင်တစ်ယောက် ဖြစ်ခဲ့တယ်။ အသက် ၃၀ မပြည့်ခင်မှာတင် သိုင်းဆရာသခင်အဆင့်ကို ရောက်ခဲ့တယ်။ ဒါပေမဲ့ အသက် ၅၀ မှာတော့ ရှေ့ဆက်တိုးဖို့ လမ်းစပျောက်ပြီး ဘဝရဲ့ အဆုံးသတ်ကိုပဲ မြင်နေရတော့တယ်။ အဲဒီနောက်မှာ ဆရာကြီးတစ်ယောက်နဲ့ တွေ့ခဲ့ပြီး သူက ငါ့မှာ ထူးခြားတဲ့ ကျင့်ကြံခြင်း ပါရမီရှိတယ်လို့ ပြောခဲ့တယ်"
“အကယ်၍ ငါသာ မသေမျိုးအတတ်ပညာကို စောစောစီးစီး တွေ့ခဲ့ရင် ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူပြီး အသက် သုံးရာ၊ ငါးရာလောက် နေနိုင်ခဲ့မှာပဲ။ အခုလိုမျိုး မင်းတို့ဆီကနေ သိုင်းသမားဆိုပြီး အနှိမ်ခံနေရမှာ မဟုတ်ဘူး”
“ဒါတွေအားလုံးက မင်းတို့ ငါးပါးသော ဓာတ်ကြီးဂိုဏ်းကြောင့်ပဲ။ ဝေနိုင်ငံတော်ရဲ့ ဂိုဏ်းကြီးဖြစ်နေပြီးတော့မှ အလုပ်ကို ပေါ့ပေါ့တန်တန် လုပ်တယ်။ ဝမ်ကျန်းခရိုင်က ပြည်သူတွေကို လုံးဝ လျစ်လျူရှုထားခဲ့ကြတာ...”
“ဂိုဏ်းချုပ်မုန့်... ခင်ဗျား စိတ်ခံစားချက်တွေ ပြင်းထန်လွန်းနေပြီ တော်တော့”
မသေမျိုးဆရာသခင်၏ မျက်နှာမှာ တဖြည်းဖြည်း ညိုမှောင်လာသည်ကို မြင်သောအခါ အဓိကစားပွဲရှိ အခြားသိုင်းဆရာသခင်များမှာ ထိတ်လန့်သွားကြပြီး မုန့်ခုန်းဟွာကို အလျင်အမြန် ဝိုင်းဝန်းတားမြစ်ကြတော့သည်။
“နောက်ကျသွားပြီ"
လူငယ်မသေမျိုးဆရာသခင်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ ဝင်းလက်သွားသည်။
“ငါ့ကို မလေးမစား လုပ်တာက တစ်ကိစ္စပေါ့။ ဒါပေမဲ့ ငါ့ရဲ့ ဂိုဏ်းကို စော်ကားတာကိုတော့ ငါ ဘယ်တော့မှ ခွင့်မလွှတ်နိုင်ဘူး မင်း ငါ့ကို ဝိညာဉ်ဝိုင် ကမ်းလှမ်းခဲ့တာကို ထောက်ထားပြီး... အခု မင်းရဲ့လက်တွေကို မင်းကိုယ်တိုင် ဖျက်ဆီးလိုက် ပြီးရင် ဒူးထောက်ပြီး နောင်တရမယ်ဆိုရင်တော့ မင်းအသက်ကို ငါ ချမ်းသာပေးမယ်"