← Chapters

အခန်း (၂၂၀)

Vol. 22 Ch. 220

အခန်း (၂၂၀)

Vol. 22 Ch. 220

စကားပြောလိုက်သူမှာ အသက်နှစ်ဆယ်မပြည့်သေးပုံရပြီး မျက်နှာမှာ ဖြူလျော်ကာ မျက်ကွင်းများ ညိုနေသည်။ ကြည့်ရသည်မှာ ကာမဂုဏ်အပျော်အပါးများထဲတွင် အချိန်အတော်ကြာ နစ်မွန်းနေခဲ့ပုံပင်။

သူမှာ အခြားသူမဟုတ်ပေ။ ဟွမ်မျိုးနွယ်စုခေါင်းဆောင်၏ နောက်တွင် ရပ်နေခဲ့သော ဟွမ်လုံကန်းပင်။ သူသည် ရုတ်တရက် ရှေ့သို့တိုးထွက်လာပြီး အနက်ရောင်ဝတ်စုံနှင့်လူကို လှမ်းတားလိုက်ခြင်း ဖြစ်သည်။ သူသည် ဤဂုဏ်ပြုစားပွဲသို့ တက်ရောက်ခွင့်ရသော လူနည်းစု လူငယ်ပါရမီရှင်များထဲမှ တစ်ဦးလည်း ဖြစ်သည်။

ဟွမ်မျိုးနွယ်စုသည် မသေမျိုးဆရာသခင်နှင့် ထိတွေ့ခွင့်ရရန်နှင့် မသေမျိုးဖူးစာရနိုင်မည့် အခွင့်အရေးရှိမရှိ သိနိုင်ရန်အတွက် သူ့ကို နည်းမျိုးစုံဖြင့် ကြိုးပမ်းပြီး ဤပွဲထဲသို့ ထည့်ပေးခဲ့ခြင်းဖြစ်သည်။ ကျန့်မျိုးနွယ်စုမှ ခေါ်ဆောင်လာသော ကျန့်ဝေတညီအစ်ကို၊ အစွန်းရောက်

လက်သီးဂိုဏ်း၏ အကြီးအကဲမှတစ်ဆင့် ရောက်လာသော ကျားဟုန်၊ အဘိုးကြီးရှီမှတစ်ဆင့် ရောက်လာသော ရှီချိုင်ဖုန်း မောင်နှမနှင့် စုမျိုးနွယ်စုမှ ထျန်းစု တို့မှာလည်း ထိုနည်းတူပင်။

အဓိက မိသားစုကြီးများမှာ ဤတစ်သက်တွင် တစ်ခါသာ ကြုံရမည့် အခွင့်အရေးကို လက်လွှတ်မခံလိုကြဘဲ ဒဏ္ဍာရီလာ မသေမျိုးဆရာသခင်နှင့် စကားပြောခွင့်ရရန် အသည်းအသန် ကြိုးစားခဲ့ကြခြင်းပင်။ သို့သော်လည်း ကံကြမ္မာက နောက်ပြောင်ခဲ့သညါ။ ငါးပါးသော ဓာတ်ကြီးဂိုဏ်းမှ မသေမျိုးဆရာသခင်မှာ ဤနေရာတွင်ပင် အခြားသော လျှို့ဝှက်ဆန်းပြားသည့် ဆရာသခင်တစ်ဦး၏ လက်ချက်ဖြင့် အသက်ပျောက်သွားခဲ့ရသည်။ မည်မျှပင် မကျေနပ်ကြစေကာမူ အနက်ရောင်ဝတ်စုံနှင့် မသေမျိုးဆရာသခင်ကိုမူ မည်သူမျှ ဘာမှမလုပ်ရဲကြချေ။

မမျှော်လင့်ဘဲ နွားပေါက်လေးသည် ကျားကိုမကြောက်ဆိုသကဲ့သို့ တစ်စုံတစ်ယောက်က မသေမျိုးဆရာသခင်ကို တားဆီးရန် ကြိုးပမ်းလာခဲ့သည်။ ဟွမ်လုံကန်းက ဆရာသခင်ကို လှမ်းခေါ်လိုက်ချိန်တွင် ဟွမ်မျိုးနွယ်စုခေါင်းဆောင်မှာ ထိတ်လန့်တုန်လှုပ်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

“မိုက်မဲလိုက်တဲ့ သား... မင်း ဘာလုပ်နေတာလဲ”

သို့သော် ဟွမ်လုံကန်းမှာမူ သူ၏ဖခင် ကြိမ်းမောင်းမှုကို ဂရုမစိုက်ဘဲ အနက်ရောင်ဝတ်စုံနှင့်လူကိုသာ စိတ်အားထက်သန်စွာ စိုက်ကြည့်နေသည်။ အနက်ရောင်ဝတ်စုံနှင့်လူက လှည့်ကြည့်လိုက်သည်။ သူ၏မျက်နှာကို လုံခြုံစွာ ဖုံးအုပ်ထားပြီး ရက်စက်သော မျက်လုံးတစ်စုံသာ ပေါ်နေသော်လည်း ဟွမ်လုံကန်းကို စိတ်ဝင်တစား ကြည့်နေပုံပင်။

“မင်း ငါ့ကို ခေါ်လိုက်တာလား”

“မသေမျိုးဆရာသခင် ခင်ဗျာ... ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါ”

ဟွမ်လုံကန်းက အားလုံးကို အံ့အားသင့်စေမည့် စကားကို ထပ်မံပြောကြားလိုက်ပြီး တိုက်ရိုက်

ပင် ဒူးထောက်ချလိုက်တော့သည်။ သို့သော်လည်း သူ၏ဒူးနှစ်ဖက်မှာ မြေပြင်နှင့် သုံးလက်မခန့်အကွာတွင် ရပ်တန့်သွားခဲ့သည်။ မမြင်ရသော စွမ်းအားတစ်ခုက သူ့ကို ဒူးထောက်ခွင့်မပေးဘဲ တားဆီးထားခြင်းပင်။

ဟွမ်လုံကန်းသည် ကြောက်ရွံ့သွားခြင်းမရှိသည့်အပြင် သူ၏မျက်ဝန်းထဲမှ ရမ္မက်ဇောများမှာ ပိုမိုပြင်းထန်လာခဲ့သည်။

"မသေမျိုးဆရာသခင်ရဲ့ နတ်ဘုရားလို စွမ်းပကားတွေကို မြင်တွေ့ရတော့ ကျွန်တော့်နှလုံးသားထဲမှာ တမ်းတမိပါတယ်။ ဆယ်စုနှစ်တစ်ခုမက သိုင်းပညာဆိုတဲ့ အသေးအဖွဲအတတ်ပညာထဲမှာ နစ်မွန်းနေခဲ့တာဟာ တကယ်ကို ရယ်စရာကောင်းလှပါတယ်။ အကယ်၍ ဆရာသခင်က ကျွန်တော့်ကို တပည့်အဖြစ် လက်မခံဘူးဆိုရင်တောင် ကျွန်တော်က အစေခံတစ်ယောက်အဖြစ် နေထိုင်ပြီး ဆရာသခင်ရဲ့ ဘေးနားမှာ နေ့တိုင်း မသေမျိုးအတတ်ပညာတွေကို မြင်တွေ့ခွင့်ရရုံနဲ့တင် နောင်တမရှိဘဲ သေပျော်ပါပြီ မသေမျိုးဆရာသခင်... ကျေးဇူးပြုပြီး သနားညှာတာပေးပါ"

ဟွမ်လုံကန်းသည် အဆက်မပြတ် ဦးတိုက်နေသော်လည်း ကံဆိုးစွာဖြင့် သူ၏နဖူးမှာ ဟာလာဟင်းလင်း လေထုကိုသာ ထိမှန်နေပြီး မြေပြင်သို့ လုံးဝမရောက်ရှိပေ။ သူ၏ဘေးတွင်ရှိသော ဟွမ်မျိုးနွယ်စုခေါင်းဆောင်မှာ ဟွမ်လုံကန်းက အစေခံဟု ပြောလိုက်သည်ကို ကြားသောအခါ မျက်နှာတွင် မကျေနပ်သည့် အရိပ်အယောင် အနည်းငယ် ပေါ်လာသည်။

သို့သော်လည်း ဤအချိန်တွင် သူသည် မဆင်မခြင် စကားမပြောရဲဘဲ အနက်ရောင်ဝတ်စုံနှင့်လူ၏ တုံ့ပြန်မှုကိုသာ သတိကြီးစွာ အကဲခတ်နေပြီး တစ်ဖက်လူ ဒေါသမထွက်ပါစေနှင့်ဟုသာ ဆုတောင်းနေမိသည်။ အနက်ရောင်ဝတ်စုံနှင့်လူသည် သဘောကောင်းသူတစ်ဦးဟု သူ မသတ်မှတ်နိုင်ပေ။

ဝမ်ကျန်း ငါးမြို့နယ်အတွင်းရှိ မရေတွက်နိုင်သော အသက်ပေါင်းများစွာကို အသုံးချပြီး သားရဲဒီရေကို ဖန်တီးခဲ့သည့်အပြင် ငါးပါးသော ဓာတ်ကြီးဂိုဏ်းမှ ဆရာသခင်နှင့် မြို့စားမင်းတို့ကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ ထိုမျှလောက် ထိန်းချုပ်မရသော ရက်စက်ကြမ်းကြုတ်မှုမျိုးမှာ သာမန်လူတို့၏ စိတ်ကူးထက် ကျော်လွန်နေပြီဖြစ်သည်။

အနက်ရောင်ဝတ်စုံနှင့်လူမှာ ဒေါသထွက်ခြင်းမရှိဘဲ တည်ငြိမ်စွာပင် ပြောလိုက်သည်။

"မင်းမှာ သတ္တိတော့ ရှိသားပဲ။ မင်းမှာ ကျင့်ကြံဖို့အတွက် ဝိညာဉ်အမြစ်ရှိမရှိ ငါ စမ်းသပ်ပေးလို့ရပါတယ်။

ဒါပေမဲ့ ငါ့မှာ စည်းမျဉ်းတစ်ခုရှိတယ်... ငါ့ဆီကနေ အကူအညီတောင်းတဲ့သူဟာ တစ်ခုခုကို ပြန်ပေးဆပ်ရမယ်။ အကယ်၍ စမ်းသပ်ချက်အရ မင်းမှာ ဝိညာဉ်အမြစ် မရှိဘူးဆိုရင် ငါ မင်းရဲ့အသက်ကို ယူမယ်။ မင်း ဒီလောင်းကြေးကို ထပ်မလား"

"ကျွန်တော် ထပ်ပါ့မယ်"

ဟွမ်လုံကန်း၏ အမူအရာမှာ ပြတ်သားနေပြီး တုံ့ဆိုင်းခြင်းမရှိဘဲ အော်ဟစ်လိုက်သည်။

၎င်းကို မြင်သောအခါ အနက်ရောင်ဝတ်စုံနှင့်လူမှာ အနည်းငယ် အံ့အားသင့်သွားသည်။

"ဒီလောက် သတ္တိရှိမှတော့... အကယ်၍ မင်းမှာ ကျင့်ကြံဖို့ ဝိညာဉ်အမြစ် တကယ်ရှိနေရင် တစ်နေ့မှာ နာမည်တစ်လုံး ရလာနိုင်ကောင်းရဲ့။ ကောင်းပြီ... ဝိညာဉ်မီးလျှံကို ထုတ်ယူခဲ့တာက လူအများကြီးအပေါ် သက်ရောက်မှုရှိခဲ့တာဆိုတော့ မင်းတို့ကို တစ်ခုခု ပြန်ပေးတယ်ဆိုတာလည်း ဖြစ်နိုင်ပါတယ်"

"အသက် ၃၀ အောက်ရှိတဲ့သူတွေ... အရှေ့ကိုထွက်ခဲ့ကြ။ မင်းတို့မှာ ဝိညာဉ်အမြစ် ရှိမရှိ ငါ စမ်းသပ်ပေးမယ်"

ဤစကားကို ကြားလိုက်ရချိန်တွင် လူတိုင်း၏မျက်နှာ၌ ဝမ်းသာအားရရိပ်များ ယှက်သန်းသွားကြသည်။ ဟွမ်လုံကန်း၏ ရဲတင်းမှုကြောင့် ယခုကဲ့သို့ အခွင့်အရေးရလာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။

မသေမျိုးလမ်းစဉ်သို့ ခြေလှမ်းရန် သတ်မှတ်ထားသော အသက်အရွယ်မှာ အသက် ၃၀ အောက် ဖြစ်နေခြင်းက သိုင်းပညာသင်ယူခြင်းထက် ပိုမိုဖြေလျှော့ပေးထားသကဲ့သို့ ဖြစ်နေသဖြင့် လူအများကို အံ့အားသင့်စေခဲ့သည်။

အခမ်းအနားတွင် ဟွမ်လုံကန်းကို ဦးဆောင်၍ အသက် ၃၀ အောက်ရှိသော လူငယ်မောင်မယ်များသည် အနက်ရောင်ဝတ်စုံနှင့် မသေမျိုးဆရာသခင်၏ ဘေးသို့ လျှောက်လှမ်းသွားကြပြီး စမ်းသပ်မှုကို ခံယူရန် ရိုသေစွာဖြင့် တန်းစီစောင့်ဆိုင်းနေကြတော့သည်။

အနက်ရောင်ဝတ်စုံနှင့်လူ၏ လက်ထဲတွင် လက်ဖဝါးထက် အနည်းငယ်ကြီးသော ကြေးမှန်တစ်ချပ် ရုတ်တရက် ပေါ်ထွက်လာသည်။ မှန်၏ မျက်နှာပြင်မှာ အနည်းငယ် အရောင်မှိန်နေပြီး ပုံစံများမှာလည်း ဖတ်ရခက်လှရာ ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်ကြောင်း သိသာလှသည်။

သူသည် ကြေးမှန်ကို မြှောက်ကာ ဟွမ်လုံကန်း၏ ဦးခေါင်းပေါ်သို့ အလင်းထိုးလိုက်သည်။ မှန်မျက်နှာပြင်သည် အနည်းငယ် တောက်ပလာပြီး ဖြူဖွေးသော အလင်းတန်းများ ထွက်ပေါ်လာသည်။ ထို့နောက် မှန်ထဲတွင် အရွယ်အစားတူ အနားခြောက်ဖက်ပါသော အစေ့အဆန်လေးများဖြင့် ဖွဲ့စည်းထားသည့် ပျားအုံပုံသဏ္ဌာန် ကျောက်တုံး တစ်ခု ပေါ်လာတော့သည်။

ထိုအနားခြောက်ဖက်ပါ အစေ့အဆန်အများစုမှာ မီးခိုးရောင်သန်းနေပြီး မှောင်မှိန်နေသော်လည်း ညာဘက်အပေါ်ထောင့်ရှိ အစိတ်အပိုင်းအနည်းငယ်မှာမူ ထင်ရှားလှသော အနီရောင်အလင်းတန်း များ တဖျတ်ဖျတ် လင်းလက်နေ၏။

“တကယ်ပဲ ဝိညာဉ်အမြစ်ရှိတာပဲ... ဒါ့အပြင် မီးဓာတ်လည်း ဖြစ်နေတယ်။ အဆင့်နိမ့် ဝိညာဉ်အမြစ်ပဲ ဖြစ်ပေမဲ့ မသေမျိုးလမ်းစဉ်ကို တက်လှမ်းဖို့တော့ အရည်အချင်း ပြည့်မီပါတယ်”

အနက်ရောင်ဝတ်စုံနှင့်လူက အံ့ဩတသစွာ ပြောလိုက်သည်။

သူ့ကို လှမ်းတားခဲ့သော ဤလူငယ်တွင် အမှန်တကယ်ပင် ကျင့်ကြံခြင်းပါရမီ ရှိနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ ထိုစကားကို ကြားလိုက်ရသောအခါ ဟွမ်လုံကန်းမှာ အတိုင်းမသိ ဝမ်းသာသွားပြီး ထပ်မံ ဦးတိုက်ရန် ပြင်သော်လည်း မမြင်ရသော စွမ်းအားတစ်ခုက သူ့ကို တားဆီးထားဆဲပင်။

“မင်းကို ငါတို့ဂိုဏ်းဆီ ခေါ်သွားလို့ရပါတယ်။ ဒါပေမဲ့ တပည့်အဖြစ် လက်ခံဖို့ကတော့ အရေးကြီးတဲ့ ကိစ္စမို့လို့ နောက်မှ ထပ်ဆွေးနွေးကြတာပေါ့”

အနက်ရောင်ဝတ်စုံနှင့်လူက ပြောပြီးနောက် ဒုတိယမြောက်လူကို စတင်စမ်းသပ်သည်။ နောက်တစ်ယောက်မှာ ယွမ်မျိုးနွယ်စု၏ သားကြီးဖြစ်ပြီး အသက် ၂၈ နှစ်ရှိပြီ ဖြစ်သည်။ သူသည် ခန့်ညားသော ရုပ်ရည်ရှိပြီး အပြာရောင် ပိုးသားဝတ်စုံကို ဝတ်ဆင်ထား၏။ သူ၏ အမြဲတမ်း မာန်တက်နေတတ်သော မျက်နှာမှာ ယခုအခါတွင်မူ စိုးရိမ်ပူပန်မှုများနှင့် မြောက်ပင့်လိုသော အမူအရာများဖြင့် ပြည့်နှက်နေသည်။

ကြေးမှန်၏ အလင်းတန်းမှာ သူ၏မျက်နှာပေါ်သို့ ကျရောက်သွားသောအခါ မှန်ထဲတွင် အနားခြောက်ဖက်ပါ အစေ့အဆန်များစွာဖြင့် ဖွဲ့စည်းထားသည့် ပုံသဏ္ဌာန်မမှန်သော ကျောက်တုံးတစ်ခု ထပ်မံပေါ်လာပြန်သည်။

သို့သော်လည်း ယခုတစ်ခေါက်တွင်မူ ကျောက်တုံးပေါ်ရှိ အစေ့အဆန်အားလုံးမှာ မှိန်ပျပျ မီးခိုးရောင်များသာ ဖြစ်နေတော့သည်။

“ဝိညာဉ်အမြစ် မရှိဘူး"

အနက်ရောင်ဝတ်စုံနှင့်လူက ခေါင်းခါယမ်းလိုက်သည်။

ထိုစကားကို ကြားလိုက်ရချိန်တွင် ယွမ်မျိုးနွယ်စု၏ သားကြီးမျက်နှာမှာ ပြာနှမ်းသွားတော့သည်။ ဖခင်ဖြစ်သူ ယွမ်မျိုးနွယ်စုခေါင်းဆောင်ကလည်း မကျေမနပ်ဖြင့် “ဆရာသခင် ခင်ဗျာ... ကျွန်တော့်သားက တကယ်ပဲ မသေမျိုးလမ်းစဉ်ကို မတက်လှမ်းနိုင်တော့ဘူးလား နောက်တစ်ခေါက်လောက် ထပ်ပြီး စစ်ဆေးပေးလို့ မရဘူးလား...”

“ဟမ် မင်းက ငါ့ရဲ့ အရည်အချင်းကို သံသယဝင်နေတာလား”

အနက်ရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး အေးစက်သော အလင်းတန်းများ ဝင်းလက်သွားသည်။ ၎င်းက ယွမ်မျိုးနွယ်စုခေါင်းဆောင်ကို ထိတ်လန့်သွားစေပြီး နောက်ထပ် စကားတစ်ခွန်းပင် မဟရဲတော့ဘဲ နှုတ်ပိတ်သွားစေခဲ့သည်။

ထို့နောက်တွင် အနက်ရောင်ဝတ်စုံနှင့်လူသည် မြေပိုင်ရှင် လျို၏ တစ်ဦးတည်းသောသား၊ သံလက်ဝါးရှင်လျိုတာလုံး၏ တူဖြစ်သူ၊ ဓားတစ်လက် နတ်သမီးဟူနန်း၏ ညီမအငယ်ဆုံး၊ ကျန့်ဝေတနှင့် ကျန့်ဝေချုံး ညီအစ်ကိုတို့အပြင် အသက် ၃၀ အောက်ရှိသော အခြားသော လူငယ်ပါရမီရှင်များကို ဆက်လက်စစ်ဆေးခဲ့သည်။

ကံဆိုးစွာဖြင့် ပထမဆုံးလူဖြစ်သည့် ဟွမ်လုံကန်းမှလွဲ၍ အခြားမည်သူ့ထံတွင်မျှ ဝိညာဉ်အမြစ်ကို မတွေ့ရှိရပေ။ ယခုအခါ စစ်ဆေးရန် လူနည်းစုသာ ကျန်ရှိတော့သည်။ ကျင့်ကြံခြင်းအတွက် လိုအပ်သော ဝိညာဉ်အမြစ်ဆိုသည်မှာ သိုင်းပညာထက်ပင် အဆပေါင်းများစွာ ပိုမိုရှားပါးပြီး ရရှိရန် ခက်ခဲကြောင်း လူတိုင်း သဘောပေါက်သွားကြတော့သည်။

၎င်းကို မြင်သောအခါ ဟွမ်လုံကန်းမှာ ပို၍ပင် မာန်တက်လာပြီး သူ၏ခေါင်းကို မြည်းတစ်ကောင်ထက်ပင် မြင့်အောင် မော့ထားတော့သည်။ သူ၏ တစ်သက်တာတွင် ယခုလောက်အထိ ဂုဏ်ယူဝင့်ကြွဖူးခြင်း မရှိခဲ့ပေ။

“နောက်တစ်ယောက်"

အနက်ရောင်ဝတ်စုံနှင့်လူက အေးစက်စွာ ပြောလိုက်သည်။

ဤကဲ့သို့ သေးငယ်သော အရပ်ဒေသတွင် ဝိညာဉ်အမြစ်ရှိသူ တစ်ယောက်တွေ့ရသည်မှာပင် မဆိုးဘူးဟု သူတွေးထားသည်။ သူသည် အစကတည်းက မျှော်လင့်ချက်အကြီးအကျယ် ထားခဲ့ခြင်းမဟုတ်ဘဲ စိတ်ကူးပေါက်၍ စစ်ဆေးပေးနေခြင်းသာ ဖြစ်သည်။

ယခုတစ်ခေါက် စမ်းသပ်ရန် ရှေ့သို့တိုးထွက်လာသူမှာ ထျန်းစုပင်။ သူမသည် ဝါဖျော့ဖျော့ ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး ဆံနွယ်များမှာ လေတွင် ဝေ့ဝဲနေကာ မျက်ဝန်းများမှာ ရေပြင်ပမာ ကြည်လင်နေပြီး အသားအရေမှာလည်း ကျောက်စိမ်းကဲ့သို့ ဝင်းပနေသည်။

သို့သော်လည်း ထူးခြားသော ပါရမီရှင် အမျိုးသမီးကျင့်ကြံသူများစွာကို မြင်တွေ့ဖူးနေသော အနက်ရောင်ဝတ်စုံနှင့်လူအတွက်မူ သာမန်လူသားထဲမှ အလှဆုံးအမျိုးသမီးပင်လျှင် ထူးခြားမှု မရှိပေ။ သူသည် ကြေးမှန်ကို ထျန်းစု၏ ဦးခေါင်းပေါ်တွင် ပေါ့ပေါ့ပါးပါး ကိုင်ထားရင်း အာရုံမစိုက်ဘဲ တစ်ချက်ကြည့်လိုက်ရာမှ ရုတ်တရက် တုန်လှုပ်သွားတော့သည်။

“အဆင့်မြင့် မီးဓာတ်ဝိညာဉ်အမြစ်နဲ့ အလယ်အလတ် မြေဓာတ်ဝိညာဉ်အမြစ်”

ကြေးမှန်အတွင်းရှိ ထျန်းစု၏ ကျောက်တုံးထဲတွင် အစေ့အဆန်များ၏ သုံးပုံတစ်ပုံခန့်မှာ ရဲရဲနီသော အလင်းတန်းများ တောက်ပနေပြီး ကျန်ရှိသော အစိတ်အပိုင်းအချို့မှာလည်း ဝါဝင်းသော အလင်းများ ထွက်ပေါ်နေသည်။

“ကောင်းတယ်... ကောင်းတယ် ဒီလောက်အထိ ရိတ်သိမ်းခွင့်ရလိမ့်မယ်လို့ မထင်ထားဘူး” အနက်ရောင်ဝတ်စုံနှင့်လူက ဝမ်းသာအားရ ရေရွတ်လိုက်သည်။

“ဒီလို ပါရမီမျိုးဆိုရင်တော့ ငါ့ရဲ့ဂိုဏ်းထဲကို ဝင်ခွင့်ပြုဖို့ သေချာပေါက် ထိုက်တန်တယ်”

All Chapters