အခန်း (၂၁၃)
Vol. 22 Ch. 213
မုန့်ခုန်းဟွာ၏ တစ်ကိုယ်လုံးသည် မှိန်ပျပျ အဖြူရောင် စစ်မှန်သောခွန်အားများဖြင့် လွှမ်းခြုံထားပြီး ဟင်းလင်းပြင်ထဲတွင် လျင်မြန်စွာ ပျံသန်းနေသော ငှက်ကြီးတစ်ကောင်အလား သူ၏ အဝတ်အစားများမှာ တဖျတ်ဖျတ် မြည်ဟည်းနေကာ ဖော်ပြမရနိုင်လောက်အောင်ပင် ခန့်ညားလှသည်။
အခြားတစ်ဖက်တွင်မူ လုံယီသည် ကောင်းကင်ယံမှ လွတ်ကျလာသော သံမဏိကျောက်တုံးကြီးတစ်ခုအလား ဒိုင်း ဟူသော အသံနှင့်အတူ ဧရာမ ပိုးကောင်မိစ္ဆာကြီးတစ်ကောင်ပေါ်သို့ အရှိန်ဖြင့် ကျဆင်းလာသည်။ ထိုမိစ္ဆာ၏ ခန္ဓာကိုယ်တစ်ဝက်မှာ နင်းခြေခံလိုက်ရသဖြင့် အသားစများ ကြေမွသွားရပြီး အလွန်ပင် ပြင်းထန်လှသော မြင်ကွင်းပင်။
ထို့နောက် သူသည် အမြောက်ဆန်တစ်ခုကဲ့သို့ ရှေ့သို့ တဟုန်ထိုး ပြေးထွက်သွားရာ သူ၏ ပတ်ဝန်းကျင်တွင် အဖြူရောင် လေလှိုင်းများ ဝန်းရံနေပြီး သူ၏အရှိန်မှာ မုန့်ခုန်းဟွာထက်ပင် အနည်းငယ်မျှ လျော့နည်းခြင်းမရှိပေ။
သူ၏ ပစ်မှတ်မှာ ရှင်းလင်းလှသည်။ ပေရာနှင့်ချီ ဝေးကွာသောနေရာတွင် ရပ်နေသည့် အတောင်ပံပါ ကျားဖြူကြီးပင်။ သူဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် အတားအဆီးဖြစ်စေသော မည်သည့်သားရဲ သို့မဟုတ် ငှက်မဆို အနက်ရောင် သံနက်ပုဆိန်အောက်တွင် အသက်ပျောက်ကြရပြီး လုံယီကို စက္ကန့်ပိုင်းမျှပင် နှောင့်နှေးအောင် မလုပ်နိုင်ကြချေ။
အတောင်ပံပါ ကျားဖြူကြီးသည် လုံယီ၏ လှုပ်ရှားမှုကို မကြာမီ သတိပြုမိသွားပြီး ၎င်း၏ ဧရာမမျက်နှာကြီးတွင် လူသားတစ်ဦးကဲ့သို့ပင် မထီမဲ့မြင်ပြုသော အမူအရာတစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် သွေးရောင်လွှမ်းသော ပါးစပ်ကြီးကို ဟလိုက်ပြီးနောက် ပေတစ်ဆယ်ခန့် မြင့်မားသော လေးကိုင်းပုံသဏ္ဌာန် စိမ်းပြာရောင် အလင်းတန်း တစ်ခုကို မိုးကြိုးလျှပ်စီးအလား လုံယီထံသို့ ပစ်လွှတ်လိုက်တော့သည်
၎င်းကို မြင်သောအခါ မုန့်ခုန်းဟွာသည် သူ၏လက်ထဲမှ ငွေရောင်ဓားရှည်ကို အားမာန်အပြည့်
ဖြင့် ရှေ့သို့ ထိုးစိုက်လိုက်ရာ ဓားဦးဖျားမှ သုံးပေခန့် ရှည်လျားပြီး ထုထည်ရှိပုံရသော အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထိုဓားစွမ်းအင်သည် လေးကိုင်းပုံ စိမ်းပြာရောင်အလင်းတန်းနှင့် ထိပ်တိုက် တိုးတိုက်မိသွားတော့သည်။
ဘုန်း…
သာမန်သိုင်းဆရာသခင်များ၏ ကန့်သတ်ချက်ကို ကျော်လွန်သော တိုက်ကွက်နှစ်ခု ထိပ်တိုက်တွေ့ဆုံမှုကြောင့် တုန်ဟည်းသွားစေသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ဧရိယာအနှံ့ အဖြူရောင် လေလှိုင်းများ တလိပ်လိပ် တက်လာတော့သည်။
ထို့နောက်တွင်လည်း လုံယီထံသို့ ဦးတည်လာသော စိမ်းပြာရောင် အလင်းတန်းများစွာကို မုန့်ခုန်းဟွာက အသည်းအသန် ကြားဖြတ်တားဆီးပေးခဲ့သည်။ သို့သော် မုန့်ခုန်းဟွာ၏ မျက်နှာမှာ အနည်းငယ် ဖြူလျော်လာခြင်းက ထိုကဲ့သို့ စစ်မှန်သောခွန်အားများကို ထုတ်လွှတ်ခြင်းမှာ မလွယ်ကူဘဲ သူကိုယ်ကိုယ် များစွာ ကုန်ခမ်းစေကြောင်း သက်သေပြနေသည်။
မုန့်ခုန်းဟွာက နောက်ဘက်မှ အကာအကွယ်ပေးထားသဖြင့် လုံယီသည် အနှောင့်အယှက်မရှိဘဲ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျားဖြူကြီးနှင့် ပေ ၃၀ ခန့်အကွာအထိ အကွာအဝေးကို ကျဉ်းမြောင်းနိုင်ခဲ့ပြီ ဖြစ်သည်။
၎င်းကို မြင်သောအခါ ကျားဖြူကြီး၏ မျက်ဝန်းတွင် စိတ်မရှည်သော အမူအရာ ပေါ်လာသည်။ ယပ်တောင်တစ်ခုထက်ပင် ဆယ်ဆခန့် ကြီးမားလှသော ဆူးများပါသည့် ဧရာမ အသားစိုင်
ခြေဖဝါးကြီးဖြင့် လုံယီကို တိုက်ရိုက် ရိုက်ချလိုက်ရာ ၎င်းမှာ ယင်ကောင်တစ်ကောင်ကို ရိုက်သတ်သကဲ့သို့ပင် အလွယ်တကူ သတ်ဖြတ်ရန် ရည်ရွယ်ထားပုံပင်။
မြို့ရိုးပေါ်ရှိ လူများသည် ဤမြင်ကွင်းကို ကြည့်ရင်း သူတို့၏ သတ္တိများမှာ လည်ချောင်းဝအထိ တက်လာသကဲ့သို့ ခံစားလိုက်ရသည်။ လုံယီအနေဖြင့် ဤတိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်မနိုင်ဆိုသည်မှာ သူနှင့် မုန့်ခုန်းဟွာတို့ ကျားဖြူကြီးကို မည်မျှကြာကြာ တားဆီးထားနိုင်မည်ဆိုသည့်အပေါ် မူတည်နေသည်။
သို့သော် လုံယီမှာမူ ရှောင်တိမ်းခြင်း သို့မဟုတ် ဖယ်ရှားခြင်း လုံးဝမပြုဘဲ ကျားဖြူကြီး၏ တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ရန်အတွက် သူ၏ ပုဆိန်ကို တည့်တည့်မတ်မတ် မြှောကလိုက်သည်ကိုသာ မြင်တွေ့လိုက်ရသည်။
“သူ ရူးသွားပြီလား”
ကျန်းမြို့မှ လက်တစ်ဖက်ပြတ် ဆရာတော် ရွှမ်ကျီက အော်ဟစ်လိုက်သည်။ ကျားဖြူကြီး၏ စိမ်းပြာရောင် အလင်းတန်း တိုက်ခိုက်မှုများထက် ၎င်း၏ အနီးကပ်တိုက်ခိုက်နိုင်စွမ်းမှာ ပိုမိုကြောက်မက်ဖွယ်ကောင်းပြီး သိုင်းဆရာသခင်များ၏ ကန့်သတ်ချက်ထက် များစွာ သာလွန်လှသည်။ ရှေ့တွင် မြို့ကို ကာကွယ်နေစဉ်ကပင် သိုင်းဆရာသခင်တစ်ဦးမှာ အခုအခံပင် မလုပ်နိုင်ဘဲ ၎င်း၏ ကိုက်သတ်ခြင်းကို ခံခဲ့ရဖူးသည်။
“စိတ်အေးအေးထားပါ။ ဂိုဏ်းချုပ်လုံက မစဉ်းစားမဆင်ခြင်ဘဲ လုပ်မယ့်သူ မဟုတ်ဘူး” မြို့စားမင်းလီက ထိုသို့ပြောလိုက်သော်လည်း သူကိုယ်တိုင်လည်း စိုးရိမ်တကြီးဖြင့် တစ်စက္ကန့်မျှ အလွတ်မပေးဘဲ စိုက်ကြည့်နေမိသည်။
လူတိုင်း၏ စိုးရိမ်ပူပန်နေသော အကြည့်များအောက်တွင် လုံယီ၏ တစ်ကိုယ်လုံးသည် နီရဲသော အလင်းတန်းများ ထွက်ပေါ်လာပြီး အလင်းလူသားတစ်ယောက်အသွင် ပြောင်းလဲသွားသည်။ ထိုအလင်းမှာ သာမန် စွမ်းအင်စက်ဝန်းပြည့်အဆင့် သိုင်းသမားတစ်ဦးထက် များစွာ ပိုမိုတောက်ပနေပြီး အခန်းတွင်းမှ ညအိပ်မီးသီးလေးနှင့် ကုန်တင်ကားကြီးတစ်စီး၏ ရှေ့မီးကြီးများအလား ကွာခြားလှပေသည်။
“တောင်ဖြိုခွဲခြင်း”
သူသည် သူ၏ အင်အားအားလုံးကို တစ်မှတ်တည်းတွင် စုစည်းလိုက်ပြီးနောက် တစ်ခဏချင်းအတွင်း ပေါက်ကွဲထွက်စေလိုက်သည်။
“နဂါးဖောက်ထွင်းခြင်း”
ခန္ဓာကိုယ်အတွင်း ပုန်းကွယ်နေသော လျှို့ဝှက်သွေးစွမ်းအင်များဖြင့် ရင်ဘတ်ရှိ နဂါးဖောက်ထွင်း အပ်စိုက်မှတ်ကို လှုံ့ဆော်လိုက်ရာ ကြွက်သားအားလုံးမှာ ပုဆိန်ကို ကိုင်ထားသော ညာဘက်လက်မောင်းဆီသို့ စုပြုံစီးဆင်းသွားတော့သည် လုံယီ၏ အခြေခံခွန်အားမှာ ယခုအခါ ပေါင်ချိန် နှစ်သောင်းခွဲရှိပြီး နဂါးဖောက်ထွင်း၏ နှစ်ထပ်ကွမ်း မြှင့်တင်မှုဖြင့် ပေါင်ချိန် ငါးသောင်းအထိ စုစည်းသွားပြီ ဖြစ်သည်။
ဘုန်း…
သံနက်ပုဆိန်နှင့် သားရဲဘုရင်၏ ခြေသည်းတို့ ထိပ်တိုက်တွေ့ဆုံသွားရာ ဝင်းလက်တောက်ပသော မီးပွင့်များ လွင့်စင်သွားတော့သည်။ လုံယီ၏ ခန္ဓာကိုယ်မှာ လူတိုင်း မျှော်လင့်ထားသည့်အတိုင်း နောက်သို့ လွင့်ထွက်သွားသည်။ သို့သော် ၎င်းမှာ ရှုံးနိမ့်သွားခြင်း မဟုတ်ပေ။
သူသည် ပေတစ်ရာကျော်ခန့် လွင့်ထွက်သွားပြီးနောက် မြေပြင်ပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်နိုင်ခဲ့သည်။ မြေပြင်ပေါ်တွင် သူ၏ခြေထောက်များဖြင့် ရှည်လျားသော မြောင်းနှစ်ကြောင်း ထင်ကျန်ရစ်သည်အထိ ဆွဲဆန့်ရပ်တန့်လိုက်ပြီးနောက် ပြန်လည် တည်ငြိမ်သွားခြင်းပင်။
“နောက်တစ်ခေါက်”
လုံယီ၏ မျက်ဝန်းထဲတွင် တိုက်ပွဲဝင်လိုစိတ်များ တောက်ပနေပြီး အတောင်ပံပါကျားကြီးထံသို့ ဆက်လက် ပြေးဝင်သွားပြန်သည်။ ယခုတစ်ကြိမ်တွင်မူ သူသည် S ပုံသဏ္ဌာန် လျင်မြန်သော လှုပ်ရှားမှုများဖြင့် ချဉ်းကပ်သွားပြီး ပြေးနေစဉ်အတွင်းမှာပင် လမ်းတလျှောက်ရှိ သားရဲများနှင့် မိစ္ဆာများကို တစ်ကောင်ပြီးတစ်ကောင် ပုဆိန်ဖြင့် ပိုင်းဖြတ်ကာ သုတ်သင်သွားတော့သည်။
“ဝိညာဉ်ဝါးမြိုခြင်း”
ရန်သူတစ်ကောင်ကို သတ်ဖြတ်လိုက်တိုင်း ၎င်းတို့၏ ခန္ဓာကိုယ်အတွင်းရှိ သွေးစွမ်းအင်များသည် လုံယီ၏ ကိုယ်ထဲသို့ စီးဝင်လာပြီး တဖြည်းဖြည်းနှင့် စုစည်းတိုးပွားလာသည်။ သူသည် အတောင်ပံပါကျားဖြူကြီး၏ ရှေ့သို့ နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိလာချိန်တွင်မူ သူ၏ရင်ဘတ်ထဲ၌ ထပ်တိုးလာသော သွေးစွမ်းအင်များကြောင့် နာကျင်လာသည်အထိ ဖောင်းကြွနေပြီဖြစ်သည်။
“တောင်ဖြိုခွဲခြင်း”
“နဂါးဖောက်ထွင်းခြင်း”
“ဝိညာဉ်ဝါးမြိုခြင်း”
ယခုတစ်ကြိမ်တွင်မူ ဝိညာဉ်ဝါးမြိုခြင်းမှ ရရှိသော အင်အားအသစ်များ ပေါင်းစပ်လိုက်သဖြင့် သူ၏ခွန်အားမှာ ပေါင်ချိန် ရှစ်သောင်း၊ ကိုးသောင်းအထိ တဟုန်ထိုး မြင့်တက်သွားတော့သည်။
ဝူး...
ပုဆိန်ကို ဝှေ့ယမ်းလိုက်ချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေတစ်ကောင် အော်ဟစ်လိုက်သကဲ့သို့ အသံကြီး ထွက်ပေါ်လာသည်။ ပုဆိန်သွားအောက်မှ ပေါ်ထွက်လာသော အဖြူရောင် လေဖိအားလှိုင်းများသည် ဘေးပတ်ပတ်လည်ရှိ သားရဲငယ်များနှင့် သားရဲငှက်များကို ခြေဖျားမမြဲတော့ဘဲ လွင့်စင်သွားစေသည်။
ဂလန်း…
ပုဆိန်နှင့် ဧရာမခြေသည်းတို့ ထိပ်တိုက်တွေ့ဆုံမှုမှာ ကမ္ဘာပျက်မတတ် ပြင်းထန်လှပြီး မိုးကြိုးပစ်ချလိုက်သကဲ့သို့ အသံကြီး မြည်ဟည်းသွားသည်။ ယခုတစ်ကြိမ် အပြန်အလှန် တိုက်ခိုက်မှုတွင် လုံယီသည် နောက်သို့ လွင့်ထွက်မသွားတော့ဘဲ မြေပြင်ကို အားပြုကာ တောင့်ခံထားသဖြင့် ခြေလှမ်း နှစ်ဆယ်၊ သုံးဆယ်ခန့်သာ နောက်သို့ ဆွဲပါသွားတော့သည်။
အတောင်ပံပါကျားဖြူကြီး၏ ရွှေရောင်မျက်လုံးများထဲတွင် အံ့ဩတုန်လှုပ်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ လုံယီ၏ ခွန်အားမှာ ဤမျှအထိ ရုတ်တရက် မြင့်တက်လာလိမ့်မည်ဟု ၎င်းအနေဖြင့် လုံးဝ မျှော်လင့်မထားခဲ့ပေ။ ယခုဆိုလျှင် လုံယီသည် ၎င်းက တစ်ချက်တည်းဖြင့် အလွယ်တကူ သတ်ဖြတ်နိုင်သည့် အဆင့်တွင် မရှိတော့ချေ။
“ကောင်းတယ်”
မြို့ရိုးပေါ်မှ ကြည့်နေသော လူအုပ်ကြီးမှာ စိတ်လှုပ်ရှားမှုကြောင့် မနေနိုင်တော့ဘဲ လုံယီအတွက် ဝိုင်းဝန်း အားပေးကြတော့သည်။ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော သားရဲဘုရင်နှင့် မျက်နှာချင်းဆိုင် ထိပ်တိုက်ရင်ဆိုင်နိုင်သူ အမှန်တကယ် ပေါ်ထွက်လာပြီ ဖြစ်သည်။
“မယုံနိုင်စရာပဲ... တကယ့်ကို မယုံနိုင်စရာပဲ”
ကျန်းမြို့မှ လက်တစ်ဖက်ပြတ် ဆရာတော် ရွှမ်ကျီက ထပ်ခါတလဲလဲ ရေရွတ်နေမိပြီး သူ၏မျက်ဝန်းထဲမှ အံ့ဩမှုများမှာ အချိန်အတော်ကြာအောင် ရှိနေတော့သည်။
သူ၏လက်တစ်ဖက်ကို နှုတ်ယူသွားခဲ့သူမှာ ဤအတောင်ပံပါကျားကြီးပင်။ ဤသားရဲဘုရင်၏ စွမ်းအားကို သူထက်ပို၍ သိသူ မရှိပေ။ ၎င်းမှာ နှစ်ပေါင်းတစ်ထောင်အတွင်း အသန်မာဆုံး သားရဲဘုရင် ဖြစ်နိုင်ပြီး သမိုင်းမှတ်တမ်းများထဲတွင် ဖော်ပြထားသည်ထက်ပင် ပိုမို ကြောက်မက်ဖွယ်ကောင်းလှသည်။
လုံယီသည် သားရဲဘုရင်နှင့် တိုက်ရိုက်ရင်ဆိုင်နေပြီး အားနည်းချက် အနည်းငယ်သာ ရှိသည်မှာ အံ့ဖွယ်တစ်ပါးကို ဖန်တီးလိုက်ခြင်းပင်။
“ဘာတွေ စောင့်နေကြတာလဲ အမြန်အောက်ဆင်းပြီး ဟောဒီလိပ်ကြီးတွေကို သတ်ကြတော့လေ”
သံလက်ဝါးရှင် လျိုတာလုံးက အော်ဟစ်လိုက်သည်။
“ကောင်းပြီ”
အခြားသူများကလည်း တစ်ပြိုင်နက်တည်း ပြန်ထူးကာ မြို့ရိုးပေါ်မှ ခုန်ချရန် ပြင်လိုက်ကြသည်။
“မကောင်းတော့ဘူး”
ရုတ်တရက် တစ်စုံတစ်ဦးက ထိတ်လန့်တကြား အော်လိုက်သည်။
လူတိုင်း လှမ်းကြည့်လိုက်ချိန်တွင် မျက်နှာများ ပျက်ယွင်းသွားကြတော့သည်။ အတောင်ပံပါကျားကြီးသည် လုံယီကို ၎င်း၏ခြေဖဝါးဖြင့် အကြိမ်ကြိမ် သတ်ရန် ကြိုးစားသော်လည်း မအောင်မြင်သဖြင့် ဒေါသတကြီး ဖြစ်လာပုံပင်။ ၎င်းသည် ပါးစပ်ကို ဟလိုက်ပြီးနောက် ဤ နှောင့်ယှက်လွန်းသော ပိုးကောင် ကို အပြတ်ရှင်းရန် စိမ်းပြာရောင် အလင်းတန်းငါးခုကို တစ်ပြိုင်နက် မှုတ်ထုတ်လိုက်တော့သည်
နောက်ဘက်တွင် ရှိနေသော မုန့်ခုန်းဟွာသည် သူ၏ သံမဏိဓားကို ဟင်းလင်းပြင်ထဲသို့ အလျင်အမြန် ထိုးစိုက်လိုက်ပြီး ထက်မြက်လှသော ဓားစွမ်းအင်လေးခုကို တစ်ပြိုင်နက် ထုတ်လွှတ်လိုက်သည်။ သို့သော် အလင်းတန်း လေးခုကိုသာ တားဆီးနိုင်ခဲ့ပြီး ကျန်ရှိသော အလင်းတန်းတစ်ခုမှာမူ လုံယီထံသို့ တိုးဝင်သွားပြီ ဖြစ်သည် ၎င်းမှာ အလွန်မြန်ဆန်ပြီး အနီးကပ်လွန်းလှသဖြင့် ရှောင်တိမ်းရန်မှာ လက်တွေ့တွင် လုံးဝမဖြစ်နိုင်တော့ပေ။
“သူ တားနိုင်ပါ့မလား”
လူတိုင်းမှာ စိုးရိမ်တကြီးဖြင့် တိုက်ပွဲကို အသည်းတယားယား စောင့်ကြည့်နေကြသော်လည်း ဝင်ရောက်ကူညီရန် အင်အားမရှိကြချေ။
ထိုစဉ် လုံယီသည် သူ၏ပုဆိန်ကို ချလိုက်ပြီး လက်သီးတစ်ပြင်တည်းဖြင့် လေးကိုင်းပုံစံ စိမ်းပြာရောင်အလင်းတန်းကို အားကုန်လွှဲ၍ ထိုးနှက်လိုက်သည်ကို တွေ့လိုက်ရသည် လူတိုင်း၏ မျက်လုံးအိမ်များမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားကြတော့သည်။
နောက်တစ်ခဏတွင်...
ဂလန်း
အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်းရှိသော စိမ်းပြာရောင်အလင်းတန်းကြီးမှာ လုံယီ၏ လက်
ဗလာလက်သီးဖြင့် အတင်းအကျပ် အစိတ်စိတ်အမွှာမွှာ ရိုက်ခွဲခြင်း ခံလိုက်ရသည်။ လူတစ်ရပ်ကျော် မြင့်မားသော အလင်းတန်းကြီးမှာ ရေတွက်၍မရနိုင်သော အလင်းအစအနများအဖြစ် အရပ်မျက်နှာအနှံ့ လွင့်စင်သွားတော့သည်။
ဖူး... ဖူး... ဖူး... ဖူး
အနားရှိ သားရဲများနှင့် မိစ္ဆာများသည် ထိုလွင့်စင်လာသော အလင်းအစအနများ၏ အလွယ်တကူ ထိုးဖောက်ခြင်းကို ခံလိုက်ရသဖြင့် ခန္ဓာကိုယ်များတွင် အပေါက်ဗလာများ ဖြစ်သွားကာ သွေးများ ပန်းထွက်လျက် တစ်အုပ်လုံး ပြိုလဲကျသွားကြတော့သည်။
“ငါ့နှယ်... အမလေးဗျာ”
ဤမြင်ကွင်းကို ကြည့်နေသော ပရိသတ်များမှာ ဦးနှောက်များပင် ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရပြီး သူတို့၏ ကမ္ဘာကြီးမှာ တစ်ခါမှမကြုံဖူးသော တုန်လှုပ်မှုနှင့် ရင်ဆိုင်လိုက်ရသည်။ အထူးသဖြင့် ကျန်းမြို့မှ သိုင်းဆရာသခင်များ ဖြစ်သည်။
ယခင်က သူတို့သည် ဤသားရဲဘုရင်၏ ရှေ့တွင် လုံးဝ အင်အားမဲ့နေခဲ့ကြပြီး ၎င်းမှုတ်ထုတ်သော အလင်းတန်းများကြောင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ လူတစ်ဦးမှာ ထိုအလင်းတန်းကြောင့် တိုက်ရိုက် သေဆုံးခဲ့ရပြီး ဆရာတော် ရွှမ်ကျီမှာ လက်တစ်ဖက် ဆုံးရှုံးခဲ့ရသည်။ ကျန်းမြို့၏ နံပါတ်တစ် တိုက်ခိုက်ရေးသမား မုန့်ခုန်းဟွာ တစ်ဦးတည်းသာ အနည်းငယ် ခုခံနိုင်သော်လည်း ကြာရှည် မတောင့်ခံနိုင်ခဲ့ပေ။
ယခုမူ လူတိုင်းက မတားဆီးနိုင်သောအရာ ဟု သတ်မှတ်ထားသည့် အလင်းတန်းကြီးကို လူငယ်တစ်ဦးက လက်ဗလာဖြင့် ရိုက်ခွဲပစ်လိုက်ခြင်းပင်။