← Chapters

ရုန်းရင်းဆန်ခတ်အချိန်

Vol. 4 Ch. 378

ရုန်းရင်းဆန်ခတ်အချိန်

Vol. 4 Ch. 378

မည်သူမျှ သတိမထား မိခင်မှာပင် လမင်းသည် အနောက်ဘက်ဆီသို့ ဝင်သွားပြီ ဖြစ်လေသည်။

ရော့ရှီသည် လေထဲတွင် ယိမ်းနွဲ့လှုပ်ရှားရင်း ပုံရိပ်မျိုးစုံကို ဖန်ဆင်းကာ ချိုးရှီ၏ မီးခိုးစွမ်း ဓားဝိညာဉ်ကို ခုခံတိုက်ခိုက် နေလေသည်။

သူမ၏ ပုံစံက တည်ငြိမ်နေပြီး ထင်းရှူးကိုင်းကို အသုံးပြုထားသည့် သူမ၏ ဓားဝိညာဉ်သည် ကြည်လင်ပြတ်သား နေလေသည်။

တိုက်ပွဲကို စိတ်ဝင်တစား ကြည့်နေကြသည့် တပည့်များသည် သူမကို မြင်နေရသည်မှာ ဆန်းလျန်ကို မြင်တွေ့နေရသည့် အလား ခံစားနေရလေသည်။

အေးဆေးတည်ငြိမ်မှု…

ကျက်သရေ ရှိမှုတို့မှာ ဆန်းလျန်နှင့် အလွန်မှ ဆင်တူလွန်းလှ လေသည်။

ချိုးရှီသည် ရော့ရှီကို အနိုင် တိုက်ခိုက်နိုင်ခြင်း မရှိသေးသည့်တိုက် စိတ်အနှောင့်အယှက် မဖြစ်ခဲ့ပေ။

လရောင်သည် တိမ်လွှာ ကွင်းပြင်ပေါ်သို့ ဖြာကျနေလေသည်။

ချိုးရှီက သူ၏ အင်္ကျီလက်ထဲမှ အဝါရောင် ဘူးသီးချောက် တစ်ခုကို ထုတ်ယူလိုက် လေသည်။ ထိုဘူးသီးချောက် အစို့ကို ဖွင့်လိုက်သည်နှင့် ဘူးသီးချောက်ထဲမှ အဝါရောင် အလင်းတန်းများ ဖြာထွက်လာကာ ပိုက်ကွန် တစ်ခုအလား ရော့ရှီဆီသို့ ပျံသန်းထွက်ခွာ သွားလေတော့သည်။

ထိုဘူးသီးချောက်မှာ အလွန် တန်ခိုးစွမ်းအား မြင့်မားသည့် မှော်ဝင်ပစ္စည်း တစ်ခုဖြစ်ကြောင်း အားလုံး သိလိုက်ကြ လေသည်။

ဘူးသီးချောက်မှ ထွက်ပေါ်လာသည့် အဝါရောင် အလင်းတန်းများသည် နေနှင့်လ၏ အလင်း အနှစ်သာရများကို စုပ်ယူထားခြင်း ဖြစ်လေသည်။

ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အဝါရောင် အလင်းတန်း ပိုက်ကွန်ကို မြင်တွေ့လိုက် ရသည့်တိုင် ရော့ရှီက ထိတ်လန့် တုန်လှုပ်သွားခြင်း မရှိပါ။

သူမ၏ ကျော်ထက်တွင် လှပလွန်းသည့် လိပ်ပြာတောင်ပံ တစ်ခု ပေါ်ထွက်လာ လေသည်။ သူမ အတောင်ပံတစ်ချက် ခတ်လိုက်သည်နှင့် လောက တစ်ခုလုံးသည် အိပ်မက်ဘုံ တစ်ခုအလား ပြောင်းလဲသွား လေသည်။

တိမ်လွှာကွင်းပြင် ထက်တွင် လှပသည့်ပန်းများ ပွင့်လန်းလာပြီး ပန်းများ၏ သင်းပျံ့သည့် ရနံ့သည် ပွဲကြည့် ပရိတ်သတ်များ အားလုံးကို စိတ်ပျော်ရွှင် လာစေလေသည်။ သူတို့အားလုံးမှာ လိပ်ပြာများအဖြစ် ပြောင်းလဲသွားသကဲ့သို့ ထင်မှတ်လိုက်ကြပြီး ပန်းပင်လယ်ထဲတွင် ပျော်ရွှင်စွာ ပျံသန်းနေသည့် အလား ငြိမ်းချမ်းခြင်းနှင့် ပျော်ရွှင်ခြင်းများကို မယုံကြည်နိုင်စရာ ကောင်းစွာ ခံစားလိုက် ကြရလေသည်။

လိပ်ပြာတစ်ကောင်၏ လွတ်လပ်သော ဘဝသည် ပျင်းရိငြီးငွေ့ဖွယ်ရာ လူသားဘဝနှင့် ဆန့်ကျင်ဘက်ပင် ဖြစ်လေသည်။ သူတို့သည် လိပ်ပြာ တစ်ကောင်အဖြစ် အိပ်မက် မက်နေခြင်းမှ မည်သည့်အခါမှ နိုးထမလာစေရန်ပင် ဆန္ဒပြုမိ ကြလေသည်။

ရော့ရှီသည် သူမ၏ လိပ်ပြာတောင်ပံများကို တဖျပ်ဖျပ် ခတ်ပျံသန်းကာ အဝါရောင် အလင်းတန်း ပိုက်ကွန်ကြားတွင် ပျံသန်းနေလေသည်။ သူမထံမှ နူးညံ့သည့် တောင်ပံ ခတ်သံသည် လူတိုင်း၏နားထဲတွင် သာယာသည့် ဂီတသံတစ်ခု အလား လွင့်မျောနေ လေသည်။

တောင်ပံ တစ်ဖျပ်ဖျပ်ခတ်ရင်း အဝါရောင် အလင်းတန်းများကို ကျော်လွန်ကာ သူမသည် ချိုးရှီရှေ့သို့ ရောက်ရှိလာ လေသည်။

ရုတ်တရက် …

ပန်းပင်လယ်ကြီး ပျောက်ကွယ် သွားလေသည်။

ရေကဲ့သို့ ကြည်လင်သည့် ဓားဝိညာဉ်တစ်ခုက လင်းလက်စွာဖြင့် ထွက်ပေါ် လာလေသည်။ ရော့ရှီသည် သူမ၏လက်ထဲမှ ထင်းရှူးကိုင်းဖြင့် ချိုးရှီ၏ မျက်ခုံး နှစ်ခုကြားသို့ ချိန်ရွယ် ထားလိုက်ပြီ ဖြစ်လေသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ရော့ရှီသည် ပြိုင်ပွဲတွင် အနိုင်ရရှိ သွားခဲ့လေပြီ။

ချိုးရှီက သက်ပြင်း တစ်ချက်ချလိုက်ရင်း…

“ကျုပ် ရှုံးသွားပြီ”

ချိုးရှီသည် တင်းကျပ်စွာ ဆုပ်ထားသည့် သူ၏ လက်သီးဆုတ် များကို ဖြေလျှော့လိုက် လေသည်။

ယခုသူ ရင်ဆိုင်ရသည့် တိုက်ပွဲသည် အမှန်တကယ် သေခြင်းရှင်ခြင်း တိုက်ပွဲတစ်ခုသာ ဖြစ်ခဲ့လျှင် သူ့အနေဖြင့် အသက်ဆုံးရမည် ဖြစ်သည်။

ရော့ရှီ၏ ထင်းရှူး သစ်ကိုင်းသည် ပြာမှုန့်များအဖြစ် ပြောင်းလဲသွားကာ လေထဲသို့ ပျံ့နှံ့ပျောက်ကွယ် သွားလေသည်။ ချိုးရှီက သူ၏ တန်ခိုးစွမ်းအားကို အသုံးပြုကာ ရော့ရှီ၏ ထင်းရှူး သစ်ကိုင်းကို ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်လေသည်။

သို့သော် ချိုးရှီ ထိုသို့ ပြုလုပ်လိုက်သည့် အတွက်လည်း ရော့ရှီက စိတ်အနှောင့်အယှက် ဖြစ်သွားသည့်ပုံ မပေါ်ပါ။

သူမက ချင်းရွှမ် နတ်တံခါးမှ တပည့်များနှင့် ဆရာသခင်များ အားလုံးကို စူးရှသည့် အကြည့်ဖြင့် တစ်ချက် ဝေ့ကြည့် လိုက်လေသည်။ တပည့် အများစုသည် သူတို့၏ ဂိုဏ်းတူညီမလေး ဖြစ်သူ ဆန်းရော့ရှီ၏ အကြည့်ကို ရင်မဆိုင်ရဲဘဲ ခေါင်းများကို ငုံ့ထားလိုက် ကြလေသည်။

သူမ၏ အကြည့်ကို တစ်ချက် ရင်ဆိုင်မိရုံဖြင့် သူမ၏ အိပ်မက်လိပ်ပြာ ကမ္ဘာထဲတွင် ဖမ်းစားခံရမည် ဖြစ်လေသည်။

ထို့ပြင် ချင်းရွှမ်နတ်တံခါးမှ မည်သည့် ဆရာသခင်နှင့်မဆို ဆန်းရော့ရှီသည် ရင်ဆိုင် တိုက်ခိုက်နိုင်သည် ဆိုသည့်အချက်ကို ဆရာသခင်များ ကလည်း နားလည် သဘောပေါက် လိုက်ကြလေသည်။

ပြိုင်ပွဲတွင် ချိုးရှီ ရှုံးနိမ့်သွားသည့် အတွက်လည်း မည်သူကမှ မလှောင်ပြောင် ဝံ့ကြပေ။ ချိုးရှီသည် ရော့ရှီကို ရှုံးနိမ့်သွားသည့်တိုင် ချင်းရွှမ် နတ်တံခါး၏ ဆရာသခင်တစ်ပါး ဖြစ်လာရန် ထိုက်တန်သည် ဆိုသည့်အချက်ကို သက်သေ ပြလိုက်နိုင်ပြီ ဖြစ်လေသည်။

“တာအို အရည်အချင်းစစ် ပြိုင်ပွဲမှာ ဆန်းရော့ရှီက ပထမနေရာကို ရရှိသွားပါတယ်၊ ဒီနေ့ကစပြီး ချိုးရှီနဲ့ ရော့ရှီ နှစ်ယောက်လုံးဟာ ချင်းရွှမ်နတ်တံခါးရဲ့ တပည့် အစစ်အမှန်တွေ အဖြစ် သတ်မှတ်ခံရပြီး ထိုက်ဝေ့ထိုင် ခန်းမဆောင် ဒုတိယထပ်က ပညာရပ်တွေ အားလုံးကို လေ့လာလို့ရပါပြီ”

ဆန်းလျန်၏ စကားသံက လေထဲတွင် ပျံ့လွင့်လာလေသည်။

ထို့ပြင် ဆန်းလျန်၏ ကြေညာချက်မှာ အားလုံးက မျှော်လင့်ထားပြီးသား ဖြစ်သည့်အတွက် မည်သူကမှ မအံ့သြကြပေ။

သို့သော် ဂိုဏ်းချုပ် ပြောလိုက်သည့် နောက်ထပ်စကား တစ်ခွန်းကြောင့် အားလုံးမှာ အံ့သြသွား ကြရလေသည်။

“ချိုးရှီ၊ ရှင်သန်စေခြင်း ကျောင်းတော်မှာ ဆရာသခင် တစ်ပါးအဖြစ် သွားရောက် တာဝန်ထမ်းဆောင် ပေးနိုင်မလား”

ဆန်းလျန်၏ စကားကြောင့် ချိုးရှီကိုယ်တိုင်ပင် သူ့နားကိုသူ မယုံနိုင် ဖြစ်သွားရလေသည်။

သို့သော် သူက ချက်ချင်းပင် ပြန်ပြောလိုက်သည်။

“ဂိုဏ်းချုပ်ရဲ့ အမိန့်ကို နာခံပါ့မယ်”

ဆန်းလျန်က ရယ်မောလိုက် လေသည်။

နောက်ဆုံးတော့ တာအို အရည်အချင်းစစ် ပြိုင်ပွဲသည် ပြီးဆုံးသွားခဲ့ပြီ ဖြစ်လေသည်။

ချင်းရွှမ် နတ်တံခါးမှ တပည့်များသည် နောက်လာမည့် အနာဂတ် နေ့ရက်များသည် ရိုးရှင်းသည့် ပုံမှန်နေ့ရက်များပင် ဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့ကြ လေသည်။

မုန်တိုင်း ထန်ခြင်းသည် အစပြုပြီ ဖြစ်ကြောင်း မည်သူမျှ မခန့်မှန်း နိုင်မိကြပေ။

ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ တောက်ချင်နတ်ဘုရား သေဆုံးသွားပြီ ဆိုသည့် သတင်းသည် ယွမ်ကျိုးနယ် တစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။ လောကနတ်ဘုရား တစ်ပါး သေဆုံးသည့် သတင်းသည် နှစ်ပေါင်း ထောင်နှင့်ချီမှ တစ်ခါ ကြားရခဲသည့် သတင်း ဖြစ်လေသည်။

လူအများ ကြားတွင်လည်း ကောလာဟလ သတင်းများ ပေါ်ထွက်လာပြီး တောက်ချင် နတ်ဘုရားကို သတ်ခဲ့သူမှာ ချင်းရွှမ်နတ်တံခါးမှ ဆန်းကျန်းရန် ဖြစ်သည်ဆိုသည့် သတင်းမှာလည်း ပေါ်ထွက်လာ ခဲ့လေသည်။ တောက်ချင် နတ်ဘုရားသည် ကျင့်စဉ်လမ်းကို အကြာရှည်ဆုံး လျှောက်လှမ်းခဲ့သည့် နတ်ဘုရားတစ်ပါး ဖြစ်သည့်အတွက် ထိုသတင်းကို ကြားရသူများက ယုံရခက်ခက် ဖြစ်နေကြလေသည်။

သို့သော် …

နောက်ထပ် သတင်းတစ်ခုက ထွက်ပေါ်လာ ပြန်လေသည်။

ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ လင်ကွမ်း နတ်သမီးသည် ချင်းရွှမ်နတ်တံခါးမှ ကျိလင်နတ်သမီး၏ အစေခံဖြစ်သွားပြီ ဆိုသည့် သတင်းပင် ဖြစ်လေသည်။

ထိုသတင်းကြောင့် ကျင့်ကြံသူလောက တစ်ခုလုံးမှာ အုန်းအုန်းကျွတ်ကျွတ် ဖြစ်သွားရ လေသည်။

အချို့ကျင့်ကြံသူ များကတော့ ထိုသတင်းမှာ အမှန်ဖြစ်သည် ဆိုသည့်အချက်ကို ချင်းရွှမ် နတ်တံခါးက အတည်ပြုသည်ကို စောင့်နေကြ လေသည်။ အမှန်တရား ဆိုသည်က ဖုံးကွယ်ထား နိုင်ရိုးထုံးစံ မရှိပေ။

ထိုသတင်းများကြောင့် ကွမ်းချင်း နတ်ဘုရားဂိုဏ်းသည် အမျက်ဒေါသ ချောင်းချောင်း ထွက်လျက် ရှိလေတော့သည်။

သို့သော် သူတို့က ချင်းရွှမ် နတ်တံခါးကို ပေါ်တင်စိန်ခေါ် တိုက်ခိုက် ရဲခြင်းတော့ မရှိကြပေ။

သူတို့က ချင်းရွှမ် နတ်တံခါးကို ဒုက္ခမပေး နိုင်သည့်တိုင် ချင်းရွှမ် နတ်တံခါး၏ အနွယ်တော် ဂိုဏ်းခွဲများ ဖြစ်သည့် သေစေခြင်း ကျောင်းတော်နှင့် ရှင်သန်စေခြင်း ကျောင်းတော်ကို သုတ်သင်ပစ်ရန် ကြံစည်ကြ လေသည်။

ကွမ်းချင်း နတ်ဘုရားဂိုဏ်းနှင့် ချင်းရွှမ်နတ်တံခါး အကြားတွင် ရန်ပွဲပဋိပက္ခများ ဖြစ်ပွားခဲ့ ပြီးနောက် လအတန်ကြာသည့် အချိန်တွင် သေစေခြင်း ကျောင်းတော်ရှိရာ တောင်ပေါ်တွင် အလောင်းများ ထပ်လျက် ရှိလေသည်။

ထိုအလောင်းများမှာ ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ တပည့်များနှင့် သူတို့၏ မဟာမိတ်များ၏ အလောင်းများပင် ဖြစ်လသည်။

သေစေခြင်း ကျောင်းတော်ကို စောင့်ရှောက်နေသူမှာ ချန်ကျန့်မေ၏ တပည့်ရင်း ဖြစ်သည့် ဖန်းယန်ယင်းပင် ဖြစ်လေသည်။ သို့သော် သူမကို မည်သူကမှ တန်ခိုးစွမ်းအားက မြင့်မားသည်ဟု ထင်မှတ် မထားကြပေ။

ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ တပည့်များနှင့် တိုက်ပွဲ စတင်သည့်အခါ ဖန်းယန်ယင်းသည် အစပိုင်းတွင် ခံစစ်ဖြစ်သာ ခုခံကာကွယ် နေခဲ့လေသည်။

သို့သော် …

တစ်လခန့် ကြာသည့် အခါတွင်တော့ သူမသည် တန်ပြန်တိုက်စစ်ဖြင့် ပြန်လည် ထိုးနှက်ခဲ့လေသည်။

ထိုအခါ သူမ၏ သဏ္ဌာန်မဲ့ ဓားသိုင်းပညာသည် မယုံနိုင် လောက်အောင် တန်ခိုးစွမ်းအား မြင့်မားနေသည်ကို အားလုံးက ထိတ်လန့်ဖွယ်ရာ တွေ့မြင်ခဲ့ကြရ လေသည်။

သူမသည် သဏ္ဌာန်မဲ့ ဓားသိုင်းပညာ ဒဿမအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်ပြီး ဆရာဖြစ်သူ ချန်ကျန့်မေ အလား ဓားစွမ်းထက်မြက် လွန်းလှလေသည်။ သူမသည် ချင်းရွှမ်နတ်တံခါးမှ အကူအညီကို ရယူခဲ့ခြင်းပင် မရှိဘဲ သေစေခြင်း ကျောင်းတော်ကို  ကာကွယ်ထား ခဲ့နိုင်လေသည်။

ချန်ကျန့်မေ၏ ဓားစွမ်းကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ ဖူးကြသည့် ကျင့်ကြံသူများနှင့် နတ်မိစ္ဆာများက ဖန်းယန်ယင်းသည် ဒုတိယ ချန်ကျန့်မေဟုပင် မှတ်ချက်ပြု ခဲ့ကြလေသည်။

သေစေခြင်း ကျောင်းတော် ကဲ့သို့ပင် ရှင်သန်စေခြင်း ကျောင်းတော်မှာလည်း တိုက်ပွဲများကို ရင်ဆိုင်ခဲ့ရ လေသည်။ ကွမ်းချင်း နတ်ဘုရားဂိုဏ်း၏ အဓိက တပ်ဖွဲ့များသည် ရှင်သန်စေခြင်း ကျောင်းတော်ကို အင်အား အလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက် ခဲ့ကြလေသည်။

ရှင်သန်စေခြင်း ကျောင်းတော်၏ ဆရာသခင်မှာ ကူးချိုင်ဝေ့ မဟုတ်တော့ပေ။

ချင်းရွှမ် နတ်တံခါးမှ “ချိုးရှီ” ဟု ခေါ်သည့် ငယ်ရွယ်သည့် ဆရာသခင်တစ်ပါး ဖြစ်နေလေသည်။

ချိုးရှီကို မည်သူမျှ အထင်မကြီး ကြပေ။

သို့သော် ချိုးရှီသည် ချင်းရွှမ် နတ်တံခါး၏ အမည်နှင့် သူ၏ အစွမ်းအစကို ပေါင်းစပ်ကာ အရှေ့ပင်လယ် ဒေသရှိ ကျင့်ကြံသူများကို စုစည်းခဲ့လေသည်။ ထို့ပြင် ကွမ်းချင်း နတ်ဘုရားဂိုဏ်းကို မကျေနပ်ကြသည့် သူများနှင့် မဟာမိတ်ဖွဲ့ကာ ကွမ်းချင်း နတ်ဘုရားဂိုဏ်းကို ပြန်လည် ခုခံတိုက်ခိုက် ခဲ့လေသည်။

တိုက်ပွဲများ၏ ရလာဒ်ကြောင့် မရေမတွက် နိုင်သည့် ကျင့်ကြံသူများ သေဆုံးခဲ့ကြရပြီး နှစ်ဦးနှစ်ဖက် ရန်လိုမုန်းတီးမှုများ တိုးပွားလာခဲ့ရ လေသည်။ အရှေ့ပင်လယ် ဒေသမှ ကျင့်ကြံသူများသည် ကွမ်းချင်း နတ်ဘုရားဂိုဏ်း၏ တိုက်ခိုက်မှုကို ရင်ဆိုင်နိုင်ရန် အတွက် ရှင်သန်စေခြင်း ကျောင်းတော်သို့ ခိုလှုံခဲ့ကြ လေသည်။

အချို့မှာလည်း ရွှမ်ထုံနတ်မိစ္ဆာ ဘုရင်၏ နတ်ဘုရား ဈေးပွဲတော် ရှိရာနေရာသို့ ထွက်ပြေး တိမ်းရှောင်သွား ကြလေသည်။

ကျင့်ကြံသူလောက တစ်ခုလုံးသည် လှုပ်ခတ်သွားပြီး ငြိမ်းချမ်းရေးမှာ ပျက်ပြားသွားရ လေသည်။

လက်ရှိနှစ်များ အတွင်းတွင် ကျင့်ကြံသူ လောကတွင် ကွမ်းချင်း နတ်ဘုရားဂိုဏ်း၏ လွှမ်းမိုးမှုသည် ချင်းရွှမ် နတ်တံခါးထက် ကြီးမားခဲ့လေသည်။ သို့သော် ကွမ်းချင်း နတ်ဘုရားဂိုဏ်း၏ ဖော့ဝမ့် အဆင့်ကျင့်ကြံသူ ဆယ့်နှစ်ပါး ပျောက်ဆုံးသွား ပြီးသည့်နောက်ပိုင်း ကွမ်းချင်း နတ်ဘုရားဂိုဏ်း၏ သြဇာအာဏာမှာ တဖြည်းဖြည်း လျော့နည်းသွား ခဲ့လေသည်။

ထို့ကြောင့် ချိုးရှီသည် ကွမ်းချင်း နတ်ဘုရားဂိုဏ်းကို ဆန့်ကျင်ကြ သူများနှင့် မဟာမိတ်ဖွဲ့ကာ ကွမ်းချင်း နတ်ဘုရားဂိုဏ်းကို ပြန်လည် တိုက်ခိုက်သည့် အခါတွင်တော့ ကွမ်းချင်း နတ်ဘုရားဂိုဏ်း အနေဖြင့် ရှင်သန်စေခြင်း ကျောင်းတော်ကို ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပေ။

ဂိုဏ်းနှစ်ဂိုဏ်း၏ တိုက်ပွဲများက နေရာအနှံ့တွင် ပြင်းထန်စွာ ဖြစ်ပေါ်နေ ကြသည့်တိုင် မည်သည့်လောက နတ်ဘုရားကမှ ပါဝင် ပတ်သက်ကြခြင်း မရှိပေ။ သူတို့သည် ကျင့်ကြံသူလောက မုန်တိုင်း ထန်နေသည်ကို တိတ်တဆိတ် ကြည့်ရှုနေကြ သည်ဟုပင် ထင်မှတ်ရလေသည်။

လောကနတ်ဘုရား များ၏ စိတ်ထဲတွင် မည်သည့် အကြံအစည်များ ရှိနေပါသနည်း။

စိုယန်တောင်၊ ရွှမ်သိုးဂူ…

ထိုနေရာသည် လျှို့ဝှက် ဆန်းကြယ်မှုများဖြင့် ပြည့်နေသည့် “ထိုက်စန့် နတ်ဘုရားဂိုဏ်း” တည်ရှိရာ နေရာဖြစ်လေသည်။

ထိုနေရာသို့…

ဖိတ်ခေါ် မထားသည့် ဧည့်သည် တစ်ယောက်သည် ရောက်ရှိလာခဲ့ လေတော့သည်။

***

All Chapters