← Chapters

စူးလီ

Vol. 4 Ch. 379

စူးလီ

Vol. 4 Ch. 379

စိုယန်တောင်သို့ ရောက်ရှိလာသူမှာ အခြားသူမဟုတ် ယွိမင်နတ်ဘုရားပင် ဖြစ်လေသည်။

စိုယန်တောင်သည် ရှာဖွေရ ခက်ခဲသည့် နေရာတစ်ခု ဖြစ်လေသည်။ မည်သည့်  နေရာတွင် တည်ရှိသည်ကို သိရှိလျှင်တောင်မှ တောင်ပေါ်သို့ တက်ရောက်ရန်မှာ မလွယ်ကူပေ။

ယွိမင် နတ်ဘုရားသည်ပင်လျှင် တစ်နေကုန် ရှာဖွေပြီးမှသာ စိုယန်တောင်သို့ ဝင်နိုင်မည့် ဝင်ပေါက်ကို တွေ့ရှိခဲ့ရလေသည်။

ယွိမင်နတ်ဘုရားသည် သာမန် အဝတ်အစားများကိုပင် ဝတ်ဆင် ထားလေသည်။ ဂိုဏ်းချုပ် တစ်ယောက်၏ အဆောင်အယောင်များကို ဝတ်ဆင်ထားခြင်း မရှိဘဲ သာမန် အနက်ရောင် ဝတ်စုံကိုသာ ဝတ်ဆင် ထားလေသည်။

စိုယန်တောင်ပေါ်သို့ စတင် ဝင်ရောက် လိုက်သည်နှင့် ပျံသန်းနေသည့် ရေတံခွန်ကြီး သုံးခုက သူ့ကို ဆီးကြိုနေလေသည်။

ရေတံခွန်ကြီးများမှာ အလွန်မှ ထူးဆန်းပြီး သဘာဝတရားကို ဆန့်ကျင်နေကြသည့် ရေတံခွန်ကြီးများ ဖြစ်လေသည်။

အဘယ်ကြောင့်ဆိုသော် ရေတံခွန်ကြီးများမှာ မြေပြင်မှ ကောင်းကင်ထက်သို့ ပြောင်းပြန် စီးဆင်း နေသောကြောင့် ဖြစ်လေသည်။ ရေတံခွန်များမှ ပြောင်းပြန် စီးဆင်းနေသည့် ရေများသည် တိမ်များကြားသို့ တိုးဝင်သွားကာ မည်သည့်နေရာသို့ ရောက်ရှိ ပျောက်ကွယ် သွားသည်ကို မသိရှိနိုင်ပေ။

သို့သော် ထိုရေတံခွန်ကြီးများက စိုယန် တောင်တစ်ခုလုံးကို အသက်ဓာတ် စွမ်းအားများ ဖြည့်တင်း ပေးနေခြင်း ဖြစ်ပြီး တောင်ပေါ်တစ်ခွင်တွင် ထူးဆန်းသည့် ပန်းပွင့်များနှင့် အသီးအနှံများ ဝေဆာ နေကြလေသည်။ ပတ်ဝန်းကျင်တွင် ဝိညာဉ် စွမ်းအား သတ္တဝါများ ပျော်မြူးစွာ ဆော့ကစား နေကြပြီး တိရိစ္ဆန်များမှာလည်း အေးဆေးစွာ လှည့်လည် သွားလာနေကြလေသည်။

ယွိမင်နတ်ဘုရားသည် တောင်တက် လမ်းလေးအတိုင်း လမ်းလျှောက် လာလေသည်။

လောက နတ်ဘုရားများ နေထိုင်ခြင်း မရှိကြတော့ဘဲ ချန်ထားခဲ့ကြသည့် တာအို ကျောင်းဆောင်လေးများကို သူက ဖြတ်သန်း လမ်းလျှောက် လာလေသည်။ တာအို ကျောင်းဆောင်လေးများ၏ ပတ်ဝန်းကျင်တွင် ခရမ်းရောင် မြူခိုးများက လေထဲတွင် ပျံ့လွင့် နေလေသည်။

တာအို ကျောင်းဆောင်များ အဆုံးတွင် ခန်းမဆောင် တစ်ခုရှိနေပြီး ခန်းမဆောင် အဝင်တံခါးဝတွင် နှစ်ကြောင်း ကဗျာလေး တစ်ပုဒ်ကို ရေးထွင်း ထားလေသည်။

"လောက သံယောဇဉ် တွယ်တာမှုများကို လေ့လာခဲ့သူ ဆိုသည်မှာ ထိုက်စန့်ဝမ်းချင် သူတော်စင်ပင် ဖြစ်ပေတော့သည်"

ထိုကဗျာလေးမှ တစ်ဆင့် တာအိုလမ်းစဉ်၏ ဦးတည်ရာ အာရုံစူးစိုက်မှုကို ရှာဖွေ တွေ့ရှိနိုင်လေသည်။

ခန်းမဆောင် တံခါး အပြင်ဘက်တွင် လူငယ်လေး တစ်ယောက် စောင့်နေလေသည်။ သူ၏ ပုံစံက အလွန်မှ မောက်မာပုံရပြီး ယွိမင်နတ်ဘုရား ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်နှင့် ကျယ်လောင်စွာ မေးလိုက်လေသည်။

"မင်းက ယွိမင်ဆိုတဲ့သူလား"

ယွိမင်နတ်ဘုရားမှာ ရိုင်းစိုင်းသည့် အမေးစကားကြောင့် ဒေါသ ထွက်သွားရလေသည်။

ထိုလူငယ်လေး၏ ဆရာဖြစ်သူပင်လျှင် သူနှင့် အဆင့်အတန်း တူသည်ဖြစ်ရကား ထိုသို့ မလောက်လေး မလောက်စား ကောင်လေး တစ်ယောက်မှ ထိုသို့မေးမြန်ခြင်းကို ခံရသည့်အတွက် စိတ်ထဲတွင် အလွန်မှ မခံချင် ဖြစ်မိသွားလေသည်။ သို့သော် သူက ထိုက်စန့် နတ်ဘုရားဂိုဏ်းသို့ လာရောက်ခဲ့သည်မှာ အကူအညီ တောင်းရန် ရောက်ရှိလာခြင်း ဖြစ်သည့်အတွက် ဒေါသကို မျိုသိပ် လိုက်ရလေသည်။

သူက အေးဆေး တည်ငြိမ်သည့် အမူအရာဖြင့်ပင် လူငယ်လေးကို ဂါရဝ ပြုလိုက်လေသည်။

"ဟုတ်ပါတယ်၊ ကျုပ်က ယွိမင်ပါ၊ သင်တို့ရဲ့ တာအိုဆရာသခင်နဲ့ တွေ့ရဖို့ ဒီကို ရောက်လာတာပါ"

ကမ္ဘာပေါ်တွင် လောက နတ်ဘုရားဆို၍ လက်ချိုး ရေတွက်၍ပင် ရလေရာ ယွိမင် နတ်ဘုရားဆိုသည်မှာ ထိုနတ်ဘုရား အနည်းငယ်ထဲတွင် တစ်ပါး အပါအဝင် ဖြစ်လေသည်။ ထို့ကြောင့် ယွိမင်နတ်ဘုရားက အရိုအသေ ပေးခြင်းခံရသည် ဆိုသည့် ကိစ္စမှာ အန္တရာယ် ကြီးမား လွန်းလှလေသည်။

ယွိမင်နတ်ဘုရား၏ နှုတ်ခွန်းဆက် စကားကို ကြားပြီးသည်နှင့် လူငယ်လေးသည် ဖိအားတစ်ခုကို ခံစား လိုက်ရလေသည်။ သူက ထိုဖိအားဒဏ်ကို မခံနိုင်ဘဲ ခန်းမဆောင်၏ ကျောက်တုံးနံရံကို လက်ဖြင့် တင်းတင်း စုပ်ကိုင် ထားလိုက်မိလေသည်။ ဖိအား၏ ဒဏ်ကြောင့် သူ့ကိုယ်သူ အမှုန့် ဖြစ်သွားတော့ မတတ်ပင် ခံစားလိုက်ရလေသည်။

လူငယ်လေးသည် ခြေတစ်လှမ်းပင် မလှုပ်နိုင်တော့ပေ။

ထိုအချိန်မှာပင်…

ခန်းမဆောင် အတွင်းမှ အသံတစ်သံ ထွက်ပေါ်လာလေသည်။

"ကောင်လေး၊ မင်းက ယွိမင်နတ်ဘုရားကို မလေးမစား လုပ်ရဲသလား၊ ချက်ချင်း ဂါရဝ ပြုလိုက်စမ်း"

ထွက်ပေါ်လာသည့် အသံသည် နွေဦး လေပြည်အလားပင် ညင်ညင်သာသာ ရှိလှလေသည်။

လောကီဆန္ဒများမှ ကင်းလွတ်နေပြီး စွဲဆောင်မှု မြင့်မားလှသည့် အသံမျိုး ဖြစ်လေသည်။

လူငယ်လေးသည် သူ့ကို ဖိနှိပ်ထားသည့် ဖိအားများ လျော့သွားသလို ခံစားလိုက်ရပြီး မည်သို့မှ မတတ်နိုင်တော့ဘဲ ယွိမင် နတ်ဘုရားကို ဒူးထောက် ဂါရဝ ပြုလိုက်ရလေသည်။

လူငယ်လေးမှာ သူ၏ နေရာကို သိသွားပြီ ဖြစ်သည့်အတွက် ယွိမင်နတ်ဘုရားက မည်သည့် စကားမျှ မပြောဆိုတော့ပေ။

တစ်ချိန်တည်းမှာပင် သူရောက်ရှိ လာသည်ကို မှန်ကန်အောင် ပြောဆိုနိုင်သည့် ထိုက်စန့် နတ်ဘုရားဂိုဏ်းမှ တာအို ဆရာသခင်၏ တန်ခိုး စွမ်းအားကို လေးစားသွားမိလေသည်။

လူငယ်လေးက သူ့ကို လမ်းပြ ခေါ်ဆောင်သွားပြီး ခန်းမဆောင် အတွင်းဘက်သို့ သူတို့ ဝင်ခဲ့ကြလေသည်။

ခန်းမဆောင် အတွင်းတွင် လူငယ်တစ်ယောက် ထိုင်နေလေသည်။

ထိုလူငယ်က ယွိမင် နတ်ဘုရား ရောက်ရှိလာသည်ကို မြင်တွေ့လိုက်သည်နှင့် ဦးညွတ် အရိုအသေ ပြုလိုက်ရင်း…

"ကျုပ်ရဲ့ဒေသက တောဆန်ပါတယ်၊ လောကနဲ့လည်း အဆက်အသွယ် သိပ်မရှိတော့ ဒီကလေးက ရိုင်းပျမိတာကို ခွင့်လွှတ်ပေးပါ"

လူငယ်သည် ဦးခေါင်းထက်တွင် စာပေသမားကဲ့သို့ ဦးထုပ်တစ်ခုကို ဆောင်းထားပြီး မီးခိုးရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ လူ့လောကတွင်သာ ဆိုလျှင် သူ၏ ဝတ်စားဆင်ယင်ပုံမှာ ဘုရင့် စာပေ စာမေးပွဲ ကျထားသည့် ဆင်းရဲသား စာပေသမား တစ်ယောက်ဟု ထင်ရမည် ဖြစ်လေသည်။ ထို့ပြင် ထိုလူငယ်၏ မျက်နှာ သွင်ပြင်ကလည်း ခပ်ရိုးရိုးပင် ဖြစ်ပြီး သူ၏ မျက်နှာထက်တွင် မည်သည့် ခံစားချက်ကိုမှ မတွေ့မြင်ရပေ။

သို့သော် ယွိမင် နတ်ဘုရားကို ဦးညွတ် ဂါရဝ ပြုလိုက်သည့် သူ၏ဟန်ပန်သည် အလွန်မှ ကျက်သရေနှင့် ပြည့်စုံပြီး ခမ်းနား လွန်းလှလေသည်။ ပင်လယ်လေးခုမှ နဂါးဘုရင်များ၏ ခမ်းနားမှုပင်လျှင် သူ၏ ခမ်းနားမှုနှင့် ယှဉ်၍မရနိုင်ပေ။

ယွိမင်နတ်ဘုရားသည် လူငယ်ကို ကြည့်ရင်း ဆန်းလျန်ကို သတိရလိုက် မိလေသည်။ ဆန်းလျန်နှင့် ထိုက်စန့်တာအို ဆရာသခင်တို့တွင် တူညီသည့် စရိုက် လက္ခဏာများကို တွေ့မြင် ရသောကြောင့် ဖြစ်လေသည်။

"တာအိုဆရာသခင်၊ သင်က သိပ်ကို ယဉ်ကျေးပါပေတယ်၊ ထိုက်စန့် နတ်ဘုရားဂိုဏ်းဟာ အဓိက နတ်ဘုရား ကျောင်းတော်ကြီးနေရာနဲ့ တကယ့်ကို ထိုက်တန်လွန်းပါတယ်"

ယွိမင်နတ်ဘုရားက ပြောလိုက်လေသည်။

လူငယ်က ပြုံးလိုက်ရင်း…

"မိတ်ဆွေရေ၊ တာအို ဆရာသခင်လို့တော့ ကျုပ်ကို မခေါ်စမ်းပါနဲ့ဗျာ၊ ကျုပ်နာမည် စူးလီလို့ ခေါ်ပါတယ်၊ ဒါပေမဲ့ ကျင့်ကြံသူ လောကမှာတော့ ကျုပ်ကို ဝူချန်ကျီလို့ လူသိများကြတယ်၊ လွန်ခဲ့တဲ့ နှစ်တွေက ကျုပ်ဆရာ မရှိတော့တဲ့နောက် ကျုပ်က ထိုက်စန့် နတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းချုပ်နေရာကို ဆက်ခံခဲ့တယ်၊ ကျုပ်စွမ်းဆောင် နိုင်တာတော့ သိပ်မရှိပါဘူး၊ ဒါကြောင့် ဂိုဏ်းချုပ် ဖြစ်လာပြီးတဲ့ နောက်ပိုင်း သတိဝိရိယနဲ့ နေခဲ့ရပါတယ်"

ယွိမင်နတ်ဘုရားက သက်ပြင်းချလိုက်ရင်း…

"ခင်ဗျားရဲ့ ဂိုဏ်းအကြောင်းကို ကျုပ်သိပ်ပြီး မသိပါဘူး၊ ဒါပေမဲ့ ခင်ဗျားက ယဉ်ကျေး ရည်မွန်တာကို တွေ့ရပြီးတဲ့ နောက်တော့ ခင်ဗျားရဲ့ ဆရာသခင်တွေကလည်း ကျင့်ကြံသူလောကရဲ့ စံပြ ပုဂ္ဂိုလ်တွေပဲ ဖြစ်ရမယ်၊ အဲဒီ ဆရာသခင်တွေနဲ့ ဆုံတွေ့ခွင့် မရတော့တာ စိတ်မကောင်း ဖြစ်မိပါရဲ့၊ ကျုပ်က ခင်ဗျားအတွက် ယင်နဲ့ယန် လက်ဖွဲ့ရတနာကို ယူဆောင် လာပါတယ်၊ ကျုပ်ရဲ့ နှိမ့်ချတဲ့ လက်ဆောင်အဖြစ် လက်ခံပေးပါ၊ ပြီးတော့ ဒီလက်ဆောင်တွေက ခင်ဗျားရဲ့ လွန်ခဲ့တဲ့ ဆရာသခင်တွေကိုလည်း ဂါရဝပြု ပစ္စည်းအဖြစ် သတ်မှတ်ပေးပါ"

ယွိမင် နတ်ဘုရားက ကျောက်စိမ်း လက်ဖွဲ့ရတနာကို ထုတ်ယူ လိုက်လေသည်။ ကျောက်စိမ်း လက်ဖွဲ့ရတနာမှာ အနက်ရောင်နှင့် အဖြူရောင် ရောစပ်နေပြီး ရေကဲ့သို့ ကြည်လင် နေလေသည်။ အထဲတွင် တာအို တန်ခိုးစွမ်းအားများ ပါဝင်နေပြီး သာမန် ပစ္စည်းတစ်ခု မဟုတ်သည်မှာ ထင်ရှား လွန်းလှသည်။

စူးလီက အဖိုးတန် ကျောက်စိမ်း လက်ဖွဲ့ရတနာကို တစ်ချက်ကြည့်လိုက်ရင်း…

"မိတ်ဆွေက ဒီလိုရတနာမျိုးကို မမက်မောဘဲ အခုလို ပေးကမ်းတာကို ကြည့်ရရင် ကွမ်းချင်း နတ်ဘုရားဂိုဏ်း အောင်မြင်မှု ရရှိတာကို မအံ့သြတော့ပါဘူး၊ ဒါပေမဲ့ ကျုပ်က ဒီလက်ဆောင်ကို ငြင်းပင်ပါရစေ၊ ဒါနဲ့ ခင်ဗျား ဒီလောက်ဝေးတဲ့ နေရာကို ရောက်လာတာ အခက်အခဲ တစ်ခုခုရှိလို့ ရောက်လာတာ ဖြစ်ရမယ်၊ ဘာအခက်အခဲတွေနဲ့များ ကြုံရသလဲ ပြောကြည့်ပါလား၊ ကျုပ်က သိပ်ပြီး တတ်စွမ်းနိုင်တဲ့သူ မဟုတ်ပေမယ့် ကူညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်"

ယွိမင်နတ်ဘုရားက ကျောက်စိမ်း လက်ဖွဲ့ရတနာကို ကျောက်သား စားပွဲပေါ်တွင် တင်ထားလိုက်ပြီး ထိုင်ခုံ တစ်ခုတွင် ဝင်ထိုင် လိုက်လေသည်။

ထို့နောက် သူက သက်ပြင်း တစ်ချက် ချလိုက်လေသည်။ သူက လာရင်းကိစ္စကို ပြောပြရန် ခက်ခဲ နေပုံရလေသည်။

"ဘယ်လို အခက်အခဲတွေများ ရှိနေလို့လဲ မိတ်ဆွေရဲ့၊ ကျုပ်က အများကြီး မကူညီနိုင်ရင်တောင်မှ အကြံဉာဏ် လောက်တော့ ပေးနိုင်ပါတယ်၊ ဒါမှ ခင်ဗျားရင်ထဲမှာ တစ်ယောက်တည်း ကြိတ်ခံ နေရတာလည်း သက်သာ သွားမှာပေါ့ဗျ"

စူးလီက ပြောလိုက်လေသည်။

"ကျုပ်ရဲ့ ဂိုဏ်းတူ ညီမလေး ဖြစ်တဲ့ လင်ကွမ်းနတ်သမီးကို ချင်းရွှမ် နတ်တံခါးက ဆန်းကျန်းရန် နတ်ဘုရားက ချင်းရွှမ် နတ်တံခါးကို လာရောက် လည်ပတ်ဖို့ ဖိတ်ကြားခဲ့ပါတယ်၊ ဒါကြောင့် ညီမလေးက ချင်းရွှမ်ကို သွားခဲ့တယ်လေ၊ ဒါပေမဲ့ ဆန်းကျန်းရန် နတ်ဘုရားက သိပ်ကို ငယ်ရွယ်ပြီး မောက်မာလွန်းတယ်၊ သူက ညီမလေးကို ဖမ်းဆီးပြီး ကျိလင်နတ်သမီးရဲ့ အစေခံ လုပ်ခိုင်းခဲ့တယ်၊ ကျုပ်ရဲ့ ဂိုဏ်းတူ ညီမလေးကလည်း နတ်ဘုရား တစ်ပါးပါပဲ၊ အခုတော့ ဆန်းကျန်းရန် နတ်ဘုရားက သိက္ခာချပြီး စော်ကားတာကို ခံနေရတယ်၊ ပြီးတော့ ဒီကိစ္စကြောင့် ကျုပ်တို့ ကွမ်းချင်း နတ်ဘုရားဂိုဏ်းလည်း သိက္ခာကျရတယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျုပ်ဘာလုပ် သင့်တယ်လို့ ခင်ဗျားထင်လဲ"

ယွိမင်နတ်ဘုရားက ပြောလိုက်လေသည်။

"ကျုပ်ကြားတာတော့ ဆန်းကျန်းရန် နတ်ဘုရားဟာ နွေဦးလေပြည်လေးလို နူးညံ့ သိမ်မွေ့တယ်တဲ့၊ သူက ဒီလို အပြုအမူမျိုး ဘယ်လိုလုပ် လုပ်နိုင်မှာလဲ"

စူးလီက ပြန်ပြောလိုက်သည်။

ထိုက်စန့် နတ်ဘုရားဂိုဏ်းမှ ဝူချင်ကျီမှာ ဆန်းလျန်၏ လက်ချက်ဖြင့် အသက်ဆုံးခဲ့ရသည့် တိုင်အောင် စူးလီသည် ထိုကိစ္စနှင့်ပတ်သက်ပြီး မည်သည့်စကားမှ မဆိုသည့် အတွက် ယွိမင် နတ်ဘုရားမှာ ထူးဆန်း နေမိလေသည်။

"ဒါနဲ့ ခင်ဗျားတို့ ထိုက်စန့် နတ်ဘုရားဂိုဏ်းက ဆရာသခင် ဝူချင်ကျီက ဆန်းကျန်းရန် နတ်ဘုရားနဲ့ တော်တော် ရင်းနှီးတယ်လို့ ကြားခဲ့ဖူးတယ်၊ သူများ မရှိဘူးလား၊ ရှိရင် ကျုပ်တို့နဲ့ စကားပြောဖို့ ဖိတ်ခေါ်လိုက်ပါလား"

ယွိမင်နတ်ဘုရားက ပရိယာယ်သုံးက ဝူချင်ကျီအကြောင်း စကားစလိုက်လေသည်။

"ကျုပ်ရဲ့ဂိုဏ်းတူအစ်ကို ဝူချင်ကျီက ဆန်းကျန်းရန် နတ်ဘုရားသတ်တာ ခံလိုက်ရပြီပဲ၊ အဲဒီနေ့က ခင်ဗျားလဲ အဲဒီနေရာမှာ ရှိနေတာပဲ မဟုတ်ဘူးလား၊ ဝူချင်ကျီ သေပြီဆိုတာ ခင်ဗျား မျက်စိနဲ့ မမြင်ခဲ့ဘူးလား"

စူးလီက ပြောလိုက်သည်။

"မိတ်ဆွေ၊ ဒီစကားရဲ့ အဓိပ္ပာယ်က ဘာလဲ"

ယွိမင် နတ်ဘုရားက မကျေမနပ်ဖြင့် ပြောလိုက်လေသည်။

"မိတ်ဆွေက ကျုပ်က ကျုပ်ရဲ့ ဂိုဏ်းတူ အစ်ကိုအတွက် လက်စား ချေချင်မယ်လို့ ထင်နေတာလား၊ ကျုပ်က လက်စားချေမှာ မဟုတ်ဘူး"

"ဘာလို့ ဒီလိုဖြစ်ရမှာလဲ၊ အဲဒီနေ့က ဆန်းကျန်းရန် နတ်ဘုရားဟာ ရတနာ ပစ္စည်းတွေကို မြင်ပြီး လောဘ တက်လာတယ်၊ ဒါကြောင့် ဝူချင်ကျီကို သတ်ဖြတ် လိုက်တာပဲ၊ ကျုပ်မျက်လုံးနဲ့ မမြင်ခဲ့ရပေမယ့် ကျုပ်ရောက်တော့ ဝူချင်ကျီရဲ့ အလောင်းကို တွေ့ခဲ့ရတယ်၊ ပြီးတော့ ခင်ဗျားရဲ့ ဂိုဏ်းက နွားရိုင်း မိစ္ဆာကြီးလည်း ဒီကိစ္စတွေ အားလုံးကို သိခဲ့တာပဲ"

ယွိမင်နတ်ဘုရားက ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။

"စိတ်လျှော့ပါ မိတ်ဆွေရ၊ ကျုပ်ရှင်းပြတာကို နားထောင်ပါဦး၊ ဒီနေရာကနေ အနောက်ဘက် မိုင်ပေါင်း တစ်သောင်း အကွာမှာ ခံတပ်တစ်ခုရှိတယ်၊ ကျားဖြူခံတပ်လို့ ခေါ်တယ်၊ အဲဒီခံတပ်ကို အုပ်ချုပ်တဲ့သူက အရိုးဖြူ ဒေဝီလို့ ခေါ်တဲ့ ရှေးဟောင်း နတ်မိစ္ဆာတစ်ပါးပဲ၊ အဲဒီ နတ်မိစ္ဆာဟာ အရမ်းကို တန်ခိုးစွမ်းအား ကြီးမားလွန်းတဲ့ အပြင် နတ်မိစ္ဆာ ကျင့်စဉ် များစွာကိုလည်း ကျင့်ကြံ ထားခဲ့တယ်၊ လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ရာကျော်လောက်က သူမနဲ့ ကျိလင် နတ်သမီး တိုက်ခိုက်ခဲ့ပြီး ကျိလင်နတ်သမီးဟာ သေလောက်အောင် အပြင်းအထန် ဒဏ်ရာ ရခဲ့ဖူးတယ်၊ အခု ကျိလင်နတ်သမီးက လူပြန်ဝင်စားပြီး နတ်ဘုရား တစ်ပါးအဖြစ် ပြန်လည် အဆင့်တက်ရောက် နိုင်ခဲ့တယ်၊ ကျိလင်နတ်သမီးသာ အောင်မြင်သွားရင် သူမကို လက်စား ပြန်ချေတော့ မယ်ဆိုတာ အရိုးဖြူဒေဝီက သိနေတယ်၊ ဒါကြောင့် သူက ကျိလင်နတ်သမီးကို အရင်ဦးအောင် လုပ်ကြံ သတ်ဖြတ်ဖို့ စီစဉ်ခဲ့တာပဲ၊

ကျုပ်ရဲ့ ဂိုဏ်းတူအစ်ကို ဝူချင်ကျီက ကျင့်စဉ်လမ်းမှာ အမှားတစ်ခု လုပ်ခဲ့တယ်၊ သူက အရိုးဖြူဒေဝီနဲ့ ပူးပေါင်းပြီး ကျိလင်နတ်သမီးကို လုပ်ကြံတဲ့နေရာမှာ ကူညီခဲ့တယ်လေ၊ ပြီးတော့ ကျုပ်တို့ တာအိုကျောင်းဆောင်က ဟေးဟွမ် အရံအတား မျှော်စင်ကိုလည်း ခိုးယူသွားခဲ့တယ်၊ ပြီးတော့ ကျုပ်တို့ရဲ့ တည်ထောင်သူ ဆရာသခင်ရဲ့ စီးတော်ယဉ်ဖြစ်တဲ့ နွားရိုင်းကြီးကိုပါ ခိုးယူ သွားခဲ့တယ်၊ အဲဒီနောက်တော့ ဒီကိစ္စတွေ ဖြစ်ပျက်လာတော့တာပဲ၊

ဒီလိုတွေ ဖြစ်လာတော့မယ် ဆိုတာ ကျုပ်သိနေခဲ့ပါတယ်၊ ဒါပေမဲ့ ကျုပ်ရဲ့ဂိုဏ်းတူ အစ်ကို ဝူချင်ကျီဟာ ဒီဘဝမှာ နတ်ဘုရား တစ်ပါး ဖြစ်မလာနိုင်တော့ဘူး ဆိုတာ ကျုပ်သိနေခဲ့တယ်၊ ဒါကြောင့် သူ့ကို မတားဆီးတော့ဘဲ လုပ်ချင်တာ လုပ်ပါစေဆိုပြီး ခွင့်ပြုလိုက်တာပဲ၊ သူက ကြီးမားတဲ့ မိုးကောင်းကင် စစ်ဆေးခံရမှုကို ရင်ဆိုင်ခဲ့ရပေမယ့် လူပြန်ဝင်စားပြီး အစကနေ ပြန်လည် ကျင့်ကြံနိုင်မယ့် အခွင့်အရေးကို ရရှိမှာပါ၊ နောက်ဘဝကျရင် သူဟာ ကျင့်စဉ်လမ်းမှာ ပိုပြီး အောင်မြင်နိုင်လိမ့်မယ်"

စူးလီက ပြောလိုက်လေသည်။

***

All Chapters