← Chapters

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း ၃၁ ရှောင်မို ငါ... ငါ စဉ်းစားလို့ရသွားပြီ

"လူလိမ်ကြီး"

"နင်နဲ့ ဘယ်တော့မှ မကစားတော့ဘူး"

"လူလိမ်ကြီး"

"အစုတ်ပလုတ် လူလိမ်"

"လူလိမ်... လူလိမ်"

ဘိုင်ရုရွှယ် သည် သူမ၏ လက်သေးသေးလေးဖြင့် မျက်ဝန်းထောင့်မှ မျက်ရည်များကို သုတ်ရင်း ရှေ့သို့ ပြေးထွက်လာခဲ့သည်။

အချိန်မည်မျှ ကုန်လွန်သွားသည်မသိ၊ နောက်ဆုံးတွင် ဘိုင်ရုရွှယ် ရပ်တန့်သွားသည်။

နောက်သို့ လှည့်ကြည့်လိုက်သောအခါ ရှောင်မိုမှာ အဝေးကြီးတွင် ကျန်ရစ်နေခဲ့ပြီ ဖြစ်သည်။

"ရှောင်မို လူလိမ်ကြီး"

ဘိုင်ရုရွှယ် သည် သူမ လာခဲ့ရာ လမ်းလေးဘက်သို့ လှည့်၍ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် လှည့်ကာ သူမ၏ ဂူဆီသို့ ပြေးသွားတော့သည်။

ဂူအပြင်ဘက်ရှိ ရေကန်ငယ်လေးတစ်ခုဘေးတွင် အပြာစိမ်းရောင် ရူချွန်းဝတ်စုံလေးကို ဝတ်ဆင်ထားသော ကလေးမလေးတစ်ဦးသည် ရေပြင်တွင် အရိပ်ထင်ဟပ်နေသော သူမ၏ ကိုယ်ဟန်ကို အားရပါးရ ကြည့်ရှုနေသည်။

ကလေးမလေးတွင် ကျစ်ဆံမြီး နှစ်ဖက်ပါရှိပြီး သူမ၏ မျက်နှာဝိုင်းဝိုင်းလေးမှာ အခွံခွာခါစ ကြက်ဥလေးကဲ့သို့ ဖြူမွတ်နူးညံ့နေကာ ကျန်းမာရေးကောင်းမွန်သော ပန်းရောင်သမ်းမှုလေးများ ရှိနေသဖြင့် ပါးနီဖျော့ဖျော့လေး လိမ်းထားသကဲ့သို့ပင်။

ကွေးညွှတ်နေသော မျက်ခုံးတန်းလေးများအောက်တွင် မက်မွန်စေ့ကဲ့သို့ တောက်ပနေသော မျက်ဝန်းနက်လေး နှစ်ဖက်ရှိပြီး အောက်ခြေအထိ ကြည်လင်နေသည်။ လိပ်ပြာနှာမောင်းလေးများကဲ့သို့ ရှည်လျားသော မျက်တောင်လေးများတွင် နှင်းရည်များ တင်နေကာ တုန်ခါနေပြီး မျက်ဝန်းထောင့်လေးများမှာ မြက်နုရောင် အနည်းငယ်စွက်ကာ အပေါ်သို့ ကော့တက်နေသည်။

သူမ၏ နှာခေါင်းသေးသေးလေးမှာ အနည်းငယ် ပင့်မော့နေပြီး နှာတံထိပ်လေးမှာ လုံးဝန်းကာ ချစ်စရာကောင်းလှသည်။

ပန်းပွင့်ဖတ်လေးများကဲ့သို့ သူမ၏ နှုတ်ခမ်းလွှာများမှာ သဘာဝအတိုင်း ပန်းရောင်သမ်းနေပြီး ယခုအခါ အနည်းငယ် စေ့ထားသဖြင့် ပါးချိုင့်လေးနှစ်ခု ပေါ်နေကာ ပျားရည်များ ပြည့်နှက်နေသော ချိုင့်ခွက်လေးများနှင့် တူနေသည်။

ထို ကလေးမလေးမှာ ရှောင်ချင်းပင် ဖြစ်သည်။

ဒီနေ့မနက်တွင် ရှောင်ချင်းလည်း နိုးလာခဲ့ပြီ ဖြစ်သည်။

သူမ၏ အစ်မ ဘေးတွင် မရှိဘဲ အစ်မဖြစ်သူ၏ အရေခွံကိုသာ တွေ့ရသော်လည်း ရှောင်ချင်း ဂရုမစိုက်ခဲ့ပေ။

သူမ၏ အစ်မသည် ထို လူသားမျိုးနွယ် အမျိုးသားကို သွားရှာနေမည်ဟု သူမ ထင်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ထို ရှောင်မို ဆိုသော အမျိုးသားသည် နွေဦးအစတွင် ပြန်လာမည်ဟု အစ်မဖြစ်သူက ပြောထားခဲ့သည် မဟုတ်ပါလော။

"အစ်မ ပြန်လာလို့ ငါ လူသားအသွင်ပြောင်းနိုင်တာကို မြင်ရင် သေချာပေါက် အံ့သြသွားမှာပဲနော်။ ပြီးတော့ ငါလည်း အစ်မလောက် အရပ်ရှည်နေလောက်ပြီ မဟုတ်လား။"

ရှောင်ချင်း သူမ၏ အပြာစိမ်းရောင် စကတ်လေးကို လှည့်ကစားလိုက်သည်။ သူမ၏ လူသားအသွင်ကို သူမ အလွန် သဘောကျနေမိသည်။

ရှောင်ချင်း သူမ၏ လူသားအသွင်ကို သဘောကျနေစဉ်မှာပင် မလှမ်းမကမ်းမှ ခြေသံများ ထွက်ပေါ်လာသည်။

ခေါင်းမော့ကြည့်လိုက်ရာ ရှောင်ချင်း သည် သူမထံသို့ လျှောက်လာနေသော အမျိုးသမီးငယ်တစ်ဦးကို တွေ့လိုက်ရသည်။

ရှောင်ချင်း ပထမတော့ သူမကို မမှတ်မိသော်လည်း သေချာကြည့်လိုက်သောအခါ ထိုထူးခြားသော မက်မွန်ပွင့် မျက်ဝန်းလေးများမှာ သူမ၏ အစ်မ၏ မျက်ဝန်းများဖြစ်ကြောင်း ရှင်းလင်းစွာ သိလိုက်ရသည်။

အရေခွံလဲပြီးနောက် အစ်မသည် ဤမျှအထိ ထွားလာခဲ့ပြီ။ သူမသည် ရင့်ကျက်သော လူသားမျိုးနွယ် အမျိုးသမီးတစ်ဦး ဖြစ်နေပြီ... သို့သော် ပြန်တွေးကြည့်လျှင် အစ်မသည် ကျင့်ကြံလာခဲ့သည်မှာ နှစ်ပေါင်း သုံးဆယ်ကျော်နေပြီ ဖြစ်သည်။

လူသားမျိုးနွယ် ၏ အသက်အရွယ်အရဆိုလျှင် သူမတွင် ကလေးအနည်းငယ်ပင် ရှိနေလောက်ပြီ ဖြစ်သည်။

သို့သော် ကျင့်ကြံခြင်းလမ်းစဉ်ပေါ်ရှိ မြွေမျိုးနွယ်များအတွက်မူ အသွင်မပြောင်းမီတွင် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုမှာ နှေးကွေးတတ်သည်။

အသွင်ပြောင်းပြီးနောက်တွင်မူ သိသိသာသာ မြန်ဆန်လာတတ်သည်။

အစ်မသည် အစောကြီးကတည်းက အသွင်ပြောင်းနိုင်ခဲ့ပြီးဖြစ်ရာ ယခု အရေခွံလဲပြီးနောက် အမျိုးသမီးငယ်တစ်ဦး ဖြစ်လာခြင်းမှာ သဘာဝကျပါသည်။

"အစ်မ..." ရှောင်ချင်း ခြေဖျားထောက်ကာ ပျော်ရွှင်စွာ လက်ပြလိုက်သည်။

ညီမဖြစ်သူ၏ အသံကို ကြားသောအခါ ဘိုင်ရုရွှယ် ခေါင်းမော့ကြည့်လိုက်သည်။

အစ်မဖြစ်သူ၏ မျက်ရည်များ ရွှဲနစ်နေပြီး ဝမ်းနည်းနေသော ပုံစံကို မြင်သောအခါ ရှောင်ချင်း လန့်သွားပြီး အလျင်အမြန် ပြေးသွားလိုက်သည်။ "အစ်မ... ဘာဖြစ်လို့လဲ။ ဘယ်သူ အစ်မကို အနိုင်ကျင့်လို့လဲ သူ့ကို သေအောင် ကိုက်ပစ်မယ်"

"ဟင့်အင်း... ဘယ်သူမှ အစ်မကို အနိုင်မကျင့်ပါဘူး..." ဘိုင်ရုရွှယ် က ဘာမှမဖြစ်ဟန် ဆောင်လိုက်သည်။ "ဒါနဲ့ ရှောင်ချင်း... နင်လည်း အသွင်ပြောင်းနိုင်သွားပြီပဲ၊ နင်က တကယ် ချစ်စရာလေးပဲ။"

"အစ်မ... ကျွန်မ အသွင်ပြောင်းနိုင်တာ မပြောင်းနိုင်တာက အရေးမကြီးဘူး။" ရှောင်ချင်း က အစ်မဖြစ်သူ၏ ဖြူမွတ်နေသော လက်ကောက်ဝတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ "ဟို ရှောင်မို ဆိုတဲ့လူက အစ်မကို စိတ်ဆိုးအောင် လုပ်လိုက်တာလား။"

ဘိုင်ရုရွှယ် ခေါင်းငုံ့သွားသည်။

"သူပဲ ဖြစ်ရမယ်" ရှောင်ချင်း သူမ၏ လက်သီးသေးသေးလေးများကို မကျေမနပ် ဆုပ်လိုက်သည်။ "သူ့ကို အခုချက်ချင်း သွားကိုက်ပစ်မယ်"

"ရှောင်ချင်း... မလုပ်ပါနဲ့..." ဘိုင်ရုရွှယ် က ရှောင်ချင်း ၏ လက်ကို ဆွဲထားလိုက်သည်။ "နင်က အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်လေ။ နင် သူ့ကို ကိုက်လိုက်ရင် သူ သေသွားလိမ့်မယ်..."

"စိတ်မပူပါနဲ့ အစ်မရယ်၊ အဆိပ်ပမာဏကို ကျွန်မ ထိန်းထားပါ့မယ်။ အလွန်ဆုံး သူ အိပ်ရာထဲမှာ နှစ်ရက်လောက် လဲပြီး ဂစ်သွားရုံပါပဲ။"

"အဲဒါလည်း မကောင်းပါဘူး... သူ အရမ်း နေရခက်နေလိမ့်မယ်..."

"ဒါပေမဲ့ အစ်မရယ်..." ရှောင်ချင်း က ငိုချင်လျက်ဖြင့် ပြောလိုက်သည်။ "သူက အစ်မကို အနိုင်ကျင့်တာကို..."

ဘိုင်ရုရွှယ် - "..."

"အစ်မ... တကယ်တော့ ဘာတွေဖြစ်ခဲ့တာလဲ။" ရှောင်ချင်း က စိုးရိမ်တကြီး မေးလိုက်သည်။ အစ်မရဲ့ အဖြစ်မှန်ကို သိသွားလို့ မိစ္ဆာနှိမ်နင်းမယ့်သူတွေများ ခေါ်လာတာလားဟု သူမ တွေးမိလိုက်သည်။

"သူက စာသင်ဖို့ အပြင်သွားရတော့မယ်တဲ့၊ ပြီးတော့ ဆေးပင်တွေလည်း ရှာစရာ မလိုတော့ဘူးဆိုတော့ နောက်ဆိုရင် တောင်ပေါ်ကို လာဖြစ်တော့မှာ မဟုတ်ဘူးတဲ့" ဟု ဘိုင်ရုရွှယ် က တိုးတိုးလေး ပြောလိုက်သည်။

"ဒါပဲလား။" ရှောင်ချင်း မျက်တောင်လေးများ ခတ်သွားပြီး သူမ၏ မျက်ဝန်းများတွင် ဝမ်းသာသွားသည့် အရိပ်အယောင်လေးများပင် ပေါ်လာသည်။ "ဒါက သတင်းကောင်းပဲ မဟုတ်လား။ လူတွေနဲ့ မိစ္ဆာတွေက အခြေခံအားဖြင့် မတူညီဘူးလေ၊ သူ မြွေတောင် ကို နောက်ထပ် မလာတော့တာက ပိုမကောင်းဘူးလား။"

"ရှောင်ချင်း" ဘိုင်ရုရွှယ် နှုတ်ခမ်းဆူလိုက်သည်။ "အစ်မ နင့်ကို စကားမပြောတော့ဘူး"

ဘိုင်ရုရွှယ် သည် သူမ၏ မူလအသွင်သို့ ပြန်ပြောင်းကာ ဂူထဲသို့ တွားသွားဝင်ရောက်သွားပြီး ဂူထဲရှိ ကျောက်တုံးအောက်တွင် ပုန်းအောင်းကာ တိတ်တဆိတ် ဝမ်းနည်းနေတော့သည်။

ရှောင်ချင်း လည်း သူမ၏ မူလအသွင်သို့ ပြန်ပြောင်းကာ အစ်မဖြစ်သူ၏ ဘေးတွင် တွားသွားနေထိုင်လိုက်သည်။

တကယ်တော့ ရှောင်ချင်း သည် အစ်မဖြစ်သူ ထိုအမျိုးသားကို နောက်ထပ် မတွေ့ရတော့မည်ကို အတော်လေး ဝမ်းသာနေမိသည်။

သို့သော် အစ်မဖြစ်သူ ဤမျှအထိ ဝမ်းနည်းနေသည်ကို မြင်သောအခါ ရှောင်ချင်း လည်း စိတ်မကောင်း ပြန်ဖြစ်သွားရသည်။

"ဟင်... ငါ သိပြီ"

အစ်မဖြစ်သူကို မည်သို့ နှစ်သိမ့်ရမည်ကို ရှောင်ချင်း စဉ်းစားနေစဉ်မှာပင် ဘိုင်ရုရွှယ် သည် သူမ၏ မြွေခေါင်းလေးကို မော့လာခဲ့သည်။

"စာအုပ်ထဲမှာ ရေးထားသလိုပဲ... သစ်ပင်တွေက သေပေမဲ့ မြွေတွေကတော့ ရှင်တယ်လေ။ သူက စာသင်ဖို့သွားရမှာမို့ တောင်ပေါ်ကို လာဖြစ်တာ နည်းသွားမယ်ဆိုရင် ငါလည်း သူနဲ့အတူ တောင်အောက်ကို လိုက်သွားရင် ရပြီပေါ့"

ဘိုင်ရုရွှယ် အသွင်ပြောင်းကာ ဂူထဲမှ အပြေးအလွှား ထွက်သွားရာ မိန်းကလေး၏ ကျောနောက်မှ အသံလေးသည် ဂူထဲသို့ ပဲ့တင်ထပ်၍ ဝင်ရောက်လာတော့သည်။

"ရှောင်ချင်း... ဒီညစာအတွက် အစ်မစားဖို့ ကြွက်တွေ ပြင်ထားစရာ မလိုတော့ဘူးနော်။"

"အစ်မ..."

ရှောင်ချင်း က ဂူပေါက်ဝမှနေ၍ လှမ်းခေါ်လိုက်သော်လည်း သူမ၏ ရင်ထဲတွင် အနည်းငယ် ဝမ်းနည်းသလို၊ နစ်နာသလို ခံစားလိုက်ရသည်။

အစ်မ... ဟို လူသားနောက်ကို လိုက်သွားမယ်ဆိုရင် ကျွန်မကို ဘယ်လိုလုပ်မလဲ။

ကျွန်မလည်း အစ်မရဲ့ ညီမလေးပဲကို...

...

ဘိုင်ရုရွှယ် သည် တောအုပ်ထဲတွင် ပြေးလွှားရင်း စောစောက ပန်းခင်းကြီးဆီသို့ ဦးတည်သွားနေသည်။

ဘိုင်ရုရွှယ် ပို၍ပို၍ မြန်မြန် ပြေးလာခဲ့သည်။

"အား..."

သစ်ကိုင်းတစ်ကိုင်းနှင့် ခလုတ်တိုက်မိပြီးနောက် မိန်းကလေးသည် ပြန်ထကာ ဆက်လက် ပြေးသွားပြန်သည်။

ပန်းခင်းကြီးဆီသို့ ရောက်သောအခါ မိန်းကလေးသည် သက်ပြင်းချလိုက်ပြီး သူမ၏ ရင်ဘတ်လေးကို ပုတ်လိုက်သည်။

"တော်သေးတာပေါ့၊ သူ ရှိနေသေးလို့။"

သို့သော် ဘိုင်ရုရွှယ် သည် မကြာသေးမီက ရှောင်မို ကို ဒေါသတကြီးဖြင့် ပြောခဲ့သော စကားများကို ပြန်အမှတ်ရသွားပြီး သူ့ကို တွေ့ရန် အလွန် ရှက်ရွံ့နေမိသည်။

ဘိုင်ရုရွှယ် အလွန်အမင်း ဆုံးဖြတ်ရခက်နေချိန်မှာပင် ရှောင်မို သည် လှည့်ကြည့်လိုက်ပြီး ဘိုင်ရုရွှယ် ရှိရာဘက်သို့ မတော်တဆ ကြည့်မိသွားသည်။

ဘိုင်ရုရွှယ် လန့်သွားပြီး ပခုံးလေး တွန့်သွားကာ သစ်ပင်တစ်ပင်နောက်သို့ အလျင်အမြန် ပုန်းအောင်းလိုက်သည်။

"သခင်မလေးဘိုင်" ရှောင်မို က လှမ်းခေါ်လိုက်သည်။

ဘိုင်ရုရွှယ် သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ လက်ချောင်းလေးများကို တင်းကျပ်စွာ ယှက်ထားလျက် အမှားလုပ်မိပြီး ခွင့်လွှတ်မှုတောင်းခံလိုသော ကလေးမလေးတစ်ဦးကဲ့သို့ ခေါင်းငုံ့ကာ ထွက်လာခဲ့သည်။

"နင်... နင် မသွားသေးဘူးပေါ့..." ဘိုင်ရုရွှယ် က တိုးတိုးလေး ပြောလိုက်သည်။

ရှောင်မို ခေါင်းခါလိုက်သည်။ "ဒီလူက သခင်မလေးဘိုင် ကို ဒေါသထွက်အောင် လုပ်မိလို့ စိတ်ဖြောင့်ဖြောင့်နဲ့ မထွက်သွားနိုင်သေးပါဘူး။"

ဘိုင်ရုရွှယ် ခေါင်းငုံ့ထားပြီး သူမ၏ ဖြူမွတ်သော လက်ချောင်းလေးများကို အဆက်မပြတ် ပွတ်သပ်နေမိသည်။

"ရှောင်မို ငါ... ငါ စဉ်းစားလို့ရသွားပြီ"

နောက်ဆုံးတွင် ဘိုင်ရုရွှယ် သည် သတ္တိမွေးကာ ခေါင်းမော့လိုက်ပြီး ရှောင်မို ၏ မျက်ဝန်းများကို တည့်တည့် စိုက်ကြည့်လိုက်သည်။

"ဘာကိုလဲ" ရှောင်မို မေးလိုက်သည်။

"ငါ နင်နဲ့အတူ တောင်အောက်ကို လိုက်ချင်တယ်"

ရှောင်မို - "..."

"မရဘူးလားဟင်..." ဘိုင်ရုရွှယ် က ခေါင်းငုံ့ကာ ပြောလိုက်ပြီး သူမ၏ မျက်ဝန်းများတွင် စိတ်ပျက်အားလျော့မှုများ တစ်ဖန် ပြန်လည် ဖုံးလွှမ်းသွားတော့သည်။

"ရတာပေါ့၊ ဒါပေမဲ့ သခင်မလေးဘိုင်... သခင်မလေးရဲ့ မိဘတွေက သဘောမတူဘဲ နေမလား။"

"ငါ့မိဘတွေ မရှိတော့တာ ကြာပါပြီ။ ငါရယ် ငါ့ညီမ ရှောင်ချင်း ရယ် နှစ်ယောက်တည်း အားကိုးတကြီး နေနေကြတာပါ။ ဒါပေမဲ့ ငါ့ညီမအတွက်တော့ ကိစ္စမရှိပါဘူး၊ သူမက ငါ့ထက် ကြွက်ဖမ်းတာ အများကြီး ပိုတော်တယ်လေ၊ ဒါကြောင့် သူမ ငတ်မှာ မဟုတ်ပါဘူး။"

"ကြွက်ဖမ်းတယ် ဟုတ်လား။"

"ဟင်။ ဘာ ကြွက်ဖမ်းတာလဲ။ ငါ အဲဒီလို ပြောလိုက်မိလို့လား။"

"ဒါဆို ငါ အကြားမှားတာ ဖြစ်မယ်။"

"ဒါဆိုရင် သဘောတူတယ်နော်။" မိန်းကလေး၏ မျက်ဝန်းလေးများမှာ လခြမ်းလေးများကဲ့သို့ ကွေးညွှတ်သွားသည်။ သူမ ရှေ့သို့ လျှောက်လာပြီး ရှောင်မို ၏ လက်ကြီးကို ဆွဲယူကာ ကြည်လင်တောက်ပနေသော ငွေရောင် အကြေးခွံတစ်ခုကို သူ၏ လက်ဖဝါးထဲသို့ ထည့်ပေးလိုက်သည်။

"သခင်မလေး... ဒါက ဘာလဲဟင်။"

"ဒါက ငါ ကောက်ရတဲ့ မြွေအကြေးခွံတစ်ခုလေ။"

မိန်းကလေးသည် ခေါင်းမော့ကာ သူ၏ မျက်ဝန်းများကို စိုက်ကြည့်လျက် အလေးအနက် ပြောလိုက်သည်။

"ငါက အရမ်းကို တုံးအပြီး အမှားတွေ ခဏခဏ လုပ်တတ်တယ်ဆိုတာ ငါ သိပါတယ်... ပြီးတော့ ငါက အရမ်းလည်း စိတ်အနှောင့်အယှက် ပေးတတ်တယ်... ဒါပေမဲ့ ရှောင်မို... နင် ငါ့ကို ဆူလို့ရတယ်၊ ရိုက်လို့ရတယ်၊ ဒါပေမဲ့ ငါ့ကို မောင်းထုတ်လို့တော့ မရဘူးနော်။

အကယ်၍ တစ်နေ့ကျရင် နင် တကယ်ပဲ သည်းမခံနိုင်တော့ဘူးဆိုရင် ဒီမြွေအကြေးခွံလေးကို ငါ့ခေါင်းအုံးအောက်မှာ သွားထားလိုက်ပါ။

နောက်နေ့ကျရင် ငါ ဘာမှမသိသလို ဟန်ဆောင်ပြီး တိတ်တဆိတ် ထွက်သွားပေးပါ့မယ်။

ဟုတ်ပြီလားဟင်။"

အခန်း ၃၂ ယန်ရုရွှယ်ကို မိဖုရားခေါင်ကြီး တင်မြှောက်တာကို အရှင်မင်းကြီး ဘယ်လိုသဘောရလဲ

"အရှင်မင်းကြီး..."

မဟာကျိုး တိုင်းပြည်၏ နန်းတော်ရှိ ရန်ရှင်းနန်းဆောင် အပြင်ဘက်မှ ဝေ့ရွှန်း လှမ်းခေါ်လိုက်သည်။

ရှောင်မို ၏ အသိစိတ်သည် ဘဝတစ်ရာကျမ်း အတွင်းမှ ထွက်ခွာလာပြီး သူ မျက်လုံးဖွင့်ကာ သက်ပြင်းချလိုက်သည်။ "ဝင်ခဲ့။"

"မှန်လှပါ အရှင်မင်းကြီး။"

ဝေ့ရွှန်း ပြန်ထူးလိုက်ပြီး ရန်ရှင်းနန်းဆောင် ထဲသို့ ဝင်လာကာ ရိုသေစွာ ဦးညွှတ်လိုက်သည်။ "ကျွန်တော်မျိုး အရှင်မင်းကြီး ကို ဂါရဝပြုပါတယ်။"

"ဘာကိစ္စလဲ။" ရှောင်မို သည် မိန်းမစိုးဝေ့ ကို ကြည့်ကာ ဖြည်းညင်းစွာ မေးလိုက်သည်။

"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်" ဝေ့ရွှန်း က ပြုံးကာ ပြောလိုက်သည်။ "မယ်တော်ကြီးယန် က အရှင်မင်းကြီးကို ပွဲတော်တည်ဖို့ ခေါ်ခိုင်းလိုက်ပါတယ်။"

ရှောင်မို မျက်မှောင်ကြုတ်သွားသည်။ "မယ်တော် က ဘာကိစ္စလဲလို့ ပြောလိုက်သေးလား။"

"မယ်တော်ကြီးယန် က ဘာမှတော့ မပြောလိုက်ပါဘူး၊ ဒါပေမဲ့..." ဝေ့ရွှန်း ၏ မျက်လုံးများ ဟိုဟိုဒီဒီ ကစားသွားပြီး "ကျွန်တော်မျိုး ထင်တာတော့ မိဖုရားရွေးချယ်မယ့် ကိစ္စဖြစ်မယ်ထင်ပါတယ်။"

"ငါ သိပြီ။ နဂါးရထားလုံး ကို ပြင်ဆင်ထားလိုက်။"

ရှောင်မို တကယ်ကို အပြင်မထွက်ချင်သော်လည်း မတတ်နိုင်ပေ။ မယ်တော်ကြီး က ပွဲတော်တည်ရန် ဖိတ်ခေါ်သည်ကို သူ မသွားပါက မိဘကျေးဇူးကန်းသည်ဟု အလွယ်တကူ စွပ်စွဲခံရပေလိမ့်မည်

သူမက သူ၏ မိခင်အရင်း မဟုတ်ဘဲ မွေးစားမိခင်သာ ဖြစ်နေလျှင်ပင် အတူတူပင် ဖြစ်သည်။

"မှန်လှပါ... ကျွန်တော်မျိုး အခုပဲ အရှင်မင်းကြီး အတွက် နဂါးရထားလုံး သွားပြင်ဆင်လိုက်ပါ့မယ်။"

"နေဦး" ရှောင်မို က ဝေ့ရွှန်း ကို တားလိုက်သည်။

"အရှင်မင်းကြီး ဘာများ အမိန့်ရှိပါသလဲ ခင်ဗျာ။"

"နန်းတော်ထဲမှာ တိတ်ဆိတ်ပြီး လူသူကင်းဝေးတဲ့ နေရာလွတ်တစ်ခုကို ရှင်းလင်းထားလိုက်၊ ပြီးတော့ အဲဒီထဲမှာ မက်မွန်သစ်သားဓားတွေနဲ့ တခြား တာအို မှော်ဝင်ပစ္စည်း မျိုးစုံကို စီစဉ်ထား။ ငါ ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်ချီ တွေကို စုပ်ယူဖို့ ယဇ်ပလ္လင်တစ်ခု တည်ဆောက်ချင်လို့။ ဘယ်သူမှ ဝင်ခွင့်မရှိဘူး၊ ကြားလား။" ရှောင်မို အမိန့်ပေးလိုက်သည်။

"ကျွန်တော်မျိုး အမြန်ဆုံး စီစဉ်လိုက်ပါ့မယ်။"

"သွားတော့။"

"မှန်လှပါ အရှင်မင်းကြီး။"

ဝေ့ရွှန်း သည် အရှင်မင်းကြီး၏ လုပ်ရပ်များအပေါ် သံသယမရှိခဲ့ပေ၊ အရှင်မင်းကြီးသည် တာအိုကျင့်ကြံခြင်းကို တကယ်ပင် စွဲလမ်းနေပြီး မှော်ယဇ်ပလ္လင်တစ်ခုကိုပင် တည်ဆောက်ချင်နေသည်ဟုသာ ထင်လိုက်သည်။ ရှေးခေတ်ကတည်းက ဘယ်ဧကရာဇ်ကများ နန်းတော်ထဲမှာ မှော်ယဇ်ပလ္လင် တည်ဆောက်ဖူးလို့လဲ။

တကယ်တမ်းတွင် ရှောင်မို သည် မြက်ပင်ဓားသိုင်း ကို ကျင့်ကြံလိုခြင်းဖြစ်ပြီး မှော်ယဇ်ပလ္လင် တည်ဆောက်ခြင်းမှာ ဆင်ခြေတစ်ခုမျှသာ ဖြစ်သည်။

ရန်ရှင်းနန်းဆောင် ကြီးမားသော်လည်း အဆောက်အအုံအတွင်း၌ မြက်ပင်ဓားသိုင်း ကို ကျင့်ကြံရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

ဓားချီ များက ဟိုဟာကို ရိုက်ခွဲ၊ ဒီဟာကို ဖျက်ဆီးပစ်မည်ဖြစ်ပြီး ဆူညံသံများလွန်းသဖြင့် ယန်ရှန်းအောက် ၏ အာရုံစိုက်မှုကို အလွယ်တကူ ရရှိသွားပေလိမ့်မည်။

သို့သော် သူသာ တာအိုကျင့်ကြံခြင်းနှင့် ယဇ်ပလ္လင်တည်ဆောက်ခြင်းကို အကြောင်းပြကာ ထိုနေရာ၌ နေ့စဉ် ဓားသိုင်းကျင့်နေမည်ဆိုပါက ယန်ရှန်းအောက် သံသယဝင်မည် မဟုတ်ပေ။

တကယ်တော့ ယန်ရှန်းအောက်သည် အရှင်မင်းကြီးကို အဓိပ္ပာယ်မရှိသည့်အရူးဟုသာ ထင်ပြီး သူ့အပေါ် ပို၍ပင် စိတ်အေးသွားပေလိမ့်မည်။

သူ၏ ကျင့်ကြံခြင်းအဆင့် လုံလောက်လုနီးပါး ဖြစ်လာသောအခါ ယန်ရှန်းအောက် ကို နန်းတော်သို့ ခေါ်ယူပြီး သူ့ကို အဆုံးစီရင်ရန် အခွင့်အရေးတစ်ခု ရှာရမည်။

မကြာမီမှာပင် ရှောင်မို သည် သူ၏ နဂါးရထားလုံး ဖြင့် လင်ရှင်းနန်းဆောင် သို့ ရောက်ရှိလာခဲ့သည်။

"သားတော် မယ်တော် ကို ဂါရဝပြုပါတယ်။ မယ်တော် လတ်တလော နေထိုင်ကောင်းရဲ့လား ခင်ဗျာ။"

ရှောင်မို သည် မယ်တော်ကြီးယန် ၏ ရှေ့သို့ ရောက်လာပြီး သူမကို ဦးညွှတ် နှုတ်ဆက်လိုက်သည်။

"မယ်တော် ကျန်းမာပါတယ်။"

မယ်တော်ကြီးယန် ပြုံးကာ ခေါင်းညိတ်လိုက်ပြီး အောက်သို့ ဆင်းလာကာ ရှောင်မို ကို သူမ၏ ဘေးတွင် ထိုင်စေရန် တွဲခေါ်သွားပြီး ရှောင်မို ၏ လက်မောင်းကို ပုတ်လိုက်သည်။ "မိုအာ... သားတော် မကြာသေးခင်က တာအိုကျင့်ကြံတာကို အရမ်း စွဲလမ်းနေတယ်၊ ပြီးတော့ တာအိုဘုန်းကြီးတစ်ပါးလိုတောင် ဝတ်ဆင်ထားတယ်လို့ မယ်တော် ကြားတယ်။ ဒီလိုလုပ်လို့ မရဘူးလေ၊ သားတော် တိုင်းပြည်ရေးရာတွေကို အာရုံစိုက်ရမယ်"

"မယ်တော် အရမ်း စိုးရိမ်နေတာပါ။ နန်းရင်းဝန်ယန် က တိုင်းပြည်ရေးရာတွေကို စနစ်တကျ စီမံခန့်ခွဲနိုင်တဲ့ စွမ်းရည်ရှိတဲ့ အမတ်တစ်ဦးပါ။ လူတိုင်းက နန်းရင်းဝန် ရဲ့ ဉာဏ်ပညာကို ချီးကျူးနေကြတာပဲ။ သားတော်တောင် စိတ်မပူတာ၊ မယ်တော် လည်း စိတ်ပူစရာ မလိုပါဘူး။"

ရှောင်မို သည် ယန်ရှန်းအောက် ကို စိတ်မပါဘဲ ချီးကျူးလိုက်သည်။

တကယ်တမ်းတွင်မူ တရားလွှတ်တော်မှာ ယန်ရှန်းအောက် ဦးဆောင်မှုအောက်တွင် ပရမ်းပတာ ဖြစ်နေပြီး၊ အမတ်များသည် ဂိုဏ်းဂဏများ ဖွဲ့စည်းခြင်း၊ ပြိုင်ဘက်များကို ဖယ်ရှားခြင်းနှင့် အရာရှိရာထူးများနှင့် မှူးမတ်ဘွဲ့များကိုပင် ရောင်းချခြင်းတို့ ပြုလုပ်နေကြသည်။

မဟာကျိုး သည် ယခုအခါ ပြိုလဲလုနီးပါး ဖြစ်နေသော နိုင်ငံတစ်နိုင်ငံ၏ ပုံပန်းသဏ္ဌာန် ရှိနေပြီ ဖြစ်သည်။

ယန်ရှန်းအောက် က ဘာကြောင့် ဓားတစ်သောင်းဂိုဏ်း ကို ကျောထောက်နောက်ခံအဖြစ် အလောတကြီး ရှာဖွေချင်နေရသနည်း။

အကြောင်းမှာ အိမ်နီးချင်း ယန်တိုင်းပြည်သည် မဟာကျိုး ကို မက်မောစွာ စောင့်ကြည့်နေသောကြောင့်ပင်။ ယန်ရှန်းအောက် က လူမိုက်မဟုတ်ပေ။ ယန်တိုင်းပြည်သည် မဟာကျိုး ကို သိမ်းပိုက်လိုသည့် ရည်ရွယ်ချက်ရှိကြောင်း သူ သိသည်။

"မင်းကတော့လေ..." မယ်တော်ကြီးယန် သက်ပြင်းချလိုက်ရာ သူမ၏ လေသံမှာ အတော်လေး တတ်နိုင်စွမ်းမရှိသကဲ့သို့ ဖြစ်နေသည်။

သို့သော် တကယ်တမ်းတွင်မူ မယ်တော်ကြီးယန် သည် တိတ်တဆိတ် ကျေနပ်နေမည်ဟု ရှောင်မို ခံစားမိသည်။

"ထားလိုက်ပါတော့၊ ထားလိုက်ပါတော့။ ငါ့မောင်က အရမ်းကြီး မစွမ်းဆောင်နိုင်ပေမဲ့ သူ့မှာ အရည်အချင်းတချို့တော့ ရှိပါတယ်။ ဒါကြောင့် အရှင်မင်းကြီး တာအိုကျင့်ကြံချင်ရင်လည်း ကျင့်ကြံပါလေ။" မယ်တော်ကြီးယန် က အလေးအနက် ပြောလိုက်သည်။ "ဒါပေမဲ့ အရှင်မင်းကြီး တာအိုကျင့်ကြံနေချိန်မှာ တိုင်းပြည်ရဲ့ အခြေခံကိုတော့ လျစ်လျူရှုလို့ မရဘူးနော်။"

"မယ်တော် ဆိုလိုတာက ဘာလဲ ခင်ဗျာ။"

"နန်းရင်းဝန်ယန်က အရှင်မင်းကြီး ကို အရင်က ပြောဖူးပြီးသားပါ။ အရှင်မင်းကြီး လည်း ငယ်တော့တာ မဟုတ်ဘူး၊ မိဖုရားရွေးချယ်ဖို့ အချိန်တန်ပြီ။ အမတ်အသီးသီးဆီကနေ ရွေးချယ်နိုင်တဲ့ အမျိုးသမီးငယ်လေးတွေရဲ့ စာရင်းတွေကိုလည်း တင်ပြထားပြီးပြီ။

မယ်တော် အဲဒါတွေကို ကြည့်ပြီးပါပြီ၊ ထင်ရှားတဲ့ မိသားစုတွေက အမျိုးသမီးငယ်လေးတွေက ကောင်းတော့ ကောင်းပါတယ်၊ ဒါပေမဲ့ မယ်တော် သိပ်တော့ သဘောမကျဘူး။

အသင့်တော်ဆုံးကတော့ ယန်မျိုးနွယ်က ယန်ရုရွှယ် ပါပဲ။

အရှင်မင်းကြီးလည်းရုရွှယ် ရဲ့ နာမည်ကြီးမှုကို ကြားဖူးမှာပါ။"

"ကြားဖူးတာပေါ့" ရှောင်မို ခေါင်းညိတ်လိုက်သည်။ "ယန်ရုရွှယ်က ငါတို့ မဟာကျိုး ရဲ့ အတော်ဆုံး ပါရမီရှင်အမျိုးသမီးလေ၊ စာဖတ်အားကောင်းပြီး ရှေးဟောင်းနဲ့ ခေတ်သစ်အကြောင်းတွေကို ကျွမ်းကျင်တယ်။ နန်းတွင်းအမတ်တွေရော သာမန်ပြည်သူတွေကပါ သူမကို အရမ်း ချီးကျူးကြတယ်။"

စကားပြောနေစဉ်မှာပင် သူ၏ မြွေဖြူလေး ကို "ရုရွှယ်" ဟု နာမည်ပေးလိုက်ခြင်းက ယန်မျိုးနွယ်မှ ထို ပါရမီရှင်အမျိုးသမီး နှင့် နာမည်တူသွားစေခဲ့ကြောင်း ရှောင်မို ရုတ်တရက် သတိပြုမိလိုက်သည်။

ရှောင်မို က ယန်ရုရွှယ် ကို ချီးကျူးသည်ကို ကြားသောအခါ မယ်တော်ကြီးယန် ၏ စိတ်အခြေအနေမှာ ကောင်းမွန်သွားပြီး သူမ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားသည်။

"ထုံးစံအရဆိုရင် မူလက ထင်ရှားတဲ့ အမျိုးသမီးငယ် ဆယ်ဦးကို နန်းတော်ထဲဝင်ဖို့ ကိုယ်လုပ်တော်အဖြစ် ရွေးချယ်ရမှာဖြစ်ပြီး၊ တစ်နှစ်ကြာပြီးနောက်မှ အရှင်မင်းကြီး က အရည်အချင်းနဲ့ ကိုယ်ကျင့်တရား နှစ်ခုစလုံး ပြည့်စုံတဲ့ သူတစ်ယောက်ကို မိဖုရားခေါင်ကြီး အဖြစ် ရွေးချယ်ရမှာပါ။

ဒါပေမဲ့ မယ်တော် စဉ်းစားကြည့်တယ်။

အခု အရှင်မင်းကြီး က တာအိုကျင့်ကြံနေတာဆိုတော့ အဲဒီလောက် ခွန်အားတွေ ရှိမှာမဟုတ်ဘူး။

ရုတ်တရက် ကိုယ်လုပ်တော်တွေ အများကြီးကို လက်ခံလိုက်တာကလည်း အရှင်မင်းကြီး ရဲ့ ကျန်းမာရေးအတွက် ဆိုးရွားနိုင်တယ်။

ထို့အပြင် တိုင်းပြည်တစ်ပြည်မှာ မိဖုရားခေါင်ကြီး မရှိဘဲ တစ်ရက်တောင် နေလို့မရဘူး။

ထုံးစံတွေဆိုတာ လူတွေ ဖန်တီးထားတာပဲလေ။

ဒါကြောင့် အရှင်မင်းကြီး ကို အလုပ်အကျွေးပြုဖို့ ရုရွှယ် ကို အရင်ဆုံး နန်းတော်ထဲ ဝင်ခွင့်ပြုတာ ပိုကောင်းမယ်လို့ မယ်တော် အကြံပြုချင်ပါတယ်။

ရုရွှယ်ရဲ့ နောက်ခံနဲ့ သူမရဲ့ ပါရမီ နာမည်သတင်းတွေကြောင့် သူမသာ ငါတို့ မဟာကျိုး ရဲ့ မိဖုရားခေါင်ကြီး ဖြစ်လာရင် သေချာပေါက် လေးစားမှုကို ရရှိမှာပါ။

နောက်ပိုင်းမှာ ရုရွှယ်က အရှင်မင်းကြီး ကို နန်းတွင်းရေးရာတွေ စီမံခန့်ခွဲရာမှာ ကူညီပေးနိုင်ပြီး နန်းတွင်းကို စည်ကားစေဖို့ အရှင်မင်းကြီး အတွက် တခြား ကိုယ်လုပ်တော်တွေကိုလည်း ရွေးချယ်ပေးနိုင်ပါတယ်။

အရှင်မင်းကြီးရဲ့ သဘောထားကရော ဘယ်လိုရှိလဲ။"

"..."

မယ်တော်ကြီးယန်၏ စိတ်ထဲတွင် ဘာကို ဆိုလိုသည်ဆိုသည်ကို ရှောင်မို မသိဘဲ နေပါမည်လော။

သူမသည် အစပိုင်းတွင် သူ၏အတွက် ကိုယ်လုပ်တော်များ ရွေးချယ်ရန်၊ ထို့နောက် သူမ၏ ယန်မျိုးနွယ်မှ ယန်ရုရွှယ်ကို ရွေးချယ်ခံရစေရန်နှင့် တစ်နှစ်အကြာတွင် သူမကို မိဖုရားခေါင်ကြီး ဖြစ်လာစေရန် ကြိုးကိုင်ဖို့ စဉ်းစားခဲ့ပုံရသည်။

သို့သော် ယခုမူ ထိုသို့လုပ်ခြင်းမှာ နှေးကွေးလွန်းပြီး အန္တရာယ်များလွန်းသည်ဟု သူမ ခံစားရသည်။

အခြားအမျိုးသမီးများ မျက်နှာသာရသွားလျှင်ကော။

အခြားကိုယ်လုပ်တော်များ အရင်ကိုယ်ဝန်ရသွားလျှင်ကော။

ထို့အပြင် အခြားကိုယ်လုပ်တော်များ၏ နောက်ကွယ်တွင်လည်း ကြီးမားသော လွှမ်းမိုးမှုများ ရှိနေသည်။

သူက အခြား အထက်တန်းလွှာ မိသားစုများနှင့် ပူးပေါင်းသွားလျှင်ကော။

ထို့ကြောင့် မယ်တော်ကြီးယန်သည် ယင်းကို သေချာစဉ်းစားပြီးနောက် ရှုပ်ထွေးမှုများ မကြာရှည်စေရန် ယန်ရုရွှယ်ကို အရင်ဆုံး နန်းတော်ထဲသို့ တစ်ဦးတည်း ဝင်ရောက်စေပြီး သူမ၏ မိဖုရားခေါင်ကြီး နေရာကို အရင်ဆုံး သေချာအောင် လုပ်ရန် ရိုးရှင်းစွာ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

နောက်ပိုင်းမှနန်းတွင်းကို စည်ကားစေဖို့ တခြားအမျိုးသမီးတွေကို ရွေးချယ်မယ်ဆိုသည့် သူမ၏ စကားမှာ ယန်ရုရွှယ် မင်းသားလေးတစ်ပါး မွေးဖွားပြီးမှသာ ဖြစ်လာမည့် ကိစ္စဖြစ်သည်။

ရှောင်မို ကနန်းတွင်းက အလှမယ် သုံးထောင်ကို မက်မောနေခြင်း မဟုတ်ပေ။

သူတို့၏ ထိန်းချုပ်မှုကို ခံနေရပြီး သူတို့၏ ကိရိယာသက်သက်အဖြစ် လုံးလုံးလျားလျား လျှောကျသွားရခြင်းကသာ တကယ်ကို စိတ်မသက်မသာ ဖြစ်စေခြင်းပင်။

သူသည် ကြိုးဆွဲခံရုပ်သေးရုပ် တစ်ရုပ်နှင့် တူနေသည်။

"သားတော် မှာ ဘာကန့်ကွက်စရာမှ မရှိပါဘူး။ ရုရွှယ် သာ နန်းတော်ထဲ ဝင်လာရင် သားတော် သေချာပေါက် ပူပန်စရာတွေ နည်းသွားမှာပါ။ ပြီးတော့ ရုရွှယ်ကလည်း မယ်တော် နဲ့ အတိတ်အကြောင်းတွေ ပြောလို့ရတာပေါ့" ဟု ရှောင်မို က ရိုသေစွာ ပြောလိုက်သည်။

"ကောင်းတယ်... ကောင်းတယ်..."

ရှောင်မို ဤမျှ အသိဉာဏ်ရှိသည်ကို မယ်တော်ကြီးယန် မြင်လေလေ၊ သူ့ကို ပိုသဘောကျလေလေပင်။

"အခု ဓားတစ်သောင်းဂိုဏ်း က အကြီးအကဲတွေ ငါတို့ မဟာကျိုး ကို ရောက်နေကြပြီ။ ဓားတစ်သောင်းဂိုဏ်း က ကောင်းကင်အောက်မှာ အကြီးမြတ်ဆုံး ဓားဂိုဏ်းဖြစ်လို့ ငါတို့ ပေါ့ဆလို့ မရဘူး၊ သူတို့ကို ကောင်းကောင်း ဧည့်ခံရမယ်။

ဓားတစ်သောင်းဂိုဏ်း က အကြီးအကဲ တွေ ရောက်လာတဲ့အခါ ရုရွှယ် လည်း နန်းတော်ထဲ ဝင်လာပြီး မိဖုရားခေါင်ကြီး တင်မြှောက်တဲ့ အခမ်းအနားကို ကျင်းပမယ်။

ဒီလိုလုပ်ခြင်းအားဖြင့် ဓားတစ်သောင်းဂိုဏ်းက အကြီးအကဲ တွေကို ဒီကြီးကျယ်ခမ်းနားတဲ့ အခမ်းအနားမှာ ပါဝင်ခွင့်ရစေပြီး ငါတို့ မဟာကျိုးရဲ့ ဧည့်ဝတ်ကျေပွန်မှုကို ပြသနိုင်မှာပါ။"

ရှောင်မို ခေါင်းညိတ်ကာ ပြောလိုက်သည်။

"အရာအားလုံး မယ်တော် ရဲ့ အမိန့်အတိုင်းပါပဲ ခင်ဗျာ။"

All Chapters