← Chapters

အခြေအနေအရပ်ရပ်

Vol. 4 Ch. 381

အခြေအနေအရပ်ရပ်

Vol. 4 Ch. 381

ကျိလင် နတ်သမီး၏ စကား ဆုံးသွားသည်နှင့် ထိုက်ယီ တောင်ထိပ်မှ ရောင်စဉ် ငါးခုမှာလည်း ပျောက်ကွယ် သွားပြီ ဖြစ်လေသည်။

ကောင်းကင်ထက်တွင် အပေါက်တစ်ပေါက် ဖြစ်ပေါ်နေသည်ကို တွေ့မြင်နိုင်ပြီး ထိုအပေါက်မှ တစ်ဆင့် စကြဝဠာ တစ်ဖက်ခြမ်းမှ ကြယ်စင်များ လင်းလက် တောက်ပနေသည်ကို တွေ့မြင်ရလေသည်။ နဂါးငွေ့တန်း မြစ်ရေများသည် ချင်းရွှမ်ခန်းမဆောင် အတွင်းသို့ စီးဆင်း ဝင်ရောက်လာသည့် အလားပင် ထင်မှတ်ရလေ၏။

တောက်ပသည့် နေ့ခင်းအချိန်တွင် ကြယ်တာရာများကို ထိုသို့ မြင်တွေ့ရသည်မှာ ရှားပါးဖြစ်ရပ်ပင်။

အသစ် ပြုလုပ်ထားသည့် မှော်ဝင်ဓားကို ထိန်းချုပ်နိုင်ရန် အတွက် ဆန်းလျန်က ကျိုးထျန်း ကြယ်တာရာ၏ စွမ်းအားကို အသုံးပြုနေခြင်း ဖြစ်လေသည်။

ကျိုးထျန်း ကြယ်တာရာ၏ ဝိသေသ လက္ခဏာများမှာ အခြားသော ကြယ်တာရာများဖြင့် တူညီခြင်း မရှိပေ။ ကျိုးထျန်း ကြယ်တာရာ၏ စွမ်းအားကို အသုံးပြုမိသည့် အတွက် အနည်းငယ် အမှားအယွင်း ဖြစ်ခဲ့လျှင်ပင် ပေးဆပ်ရမည့် တန်ဖိုးက ကြီးမားမည် ဖြစ်လေသည်။

ထို့ကြောင့် ကျင့်ကြံသူလောကတွင် ကြယ်တာရာများ၏ စွမ်းအားကို အသုံးပြုပြီး ကျင့်ကြံရမည် ဆိုပါက ညဘက်တွင်ပင် အခြားသော ကြယ်တာရာများ၏ စွမ်းအားကို အသုံးပြုကာ ကျင့်ကြံလေ့ ရှိကြလေသည်။

ယခုတော့ ဆန်းလျန်က နေ့ခင်းအချိန်တွင် စကြဝဠာ တစ်ဖက်ခြမ်းမှ ကျိုးထျန်း ကြယ်တာရာ၏ တန်ခိုးစွမ်းအားကို ရယူ အသုံးပြုနေသည်မှာ သူ့လောက် ရဲရင့်သည့်သူ လောကတွင် မရှိဟု ဆိုနိုင်လေ၏။

ဒြပ်စင်ငါးပါး မှော်ဝင်ဓား သွန်းလုပ် အောင်မြင် ပြီးသွားသည်နှင့် ဓားသည်ဆန်းလျန်နှင့် တစ်သားတည်း ကျသွားကာ ဆန်းလျန်၏ ခန္ဓာကိုယ်နှင့် အတူတူပင် ဖြစ်သွားလေသည်။

ကြယ်တာရာများမှ အလင်းတန်းများသည် ချင်းရွှမ်ခန်းမဆောင်ကို ဖြတ်သန်းသွားပြီး ဒြပ်စင်ငါးပါး မှော်ဝင်ဓားရှိရာသို့ စီးဆင်း ဝင်ရောက် သွားလေသည်။

ဆန်းလျန်သည် သူ၏ ဓားနံဘေးတွင် တင်ပျဉ်ခွေ ထိုင်လျက် ရှိလေသည်။ ကြယ်တာရာ တန်ခိုးစွမ်းအားများ စီးဆင်း ဝင်ရောက်လာသည့် အတွက် သူ၏ခန္ဓာကိုယ် အတွင်းသို့ နွေးထွေးသည့် ရေများ စီးဆင်း ဝင်ရောက် လာသကဲ့သို့ ခံစားနေရလေသည်။ သူ၏ သွေးသားများထဲမှ လှုပ်ရှားသံများကို ကြားနေရပြီး အရိုးများမှာလည်း ပိုပြီး သိပ်သည်းလာသလို ခံစားရလေသည်။

အချိန်ကြာလာသည်နှင့်အမျှ ပူနွေးသော ရေများသည် ပို၍ပို၍ ပူလောင် လာလေသည်။ သို့သော် ကြယ်စင်များထံမှ တန်ခိုးစွမ်းအားများက အဆက်မပြတ် စီးဆင်း ဝင်ရောက်နေဆဲ ဖြစ်လေသည်။ ဆန်းလျန်၏ ခန္ဓာကိုယ်ထဲမှ တန်ခိုး စွမ်းအားများနှင့် ကြယ်စင်များထံမှ တန်ခိုး စွမ်းအားများသည် စတင် ရိုက်ခတ် မိကြလေသည်။

ထိုသို့ ဖြစ်လာမည်ဟု ဆန်းလျန် မျှော်လင့် ထားပြီးသား ဖြစ်လေသည်။

သူက ရုပ်ခန္ဓာကို သန့်စင်သည်ထက် သန့်စင်အောင် ကြိုးစားလိုက်ရင်း ကြယ်စင်များထံမှ တန်ခိုးစွမ်းအားများ အတိုင်း အလိုက်သင့် စီးမျောသွားစေရန် သူ၏ ကိုယ်တွင်းမှ တန်ခိုး စွမ်းအားများကို တွန်းအား ပေးလိုက်လေသည်။

ရုတ်တရက်…

လောကကြီး တစ်ခုလုံး ပြောင်းပြန် လန်သွားသလို ခံစားလိုက်ပြီး…

ဆန်းလျန်သည် စကြဝဠာ တစ်ခုလုံးရှိ ဗဟိုချက်တွင် ခိုင်မာစွာ ရပ်တည်နေသည့် အလား ခံစားလို့ ရသည်။  ဆန်းလျန်၏ ခန္ဓာကိုယ်မှာ ဧရာမဘီလူးကြီး တစ်ကောင်အလား ဖြစ်သွားပြီး အသက်ရှူသံမှာလည်း မုန်တိုင်းတစ်ခု တိုက်ခတ်သည့် အလားပင်။ သူ၏ အသံမှာလည်း မိုးကြိုးသံ အလား ဖြစ်လေသည်။

ကျိုးထျန်းကြယ်စင်မှ တန်ခိုးစွမ်းအားများကို စုပ်ယူပြီး နောက်ပိုင်း သူ၏ ခန္ဓာကိုယ်သည် အဆုံးမရှိ ကြီးထွား လာခဲ့လေသည်။

ကြယ်စင်များ၏ စွမ်းအားကို စုပ်ယူလိုက်ခြင်းဖြင့် ရုပ်ခန္ဓာကြံ့ခိုင်မှု ထိုသို့ မြင့်တက် သွားလိမ့်မည်ဟု ဆန်းလျန် မျှော်လင့်မထားခဲ့မိပေ။ သူက ဒြပ်စင်ငါးပါး မှော်ဝင်ဓားကို ထိန်းချုပ်ရန် အတွက်သာ ကြယ်စင် စွမ်းအားများကို စုပ်ယူခဲ့ခြင်း ဖြစ်လေသည်။

အမှန်တော့ ဆန်းလျန် ထိုသို့ ကြယ်စင် စွမ်းအားများကို ရယူနိုင်ခဲ့ခြင်းမှာ မဟူရာ အဏ္ဏဝါနန်းတော် အပြင်ဘက်ရှိ စင်္ကြံလမ်းလေးတွင် ရေးထွင်းထားသည့် သင်္ကေတများကြောင့် ဖြစ်လေသည်။ သူ့အနေဖြင့် ထိုသင်္ကေတများကို အပြည့်အဝ နားမလည်နိုင်သည့်တိုင် ထိုသင်္ကေတ များထံမှ တာအိုတရား အဓိပ္ပာယ်ကို ရှာဖွေနိုင်ခဲ့လေသည်။

ထိုသင်္ကေတများမှ တာအိုတရား အဓိပ္ပာယ်မှာ နတ်ဘီလူး ကျင့်စဉ်ထက် သာလွန်လေသည်။ ဆန်းလျန်က အပြည့်အဝ နားလည်ခြင်း မရှိသည့်တိုင် နားလည် သလောက်ဖြင့် ကြယ်စင် စွမ်းအားများကို စုပ်ယူရန် အသုံးချခဲ့ခြင်း ဖြစ်လေသည်။

ယခုတော့ သူ၏ ရုပ်ခန္ဓာသည် ကြယ်စင် စွမ်းအားများဖြင့် အထွတ်ထိပ်ထိ သန်စွမ်း ခိုင်မာလာခဲ့ပြီ။

ကျယ်လောင် ရှည်လျားသည့် ဓားခြိမ်းသံကြီးနှင့် အတူ မရေမတွက် နိုင်အောင် များပြားသည့် ဓားဝိညာဉ်များသည် ချင်းရွှမ် ခန်းမဆောင်အတွင်းမှ ပျံသန်း ထွက်ခွာလာလေသည်။ ပတ်ဝန်းကျင် လေထု တစ်ခုလုံးသည် တုန်ခါလျက် ရှိလေ၏။

ခဏအကြာတွင်တော့ ဆန်းလျန်သည် ထိုင်နေရာမှ မတ်တတ် ထရပ်လိုက်လေသည်။ ဓားခြိမ်းသံ တစ်သံ ထွက်ပေါ်လာပြီး ဆန်းလျန်၏ လက်ထဲတွင် ဓားရှည်တစ်လက် ပေါ်လာလေသည်။

ဓားရှည်၏ ပုံသဏ္ဌာန်မှာ ရှေးဟောင်း ဓားတစ်လက် ပုံသဏ္ဌာန်နှင့် ဆင်တူလေသည်။

ဆန်းလျန်သည် ဓားရှည်ကိုကိုင်ကာ ချင်းရွှမ် ခန်းမဆောင် အတွင်းမှ တစ်လှမ်းချင်း လမ်းလျှောက် ထွက်လာလေသည်။

ကျိလင်နတ်သမီးသည် ချင်းရွှမ် ခန်းမဆောင်ရှေ့တွင် ဆန်းလျန်ကို စောင့်နေလေသည်။ လင်ကွမ်း နတ်သမီးက သူမနောက်တွင် ရပ်နေလေသည်။

သူမက အနည်းငယ်တော့ မုန်းတီးမိသည့် ထိုလူငယ်ကို စိုက်ကြည့်နေမိလေသည်။

ဆန်းလျန်သည် အစိမ်းရောင် တာအိုဝတ်စုံကို ရိုးရှင်းစွာ ဝတ်ဆင်ထားလေသည်။ သို့သော် သူ၏ ထက်မြက် စူးရှမှုများကို ထိုဝတ်စုံက ဖုံးကွယ် မထားနိုင်ပါ။ လူတစ်ယောက်သည် သူ့မျက်နှာကို စေ့စေ့ကြည့်ရဲရန်ပင် ခက်ခဲလွန်းလေသည်။

ဆန်းလျန်က ကျိလင်နတ်သမီးကို ဦးညွတ် အရိုအသေ ပေးလိုက်လေသည်။

"ဆရာဘွားဘွား"

ကျိလင်က ခေါင်းတစ်ချက်ညိတ်ကာ အသိအမှတ်ပြုလိုက်ရင်း…

"နောက်သုံးနှစ်နေရင် ကျုန်းစန်းတောင်မှာ ချန်ပေသိုနဲ့ တကယ်ပဲ သွားပြီး ရင်ဆိုင်တော့မယ်ပေါ့"

"ကျွန်တော်မသွားလည်း သူက လာရှာမှာပဲလေ၊ မရှောင်နိုင်မှတော့ လာမယ့်ဘေး ပြေးတွေ့လိုက်ရုံပေါ့"

ဆန်းလျန်က ပြောလိုက်သည်။

"ငါ ထိုက်ယင်းလမ်းစဉ်ကို မကျင့်ခင်ကတည်းက ဒီလူက ရှန်ဝါဒ နတ်ဘုရား တစ်ပါးအဖြစ် သိပ်ကို တန်ခိုးစွမ်းအား ကြီးမားနေခဲ့ပြီ၊ ဒီနေ့အချိန်မှာတော့ ငါတောင် သူ့ကို အနိုင်ရဖို့ သိပ်မသေချာဘူး၊ မင်းမှာ သူ့ကိုအနိုင်ရဖို့ ဘာအစီအစဉ်များ ရှိသလဲ"

ကျိလင် နတ်သမီးက မေးလိုက်သည်။

"ဖြစ်လာသမျှ ရင်ဆိုင်မယ်ဆိုတဲ့ အစီအစဉ်ပဲ ရှိပါတယ်"

ဆန်းလျန်က ပြန်ပြောလိုက်လေသည်။

ထို့နောက် ဆန်းလျန်က လင်ကွမ်းနတ်သမီးကို တစ်ချက် ကြည့်လိုက်ရင်း…

"လင်ကွမ်းနတ်သမီး၊ ချင်းရွှမ်မှာ နေရတာ အသားကျနေပြီလား"

"ကျွန်မက အသားမကျသေးဘူးလို့ ပြောရင် ရှင်က ကျွန်မကို ပြန်လွှတ်ပေးမှာ မို့လို့လား"

လင်ကွမ်း နတ်သမီးက အေးစက်စွာဖြင့် ပြောလိုက်သည်။

ဆန်းလျန်က ခေါင်းကိုခါယမ်းလိုက်ရင်း…

"မလွှတ်ပေးနိုင်ပါဘူးဗျာ"

ကျိလင်နတ်သမီးက ဆန်းလျန်နှင့် စကားအနည်းငယ်ပြောပြီး လင်ကွမ်းနတ်သမီးနှင့် အတူ ကျီဖူတောင်ထိပ်သို့ ပြန်သွား လေတော့သည်။ သူမက မှော်ဝင်ဓားကို သွန်းလောင်း ပြုလုပ်ပြီးသည့်နောက် ဆန်းလျန် အခြေအနေ မည်သို့ရှိမည်ကို စိတ်ပူသည့် အတွက် လာရောက် ကြည့်ရှုခြင်း ဖြစ်လေသည်။ ဆန်းလျန်၏ အခြေအနေက တည်တည်ငြိမ်ငြိမ်နှင့် အဆင်ပြေပြေ ရှိနေသည့်အတွက် သူမလည်း စိတ်ချသွားပြီ ဖြစ်သည်။ သူမအနေဖြင့် ဆန်းလျန်အနားတွင် ထပ်နေစရာ အကြောင်းမရှိပေ။

အမှန်တော့ ကျိလင်နတ်သမီး၏ လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းသည့် စိတ်ထားသည် ဆန်းလျန်၏ စိတ်ထားနှင့် အလွန်ဆင်တူ လေသည်။

ဆန်းလျန်သည် ကျိလင်နတ်သမီး ထွက်ခွာသွားသည်ကို မျက်စိတစ်ဆုံး ငေးကြည့် နေပြီးသည့်နောက် ချင်းရွှမ် ခန်းမဆောင် အတွင်းသို့ ပြန်ဝင်သွားလေသည်။

သူက ထျန်းတိကျန်းမှ တစ်ဆင့် ယွမ်ကျိုးနယ် တစ်ခုလုံးရှိ ကျင့်ကြံသူ လောက၏ သတင်းများကို တစ်ခုချင်း လေ့လာနေလိုက်သည်။

ရှင်သန်စေခြင်း ကျောင်းတော်တွင် ချိုးရှီသည် မဟာမိတ် အင်အားများ စုဆောင်းပြီး ကွမ်းချင်း နတ်ဘုရားဂိုဏ်းကို တွန်းလှန် တိုက်ခိုက်သည့်သတင်းမှာ အံ့သြစရာ မဟုတ်ပေ။

သို့သော် သေစေခြင်း ကျောင်းတော်မှ ဖန်းယန်ယင်းက ကွမ်းချင်း နတ်ဘုရားဂိုဏ်း၏ တိုက်ခိုက်မှုကို တွန်းလှန် လိုက်နိုင်သည်ကတော့ ဆန်းလျန်ကို အလွန်အံ့သြ သွားစေလေသည်။

သေစေခြင်း ကျောင်းတော်တွင် အဆိုးဝါးဆုံး အန္တရယ်ကို ရင်ဆိုင်ရသည့် အချိန်တွင် အကာအကွယ် ပေးနိုင်ရန်အတွက် ဆန်းလျန်က အရံအတားများစွာ ပြုလုပ် ထားခဲ့သော်လည်း ဖန်းယန်ယင်းသည် ထိုအရံအတားများကို တစ်ခုမှ အသုံးပြုခဲ့ခြင်းမရှိပေ။ သူမ၏ ကျင့်စဉ်လမ်းသည် အလွန်ခိုင်မာခဲ့ပြီ ဖြစ်လေသည်။

ဆန်းလျန်သည် ဖန်းယန်ယင်း၏ အပြောင်းအလဲများကို ရှင်းရှင်းလင်းလင်း သိရှိရန်အတွက် သေစေခြင်း ကျောင်းတော်သို့ တစ်ခေါက် သွားကြည့်ရန်လိုသည်ဟု တွေးလိုက်မိသည်။

ထို့ပြင် လင်ကွမ်းနတ်သမီးကို ပြန်လွှတ်ပေးရန်အတွက် ထိုက်စု နတ်ဘုရားဂိုဏ်းနှင့် ထိုက်စန့် နတ်ဘုရားဂိုဏ်းတို့မှ ဖိအားပေးထားသည့် စာများကိုလည်း တွေ့ရလေသည်။ သို့သော် ဆန်းလျန်က ထိုစာများကို ခေါင်းထဲပင် မထည့်ပေ။ အဓိက နတ်ဘုရား ကျောင်းတော်ကြီး လေးခုကြားတွင် အမြဲတမ်း ပဋိပက္ခလေးများ ရှိသည့်တိုင် နှစ်ပေါင်းထောင်နှင့် ချီသည့် ကာလအတွင်းတွင် နားလည်မှု ကိုယ်စီ ရှိခဲ့ကြလေသည်။ ပဋိပက္ခ အနည်းငယ်ဆိုသည်က လင်ထိုင် တာအိုပြိုင်ပွဲတွင် ဖြေရှင်းနိုင်ရန်သာ လိုအပ်သည်။

ယခု အဓိက ပြဿနာမှာ ချင်းရွှမ်နတ်တံခါးနှင့် ကွမ်းချင်း နတ်ဘုရားဂိုဏ်းတို့၏ ပြဿနာ ဖြစ်လေသည်။ ကွမ်းချင်း နတ်ဘုရားဂိုဏ်းတွင် နတ်ဘုရားသုံးပါး ကျန်ရှိနေသေးပြီး ကျင့်ကြံသူ လောကတွင် သြဇာလွှမ်းမိုးလျက် ရှိနေဆဲ ဖြစ်လေသည်။ ထို့ပြင် ကြာပန်းစိမ်း ဂိုဏ်းနှင့် လော်ဖူ နတ်ဘုရားဂိုဏ်း တို့မှာလည်း ရှေ့သို့ ထွက်မလာကြသည့်တိုင် ကွမ်းချင်း နတ်ဘုရားဂိုဏ်းကို ထောက်ခံ နေကြသည့် ဂိုဏ်းများ ဖြစ်လေသည်။ သေးငယ်သည့် ကောင်းကင်ဆိုင်ရာ ဂိုဏ်းအချို့မှာ ကွမ်ကျင်း၏ ထိန်းချုပ်မှုအောက်တွင် ရှိပြီးဖြစ်သည်။

နှစ်ပေါင်းရာနှင့် ချီပြီး တန်ခိုး စွမ်းအား ကျဆင်းနေခဲ့သည့် ချင်းရွှမ် နတ်တံခါးကတော့ ယွမ်ကျိုးနယ် တစ်ခုလုံး၏ ကျင့်ကြံသူ လောကကို ကွမ်းချင်း နတ်ဘုရား ဂိုဏ်းလောက် လွှမ်းမိုးနိုင်ခြင်း မရှိသေးပေ။

ဆန်းလျန်သည် သူ၏ တာအိုကျင့်ကြံသူ စိတ်ထားကို မထိခိုက်စေရန် အတွက် ခေါင်းထဲ သို့ဝင်လာသည့် မကောင်းသော အတွေးမှန်သမျှကို ဖယ်ရှား ပစ်လိုက်လေသည်။

ယခု ရင်ဆိုင်ကြုံတွေ့ရမည့် အရာမှန်သမျှသည် သူ့ဘဝအတွက် စိန်ခေါ်မှုများသာ ဖြစ်လေသည်။ ထိုစိန်ခေါ်မှုများသာ မရှိလျှင် မသေနိုင်သော လောက နတ်ဘုရားတစ်ပါး၏ ဘဝသည် ပျင်းစရာ ကောင်းနေမည် ဖြစ်လေသည်။

ဆန်းလျန်ကတော့ နတ်ဘုရားတစ်ပါး ဖြစ်ရခြင်း၏ အဓိပ္ပာယ်မှာ စိန်ခေါ်မှုများနှင့် ရင်ခုန် စိတ်လှုပ်ရှားစရာများကို ခံစားရန်ဖြစ်သည်ဟု ခံယူထားလေသည်။

ဆန်းလျန်သည် သတင်း အချက်အလက်များနှင့် စာများ အားလုံးကို လက်ခံ ရယူပြီးသည့်နောက် သတင်းစကား တစ်ခုကို အလွန် စိတ်ဝင်စား သွားမိလေသည်။

အခြားမဟုတ်…။

ကျောက်ရှာင်ယွီထံမှ ပေးပို့လိုက်သည့် သတင်းစကား တစ်ခုဖြစ်လေသည်။

***

All Chapters