← Chapters

ရွှီနင်၏ လှုပ်ရှားမှု

Vol. 11 Ch. 101

ရွှီနင်၏ လှုပ်ရှားမှု

Vol. 11 Ch. 101

ရွှီနင်သည် ဒီရေလက်သီးသိုင်းကို တစ်ညလုံး လေ့လာခဲ့သော်လည်း အပြည့်အဝ နားမလည်နိုင်သေးပေ။

အခြား ပြင်ပသိုင်းကျင့်စဉ်များနှင့်မတူဘဲ ဗလာနယ်ပယ် လျှို့ဝှက်နည်းစနစ်တွင် “ဝိသေသ” ကဲ့သို့သော ရှုပ်ထွေးသည့် အစိတ်အပိုင်းများ ပါဝင်နေသည်။ ၎င်းကို အပြည့်အဝနားလည်သဘောပေါက်ပြီး သိုင်းပညာမျက်နှာပြင်ပေါ်တွင် ထည့်သွင်းနိုင်ရန် ရက်အနည်းငယ် ကြာမြင့်ဦးမည် ဖြစ်သည်။

သို့သော် ရွှီနင်ကမူ အလျင်မလိုပေ။

လက်ရှိအချိန်၌ စိတ်ဆန္ဒနယ်ပယ်၏ အင်အားက လုံလောက်နေပြီ ဖြစ်သည်။

အရုဏ်ဦးအချိန်…

ရွှီနင်သည် တစ်နာရီခန့်သာ အိပ်စက်ခဲ့ရသော်လည်း အားအင်များ ပြည့်ဝနေဆဲပင်။

သူ၏ ကျင့်ကြံမှုနယ်ပယ် မြင့်မားလာလေလေ၊ ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်နှုန်းမှာ မြန်ဆန်လေလေ ဖြစ်သည်။

‘ကိုယ်ခံပညာခန်းမထဲက အခြေအနေက နည်းနည်း စိတ်ဓာတ်ကျစရာ ကောင်းနေပါလား’

မနက်စာ စားပြီးနောက် ရွှီနင်သည် ပုံမှန်အတိုင်း အရိပ်လ ကိုယ်ခံပညာခန်းမအတွင်း လှည့်လည်စစ်ဆေးလိုက်သည်။

ယနေ့ ခန်းမတွင် ပုံမှန်ရှိနေကျ တပည့်ဦးရေ၏ ငါးပုံတစ်ပုံခန့်သာ ရှိတော့ကြောင်း သူသတိထားမိလိုက်သည်။

နည်းပြတိုင်းလိုလို၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ရှိနေကြသည်။ သူတို့အားလုံး စိတ်နဲ့ကိုယ် မကပ် ဖြစ်နေကြပုံရသည်။

သို့သော် ရွှီနင် ဖြတ်လျှောက်သွားသောအခါ သူတို့၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက်ရောင်ခြည်များ ယှက်သန်းလာကြသည်။

‘ဂိုဏ်းချုပ်ဟန်က အရိပ်လ ကိုယ်ခံပညာခန်းမမှာ တကယ်ကို လေးစားခံရတာပဲ’

ကိုယ်ခံပညာခန်းမ ဒုက္ခရောက်နေပြီဆိုသည်ကို နည်းပြများလည်း ရိပ်မိနေကြသည်မှာ ထင်ရှားလှပေသည်။

သို့သော် ယခုအချိန်အထိ မည်သူမျှ နှုတ်ထွက်သွားခြင်း မရှိသေးပေ။ ဤကိစ္စနှင့် ပတ်သက်၍ ဟန်ဟူရှောင့်၏ ပုဂ္ဂိုလ်ရေးဆွဲဆောင်မှုကို ရွှီနင် အထူးပင် လေးစားမိသည်။

“ဒုခန်းမသခင်ရွှီ”

ဟန်ယွဲ့သည် နောက်ဖေးခြံဝန်းထဲသို့ ဝင်လာပြီး ရွှီနင်နှင့် တွေ့ဆုံလိုက်သည်။

ဟန်ယွဲ့မှာ အနည်းငယ် ပင်ပန်းနွမ်းနယ်နေပုံရပြီး ဆံပင်များလည်း ရှုပ်ပွနေသည်။

ဒဏ်ရာရထားသော ဟန်ဟူရှောင့်ကို ပြုစုစောင့်ရှောက်ရသည့်အပြင် ကိုယ်ခံပညာခန်းမ၏ စီမံခန့်ခွဲမှု လုပ်ငန်းတာဝန်များကိုပါ သူမ တာဝန်ယူထားရသောကြောင့် ဖြစ်သည်။

“ကိုယ်ခံပညာခန်းမမှာ ဆက်နေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ရွှီနင် ဆက်နေရန်အတွက် ဟန်ဟူရှောင့်က အကျိုးခံစားခွင့်များ ပေးထားသော်လည်း ဟန်ယွဲ့က ကျေးဇူးတင်နေဆဲပင်။

မနေ့က ဟန်ယွဲ့သည် ဖခင်ဖြစ်သူ ကိုယ်စား မြို့ထဲသို့သွား၍ အကူအညီရှာဖွေခဲ့သော်လည်း မည်သည့် ကမ်းလှမ်းချက်မျိုး ပေးသည်ဖြစ်စေ ယခုအချိန်တွင် အရိပ်လ ကိုယ်ခံပညာခန်းမကို ကူညီမည့်သူ မရှိခဲ့ပေ။

သာမန်လူသားနယ်ပယ် အဆင့်ရှစ် စိတ်ဆန္ဒနယ်ပယ် သိုင်းပညာရှင်တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရထားသည်ဆိုလျှင် ရန်သူမှာ အလွန်စွမ်းအားကြီးမားမည်ဖြစ်ကြောင်း လူတိုင်း ကောင်းစွာ သိနားလည်ကြသောကြောင့် ဖြစ်သည်။

ငြင်းပယ်ခံရမှု များလေလေ၊ ဟန်ယွဲ့သည် ရွှီနင့်အပေါ် ပိုမိုကျေးဇူးတင်လေ ဖြစ်သည်။

“အရမ်းကြီး စိတ်မပူပါနဲ့”

ဟန်ယွဲ့၏ စိုးရိမ်ပူပန်မှုကို မြင်လိုက်ရသောအခါ ရွှီနင်က နှစ်သိမ့်သော လေသံဖြင့် ပြောလိုက်သည်။ “အခြေအနေတွေက သိပ်မဆိုးလောက်ပါဘူး”

“အဲဒီလို ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်...”

ဟန်ယွဲ့က ခါးသီးစွာ ပြုံးလိုက်သည်။

“ဂျူနီယာညီမလေး”

တုချဲ့ ရုတ်တရက် ရောက်လာသည်။

သူက ဦးစွာ ရွှီနင်ကို ဂါရဝပြုလိုက်သည်။ “ကိုယ်ခံပညာခန်းမမှာ ဆက်နေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ၊ ကျွန်တော် တကယ်ကို ကျေးဇူးတင်မဆုံးပါဘူး”

“ရပါတယ်၊ ကိစ္စမရှိပါဘူး” ဟု ရွှီနင် ပြန်ပြောလိုက်သည်။

အကြောင်းရင်း မသိရသော်လည်း သူသည် တုချဲ့အပေါ် ခင်မင်စိတ် မရှိလှပေ။

တိကျသော အကြောင်းပြချက်ကိုတော့ သူ မသိပေ။

တုချဲ့၏ ပြောဆိုပြုမူပုံများကို ကြည့်လျှင် သူသည် အရည်အချင်းပြည့်မီသော တပည့်တစ်ဦး ဖြစ်ပုံရသည်။

“သခင်မလေး... ဒုခန်းမသခင်ရွှီ... နည်းပြချုပ်တု”

အရိပ်လ ကိုယ်ခံပညာခန်းမ ဝတ်စုံ ဝတ်ဆင်ထားသော နည်းပြတစ်ဦး ဖြစ်သည်။ သူသည် ဧည့်ခန်းမကို ဖြတ်၍ သူတို့ရှေ့သို့ အလျင်အမြန် ရောက်လာသည်။

“မိုးမခဆောင်မှာ ပြဿနာရှာနေတဲ့လူတွေ ရှိတယ်လို့ သတင်းရပါတယ်”

နည်းပြက အလျင်အမြန် ဆက်ပြောသည်။ “ပြဿနာရှာတဲ့လူတွေ အများကြီးပဲတဲ့၊ ပြီးတော့ အကုန်လုံးက သိုင်းပညာရှင်တွေဆိုတော့ မိုးမခဆောင်က အစောင့်တွေက သူတို့ကို မယှဉ်နိုင်ကြဘူးတဲ့”

“မိုးမခဆောင်မှာ ပြဿနာလာရှာတာလား”

ဟန်ယွဲ့၏ မျက်နှာပျက်သွားသည်။

မိုးမခဆောင်သည် ဖန်ဟွားလမ်းမပေါ်ရှိ အပျော်မယ်ရုံတစ်ခုဖြစ်ပြီး အရိပ်လ ကိုယ်ခံပညာခန်းမက ရှယ်ယာအချို့ ပိုင်ဆိုင်ထားသည်။

ယခင် သဘောတူညီချက်အရ မိုးမခဆောင်မှ မဖြေရှင်းနိုင်သော ပြဿနာရှိလာပါက အရိပ်လ ကိုယ်ခံပညာခန်းမမှ လူလွှတ်၍ ဖြေရှင်းပေးရမည် ဖြစ်သည်။

ချွင်းလင်ခရိုင်တွင် လူသတ်မှုမဖြစ်ပွားသရွေ့ ဖုန်၊ ရှောင်း၊ ရဲ့ မိသားစုတပ်များဖြင့် ဖွဲ့စည်းထားသော မြို့စောင့်တပ်သည် ပြည့်တန်ဆာရုံတွင် ရန်ဖြစ်ခြင်းကဲ့သို့သော သေးမွှားသည့်ကိစ္စရပ်များကို ဂရုစိုက်လေ့ မရှိပေ။

ချွင်းလင်ခရိုင် တည်ငြိမ်အေးချမ်းမှုသည် အင်အားစုကြီးငယ် အသီးသီး၏ အပြန်အလှန် ညှိနှိုင်းမှုရလဒ် ဖြစ်သည်။

ထို့ကြောင့်ပင် ချွင်းလင်ခရိုင်၌ ကိုယ်ခံပညာအဖွဲ့အစည်းများ အလွန်ပေါများနေခြင်း ဖြစ်သည်။

“ရောက်လာကြပြီကိုး...”

ရွှီနင် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

မနေ့က ဟန်ဟူရှောင့် အပြင်းအထန် ဒဏ်ရာရခဲ့ပြီး ယနေ့တွင် မိုးမခဆောင်၌ ပြဿနာ လာရှာကြသည်။

ပြဿနာရှာသူများ၏ နောက်ကွယ်တွင် အရိပ်လ ကိုယ်ခံပညာခန်းမ ကျဆုံးအောင် ကြိုးပမ်းနေသူများ ရှိနေကြောင်း သံသယဖြစ်ဖွယ် မရှိပေ။

“သွားကြည့်ရအောင်”

သူ့စွမ်းရည်ကို ပြသရမည့်အချိန်ရောက်ပြီဟု ရွှီနင် သိလိုက်သည်။

“ကျွန်တော်လည်း လိုက်မယ်”

တုချဲ့ကလည်း တက်ကြွစွာ တုံ့ပြန်လိုက်သည်။

“အစ်ကို... အစ်ကိုက ခန်းမမှာပဲ နေခဲ့ပါ၊ ညီမ ဒုခန်းမသခင်ရွှီနဲ့ လိုက်သွားလိုက်မယ်”

ဟန်ယွဲ့က တုချဲ့ကို ပြောလိုက်သည်။

တုချဲ့ မျက်မှောင်ကြုတ်သွားသည်။ “ဒါပေမဲ့...”

“အဖေနဲ့ ခန်းမကို စောင့်ရှောက်ဖို့ အစ်ကို ဒီမှာပဲ နေခဲ့ပါ”

ဟန်ယွဲ့သည် နောက်ကွယ်မှ လက်သည်ကို သိချင်နေသော်လည်း ကိုယ်ခံပညာခန်းမ၏ အခြေအနေကိုလည်း စိုးရိမ်နေမိသည်။

မနေ့က ဖုန်ချန်ယွီနှင့် တွေ့ဆုံရန် ဟန်ဟူရှောင့်သည် ဒဏ်ရာကို ခေတ္တထိန်းပေးသည့် ဆေးလုံးကို အတင်းအဓမ္မ သောက်သုံးခဲ့ရသည်။ ယခုအခါ ဆေးအရှိန်ကုန်သွားပြီဖြစ်၍ ဒဏ်ရာများ ပိုဆိုးလာကာ ဟန်ဟူရှောင့်၏ အခြေအနေမှာ အလွန်ဆိုးရွားနေလေသည်။

“ကောင်းပြီလေ...”

တုချဲ့ နောက်ဆုံးတော့ လက်လျော့လိုက်သည်။

ရွှီနင်နှင့် ဟန်ယွဲ့တို့ အပြင်သို့ ထွက်သွားကြသည်။

တုချဲ့သည် ထွက်ခွာသွားသော လူနှစ်ဦးကို ခံစားချက်မပါသော မျက်နှာထားဖြင့် ကြည့်နေခဲ့သည်။

သူတို့နှစ်ဦး ပျောက်ကွယ်သွားပြီးနောက်တွင်မူ တုချဲ့ မဲ့ပြုံးပြုံးလိုက်လေသည်။

…

ခရိုင်မြို့လေးသည် ယခင်အတိုင်း စည်ကားနေဆဲပင်။

လမ်းမများကို ဖြတ်ကျော်ပြီးနောက် ဟန်ယွဲ့က ရွှီနင်ကို ဖန်ဟွားလမ်းသို့ ခေါ်ဆောင်လာခဲ့သည်။

မကြာမီတွင် ဖန်ဟွားလမ်းရှိ မိုးမခဆောင်ကို သူတို့ တွေ့ရှိသွားကြသည်။

မိုးမခဆောင် တံခါးဝသို့ ရောက်သည်နှင့် အစောင့်တစ်ဦး စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။

အရိပ်လ ကိုယ်ခံပညာခန်းမ ဝတ်စုံ ဝတ်ဆင်ထားသော ရွှီနင်နှင့် ဟန်ယွဲ့ကို မြင်လိုက်ရသောအခါ အစောင့်က စိုးရိမ်တကြီး မေးလိုက်သည်။ “ခင်ဗျားတို့နှစ်ယောက်တည်း လာတာလား၊ အထဲက ပြဿနာရှာတဲ့ကောင်တွေက သာမန်မဟုတ်ဘူးဗျ”

“ငါတို့နှစ်ယောက်ဆို လုံလောက်ပါပြီ”

ရွှီနင်က အစောင့်ကို တစ်ချက်ကြည့်ကာ မိုးမခဆောင်ထဲသို့ တန်းတန်းမတ်မတ် ဝင်သွားလိုက်သည်။

တံခါးပေါက်ကို ကျော်ဖြတ်ပြီးနောက် ရွှီနင် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်မိသည်။

မိုးမခဆောင်၏ အတွင်းပိုင်း အပြင်အဆင်မှာ ရိုးရှင်းပြီး ခမ်းနားတင့်တယ်လှသည်။ ကာမဂုဏ်လိုက်စားရာနေရာနှင့် မတူပေ။

သို့သော် ရွှီနင် ဆက်ကြည့်လိုက်ရာ ရန်ဖြစ်သံများကို ကြားလိုက်ရသည်။

ရွှီနင် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်ပြီး ဟန်ယွဲ့က နောက်မှ ကပ်လိုက်လာသည်။

တံခါးပေါက်ကို ကျော်ဖြတ်ပြီးသည်နှင့် အစောင့်ဝတ်စုံ ဝတ်ဆင်ထားသူအချို့ မြေပြင်ပေါ် လဲကျနေသည်ကို ရွှီနင် တွေ့လိုက်ရသည်။

သူတို့ရှေ့တွင် လက်နက်များ ကိုယ်စီကိုင်ဆောင်ထားသော လူအချို့က ကျယ်လောင်စွာ အော်ဟစ်နေကြသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ရက်စက်ကြမ်းကြုတ်မည့်ပုံ ပေါက်နေသည်။

အထူးသဖြင့် ခေါင်းဆောင်နှစ်ယောက်အနက် တစ်ဦးမှာ အစိမ်းရောင် လက်ပြတ်အင်္ကျီကို ဝတ်ဆင်ထားပြီး ကြွက်သားများ ပြည့်နှက်နေကာ ကျန်တစ်ဦးမှာ အင်္ကျီလက်တို ဝတ်ဆင်ထားပြီး ဘောလုံးကဲ့သို့ ဝိုင်းစက်သော ခန္ဓာကိုယ် ရှိသည်။ နှစ်ယောက်စလုံး ကြမ်းတမ်းသော ရုပ်သွင်ရှိပြီး မောက်မာသော အငွေ့အသက်များ ထွက်ပေါ်နေသည်။ သူတို့သည် စွမ်းအားကြီးသော သိုင်းပညာရှင်များဖြစ်ကြောင်း သိသာလှ၏။

ဧည့်သည်များသည် အဝေးမှနေ၍ စိတ်ဝင်တစား ကြည့်ရှုနေကြပြီး အပျော်မယ်များမှာမူ သူတို့၏ လုံခြုံရေးအတွက် စိုးရိမ်နေကြသည်။

“သခင်တို့ရယ်... ကျေးဇူးပြုပြီး ရပ်တန်းက ရပ်ကြပါတော့”

ယပ်တောင်ကို ကိုင်ထားသော အမျိုးသမီးကြီးသည် စိုးရိမ်နေပုံရသည်။ “ကျွန်မတို့ဆီက မိန်းကလေးတွေက အနုပညာကိုပဲ ရောင်းစားကြတာပါ၊ ကိုယ်ခန္ဓာကို မရောင်းစားပါဘူး။ တကယ်လို့ အဲဒီလို ဝန်ဆောင်မှုမျိုး လိုချင်ရင် တခြားနေရာ သွားနိုင်ပါတယ်။ ဒီနေ့ ဖျော်ဖြေမှုအတွက် ပိုက်ဆံမယူတော့ပါဘူး”

“ပိုက်ဆံယူချင်သေးတာလား”

အစိမ်းရောင်အင်္ကျီနှင့် သိုင်းပညာရှင်က မဲ့ပြုံးပြုံးလိုက်သည်။ “ခင်ဗျားတို့ မိန်းမတွေကိစ္စ ထားလိုက်စမ်းပါ၊ ကျုပ်ညီ ဒဏ်ရာရသွားတာကျတော့ ဘယ်လိုလုပ်မလဲ”

ပြောရင်းဆိုရင်း သူက သူ့နောက်မှ လူကို ညွှန်ပြလိုက်သည်။

ထိုအချိန်တွင် ထိုလူက သူ့လက်မောင်းကို ချက်ချင်း ဆုပ်ကိုင်ပြီး ညည်းညူပြလိုက်သည်။ ဟန်ဆောင်နေမှန်း သိသာလှသည်။

အမျိုးသမီးကြီးခမျာ ငိုချင်သွားသည်။ စောစောက ရန်ပွဲတွင် သူမတို့ဘက်က နစ်နာခဲ့ရသည်မှာ ထင်ရှားလှသည်။

ထို့အပြင် မြေကြီးပေါ်တွင် မထနိုင်ဘဲ လဲကျနေသော အစောင့်များလည်း ရှိနေသေးသည်။

သူတို့ ပြဿနာ လာရှာနေကြမှန်း သိသာလှသည်။

အမျိုးသမီးကြီး စိုးရိမ်ပူပန်နေစဉ် ခေါင်းလှည့်လိုက်ရာ အရိပ်လ ကိုယ်ခံပညာခန်းမ ဝတ်စုံ ဝတ်ဆင်ထားသူတစ်ဦး ဝင်လာသည်ကို ရုတ်တရက် မြင်လိုက်ရသည်။

သူမ ပထမတော့ စိတ်သက်သာရာ ရသွားသော်လည်း ရင်းနှီးခြင်းမရှိသော လူငယ်တစ်ယောက် ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ထိတ်လန့်သွားရသည်။

‘အရိပ်လ ကိုယ်ခံပညာခန်းမက ဘာလို့ ဒီလောက်ငယ်တဲ့ သိုင်းသမားကို လွှတ်လိုက်ရတာလဲ၊ ဒီလူငယ်လေးက ပြဿနာရှာတဲ့လူတွေကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ’

All Chapters