တတိယသခင်မလေးဖုန်၏ အံ့အားသင့်မှု
Vol. 11 Ch. 109
“စိန်ခေါ်သူတွေ ရောက်နေပြီ”
လမ်းမပေါ်တွင် လူအုပ်ကြီးက ပိုမိုများပြားလာလေသည်။
လူအတော်များများက ဝိုင်းအုံကြည့်နေကြသည်။ ကိုယ်ခံပညာခန်းမတစ်ခုအား လာရောက်စိန်ခေါ်သည်ကို မြင်ရခဲသဖြင့် မြို့ထဲရှိလူများကလည်း လာရောက်ကြည့်ရှုကြခြင်း ဖြစ်ပေသည်။
ချူရွှယ်ကိုယ်ခံပညာခန်းမ၏ တံခါးများ ဖြည်းညင်းစွာ ပွင့်လာခဲ့လေပြီ။
ချူးရွှယ်ကိုယ်ခံပညာခန်းမ၏ ခေါင်းဆောင်နည်းပြသည် မျက်နှာပျက်ပျက်ဖြင့် ထွက်လာလေသည်။ မနက်စောစောစီးစီး စိန်ခေါ်ခံရခြင်းမှာ မည်သူ့အတွက်မျှ စိတ်ချမ်းသာစရာ မဟုတ်ချေ။
“အရိပ်လကိုယ်ခံပညာခန်းမက ငါတို့ကို လာစိန်ခေါ်တာလား”
ခေါင်းဆောင်နည်းပြက လှောင်ပြုံးပြုံးလိုက်သည်။ သူတို့၏ ခန်းမသခင် ရွှဲချွင်ထုန်မှာ ရွှီနင်ကို ချောင်းမြောင်းတိုက်ခိုက်စဉ် အသတ်ခံလိုက်ရသည်ကို သူ မသိသေးသည်မှာ ထင်ရှားလှပေသည်။
ရွှဲချွင်ထုန်သည် သူ၏အစီအစဉ်ကို ခန်းမထဲရှိ လူအနည်းငယ်ကိုသာ ပြောပြခဲ့ပြီး ထိုသူများမှာ ခန်းမ၏ အဆင့်မြင့်အရာရှိများသာ ဖြစ်ကြသည်။
“မင်းတို့ ခေါင်းဆောင်ကို ထွက်လာခိုင်းလိုက်စမ်း”
ရွှီနင်က ရှေ့သို့ တစ်လှမ်းတက်လိုက်ပြီး ခေါင်းဆောင်နည်းပြကို တွန်းထုတ်လိုက်သည်။ “ငါ သူ့ဆီကနေ သိုင်းပညာ သင်ယူချင်လို့”
“မင်းက ဘယ်သူလဲ”
ချူးရွှယ်ကိုယ်ခံပညာခန်းမမှ နည်းပြများသည် နောက်ဖေးခြံဝင်းထဲမှ ရှေ့ခန်းသို့ ထွက်လာကြသည်။ နှစ်ဖက်စလုံးမှ နည်းပြများသည် အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်သည့်အလား တစ်ဦးကိုတစ်ဦး ရန်လိုစွာ စိုက်ကြည့်နေကြလေသည်။
“ငါက အရိပ်လကိုယ်ခံပညာခန်းမရဲ့ ဒုတိယခန်းမသခင် ရွှီနင်ပဲ”
ရွှီနင်က သူ၏အမည်ကို ဖုံးကွယ်မထားဘဲ တိုက်ရိုက်ပင် ထုတ်ဖော်ပြောဆိုလိုက်လေသည်။ ထိုစကားကြောင့် တစ်ဖက်လူ၏ အရှိန်အဝါများ လျော့ကျသွားခဲ့ရပြီ။
ရွှီနင်မှာ ဒုတိယခန်းမသခင် ဖြစ်သဖြင့် ခေါင်းဆောင်နည်းပြတစ်ဦးအနေဖြင့် သူ့ကို ယှဉ်နိုင်စွမ်း လုံးဝမရှိပေ။
ချူရွှယ်ကိုယ်ခံပညာခန်းမမှ နည်းပြများ ဘာလုပ်ရမှန်းမသိ ဖြစ်နေစဉ်မှာပင် နောက်ဖေးခြံဝင်းထဲမှ အခြားလူတစ်ယောက် ထွက်လာပြန်သည်။ ထိုသူမှာ သိုင်းဝတ်စုံဝတ်ဆင်ထားပြီး ဆံပင်ကို မြင့်မြင့်စည်းထားသော သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး ဖြစ်သည်။
“အရိပ်လကိုယ်ခံပညာခန်းမက ရွှီနင်လား”
အမျိုးသမီးသည် ရွှီနင်၏ မိတ်ဆက်မှုကို ကြားလိုက်ရသဖြင့် အံ့အားသင့်သွားသည့် ပုံစံရှိလေသည်။ သူမမှာ ချူးရွှယ်ကိုယ်ခံပညာခန်းမ၏ ဒုတိယခန်းမသခင် တင်းကျန့်ချုံ ဖြစ်ပေသည်။
ရွှဲချွင်ထုန်နှင့် ရှဲ့နင်ဟယ်တို့ ယနေ့မနက်တွင် ရွှီနင်ကို သွားရောက်တိုက်ခိုက်မည်ကို သူမ သိထားသည်။ သို့သော် ယခုအခါ ဤလူက သူကိုယ်တိုင် ရွှီနင်ဖြစ်ကြောင်း ပြောနေသဖြင့် တင်းကျန့်ချုံမှာ အနည်းငယ် ဝေခွဲမရ ဖြစ်သွားလေသည်။
‘ရွှီနင်က ဒီနေ့ မြို့ပြင်ကို ထွက်မသွားဘူးလား’
တင်းကျန့်ချုံက တွေးတောနေမိ၏။ ‘တကယ်လို့ ဒီလူက မြို့ပြင်ကို ထွက်မသွားဘူးဆိုရင် ခန်းမသခင်က ဘာလို့ အခုထိ ပြန်မရောက်သေးတာလဲ’
“ဟုတ်တယ်၊ ငါက ရွှီနင်ပဲ”
ရွှီနင်က တင်းကျန့်ချုံကို စိုက်ကြည့်လိုက်သည်။ တင်းကျန့်ချုံက သူမ၏ အရှိန်အဝါကို ဖုံးကွယ်မထားသဖြင့် သူမသည်လည်း စိတ်ဆန္ဒနယ်ပယ်မှ သိုင်းပညာရှင်တစ်ဦး ဖြစ်ကြောင်း ရွှီနင် အလွယ်တကူ သိလိုက်သည်။
သို့သော် သူမမှာ ထိုနယ်ပယ်သို့ ရောက်ရှိသည်မှာ မကြာသေးပုံရလေသည်။
“မင်းက စိတ်ဆန္ဒနယ်ပယ်ကဆိုတော့ အတော်ပဲ။ မင်းက အရမ်းအားနည်းနေပြီး ငါ့စိန်ခေါ်မှုကို ငြင်းမှာ စိုးနေတာ”
ရွှီနင်က သူမကို စိန်ခေါ်လိုက်သည်။ “ငါနဲ့ ယှဉ်ပြိုင်ပေးပါဦး။ တကယ်လို့ မင်း ငြင်းမယ် ဒါမှမဟုတ် ရှုံးမယ်ဆိုရင် ချူးရွှယ်ကိုယ်ခံပညာခန်းမရဲ့ ဆိုင်းဘုတ်ကို ငါ့လက်ထဲ အပ်ရလိမ့်မယ်”
ထိုစကားကို ကြားသောအခါ တင်းကျန့်ချုံ မျက်မှောင်ကြုတ်သွားသည်။ ယေဘုယျအားဖြင့် ကိုယ်ခံပညာခန်းမများအကြား စိန်ခေါ်မှုများတွင် ရှုံးနိမ့်သူမှာ ဂုဏ်သိက္ခာ အနည်းငယ် ကျဆင်းရုံသာ ရှိတတ်သည်။ အကယ်၍ သူက ဆိုင်းဘုတ်ကို လာရောက်သိမ်းပိုက်ခြင်း ဖြစ်ပါက ၎င်းမှာ တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပေသည်။
“နောက်ဖေးခြံဝင်းကို လာခဲ့ပါ”
တင်းကျန့်ချုံမှာ ခက်ခဲသော အခြေအနေနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ သူမ၏ ရင်ထဲတွင်လည်း မကောင်းသော ခံစားမှုတစ်ခု ခံစားနေရသည်။
“ဒီနေရာမှာပဲ လုပ်ကြစို့၊ ဟိုဟိုဒီဒီ သွားမနေတော့နဲ့”
ရွှီနင်က လက်ကာပြလိုက်ရာ အရိပ်လကိုယ်ခံပညာခန်းမမှ ခေါင်းဆောင်နည်းပြက နေရာလွတ်တစ်ခု ပြုလုပ်ပေးလိုက်လေသည်။
အပြင်ဘက်မှ လူအုပ်ကြီးမှာလည်း ခဏကြာသည်အထိ လက်ခုပ်ဩဘာ ပေးနေကြပြီး တိုက်ပွဲကို ကြည့်ရှုရန် စိတ်လှုပ်ရှားနေကြတော့သည်။
“ဒါဆိုရင်လည်း လာလေ”
တင်းကျန့်ချုံ၏ မျက်နှာမှာ ဖြူဖျော့နေလေသည်။ ချူရွှယ်ကိုယ်ခံပညာခန်းမမှ နည်းပြများသည်လည်း နေရာပေးရန်အတွက် နောက်သို့ ဆုတ်ပေးလိုက်ကြလေသည်။
‘ဒီလူက ရင်ဆိုင်ရ လွယ်မှာမဟုတ်ဘူး’
တင်းကျန့်ချုံက ရွှီနင်ကို သတိထား၍ ကြည့်လိုက်သည်။ သူမမှာ ခန်းမသခင် ရွှဲချွင်ထုန် အမြန်ပြန်လာရန်သာ မျှော်လင့်နေမိတော့သည်။
“ဒုတိယခန်းမသခင်ရွှီ၊ ခွင့်လွှတ်ပါဦး”
တင်းကျန့်ချုံက စတင်တိုက်ခိုက်လိုက်သည်။ သူမ ပြီးပြည့်စုံသောအဆင့်အထိ တတ်မြောက်ထားသည့် တစ်ခုတည်းသော ပြင်ပသိုင်းပညာမှာ လက်ဝါးသိုင်းနည်းစနစ်တစ်ခု ဖြစ်လေသည်။
တင်းကျန့်ချုံမှာ လျင်မြန်ဖြတ်လတ်လှသည်။ သူမသည် ရွှီနင်၏ ရှေ့သို့ ပြေးဝင်သွားပြီး ရွှီနင်၏ ရင်ဘတ်ကို လက်ဝါးဖြင့် ရိုက်ပုတ်လိုက်၏။
ရွှီနင်ကမူ ရှောင်တိမ်းရန် မကြိုးစားဘဲ လက်သီးတစ်ချက်ဖြင့်သာ တုံ့ပြန်လိုက်လေသည်။
လက်သီးနှင့် လက်ဝါး ရိုက်ခတ်မိသွားသည်။
ဒုန်း…
တင်းကျန့်ချုံမှာ နောက်သို့ လွင့်ထွက်သွားပြီး နံရံနှင့် ဆောင့်မိကာ ပါးစပ်မှ သွေးများ ထွက်လာတော့သည်။
ခဏချင်းမှာပင် အပြင်ဘက်မှ လူအုပ်ကြီးမှာ တိတ်ဆိတ်သွားသည်။
ခဏအကြာတွင်မှ အားလုံးက အော်ဟစ်အားပေးကြတော့သည်။
တံခါးအပြင်ဘက်မှ ကြည့်ရှုသူများနှင့် အရိပ်လကိုယ်ခံပညာခန်းမမှ နည်းပြများမှာ ဟိန်းဟောက်ကာ အောင်ပွဲခံကြလေသည်။
ချူရွှယ်ကိုယ်ခံပညာခန်းမမှာမူ တိတ်ဆိတ်နေလေသည်။
“ဒါဆိုရင် ကိစ္စပြီးပြီ”
ရွှီနင်က ဟန်ယွဲ့ကို ကြည့်ကာ “ဆိုင်းဘုတ်ကို ဖြုတ်ယူလိုက်” ဟု ပြောလိုက်သည်။
“နားလည်ပါပြီ”
ဟန်ယွဲ့က ပြုံးလျက် ရွှီနင်ကို ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများထဲတွင် ကြည်ညိုလေးစားမှုများ ပိုမိုနက်ရှိုင်းလာခဲ့လေပြီ။
ရွှီနင်၏ ထူးခြားချက်မှာ သူ၏ ခွန်အားသာမကဘဲ သူ၏ တိုးတက်မှု အရှိန်အဟုန်မှာလည်း ကြောက်ခမန်းလိလိ ဖြစ်ပေသည်။
“ခဏစောင့်ဦး”
ထိုအချိန်တွင် ချူးရွှယ်ကိုယ်ခံပညာခန်းမဘက်မှ အသက်ကြီးပိုင်း နည်းပြတစ်ဦး ထွက်လာသည်။
“ဆိုင်းဘုတ်ကို ဖြုတ်ယူမယ်ဆိုတာက အဓိပ္ပာယ်မရှိတာပဲ။ စည်းကမ်းတွေအရ ကိုယ်ခံပညာခန်းမတစ်ခုရဲ့ ဆိုင်းဘုတ်ကို ဖြုတ်ချင်ရင် အဲဒီခန်းမမှာ အသန်မာဆုံးလူကို အနိုင်ယူရမယ်။ ငါတို့ ခန်းမသခင်က အခု ဒီမှာမရှိသေးဘူး၊ မင်းက သူ့ကို အနိုင်မယူရသေးဘဲနဲ့ ဘာအကြောင်းပြချက်နဲ့ ငါတို့ဆိုင်းဘုတ်ကို ယူမှာလဲ”
“မင်းတို့ ခန်းမသခင်လား”
ရွှီနင်က ထိုလူကို ကြည့်လိုက်ပြီးနောက် မတ်တတ်ရပ်ရန် ကြိုးစားနေသော တင်းကျန့်ချုံဆီသို့ အကြည့်လွှဲလိုက်သည်။ “သူ ပြန်လာမှာ မဟုတ်တော့ဘူး”
‘ပြန်လာမှာ မဟုတ်တော့ဘူး ဟုတ်လား’
အခြားသူများ ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် တင်းကျန့်ချုံ၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားပြီး မျက်နှာမှာ ချက်ချင်းဆိုသလို ဖြူဖျော့သွားတော့သည်။
တင်းကျန့်ချုံ၏ စိတ်ထဲတွင် ဗလာဖြစ်သွားသည်။
သူမသည် ရွှီနင်၏ စောစောက အစွမ်းကို ပြန်တွေးကြည့်ပြီးနောက် ရွှီနင်၏ စကားကို နားလည်သွားခဲ့သည်။
ရွှဲချွင်ထုန် ဘာကြောင့် ပြန်မလာသည်ကို သူမ သိလိုက်ပြီ ဖြစ်သည်။
‘ခန်းမသခင် ရွှဲချွင်ထုန်က ရွှီနင်ကို တိုက်ခိုက်ဖို့ ကြိုးစားရင်း ရှုံးနိမ့်သွားပြီ။ သူကတော့...’
“မင်းက...”
နည်းပြက ရွှီနင်နှင့် ဆက်လက် ငြင်းခုံချင်နေသေးသော်လည်း တင်းကျန့်ချုံက ရုတ်တရက် တားဆီးလိုက်သည်။ “ပါးစပ်ပိတ်စမ်း။ သူ့ကို ပေးယူလိုက်”
“ဘာ...”
ချူးရွှယ်ကိုယ်ခံပညာခန်းမဘက်မှ နည်းပြများအားလုံး ဝေခွဲမရ ဖြစ်သွားကြလေသည်။
“ငါပြောနေတယ်လေ၊ အားလုံး ပါးစပ်ပိတ်ထားကြ။ သူ့ကို ပေးယူလိုက်လို့” တင်းကျန့်ချုံက လူတိုင်းကို အေးစက်စွာ စိုက်ကြည့်လျက် ပြောလိုက်သည်။ ရှေ့ခန်းတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။
တင်းကျန့်ချုံသည် ရွှီနင်က ချူးရွှယ်ကိုယ်ခံပညာခန်းမသို့ လာရောက်ခြင်းမှာ စိန်ခေါ်ရန် သက်သက်မဟုတ်ဘဲ ခန်းမတစ်ခုလုံးကို ဖျက်ဆီးပစ်ရန် ဖြစ်ကြောင်း နောက်ဆုံးတွင် နားလည်သွားခဲ့ပြီ။
“ဟန်ယွဲ့၊ ဆိုင်းဘုတ်ကို ယူပြီးရင် ဒီမှာ ခေတ္တနေခဲ့ဦး”
ရွှီနင်က ဆက်ပြောလိုက်သည်။ “နောက်ဆက်တွဲ ကိစ္စတွေအတွက် ဒုတိယခန်းမသခင်နဲ့ ဆွေးနွေးလိုက်ပါ”
ရွှီနင်၏ စကားမှာ ဝိုးတဝါးနိုင်လှသဖြင့် ထိုနေရာရှိ လူအများစုမှာ နားမလည်ကြပေ။ သို့သော် ချူးရွှယ်ကိုယ်ခံပညာခန်းမမှာ အစိတ်စိတ်အမွှာမွှာ ခွဲဝေခံရတော့မည်ကို တင်းကျန့်ချုံ သိလိုက်ချေပြီ။
ချူရွှယ်ကိုယ်ခံပညာခန်းမမှ ထွက်ခွာပြီးနောက် ရွှီနင်သည် ဖုန်းဟယ်ကိုယ်ခံပညာခန်းမသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။ ရွှီနင် ဖုန်းဟယ်ကိုယ်ခံပညာခန်းမသို့ ရောက်သောအခါ ထိုနေရာမှာ လူသူကင်းမဲ့နေသည်ကို တွေ့လိုက်ရ၏။
ကုန်သည်အဖွဲ့အသွင် ဆောင်ထားသော ဖုန်းဟယ်ကိုယ်ခံပညာခန်းမမှ နည်းပြများသည် မြို့ထဲသို့ ပြန်လည်ထွက်ပြေးလာကြပြီး ရွှီနင်က ရှဲ့နင်ဟယ်နှင့် ရွှဲချွင်ထုန်တို့ကို သတ်လိုက်သည့် သတင်းကို သယ်ဆောင်လာခဲ့ကြခြင်း ဖြစ်သည်။ ထိုသတင်းကြောင့် ဖုန်းဟယ်ကိုယ်ခံပညာခန်းမမှ နည်းပြများမှာ ကြောက်လန့်တကြား ထွက်ပြေးကုန်ကြခြင်း ဖြစ်သည်။
ထိုအခြေအနေကို မြင်သောအခါ ရွှီနင်မှာ အံ့အားသင့်သွားရသည်။ သူသည် လူတစ်ယောက်အား ခန်းမဆိုင်းဘုတ် ဖြုတ်ယူခိုင်းလိုက်ပြီး ရှဲ့နင်ဟယ်နှင့် တုချဲ့တို့ ဆက်သွယ်ထားသည့် အထောက်အထားများကို ယူဆောင်ကာ အရိပ်လကိုယ်ခံပညာခန်းမသို့ ပြန်လာခဲ့လေသည်။
နောက်တစ်ဆင့်မှာ ခရိုင်မြို့ရှိ အခြားအဖွဲ့အစည်းများ မရိပ်မိခင်မှာပင် ချူးရွှယ်ကိုယ်ခံပညာခန်းမနှင့် ဖုန်းဟယ်ကိုယ်ခံပညာခန်းမတို့ကို သိမ်းပိုက်ရန် ဖြစ်ပေသည်။
ရွှီနင်သည် ဤသို့သော ကိစ္စရပ်များတွင် ကျွမ်းကျင်သူမဟုတ်သဖြင့် ဟန်ယွဲ့နှင့် ခန်းမထဲရှိ အခြားလူများကိုသာ လွှဲအပ်ထားလိုက်တော့သည်။
ယခုအခါ ရွှီနင်မှာ ကိစ္စရပ်များအားလုံး ပြီးဆုံးသည်အထိ စောင့်ဆိုင်းပြီး သူရရှိမည့် အကျိုးအမြတ်များကိုသာ ရယူရန် လိုအပ်တော့သည်။ နောက်ရက်အနည်းငယ်အတွင်း အရိပ်လကိုယ်ခံပညာခန်းမသည် ချူးရွှယ်ကိုယ်ခံပညာခန်းမနှင့် ဖုန်းဟယ်ကိုယ်ခံပညာခန်းမတို့ကို သိမ်းပိုက်လိုက်လေသည်။
ထိုသတင်းမှာ ခရိုင်မြို့ရှိ သိုင်းလောကအတွင်းသို့ လျင်မြန်စွာ ပျံ့နှံ့သွားလေတော့သည်။ အရိပ်လကိုယ်ခံပညာခန်းမသည် သာမန်အဖွဲ့အစည်းတစ်ခုအဖြစ်မှ ချွင်းလင်ခရိုင်ရှိ အဓိကမိသားစုကြီး သုံးခုပြီးလျှင် အင်အားအကြီးဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့လေပြီ။ ရွှီနင်၏ အမည်မှာလည်း သိုင်းပညာရှင်အများအပြား၏ လေးစားမှုကို ခံလာရလေသည်။
ချွင်းလင်ခရိုင်။ ဖုန်မိသားစု။
တတိယသခင်မလေးဖုန်၏ အိပ်ဆောင်…
“သခင်မလေး”
အစေခံမလေးတစ်ဦး အပြင်မှ ဝင်လာပြီး ဖုန်ချန်ယွီကို ဦးညွှတ်လိုက်သည်။ ဖုန်ချန်ယွီသည် သူမ၏ လှပသော ခန္ဓာကိုယ်အလှကို ပေါ်လွင်စေသည့် ပါးလွှာသော ဝတ်စုံကို ဝတ်ဆင်ထားလေသည်။
“ခုနလေးတင် လူတစ်ယောက် ရောက်လာပြီး စတုတ္ထသခင်လေးက သခင်ကြီးဆီမှာ မိသားစုပိုင် သတ္တုတွင်းအသစ်ကို စီမံခန့်ခွဲပိုင်ခွင့် တောင်းဆိုနေတယ်လို့ ပြောပါတယ်”
ထိုစကားကို ကြားသောအခါ ဖုန်ချန်ယွီ မျက်မှောင်ကြုတ်သွားသည်။
“အဖေက သဘောတူလိုက်ပြီလား”
ဖုန်ချန်ယွီက အေးစက်စက် မေးလိုက်သည်။
“မတူသေးပါဘူး၊ သခင်ကြီးက စဉ်းစားနေတုန်းပါပဲ” ဟု အစေခံမလေးက ပြန်ဖြေလေသည်။ ဖုန်ချန်ယွီက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး မကျေမနပ်ဖြစ်နေသည့် အမူအရာကို ပြသလိုက်သည်။ “ငါ့မောင်က ငါ့ကို အမြဲတမ်း ဆန့်ကျင်နေတာပဲ”
“ငါသာ မိန်းမတစ်ယောက် မဟုတ်ခဲ့ရင် သူ ငါနဲ့ ယှဉ်ပြိုင်ဖို့ ဘယ်တော့မှ အခွင့်အရေး ရမှာမဟုတ်ဘူး”
ဖုန်ချန်ယွီ၏ ရင်ထဲတွင် အမုန်းတရားများ ပြည့်နှက်နေသည်။ သူမ၏ မောင်ဖြစ်သူ ဖုန်ဟောင့်ချီက သူမကို ထိပ်တိုက်ရင်ဆိုင်ခြင်းမှာ ဤသည်က ပထမဆုံးအကြိမ် မဟုတ်ပေ။
ဖုန်ချန်ယွီ၏ အစ်ကိုကြီးနှင့် အစ်ကိုလတ်တို့မှာ ဖုန်မိသားစု၏ အဓိက မဏ္ဍိုင်များဖြစ်ကြပြီး ယခုအခါ ယွဲ့လန်ဂိုဏ်း၏ တပည့်ရင်းများ ဖြစ်နေကြပြီ ဖြစ်သည်။ ကျန်ရှိနေသော မောင်နှမနှစ်ယောက်မှာမူ မယားငယ်မှ မွေးဖွားလာသူများဖြစ်သလို ငယ်ရွယ်သေးသူများလည်း ဖြစ်ကြ၏။ ထို့ကြောင့် အနာဂတ်တွင် မိသားစု၏ အာဏာကို ဖုန်ချန်ယွီ သို့မဟုတ် ဖုန်ဟောင့်ချီ တစ်ယောက်ယောက်ကသာ ဆက်ခံရပေလိမ့်မည်။
ဖုန်ချန်ယွီနှင့် ဖုန်ဟောင့်ချီ နှစ်ဦးစလုံးမှာ မယားငယ်မှ မွေးဖွားလာသူများ ဖြစ်ကြသည်။ သို့သော် ပါရမီပိုင်းတွင်မူ ဖုန်ချန်ယွီက ဖုန်ဟောင့်ချီထက် တစ်ဆင့် မြင့်မားလေသည်။ သို့သော် ဖုန်ချန်ယွီနှင့် ယှဉ်လျှင် ဖုန်ဟောင့်ချီ၌ ကြီးမားသော အားသာချက်တစ်ခု ရှိနေသည်မှာ သူသည် အမျိုးသားတစ်ဦး ဖြစ်နေခြင်းပင်။ ထို့ကြောင့်လည်း မိသားစုမှ လူကြီးများသည် ဖုန်ဟောင့်ချီကိုသာ ဖုန်မိသားစု၏ ဆက်ခံသူ ဖြစ်လာစေရန် ပိုမိုလိုလားနေကြခြင်း ဖြစ်သည်။
ကံကောင်းသည်မှာ ဖုန်မိသားစု၏ သမိုင်းကြောင်းတွင် အာဏာရှိသော အမျိုးသမီးများ ရှိခဲ့ဖူးသဖြင့် ဖုန်ချန်ယွီမှာ ဆက်ခံသူအဖြစ် ယှဉ်ပြိုင်ခွင့် မဆုံးရှုံးသေးခြင်း ဖြစ်သည်။ ဖုန်ချန်ယွီ၏ မကျေမနပ် ပြောဆိုမှုများကြောင့် အစေခံမလေးမှာ သူမကို အမှားအယွင်း တစ်စုံတစ်ရာ ပြောမိမည်စိုးသဖြင့် ဘာမှမပြောရဲဘဲ ရှိနေလေသည်။
“မင်း သွားတော့”
ဖုန်ချန်ယွီမှာ မကျေမနပ် ဖြစ်နေသော်လည်း လတ်တလောတွင် ဘာမှမတတ်နိုင်ဘဲ ဖြစ်နေသည်။
“သခင်မလေး၊ နောက်ထပ် ကိစ္စတစ်ခု ရှိပါသေးတယ်” ဟု အစေခံမလေးက သတိထား၍ ပြောလိုက်သည်။
“ဘာလဲ”
ဖုန်ချန်ယွီက စိတ်ကို ပြန်လည်ထိန်းချုပ်ကာ မေးလိုက်သည်။
“မြို့ထဲမှာရှိတဲ့ ဖုန်းဟယ်ကိုယ်ခံပညာခန်းမနဲ့ ချူးရွှယ်ကိုယ်ခံပညာခန်းမတို့ရဲ့ ဆိုင်းဘုတ်တွေ ဖြုတ်ချခံလိုက်ရပြီလို့ ကြားပါတယ်။ အခု အခြားအင်အားစုတွေက သူတို့ရဲ့ အရင်းအမြစ်တွေကို သွားရောက်သိမ်းပိုက်နေကြပြီ။ သခင်မလေးရော အဲဒီကိစ္စမှာ ဝင်ပါဦးမလား”
“ဖုန်းဟယ်နဲ့ ချူးရွှယ်လား”
ဖုန်ချန်ယွီက တွေးတောရင်း ရေရွတ်လိုက်သည်။ သူမ ထိုကိုယ်ခံပညာခန်းမနှစ်ခုအကြောင်းကို ကြားဖူး၏။ ၎င်းတို့မှာ မြို့ထဲတွင် ထိပ်တန်းအဆင့် မဟုတ်သော်လည်း အတော်လေး နာမည်ကျော်ကြားကြသည်။ ထိုခန်းမများ၏ ဆိုင်းဘုတ်များသည် ဤမျှ ရုတ်တရက် ဖြုတ်ချခံရလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။
“ဘယ်သူလုပ်တာလဲ”
ဖုန်ချန်ယွီက မေးလိုက်သည်။
“အရိပ်လကိုယ်ခံပညာခန်းမလို့ ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုပါ” ဟု အစေခံမလေးက အမှန်အတိုင်း ဖြေလိုက်သည်။
“အရိပ်လကိုယ်ခံပညာခန်းမ ဟုတ်လား”
ဖုန်ချန်ယွီ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။ “မင်း သေချာလို့လား”
“သေချာပါတယ် သခင်မလေး။ မြို့ထဲက သိုင်းလောကမှာ သတင်းတွေ ပျံ့နေတာကတော့ ဖုန်းဟယ်နဲ့ ချူရွှယ်တို့က ပေါင်းပြီး အရိပ်လကိုယ်ခံပညာခန်းမကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့ကြတာတဲ့။ ဒါပေမဲ့ နောက်ဆုံးမှာတော့ အရိပ်လကိုယ်ခံပညာခန်းမကပဲ အနိုင်ရသွားခဲ့တာပါ။ ခန်းမသခင် နှစ်ယောက်လုံး အသတ်ခံလိုက်ရသလို သူတို့ရဲ့ အကောင်းဆုံး အစိတ်အပိုင်းတွေကိုလည်း အရိပ်လကိုယ်ခံပညာခန်းမကပဲ သိမ်းပိုက်သွားခဲ့တာပါ”
ဖုန်ချန်ယွီ၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်သွားလေသည်။ လွန်ခဲ့သော ရက်အနည်းငယ်ကမှ အရိပ်လကိုယ်ခံပညာခန်းမ၏ ခန်းမသခင် ဟန်ဟူရှောင့်သည် သူမထံသို့ အကူအညီ လာတောင်းခဲ့ဖူးသည်။ ထိုစဉ်က ဟန်ဟူရှောင့်မှာ ပြင်းထန်စွာ ဒဏ်ရာရထားသည့် ပုံစံရှိသည်။ ‘ရက်အနည်းငယ်အတွင်းမှာတင် အခြေအနေတွေက လုံးဝ ပြောင်းလဲသွားတာလား’
“ဟန်ဟူရှောင့်မှာ အဲဒီလို စွမ်းရည်ရှိလို့လား”
ဖုန်ချန်ယွီက မယုံကြည်နိုင်စွာ ပြောလိုက်သည်။
“ဟန်ဟူရှောင့် မဟုတ်ပါဘူး။ ဒီအခြေအနေကို ပြောင်းလဲပစ်ခဲ့တဲ့သူက ရွှီနင်လို့ အမည်ရတဲ့သူတစ်ယောက်ပါတဲ့။ အဲဒီလူက အရိပ်လကိုယ်ခံပညာခန်းမရဲ့ ဒုတိယခန်းမသခင် ဖြစ်လာတာ မကြာသေးဘူးလို့ သိရပါတယ်”
“ရွှီနင်လား”
ဖုန်ချန်ယွီက ထိုစိမ်းသက်သော အမည်ကို ရေရွတ်လိုက်မိသည်။
“အဲဒီလူက အရမ်းသန်မာတယ်လို့ သိရပါတယ်။ သူတစ်ယောက်တည်းနဲ့ စိတ်ဆန္ဒနယ်ပယ်က သိုင်းပညာရှင် သုံးယောက်ကို သတ်ပစ်ခဲ့တာပါ။ ပြီးတော့ အဲဒီလူက အတော်လေးလည်း ငယ်သေးတယ်လို့ သိရပါတယ်” ဟု အစေခံမလေးက ထပ်လောင်းပြောပြလေသည်။
“ဒါဆိုရင်တော့...”
ဖုန်ချန်ယွီ တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။ ခေတ္တမျှ တွေးတောပြီးနောက် ဖုန်ချန်ယွီက ပြောလိုက်၏။ “အရိပ်လကိုယ်ခံပညာခန်းမကို သွားကြစို့၊ ငါ အဲဒီရွှီနင်ဆိုတဲ့သူကို ကိုယ်တိုင် သွားကြည့်ချင်တယ်”
“ဟုတ်ကဲ့ပါ” ဟု အစေခံမလေးက ပြန်ဖြေလိုက်လေသည်။
အရိပ်လကိုယ်ခံပညာခန်းမအတွင်း၌ လူတိုင်းမှာ အလုပ်ရှုပ်နေကြသည်။
ကိုယ်ခံပညာခန်းမနှစ်ခု၏ အရင်းအမြစ်များကို သိမ်းပိုက်ပြီးနောက် လူတိုင်းမှာ အလုပ်ကိုယ်စီနှင့် ဖြစ်နေကြသည်။ ဒဏ်ရာရထားသော ဟန်ဟူရှောင့်ပင်လျှင် အခြေအနေများကို စီမံရန်နှင့် အခြားအဖွဲ့အစည်းများနှင့် ဆက်ဆံရေးများ ပြုလုပ်ရန်အတွက် ထွက်လာခဲ့ရလေသည်။
အားလုံးထဲတွင် ရွှီနင်မှာ အပျင်းဆုံးလူ ဖြစ်နေသည်။ လူတိုင်း အလုပ်ရှုပ်နေချိန်တွင် ရွှီနင်မှာမူ သူ့အခန်းထဲ၌ ရင်းမြစ်တစ်ထောင်ပိုးကောင်အား လေ့လာနေလေသည်။ ကျောက်ရိုင်းအသစ်ကို လဲလှယ်ပေးပြီးနောက် ပိုးကောင်လေးမှာ စိတ်ဝိညာဉ်ပုံဆောင်ခဲ အမျိုးအစားအသစ်ကို စတင် ထုတ်လွှတ်ပေးခဲ့သည်။
သို့သော် ဤတစ်ကြိမ်တွင်မူ ရွှီနင် မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။ ဤပုံဆောင်ခဲအသစ်တွင် စွမ်းအင် ၃ ယူနစ်သာ ပါရှိလေသည်။ စွမ်းအင် ပမာဏ များပြားသော်လည်း ပိုးကောင်၏ ပုံဆောင်ခဲ ထုတ်ပေးသည့် အချိန်မှာမူ ခြောက်ရက်အထိ တိုးလာခဲ့၏။ ဤနှုန်းအတိုင်းဆိုလျှင် ရွှီနင်အတွက် တစ်လလျှင် စွမ်းအင် ၁၅ ယူနစ်သာ ရရှိပေလိမ့်မည်။
၎င်းမှာ စစ်မှန်သော ကျောက်ရိုင်းများကို ကျွေးစဉ်ကထက် ၅ ယူနစ်ခန့် လျော့နည်းနေခြင်း ဖြစ်သည်။ သို့သော် ရွှီနင် အလွန်အမင်း စိတ်မပျက်မိပေ။ အကြောင်းမှာ ဟန်ဟူရှောင့်က သူ့ကို ကတိတစ်ခု ပေးထားသောကြောင့် ဖြစ်သည်။
ကိုယ်ခံပညာခန်းမနှစ်ခု၏ အရင်းအမြစ်များကို အပြည့်အဝ ရရှိပြီးသည်နှင့် ရွှီနင်ကို အရင်းအမြစ်များစွာ ပေးအပ်မည့်အပြင် ခန်းမ၏ အစုရှယ်ယာများကိုပါ ပေးအပ်မည် ဖြစ်သည်။ ထိုအခါ ရွှီနင်မှာ ပုံမှန် အကျိုးအမြတ်များကို ရရှိနေတော့မည် ဖြစ်ပေသည်။ ထိုအချိန်ကျလျှင် စိတ်ဝိညာဉ်ပုံဆောင်ခဲများမှ ရရှိသော စွမ်းအင်မှာ သိပ်ပြီး အရေးမပါတော့ပေ။
သို့သော်လည်း ရွှီနင်က ပိုးကောင်ကို လျစ်လျူမရှုခဲ့ပါ။ ပိုးကောင်လေးမှာ တဖြည်းဖြည်း ကြီးထွားလာသည်နှင့်အမျှ ၎င်းထုတ်ပေးသည့် ပုံဆောင်ခဲများ၏ အရည်အသွေးမှာလည်း ပိုမိုကောင်းမွန်လာမည် ဖြစ်သည်။
“ဒုတိယခန်းမသခင်ရွှီ”
ရွှီနင်က ပိုးကောင်လေးအား ကျောက်ရိုင်းအသစ် လဲပေးပြီးသည်နှင့် တံခါးအပြင်ဘက်မှ ဟန်ယွဲ့၏ အသံကို ကြားလိုက်ရလေသည်။
“ဘာကိစ္စရှိလို့လဲ”
ရွှီနင်က ပစ္စည်းများကို သိမ်းဆည်းပြီးနောက် တံခါးဖွင့်လိုက်သည်။
“ဒုတိယခန်းမသခင်ရွှီ၊ ဧည့်ခန်းကို လိုက်ခဲ့ပါဦး။ တတိယသခင်မလေးဖုန် ရောက်နေလို့ပါ။ အဖေက ရှင့်ကို သူမနဲ့ တွေ့စေချင်နေပါတယ်” ဟု ဟန်ယွဲ့က အမြန်ပြောလိုက်သည်။
“တတိယသခင်မလေးဖုန် ဟုတ်လား”
ရွှီနင် ခေါင်းညိတ်လိုက်ပြီး “လာခဲ့မယ်” ဟု ပြန်ဖြေလိုက်လေသည်။ ချွင်းလင်ခရိုင်တွင် ခေတ္တနေထိုင်ပြီးနောက် ဖုန်မိသားစု၊ ရှောင်မိသားစုနှင့် ယဲ့မိသားစုတို့မှာ ခရိုင်မြို့ရှိ အဓိက အင်အားစုကြီးများ ဖြစ်ကြောင်း ရွှီနင် သိလာခဲ့ပြီ။ ၎င်းတို့ သုံးဦးမှာ ချွင်းလင်ခရိုင်၏ အုပ်ချုပ်ရေး စည်းမျဉ်းများကို သတ်မှတ်သူများ ဖြစ်ကြသည်။
“တတိယသခင်မလေးဖုန်က အစုရှယ်ယာတွေ လာတောင်းတာတော့ မဟုတ်ဘူးမလား”
ဧည့်ခန်းသို့ သွားရာလမ်းတွင် ရွှီနင်က ဟန်ယွဲ့ကို မေးလိုက်သည်။ ယခင်က သူတို့ ဖုန်ချန်ယွီထံတွင် အကူအညီ တောင်းခဲ့ဖူးသည်ကို ဟန်ဟူရှောင့်က ရွှီနင်အား ပြောပြဖူးလေသည်။
“ကျွန်မလည်း မသိဘူး။ တတိယသခင်မလေးဖုန်က အရမ်းကြီး မတောင်းဆိုပါစေနဲ့လို့ပဲ မျှော်လင့်ရတာပါပဲ။ ကျွန်မတို့ သူမဆီမှာ အကူအညီ တောင်းခဲ့ပေမဲ့ သူမက တကယ်တမ်းကျတော့ ဘာမှ ကူညီမပေးခဲ့ဘူးလေ” ဟု ဟန်ယွဲ့က ခေါင်းခါလျက် ပြောလိုက်သည်။
သူတို့နှစ်ဦး လျင်မြန်စွာ လျှောက်လာခဲ့ကြပြီး မကြာမီ ဧည့်ခန်းသို့ ရောက်ရှိလာခဲ့လေပြီ။ ရွှီနင်သည် နာမည်ကျော်ကြားလှသော တတိယသခင်မလေးဖုန်နှင့် နောက်ဆုံးတွင် ဆုံတွေ့လိုက်ရလေတော့သည်။