← Chapters

စိတ်ဆန္ဒနယ်ပယ် ဟုတ်လား

Vol. 11 Ch. 102

စိတ်ဆန္ဒနယ်ပယ် ဟုတ်လား

Vol. 11 Ch. 102

“ဒီကိစ္စကို ဘယ်လိုဖြေရှင်းကြမလဲ”

ရွှီနင်သည် အစိမ်းရောင်ဝတ်စုံနှင့် သိုင်းပညာရှင်ရှိရာသို့ တည့်မတ်စွာ လျှောက်သွားလိုက်သည်။

“ဘာတုန်းဟ”

ရွှီနင်၏ ဝတ်စုံကို မြင်လိုက်ရပြီး ရွှီနင် ဘယ်သူဘယ်ဝါဖြစ်ကြောင်း မှတ်မိသွားသောအခါ အစိမ်းရောင်ဝတ်စုံဝတ်ထားသော သိုင်းပညာရှင်နှင့် အင်္ကျီလက်တိုဝတ်ထားသူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ပြဿနာရှာခြင်းနှင့် အခြားအရာများသည် ဒုတိယဦးစားပေးသာ ဖြစ်သည်။ သူတို့သည် အရိပ်လ ကိုယ်ခံပညာခန်းမမှ လူများကိုသာ အဓိက ပစ်မှတ်ထားခြင်း ဖြစ်ပေသည်။

“ဒီကောင်လေးက မောက်မာလိုက်တာ”

အင်္ကျီလက်တိုဝတ်ထားသော သိုင်းပညာရှင်က ရွှီနင်ကို ကြည့်လိုက်သည်။

ရွှီနင်၏ ငယ်ရွယ်သော အသွင်အပြင်ကြောင့် သူ့ကို အလေးအနက် မထားပေ။

“ငါတို့ကို ရွှေပြား ၅၀၀ ပေးရင် ဒီကိစ္စ ပြီးပြီ”

အင်္ကျီလက်တိုဝတ်ထားသူက ဓားပြတစ်ယောက်နှင့် တူနေသည်။

သူ စကားပြောလိုက်သောအခါ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး လေသံမှာ သတ်ဖြတ်လိုစိတ်များ ပါဝင်နေသည်။

သူနှင့် သူ့နောက်ကွယ်မှ လူများသည် သွေးစွန်းသော လက်များပိုင်ဆိုင်သည့် ရက်စက်ကြမ်းကြုတ်သူများဖြစ်ကြောင်း သိသာထင်ရှားလှသည်။

“ရွှေပြား ၅၀၀ လား”

ရွှီနင် ခေါင်းခါလိုက်သည်။ “များလွန်းတယ်”

“ဒါဆိုရင် ရွှေပြား ၄၀၀ နဲ့ ခြေတံရှည်ရှည် ကောင်မလေးကို ငါတို့နဲ့ ထည့်ပေးလိုက်”

အစိမ်းရောင်ဝတ် သိုင်းပညာရှင်က ရှေ့တိုးလာသည်။ သူက ဟန်ယွဲ့ကို တစ်ချက်ကြည့်ပြီး ပေါ့ပေါ့ပါးပါး အမိန့်ပေးလိုက်သည်။

ဟန်ယွဲ့သည် စော်ကားခံရသော်လည်း တုန်လှုပ်ခြင်းမရှိပေ။ သူမ၏ မျက်နှာထားမှာ ပြောင်းလဲခြင်းမရှိသလို စိတ်အခြေအနေသည်လည်း တည်ငြိမ်နေဆဲဖြစ်သည်။

သူမသည် ဟန်ဟူရှောင့် လက်အောက်တွင် ကိုယ်ခံပညာခန်းမကို နှစ်ပေါင်းများစွာ စီမံခန့်ခွဲလာခဲ့သူဖြစ်ရာ အတွေ့အကြုံများစွာ ရှိပြီးသားဖြစ်သည်။

ဟန်ယွဲ့သည် ထိုလူနှစ်ယောက်က သူမနှင့် ဒုတိယခန်းမသခင်ရွှီကို တမင်တကာ စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်ပြီး ရန်စနေကြောင်း ကောင်းစွာ သိနေသည်။

အစိမ်းရောင်ဝတ် သိုင်းပညာရှင်၏ စကားကို ကြားသောအခါ ရွှီနင် ခေါင်းကို ညင်သာစွာ ယမ်းလိုက်ပြီး ရယ်မောလိုက်သည်။

“မင်းတို့က တကယ်ပါပဲကွာ။ ကိုယ့်အခြေအနေကိုယ် နားမလည်ကြဘူးပဲ”

ရွှီနင် ရုတ်တရက် လှုပ်ရှားလိုက်သည်။ သူသည် လက်ဝါးတစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး လက်ဝါးထဲတွင် ခရုပတ် လည်ပတ်အားကို စုစည်းလိုက်သည်။

အစိမ်းရောင်ဝတ် သိုင်းပညာရှင် ပြန်လည်မတုံ့ပြန်နိုင်မီမှာပင် ဝမ်းဗိုက်ထဲမှ နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။

ပထမတွင် အပ်ဖြင့်ထိုးသကဲ့သို့ စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီးနောက် ခရုပတ် လည်ပတ်အားသည် ဒီရေလှိုင်းလုံးကြီးပမာ ဝင်ရောက်လာကာ သူ၏ ကိုယ်တွင်းကလီစာများကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်လိုက်သလို ဖြစ်သွားသည်။

အစိမ်းရောင်ဝတ် သိုင်းပညာရှင်သည် ချက်ချင်းပင် သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။

သူသည် ဝမ်းဗိုက်ကို ဖိလျက် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ထိတ်လန့်ကြောက်ရွံ့နေသော မျက်လုံးများဖြင့် ရွှီနင်ကို ကြည့်လိုက်သည်။

“ခရုပတ် လည်ပတ်အား... မင်းက သာမန်လူသားနယ်ပယ် အဆင့်ရှစ်၊ စိတ်ဆန္ဒနယ်ပယ် သိုင်းပညာရှင်ပဲ”

‘စိတ်ဆန္ဒနယ်ပယ် သိုင်းပညာရှင် ဟုတ်လား’

ထိုစကားကို ကြားသည်နှင့် သူ့ဘေးရှိ အင်္ကျီလက်တိုဝတ်ထားသူနှင့် နောက်လိုက်များ၏ မျက်နှာထားများ ပျက်ယွင်းသွားကြသည်။

ယခုလို မောက်မာဝံ့ကြွားရဲရသည့် အကြောင်းရင်းမှာ သူတို့ဘက်တွင် စိတ်အာရုံနယ်ပယ် သိုင်းပညာရှင်နှစ်ဦးဖြစ်သည့် အစိမ်းရောင်ဝတ် သိုင်းပညာရှင်နှင့် အင်္ကျီလက်တိုဝတ် သိုင်းပညာရှင်တို့ ရှိနေသောကြောင့် ဖြစ်သည်။

ယခုနေရာကို မလာခင်၌ ၎င်းတို့အား ငှားရမ်းထားသူများသည် အရိပ်လ ကိုယ်ခံပညာခန်းမတွင် စိတ်အာရုံနယ်ပယ် သိုင်းပညာရှင်သာ ရှိသည်ဟု ပြောထားသော်လည်း ယခုအခါ စိတ်ဆန္ဒနယ်ပယ် သိုင်းပညာရှင် ရှိနေသည်တဲ့လား။

သူတို့ ပထမဆုံး တွေးမိသည်မှာ ငှားရမ်းသူများက သူတို့ကို လိမ်ညာခဲ့ခြင်း ဖြစ်သည်ဟူ၍ပင်။

“စိတ်ဆန္ဒနယ်ပယ် ဟုတ်လား”

ပြဿနာရှာသူများအပြင် ဟန်ယွဲ့မှာ အလွန်အမင်း တုန်လှုပ်သွားသည်။

‘ဒုတိယခန်းမသခင်ရွှီက လွန်ခဲ့တဲ့ ရက်နည်းနည်းတုန်းကမှ စိတ်အာရုံနယ်ပယ်မှာ ရှိနေသေးတာလေ။ ဘယ်တုန်းက စိတ်ဆန္ဒနယ်ပယ်ကို ရောက်သွားတာလဲ’

‘ဒုတိယခန်းမသခင်ရွှီက အသက် ဘယ်လောက်မှ မရှိသေးဘူးလေ’

ဟန်ယွဲ့မှာ အစပိုင်းတွင် တုန်လှုပ်သွားသော်လည်း နောက်ပိုင်းတွင် ဝမ်းမြောက်မှုလှိုင်းလုံးများ သူမ၏ နှလုံးသားထဲသို့ ဝင်ရောက်လာသည်။

‘သာမန်လူသားနယ်ပယ် အဆင့်ရှစ် - စိတ်ဆန္ဒနယ်ပယ်’

‘ဒုတိယခန်းမသခင်ရွှီက စိတ်ဆန္ဒနယ်ပယ်ကို တက်လှမ်းသွားခဲ့ပြီပဲ’

‘အရိပ်လ ကိုယ်ခံပညာခန်းမတော့ ဘေးကင်းလောက်ပြီ’

တတိယသခင်မလေးဖုန်၏ အာဏာကို အားကိုးစရာမလိုဘဲ အရိပ်လ ကိုယ်ခံပညာခန်းမသည် ယခင်ဂုဏ်ကျက်သရေကို ပြန်လည်ရယူနိုင်တော့မည် ဖြစ်သည်။

ဟန်ယွဲ့သည် ရှုပ်ထွေးသော မျက်ဝန်းများဖြင့် ရွှီနင်ကို ကြည့်လိုက်သည်။

“သခင်လေး... ကျွန်တော်တို့ မိုက်မဲမိလို့ ပြစ်မှားမိပါတယ်... ခွင့်လွှတ်ပေးပါ”

အင်္ကျီလက်တိုဝတ် သိုင်းပညာရှင်က လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး တောင်းပန်သည့်အနေဖြင့် လက်သီးဆုပ်ကာ အရိုအသေ ပြုလိုက်သည်။ “ကျွန်တော်တို့ ချက်ချင်း ပြန်သွားပါ့မယ်”

သူသည် အစိမ်းရောင်ဝတ် သိုင်းပညာရှင်နှင့် နောက်လိုက်များကို ခေါ်ကာ ထွက်သွားရန် ပြင်လိုက်သည်။

“နေဦး”

ရွှီနင်၏ အသံကြောင့် ပြဿနာရှာသူများ စိုးရိမ်ထိတ်လန့်သွားကြသည်။

“လာချင်တိုင်းလာ ပြန်ချင်တိုင်းပြန်ရအောင် အရိပ်လ ကိုယ်ခံပညာခန်းမကို ဘာမှတ်နေလဲ”

ရွှီနင်က ခါးပတ်မှ ဓားတိုကို ဆွဲထုတ်လိုက်ပြီး မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

အင်္ကျီလက်တိုနှင့်လူရော၊ အစိမ်းရောင်ဝတ်နှင့်လူပါ ချက်ချင်း ချွေးပျံလာကြသည်။

သူတို့၏ လည်ချောင်းများ ခြောက်ကပ်သွားပြီးနောက် အကြောက်လွန်နေကြသည်။

“သခင်လေး... ဘာလိုချင်လို့ပါလဲ”

အစိမ်းရောင်ဝတ် သိုင်းပညာရှင်က နာကျင်နေသည့်ကြားမှ နှိမ့်ချစွာ မေးလိုက်သည်။

“မင်းတို့ကို ဒီနေရာလာဖို့ ဘယ်သူလွှတ်လိုက်တာလဲဆိုတာကနေ စလိုက်ကြစို့”

ရွှီနင်၏ ဟန်ပန်မှာ ရန်လိုနေသည်။

“ကျွန်တော်တို့...”

အင်္ကျီလက်တိုဝတ် သိုင်းပညာရှင်က ပြောလိုက်သည်။ “ကျွန်တော်တို့က မြို့ပြင်က နယ်လှည့်သိုင်းသမားတွေပါ... စီးပွားရေးလုပ်ဖို့ မြို့ထဲဝင်လာရင်း မိန်းမနဲ့ မနေရတာကြာလို့ မိုးမခဆောင်ကို ရောက်လာတာပါ... မိန်းကလေးတချို့နဲ့ သောက်စားချင်ပေမယ့် ဒီအမျိုးသမီးကြီးက ငြင်းလို့ ကျွန်တော်တို့လည်း...”

ဖြောင်း...

အင်္ကျီလက်တိုနှင့်လူ စကားမဆုံးခင် ရွှီနင်က သူ့ပါးကို ရိုက်ချလိုက်သည်။

သူ လုံးဝ ပြန်မတုံ့ပြန်နိုင်လိုက်ပေ။ သူ့ဆီသို့ အလင်းတန်းတစ်ခု ဝင်ရောက်လာသည်ကိုသာ ခံစားလိုက်ရသည်။ ချက်ချင်းပင် မူးဝေသွားပြီး ခေါင်းနှင့် မျက်နှာတွင် ပြင်းထန်စွာ နာကျင်သွားသည်။ ထို့နောက် မြေကြီးပေါ်သို့ လဲကျသွားတော့သည်။

“မင်းတို့ကို ဘယ်သူလွှတ်လိုက်တာလဲလို့ ငါမေးနေတာ... အဓိပ္ပာယ်မရှိတဲ့ လိမ်ညာစကားတွေ နားထောင်ဖို့ မေးနေတာ မဟုတ်ဘူး”

ရွှီနင်သည် စိတ်ရှည်သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပုံရသည်။ သူသည် အင်္ကျီလက်တိုနှင့်လူ၏ ရင်ဘတ်ကို ခြေထောက်ဖြင့် နင်းလိုက်ပြီး ဓားတိုကို ထပ်မံဆွဲထုတ်လိုက်သည်။

“နောက်တစ်ခေါက် ထပ်မေးမယ်... ဒီနေရာမှာ ပြဿနာရှာဖို့ မင်းတို့ကို ဘယ်သူ ခိုင်းလိုက်တာလဲ”

ရွှီနင်၏ စကားများတွင် စိတ်မရှည်မှုများ ပြည့်နှက်နေပြီး အချိန်မရွေး ပေါက်ကွဲထွက်တော့မည့်အတိုင်း ဖြစ်နေသည်။ “ထပ်ပြီး ပေါက်ကရတွေ ပြောနေမယ်ဆိုရင် မင်းရဲ့ သွေးကြောတွေအကုန်လုံးကို ငါဖျက်ဆီးပစ်မယ်”

ထိုစကားထွက်လာသည်နှင့် ပြဿနာရှာသူများ ကြောက်လန့်တကြား ဖြစ်သွားကြသည်။

ချွင်းလင်ခရိုင် အုပ်ချုပ်သူများက လူမသတ်ရဟု စည်းကမ်းထုတ်ထားသော်လည်း မသန်စွမ်းဖြစ်အောင် မလုပ်ရဟု ပြောမထားပေ။

“ပြောပါ့မယ်... ပြောပါ့မယ်”

ရွှီနင် အနင်းခံထားရသော အင်္ကျီလက်တိုနှင့် သိုင်းပညာရှင်သည် လျင်မြန်စွာပင် အရှုံးပေးလိုက်သည်။

ဒီသခင်လေး၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒကို သူ အမှန်တကယ် ခံစားနေရသည်။

အကယ်၍ သူထပ်လိမ်လိုက်ပါက ဒီသခင်လေးသည် သူ့ခန္ဓာကိုယ်မှ သွေးကြောများကို ဓားဖြင့်ထိုးဖောက် ဖျက်ဆီးပြီး မြို့ပြင်တွင် သတ်ပစ်လိမ့်မည်ကို သံသယဖြစ်စရာ မလိုပေ။

“ဟုတ်ကဲ့... ဖုန်းဟယ် ကိုယ်ခံပညာခန်းမက လူတွေ လာခိုင်းတာပါ”

အင်္ကျီလက်တိုနှင့် သိုင်းပညာရှင်က အမြန်ပြောလိုက်သည်။ နှေးကွေးနေပါက ရွှီနင်၏ လက်ချက်ဖြင့် မသန်စွမ်းဖြစ်သွားမည်ကို ကြောက်ရွံ့နေသည်။

“ကျွန်တော်တို့က မူလက ချွင်းလင်ခရိုင် အပြင်ဘက်က မြင်းစီးဓားပြတွေပါ... ဖုန်းဟယ် ကိုယ်ခံပညာခန်းမက လူတွေက ကျွန်တော်တို့ကို ရှာတွေ့ပြီး ခရိုင်မြို့ထဲလာပြီး အရိပ်လ ကိုယ်ခံပညာခန်းမကို ဒုက္ခပေးဖို့ ရွှေပြားတစ်ရာ ပေးခဲ့တာပါ”

“သူတို့က ကျွန်တော်တို့ကို မိုးမခဆောင်မှာ အရင်ပြဿနာရှာခိုင်းတာပါ... ပြီးတာနဲ့ အရိပ်လ ကိုယ်ခံပညာခန်းမဆီ သွားခိုင်းတယ်... အရိပ်လ ကိုယ်ခံပညာခန်းမ ပျက်စီးသွားတာနဲ့ တာဝန်ပြီးပြီလို့ ပြောပါတယ်”

“ကျွန်တော်တို့က မြင်းစီးဓားပြတွေဆိုတော့ အိမ်အတည်တကျ မရှိပါဘူး... ပြီးတော့ ဖုန်းဟယ် ကိုယ်ခံပညာခန်းမက ပေးတဲ့ဈေးကလည်း မက်လောက်စရာ ဖြစ်နေတာနဲ့ ငွေမြန်မြန်ရချင်လို့ လက်ခံလိုက်တာပါ”

“သခင်လေး... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို လွှတ်ပေးပါ... လောဘစိတ်ကြောင့် အမှားကျူးလွန်မိတာပါ... လွှတ်ပေးမယ်ဆိုရင် ဝေးဝေးကို ထွက်သွားပြီး ချွင်းလင်ခရိုင်ကို ဘယ်တော့မှ ခြေမချတော့ပါဘူး”

အင်္ကျီလက်တိုနှင့် သိုင်းပညာရှင်က အကြောင်းစုံကို ရှင်းပြလိုက်သည်။

“ဖုန်းဟယ် ကိုယ်ခံပညာခန်းမ ဟုတ်လား”

ရွှီနင် ရင်းနှီးခြင်း မရှိပေ။

သူက ဘေးရှိ ဟန်ယွဲ့ဘက်သို့ လှည့်ကြည့်လိုက်သည်။

“သူလိမ်နေပုံ မရဘူး”

အင်္ကျီလက်တိုနှင့် သိုင်းပညာရှင်၏ စကားကို နားထောင်ပြီးနောက် ဟန်ယွဲ့၏ မျက်နှာထားမှာ လေးနက်ပြီး အုံ့မှိုင်းသွားသည်။

“ထပ်မလိမ်တာ ကောင်းတယ်”

ရွှီနင်က အင်္ကျီလက်တိုနှင့်လူ၏ ကိုယ်ပေါ်မှ ခြေထောက်ကို ဖယ်လိုက်သည်။

“ကျေးဇူးတင်ပါတယ်... ကျေးဇူးအများကြီး တင်ပါတယ်”

အင်္ကျီလက်တိုနှင့်လူက အမြန်ထလိုက်သည်။ သူသည် အစိမ်းရောင်ဝတ် သိုင်းပညာရှင်နှင့် နောက်လိုက်များကိုခေါ်ပြီး အမြန်ထွက်ပြေးရန် ဟန်ပြင်လိုက်သည်။

ဒီနေရာမှာ နောက်ထပ် တစ်စက္ကန့်လေးတောင် မနေချင်တော့ပေ။

“နေဦး”

ရွှီနင်က သူတို့ကို ထပ်တားလိုက်သည်။

“မင်းတို့က အရိပ်လ ကိုယ်ခံပညာခန်းမကို ပစ်မှတ်ထားပြီးမှ ဒီတိုင်း ထွက်သွားချင်တာလား”

ရွှီနင်က ဓားတိုကို ဓားအိမ်ထဲ ပြန်ထည့်လိုက်သည်။ “ဖုန်းဟယ် ကိုယ်ခံပညာခန်းမက ရထားတဲ့ ရွှေပြားတွေ ထားခဲ့... ပြီးရင် မင်းတို့တစ်ယောက်စီ လက်တစ်ဖက် ဖြတ်ပြီးမှ ထွက်သွားကြ”

ရွှီနင်၏ လေသံမှာ တည်ငြိမ်နေသော်လည်း အရပ်သားများနှင့် မိုးမခဆောင်မှ မိန်းကလေးများမှာမူ ကြက်သေသေ သွားကြသည်။

ရိုးရိုးကုတ်ကုတ် ပုံစံရှိသော ဒီသိုင်းပညာရှင်လူငယ်လေးက ဤမျှ ရက်စက်ပြတ်သားလိမ့်မည်ဟု ဘယ်သူမှ ထင်မထားခဲ့ကြချေ။

All Chapters