စိတ်ဝိညာဉ်ပုံဆောင်ခဲ၏ နောက်ထပ် အပြောင်းအလဲ
Vol. 11 Ch. 104
“အဖေ”
ဟန်ဟူရှောင့်၏ စိတ်အခြေအနေ ကောင်းမွန်လာသည်ကို မြင်လိုက်ရသဖြင့် ဟန်ယွဲ့ စိတ်သက်သာရာ ရသွားသည်။
ဟန်ယွဲ့က ဆက်ပြောလိုက်သည်။ “ဒုခန်းမသခင်ရွှီက ပြဿနာရှာတဲ့ကောင်တွေကို စစ်ဆေးမေးမြန်းပြီးပါပြီ... သူတို့က နောက်ကွယ်ကနေ ကြိုးကိုင်တဲ့သူက ဖုန်းဟယ်ကိုယ်ခံပညာခန်းမပါလို့ ဝန်ခံလိုက်ကြပါတယ်”
“ဖုန်းဟယ်ကိုယ်ခံပညာခန်းမ ဟုတ်လား”
ဟန်ဟူရှောင့် ကြားလိုက်ရသောအခါ မျက်လုံးများ ဝေ့ဝဲကြည့်လိုက်မိပြီး မျက်နှာပေါ်တွင် မရေရာမှုများ ပြည့်နှက်သွားလေသည်။
ဟန်ယွဲ့သည် ဖခင်ဖြစ်သူ၏ အတွေးများကို မနှောင့်ယှက်လိုပေ။
“ရှဲ့နင်ဟယ်...”
ဟန်ဟူရှောင့်၏ လေသံထဲတွင် အေးစက်မှု အရိပ်အယောင်များ ပါဝင်နေသည်။
ဖုန်းဟယ်ကိုယ်ခံပညာခန်းမအကြောင်း ကြားလိုက်ရပြီးနောက် ပြဿနာရှာသူများ ပြောသည်မှာ အမှန်ဖြစ်ကြောင်း ဟန်ဟူရှောင့် ကောက်ချက်ချလိုက်သည်။
ဟန်ဟူရှောင့် ချွင်းလင်ခရိုင်သို့ ရောက်ရှိလာပြီး အရိပ်လ ကိုယ်ခံပညာခန်းမကို တည်ထောင်စဉ်က ဖုန်းဟယ်ကိုယ်ခံပညာခန်းမ ပိုင်ရှင် ရှဲ့နင်ဟယ်နှင့် ပြဿနာများ ရှိခဲ့ဖူးသည်။
ဖုန်းဟယ်ကိုယ်ခံပညာခန်းမ တည်ထောင်ခါစက နှစ်ဖက်လုံးသည် အရင်းအမြစ်များအတွက် ပေါ်တင်တစ်မျိုး၊ လျှို့ဝှက်တစ်ဖုံ တိုက်ခိုက်ခဲ့ကြဖူးသည်။
နောက်ပိုင်းတွင် အချိန်ကြာလာသည်နှင့်အမျှ အရိပ်လကိုယ်ခံပညာခန်းမနှင့် ဖုန်းဟယ်ကိုယ်ခံပညာခန်းမတို့သည် ချွင်းလင်ခရိုင်တွင် အခြေကျလာကြသည်။ အပေါ်ယံကြည့်လျှင်တော့ အရာအားလုံး ငြိမ်းချမ်းသွားသယောင် ရှိလေသည်။
သို့သော် ဟန်ဟူရှောင့်ရော ရှဲ့နင်ဟယ်ပါ သူတို့၏ အာဃာတများကို လုံးဝ စွန့်လွှတ်ခြင်း မရှိခဲ့ကြပေ။
နောက်ပိုင်း ထိပ်တိုက်တွေ့ဆုံမှုများတွင် နှစ်ဖက်စလုံး အနိုင်အရှုံး ကိုယ်စီ ရှိခဲ့ကြသည်။ ပြီးခဲ့သည့်လကဆိုလျှင် ဖုန်းဟယ်ကိုယ်ခံပညာခန်းမသည် အရိပ်လ ကိုယ်ခံပညာခန်းမထံမှ အရောင်းအဝယ်တစ်ခုကိုပင် လုယူသွားခဲ့သေးသည်။
သို့သော် နှစ်ဖက်ပြိုင်ဆိုင်မှု ပြင်းထန်သော်လည်း ရှဲ့နင်ဟယ်က သူ့ကိုသတ်ရန်နှင့် အရိပ်လ ကိုယ်ခံပညာခန်းမကို ဖျက်ဆီးရန်အထိ ကြိုးစားရဲလိမ့်မည်ဟု ဟန်ဟူရှောင့် ထင်မှတ်မထားခဲ့မိပေ။
“ကိစ္စက အဲဒီလောက် မရိုးရှင်းဘူး”
စဉ်းစားပြီးနောက် ဟန်ဟူရှောင့် ကောက်ချက်ချလိုက်သည်။
“ဘာဖြစ်လို့လဲ အဖေ”
ဟန်ယွဲ့က အလျင်အမြန် မေးလိုက်သည်။
“ရှဲ့နင်ဟယ်တစ်ယောက်တည်း ဒါကိုလုပ်ဖို့ လုံးဝ မဖြစ်နိုင်ဘူး” ဟန်ဟူရှောင့်က အခိုင်အမာ ပြောလိုက်သည်။ “သူ အကူအညီ ခေါ်ထားတာ နေမှာပဲ”
“ငါ့ကို ချုံခိုတိုက်ခိုက်ခဲ့တဲ့ စိတ်ဆန္ဒနယ်ပယ် သိုင်းပညာရှင်ကို ရှဲ့နင်ဟယ် ခေါ်နိုင်မှာ မဟုတ်ဘူး... ရှဲ့နင်ဟယ်နဲ့ ဖုန်းဟယ်ကိုယ်ခံပညာခန်းမရဲ့ အင်အားသက်သက်နဲ့ဆိုရင် အရိပ်လ ကိုယ်ခံပညာခန်းမကို အနိုင်ယူနိုင်ရင်တောင် ငါတို့ကို လုံးဝ အမြစ်ပြတ်ချေမှုန်းနိုင်မှာ မဟုတ်ဘူး”
“သူက ငတုံးငအ မဟုတ်ဘူး... တခြားအင်အားစုတွေ အကျိုးရှိအောင်တော့ ဒီလောက် ကြိုးစားမှာ မဟုတ်ဘူး”
ဟန်ဟူရှောင့်က သုံးသပ်ပြလိုက်သည်။ “ဖြစ်နိုင်ချေတစ်ခုပဲ ရှိတယ်... ရှဲ့နင်ဟယ်က တစ်ယောက်ယောက်ကို ဆွဲထည့်လိုက်တာပဲ... သူက တခြားသူတွေနဲ့ ပူးပေါင်းပြီး ငါတို့ကို ချောက်ထဲတွန်းချဖို့ ပြင်နေတာ”
“ဒါက...”
ဟန်ဟူရှောင့်၏ ကောက်ချက်ကြောင့် စိတ်တည်ငြိမ်စပြုနေသော ဟန်ယွဲ့တစ်ယောက် ပြန်လည် ထိတ်လန့်သွားရသည်။
“ဒါဆို သမီးတို့ ဘာလုပ်ကြမလဲ”
“မလန့်ပါနဲ့”
ဟန်ဟူရှောင့်က တည်ငြိမ်နေဆဲပင်။ “ရှဲ့နင်ဟယ်နဲ့ ပူးပေါင်းတဲ့လူတွေက သန်မာပေမယ့် ငါတို့ မယှဉ်နိုင်လောက်အောင်တော့ မဟုတ်ပါဘူး... ရှဲ့နင်ဟယ်နဲ့ ပေါင်းတဲ့လူတွေကသာ တကယ်အင်အားကြီးနေရင် ရှဲ့နင်ဟယ်ကို ဝေစုခွဲပေးပြီး ခေါ်ထားမှာ မဟုတ်ဘူး”
“အခု ငါတို့ခန်းမမှာ ရွှီနင် ရှိနေပြီဆိုတော့ အခြေအနေကို ချက်ချင်း ပြောင်းပြန်မလှန်နိုင်ရင်တောင် နောက်လ တတိယသခင်မလေးဖုန် ရောက်လာမယ့်အချိန်အထိ စောင့်ဖို့ မခက်ခဲပါဘူး”
ဟန်ယွဲ့က နားထောင်ပြီးနောက် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။
…
ရွှီနင် အခန်းသို့ ပြန်ရောက်သောအခါ ဒီရေလက်သီးကို ချက်ချင်း မလေ့လာသေးပေ။ ထိုအစား ရင်းမြစ်တစ်ထောင်ပိုးကောင်ကို ပုံမှန်အတိုင်း စစ်ဆေးလိုက်သည်။
ရွှီနင်က ခါးပတ်ကို ဖြုတ်ပြီး စားပွဲပေါ် တင်လိုက်သည်။
ရွှီနင် ဒီခါးပတ်ကို ပတ်ထားသည်မှာ ကြာပြီဖြစ်၍ ခါးပတ်၏ မျက်နှာပြင်မှာ ဟောင်းနွမ်းနေပြီဖြစ်သည်။
လွန်ခဲ့သော နှစ်ရက်က ရွှီနင်သည် အဝတ်အထည်ဆိုင်တစ်ဆိုင်ကို ရှာတွေ့ခဲ့ပြီး ခါးပတ်အသစ်အား မှာယူခဲ့သည်။ နောက်နှစ်ရက်နေရင် သွားယူရမည်ဖြစ်သည်။
ရင်းမြစ်တစ်ထောင်ပိုးကောင်ကဲ့သို့ တန်ဖိုးကြီးသော အရာမျိုးကို ရွှီနင်အနေဖြင့် ကိုယ်နှင့်မကွာ ဆောင်ထားမှသာ စိတ်ချရပေမည်။
ရွှီနင် လျှို့ဝှက်အကန့်ကို ဖွင့်လိုက်သည်။
“ဟင်...”
ရွှီနင် ပုံမှန်အတိုင်း စစ်ဆေးလိုက်သည်။ ရင်းမြစ်တစ်ထောင်ပိုးကောင်က စိတ်ဝိညာဉ်ပုံဆောင်ခဲ ထုတ်ပေးခဲ့သည်မှာ နှစ်ရက်ပင် မပြည့်သေးချေ။
လျှို့ဝှက်အကန့်ထဲတွင် အဖြူရောင်ပိုးကောင်လေး၏ ဘေး၌ ငွေရောင်တောက်နေသော စိတ်ဝိညာဉ်ပုံဆောင်ခဲတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။
ဤစိတ်ဝိညာဉ်ပုံဆောင်ခဲမှာ အဖြူရောင်ပိုးကောင်ဝဝလေးက သန့်စင်သတ္တုရိုင်းဟုခေါ်သော ကျောက်တုံးတစ်မျိုးကို စားသုံးပြီးနောက် စွန့်ထုတ်လိုက်ခြင်း ဖြစ်သည်။
‘တစ်ရက်ခွဲလောက်နဲ့ စိတ်ဝိညာဉ်ပုံဆောင်ခဲ ထုတ်ပေးတယ်ပေါ့’
အဖြူရောင်ပိုးကောင်ဝဝလေးက ဤမျှ ထိရောက်စွာ အလုပ်လုပ်သည်ကို ရွှီနင် ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
ရွှီနင် တုံဆိုင်းမနေဘဲ ငွေရောင်စိတ်ဝိညာဉ်ပုံဆောင်ခဲကို ချက်ချင်း ယူလိုက်သည်။
ရွှီနင်၏ လက်ချောင်းထိပ်များက စိတ်ဝိညာဉ်ပုံဆောင်ခဲနှင့် ထိတွေ့လိုက်သောအခါ စာတန်းတစ်ခု ပေါ်လာသည်။
—
စွမ်းအင် ၂ ယူနစ် တွေ့ရှိသည်။ စုပ်ယူမည်လား။
လုပ်မည်/မလုပ်ပါ
—
“၂ ယူနစ်တောင်လား”
ရွှီနင် အံ့သြဝမ်းသာ ဖြစ်သွားသည်။
ယခင်က ရင်းမြစ်တစ်ထောင်ပိုးကောင်သည် မီးကျောက်သလင်းရိုင်းကို စားသုံးခဲ့စဉ်က စွမ်းအင် ၂ ယူနစ်တန်သော စိတ်ဝိညာဉ်ပုံဆောင်ခဲကို ထုတ်လုပ်ရန် သုံးရက်ကြာမြင့်ခဲ့သော်လည်း ယခုအခါ တစ်ရက်ခွဲသာ ကြာတော့သည်။
စွမ်းဆောင်ရည်က နှစ်ဆ တိုးတက်လာခြင်း ဖြစ်သည်။
ဤတွက်ချက်မှုအရ ရွှီနင်သာ ရင်းမြစ်တစ်ထောင်ပိုးကောင်ကို သန့်စင်သတ္တုရိုင်းများ ထောက်ပံ့ပေးနိုင်ပါက တစ်လလျှင် စွမ်းအင် ယူနစ် ၄၀ ခန့် ပုံမှန်ရရှိနေမည် ဖြစ်သည်။
ရွှီနင် အတိုင်းထက်အလွန် ဝမ်းသာသွားသည်။
“စုပ်ယူမယ်”
ရွှီနင် စွမ်းအင် ၂ ယူနစ်ကို ချက်ချင်း စုပ်ယူလိုက်သည်။
ရွှီနင်၏ စွမ်းအင်လက်ကျန်မှာ ၉၈ ယူနစ်မှ ၁၀၀ ယူနစ်သို့ ရောက်ရှိသွားသည်။
ရွှီနင်လက်ထဲမှ စိတ်ဝိညာဉ်ပုံဆောင်ခဲသည်လည်း အမှုန့်ဖြစ်သွားလေသည်။
ရင်းမြစ်တစ်ထောင်ပိုးကောင်မှ ထုတ်ပေးသော စိတ်ဝိညာဉ်ပုံဆောင်ခဲများသည် စုပ်ယူပြီးသည့်အခါ မည်သည့်အညစ်အကြေးမျှ မကျန်ရှိတော့ပေ။
သို့သော် သတ္တုရိုင်းများကို စားသုံးထားသောကြောင့် ၎င်း၏ စိတ်ဝိညာဉ်ပုံဆောင်ခဲများမှာ မသန့်စင်တော့ပေ။
အခြား ရင်းမြစ်တစ်ထောင်အင်းဆက် ပိုင်ရှင်များအတွက်မူ မသန့်စင်သော စိတ်ဝိညာဉ်ပုံဆောင်ခဲများသည် ပြဿနာကြီးတစ်ခု ဖြစ်ပေလိမ့်မည်။
သို့သော် ရွှီနင်အတွက်မူ လုံးဝ သက်ရောက်မှု မရှိချေ။
‘နောက်ထပ် သတ္တုရိုင်းတစ်မျိုးနဲ့ စမ်းကြည့်ရမယ်’
ရွှီနင် ယခင်က ဝယ်ယူခဲ့သော သတ္တုရိုင်းများအနက် ရင်းမြစ်တစ်ထောင်အင်းဆက်သည် အမျိုးအစား လေးမျိုးကိုသာ စိတ်ဝင်စားခဲ့သည်။
ရွှီနင်က လက်ချောင်းဖြင့် အဖြူရောင်ပိုးကောင်ဝဝလေးကို လက်ကျန် သန့်စင်သတ္တုရိုင်းပေါ်မှ အတင်းတွန်းဖယ်လိုက်သည်။
အဖြူရောင်ပိုးကောင်ဝဝလေးမှာ အရသာရှိသော အစားအစာနှင့် ခွဲခွာလိုက်ရသဖြင့် မလိုလားသော ပုံစံပေါက်နေသည်။
သို့သော် မကြာမီ ရွှီနင်က သတ္တုရိုင်းအသစ်တစ်ခု ပေးလိုက်သည်။ အဖြူရောင်ပိုးကောင်ဝဝလေးက အာရုံခံမိသွားပြီးနောက် ပျော်ရွှင်စွာ ဆက်လက်စားသုံးလေတော့သည်။
‘စားလိုက်တဲ့ အစားကလည်းကွာ...’
ရွှီနင် လျှို့ဝှက်အကန့်ကို ပိတ်ပြီး ခါးပတ်အား ခါးတွင် ပြန်စည်းလိုက်သည်။
ရွှီနင်သည် သူ၏ တိုးတက်မှုများ ပိုမိုတည်ငြိမ်လာသည်ဟု ခံစားလိုက်ရသည်။
‘ငါသာ ဒီရေလက်သီးကို တတ်မြောက်ပြီး ဟင်းလင်းပြင်နယ်ပယ် လျှို့ဝှက်ကျင့်စဉ်ကို ရရင် သိပ်ကောင်းမှာပဲ’
ရွှီနင်သည် ဏလောက် စဉ်းစားပြီးနောက် ဒီရေလက်သီးကျမ်းကို ကောက်ယူပြီး ဆက်လက်လေ့လာလိုက်သည်။
နောက်နှစ်ရက်အတွင်း ဒီရေလက်သီးကို အပြီးသတ်လေ့လာပြီး သိုင်းပညာမျက်နှာပြင်ပေါ်တွင် မှတ်တမ်းတင်နိုင်မည်ဟု ရွှီနင် ယုံကြည်မှုရှိသည်။
သို့သော် ဒီရေလက်သီးကို အဆင့်မြှင့်တင်ရန် စွမ်းအင်ယူနစ် မည်မျှလောက်လိုမည်ဆိုတာ ရွှီနင် အတိအကျ မသိသေးပေ။
မည်သို့ပင်ဖြစ်စေကာမူ ထိုအရာသည် ဟင်းလင်းပြင်နယ်ပယ် လျှို့ဝှက်နည်းစနစ်တစ်ခု ဖြစ်သောကြောင့် စွမ်းအင်အမြောက်အမြား လိုအပ်မှာ သေချာသည်။
သို့သော် နည်းစနစ်ကို မှတ်တမ်းတင်ပြီးနောက် အဆင့်မမြှင့်နိုင်မှာကို ရွှီနင် မပူပန်ပေ။ သူ့တွင် စွမ်းအင် ၁၀၀ ယူနစ် စုဆောင်းထားပြီး ဖြစ်သည်။
ထို့အပြင် သူ့မှာ ရွှေစ ၁၀၀ လည်း ရှိသေးသည်။
ညနေရောက်လျှင် ရွှေစ ၁၀၀ နဲ့ ဝိညာဉ်ဆေးပင်တချို့ သွားဝယ်ဖို့ ရွှီနင် စီစဉ်ထားသည်။ ထိုအရာများအား စုပ်ယူပြီးလျှင် သူ့၌ စွမ်းအင် ၁၀၀ ယူနစ်ကျော် ရှိလာတော့မည်ဖြစ်သည်။
…
မွန်းလွဲပိုင်းတွင် ရွှီနင် ကိုယ်ခံပညာခန်းမမှ ထွက်ခွာသွားသည်။
ရွှီနင် ထွက်သွားပြီးနောက် တုချဲ့လည်း လိုက်ထွက်သွားလေသည်။
တုချဲ့ သွားသည့် လမ်းကြောင်းမှာ ဖုန်းဟယ်ကိုယ်ခံပညာခန်းမ တည်ရှိရာနေရာ အတိအကျပင် ဖြစ်သည်။
ဖုန်းဟယ်ကိုယ်ခံပညာခန်းမသို့ သွားရာလမ်းတွင် တုချဲ့သည် မျက်နှာကို ကောက်ရိုးခမောက်ဖြင့် ဖုံးအုပ်ထားလိုက်သည်။
ဤသည်မှာ ခြေရာဖျောက်လိုသော သိုင်းသမားများ မြို့ထဲဝင်သည့်အခါ ဝတ်ဆင်လေ့ရှိသည့် ပုံစံဖြစ်သည်။
ဖုန်းဟယ်ကိုယ်ခံပညာခန်းမသို့ ရောက်သောအခါ တုချဲ့သည် နောက်ဖေးပေါက်မှ ဝင်ကာ အခန်းတစ်ခန်းထဲသို့ ရောက်သွားသည်။
“ခန်းမသခင်ရှဲ့”
အခန်းထဲရောက်သည်နှင့် တုချဲ့သည် စားပွဲထိပ်တွင် ထိုင်နေသူကို လေးစားစွာ ဂါရဝပြုလိုက်သည်။