ဒီရေလက်သီး အောင်မြင်စွာ စာရင်းဝင်ခြင်း
Vol. 11 Ch. 105
တုချဲ့၏အရှေ့တွင် ထိုင်နေသူမှာ မကြာသေးမီက အရိပ်လ ကိုယ်ခံပညာခန်းမအား တိုက်ခိုက်မှုများ၏ နောက်ကွယ်မှ ကြိုးကိုင်သူ၊ ဖုန်းဟယ် ကိုယ်ခံပညာခန်းမပိုင်ရှင် ရှဲ့နင်ဟယ်ပင် ဖြစ်သည်။
အရိပ်လကိုယ်ခံပညာခန်းမ၏ သစ္စာအရှိဆုံး တပည့်ဖြစ်သူက အကြီးမားဆုံး သစ္စာဖောက်တစ်ဦး ဖြစ်လာလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြပေ။
တုချဲ့သည် မျက်နှာကို ဖုံးအုပ်မထားတော့ချေ။ သူသည် ခမောက်နှင့် မျက်နှာဖုံးကို ချွတ်လိုက်လေသည်။
“တုချဲ့... မင်းပေးတဲ့ သတင်းအချက်အလက်တွေက မှားနေတယ်”
ရှဲ့နင်ဟယ်သည် မျက်နှာ၌ အရေးအကြောင်းများရှိပြီး ဆံပင်ဖြူအနည်းငယ်ရောလျက်ရှိသည့် သာမန်လူတစ်ယောက်ဖြစ်သည်။
“မင်းပြောတဲ့ ရွှီနင်ဆိုတဲ့ကောင်က စိတ်အာရုံနယ်ပယ် မဟုတ်ဘူး... သူက စိတ်ဆန္ဒနယ်ပယ်ကို ရောက်နေတာကွ”
ရှဲ့နင်ဟယ်၏လေသံတွင် သတ်ဖြတ်လိုသော အငွေ့အသက်အချို့ ပါဝင်နေသည်။
တုချဲ့လည်း ဤအချက်ကို သတိထားမိသဖြင့် ထိတ်လန့်တကြား ပြောလိုက်သည်။ “တောင်းပန်ပါတယ် သခင်ကြီး... ကျွန်တော်က သတင်းအမှားကို တမင်သက်သက် ပေးခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော့်သစ္စာတရားကို သံသယမဝင်ပါနဲ့ဗျာ”
“သွေးစိတ်ဆန္ဒဆေးလုံးကို ကျွန်တော် ဘယ်လောက်လိုချင်လဲဆိုတာ ခင်ဗျား သိပါတယ်”
တုချဲ့၏စကားများက ရှဲ့နင်ဟယ်၏စိတ်ကို အတော်လေး ပြေလျော့သွားစေသည်။ စိတ်အာရုံနယ်ပယ်သို့ ရောက်ရှိစေနိုင်မည့် သွေးစိတ်ဆန္ဒဆေးလုံးအပေါ် တုချဲ့ မည်မျှ စွဲလမ်းနေကြောင်းအား သူကောင်းကောင်း သိထားသောကြောင့် ဖြစ်သည်။
သွေးစိတ်ဆန္ဒဆေးလုံးအား လိုချင်သည့်ဆန္ဒသာ မရှိခဲ့လျှင် သူသည် အရိပ်လကိုယ်ခံပညာခန်းမကို သစ္စာဖောက်မည် မဟုတ်ပေ။
တုချဲ့၏အကူအညီသာ မပါဝင်ခဲ့လျှင် ဟန်ဟူရှောင့်၏ဒဏ်ရာသည်လည်း ဤမျှ ပြင်းထန်ခဲ့မည် မဟုတ်ချေ။
“ရွှီနင်က လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ အဆင့်တက်သွားတာ ဖြစ်မှာပါ”
တုချဲ့က အလျင်အမြန် ရှင်းပြလိုက်သည်။
ရှဲ့နင်ဟယ်က သူ့ကို အစီအစဉ်ထဲမှ ထုတ်ပယ်လိုက်မည်ကို သူကြောက်ရွံ့နေမိ၏။ ထိုသို့သာ ဖြစ်သွားပါက သူသည် စိတ်အာရုံနယ်ပယ်သို့ တက်လှမ်းရန် အခွင့်အရေး ရတော့မည် မဟုတ်ပေ။
တုချဲ့မှာ ယခုမှ အသက် ၃၀ ကျော်သာ ရှိသေးပြီး အတွင်းပိုင်းချီနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ လူအများ၏အမြင်တွင် သူ့အနာဂတ်မှာ တောက်ပနေလျက်ရှိသည်။
သို့သော် သူ့ဆရာနှင့် ဆရာတူညီမအား မျက်နှာလုပ်နိုင်ရန်အတွက် လျှို့ဝှက်စွာဖြင့် ဆေးဝါးများ သောက်သုံးခဲ့ရကြောင်း တုချဲ့သာ သိလေသည်။
အချုပ်အားဖြင့်ဆိုရသော် သူ့သိုင်းပညာပါရမီမှာ ကုန်ဆုံးသွားခဲ့ချေပြီ။
အကယ်၍ သူသာ နောက်ထပ်ခြေလှမ်းတစ်လှမ်းတက်ပြီး စိတ်အာရုံနယ်ပယ်ရှိ အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက် ဖြစ်လိုပါက သွေးစိတ်ဆန္ဒဆေးလုံးကို အသုံးပြုမှသာ ဖြစ်နိုင်ပေလိမ့်မည်။
သဘောတူညီချက်အရ ရှဲ့နင်ဟယ်သည် သူ့အား သွေးစိတ်ဆန္ဒဆေးလုံး တစ်ဝက်ကို ပေးထားပြီးဖြစ်သည်။ အရိပ်လကိုယ်ခံပညာခန်းမ ပျက်စီးသွားသည်နှင့်တစ်ပြိုင်နက် ကျန်ရှိနေသော ဆေးလုံးတစ်ဝက်ကို ရရှိမည်ဖြစ်ပြီး စိတ်အာရုံနယ်ပယ်သို့ တက်လှမ်းနိုင်တော့မည် ဖြစ်သည်။
“ဒီတစ်ခါတော့ မင်းအမှားကို ငါခွင့်လွှတ်ပေးလိုက်မယ်”
ရှဲ့နင်ဟယ်သည် တုချဲ့ကို ခြိမ်းခြောက်လိုက်ခြင်းသာဖြစ်ပြီး တုချဲ့၌ အသုံးဝင်မည့်တန်ဖိုးများ ရှိနေသေးကြောင်း သိထားလေသည်။
“ဒါပေမဲ့ ရွှီနင်က စိတ်ဆန္ဒနယ်ပယ်ကို ရောက်သွားပြီဆိုတော့ ငါတို့ရဲ့ မူလအစီအစဉ်ကို ပြောင်းလဲရလိမ့်မယ်”
ရှဲ့နင်ဟယ်က တည်ငြိမ်စွာ ပြောလိုက်သည်။ “အရိပ်လကိုယ်ခံပညာခန်းမကို အပြီးတိုင် ဖျက်ဆီးချင်ရင် ရွှီနင်ကို အရင်ရှင်းပစ်ရမယ်”
“ရွှီနင်ကို ရှင်းပစ်ရမယ် ဟုတ်လား”
တုချဲ့ နားမလည်နိုင် ဖြစ်သွားသည်။ “သူက စိတ်ဆန္ဒနယ်ပယ်မှာတောင် အတော်လေး အစွမ်းထက်တဲ့သူပါ”
တုချဲ့၏ သတ္တိနည်းပုံကို မြင်သောအခါ ရှဲ့နင်ဟယ်က မဲ့ပြုံးပြုံးလိုက်သည်။ “အခုမှ စိတ်ဆန္ဒနယ်ပယ်ကို ရောက်လာတဲ့ကောင်ကို ဘယ်သူက ဂရုစိုက်နေမှာလဲ... အဆင့်တက်ခါစကောင်က ဘယ်လောက်များ စွမ်းနိုင်မှာမို့လို့လဲကွ”
“တုချဲ့”
ရှဲ့နင်ဟယ်၏အသံမှာ တိုးသွားသည်။ “မင်း ငါ့ဆီကို သတင်းအမှားတွေ ယူလာခဲ့တယ်... ဒါက အမှားကြီးတစ်ခုပဲ။ ဒါပေမဲ့ အခု မင်းရဲ့အမှားကို ပြန်ပြင်ဖို့ ငါအခွင့်အရေး ပေးမယ်”
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ရှဲ့”
စကားဝိုင်း အခြေအနေ မကောင်းသည်ကို သတိထားမိလိုက်သော တုချဲ့မှာ အနည်းငယ် ထိတ်လန့်သွားလေသည်။
“ရွှီနင် ခရိုင်မြို့အပြင်ကို ရောက်လာအောင် မင်းနည်းလမ်းရှာရမယ်... ပြီးရင် ငါက သခင်ကြီးရွှယ်နဲ့ ပေါင်းပြီး မြို့ပြင်မှာ သူ့ကို သတ်ပစ်မယ်”
ရှဲ့နင်ဟယ်၏စကားကြောင့် တုချဲ့ ရင်ထိတ်သွားရသည်။
“အမ်...”
တုချဲ့၏ နဖူးပေါ်တွင် ချွေးများ ပြည့်နှက်လာ၏။ သူ တွန့်ဆုတ်နေပုံရသည်။ “သူက စိတ်ဆန္ဒနယ်ပယ် သိုင်းပညာရှင်လေ... ကျွန်တော်က ဘယ်လိုလုပ် သူ့ကို လိမ်ခေါ်လို့ရမှာလဲ”
“မင်းဆရာကလည်း စိတ်ဆန္ဒနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ပဲ မဟုတ်လား... ဒါပေမဲ့ မင်းလိမ်တာကို ခံလိုက်ရတာပဲလေ”
ရှဲ့နင်ဟယ်က ခနဲ့တဲ့တဲ့ ပြောလိုက်ခြင်း ဖြစ်သည်။
တုချဲ့ တံတွေးမြိုချလိုက်မိသည်။ “ကျွန်တော့်ဆရာက ကျွန်တော့်ကို သံသယမဝင်လို့ပါ... ဒါပေမဲ့ ရွှီနင်ကတော့...”
ဖြောင်း...
ရုတ်တရက် ရှဲ့နင်ဟယ်၏ ကိုယ်နေဟန်ထား ပြောင်းလဲသွားသည်။ မျက်စိတစ်မှိတ်အတွင်း သူ လက်ကိုဆန့်ထုတ်လိုက်ပြီး စားပွဲထောင့်ကို ရိုက်ချလိုက်ရာ အပိုင်းပိုင်းအစစ ကြေမွသွားတော့သည်။
“မင်းက ငါနဲ့ ဈေးစစ်နေတာလား”
ရှဲ့နင်ဟယ်က တင်းမာစွာ ပြောလိုက်သည်။ “တုချဲ့... ငါပြောမယ်၊ မင်းမှာ ရွေးချယ်စရာမရှိဘူး။ ငါပြောတာကို နားမထောင်ရင် မင်းဆရာဆီ မင်းလုပ်ခဲ့တာတွေကို ဖွင့်ချပြီး မင်းကိုကိုယ်တိုင် ရှင်းခိုင်းလိုက်မယ်”
“ကျွန်တော်...”
သူ့တွင် ရွေးချယ်ခွင့်မရှိကြောင်း တုချဲ့ သိလိုက်သည်။
“ဒါပေမဲ့ မင်းသာ ဒီကိစ္စကို လုပ်ပေးမယ်ဆိုရင် စိတ်အာရုံနယ်ပယ်ကို ရောက်ဖို့အတွက် ကျန်နေတဲ့ သွေးစိတ်ဆန္ဒဆေးလုံး တစ်ဝက်ကို ပေးမယ့်အပြင်၊ အရိပ်လကိုယ်ခံပညာခန်းမ ပျက်စီးသွားတဲ့အခါ ဟန်ယွဲ့ဆိုတဲ့ ကောင်မလေးကိုပါ မင်းကို ပေးမယ်ကွာ။ ပြီးရင် မင်းကို ငါ့လက်ထောက်အဖြစ် ခေါ်ထားပေးမယ်”
ရှဲ့နင်ဟယ်က မက်လုံးပေးလိုက်ခြင်း ဖြစ်သည်။
“သဘောတူပါတယ်... ကျေးဇူးတင်ပါတယ် ခန်းမသခင်ရှဲ့”
တုချဲ့ ဆုံးဖြတ်ချက်ချလိုက်ပုံရသည်။ “ရွှီနင် ခရိုင်မြို့အပြင်ဘက် ရောက်လာအောင် ကျွန်တော် နည်းလမ်းရှာပါ့မယ်”
“ကောင်းပြီ”
ရှဲ့နင်ဟယ် ရယ်မောလိုက်သည်။ တုချဲ့၏ နာခံမှုအပေါ် သူကျေနပ်သွားလေသည်။
တုချဲ့ မတ်တပ်ရပ်ပြီး လက်သီးဆုပ်ကာ အရိုအသေပေးလိုက်သည်။ သူ ထွက်ခွာရန် ပြင်လိုက်စဉ် ရှဲ့နင်ဟယ်က လှမ်းတားလိုက်သည်။
“ခဏနေဦး”
ရှဲ့နင်ဟယ်က ကြွေပုလင်းတစ်လုံးကို တုချဲ့လက်ထဲ ပစ်ပေးလိုက်သည်။ “ဒီ အငွေ့အသက်ထိန်းဆေးလုံးကို သောက်ဖို့ မမေ့နဲ့ဦး”
“ဟုတ်ကဲ့ပါ”
တုချဲ့ ပြန်ဖြေလိုက်သည်။
သိုင်းပညာရှင်များသည် စိတ်အာရုံနယ်ပယ်သို့ ရောက်ရှိပြီးနောက် အန္တရာယ်ကို အာရုံခံနိုင်စွမ်း တဖြည်းဖြည်း တိုးတက်လာလေ့ရှိသည်။
အငွေ့အသက်ထိန်းဆေးလုံးသာ မရှိပါက တုချဲ့၏အဖြစ်မှန်မှာ အလွယ်တကူ ပေါ်သွားပေလိမ့်မည်။
“ရွှီနင်...”
တုချဲ့ ထွက်ခွာသွားပြီးနောက် ရှဲ့နင်ဟယ်၏မျက်လုံးများထဲတွင် လျှို့ဝှက်သော အကြံအစည်များ လက်ခနဲ ဖြတ်ပြေးသွားသည်။
…
နှစ်ရက် ကုန်လွန်သွားပြီးနောက်
လွန်ခဲ့သည့် နှစ်ရက်အတွင်း အရိပ်လကိုယ်ခံပညာခန်းမသည် ယခင်ကကဲ့သို့ တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိလာပုံရသည်။
ကိုယ်ခံပညာခန်းမရှိ လက်ရှိတပည့်အရေအတွက်သည်ပင် ခန်းမ၏ ၆၀ ရာခိုင်နှုန်းခန့် ပြည့်သွားခဲ့ချေပြီ။
လွန်ခဲ့သော နှစ်ရက်က ရွှီနင်သည် ဝိညာဉ်ဆေးပင်အချို့ကို ဝယ်ယူခဲ့ရာ စုပ်ယူပြီးနောက် စွမ်းအင် ၁၂၅ ယူနစ် ထပ်မံရရှိခဲ့သည်။
သူ့စွမ်းအင်လက်ကျန် စုစုပေါင်းမှာ ၂၂၅ ယူနစ်အထိ ရောက်ရှိလာပြီဖြစ်သည်။
နောက်ထပ် စွမ်းအင် ၇၅ ယူနစ်သာ ထပ်ရပါက စိတ်ဆန္ဒနယ်ပယ်မှ ဝိညာဉ်နိုးထခြင်းနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်တော့မည် ဖြစ်သည်။
‘ဒီညဆိုရင် ဒီရေလက်သီးကို ငါအပြည့်အဝ နားလည်လောက်ပြီ’
ရွှီနင် ကုတင်ပေါ်တွင် ထိုင်လျက် ကောင်းကင်ကို လှမ်းကြည့်လိုက်သည်။ ညအချိန်သို့ ရောက်ရှိနေပြီဖြစ်သည်။
လွန်ခဲ့သောရက်များအတွင်း ရွှီနင်သည် အိပ်ချိန်၊ စားချိန်များကိုပင် မေ့လျော့ကာ ဒီရေလက်သီးကို လေ့လာခဲ့သည်။ ဟင်းလင်းပြင်နယ်ပယ်၏ ဆွဲဆောင်မှုမှာ ရွှီနင်အတွက် ကြီးမားလွန်းလှသည် မဟုတ်ပါလော။
နောက်ဆုံးတွင် နေဝင်ခါနီးအချိန်၌ ရွှီနင်သည် ဒီရေလက်သီး လျှို့ဝှက်နည်းစနစ်ကို အပြည့်အဝ နားလည်သဘောပေါက်သွားခဲ့သည်။ ထိုအချိန်၌ပင် ၎င်းသည် ရွှီနင်၏ သိုင်းပညာမျက်နှာပြင်ပေါ်တွင် စာရင်းဝင်သွားလေတော့သည်။
—
အမည် - ရွှီနင်
သိုင်းပညာ - နွေဦးလေပြည်ကျင့်စဉ် (သာမန်လူသားနယ်ပယ် အဋ္ဌမအဆင့် - စိတ်ဆန္ဒနယ်ပယ်) +
မူလအသက်ရှူနည်း ခန္ဓာကျင့်စဉ် (ပြီးပြည့်စုံသောအဆင့်)
လေပြင်းမုန်တိုင်းဓားနည်းစနစ် (ပြီးပြည့်စုံသောအဆင့်)
ပေါ့ပါးငှက်မွေးလေးအတတ်ပညာ (အခြေခံအဆင့်) +
ဒီရေလက်သီး (မလေ့ကျင့်ရသေး) +
ရရှိနိုင်သော စွမ်းအင် - ၂၂၅ ယူနစ်
—
‘နောက်ဆုံးတော့ သိုင်းပညာမျက်နှာပြင်ပေါ် ရောက်လာပြီပဲ’
သိုင်းပညာမျက်နှာပြင်ပေါ်တွင် ဒီရေလက်သီး ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ရွှီနင် အလွန်စိတ်လှုပ်ရှားသွားမိသည်။
‘ဟင်းလင်းပြင်နယ်ပယ်ရဲ့ လျှို့ဝှက်ချက်တွေကို ငါနောက်ဆုံးတော့ လေ့လာခွင့်ရပြီ’
ရွှီနင်သည် တုံ့ဆိုင်းမနေဘဲ ဒီရေလက်သီး ဘေးရှိ “+” သင်္ကေတကို နှိပ်လိုက်သည်။
—
ဒီရေလက်သီးကို အဆင့်မြှင့်တင်ရန် စွမ်းအင် ၁၀၀ ယူနစ် အသုံးပြုမည်လား။
လုပ်မည်/မလုပ်ပါ
—
‘စွမ်းအင် ၁၀၀ ယူနစ်တောင်လား’
ကြိုတင်ပြင်ဆင်ထားသော်လည်း ၁၀၀ ယူနစ်ဟူသော ပမာဏမှာ ရွှီနင် မျှော်လင့်ထားသည်ထက် ပိုများနေသည်။
‘အဆင့်မြှင့်ဖို့ လိုအပ်တဲ့ စွမ်းအင်က တော်တော်များတာပဲ’
သို့သော် ရွှီနင် လျင်မြန်စွာ တည်ငြိမ်သွားသည်။
ဝေ့ချန်ချင်းထံမှ ဟင်းလင်းပြင်နယ်ပယ်အကြောင်း နားလည်ထားသည်များနှင့်အညီ ဟင်းလင်းပြင်နယ်ပယ် လျှို့ဝှက်နည်းစနစ်သည် သာမန်လူသားနယ်ပယ် ပြင်ပသိုင်းပညာများနှင့် မတူညီကြောင်း သူသိထားသည်။
သာမန်လူသားနယ်ပယ် ပြင်ပသိုင်းပညာသည် အတွင်းအားကျင့်စဉ်နှင့် သီးခြားစီ ရပ်တည်နေပြီး ၎င်းတို့နှစ်ခုကြားတွင် အခြေခံတူညီမှုများ မရှိပေ။
သို့သော် ဟင်းလင်းပြင်နယ်ပယ် လျှို့ဝှက်ကျင့်စဉ်နှင့် ဟင်းလင်းပြင်နယ်ပယ် လျှို့ဝှက်နည်းစနစ်တို့ကြားတွင်မူ အပြန်အလှန် လွှမ်းမိုးမှုရှိသော ဆက်နွှယ်ချက်များ ရှိနေသည်။
‘ဒီရေလက်သီးကို အခုပဲ အဆင့်မြှင့်လိုက်ရမလား’
ရွှီနင် စတင်စဉ်းစားလိုက်မိသည်။