နန်းစန်းတောင်မှ ယန်မြောင်ယွင်
Vol. 4 Ch. 382
ကျောက်ရှောင်ယွီသည် လော်ဝါဒ၏ သူတော်စင် မိန်းမပျို ဖြစ်လာပြီးသည့် နောက်ပိုင်း ကျီဖူတောင်ထိပ်တွင် လော်ဝါဒဂိုဏ်းကြီးကို ပြန်လည် တည်ထောင်ခဲ့လေသည်။ သူမ၏ သြဇာ လွှမ်းမိုးမှုမှာ အချိန်တို အတွင်းပင် ပျံ့နှံ့သွားခဲ့ပြီး လော်ဝါဒသည် ယွမ်ကျိုးနယ် တစ်ခုလုံးတွင် နေလိုလလို ထွန်းလင်းလျက် ရှိလေသည်။
ထိုသတင်းကို ကြားရသည့်အတွက် ဆန်းလျန်၏ စိတ်ထဲတွင် ကျေနပ်မိလေသည်။
ယွမ်ကျိုးနယ်၏ မိုင်ပေါင်း တစ်သန်းပတ်လည်တွင် တိုင်းပြည်ပေါင်း တစ်သောင်းကျော် ရှိပြီး ထက်ဝက်ခန့်မှာ လော်ဝါဒကို ယုံကြည် လက်ခံလာကြလေသည်။ ကျောက်ရှောင်ယွီ၏ တန်ခိုး အာဏာသည် ထွန်းလင်းလာပြီး ကြာပန်းကိုးပွင့် ကျင့်စဉ်ကျမ်းမှာလည်း အမြင့်ဆုံးနေရာသို့ ရောက်ရှိ လာခဲ့လေသည်။
ကျောက်ရှောင်ယွီ အတွက် အရာရာတိုင်းသည် ပန်းခင်းလမ်းအလား ချောမွေ့နေခဲ့လေသည်။ သို့သော် မည်သည့် အရာမဆို အထွတ်ထိပ်သို့ ရောက်သည့်အခါတွင် အခက်အခဲများနှင့် ရင်ဆိုင်ရသည်မှာ ဓမ္မတာပင် ဖြစ်လေ၏။
ထူးဆန်းသည့် ကျင့်စဉ်များကို ကျင့်ကြံကြသည့် လျှို့ဝှက် ဂိုဏ်းတစ်ဂိုဏ်းသည် မည်သည့် နေရာကမှန်းမသိ ပေါ်ထွက် လာခဲ့လေသည်။
ထိုဂိုဏ်းသည် တန်ခိုးစွမ်းအား မြင့်မားရုံသာမက လျှို့ဝှက် နည်းလမ်းများကိုလည်း ကျင့်သုံးခဲ့သဖြင့် သြဇာ လွှမ်းမိုးမှုသည် ကြောက်မက်ဖွယ်ရာ မြင့်တက် လာခဲ့လေသည်။
လူတစ်ယောက်သည် တန်ဖိုးပေးဆပ်နိုင်လျှင် ထိုဂိုဏ်းထံမှ လိုချင်သည့် အရာမှန်သမျှကို ရရှိနိုင်လေသည်။
နှစ်ဝက်အတွင်းမှာပင် ထိုဂိုဏ်းသည် လော်ဝါဒ အတွင်းသို့လည်း ထိုးဖောက် ဝင်ရောက် လာခဲ့လေသည်။ ကျောက်ရှောင်ယွီ အချိန်မီ ရိပ်မိလိုကသည့် အတွက်သာ အခြေအနေများကို တားဆီး နိုင်ခဲ့ခြင်းဖြစ်ပြီး မဟုတ်ပါက သူမ၏ သြဇာလွှမ်းမိုးမှု ထက်ဝက်ကျော်ကို ဆုံးရှုံးရမည် ဖြစ်လေသည်။
သို့သော်…
လွန်ခဲ့သည့် လဝက်ခန့်ကတော့ ကျီမော့တောင်ထိပ်သို့ လူတစ်ယောက် ရောက်ရှိလာကာ တိုက်ခိုက်ခဲ့သည့် အတွက် ကျောက်ရှောင်ယွီမှာ အပြင်းအထန် ဒဏ်ရာ ရသွားခဲ့လေသည်။ သူမ၏ ဒဏ်ရာကို ကုသရန် အတွက် လျှို့ဝှက်နေရာ တစ်ခုသို့ ဆုတ်ခွာခဲ့ရသည်။
သူမသည် ဆန်းလျန်ဆီမှ အကူအညီ လိုအပ်နေလေသည်။
ကျောက်ရှောင်ယွီ ပေးပို့လိုက်သည့် စာကိုဖတ်ရင်း ဆန်းလျန်သည် ကျောက်ရှောင်ယွီ အကြောင်း စဉ်းစား နေမိလေသည်။
သူတို့နှစ်ယောက်သည် ရန်သူများအဖြစ်မှ အလွန်ခင်မင်သည့် မိတ်ဆွေများ အဖြစ် ပြောင်းလဲလာခဲ့ပြီး သူလျှောက်လှမ်းခဲ့သည့် ကျင့်စဉ်လမ်း တစ်လျှောက်တွင် ကျောက်ရှောင်ယွီသည် အရေးပါသည့် ကဏ္ဍတွင် ပါဝင်ခဲ့သူ ဖြစ်လေသည်။
သူတို့နှစ်ယောက်၏ ရေစက်သည် ကံတရား အတိုင်းပင် ဖြစ်လေသည်။
ထို့ကြောင့် သူမ ဒုက္ခရောက်နေသည့် အချိန်တွင် ဆန်းလျန် အနေဖြင့် မိတ်ဆွေကောင်း ပီသစွာ သူမကို ကူညီသင့်လေသည်။
ဆန်းလျန်၏ ခန္ဓာကိုယ်ထဲတွင် ဒြပ်စင် စွမ်းအားငါးမျိုးသာမက နဂါးငွေ့တန်း ဓားမျိုးစေ့ပါ စီးဆင်း နေလေသည်။
သူ၏ စိတ်ဝိညာဉ်မှာ နဂါးငွေ့တန်း ဓားမျိုးစေ့ဖြင့် ရောယှက် နေလေသည်။
ဆန်းလျန်၏ မူလဝိညာဉ် ခန္ဓာသည် အခြေအနေ အရပ်ရပ်ကို သုံးသပ် လိုက်ပြီးသည့်နောက် ကျောက်ရှောင်ယွီ မည်သည့် နေရာတွင် ရှိသည်ကို ချက်ချင်း ခန့်မှန်းလိုက်နိုင်လေသည်။
ထို့နောက် …
ဆန်းလျန်သည် ချင်းရွှမ် ခန်းမဆောင်အတွင်းမှ ပျောက်ကွယ် သွားလေသည်။ ရေစီးဆင်းသံများသာ ခန်းမဆောင်ထဲတွင် ကျန်ရစ်ခဲ့လေသည်။
နဂါးငွေ့တန်း ဓားမျိုးစေ့သည် ဆန်းလျန်ကို နဂါးငွေ့တန်းနှင့် ဆက်သွယ် ပေးလေသည်။ နဂါးငွေ့တန်း ဆိုသည်မှာ မိုးနတ်မင်း ဖန်ဆင်းထားသည့် ကောင်းကင်ထက်မှ မြစ်တစ်စင်း ဖြစ်လေသည်။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီးသည့်နောက် နဂါးငွေ့တန်းသည် စကြဝဠာ နေရာတိုင်း၏ အစိတ်အပိုင်း ဖြစ်လာခဲ့လေသည်။
နဂါးငွေ့တန်း မြစ်ရေသည် နေရာတိုင်းတွင် ရှိနေသလို နေရာတိုင်းသို့လည်း ရောက်ရှိ နိုင်လေသည်။
တောင်ခြေ တစ်ခုတွင် ဆန်းလျန် ပေါ်လာလေသည်။
တောင်ခြေတွင် လန်းဆန်းသည့် သစ်ပင် ရနံ့လေးများဖြင့် လန်းဆန်း နေလေသည်။
ရောက်လိုသည့် နေရာကို ရောက်ရှိရန် အတွက် နဂါးငွေ့တန်း ဓားမျိုးစေ့ကို အသုံးပြုလိုက်သည့် အတွက် ဆန်းလျန်၏ မူလ ဝိညာဉ်ခန္ဓာတွင် တန်ခိုးစွမ်းအား ငါးရာခိုင်နှုန်း လျော့နည်း သွားလေသည်။
ဆန်းလျန်သည် တာအို ဆရာသခင်ကြီး မဟုတ်သလို၊ ဗုဒ္ဓဘုရားလည်း မဟုတ်သည့်အတွက် လောကသုံးပါးတွင် သွားချင်တိုင်း သွားလာ၍ ရနိုင်သည့် တန်ခိုးစွမ်းအားကို မပိုင်ဆိုင်သေးပေ။ တာအို ဆရာသခင်ကြီးနှင့် ဗုဒ္ဓဘုရားကဲ့သို့သော ပုဂ္ဂိုလ်များကတော့ အတွေး တစ်ချက်တည်းဖြင့်ပင် ရောက်လိုသည့် နေရာကို ရောက်ရှိနိုင်ကြလေသည်။
"နန်းစန်းတောင်"
ဆန်းလျန် ရောက်ရှိနေသည့် တောင်ခြေတွင် ဆိုင်းဘုတ် တစ်ခု ရေးထွင်းထားလေ၏။
နန်စန်းတောင်သည် ထိုက်စု နတ်ဘုရားဂိုဏ်း၏ တောင်ဘက်တွင် တည်ရှိပြီး လှပသည့် ဒေစီပန်းများကြောင့် ထင်ရှားလေသည်။ အသက်ဓာတ် စွမ်းအားများဖြင့် ပြည့်ဝနေသည့် အတွက် အချိန်ကြာမြင့်စွာ နေလျှင် အလွန်နုပျိုမည် ဖြစ်လေသည်။
ထို့ပြင် ဒေစီပန်းတစ်မျိုးသည် နှစ်ပေါင်း ခြောက်ဆယ်နေမှ တစ်ကြိမ်ပွင့်သည့် အတွက် အလွန် ရှားပါးလေသည်။ ထိုဒေစီပန်းမှာ အလွန်မှ ရှားပါးပြီး အဖိုးတန်သည့် ပန်းတစ်မျိုး ဖြစ်လေသည်။
ဆန်းလျန်သည် ဒေစီပန်းများ၏ ရနံ့ကို ရှူရှိုက်ရင်း တောင်တက် လမ်းလေးအတိုင်း လမ်းလျှောက် လာလေသည်။ သို့သော် သူက မြေကြောကို ချုံ့ကာ လမ်းလျှောက်နေခြင်း ဖြစ်သည့်အတွက် အချိန်ခဏလေး အတွင်းမှာပင် တောက်တက် လမ်းလေး အဆုံးသို့ ရောက်ရှိ လာလေသည်။
တောင်တက်လမ်းလေး အဆုံးတွင် ပေတစ်သောင်းခန့် နက်သည့် ချောက်ကမ်းပါးကြီး တစ်ခု ရှိလေသည်။
ဆန်းလျန်က ထိုချောက်ကမ်းပါးကြီးမှ ရှေ့သို့ ခြေလှမ်း လှမ်းလိုက်သည့်အခါ ရေလိုက်ကာ တစ်ခုအတွင်းသို့ ဝင်လိုက်သည့် အလား ခံစားလိုက်ရပြီး သီးသန့် ကမ္ဘာငယ်လေး တစ်ခုသို့ ရောက်ရှိ သွားလေသည်။
သူ့ရှေ့တွင် သစ်ပင်များ တန်းစီပေါက်ရောက် နေပြီး စမ်းချောင်းလေး တစ်ခု စီးဆင်း နေလေသည်။ စမ်းချောင်းလေးကို ဖြတ်ပြီး တံတားလေး တစ်ခု ထိုးထားလေသည်။
လှပသည့် ရှုမျှော်ခင်းများက စိတ်ညစ်စရာများ အားလုံးကို ယူပစ်လိုက်သလို ပျောက်ကင်း သွားစေနိုင်လေသည်။
နန်းစန်းတောင်မှ ဒေစီပန်းများသည် ပန်းပင်လယ်အလား နေရာအနှံ့တွင် ပွင့်နေပြီး အသက်ဓာတ် စွမ်းအားများက မြင့်မားစွာ ထွက်ပေါ်နေလေသည်။ အလွန်မှ နေရထိုင်ရသည်မှာ သက်သောင့်သက်သာ ရှိသည့် နေရာတစ်ခုပင်။
ဆန်းလျန် လမ်းလျှောက်လာလေရာ ခြေလှမ်း ဆယ်လှမ်းခန့် အလိုတွင် သစ်သားအိမ်လေး တစ်အိမ်ကို တွေ့မြင်လိုက်ရလေသည်။
အိမ်တံခါးအဝင်ဝတွင် အရှေ့ဆီသို့ မျှော်ကြည့်နေသည့် လှပသည့် မိန်းမပျိုတစ်ယောက် ရှိနေလေသည်။ သူမက ဒေစီပန်းလေး တစ်ပွင့်ကို ကိုင်ထားပြီး ပန်းပွင့်လေးကို လက်သည်းများဖြင့် ဆိတ်နေလေသည်။ သူမသည် အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဒေစီပန်းလေး တစ်ပွင့်အလား လှပလွန်းလေသည်။
သူမသည် ဆန်းလျန်ကို တွေ့သည့်အခါတွင်တော့ အလွန် အံ့သြသွားရပြီး စကားများပင် အယောင်ယောင် အမှားမှား ဖြစ်ကုန်တော့သည်။
"အစ်ကို… ဆန်း … အဲ … ဆန်းကျန်းရန်နတ်ဘုရား"
သူမက ဆန်းလျန်ကို အစ်ကိုဆန်းလျန်ဟု ခေါ်လိုက်မိတော့မလို ဖြစ်သွားပြီးမှ သူတို့ တွေ့ဆုံခဲ့သည်မှာ တစ်ကြိမ်သာ ဖြစ်သည်ကို သတိရသွားမိလေသည်။ ထို့ကြောင့် သူမက ဆန်းကျန်းရန် နတ်ဘုရားဟု ပြောင်းလဲ ခေါ်လိုက်ရသည်။
သူမသည် စိတ်များ ရှုပ်ထွေးနေပြီး သူမကို ဆန်းလျန်က မှတ်မှ မှတ်မိပါ့မလားဟု စိတ်ပူနေရှာလေသည်။
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ယန်မိန်းကလေး၊ မတွေ့တာကြာပြီနော်"
မိန်းကလေးမှာ အခြားသူမဟုတ်။
ထိုက်စုနတ်ဘုရား ဂိုဏ်းအတွင်းသို့ ဆန်းလျန် ဝင်ရောက်ခဲ့သည့် အချိန်တုန်းက တွေ့ဆုံခဲ့ရသည့် ယန်မြောင်ယွင်ပင် ဖြစ်လေသည်။ သူမသည် စိတ်ထား ကောင်းမွန်သူ တစ်ယောက်ဖြစ်သည့် အတွက် သူမအပေါ်တွင် အချစ်ကျိန်စာကို အသုံးပြုမိသည်ကို ဆန်းလျန်မှာ ယခုတိုင် စိတ်ကောင်း ဖြစ်နေရဆဲ ဖြစ်လေသည်။ သူမသည် ရော့ရှီကို ကယ်တင်နိုင်ရန် အတွက် ထိုက်စု နန်းတော်အတွင်းရှိ ထျန်းမုန့် နတ်သမီးနေထိုင်ရာ အတွင်းနန်းဆောင်ကို လမ်းပြပေးခဲ့သူ ဖြစ်လေသည်။
အမှတ်တရများသည် ဆန်းလျန်၏ နှလုံးသားထဲတွင် ထင်ကျန်နေဆဲ ဖြစ်လေသည်။
ဆန်းလျန်၏ နှုတ်ဆက်စကားကို ကြားလိုက်သည်နှင့် ယန်မြောင်ယွင်သည် ရှက်သွေးဖြာ သွားလေသည်။
"ဆန်းကျန်းရန် နတ်ဘုရားက ကျွန်မကို မှတ်မိနေသေးတာပဲ"
သူမက နူးညံ့စွာ ပြောလိုက်သည်။
ပြီးမှ …
"ရှင်က အစ်မရှောင်ယွီကို လာရှာတာ မဟုတ်လား"
သူမက တစ်စုံတစ်ခုကို နားလည်သွားသည့် ဟန်ဖြင့် မေးလိုက်လေသည်။
ဆန်းလျန်က ခေါင်းညိတ်လိုက်ရင်း…
"ဟုတ်တယ်၊ သူ့ကိုလာရှာတာပါ၊ ဒါနဲ့ မင်းက ထိုက်စု နတ်ဘုရားဂိုဏ်းမှာ မဟုတ်ဘဲ ဘယ်လိုလုပ်ပြီး ရှောင်ယွီနဲ့ အတူတူရှိနေရတာလဲ"
ယန်မြောင်ယွင်က ခေါင်းကိုငုံ့လိုက်ရင်း…
"နန်းတော်သခင်မက ကျွန်မကို ကွမ်းချင်း နတ်ဘုရားဂိုဏ်းက ချင်းဝေးဆိုတဲ့သူနဲ့ လက်ထပ်ပေးဖို့ အတင်းအကျပ် စီစဉ်ခဲ့တယ်၊ ကျွန်မက သဘောမတူတာနဲ့ ကျွန်မကို အခန်းထဲမှာ အလုံပိတ်ပြီး သော့ခတ် ထားခဲ့တယ်၊ ဒါပေမဲ့ နန်းတော်သခင်မ မထင်မှတ်ဘဲ ပျောက်ကွယ် သွားခဲ့တယ်၊ ထိုက်စုနတ်ဘုရား သုံးပါးက နန်းတော်သခင်မကို လိုက်ရှာ နေတုန်းမှာပဲ ဂိုဏ်းတူ အစ်မလျိုစူးက ကျွန်မကို ကယ်ခဲ့တာ၊ သူက ဘယ်တော့မှ ထိုက်စု နတ်ဘုရားဂိုဏ်းကို ပြန်မလာဖို့ ပြောလိုက်တယ်၊ ထိုက်စု နတ်ဘုရားဂိုဏ်းက ထွက်ခွာလာတဲ့ နောက်တော့ ကျွန်မ အဖေဆီကိုလည်း မပြန်ရဲတော့ဘူးလေ၊ ဒါကြောင့် တစ်နေရာမှာ ပုန်းနေခဲ့တာ၊ နော်ကတော့ အနက်ရောင် ဝတ်ထားတဲ့ မျက်နှာဖုံးစွပ်လူသုံးယောက်နဲ့ ကျွန်မရင်ဆိုင်ရတယ်၊ သူတို့က ကျွန်မကို လိုက်ဖမ်းကြတာ၊ ကျွန်မ သူတို့ကို နိုင်အောင် မတိုက်ခိုက်နိုင်ခဲ့ဘူး၊ အဖမ်းခံခဲ့ရတယ်၊ အဲဒီအချိန်မှာ အစ်မရှောင်ယွီက ကျွန်မကို ကယ်ခဲ့တယ်၊ ကျွန်မလည်း သွားစရာ နေရာမရှိတာနဲ့ အစ်မရှောင်ယွီနဲ့ လိုက်လာခဲ့တာ၊ အစ်မက ကျွန်မအပေါ် အရမ်းကောင်းပါတယ်၊ ဒါပေမဲ့ အစ်မက ပြောတယ်၊ သူနဲ့နေရုံနဲ့ ကျွန်မဘဝက အန္တရာယ် မကင်းနိုင်ဘူးတဲ့၊ ဒါကြောင့် ကျွန်မကို နန်စန်းတောင်ကို ပို့ထားခဲ့တယ်၊ ဒီနေရာလေးက အရမ်းကို အေးချမ်းတာပဲ၊ တစ်ယောက်တည်း အထီးကျန် နေရပေမယ့် အန္တရာယ် ကင်းတယ်လို့ ခံစားရတယ်၊ လွန်ခဲ့တဲ့ လဝက်လောက်က အစ်မရှောင်ယွီ ရုတ်တရက် ရောက်လာတယ်၊ အစ်မက ဒဏ်ရာ အပြင်းအထန်ရထားလို့ အနားယူဖို့ လိုတယ်လို့ ပြောတယ်၊ အခုလည်း အစ်မက မိတ်ဆွေတစ်ယောက် ရောက်လာမှာမို့လို့ ကျွန်မကို ထွက်ကြိုခိုင်းလိုက်တာ၊ ကျွန်မက ဆန်းကျန်းရန်နတ်ဘုရား ဖြစ်နေမယ်လို့ ထင်မထားမိဘူး"
"ရှောင်ယွီ ဒီမိန်းကလေးကို ကယ်တယ်ထားတယ်ဆိုတာ တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ဘူး၊ ယန်မြောင်ယွင်က တိုင်းပြည်တစ်ခုက မင်းသမီးတစ်ပါးပဲ မဟုတ်လား"
ဆန်းလျန်က တွေးလိုက်သည်။
"ရှောင်ယွီ ဘယ်မှာလဲ"
သို့သော် ဆန်းလျန်က အခြားအပိုစကားများ ပြောမနေတော့ဘဲ ကျောက်ရှောင်ယွီ အကြောင်းကိုသာ မေးလိုက်လေသည်။
"ဆန်းကျန်းရန်နတ်ဘုရား၊ ကျွန်မနဲ့ လိုက်ခဲ့ပါ"
ယန်မြောင်ယွင်က ပြောလိုက်သည်။
"ယန်မိန်းကလေး၊ မင်း ကျုပ်ကို အစ်ကို ဆန်းလျန်လို့ ခေါ်လို့ရပါတယ်ဗျာ"
ဆန်းလျန်က ပြောလိုက်သည်။
ယန်မြောင်ယွင်က ခေါင်းညိတ်ပြလိုက်ပြီး ဆန်းလျန်ကို သစ်သားအိမ်လေး အတွင်းသို့ ခေါ်ဆောင် သွားလေသည်။ သစ်သားအိမ်လေး အတွင်းပိုင်းမှ အပြင်အဆင်မှာ ရိုးရှင်းပြီး လှပလေသည်။ ပြတင်းပေါက်နားတွင် စားပွဲတစ်လုံးရှိနေပြီး စားပွဲပေါ်တွင် ဒေစီပန်းများကို ပန်းအိုးတစ်လုံဖြင့် ထိုးထားလေသည်။ ထိုပန်းအိုးလေးကြောင့် အခန်းလေးမှာ ပိုပြီး လှပသွားသယောင် ဖြစ်ရလေသည်။
သစ်သားအိမ်လေး၏ အဝင်ဝတံခါးနှင့် မျက်နှာချင်းဆိုင်ရှိ နံရံထက်တွင် ပန်းချီကား တစ်ချပ် ရေးဆွဲထားလေသည်။ ယန်မြောင်ယွင်က နံ့သာပေါင်း အထုပ်လေးတစ်ထုပ်ကို ပန်းချီကားရှေ့တွင် ထားလိုက်လေသည်။
သိပ်မကြာမီ ပန်းချီကားချပ်ရှေ့တွင် အခိုးအငွေ့များဖြင့် ပြည့်နှက် သွားလေတော့သည်။
***