အခန်း (၅၁-၅၂)
Vol. 6 Ch. 51-52
အခန်း ၅၁ ငါတို့ အတူတကွ အိုမင်းသွားကြမယ်လို့ ငါ သူ့ကို ကတိပေးထားခဲ့တာ
ဖူချန် ထွက်သွားခဲ့ပြီ။
ရှောင်ချင်းသည် ခြံဝင်းထဲရှိ ကျောက်ခုံပေါ်တွင် ထိုင်ကာ သူမ၏လက်ထဲရှိ ဆေးလုံးကို ကြည့်နေရင်း ဖူချန် ပြောခဲ့သောစကားများက သူမ၏စိတ်ထဲတွင် ပဲ့တင်ထပ်နေတော့သည်။
"ရှောင်ချင်း။"
သူမ၏အစ်မဖြစ်သူ၏အသံက ခြံဝင်းအပြင်ဘက်မှ ထွက်ပေါ်လာသည်။
ရှောင်ချင်း လန့်ဖြတ်သွားပြီး ဆေးလုံးကို သူမ၏အင်္ကျီလက်စထဲသို့ အလျင်အမြန် ပြန်ဝှက်ထားလိုက်သည်။
"အစ်မ... ပြန်လာပြီလား။" ရှောင်ချင်း မတ်တတ်ရပ်လိုက်ရာ သူမ၏မျက်ဝန်းများတွင် အပြစ်ရှိသကဲ့သို့ခံစားရမှုတစ်ခုက ဖြတ်ပြေးသွားသည်။
"ရှောင်ချင်း... ဘာဖြစ်လို့လဲ။" ညီမဖြစ်သူ အနည်းငယ် ထူးဆန်းနေသည်ကို ဘိုင်ရုရွှယ် သတိထားမိလိုက်သည်။
"ဘာမှမဖြစ်ပါဘူး။" ရှောင်ချင်း ခေါင်းခါလိုက်သည်။ "အစ်မ အဝတ်လှန်းတာကို ကျွန်မ ကူညီပေးမယ်လေ။"
ရှောင်ချင်းက ရှေ့သို့ လျှောက်သွားပြီး အစ်မဖြစ်သူထံမှ အဝတ်ဇလုံကို ယူကာ အဝတ်များကို ဝါးတန်းပေါ်တွင် တစ်ထည်ချင်း ကူညီလှန်းပေးလိုက်သည်။
"အစ်မ..." ရှောင်ချင်းက အစ်မဖြစ်သူ၏ဘေးတိုက်ရုပ်သွင်ကို တစ်ချက်ကြည့်ကာ တိုးတိုးလေး ခေါ်လိုက်သည်။
"ဟင်။"
"စောစောက ဖူချန်လို့ခေါ်တဲ့ တာအိုသီလရှင်တစ်ပါး လာသွားတယ်" အစ်မဖြစ်သူက ဖူချန်ကို တကယ် သိမသိ သိချင်သဖြင့် ရှောင်ချင်းက မေးလိုက်သည်။
"တာအိုဆရာမဖူချန် လာသွားတာလား။" ဘိုင်ရုရွှယ် အနည်းငယ် အံ့သြသွားသည်။
"အစ်မ သူ့ကို သိလို့လား။"
"သိပါတယ်။ တာအိုဆရာမဖူချန်က ငါ့ကို အရင်က လာတွေ့ဖူးတယ်၊ ငါ့ကို တပည့်အဖြစ် လက်ခံချင်လို့တဲ့၊ ဒါပေမဲ့ ငါ ငြင်းလိုက်တယ်။ ရှောင်မိုကတော့ သူမဟာ တာအိုသီလရှင်ကောင်းတစ်ပါးပဲလို့ ပြောတယ်။"
"နောက်တော့ ကောင်းကင်ယံဂိုဏ်းမှာ မူလအသွင်က နတ်ဖီးနစ်ငှက်ဖြစ်တဲ့ အကြီးအကဲတစ်ပါး ရှိတယ်၊ နာမည်က ဖူချန်တဲ့... အဲဒါ ဒီအကြီးအကဲပဲ ဖြစ်ရမယ်လို့ ရှောင်မို ပြောတာကို အစ်မ ကြားခဲ့ဖူးတယ်။"
"ဒီလိုကိုး..." ရှောင်ချင်း ခေါင်းညိတ်လိုက်ပြီး နှုတ်ခမ်းကို စေ့ကာ ဖူချန်၏မည်သူမည်ဝါဖြစ်ကြောင်းနှင့်ပတ်သက်၍ စိတ်သက်သာရာရသွားတော့သည်။
"တာအိုဆရာမဖူချန်က နင့်ကို တစ်ခုခု ပြောသွားသေးလား ရှောင်ချင်း" ဟု ဘိုင်ရုရွှယ်က မေးလိုက်သည်။
"အင်း..."
ရှောင်ချင်းက အစ်မဖြစ်သူ၏မျက်ဝန်းများကို တည့်တည့် စိုက်ကြည့်လိုက်သည်။
"အစ်မ... အကြီးအကဲဖူချန်က ပြောတယ်... အစ်မ ဒီတစ်ခါ အမြန်ဆုံး ဆောင်းခိုရမယ်တဲ့။ ဒီတစ်ခါ ဆောင်းခိုအပြီးမှာ အစ်မက ရွမ်အဖြစ် အသွင်ပြောင်းလိမ့်မယ်။ အကယ်၍ အတင်းအကျပ် ဆောင်းမခိုဘဲ တောင့်ခံနေမယ်ဆိုရင် မဟာတာအိုအခြေခံအုတ်မြစ်ကို ထိခိုက်စေရုံသာမက အသက်အန္တရာယ်ပါ စိုးရိမ်ရတယ်တဲ့။"
"အစ်မ" ရှောင်ချင်းက ဘိုင်ရုရွှယ်၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။ "အစ်မ... ကျွန်မတို့ တောင်ပေါ်တက်ပြီး ဆောင်းခိုကြရအောင်။ ကိုကိုရှောင်မို မပြန်လာခင် အစ်မတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။"
"ဒါဆို ရှောင်ချင်း... ဒီတစ်ခါ ဆောင်းခိုပြီး ရွမ် အဖြစ် အသွင်ပြောင်းတဲ့အခါ ငါ ဘယ်လောက်ကြာကြာ အိပ်ရမလဲဆိုတာကိုရော တာအိုသီလရှင်က ပြောသွားသေးလား" ဟု ဘိုင်ရုရွှယ်က မေးလိုက်သည်။
"..." ရှောင်ချင်း ခေါင်းငုံ့သွားပြီး သူမ၏မျက်နှာအမူအရာမှာ ရှုပ်ထွေးသွားသည်။
ညီမဖြစ်သူ၏ပုံစံကို ကြည့်ရင်း ညီမဖြစ်သူ နှုတ်မှ မပြောလျှင်တောင် အဖြေကို ဘိုင်ရုရွှယ် သိလိုက်သည်။
ထင်တဲ့အတိုင်းပဲ... သူမ ခံစားနေရသလိုမျိုးပဲ။
ဒီတစ်ခါ ဆောင်းခိုခြင်းက အရမ်း၊ အရမ်းကို ကြာမြင့်သွားလိမ့်မည်...
"ရှောင်ချင်း... ငါ အဆင်ပြေမှာပါ။ ငါ သူ ပြန်လာမယ့်အချိန်ကို စောင့်ချင်တယ်။" ဘိုင်ရုရွှယ်က ဆုံးဖြတ်ချက်ချလိုက်သည်။
"အစ်မ... ဒါက အစ်မရဲ့အသက်အန္တရာယ်နဲ့ သက်ဆိုင်နေတာနော်..." ရှောင်ချင်း၏မျက်ဝန်းများမှာ ငိုတော့မည့်အလား ဖြစ်နေသည်။
ဘိုင်ရုရွှယ်က ပြုံးကာ ခေါင်းခါလိုက်သည်။ "ဒါပေမဲ့ ရှောင်ချင်း... ရှောင်မိုက ငါ့အသက်ထက် ပိုအရေးကြီးတယ်လေ။"
ရှောင်ချင်း - "..."
"ကဲပါ ရှောင်ချင်းရယ်... အဲဒီကိစ္စတွေအတွက် စိတ်မပူပါနဲ့တော့။ နင့်အစ်မက ပုံမှန်ဆို ကံကောင်းတတ်ပါတယ်၊ ဒါကြောင့် ငါ့အတွက် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ အဆင့်တို့၊ ဝိညာဉ်အမြစ်တို့ ဆိုတာတွေကိုရော အစ်မက ဘာလို့ ဂရုစိုက်နေရမှာလဲ။"
ရှောင်ချင်းက တစ်ခုခု ထပ်ပြောရန် ပြင်လိုက်စဉ်မှာပင် ဘိုင်ရုရွှယ်၏ဖြူမွတ်သော လက်ချောင်းဖျားလေးများက ညီမဖြစ်သူ၏နှုတ်ခမ်းကို ညင်သာစွာ ဖိပိတ်လိုက်သည်။ "ဒီကိစ္စကို ထပ်မပြောနဲ့တော့။ ငါ ဟင်းသွားချက်လိုက်ဦးမယ်။"
ဘိုင်ရုရွှယ် မီးဖိုချောင်ဆီသို့ လျှောက်သွားတော့သည်။
အစ်မဖြစ်သူ၏ကျောပြင်ကို ကြည့်ရင်း ရှောင်ချင်းက သူမ၏လက်ထဲရှိ ဆေးလုံးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
အစ်မဖြစ်သူ၏နှလုံးသားထဲတွင် ကိုကိုရှောင်မိုသည် အလွန်အရေးကြီးကြောင်း ရှောင်ချင်း သိသည်။
အကယ်၍ အခုသာ အိပ်ပျော်သွားမည်ဆိုလျှင် ထိုအိပ်စက်ခြင်းက ရှောင်မို၏တစ်သက်တာလုံး အချိန်ယူသွားနိုင်ကြောင်းကိုလည်း ရှောင်ချင်း သိသည်။
အစ်မဖြစ်သူ နိုးလာချိန်တွင် ရှောင်မိုက မရှိတော့ပါက သူမ မည်မျှလောက် စိတ်ပျက်အားငယ်သွားမည်ကို ရှောင်ချင်း ပို၍ပင် သိနေသည်။
အကယ်၍ သူမ၏အဆင့်အတွက် ပေးဆပ်ရမည့် တန်ဖိုးလောက်သာဆိုလျှင် ရှောင်ချင်း ဤမျှလောက် ဝေခွဲမရ ဖြစ်နေမည်မဟုတ်ပေ။
သို့သော် ဤအရာက အစ်မဖြစ်သူ၏အသက်အန္တရာယ်နှင့် သက်ဆိုင်နေသည့် ကိစ္စရပ်တစ်ခု ဖြစ်နေပြီဖြစ်သည်။
မကြာသေးမီက အစ်မဖြစ်သူ၏မျက်နှာအဆင်းမှာလည်း ပို၍ပို၍ ဆိုးရွားလာနေခဲ့သည်။
ဒီအတိုင်းသာ ဆက်သွားမည်ဆိုလျှင် အစ်မဖြစ်သူ တကယ်ပဲ တောင့်ခံနိုင်ပါဦးမည်လော။
ယခုကပင် ဆောင်းရာသီအလယ်သို့ ရောက်နေပြီဖြစ်ပြီး သူမကိုယ်တိုင်ပင် ပို၍ပို၍ အိပ်ငိုက်လာကာ တကယ်ကို ဆက်လက် မတောင့်ခံနိုင်တော့ပေ။
အကယ်၍ သူမ ဆောင်းခိုနေစဉ်အတွင်း အစ်မဖြစ်သူ တစ်ခုခုဖြစ်သွားခဲ့လျှင် သူမ ဘယ်လိုလုပ်ရမည်နည်း။
"ဟင့်အင်း အစ်မကို လုံးဝ ဘာအန္တရာယ်မှ အဖြစ်ခံလို့ မရဘူး"
ရှောင်ချင်းသည် သူမ၏လက်ထဲရှိ ဆေးလုံးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရာ သူမ၏မျက်ဝန်းများမှာ ပိုမို ပြတ်သားလာတော့သည်...
ထိုနေ့ မွန်းလွဲပိုင်းတွင် ဘိုင်ရုရွှယ်သည် ခြံဝင်းထဲ၌ ထိုင်ကာ ရှောင်မိုအတွက် ဖိနပ်ချုပ်ပေးနေသည်။
ရှောင်ချင်းက ဆေးလုံးကို အမှုန့်ဖြစ်အောင် ကြိတ်ချေကာ ရေထဲသို့ ဖျော်စပ်လိုက်ပြီး ပန်းကန်လုံးကို ကိုင်ကာ ထွက်လာခဲ့သည်။ "အစ်မ... ရေနည်းနည်း သောက်လိုက်ပါဦး။"
"အင်း။" ဘိုင်ရုရွှယ်က ခွက်ကို လှမ်းယူလိုက်သည်။
ရှောင်ချင်း၏စိုးရိမ်တကြီး အကြည့်များအောက်တွင် ဘိုင်ရုရွှယ်က ပန်းကန်လုံးထဲရှိ ရေနွေးကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
ရေ၏အရသာမှာ အနည်းငယ် ချိုနေသော်လည်း ဘိုင်ရုရွှယ်က သိပ်ပြီး ဂရုမစိုက်ခဲ့ပေ။
ဘိုင်ရုရွှယ်သည် မြေပန်းကန်လုံးကို ချထားလိုက်ပြီး ရှောင်မိုအတွက် ဖိနပ်ကို ဆက်လက် ချုပ်လုပ်နေခဲ့သည်။
ရှောင်ချင်းသည် အစ်မဖြစ်သူ၏ဘေးတွင် ထိုင်ကာ စာအုပ်ဖတ်နေသယောင် ဟန်ဆောင်နေသော်လည်း တကယ်တမ်းတွင် သူမ၏အစ်မဖြစ်သူကို အချိန်တစ်လျှောက်လုံး စိုးရိမ်တကြီး စောင့်ကြည့်နေခဲ့သည်။
နာရီဝက်ခန့် ကုန်လွန်သွားသောအခါ ဘိုင်ရုရွှယ်မှာ ပို၍ပို၍ အိပ်ငိုက်လာကြောင်း ခံစားလိုက်ရသည်။
ဘိုင်ရုရွှယ် ခေါင်းခါယမ်းလိုက်ပြီး မျက်နှာကို ရေအေးဖြင့် သစ်လိုက်ရာ စိတ်ပြန်လည် ကြည်လင်လာပြီးနောက် ကျောက်ခုံပေါ်တွင် ဆက်လက် ထိုင်နေလိုက်သည်။
သို့သော် မကြာမီမှာပင် ဘိုင်ရုရွှယ် နောက်တစ်ကြိမ် အိပ်ငိုက်လာပြန်သည်။
သူမက စားပွဲပေါ်ရှိ ငရုတ်သီးကို ယူကာ တစ်လုတ် ကိုက်လိုက်သည်။
ပုံမှန်အားဖြင့် အစပ်ကို အကြောက်ဆုံးဖြစ်သော ဘိုင်ရုရွှယ်၏မျက်နှာမှာ ရှုံ့မဲ့သွားသော်လည်း ငရုတ်သီးက ခေတ္တခဏသာ အထောက်အကူ ဖြစ်စေခဲ့သည်။
ဘိုင်ရုရွှယ်၏အိပ်ငိုက်မှုမှာ ပို၍ပို၍ လေးလံလာတော့သည်။
ဤအိပ်ငိုက်မှုက အရင်ကထက် များစွာ ပိုမို ပြင်းထန်နေသည်။
ဘိုင်ရုရွှယ်သည် သူမ ဆက်လက် မတောင့်ခံနိုင်တော့ကြောင်းပင် ခံစားလိုက်ရသည်... သူမကိုယ်သူမ နာအောင်ဆိတ်ရန်ပင် ခွန်အား သိပ်မကျန်တော့ပေ။
အနီးတွင် ထိုင်နေသော ရှောင်ချင်းသည် အစ်မဖြစ်သူက အတင်းနိုးနေအောင် ကြိုးစားနေသည်ကို မြင်သောအခါ သူမ၏နှလုံးသားမှာ နာကျင်စွာ လိမ်ချိုးခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။
"ရှောင်ချင်း..." ဘိုင်ရုရွှယ်က ညီမဖြစ်သူ၏လက်ကို ဆွဲကိုင်လိုက်သည်။ "ငါ့ကို နာအောင် ဆိတ်ပေးစမ်းပါ။"
"အစ်မ..." ရှောင်ချင်း၏မျက်ဝန်းများတွင် မျက်ရည်စများ ဝိုင်းလာတော့သည်။
ရှောင်ချင်း တွန့်ဆုတ်နေသည်ကို မြင်သောအခါ ခုံပေါ်တွင် ထိုင်နေသော ဘိုင်ရုရွှယ်က စားပွဲပေါ်ရှိ အပ်ကြမ်းကို ယူကာ သူမကိုယ်သူမ ထိုးရန် ပြင်လိုက်သည်။
ရှောင်ချင်းက အလျင်အမြန် လုယူလိုက်သည်။ "အစ်မ... အိပ်လိုက်ပါတော့..."
"ငါ အိပ်လို့မဖြစ်ဘူး..."
ဘိုင်ရုရွှယ်က အတင်းအကျပ် ခေါင်းမော့လိုက်ရာ သူမ၏ချီစွမ်းအင်များမှာ အားနည်းနေပြီး သူမ၏အသိစိတ်မှာလည်း ပြတ်တောက်တော့မည့် ကြိုးမျှင်လေးတစ်ချောင်းကဲ့သို့ ဖြစ်နေသည်။
"ဒီဖိနပ်က... ငါ ချုပ်လို့ မပြီးသေးဘူး..."
"သူ မြို့တော်မှာ ရှိနေတုန်းပဲ... သူ ပြန်လာမယ့်အချိန်ကို ငါ မစောင့်ရသေးဘူး..."
"ငါ အိပ်လို့မဖြစ်ဘူး... မဖြစ်ဘူး..."
"ငါ ကတိဖျက်လို့မဖြစ်ဘူး။ သူ ငါ့ကို အပြစ်တင်လိမ့်မယ်..."
ဘိုင်ရုရွှယ်၏အသံလေးမှာ တိုးသည်ထက် တိုးလာပြီး သူမ၏ခေါင်းမှာ ပိုမို လေးလံလာကာ သူမ၏အသိစိတ်များမှာလည်း တဖြည်းဖြည်း ဝေဝါးလာတော့သည်။
အစ်မဖြစ်သူ၏အခြေအနေကို မြင်သောအခါ ရှောင်ချင်း၏နှလုံးသားမှာ ပုရွက်ဆိတ်များ ကိုက်ဖြတ်စားသောက်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူမက အစ်မဖြစ်သူကို တင်းကျပ်စွာ ဖက်ထားလိုက်သည်။ "အစ်မ... ကိုကိုရှောင်မိုက အစ်မကို အပြစ်တင်မှာ မဟုတ်ပါဘူး။ အားလုံးက ကျွန်မအမှားတွေပါ အစ်မရယ်၊ တောင်းပန်ပါတယ်... တောင်းပန်ပါတယ်..."
ရှောင်ချင်း၏အသံလေးမှာ ဘိုင်ရုရွှယ်၏နားထဲတွင် တဖြည်းဖြည်း တိုးဝှေ့ပျောက်ကွယ်သွားတော့သည်။
ဘိုင်ရုရွှယ်၏စိတ်ထဲတွင် ပုံရိပ်များက လည်ပတ်နေသော မီးပုံးလေးတစ်ခုကဲ့သို့ တစ်ခုပြီးတစ်ခု ဖြတ်ပြေးသွားတော့သည်။
သူ့ကို ပထမဆုံး တွေ့ဆုံခဲ့ရသည့်အချိန်။
သူနှင့်အတူ ပထမဆုံး နွားစီးခဲ့ရသည့်အချိန်။
သူ့ကို စာဖတ်ရန်နှင့် စာရေးရန် သင်ပေးဖို့ ပထမဆုံး တောင်းဆိုခဲ့သည့်အချိန်။
သူမချက်သော ဟင်းကို သူ ပထမဆုံးအကြိမ် ချီးကျူးခဲ့သည့်အချိန်...
"ရှောင်မို... အတူတကွ အိုမင်းသွားခြင်း ဆိုတာ ဘာအဓိပ္ပာယ်လဲ။"
ထိုနှစ် နွေဦးရာသီက မိန်းကလေးက သူ့ကို ဤသို့ မေးခဲ့ဖူးသည်။
"အတူတကွ အိုမင်းသွားခြင်း ဆိုတာက လူနှစ်ယောက်က ဘဝတစ်သက်တာလုံး အတူတကွ ဖြတ်သန်းပြီး အိုမင်းသွားတဲ့အထိ နေသွားတာကို ဆိုလိုတာပါ" ဟု အမျိုးသားက ပြန်ဖြေခဲ့သည်။
"ဒါဆို ငါတို့ကော အတူတကွ အိုမင်းသွားကြမှာလား" ဟု မိန်းကလေးက ဆက်မေးခဲ့သည်။
အမျိုးသား တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူ၏လက်ကို မြှောက်ကာ မိန်းကလေး၏ဆံနွယ်များကို ညင်သာစွာ ပွတ်သပ်ပြီး ပြုံးလိုက်သည်။ "ငါတို့ အတူတူ အိုမင်းသွားကြမှာပါ။"
... "ငါတို့ အတူတကွ အိုမင်းသွားကြမယ်လို့ ငါ သူ့ကို ကတိပေးထားခဲ့တာ..."
ညီမဖြစ်သူ၏ရင်ခွင်ထဲတွင် မှီတွယ်ရင်း ဘိုင်ရုရွှယ်၏နောက်ဆုံးစကားလုံးလေး အဆုံးသတ်သွားသည်နှင့် သူမ၏မျက်ဝန်းများ ဖြည်းညင်းစွာ မှိတ်ကျသွားတော့သည်။
သူမ၏နောက်ဆုံးအမြင်အာရုံတွင် သူ၏ပုံရိပ်ကို မြင်တွေ့လိုက်ရသကဲ့သို့ပင်-
"သူ ပြန်လာပြီပဲ..."
ရှောင်ချင်း မှင်သက်သွားပြီး ခြံဝင်းအပြင်ဘက်ရှိ လွတ်ဟာနေသော နေရာကို မော့ကြည့်လိုက်ရာ မျက်ရည်များ စီးကျလာတော့သည်။
"အင်းပါ... အစ်မ... ကိုကိုရှောင်မိုက... သူ... ပြန်လာပါပြီ..."
အခန်း ၅၂ တွေ့ဆုံရတာထက် မတွေ့ဆုံရတာက ပိုကောင်းတယ်...
အစ်မဖြစ်သူ အိပ်ပျော်သွားပြီးနောက် ရှောင်ချင်းသည် အစ်မဖြစ်သူ မူလအသွင် မပြောင်းမီ အခွင့်အရေးကို အသုံးချကာ သူမကို မြွေတောင်ပေါ်သို့ အလျင်အမြန် ပြန်သယ်သွားခဲ့သည်။
ရှောင်ချင်းက အစ်မဖြစ်သူကို ဂူထဲသို့ ပြန်သယ်သွားပြီးနောက် မကြာမီမှာပင် ဘိုင်ရုရွှယ်သည် ဧရာမမြွေဖြူကြီးအဖြစ် အသွင်ပြောင်းသွားတော့သည်။
ရှောင်ချင်းလည်း မူလအသွင်သို့ ပြောင်းကာ အစ်မဖြစ်သူ၏ဘေးတွင် နေနေလိုက်သည်။
ရှောင်ချင်း အိပ်ပျော်ခါနီးအချိန်မှာပင် သူမ၏မြွေခေါင်းကို ရုတ်တရက် မော့လိုက်သည်။
ဂူအပြင်ဘက်မှ လှုပ်ရှားသံအချို့ကို သူမ ကြားလိုက်ရသည်။
ရှောင်ချင်း လူသားအသွင်သို့ ပြောင်းကာ အပြင်သို့ ထွက်လာခဲ့သည်။
ဖူချန်ဟုခေါ်သော ကောင်းကင်ယံဂိုဏ်းအကြီးအကဲသည် ဂူအဝင်ဝတွင် ရပ်နေပြီး ရှောင်ချင်းကို ဦးညွှတ်လိုက်သည်။ "မင်္ဂလာပါ သခင်မလေးရှောင်ချင်း။"
"ဆရာသခင်မမှာ ဘာကိစ္စများ ရှိလို့လဲလို့ မေးလို့ရမလား။" ရှောင်ချင်းက ပြန်လည် ဦးညွှတ်လိုက်သည်။
"သခင်မလေးရှောင်ချင်း... မင်းရဲ့အစ်မ ဒီလိုကြီး ဂူထဲမှာ ဒီအတိုင်း လှဲနေလို့ မဖြစ်ဘူးလေ။"
ဖူချန် ခေါင်းခါလိုက်သည်။
"သခင်မလေးဘိုင်က ဒီတစ်ခါ ဆောင်းခိုပြီး အသွင်ပြောင်းတဲ့အခါ သူမဆီကနေ မိစ္ဆာချီတွေ အများကြီး ထွက်ပေါ်လာလိမ့်မယ်၊ အဲဒါက သူမရဲ့ အသားနဲ့သွေးကို စားသောက်ဖို့ မိစ္ဆာသားရဲများစွာကို ဆွဲဆောင်နိုင်တယ်။ ပြီးတော့ တခြားကျင့်ကြံသူတွေက ဖြတ်သွားရင်း ဒီလို ထိုးတက်နေတဲ့ မိစ္ဆာချီတွေကို မြင်ရင် သူတို့လည်း မိစ္ဆာနှိမ်နင်းဖို့နဲ့ မကောင်းဆိုးဝါး ဖယ်ရှားဖို့ ရောက်လာကြလိမ့်မယ်။"
ရှောင်ချင်း မျက်မှောင်ကြုတ်သွားသည်။ "ဒါဆို ဆရာသခင်မ အမြင်အရ ဘယ်လိုလုပ်သင့်လဲ။"
"ဒီတာအိုဘုန်းကြီး ဝင်စွက်ဖက်တာကို ခွင့်ပြုပါ သခင်မလေးရှောင်ချင်း။"
ဖူချန်က သူမ၏လက်ကြီးကို ဝှေ့ယမ်းလိုက်ရာ မျက်တောင်တစ်ခတ်အတွင်းမှာပင် အစီအရင်အလံရှစ်ခု ပျံသန်းထွက်ပေါ်လာပြီး ဂူအဝင်ဝသို့ ဥက္ကာပျံများကဲ့သို့ ထိုးကျသွားကာ နောက်ဆုံးတွင် မြေကြီးထဲသို့ နစ်မြုပ်သွားတော့သည်။
"ဒါက မိစ္ဆာချီတွေကို ဖုံးကွယ်ပေးနိုင်တဲ့၊ တခြားသူတွေ ဗေဒင်တွက်ချက်တာကို တားဆီးပေးနိုင်တဲ့ ကောင်းကင်ဖုံးကွယ်ခြင်းအလံပဲ။ ပြီးတော့ ချီစွမ်းအင်စုဆောင်းပေးတဲ့ အာနိသင်လည်း အတိုင်းအတာတစ်ခုအထိ ရှိလို့ မင်းရဲ့အစ်မကို ပိုမိုချောမွေ့စွာ အသွင်ပြောင်းနိုင်စေလိမ့်မယ်။"
ချက်ချင်းဆိုသလိုပင် ဖူချန်က လက်ဖျောက်တစ်ချက် တီးလိုက်ရာ တောင်ထိပ်မှ ကျောက်တုံးကြီးတစ်တုံး အောက်သို့ ပျံကျလာပြီး ဂူအဝင်ဝကို အပြည့်အဝ ပိတ်ဆို့သွားတော့သည်။ "ဒီနေ့ကစပြီး မင်းရဲ့အစ်မက အထဲမှာ အိပ်မောကျနေလိမ့်မယ်။ မင်းရဲ့အစ်မ မနိုးလာမချင်း ဒီကျောက်တုံးကြီးကို မရွှေ့ဖို့ သတိရပါ၊ မဟုတ်ရင် မှော်အစီအရင်က ပျက်ပြယ်သွားလိမ့်မယ်။"
"ဆရာသခင်မက ငါ့အစ်မကို ဘာလို့ ဒီလောက်တောင် ကူညီပေးနေရတာလဲ" ဟု ရှောင်ချင်းက မေးလိုက်သည်။
ရှောင်ချင်း၏အမြင်တွင် အစ်မဖြစ်သူနှင့် သူက ဘာပတ်သက်မှုမှ မရှိပေ။ အစ်မဖြစ်သူ၏အဆိုအရ သူမက ရေတစ်ခွက်သာ တိုက်ခဲ့ဖူးခြင်း ဖြစ်သည်။
သူမနှင့် အစ်မဖြစ်သူကို ဒုက္ခပေးရန် ပူးပေါင်းကြံစည်မှု တစ်ခုခု ရှိနေသလားဆိုသည်မှာမူ ပို၍ပင် မဖြစ်နိုင်ပေ။
အဘယ်ကြောင့်ဆိုသော် သူတို့၏အဆင့်ကွာဟချက်မှာ ကြီးမားလွန်းလှပြီး သူမနှင့် အစ်မဖြစ်သူကို ဒုက္ခပေးရန်ဆိုသည်မှာ ပုရွက်ဆိတ်တစ်ကောင်ကို ဖိချေလိုက်သကဲ့သို့ လွယ်ကူလှသောကြောင့်ပင်။
ဖူချန်က ခေါင်းမော့လိုက်ရာ သူမ၏မျက်ဝန်းများတွင် လွမ်းဆွေးမှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ "ဘာလို့လဲဆိုတော့ သူမရဲ့နောက်မှာ နဂါးအဖြစ် အသွင်ပြောင်းနိုင်တဲ့ မြွေမျိုးနွယ်တွေ ရှိနေသေးလားဆိုတာ ငါလည်း သိချင်လို့ပဲ။"
ရှောင်ချင်း - "..."
"ဒီတာအိုဘုန်းကြီး သွားတော့မယ်။ သခင်မလေးရှောင်ချင်း... မင်းတစ်ယောက်တည်း ကိုယ့်ကိုယ်ကိုယ် သေချာ ဂရုစိုက်ပါ။ ပြီးတော့ ရှောင်မို ပြန်လာရင်လည်း သခင်မလေးရှောင်ချင်းက သူ့ကို ပုန်းရှောင်နေစရာ မလိုသလို လိမ်ညာနေစရာလည်း မလိုပါဘူး။ သခင်မလေးဘိုင်နဲ့ မင်းတို့က မိစ္ဆာမျိုးနွယ်ဝင်တွေဆိုတာကို ရှောင်မိုက သိနေပြီးသားပါ။"
ဖူချန်၏စကားများ ဆုံးသွားသည်နှင့် ရှောင်ချင်း၏မျက်ဝန်းများမှာ တုန်ခါသွားပြီး မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားတော့သည်... ဒါဆို ကိုကိုရှောင်က... သူ သိနေပြီးသားပေါ့ "တာအိုဆရာမဖူချန်" ဖူချန် မြွေတောင်မှ ပျံသန်းထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ရှောင်ချင်းက လှမ်းခေါ်လိုက်သည်။ "ဒီဘဝမှာ ငါ့အစ်မနဲ့ ကိုကိုရှောင်တို့ တကယ်ပဲ ထပ်မဆုံနိုင်တော့ဘူးလား။"
ဖူချန် လေထဲတွင် အနည်းငယ် ရပ်တန့်သွားသော်လည်း ဘာမှမပြောဘဲ မိုးကုတ်စက်ဝိုင်းထဲသို့ တိုက်ရိုက် ပျောက်ကွယ်သွားတော့သည်။
ဖူချန်သည် မြေကြီးကို လက်မအနည်းငယ်ဖြစ်အောင် ကျုံ့ပစ်ခြင်း နည်းစနစ်ကို အသုံးပြုခဲ့ပြီး နာရီဝက်ခန့်အကြာတွင် မိုင်ပေါင်းများစွာ ခရီးနှင်ပြီးနောက် တောင်ထိပ်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။
"ဆရာ... ပြန်လာပြီလား။" တပည့်မလေးတစ်ဦးက ဆရာပြန်လာသည်ကို မြင်သောအခါ ဝမ်းသာအားရ လျှောက်လာခဲ့သည်။
"အင်း။" ဖူချန် ခေါင်းညိတ်လိုက်ပြီး အခန်းထဲသို့ ဝင်သွားသည်။
အမျိုးသမီး၏အခန်းကြမ်းပြင်ပေါ်တွင် ပါကွ (ရှစ်မျက်နှာ) အစီအရင်ပုံတစ်ခုကို ရေးဆွဲထားသည်။
ပါကွ အစီအရင်ပုံထဲတွင် လိပ်ခွံများ၊ ဖီးနစ်ငှက်မွေးများနှင့် ဗေဒင်တွက်ရာတွင် အသုံးပြုသော အခြားပစ္စည်းများ ရှိနေသည်။
အရင်က ဖူချန်သည် လုပ်စရာမရှိသဖြင့် ဘိုင်ရုရွှယ်၏ဘေးဒုက္ခကို ဗေဒင်တွက်ချက်ခဲ့ပြီးနောက် ထိုပစ္စည်းများကို မသိမ်းဆည်းဘဲ ရှီချောင်ကျေးရွာသို့ ချက်ချင်း ထွက်သွားခဲ့ခြင်း ဖြစ်သည်။
ဖူချန် ထိုပစ္စည်းများကို သိမ်းဆည်းရန် ပြင်လိုက်စဉ် အစီအရင်ပုံထဲရှိ ကြေးနီပြားများနှင့် ဖီးနစ်ငှက်မွေးများ၏ နေရာများ ပြောင်းလဲသွားသည်ကို သူမ သတိပြုမိလိုက်သည်။
"တပည့်။" ဖူချန်က အခန်းအပြင်ဘက်သို့ လှမ်းခေါ်လိုက်သည်။
"ဆရာ။" ကောင်မလေး ပြေးဝင်လာသည်။
"ဒီမှော်အစီအရင်ကို မင်း ထိလိုက်သေးလား" ဟု ဖူချန်က မေးလိုက်သည်။
"မထိပါဘူး ဆရာ။" ကောင်မလေး ခေါင်းခါလိုက်သည်။
"ငါ နားလည်ပြီ။" ဖူချန် ခေါင်းညိတ်လိုက်သည်။ "မင်း သွားလို့ရပြီ။"
"အို။" ကောင်မလေး အခန်းထဲမှ ထွက်သွားသည်။
ဖူချန်က အစီအရင်ဘေးတွင် ထိုင်ကာ ပြောင်းလဲသွားသော မှော်အစီအရင်ကို ကြည့်နေလိုက်သည်။
ကံကြမ္မာဆိုတာ ပြောင်းလဲလို့ မရနိုင်တဲ့အရာ မဟုတ်ပါဘူး။
ဗေဒင်တွက်တယ်ဆိုတာ လက်ရှိလူတွေနဲ့ အဖြစ်အပျက်တွေကနေတစ်ဆင့် ဖြစ်နိုင်ခြေတစ်ခုကို ကောက်ချက်ချရုံ သက်သက်ပါပဲ။
အခုတော့ ဘိုင်ရုရွှယ်ရဲ့ ကံကြမ္မာကို ကောက်ချက်ချခဲ့တဲ့ ဒီအစီအရင်က...
ပြောင်းလဲသွားခဲ့ပြီ။
ဖူချန်က မြေပြင်ပေါ်တွင် ဒူးထောက်ကာ ဘိုင်ရုရွှယ်၏ ကံကြမ္မာကို နောက်တစ်ကြိမ် ဗေဒင်တွက်ချက်လိုက်သည်။
သို့သော် ဤတစ်ကြိမ်တွင် ဖူချန်က ရှောင်မို၏ မွေးဇာတာကိုပါ ထည့်သွင်းလိုက်သည်။
နာရီဝက်အကြာတွင် လိပ်ခွံ ပေါက်ကွဲသွားပြီး ဖူချန်၏ မျက်လုံးများ ရုတ်တရက် ပွင့်လာကာ သူမ၏ နှုတ်ခမ်းထောင့်မှ သွေးအနည်းငယ် စီးကျလာသည်။
မြေပြင်ပေါ်ရှိ ဗေဒင်တွက်ချက်မှုရလဒ်ကို ကြည့်ရင်း ဖူချန်က တိုးတိုးလေး သက်ပြင်းချလိုက်သည်။
"ဟူး... ဘာလို့ ဒီလိုဖြစ်ရတာလဲ... တွေ့ဆုံရတာထက် မတွေ့ဆုံရတာက ပိုကောင်းပါတယ်..."
ဖူချန် ခေါင်းမော့ကာ ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ ကောင်းကင်မှ ငန်းမွေးကဲ့သို့ နှင်းပွင့်များ စတင် ကျဆင်းနေပြီ ဖြစ်သည်။
"တကယ်ကို ကံတရားပါပဲ... တကယ်ကို ကံကြမ္မာပါပဲ..."