← Chapters

မသေမျိုး ဖြစ်နိုင်ခြေ

Vol. 10 Ch. 137

မသေမျိုး ဖြစ်နိုင်ခြေ

Vol. 10 Ch. 137

ရွှီရှင်းသည် အတန်ကြာ စဉ်းစားပြီးနောက် ချီရွှယ်ဖေးထံသို့ သီးသန့်စာတစ်စောင် ပို့လိုက်၏။

"ညီမ ချီရွှယ်ဖေး...စူးစမ်းရှာဖွေသူများ ရဲ့ အဖွဲ့ဝင်အစစ်မှန် ဖြစ်လာတာကို ကြိုဆိုပါတယ်"

ချီရွှယ်ဖေးမှာ သူမကိုယ်တိုင် တည်ထောင်ခဲ့သည့် အဖွဲ့အစည်းမှ ထွက်ခွာလာခဲ့ရသလို၊ သူမ၏ မောင်အရင်းနှင့်လည်း စိတ်ဝမ်းကွဲခဲ့ရသူ ဖြစ်သည်။

ဤအချိန်တွင် သူမသည် အထီးကျန်ခြင်း၊ စိတ်မလုံခြုံခြင်းနှင့် ဝမ်းနည်းခြင်းများကို ခံစားနေရပေလိမ့်မည်။

ရွှီရှင်းသည် သူမအား ခင်မင်ရင်းနှီးသော အခေါ်အဝေါ်ဖြင့် နှုတ်ဆက်လိုက်ခြင်းမှာ သူမအနေဖြင့် အဖွဲ့အတွင်း မိသားစုသဖွယ် ခံစားရစေရန် ရည်ရွယ်ခြင်း ဖြစ်၏။

အမှန်အတိုင်း ပြောရလျှင် သူမ၏ လုပ်ရပ်ကို ရွှီရှင်း လေးစားမိသည်။

ရွှီရှင်းနှင့် ကျိချောင်းယန်တို့ကဲ့သို့ အနာဂတ်ဖြစ်ရပ်များကို သူမ ကြိုတင်မသိရှိပေ။

သူမ၏ ရည်မှန်းချက်မှာ ဖြူစင်လှသည်။

ရှင်ကျန်သူများကို တတ်နိုင်သမျှ ကုသပေးရန်ပင် ဖြစ်၏။

ရွှီရှင်းအနေဖြင့် သူမ၏ နေရာတွင်သာဆိုလျှင် ဤမျှအထိ ကိုယ်ကျိုးစွန့်နိုင်လိမ့်မည် မဟုတ်ပေ။

သူမ၏ လုပ်ရပ်မှာ အဖိုးတန်အရင်းအမြစ်များကို အလကားနီးပါး ပေးကမ်းနေခြင်း ဖြစ်သဖြင့် ရှင်ကျန်သူများအတွက် သူမမှာ နတ်မိမယ်တစ်ပါးကဲ့သို့ပင်။

ရွှီရှင်းသည် အရည်အချင်းမရှိဘဲ ဟန်ဆောင်ကောင်းသူများကိုသာ မုန်းတီးခြင်းဖြစ်ပြီး၊ ချီရွှယ်ဖေးကဲ့သို့ မိမိ၏ အရည်အချင်းဖြင့် သူတစ်ပါးကို အမှန်တကယ် ကူညီနေသူကိုမူ အပြည့်အဝ လေးစားမိပေသည်။

ဤဥပဒေနှင့် စည်းကမ်းမရှိသော ကမ္ဘာတွင် လူတစ်ယောက်၏ စရိုက်အစစ်အမှန်မှာ အစွမ်းထက်သော စွမ်းရည်များ ရရှိလာချိန်မှသာ ပေါ်လွင်လာတတ်၏။

ထိုအချိန်တွင် စူးစမ်းရှာဖွေသူများ အဖွဲ့အတွင်း၌လည်း စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

ကျိချောင်းယန် - "ငါတို့အဖွဲ့မှာ တကယ့် ဆရာဝန်စစ်စစ်တစ်ယောက် ရပြီဟေ့"

လီဝမ်ရှီး - "ဘုရားရေ... မမချီရွှယ်ဖေး၊ မမက တကယ်ကို လန်းတာပဲ..။"

ကျောက်ရှောင်ချွမ်း - "စိတ်မပူနဲ့နော်၊ မမချီရွှယ်ဖေး။ ငါတို့ရဲ့ ထိပ်တန်းခေါင်းဆောင်ကြီးနှစ်ယောက်နောက်ကို လိုက်တာက အမှန်ကန်ဆုံး ရွေးချယ်မှုပဲ"

ဝမ်ကွေ့ရှင်း - "ငါလည်း ရှိသေးတယ်နော်၊ ငါက ဒီနယ်မြေမှာ နံပါတ် ၃ ပဲ။ ဒီနေ့ကစပြီး ချီရွှယ်ဖေးကို ငါကပဲ တာဝန်ယူ စောင့်ရှောက်ပေးမယ်"

ချီရွှယ်ဖေး - "အားလုံးကို ကျေးဇူးတင်ပါတယ်။ စိတ်ချကြပါ၊ ကျွန်မ ရှိနေသရွေ့တော့ ရှင် တို့ ဖျားနာတာနဲ့ ဒဏ်ရာတွေအတွက် စိုးရိမ်စရာ မလိုတော့ပါဘူး"

ဤမျှ အစွမ်းထက်သော ဆရာဝန်တစ်ဦး အဖွဲ့ဝင်ဖြစ်လာခြင်းမှာ လူတိုင်းအတွက် ဝမ်းသာစရာပင်။

အဖွဲ့ဝင်များမှာ အရင်းအမြစ်ပေါများသည့် ထိပ်တန်းရှင်ကျန်သူများ ဖြစ်ကြသဖြင့် တစ်ဦးနှင့်တစ်ဦး နောက်ကျောကို ဓားနှင့်ထိုးခြင်းမျိုး မရှိဘဲ သူတို့၏ရပ်ဝန်းမှာ အလွန်ပင် ပွင့်လင်းလှပေသည်။

ရွှီရှင်းသည် ရှင်ကျန်သူများ လာရောက်လှူဒါန်းထားသော ဆေးကုန်ကြမ်းများကို ချီရွှယ်ဖေးထံသို့ လွှဲပြောင်းပေးလိုက်၏။

ချီရွှယ်ဖေးက ရုတ်တရက် မေးလိုက်သည်။

"ငါလုပ်တာက အူတူတူနိုင်လွန်းတယ်လို့ ရှင်တို့ ထင်ကြလား.. ဆေးတွေကို သူတို့ကို အလကားနီးပါး ပေးလိုက်တာကလေ"

ရွှီရှင်းက ချက်ချင်းပြန်ဖြေလိုက်၏။

"မင်းမှာ ဒီလိုစိတ်ထားမျိုး မရှိရင်၊ ဒီလိုစွမ်းရည်မျိုးလည်း ရှိလာမှာ မဟုတ်ဘူး။ မင်းဟာ လူပေါင်းတစ်ထောင်နီးပါးရဲ့ အသက်ကို ကယ်တင်ခဲ့တာပဲ၊ ဘယ်သူက မင်းကို အူတူတူနိုင်တယ်လို့ ပြောရဲမှာလဲ.."

ချီရွှယ်ဖေး ခေတ္တတိတ်ဆိတ်သွားပြီးမှ ပြန်ပြောသည်။

"ကျေးဇူးပဲ ရွှီရှင်း။ ရှင် တို့သာ မရှိရင် ငါ ဒီလိုခြေလှမ်းမျိုး လှမ်းရဲမှာ မဟုတ်ဘူး။ ငါသာ ဟိုလူတွေနဲ့ ဆက်နေခဲ့ရင် ငါလည်း သူတို့လိုပဲ ဖြစ်သွားလိမ့်မယ် ထင်တယ်"

တစ်ချိန်တည်းမှာပင် သူမသည် ရွှီရှင်းနှင့် အရောင်းအဝယ်တစ်ခု ပြုလုပ်လိုက်၏။

"ဒါက အဆင့်မြှင့်ထားတဲ့ ဆေးလုံးပဲ။ အခုတော့ တစ်လုံးပဲ ကျန်တော့တယ်၊ ဒါပေမဲ့ နင်ပေးတဲ့ ကုန်ကြမ်းတွေနဲ့ဆိုရင် နောက်ထပ် တစ်သုတ်ကို မကြာခင် ဖော်စပ်နိုင်မှာပါ"

ရွှီရှင်းသည် သူမအား ဘာကြောင့် တစ်လုံးတည်း ကျန်ရသနည်းဟု မမေးတော့ပေ။

သူသည် လက်ထဲက အပြာရောင်အလင်းတန်း ထွက်ပေါ်နေသော ဆေးလုံးလေးကို ကြည့်လိုက်၏။

စနစ်၏ ဖော်ပြချက်တွင် နောက်ဆုံးစာကြောင်းတစ်ကြောင်း ပိုပါနေသည်ကို သူ တွေ့လိုက်ရသည်။

[အလုံးပေါင်း တစ်ရာ သုံးစွဲပြီးနောက်၊ ခန္ဓာကိုယ်သည် ရောဂါမှန်သမျှကို ခုခံနိုင်စွမ်း ရှိသွားမည်ဖြစ်သည်။]

"ဒါက..."

ရွှီရှင်း အံ့အားသင့်သွားရ၏။

ရောဂါမှန်သမျှကို ခုခံနိုင်စွမ်းတဲ့လား...။

တစ်သက်လုံး ဖျားနာမှာ မဟုတ်တော့ဘူးပေါ့..။

သို့သော် ၇ ရက်လျှင် တစ်လုံးသာ သောက်နိုင်သဖြင့် အလုံး ၁၀၀ ပြည့်ရန် ရက်ပေါင်း ၇၀၀ ခန့် လိုအပ်ပေမည်။

သူသည် ဤကမ္ဘာတွင် ရက်ပေါင်း ၇၀၀ ကြာ ရှင်သန်နိုင်မလားဆိုသည်ကို မသေချာသေးသော်လည်း၊ ကိုယ်ခန္ဓာကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်သည့် အာနိသင်မှာမူ အလွန်ပင် ကောင်းမွန်လှပေသည်။

ကိုယ်ခန္ဓာကြံ့ခိုင်မှုအကြောင်း ပြောလျှင် သစ်ပင်အိမ်ထဲက ထိုက်ကျိငါးကို သတိရမိသည်။

ထိုက်ကျိငါးကလည်း ကျန်းမာရေးကို ကောင်းမွန်စေပြီး အသက်ရှည်ခြင်း ကို အားပေးသည် မဟုတ်ပါလား။

နေဦး...

ရွှီရှင်း အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။

ထိုက်ကျိငါးနဲ့ ဒီအပြာရောင်ဆေးလုံးရဲ့ အာနိသင်တွေကို ပေါင်းစပ်လိုက်မယ်ဆိုရင်...

ထာ၀ရရှင်သန် မှာကို ဆိုလိုတာလား..။

မဟုတ်လောက်ပေ။

ထိုက်ကျိငါးရဲ့ အာနိသင်က အသက်ကို နှစ်အနည်းငယ်ပဲ ပိုရှည်စေတာ ဖြစ်နိုင်ပေသည်။

သို့သော် ဤအရင်းအမြစ်များမှာ အပြာရောင်အဆင့်သာ ရှိသေးခြင်း ဖြစ်၏။

အပြာရောင်အထက်တွင် ခရမ်းရောင်ရှိနေပြီး၊ ထိုထက်မြင့်သောအဆင့်များလည်း ရှိနေဦးမည် ဖြစ်သည်။

အကယ်၍ အပြာရောင်အဆင့်ကပင် ထာ၀ရရှင်သန်ခြင်း အတွက် မျှော်လင့်ချက်ပေးနိုင်လျှင်၊ ပိုမြင့်သောအဆင့်များကမူ...

ရွှီရှင်း သံသယဖြစ်လာမိသည်။

၎င်းတို့ကို ဤကမ္ဘာသို့ ခေါ်ဆောင်လာသောသူများ၊ ထိုဆန်းကြယ်သောအသံနှင့် နတ်စင်များတွင် ဖော်ပြထားသော နတ်ဘုရားများ ဆိုသည်မှာ တကယ်ပင် ထာ၀ရရှင်သန်တဲ့ ရှေးဟောင်း သတ္တဝါများလား..။

...အတွေးတွေလွန်နေပြန်ပြီ ၊ လောလောဆယ် ကိစ္စတွေကိုပဲ အာရုံစိုက်ရမယ်။

သူ့ရှေ့တွင် ငွေရောင်ဘုရင်နှင့် မီမီတို့မှာ ငါးအသား ကီလို ၂၀၀ ကို အစအနမကျန် စားသောက်ပြီးသွားကြချေပြီ။

ရွှီရှင်းမှာ ၎င်းတို့နှစ်ဦး၏ ဝမ်းဗိုက်ကို ကြည့်ကာ အံ့သြနေမိ၏။

ကီလို ၂၀၀ ရှိသော အသားများမှာ မည်သည့်နေရာသို့ ရောက်သွားသနည်း၊ ၎င်းတို့၏ ဗိုက်မှာ အနည်းငယ်မျှပင် ပူမလာပေ။

သူသည် ငွေရောင်ဘုရင်၏ ဗိုက်ကို စမ်းကြည့်လိုက်သော်လည်း အသားများ၏ အရိပ်အယောင်ကို မတွေ့ရပေ။

နေဦး...

အရင်က ငွေရောင်ဘုရင်မှာ ဗီဇပြောင်းသားရဲအဖြစ် စတင်ကူးပြောင်းချိန်တုန်းကလည်း သမင်တစ်ကောင်လုံးကို စားခဲ့ကာ ဗိုက်မှာလည်း ထူးခြားမှု မရှိခဲ့ပေ။

ယနေ့နံနက်က ငွေရောင်ဘုရင်၏ အရှိန်မှာ အရင်ကထက် ပိုမြန်နေသည်ကိုလည်း သူ သတိရလိုက်သည်။

ဒီကောင်နှစ်ကောင်က အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါအဖြစ် ဆင့်ကဲပြောင်းလဲတော့မှာလား...။

"စားစမ်းကွာ ကြိုက်သလောက်သာစား ပြန်ရောက်ရင် အအေးခန်းထဲက အသားတွေအပြင် အလယ်အလတ်အဆင့် အသားတွေကိုပါ မင်းတို့ကို ကျွေးမယ်"

ရွှီရှင်းက ငွေရောင်ဘုရင်၏ ခေါင်းကို ပုတ်ရင်း ဝမ်းသာအားရ ပြောလိုက်၏။

အကယ်၍ သူ၏လက်အောက်တွင် အလယ်အလတ်အဆင့် ဗီဇပြောင်းသားရဲ နှစ်ကောင်သာ ရှိခဲ့လျှင် သူ၏အင်အားမှာ များစွာ တောင့်တင်းသွားပေလိမ့်မည်။

ရွှီရှင်းသည် ငွေရောင်ဘုရင်ကို စီးကာ အရင်းအမြစ်ဇုန်အတွင်း ဆက်လက်လှည့်လည်ကြည့်ရှုရာ၊ အပြာရောင်အဆင့် အချဉ်သစ်သားပင် ငါးပင်ကို တွေ့ရှိခဲ့သည်။

၎င်းမှာ နှင်းဆီသစ်သား ရရှိနိုင်သည့် အပင်မျိုး ဖြစ်၏။

သူသည် အပင်များကို ခုတ်လှဲကာ မျိုးစေ့များကို တူးထုတ်ယူလိုက်သော်လည်း၊ ဤအပင်များမှာ ရင့်မှည့်ရန် နှစ်ပေါင်းရာချီ ကြာမြင့်မည်ဟု ဖော်ပြထားသဖြင့် လောလောဆယ် စိုက်ပျိုးရန်မှာ မဖြစ်နိုင်သေးပေ။

ထို့နောက် သူသည် အပြာရောင်အဆင့် ပေါ့ပလာပင် အချို့ကို ထပ်မံတွေ့ရှိခဲ့သည်။

သို့သော် ၎င်းမှာ ကုန်သွားပြီ ဖြစ်၏။

ရွှီရှင်းသည် တောအုပ်အတွင်း လှည့်လည်ကြည့်ရှုရင်း ကန်ဘောင်နားတွင် ရပ်လိုက်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။

တစ်ခုခုတော့ မှားနေပြီ။

ဤအရင်းအမြစ်ဇုန်တစ်ခုလုံးတွင် သူတွေ့ခဲ့ရသော အစားအစာ အရင်းအမြစ်မှာ ပန်းသီးပင်တစ်ပင်နှင့် ဘယ်ရီသီးချုံတစ်ခုသာ ရှိပြီး၊ နှစ်ခုစလုံးမှာ အစိမ်းရောင်အဆင့် ဖြစ်သည်။

ယခင်ကဆိုလျှင် ခြေလှမ်းအနည်းငယ် လှမ်းရုံဖြင့် အသီးအနှံပင်များကို တွေ့နိုင်သလို၊ အပြာရောင်အဆင့်များမှာလည်း အခုထက် ပိုများခဲ့သည်။

"တောအုပ်ထဲမှာ အစားအစာတွေ စပြီး ရှားပါးလာတာလား..."

ရွှီရှင်း၏ မျက်ခွံများ တုန်ခါသွားရ၏။

သားရဲတွေ ပျောက်ကွယ်သွားရုံတင်မကဘဲ၊ ပေါများလှသော အသီးအနှံ အရင်းအမြစ်များပါ ပျောက်ကွယ်လုနီးပါး ဖြစ်နေချေပြီ။

အသားကော အသီးအနှံပါ ပြတ်တောက်သွားခြင်းမှာ အစားအစာ ပြတ်လပ်မှု စတင်တော့မယ့် လက္ခဏာများလား..။

---

အခန်း ၁၃၇ ပြီး။

All Chapters