← Chapters

အစာခေါင်းပါးမှု ရောက်လာပြီလား

Vol. 10 Ch. 138

အစာခေါင်းပါးမှု ရောက်လာပြီလား

Vol. 10 Ch. 138

ရွှီရှင်းသည် စူးစမ်းရှာဖွေသူများအဖွဲ့ ထဲတွင် ချက်ချင်း မေးမြန်းလိုက်သည်။

"မင်းတို့ အပြင်ထွက်ပြီး စူးစမ်းတဲ့အခါ အစားအသောက်တွေ အများကြီး တွေ့ခဲ့ကြလား"

လီဝမ်ရှီး - "ငါလည်း အဲဒါ မေးမလို့ပဲ၊ ဒီရက်ပိုင်း အသားတွေချည်း စားရတာ ငြီးငွေ့လာလို့ အသီးအနှံလေး ဘာလေး စားချင်တာ၊ အကြာကြီး လိုက်ရှာတာတောင် အသီးပင် တစ်ပင်မှ ရှာမတွေ့ဘူး။ အာသာပြေဖို့အတွက်နဲ့တော့ အပြာရောင်အဆင့် အသီးတွေကို ထိုင်မစားနိုင်ဘူးလေ..."

ချီရွှယ်ဖေး - "ငါကတော့ အပြင်မထွက်ရသေးဘူး"

ဝမ်လေ့ - "ငါ့ဆီမှာလည်း မရှိတော့ဘူး... ငါ့ရဲ့ အစားအသောက် သိုလှောင်တဲ့ ရေခဲသေတ္တာက မိုးကြိုးပစ်ခံလိုက်ရတယ်၊ အခု အပြင်မှာလည်း ဘာမှမရှိတော့ဘူး၊ ဒါက တကယ်ကို ခက်ခဲလွန်းတယ်"

ကျိချောင်းယန် - "အနည်းဆုံးတော့ လောလောဆယ် တောအုပ်ထဲကနေ အစားအစာရဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ၊ ဒီအခြေအနေက ဘယ်လောက်အထိ ကြာမလဲဆိုတာ မသိဘူး"

ချင်ယွန်လုံ - "ကန်ထဲက ငါးတွေလည်း အရမ်းရှားသွားပြီ။ အရင်က ငါးအုပ်ကြီးတွေ ရှိခဲ့ပေမဲ့ အခုတော့ ဟိုတစ်ကောင် ဒီတစ်ကောင်ပဲ ရှိတော့တယ်"

ဝမ်လေ့ - "ငါ ဗိုက်ဆာနေပြီ... ဒါနဲ့၊ အလှမွေးငါးတွေကို စားလို့ရလား"

ကျောက်ရှောင်ချွမ်း - "ငါ့ဆီမှာတော့ အစားအသောက် ရှိသေးတယ်၊ ငါ့ကို ဖေဖေလို့ ခေါ်ရင် မင်းကို နည်းနည်း ခွဲပေးမယ်"

ဝမ်လေ့ - "သွားစမ်းပါကွာ"

ရွှီရှင်းက ရယ်ချင်သွားပြီး၊ အစောပိုင်းက သူ လွှတ်ပေးလိုက်တဲ့ ငါးသိုင်းကြီးတွေလို အမျိုးအစားဖြစ်တဲ့ အစိမ်းရောင်အဆင့် ငါးသိုင်းသား ဆယ်ကီလိုဂရမ်ကို ဝမ်လေ့ဆီ တိုက်ရိုက် လွှဲပြောင်းပေးလိုက်သည်။

လီဝမ်ရှီးဆီကိုလည်း သူ ခုနက ခူးလာတဲ့ ပန်းသီးအချို့ ပေးလိုက်၏။

ဝမ်လေ့ - "ဝါး အကြီးအကဲ ရွှီက ငါ့ကို ငါးသား ဆယ်ကီလိုတောင် ပေးတယ်... ကျေးဇူးပဲ အကြီးအကဲရေ အကြီးအကဲကို ချစ်တယ်ဗျို့"

လီဝမ်ရှီး - "ပန်းသီးတွေပဲ... ချစ်တယ် ရွှီရှင်းလေး"

"ဝမ်လေ့၊ ပါးစပ်ပိတ်ထားစမ်း"

ရွှီရှင်းက စိတ်အနှောင့်အယှက်ဖြစ်ဟန်ဖြင့် ပြောလိုက်ပြီးမှ ဆက်မေးသည်။

"ဒီငါးတွေကို ရေကျသွားပြီးတဲ့နောက် မြေပြင်ပေါ်မှာ ငါတွေ့ခဲ့တာ၊ မင်းတို့ကော မတွေ့ဘူးလား"

ဝမ်လေ့ - "ဘာလို့ ငါ့ကိုကျမှ ပါးစပ်ပိတ်ခိုင်းတာလဲ..."

ဝမ်ကွေ့ရှင်း - "မတွေ့ဘူး၊ ငါ အပြင်မှာ လှည့်ပတ်ကြည့်ပေမဲ့ အစားအစာ လုံးဝမတွေ့ဘူး။ ဒါပေမဲ့ အချဉ်သစ်သားပင် လို့ခေါ်တဲ့ အပင်တစ်မျိုးတော့ ပေါ်လာတယ်၊ အဲဒါက နှင်းဆီသစ်သား ထွက်တယ်၊ ဒါပေမဲ့ အရမ်းရှားတယ်။ အဲဒီအပင်ကို သံပုဆိန်နဲ့မှ ခုတ်လို့ရတယ်၊ ကျောက်ပုဆိန်ကတော့ မတိုးဘူး"

သံပုဆိန်နဲ့မှ ခုတ်လို့ရတာလား...။

ရွှီရှင်းသည် ခုနက သံပုဆိန်ကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။

သံပုဆိန်၏ ဖော်ပြချက်တွင် အချို့သော အထူးအပင်များကို ခုတ်လှဲနိုင်သည်ဟု ပါရှိရာ၊ အချဉ်သစ်သားပင်မှာ တစ်မျိုးအပါအဝင် ဖြစ်ပေလိမ့်မည်။

ဒီအခြေအနေတိုင်းသာ ဆက်သွားနေရင်တော့ အစာခေါင်းပါးမှု အမှန်တကယ် ဆိုက်ရောက်လာနိုင်ပေသည်။

ကံကောင်းသည်မှာ သူ့အတွက်တော့ အစားအစာ မရှားပါးပေ။

သူ၏ သစ်ပင်အိမ် ထိပ်ဆုံးထပ်တွင် စိုက်ခင်းရှိသလို၊ အောက်ဆုံးထပ်တွင်လည်း ဗီဇပြောင်းသားရဲသားများ အပြည့်ရှိသော အအေးခန်း ရှိနေသည်။

သူသည် အစားအစာ မရှားရုံတင်မကဘဲ စူးစမ်းရှာဖွေသူများ တစ်ဖွဲ့လုံးကိုပင် ကျွေးမွေးထားနိုင်ပေသည်။

သို့သော် အခြားသူများအတွက်တော့ ပြဿနာရှိနိုင်သည်။

မိုးရာသီအတွင်း သစ်ပင်အိမ်နေထိုင်သူ အများအပြားမှာ ဝမ်လေ့ကဲ့သို့ပင် ပစ္စည်းများစွာ ဆုံးရှုံးခဲ့ကြရာ သိုလှောင်ထားသော အစားအစာများလည်း ပါဝင်နိုင်ပေသည်။

အကယ်၍ မပျက်စီးခဲ့လျှင်ပင် အခြေအနေက မကောင်းလှပေ။

ယနေ့သည် မြေအောက်ဂူ အစီအစဉ်ပြီးနောက် တတိယမြောက်နေ့ ဖြစ်ရာ၊ ၎င်းတို့ဆီက ဗီဇပြောင်းသားရဲသားများမှာ ပုပ်သိုးလုနီးပါး ဖြစ်နေချေပြီ။

မုန်တိုင်းမတိုင်မီက အမဲလိုက်စုဆောင်းထားသူများမှာ မနက်ဖြန်အထိ တောင့်ခံနိုင်ကောင်း တောင့်ခံနိုင်မည် ဖြစ်သော်လည်း၊ မဟုတ်ပါက ယနေ့ညတွင်ပင် ဗိုက်ဟောင်းလောင်း ဖြစ်ကြရပေလိမ့်မည်။

ပုပ်သိုးနေသော အသားနှင့် အသီးအနှံများကို စားမိပါက ဝမ်းပျက်ဝမ်းလျှောနှင့် အော့အန်ခြင်းများ ဖြစ်လာနိုင်ပြီး၊ ထိုဒုက္ခမှာ ဗိုက်ဆာခြင်းထက် ပို၍ ဆိုးရွားလှပေသည်။

ရေတော့ သောက်၍ရသဖြင့် အစာမစားဘဲ ခေတ္တတောင့်ခံနိုင်သော်လည်း၊ ဤအခြေအနေက အကြာကြီး ဖြစ်နေမည်ဆိုပါက သစ်ခေါက်နှင့် သစ်မြစ်များကိုသာ စားကြရပေတော့မည်။

ရွှီရှင်းသည် ပတ်ဝန်းကျင်ကို နောက်တစ်ကြိမ် ဝေ့ကြည့်လိုက်သည်။

သူသည် အနီးနားက အပြာရောင်အဆင့် အရင်းအမြစ်များကို အကုန်သိမ်းဆည်းပြီးပြီ ဖြစ်ရာ၊ ယခုအခါ တောင်ကုန်းများဆီသို့ အကြည့်လွှဲလိုက်၏။

ထိုနေရာ၌ အရင်းအမြစ်ဇုန်တစ်ခု ရှိနေပြီး အရင်းအမြစ်သစ်များ ရှိနေမည်မှာ သေချာသည်။

ရွှီရှင်းသည် ဝေးကွာသော တောင်ကုန်းများကို စိုးရိမ်တကြီး ကြည့်လိုက်မိသည်။

ထိုတောင်ကုန်းများကို မြင်လျှင် ယခင်က ပေါ်လာခဲ့သော သွေးရောင်ဘီလူးကြီး ကိုသာ ပြေးမြင်မိသောကြောင့် ဖြစ်သည်။

သူသည် မြေပုံကို စစ်ဆေးကြည့်ရာ ထိုနေရာ၌ အနီရောင်အစက်များ လုံးဝမရှိသည်ကို အတည်ပြုလိုက်၏။

နဂိုက ထိုတောင်ကုန်းပေါ်တွင် ကျားသုံးကောင် ရှိခဲ့သော်လည်း တစ်ကောင်မှာ သူခေါ်ယူခဲ့သော ဗီဇပြောင်းသားရဲကြောင့် သေဆုံးခဲ့ပြီး ကျန်နှစ်ကောင်မှာ ယခုအခါ ပျောက်ကွယ်နေသည်။

ယခုအချိန်သည် စူးစမ်းရန် အကောင်းဆုံးအချိန်ပင်။

သွားကြည့်လိုက်ကြတာပေါ့...။

ယခု အခါ ယဇ်ပူဇော်ရန် သားရဲများ မရှိသော်လည်း၊ နတ်စင်ပေါ်က ရုပ်တုတွင် အပြောင်းအလဲများ ဖြစ်နေသည်ကို သူကိုယ်တိုင် မြင်တွေ့ခဲ့ရသဖြင့် ထိုနတ်စင်မှာ ပြောင်းလဲသွားပြီလားဆိုသည်ကို သူ သိချင်နေမိသည်။

ရွှီရှင်းသည် ငွေရောင်ဘုရင်ကို စီးနှင်းကာ တောင်ကုန်းများဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လိုက်၏။

တောင်ခြေသို့ ရောက်သောအခါ သူယခင်က တူးခဲ့သော ဆားတွင်းဟောင်းကို ပြန်တွေ့ရသည်။

ပတ်ဝန်းကျင်က တောအုပ်ကြီးမှာ အလုံးစုံ ပြောင်းလဲသွားသော်လည်း၊ ဤတောင်ကုန်းပတ်ဝန်းကျင်က အရာမှန်သမျှမှာမူ မပြောင်းလဲဘဲ ရှိနေဆဲ ဖြစ်သည်။

သူသည် တွင်းဝသို့ ရောက်သောအခါ ထူးခြားသောအရာတစ်ခုကို ချက်ချင်း သတိပြုမိလိုက်၏။

ရေကျသွားသည်မှာ မကြာသေးသဖြင့် တွင်းအပြင်ဘက်က မြေကြီးမှာ ပျော့ပြောင်းစိုစွတ်နေသော်လည်း၊ တွင်းအတွင်းပိုင်းက မြေပြင်မှာမူ လုံးဝ ခြောက်သွေ့နေသည်။

ထို့အပြင် မြေပြင်ပေါ်၌ သူယခင်က တူးဖော်စဉ်က ကျန်ခဲ့သော ဆားအကြွင်းအကျန်အချို့ကိုလည်း တွေ့ရသေးသည်။

အကယ်၍ ရေဝင်ခဲ့မည်ဆိုပါက ဤဆားများမှာ အရည်ပျော်ကာ ပျောက်ကွယ်သွားရမည် မဟုတ်ပါလား။

ထို့ကြောင့် ဤတွင်းထဲသို့ ရေတစ်စက်မှ မဝင်ခဲ့သည်မှာ သေချာလှပေသည်။

ရွှီရှင်းသည် မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လိုက်မိ၏။

ဤတောင်ကုန်းနှင့် နတ်စင်မှာ တကယ်ကို လျှို့ဝှက်ဆန်းကြယ်လှပေသည်။

"အီးးး"

သူ ဆားတွင်းထဲသို့ လှမ်းဝင်လိုက်စဉ်မှာပင် ခဲခဲလေးက အရေးတကြီး အော်လိုက်လေသည်။

၎င်းသည် ငွေရောင်ဘုရင်၏ ကျောပေါ်မှ ခုန်ဆင်းကာ ရွှီရှင်း၏ ရှေ့သို့ပြေးသွားပြီး သူ့ခြေထောက်ကို တွန်း၍ အထဲမဝင်ရန် တားဆီးနေတော့၏။

ဤတွင်းထဲမှာ တကယ်ပဲ အန္တရာယ် ရှိနေတာလား...။

ရွှီရှင်းသည် လှံကို ထုတ်လိုက်၏။

သူသည် ခရမ်းရောင်အဆင့် အကြေးခွံချပ်ဝတ်ကို ဝတ်ဆင်ထားပြီး၊ ခရမ်းရောင်အဆင့်အောက်က အကောင်းဆုံးလှံကို ကိုင်ဆောင်ထားလျက် တွင်းအတွင်းပိုင်းကို သတိကြီးစွာ စောင့်ကြည့်နေလိုက်သည်။

ခဲခဲလေးသည်လည်း ရွှီရှင်း၏ ပုခုံးပေါ်သို့ ခုန်တက်ကာ အတူတူ စိုက်ကြည့်နေ၏။

တွင်းဝကနေ ကြည့်ရုံဖြင့် ဘာအန္တရာယ်မှ မတွေ့ရသော်လည်း၊ သူသည် ခဲခဲလေး၏ အာရုံကို ယုံကြည်သည်။

မီမီသည် ရှေ့သို့လျှောက်သွားကာ တွင်းအတွင်းပိုင်းသို့ ဝင်သွား၏။

"သတိထားနော် မီမီ၊ အထဲမှာ အန္တရာယ်ရှိတယ်"

ရွှီရှင်း သတိပေးလိုက်သည်။

မီမီ၏ လျင်မြန်ဖြတ်လတ်မှုကြောင့် သူ သိပ်မစိုးရိမ်သော်လည်း သတိထားရန်တော့ လိုပေသည်။

မီမီသည် တွင်းထဲသို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် ရွှီရှင်း၏ ရင်ထဲ၌ စိုးရိမ်စိတ်တစ်ခု ပေါ်လာပြီး မြေပုံပေါ်တွင် အနီရောင်အစက်တစ်ခု လျင်မြန်စွာ လင်းလာတော့သည်။

မြေအောက်မွန်းစတားတွေပဲ.....

"သတိထား"

သို့သော် မီမီမှာ ရွှီရှင်း၏ သတိပေးချက်ကို မစောင့်ပေ။

သူ စကားမပြောခင်ကတည်းက အန္တရာယ်ကို သတိပြုမိလိုက်ပြီး ရှေ့သို့ လွှားခနဲ ခုန်တက်လိုက်၏။

၎င်းရပ်ခဲ့သော မြေပြင်မှာ ရုတ်တရက် ကွဲအက်သွားပြီး၊ ဆူးများဖြင့် ပြည့်နှက်နေသော သွေးရောင် နွယ်ပင်တစ်ပင် ထွက်ပေါ်လာကာ မီမီကို ရိုက်လိုက်သည်။

မီမီမှာလည်း အလယ်အလတ်အဆင့် ဗီဇပြောင်းသားရဲ ဖြစ်လုနီးပါးပင်။

၎င်းသည် နွယ်ပင်၏ တိုက်ခိုက်မှုကို ပါးနပ်စွာ ရှောင်တိမ်းလိုက်ပြီးနောက် ၎င်း၏ လက်သည်းများဖြင့် နွယ်ပင်ကို ကုတ်ခြစ်လိုက်၏။

ချက်ချင်းပင် နွယ်ပင်၏ ထိပ်ပိုင်းမှာ ဓားဖြင့် အပိုင်းပိုင်း ခုတ်လိုက်သကဲ့သို့ ပြတ်တောက်ကာ မြေပေါ်သို့ ကျသွားတော့သည်။

တစ်ချိန်တည်းမှာပင် မြေပုံပေါ်၌ မီမီရှိရာ နေရာတွင် နောက်ထပ် အနီရောင်အစက် သုံးခု ထပ်မံလင်းလာပြန်သည်။

"ဒီကောင်တွေက အများကြီးပဲ၊ အပြင်ထွက်ခဲ့"

ရွှီရှင်းက အော်ဟစ်လိုက်ရင်း မြှားသေနတ်ကို ဆွဲထုတ်ကာ မြေကြီးထဲမှ ထွက်လာသော နွယ်ပင်ကို ပစ်ခတ်လိုက်၏။

မီမီသည် တွင်းထဲမှ ချက်ချင်း ပြန်ထွက်လာပြီးနောက် ဘာမှမဖြစ်ခဲ့သလို ၎င်း၏ လက်သည်းများကိုပင် ပြန်လည် လျက်နေသေးသည်။

တိုက်ခိုက်မှု မပြုလုပ်ချိန်တွင် မီမီ၏ လက်သည်းများမှာ အသားထဲသို့ တစ်ဝက်ခန့် ပြန်ဝင်နေသဖြင့် အတော်လေး ချစ်စရာကောင်းနေ၏။

ရွှီရှင်း ပစ်လိုက်သော မြှားမှာ နွယ်ပင်ကို ထိမှန်သွားခဲ့သည်။

ထိုနွယ်ပင်ပေါ်တွင် ဆူးများမရှိသော်လည်း လူ့လက်မောင်းခန့် တုတ်ခိုင်ကာ ကိုယ်ပေါ်တွင် သွေးရောင် အစင်းကြောင်းများဖြင့် ပြည့်နှက်နေသည်။

မြှားအမှန်ခံလိုက်ရသဖြင့် နွယ်ပင်မှာ ပြင်းထန်စွာ လူးလွန့်နေ၏။

ရွှီရှင်း အံ့သြသွားရသည်မှာာ ထိုနွယ်ပင်သည် ရေဘဝဲလက်တံတစ်ခုကဲ့သို့ လှုပ်ရှားကာ ၎င်း၏ကိုယ်ထဲ စိုက်ဝင်နေသော မြှားကို ပြန်လည်ဆွဲထုတ်လိုက်ပြီး ရွှီရှင်းထံသို့ ပြန်လည် လွှဲပစ်လိုက်ခြင်းပင်။

ရွှီရှင်းသည် ၎င်းကို လှံဖြင့် ရိုက်ချလိုက်ရသည်။

ဤနေရာမှာ သစ်ပင်အိမ်၏ ဘေးကင်းဇုန်အတွင်း ပင်။

သူသည် မြေပေါ်က ထွက်လာသော နွယ်ပင် သုံးပင်ကို ကြည့်ရင်း ၎င်းတို့ သေဆုံးသွားမည့်အချိန်ကို စောင့်နေလိုက်သည်။

သို့သော် အချိန်အတော်ကြာသည့်တိုင် ၎င်းတို့မှာ သေဆုံးမသွားဘဲ ရှိနေသဖြင့် ရွှီရှင်း၏ မျက်နှာမှာ ပိုမို လေးလံသွားရ၏။

ဘာဖြစ်တာလဲ....

ဒါက သစ်ပင်အိမ်ရဲ့ ဘေးကင်းဇုန်ထဲမှာ မဟုတ်ဘူးလား...

ဘာလို့ ဒီမြေအောက်သတ္တဝါတွေက ဒီမှာ အကြာကြီး ရှင်သန်နေနိုင်ရတာလဲ...

ဒါဆို ဤတောင်ကုန်းဧရိယာက သစ်ပင်အိမ်ရဲ့ ကာကွယ်မှုအောက်မှာ မရှိတော့ဘူးလား...

မဟုတ်သေးပေ ၊ ထိုနွယ်ပင်များသည် သေဆုံးမသွားသော်လည်း တွင်းအပြင်ဘက်သို့ ထွက်လာရန် မဝံ့ရဲကြဘဲ တွင်းဝကနေသာ သူ့ကို ရန်စနေကြခြင်း ဖြစ်သည်။

ရွှီရှင်းသည် နောက်ထပ် မြှားတစ်စင်း ပစ်လိုက်ပြန်ရာ နွယ်ပင်မှာ နှစ်ပိုင်းပြတ်သွားပြီး မြေပေါ်တွင် ဆက်လက် လူးလွန့်နေသေးသည်။

"...ဒီကောင်တွေက တကယ့်ကို ရွံစရာကောင်းလိုက်တာ"

တွင်းထဲတွင် မည်သို့သော အရာများ ဖုံးကွယ်ထားသောကြောင့် ၊ ၎င်းတို့သည် သစ်ပင်အိမ်၏ ဘေးကင်းဇုန်အတွင်းမှာပင် ဘာကြောင့် ရှင်သန်နေနိုင်ကြသနည်း..။

---

အပိုင်း (၁၃၈) ပြီး။

All Chapters