← Chapters

အသက်ရှိနေသော ဆားတွင်းကြီး

Vol. 10 Ch. 139

အသက်ရှိနေသော ဆားတွင်းကြီး

Vol. 10 Ch. 139

ဤတွင်းထဲတွင် ဘာရှိနေမှန်း ရွှီရှင်းမသိသလို၊ ယခုလောလောဆယ်လည်း သိချင်စိတ်မရှိပေ။

ဤနွယ်ပင်သတ္တဝါများသည် တစ်ကောင်ချင်းစီအနေဖြင့် မသန်မာသော်လည်း အရေအတွက်မည်မျှရှိသည်ကို မသိနိုင်သဖြင့် သူသည် ဂူထဲသို့ စွန့်စားဝင်ရောက်မည်မဟုတ်ပေ။

ရွှီရှင်းသည် အပြင်ဘက်တွင် စက္ကန့်အနည်းငယ်ကြာ စောင့်ကြည့်နေစဉ် ကျန်ရှိသော သွေးရောင်နွယ်ပင်နှစ်ပင်မှာ ဂိမ်းထဲက ရန်လိုမှုလျော့ကျသွားသော သတ္တဝါများကဲ့သို့ မြေကြီးထဲသို့ ပြန်လည်ဝင်ရောက်သွားကြသည်။

ရုတ်တရက် ထိုနွယ်ပင်အချို့မှာ မြေပြင်ပေါ်သို့ အနည်းငယ် ပြန်ထွက်လာပြီး ၎င်းတို့၏ ထိပ်ဖျားများမှာ ရွှီရှင်းရှိရာဘက်သို့ ဦးတည်နေ၏။

သူ့ကို အကဲခတ်နေသည့်အလား ခေတ္တမျှရှိနေပြီးမှ မြေအောက်သို့ အလျင်အမြန် ပြန်ငုပ်သွားကြကာ မြေပြင်ပေါ်တွင် အပေါက်ငယ်လေးအချို့သာ ကျန်ရစ်တော့သည်။

ရွှီရှင်း သက်ပြင်းတစ်ချက်ချကာ လှည့်ထွက်ရန် ပြင်လိုက်စဉ်

"အီးးး"

ခဲခဲလေးက သူ၏မျက်နှာကို ပွတ်သပ်ကာ လက်ကလေးဖြင့် မြေပြင်ပေါ်က အပေါက်ငယ်လေးများကို ညွှန်ပြနေသည်။

ခဲခဲလေး ညွှန်ပြရာကို ကြည့်လိုက်သောအခါ ရွှီရှင်း၏ မျက်လုံးအိမ်မှာ ရုတ်တရက် ကျဉ်းမြောင်းသွားရတော့၏။

မြေပြင်ပေါ်က အက်ကြောင်းများနှင့် အပေါက်ငယ်လေးများသည် အမှန်တကယ် လှုပ်ရှားနေခြင်းပင်။

ကျောက်တုံးများနှင့် ဆားခဲများဖြင့် ဖွဲ့စည်းထားသော မြေပြင်မှာ အသားမျှင်များကဲ့သို့ တွန့်လိမ်လှုပ်ရှားနေသည်။

ရွှီရှင်း၏ အံ့အားသင့်နေသော အကြည့်အောက်မှာပင် ထိုအပေါက်များနှင့် အက်ကြောင်းများမှာ တဖြည်းဖြည်း ပြန်လည်စေ့သွားကြ၏။

မြေပြင်ပေါ်တွင် စိုက်ဝင်နေသော မြှားမှာလည်း နွယ်ပင်အပိုင်းအစနှင့်အတူ ဘေးသို့ လဲကျသွားပြီး အောက်ခြေရှိ မြေပြင်မှာမူ ချောမွတ်သွားခဲ့ပြီဖြစ်သည်။

နောက်ဆုံးတွင် မြေပြင်မှာ နွယ်ပင်များ မပေါ်လာခင်ကလို နဂိုအတိုင်း ပြန်ဖြစ်သွားတော့သည်။

မြေပေါ်တွင် ကျန်ရစ်သော ကျောက်စကျောက်နများနှင့် နွယ်ပင်အပိုင်းအစအချို့သာ မရှိလျှင် ဤနေရာ၌ ဘာမှမဖြစ်ခဲ့သလိုပင်။

ဒီမြေပြင်က တကယ်ပဲ ဒဏ်ရာကို ပြန်ကုသနိုင်တဲ့ စွမ်းရည်ရှိတာလား..။

ယခင် ရွှေရောင်သေတ္တာကို မရခင်က နွယ်ပင်များ တိုက်ခိုက်ခဲ့ဖူးသော်လည်း ထိုစဉ်က မြေပြင်မှာ ယခုလို အလိုအလျောက် ပြန်လည်ကောင်းမွန်ခြင်းမျိုး မရှိခဲ့ပေ။

သူ အလိုအလျောက် နောက်သို့ အနည်းငယ် ဆုတ်လိုက်မိသည်။

ဤအခြေအနေမှာ သက်ရှိသတ္တဝါတစ်ကောင် ဒဏ်ရာရပြီးနောက် အနာပြန်ကျက်သွားသည်နှင့် အလွန်တူလှပေသည်။

ရွှီရှင်းသည် သူ၏အတွေးကို စမ်းသပ်ရန်အတွက် မြှားတစ်စင်းကို ထပ်မံတင်လိုက်ပြီး ဆားတွင်း၏ နံရံကို ချိန်ရွယ်ကာ ပစ်ခတ်လိုက်၏။

"ဝူး....ဒုန်း"

မြှားမှာ ကျောက်နံရံထဲသို့ စိုက်ဝင်သွားပြီး ကျောက်စအချို့ လွင့်စင်ထွက်လာသည်။

"ဟူးးး..."

ရုတ်တရက် ဂူအတွင်းပိုင်း အနက်ရှိုင်းဆုံးနေရာမှ လေအေးတစ်ချက် တိုက်ခတ်လာပြီး ထူးဆန်းသော ရနံ့တစ်ခု ပါလာသည်။

ထိုရနံ့မှာ မွှေးပျံ့သော်လည်း လည်ချောင်းနာနေသော ရွှီရှင်းအတွက်မူ ပျို့အန်ချင်သလို ဖြစ်သွားစေသဖြင့် နှာခေါင်းကို အမြန်ပိတ်လိုက်ရ၏။

တစ်ချိန်တည်းမှာပင် နံရံတွင် စိုက်ဝင်နေသော မြှားမှာ လှုပ်ခါလာပြီး အပြင်သို့ ကန်ထုတ်ခံလိုက်ရသကဲ့သို့ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

မြှားစိုက်ဝင်ခဲ့သော အပေါက်ငယ်လေးမှာလည်း မျက်စိရှေ့တင် ပြန်လည်စေ့သွားပြန်သည်။

ဒါ... ဒါက တကယ်ပဲ အသက်ရှိနေတာလား...။

ရွှီရှင်း၏ မျက်ခွံများ တုန်ခါနေ၏။

"အရင်က ဒီလိုမျိုး မဟုတ်ပါဘူး။ အခုမှ နိုးလာတာမို့လို့လား"

ထိုထူးဆန်းသော ရနံ့ကြောင့် သူ၏ဦးနှောက်မှာ အနည်းငယ် မူးနောက်လာသဖြင့် စိတ်စွမ်းအားကို မြှင့်တင်ပေးနိုင်သည့် လိမ္မော်သီးနှင့် စိတ်ခံစားမှုကို ထိန်းညှိပေးသည့် စတော်ဘယ်ရီကို အမြန်စားလိုက်ရသည်။

ထိုအခါမှသာ ခေါင်းကြည်သွားပြီး ထိတ်လန့်နေသော စိတ်မှာလည်း ငြိမ်သက်သွားတော့၏။

ထို့နောက် ညဘက်တွင် မြင်ကွင်းကြည်လင်စေသည့် အနီရောင်ဘယ်ရီသီးကို စားကာ မှောင်အတိကျနေသော ဂူအတွင်းပိုင်းကို လှမ်းကြည့်လိုက်သည်။

ဤဆားတွင်းမှာ မီတာအနည်းငယ်သာ နက်သဖြင့် အပြင်ကကြည့်ရုံဖြင့် အဆုံးထိ မြင်နိုင်ပေသည်။

ရွှီရှင်းကို ကြောက်လန့်သွားစေသည်မှာ ဂူ၏ အနက်ဆုံးနေရာက မြေပြင်တွင် ယခင်က မရှိခဲ့ဖူးသော ဧရာမ ကျင်းကြီးတစ်ကျင်း ရှိနေခြင်းပင်။

ကျင်း၏ အချင်းမှာ နှစ်မီတာခန့်ရှိပြီး ပတ်ပတ်လည်တွင် ကျောက်စများနှင့် ဆားခဲများ ပြန့်ကျဲနေသည်။

တစ်စုံတစ်ခုက မြေအောက်မှ ထွက်ပေါ်လာပြီး ကိုယ်ပေါ်က အညစ်အကြေးများကို ခါချလိုက်သကဲ့သို့ပင်။

ရွှီရှင်း မြေပုံကို ပြန်စစ်ကြည့်သော်လည်း နွယ်ပင်များ ဝင်သွားပြီးနောက် အနီရောင်အစက် လုံးဝမရှိတော့ပေ။

ဤအကွာအဝေးမှာ မီမီအတွက်ဆိုလျှင် စက္ကန့်ပိုင်းအတွင်း သွားကြည့်နိုင်ပေသည်။

"မီမီ၊ အဲဒီကျင်းနားအထိ သွားပြီး အထဲမှာ ဘာရှိလဲ၊ ဘယ်လောက်နက်လဲဆိုတာ ကြည့်ပေးလို့ရမလား"

ရွှီရှင်းက မေးလိုက်သည်။

အကယ်၍ မီမီက မသွားချင်ပါက သူ အတင်းအကျပ် မခိုင်းပေ။

မီမီက သူ့ကို တစ်ချက်ကြည့်ကာ ဂူဝနှင့် ဆန့်ကျင်ဘက်အရပ်သို့ ခြေလှမ်းအနည်းငယ် လျှောက်သွား၏။

ရွှီရှင်းက မီမီမသွားချင်ဘူးဟု ထင်လိုက်သော်လည်း၊ မီမီမှာမူ အရှိန်ယူလိုက်ခြင်းဖြစ်ပြီး လျှပ်စီးလက်သကဲ့သို့ အမြန်နှုန်းဖြင့် ဂူထဲသို့ ပြေးဝင်သွားတော့သည်။

စက္ကန့်ပိုင်းအတွင်းမှာပင် ၎င်းသည် ဂူအဆုံးသို့ ရောက်သွားပြီး၊ နံရံကို ခြေထောက်ဖြင့် ကန်ကာ ကျင်းထဲသို့ တစ်ချက်လှမ်းကြည့်လိုက်၏။

ထို့နောက် ပြန်ကန်ထွက်လာကာ အပြင်သို့ ပြန်ရောက်လာတော့သည်။

လုပ်ငန်းစဉ်တစ်ခုလုံးမှာ နှစ်စက္ကန့်ခန့်သာ ကြာသဖြင့် မြေအောက်သတ္တဝါများပင် တုံ့ပြန်ရန် အချိန်မရလိုက်ပေ။

"အီးးး"

ခဲခဲလေးက အံ့သြတကြီး အော်လိုက်မိသည်။

"...အရမ်းမြန်တာပဲ"

ရွှီရှင်းလည်း မှင်တက်သွားရ၏။

မီမီ ပြန်ထွက်လာပြီးမှ နွယ်ပင်အချို့က မြေပေါ်သို့ ပေါ်လာကြသည်။

ထိုနွယ်ပင်များမှာ လေထဲတွင် တွန့်လိမ်နေကြပြီး

"ခုနက ဘာဖြတ်သွားတာလဲ မင်းတွေ့လား" ဟု တစ်ဦးကိုတစ်ဦး ခေါင်းကုတ်မေးနေသည့်အလား ဇဝေဇဝါ ဖြစ်နေကြပုံရသည်။

မီမီ၏ အရှိန်မှာ တစ်နာရီ ကီလိုမီတာ ၂၀၀ ကျော်အထိ ရှိပေလိမ့်မည်။

ကမ္ဘာပေါ်က အမြန်လမ်းမကြီးတွေပေါ်မှာ မောင်းနေတဲ့ ကားတွေထက်တောင် မြန်နေသေးသည်။

ရွှီရှင်းက မေးလိုက်သည်။

"ဘယ်လိုလဲ ကျင်းထဲမှာ ဘာတွေ့လဲ"

မီမီက ဘာမှပြန်မပြောဘဲ ၎င်း၏ကိုယ်ကိုသာ ပြန်လည်လျက်နေပြီး ၊ ခဲခဲလေးကမူ လက်ကလေးနှစ်ဖက်ဖြင့် ရွှီရှင်းကို အသည်းအသန် ရှင်းပြနေသည်။

ရွှီရှင်းက ခဲခဲလေးကို မေးခွန်းများစွာ မေးမြန်းပြီး ခေါင်းငြိမ့် ခေါင်းခါ ပြခိုင်းကာ အဖြေကို ရှာဖွေလိုက်သည်။

နောက်ဆုံးတွင် ကျင်းထဲ၌ အဆုံးမရှိလောက်အောင် နက်ရှိုင်းပြီး၊ အောက်ခြေတွင် အနီရောင်ဖျော့ဖျော့ မြေကြီးများ ရှိနေသည်ကို သူ သိလိုက်ရ၏။

ထို့အပြင် ဂူထဲတွင် ထူးဆန်းသော ရနံ့များ ရှိနေသလို အောက်ခြေမှ ဖြူဖွေးသော အလင်းတန်းလေးများ ထွက်ပေါ်နေသည်ဟု သိရသည်။

"အနီရောင်ဖျော့ဖျော့ မြေကြီးလား..."

ရွှီရှင်း၏ မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။

ဤကဲ့သို့သော မြေကြီးကို သူ တစ်နေရာတွင် မြင်ဖူးခဲ့သည်။

ရွှေရောင်သေတ္တာရခဲ့သော မြေအောက်ကမ္ဘာ၏ အဝင်ဝတွင် ဤအနီရောင်မြေကြီးများ ရှိနေခဲ့ခြင်း ဖြစ်သည်။

"ညစ်ညမ်းနေတဲ့ မြေကြီးတွေပဲ"

ရွှီရှင်း ကျောစိမ့်သွားရ၏။

စောစောက သူရခဲ့သော ရနံ့မှာလည်း ထိုမြေအောက်ကမ္ဘာမှ ထွက်ပေါ်လာသော အနံ့ဆိုးများကို အဆပေါင်းထောင်ချီ၍ ရောနှောကာ ကျကျနန ဖျော်စပ်ထားသော ရနံ့မျိုး ဖြစ်ပေလိမ့်မည်။

ကမ္ဘာပေါ်တွင်လည်း မစင်ထဲ၌ ပါဝင်သော အင်ဒိုး ဆိုသည့် ဓာတ်ပစ္စည်းသည် အလွန်နည်းပါးသော ပမာဏတွင် ပန်းရနံ့ကဲ့သို့ မွှေးပျံ့သော်လည်း၊ များပြားသော ပမာဏတွင်မူ အသက်ရှူကျပ်လောက်အောင် နံစော်တတ်သည် မဟုတ်ပါလား။

ဤဆားတွင်းကြီးမှာ ဒုတိယမြောက် မြေအောက်ကမ္ဘာ၏ အဝင်ဝ ဖြစ်နိုင်ချေ များလှပေသည်။

ထို့အပြင် ဤတွင်းကြီးမှာလည်း အသက်ရှိနေပြီး အလိုအလျောက် ပြန်လည်ကုသနိုင်သည့် စွမ်းရည်ရှိနေသည်။

မဖြစ်ဘူး၊ ဒီတွင်းကို ပိတ်ထားဖို့ နည်းလမ်းရှာရမယ်။

သို့သော် ရွှီရှင်းတွင် နည်းလမ်းကောင်း မရှိသဖြင့် တွင်းဝတွင် ကျောက်တုံးကြီးအချို့ကိုသာ စုပုံ၍ အမှတ်အသားအဖြစ် ပိတ်ထားလိုက်ရ၏။

အကယ်၍ အထဲက အရာတစ်ခုခု ထွက်လာမည်ဆိုပါကလည်း အသံမြည်လာမည်ဖြစ်သဖြင့် သူ့အတွက် သတိထားမိနိုင်ပေလိမ့်မည်။

ပိတ်ထားသော တွင်းဝကို ကြည့်ရင်း ရွှီရှင်း၏ စိတ်ထဲတွင် အနည်းငယ်မျှ စိတ်သက်သာရာ ရသွားခဲ့ရလေတော့သည်။

---

အခန်း ၁၃၉ ပြီး။

All Chapters