တွေ့ဆုံခြင်း မတွေ့ဆုံခြင်း
Vol. 4 Ch. 383
အချိန်အနည်းငယ် ကြာသည့် အခါတွင်တော့ ပန်းချီကားချပ်သည် တကယ့် သဘာဝ ပတ်ဝန်းကျင် တစ်ခုအလား သက်ဝင် ရှင်သန် လာလေသည်။
ဆန်းလျန်၏ ဦးခေါင်းထက်ဆီမှ ရောင်စုံ အခိုးအငွေ့များ ထွက်ပေါ်လာပြီး ဆန်းလျန်သည် ပန်းချီကား အတွင်းသို့ ဝင်ရောက် သွားလေသည်။
ယန်မြောင်ယွင်မှာ ထိုက်စု နတ်ဘုရားဂိုဏ်းမှ တပည့်တစ်ယောက် ဖြစ်သည့်အတွက် ထိုရောင်စုံ အခိုးအငွေ့များမှာ ဆန်းလျန်၏ မူလဝိညာဉ် ခန္ဓာဖြစ်ကြောင်း ရိပ်မိ လိုက်လေသည်။
သူမက လက်မခံချင်သည့်တိုင် ဆန်းလျန်နှင့် သူမ၏ ဘဝ အခြေအနေသည် မိုးနှင့်မြေပမာ ကွာခြားနေခဲ့ပြီ ဖြစ်ကြောင်း နားလည် လိုက်မိလေသည်။ သူမက သက်ပြင်း တစ်ချက်ကို ကြိတ်ပြီး ချလိုက်မိလေသည်။
ကျောက်ရှောင်ယွီက သူမကို ကယ်တင် ခဲ့ပြီးသည့်နောက် သူမတွင် ဆန်းလျန်၏ အချစ်ကျိန်စာ မိနေကြောင်း ပြောပြခဲ့လေသည်။ သို့သော် သူမက ထိုအချစ် ကျိန်စာကို ဖြေပေးရန် ကျောက်ရှောင်ယွီကို မတောင်းဆိုခဲ့ပါ။
နန်စန်းတောင်တွင် ငြိမ်းချမ်းစွာဖြင့် တစ်ယောက်တည်း နေရသည့် အချိန်တွင် ဆန်းလျန်အပေါ် ချစ်မိသည့် အချစ်သည်သာ သူမ ဘဝကို အားအင် အပြည့်ပေးခဲ့လေသည်။
သို့သော် … သူမက ဆန်းလျန်နှင့် ဒုတိယ အကြိမ်ပြန်လည် ဆုံတွေ့ရမည်ဟုပင် ထင်မှတ် မထားခဲ့ပေ။
ဆန်းလျန် ဝင်ရောက်သွားသည့် ပန်းချီကားမှာ ကျောက်ရှောင်ယွီ၏ နတ်ဘုရား နယ်မြေ ဖြစ်လေသည်။ ထိုနေရာသို့ ကျောက်ရှောင်ယွီ၏ ခွင့်ပြုချက် မရှိဘဲ မည်သူမျှ ဝင်ခွင့်ရမည် မဟုတ်ပေ။
တိမ်များသည် တောင်တစ်ခွင်တွင် လွင့်မျောနေပြီး တောင်ခြေတွင် ကြည်လင်သည့် ရေကန်လေး တစ်ခု ရှိနေလေသည်။ ရေကန် အတွင်းမှ ကြာပန်းလေးများသည် လေနှင့်အတူ လွင့်မျော နေကြသည်။
အလွန်မှ လှပလွန်းသည် ရှုခင်းပင် ဖြစ်လေသည်။
သို့သော်…
အလွန်မှ လှပလွန်းသည့် ရှုခင်းသည် ကျောက်ရှောင်ယွီ၏ အလှတရားကိုတော့ မယှဉ်နိုင်ခဲ့ပေ။
ကျောက်ရှောင်ယွီသည် ရေကန်နံဘေးတွင် ဆန်းလျန်ကို စောင့်နေလေသည်။
"ရှင်နဲ့ တွေ့ဆုံရတိုင်း ကျွန်မရင်ထဲမှာ အရှုံးတရားကိုပဲ ခံစားရတယ်၊ ကျွန်မ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ရှင့်ရဲ့နောက်မှာပဲ အမြဲရှိနေသလိုပဲ"
ကျောက်ရှောင်ယွီက ပြောလိုက်သည်။
သူမ၏ နက်မှောင် ရှည်လျားသည့် ဆံနွယ်များသည် ကျောထက်တွင် ပျံဝဲ ကျနေလေသည်။
မျက်မှောင်ကြုတ် ထားသည့် သူမ၏ အမူအရာလေးသည် မြင်သူတိုင်းက ချစ်ခင် နှစ်သက် စွဲလန်းသွားမိမည် ဖြစ်လေသည်။
သူမ ဝတ်ဆင်ထားသည့် ပိုးသားဝတ်ရုံ အောက်တွင် ဒဏ်ရာတစ်ခုကို တွေ့မြင်ရလေသည်။ ထိုဒဏ်ရာမှ သွေးများလည်း ထွက်နေလေသည်။ ထို့ကြောင့် အဖြူရောင် ဝတ်ရုံတွင် သွေးများ စွန်းပေလျက် ရှိလေ၏။
လောကတွင် ကျောက်ရှောင်ယွီကို ထိုမျှ ဒဏ်ရာ အပြင်းအထန်ရအောင် တိုက်ခိုက်နိုင်သူ သိပ်ပြီး များများစားစား မရှိပေ။ ထို့ပြင် ထိုဒဏ်ရာသည် ကုသ ပျောက်ကင်းနိုင်သည့် ဒဏ်ရာ တစ်ခု မဟုတ်ကြောင်း ဆန်းလျန် ချက်ချင်း သိလိုက်လေသည်။
ကြာပန်း ကိုးပွင့်ကျင့်စဉ်ကျမ်းကို ကျင့်ကြံ အောင်မြင် ပြီးသွားသည့်နောက် သူမ၏ ခန္ဓာကိုယ်မှာ နတ်ဘုရား ခန္ဓာဖြစ်သွားပြီ ဖြစ်လေသည်။ သို့သော်… ယခုတော့ သူမဒဏ်ရာမှ သွေးများ ထွက်နေသည်ကို ကြည့်ခြင်းအားဖြင့် နတ်ဘုရားခန္ဓာမှ မူလရုပ်ခန္ဓာသို့ ပြန်လည် ပြောင်းလဲသွားပြီ ဖြစ်ကြောင်း သိရှိနိုင်လေသည်။ ထို့ကြောင့်ပင် သူမ၏ ပုံစံမှာ သာမန် လူတစ်ယောက် အလား ဖြစ်နေရခြင်း ဖြစ်လေသည်။
"ကျုပ်က မင်းကို ဒဏ်ရာရအောင် လုပ်တဲ့သူက ယန်ရွှီးလို့ ထင်နေတာ၊ အခုတော့ သူမဟုတ်ဘူးပဲ၊ ဘယ်သူ့ လက်ချက်လဲ ရှောင်ယွီ"
သူက လိုရင်း အချက်ကိုသာ မေးလိုက်သည်။
ကျောက်ရှောင်ယွီက ဆန်းလျန်ကို ကြည့်နေရင်းမှ သက်ပြင်း တစ်ချက် ချလိုက်ရင်း…
"ဘယ်သူလို့ ရှင်ထင်လဲ၊ အဲဒီလူက ထျန်းမုန့်နတ်သမီးပဲ၊ သူက ထိုက်စု နတ်ဘုရားဓားနဲ့ ကျွန်မကို တိုက်ခိုက်တာ၊ အဲဒီဓားက နတ်ဘုရားတစ်ပါးကို သတ်ဖြတ်နိုင်တဲ့ အထိ အစွမ်းထက်မယ်လို့ ကျွန်မ မထင်ခဲ့မိဘူး၊ ပြီးတော့ ထျန်းမုန့်နတ်သမီး နတ်ဘုရား တစ်ပါးအဖြစ် အဆင့် တက်ရောက် သွားတာကိုလည်း ကျွန်မ မသိလိုက်ဘူး"
"ထိုက်စု နတ်ဘုရားဓားက ရုပ်ဝတ္ထု ပစ္စည်းတစ်ခုပဲ၊ မင်းရဲ့ ရုပ်ခန္ဓာက မင်းသာ ဖန်ဆင်းမထားရင် ထိတွေ့လို့ မရနိုင်တဲ့ နတ်ဘုရားခန္ဓာပဲ၊ မင်းကို ဒဏ်ရာရအောင် လုပ်ဖို့ဆိုတာ သိပ်ကို ခက်ခဲလွန်းတယ်၊ ဒါပေမဲ့ ထိုက်စု နတ်ဘုရားဓားကတော့ နတ်ဘုရားခန္ဓာကို တန်ခိုး စွမ်းအားနဲ့ တိုက်ခိုက်လို့ ရနိုင်တယ်၊ ဒါပေမဲ့ မင်းရဲ့ ရုပ်ခန္ဓာ မြင်သာထင်သာ ဖြစ်နေတဲ့ အချိန်မှာပဲ ရနိုင်မယ်၊ ကြည့်ရတာ တိုက်ပွဲမှာ မင်းဘက်က တစ်ခုခု မှားယွင်းခဲ့လို့ ဒဏ်ရာရခဲ့တာ ဖြစ်နိုင်တယ်၊ ဒါပေမဲ့ တစ်ခုတော့ရှိတယ်၊ သူက သေချာ ကြိုတင်ပြင်ဆင်ပြီးမှ လုပ်ကြံတာ ဆိုရင်တော့ မင်းအနေနဲ့ ခုခံ ကာကွယ်နိုင်ဖို့ ခက်ခဲလိမ့်မယ်"
ဆန်းလျန်က သူ့အမြင်ကို တည့်တည့်ပင် ပြောလိုက်သည်။
"ရှင်ပြောတာ မှန်ပါတယ်၊ ကျွန်မရဲ့ တန်ခိုးစွမ်းအားနဲ့ ဆိုရင် တစ်ခုခု မဖြစ်ခင်မှာ ကြိုမြင်လေ့ ရှိတယ်၊ ဒါပေမဲ့ သူမ ကျီမော့တောင်ကို တက်လာတာကို ကျွန်မ လုံးဝ သတိမထားခဲ့မိဘူး၊ ဒါကြောင့်လည်း ကျွန်မ အငိုက်မိသွားတာပေါ့၊ အသက်မသေဘဲ ထွက်ပြေး လာနိုင်တာပဲ တော်သေးတယ်၊ ဒါပေမဲ့ ကျွန်မရဲ့ဒဏ်ရာက ရှင့်ရဲ့ အကူအညီမပါဘဲ မပျောက်ကင်း နိုင်ဘူးလေ"
ကျောက်ရှောင်ယွီက ပြောလိုက်သည်။
"မင်းထွက်ပြေး လွတ်မြောက်လာနိုင်တာ မဟုတ်ဘူး ရှောင်ယွီ၊ မင်းကို တမင်သက်သက် သူက လွှတ်ပေးလိုက်တာ"
ဆန်းလျန်က လေးနက်စွာဖြင့် ပြောလိုက်သည်။
ဆန်းလျန်၏ စကားကြောင့် ကျောက်ရှောင်ယွီမှာ အံ့သြ မှင်တက် သွားရလေသည်။ အတန်ကြာ စဉ်းစားနေပြီးမှ သူမ၏ မျက်ဝန်းများတွင် အရောင်တစ်ချက် လက်ခနဲ တောက်ပ သွားသည်။
"ရှင်ပြောတာအမှန်ပဲ၊ ကျွန်မ နားလည်ခဲ့သင့်တာ"
"ဒါပေမဲ့ မင်းနားမလည်ခဲ့ဘူး မဟုတ်လား ရှောင်ယွီရယ်"
ဆန်းလျန်က အလွန်နူးညံ့စွာဖြင့် သူမကို ပြောလိုက်သည်။
သို့သော် သူ၏အသံသည် ကျောက်ရှောင်ယွီ၏ နားထဲတွင်တော့ မိုးခြိမ်းသံအလား ဆူညံ သွားရလေသည်။
သူမ၏ စိတ်များကို ဖုံးလွှမ်းနေသည့် မသိမှု အမှောင်တရားသည် ချက်ချင်းပင် လွင့်စဉ် သွားလေသည်။ သူမသည် ကိစ္စတော်တော်များများကို နားလည်သွားခဲ့ပြီ ဖြစ်လေသည်။
ခဏတာမျှ တိတ်ဆိတ် သွားပြီးသည့်နောက်…
"ကျွန်မရထားတဲ့ ဒဏ်ရာကို ကုသဖို့အတွက် ရှင့်ရဲ့ ဒြပ်စင်စွမ်းအား ငါးမျိုးကို လိုအပ်တယ်၊ ဒါမှ ထိုက်စု နတ်ဘုရားဓားရဲ့ တန်ခိုးစွမ်းအားကို ဖယ်ထုတ်နိုင်မယ်"
ကျောက်ရှောင်ယွီက ပြောလိုက်လေသည်။
ထိုက်စု၊ ထိုက်ယီ၊ ထိုက်ချူး၊ ထိုက်ရှိနှင့် ထိုက်ကျိဆိုသည်မှာ မူလ "ထိုက်" ငါးပါးဟု လူသိများကြလေသည်။ ထို မူလ "ထိုက်" ငါးပါးမှာ ဒြပ်စင် စွမ်းအားငါးမျိုးပင် ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန်၏ ဒြပ်စင် စွမ်းအား ငါးမျိုးသာလျှင် ထိုက်စုနတ်ဘုရားဓား၏ မူလစွမ်းအားကို ပယ်ဖျက်နိုင်မည် ဖြစ်လေသည်။
ကျောက်ရှောင်ယွီက ဆက်ပြောလိုက်သည်။
"ကျွန်မရဲ့ ဒဏ်ရာကို ကုသပေးလို့ တန်ခိုးစွမ်းအားတွေ ကုန်သွားမယ်ဆိုရင် မိုးမြေ စွမ်းအားတွေက တစ်ဆင့် ချက်ချင်း ပြန်ရနိုင်ပါတယ်၊ ဒါပေမဲ့ ရှင့်ရဲ့ မူလဝိညာဉ်ခန္ဓာက လျော့ကျသွားတဲ့ စွမ်းအားတွေကတော့ ပြန်ပြည့်လာဖို့ လွယ်ကူမှာ မဟုတ်ဘူး၊ မူလဝိညာဉ်ခန္ဓာက တန်ခိုး စွမ်းအားနည်းနည်းလေး အသုံးပြုလိုက်ရင်တောင်မှ ပြန်ပြည့်ဖို့က တော်တော်ကြာတာ မဟုတ်လား၊ ကျွန်မရဲ့ ဒဏ်ရာကို ကုသပေးမယ်ဆိုရင် ရှင့်ရဲ့ မူလဝိညာဉ်ခန္ဓာက တန်ခိုးစွမ်းအားတွေ အများကြီး ကုန်သွားမှာပဲ၊ ဒါပေမဲ့ ဘယ်တော့မှ ပြန်ပြီး အထွတ်ထိပ်ကို ရောက်မလဲဆိုတာ မသိနိုင်ဘူး"
"သုံးနှစ်ကနေ ငါးနှစ်အထိတော့ ကြာနိုင်တာပေါ့"
ဆန်းလျန်က ပြန်ပြောလိုက်သည်။
"လာမယ့် သုံးနှစ်အတွင်းမှာ ရှင်လုပ်ရမယ့် အရေးကြီး ကိစ္စတွေရှိလား"
ကျောက်ရှောင်ယွီက မေးလိုက်သည်။
"ရှိတယ်…"
ဆန်းလျန်က ပြန်ဖြေလိုက်သည်။
"ဒါဖြင့် ကျွန်မဒဏ်ရာကို ကုသမပေးပါနဲ့တော့"
ကျောက်ရှောင်ယွီက ပြောလိုက်လေသည်။
ကျောက်ရှောင်ယွီသည် တစ်စုံတစ်ခုကို သဘောပေါက်သွားပြီ ဖြစ်လေသည်။ သူမကို ဒဏ်ရာရအောင် လုပ်သည့်လူ၏ ရည်ရွယ်ချက်မှာ ဆန်းလျန်ကို ဒုက္ခ ပေးချင်သောကြောင့်သာ ဖြစ်လေသည်။
ဆန်းလျန်က…
"ကျုပ်သာ မင်းကိုကုသမပေးရင် မင်းတစ်နှစ်တောင် ခံတော့မှာ မဟုတ်ဘူး ရှောင်ယွီ၊ ကျုပ်က ထုန်ထျန်းကျင့်စဉ်ကို အသုံးပြုပြီး ကုသပေးရင် နှစ်နှစ်ကျော်လောက် မင်းရဲ့သက်တမ်းကို ဆွဲဆန့်ထားနိုင်မယ်၊ ပြီးရင်တော့ ပုံပြောင်းအဆင့် ကိုးဆင့်ရှိတဲ့ ရွှေပြဒါး အမြုတေကတောင် မင်းကို အသက်ရှင်အောင် ကယ်တင်နိုင်တော့မှာ မဟုတ်ဘူး"
ကျောက်ရှောင်ယွီက ပြုံးလိုက်ရင်း…
"ဆန်းလျန်၊ ရှင်က ကျွန်မကို သေရမှာ ကြောက်တဲ့သူလို့ ထင်နေတာလား၊ ကျွန်မရဲ့ဆရာဆီက ကြာပန်း ကိုးပွင့် ကျင့်စဉ်ကျမ်းကို လက်ဆင့်ကမ်း ယူခဲ့ပြီးတဲ့နောက် ကျွန်မ ရှာဖွေခဲ့တဲ့ အရာက နတ်ဘုရား တစ်ပါးဖြစ်ဖို့ မဟုတ်ခဲ့ပါဘူး၊ ဒါပေမဲ့ လူတွေ မလုပ်နိုင်တဲ့ အရာမျိုးကိုတော့ လုပ်ပြချင်ခဲ့တယ်၊ ကြာပန်း ကိုးပွင့် ကျောင်းတော်မှာ အတော်ဆုံး လူတစ်ယောက် ဖြစ်ချင်ခဲ့တယ်၊ ဒါပေမဲ့ ကျွန်မဖြစ်ချင်တဲ့ဆန္ဒ ပြည့်ခဲ့ရဲ့လားတောင် မသိခဲ့ပါဘူး"
"မင်းဆန္ဒတွေ ပြည့်ခဲ့ပါတယ် ရှောင်ယွီ၊ ကြာပန်းကိုးပွင့် ကျောင်းတော်ကို တည်ထောင်ခဲ့တဲ့ ဆရာသခင် အသက်ရှင် နေသေးမယ် ဆိုရင်တောင်မှ မင်းလောက် တော်နိုင်မယ် မထင်ပါဘူးဗျာ"
ဆန်းလျန်က ပြောလိုက်သည်။
"ဒီတောင်တွေ ဒီရေကန်တွေ အားလုံးက ကျွန်မ ဖန်ဆင်းထားတာပါ၊ ဘဝဆိုတာ အိပ်မက် တစ်ခုလိုပါပဲ၊ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားကြရတဲ့သူဆိုလို့ လောကမှာ နည်းနည်းပဲ ရှိတာပါ၊ ဒီတော့ ကျွန်မ သေရတော့မယ် ဆိုလဲ ရှိပါစေတော့"
ထိုစကားကို ပြောသည့်အချိန်တွင် ကျောက်ရှောင်ယွီသည် ပြုံးနေခဲ့လေသည်။
သို့သော် သူမ၏ မျက်ဝန်းများကတော့ ဆန်းလျန်ကို ငေးကြည့် နေလေသည်။ ထိုအကြည့်များတွင် အလွန်သန့်စင် တာအိုတရားကို တွေ့မြင်ရလေသည်။
ထိုအကြည့်များထဲတွင် သေခြင်းတရားကို ကြောက်ရွံ့ခြင်းလည်း မရှိ၊ ကံကြမ္မာကို ကြောက်ရွံ့ခြင်းလည်း မရှိ …။
"မင်း မသေပါဘူး ရှောင်ယွီ"
ဆန်းလျန်က ပြောလိုက်သည်။
ကျေက်ရှောင်ယွီသည် လှပသည့် မျက်ဝန်းများဖြင့် ဆန်းလျန်ကို ငေးကြည့်နေရင်း…
"ကျိလင်နတ်သမီးက ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်ရဲ့ အမြင့်ဆုံး အဆင့်ကို အောင်မြင်သွားပြီ မဟုတ်လား၊ ရှင်တို့က ကျင့်စဉ် တစ်ခုတည်းကို ကျင့်ကြံခဲ့ကြတဲ့ သူတွေဆိုတော့ အချင်းချင်း ဆက်သွယ်လို့ ရနိုင်တယ် မဟုတ်လား၊ သူမရဲ့ မူလဝိညာဉ် ခန္ဓာက ယင်နဲ့ ယန်ရဲ့ စွမ်းအား အရင်းအမြစ်ကို ရှင့်ရဲ့ မူလဝိညာဉ် ခန္ဓာထဲကို လွှဲပြောင်း ပေးလိုက်ရင် ရှင်က အဲဒီ ယင်နဲ့ယန်ကို ဒြပ်စင် စွမ်းအား ငါးမျိုးအဖြစ် ပြောင်းလဲနိုင်တာပဲ၊ ဒါပေမဲ့ လက်ရှိအချိန်မှာ ချင်းရွှမ် နတ်တံခါးမှာလည်း အခက်အခဲတွေ ရှိနေတော့ ကျိလင်နတ်သမီးလည်း ထိခိုက်လို့ မဖြစ်သေးဘူး၊ တကယ်တော့ ရှင့်ရဲ့ အခြေအနေက ကျွန်မထက် ပိုဆိုးပါတယ်၊ ပြီးတော့ ရှင့်မှာ တခြား အရေးကြီး ကိစ္စတွေလည်း ရှိသေးတယ်လေ"
"ဟုတ်တယ်၊ ဆရာဘွားဘွားရဲ့ အခြေအနေက လောလောဆယ်မှာ သိပ်ပြီး ပုံမှန် မဖြစ်သေးဘူး၊ သူကတော့ ကူညီနိုင်မယ် မထင်ဘူး"
ဆန်းလျန်က ပြောလိုက်သည်။
"ဒါဖြင့် ရှင့်မှာ ဘာနည်းလမ်းများ ရှိသေးလို့လဲ"
ကျောက်ရှောင်ယွီက မေးလိုက်သည်။
"လောကမှာ ရှန်စန်းကျန်းရန် လုကျိုးယွမ် ရှိပါသေးတယ်"
ကျောက်ရှောင်ယွီက ဆန်းလျန်၏ စကားကို ပြန်လည် တုံ့ပြန် ပြောကြားခြင်းမရှိပါ။
"ကျုပ် မင်းကို သူ့ဆီ ခေါ်သွားပေးမယ်၊ သူ ကူညီသည်ဖြစ်စေ မကူညီသည် ဖြစ်စေ ကြိုးစား ကြည့်ကြတာပေါ့၊ ကျုပ်လည်း သူ့ကို တွေ့ချင်နေတာ ကြာပြီ၊ မင်းကို အကြောင်းပြပြီး ကျုပ်လည်း သူနဲ့ တွေ့ဆုံခွင့် ရသွားတာပေါ့"
ဆန်းလျန်က နူးညံ့စွာဖြင့် ပြောလိုက်လေသည်။
"ကျွန်မတို့ မျိုးဆက်ထဲမှာ ဘယ်သူမှ လုကျိုးယွမ်ကို မတွေ့ချင် ကြဘူးဆိုတာ ရှင်မသိဘူးလား ဆန်းလျန်ရယ်"
ကျောက်ရှောင်ယွီက ပြောလိုက်လေတော့သည်။
***