အနီရောင်မြူခိုးများကို ဖြတ်ကျော်ခြင်း
Vol. 10 Ch. 146
အနီရောင်မြူခိုး များအတွင်းသို့ အသက်ကို ရင်း၍ စွန့်စားဝင်ရောက်ခဲ့ရသော်လည်း ရွှီရှင်း ရရှိခဲ့သည်မှာ ပျက်စီးနေသော စက္ကူလေညှပ်လေး တစ်ခုသာ ဖြစ်သဖြင့် သူသည် စိတ်ပျက်လက်ပျက်နှင့် ရယ်ချင်သလိုပင် ဖြစ်နေမိသည်။
သို့သော် အနည်းဆုံးတော့ သူ ဘာအန္တရာယ်မှ မကြုံခဲ့ရပေ။
ပြန်ကြရအောင်၊ ဒီမှာ တခြားဘာမှ မရှိတော့ဘူးထင်တယ်။
ငွေရောင်ဘုရင်ပေါ် တက်စီးရင်း ရွှီရှင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ မျက်နှာအမူအရာ ချက်ချင်း ပျက်ယွင်းသွား၏။
"...ငါ ပေါ့ဆမိသွားပြီ"
ပတ်ဝန်းကျင် တောင်ကုန်းအားလုံးမှာ ထူထပ်လှသော အနီရောင်မြူခိုးများဖြင့် ဖုံးလွှမ်းနေချေပြီ။
မြူခိုးပါးလွှာသော နေရာတစ်ခုမှ ရှာမတွေ့တော့ပေ။
ဆိုလိုသည်မှာ သူသည် အပြင်သို့ ဘေးကင်းစွာ ထွက်ခွာနိုင်မည့် လမ်းကြောင်း မရှိတော့ခြင်းပင်။
ရွှီရှင်းသည် ငွေရောင်ဘုရင်ကို စီးကာ ဆားတွင်းဝနားသို့ ချဉ်းကပ်ကြည့်လိုက်သည်။
ဤနေရာတွင် မြူခိုးများမှာ အထူဆုံးဖြစ်ပြီး အနံ့မှာလည်း ပို၍ ပြင်းထန်လာကာ အနံ့ဆိုးတစ်ခုအဖြစ် ပြောင်းလဲနေ၏။
၎င်းမှာ မြေအောက်ကမ္ဘာ အဝင်ဝက အနံ့ဆိုးနှင့် ထပ်တူပင် ဖြစ်သည်။
သူ၏ သံသယမှာ မှန်ကန်သွားချေပြီ။
ဤအနီရောင်မြူခိုးများသည် ထိုသံလမ်းကြောင်းများထဲက အနီရောင်အနံ့ဆိုးများနှင့် အတူတူပင် ဖြစ်၏။
ဆားတွင်းအဝကို အတန်ကြာ အကဲခတ်ပြီးနောက် ရွှီရှင်း သက်ပြင်းတစ်ချက် ချလိုက်နိုင်သည်။
အနီရောင်မြူခိုးများသည် တောင်ကုန်းများကို လွှမ်းခြုံပြီးနောက် ဂူဝမှ အနီရောင်ဓာတ်ငွေ့များ ထွက်ပေါ်လာခြင်း ရပ်တန့်သွားခဲ့သည်။
မြူခိုးအားလုံးမှာ တစ်စုံတစ်ခု၏ စုပ်ယူခြင်းကို ခံထားရသကဲ့သို့ တောင်ကုန်းများအနီးမှာသာ ဝဲလည်နေပြီး အပြင်သို့ ပျံ့နှံ့မည့်ပုံစံ မရှိပေ။
ရွှီရှင်းမှာ အရင်လို အလောတကြီး မဖြစ်တော့ပေ။
ယခင်က မြူခိုးထဲသို့ ဇွတ်မတိုးရဲခြင်းမှာ အရင်းအမြစ်ဇုန်တစ်ခုလုံးကို ဖုံးလွှမ်းသွားမည်လားဟု စိုးရိမ်သောကြောင့် ဖြစ်၏။
ယခုမူ ဤတောင်ကုန်းပတ်ပတ်လည်ကိုသာ ဖုံးထားခြင်းဖြစ်ရာ ကိုင်တွယ်ရသည်မှာ ပို၍ လွယ်ကူသွားချေပြီ။
ငွေရောင်ဘုရင်၏ အရှိန်မှာ တစ်နာရီ ကီလိုမီတာ ၁၀၀ ကျော်အထိ ရှိနေပြီ ဖြစ်သည်။
မီမီလောက် မမြန်သော်လည်း မြေအောက်က ထိုးထွက်လာမည့် နွယ်ပင်များကို ရှောင်တိမ်းရန် လုံလောက်သော အရှိန်ရှိ၏။
ငွေရောင်ဘုရင်ကို အရှိန်အကုန်တင်၍ ပြေးခိုင်းမည်ဆိုပါက မီတာအနည်းငယ်သာ ထူသော မြူခိုးတံတိုင်းကြီးကို တိုက်ရိုက်ဖြတ်ကျော်နိုင်ပေလိမ့်မည်။
မီမီနှင့် လင်းနို့အတွက်မူ စိုးရိမ်စရာမရှိပေ။
မီမီမှာ ၎င်း၏အရှိန်ဖြင့် နွယ်ပင်များကို လှည့်စားပြီး အလွယ်တကူ ထွက်လာနိုင်သလို၊ လင်းနို့လေးမှာလည်း ရန်သူအဖြစ် သတ်မှတ်ခြင်း မခံရပေ။
"လင်းနို့လေး... မင်းကို နာမည်တစ်ခု ပေးရမယ်။ အင်း... အာဖု လို့ပဲ ခေါ်ရအောင်"
ရွှီရှင်းက လက်ခုပ်တီးကာ ဆုံးဖြတ်လိုက်သည်။
လင်းနို့လေးမဟုတ်.... ၊ အာဖုက မီမီ၏ ကျောပေါ်တွင် အတောင်ပံနှစ်ချက်ခတ်ကာ စူးရှစွာ အော်လိုက်၏။
မကျေနပ်သည့်ပုံပင်။
"အီးးး..."
ခဲခဲလေးက လက်ကလေးဖြင့် ပါးစပ်ကိုပိတ်ကာ ရယ်နေပြီး၊ ငွေရောင်ဘုရင်နှင့် မီမီတို့မှာလည်း သူတို့သခင်၏ နာမည်ပေးစွမ်းရည်ကို စိတ်ပျက်နေသည့်ပုံစံဖြင့် ခေါင်းလွှဲသွားကြတော့သည်။
သို့သော် ရွှီရှင်းကတော့ ကျေနပ်နေ၏။
"အာဖု... မင်း ငါ့လက်ကောက်ဝတ်ထဲ ဝင်မလား၊ ဒါမှမဟုတ် အရင်ဆုံး ပျံထွက်သွားမလား"
အာဖုက လက်ကောက်ဝတ်ထဲ မဝင်လိုသဖြင့် အနီရောင်မြူခိုးများထဲသို့ အရင်ဆုံး ပျံဝင်သွားတော့သည်။
မြူခိုးများမှာ ထူထပ်လှသဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် အာဖုမှာ ပျောက်ကွယ်သွား၏။
ခဏအကြာတွင် အခြားတစ်ဖက်မှ အာဖု၏ အချက်ပေးသံ ထွက်ပေါ်လာသဖြင့် ဘေးကင်းစွာ ဖြတ်ကျော်သွားနိုင်ကြောင်း ရွှီရှင်း သိလိုက်ရသည်။
သူသည် ငွေရောင်ဘုရင်ကို နောက်သို့ မီတာအနည်းငယ် ဆုတ်ခိုင်းလိုက်ပြီး အရှိန်အကုန်တင်၍ ပြေးဝင်ရန် ပြင်ဆင်လိုက်၏။
မီမီကိုမူ ငွေရောင်ဘုရင်၏ အနောက်မှသာ လိုက်ရန် မှာကြားလိုက်သည်။
မဟုတ်ပါက ရှေ့ရောနောက်ရော နွယ်ပင်များ ဝိုင်းလာလျှင် အရှိန်လျော့သွားနိုင်သောကြောင့် ဖြစ်သည်။
"ခဲခဲ... မြဲမြဲကိုင်ထားနော် ငွေရောင်ဘုရင်... သွားစို့"
ရွှီရှင်းက အမိန့်ပေးလိုက်၏။
"ဝူးးး"
ဟိန်းသံနှင့်အတူ ငွေရောင်ဘုရင်မှာ အနီရောင်မြူခိုးများဆီသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်ခဲ့သည်။
မီမီကလည်း ဘေးချင်းယှဉ်လျက် လိုက်ပါလာ၏။
ရွှီရှင်း လေကို ဝဝရှူကာ အနီရောင်မြူခိုးများအတွင်းသို့ ငွေရောင်ဘုရင်နှင့်အတူ တိုးဝင်လိုက်တော့သည်။
မြင်ကွင်းတစ်ခုလုံး သွေးရောင်လွှမ်းသွားပြီး ရှေ့မီတာအနည်းငယ်သာ မြင်နိုင်တော့၏။
ငွေရောင်ဘုရင် ခြေချလိုက်သည်နှင့် မြေပြင်ကွဲအက်သံနှင့်အတူ နွယ်ပင်များ ထွက်ပေါ်လာသော အသံကို ကြားလိုက်ရသည်။
ရွှီရှင်း နောက်လှည့်ကြည့်လိုက်ရာ အနည်းဆုံး နွယ်ပင် ၇ ပင်၊ ၈ ပင်ခန့်မှာ မြူခိုးများကြားမှ ထိုးထွက်လာပြီး၊ ၎င်းတို့၏ ကိုယ်ပေါ်က သွေးရောင်အစင်းကြောင်းများမှာ ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းများ ထွက်ပေါ်နေချေပြီ။
ထိုနွယ်ပင်များသည် ချက်ချင်းပင် တစ်ခုနှင့်တစ်ခု လိမ်ယှက်သွားပြီး ဧရာမ လွန်ကြီးတစ်ခုကဲ့သို့ ဖြစ်ပေါ်ကာ ရွှီရှင်းထံသို့ ထိုးစိုက်လာတော့သည်။
ဤတိုက်ခိုက်မှုပုံစံမှာ ကြေးဝါသေတ္တာစောင့် သားရဲ၏ တိုက်ခိုက်မှုပုံစံနှင့် အတူတူပင်။
ရွှီရှင်း မြှားတစ်စင်း ပစ်လိုက်သော်လည်း နွယ်ပင်များကို အနည်းငယ်သာ ဟန့်တားနိုင်ခဲ့သည်။
ငွေရောင်ဘုရင်မှာမူ အရှိန်ကို ထပ်မံမြှင့်တင်လိုက်သဖြင့် ၎င်း၏ အမြီးကို သီသီလေးလွဲကာ နွယ်ပင်တိုက်ခိုက်မှုမှ လွတ်မြောက်သွားခဲ့၏။
နွယ်ပင်များမှာ ရွှီရှင်းနောက်မှ အဆက်မပြတ် ထွက်ပေါ်လာနေပြီး ငွေရောင်ဘုရင်၏ ခြေထောက်များကို ရိုက်ရန် ကြိုးစားနေကြသည်။
ထိုစဉ် မီမီက အရှိန်မြှင့်ကာ ၎င်း၏ လက်သည်းများဖြင့် နွယ်ပင်များကို အပိုင်းပိုင်း ပိုင်းဖြတ်လိုက်သော်လည်း၊ ဤလုပ်ရပ်ကြောင့် မီမီမှာ ငွေရောင်ဘုရင်၏ အနောက်သို့ တစ်လှမ်း ရောက်သွားခဲ့ရသည်။
"မီမီ"
ရွှီရှင်း စိုးရိမ်တကြီး အော်လိုက်၏။
သို့သော် သူ စိုးရိမ်လွန်ခြင်းသာ ဖြစ်ပေသည်။
လိမ္မော်ရောင် လျှပ်စီးတန်းတစ်ခုကဲ့သို့ မီမီမှာ နွယ်ပင်များကြားမှ ပါးနပ်စွာ တိုးထွက်လာခဲ့၏။
သို့သော် မီမီ၏ ကိုယ်ပေါ်တွင် သွေးစအချို့ ပေါ်လာသည်ကို ရွှီရှင်း တွေ့လိုက်ရသည်။
ထိုအချိန်တွင် မီမီ၏ ကိုယ်ပေါ်က သွေးရောင်အစင်းကြောင်းများမှာလည်း မြေအောက်နွယ်ပင်များကဲ့သို့ပင် သွေးရောင်အလင်းတန်းများ ထွက်ပေါ်နေသည်ကို ရွှီရှင်း သတိပြုမိလိုက်၏။
သူ ငွေရောင်ဘုရင်ကို ငုံ့ကြည့်လိုက်ရာ ငွေရောင်ဘုရင်၏ သွေးရောင်အစင်းကြောင်းများမှာလည်း ရဲရဲနီနေချေပြီ။
ဤအနီရောင်မြူခိုးများသည် ဗီဇပြောင်းသားရဲများ၏ စွမ်းရည်ကို မြှင့်တင်ပေးနိုင်သည်မှာ သေချာလှပေသည်။
မိနစ်ပိုင်းအတွင်းမှာပင် သူတို့သည် အနီရောင်မြူခိုးများအတွင်းမှ ပြန်လည်ထွက်ပေါ်လာခဲ့ကြသည်။
ငွေရောင်ဘုရင်မှာ ဘာမှမဖြစ်သော်လည်း၊ မီမီမှာမူ အမောတကော ဖြစ်နေကာ ကိုယ်ပေါ်တွင် ဒဏ်ရာများစွာ ရရှိခဲ့ချေပြီ။
မီမီသည် ရွှီရှင်းနှင့် ငွေရောင်ဘုရင်ကို ကာကွယ်ရန်အတွက် အရှိန်ကို ငါးကြိမ်ထက်မနည်း အစွမ်းကုန်မြှင့်တင်ခဲ့ရသဖြင့် အလွန်ပင် ပင်ပန်းနွမ်းနယ်နေရှာ၏။
"မီမီ"
ရွှီရှင်း ငွေရောင်ဘုရင်ပေါ်မှ အမြန်ဆင်းကာ မီမီ၏ ဒဏ်ရာများကို စစ်ဆေးလိုက်သည်။
ကံကောင်းသည်မှာ အရိုးနှင့် ကိုယ်တွင်းအင်္ဂါများကို မထိခိုက်ဘဲ အသားထဲ စိုက်ဝင်သွားသော ဒဏ်ရာများသာ ဖြစ်၏။
မီမီမှာ အလွန်ပင် ပင်ပန်းနေသဖြင့် ရွှီရှင်းကို ရှောင်မပြေးတော့ဘဲ ၎င်း၏ကိုယ်ကို ပထမဆုံးအကြိမ် ကိုင်တွယ်ခွင့် ပေးလိုက်တော့သည်။
ရွှီရှင်းသည် အပြာရောင်အဆင့် သွေးတိတ်မြက်ပင်ကို ကြိတ်ကာ မီမီ၏ ဒဏ်ရာများပေါ်တွင် ဖြည်းညှင်းစွာ သုတ်လိမ်းပေးလိုက်၏။
အာဖု က ဘေးမှာ လာနားပြီး ငွေရောင်ဘုရင်ကလည်း မီမီ၏ ဒဏ်ရာများကို လျက်ပေးနေရှာသည်။
ခဲခဲလေးကမူ မီမီ၏ ခေါင်းကို ၎င်း၏ လက်ကလေးဖြင့် ပုတ်ကာ နှစ်သိမ့်ပေးနေ၏။
အပြာရောင် သွေးတိတ်မြက်ပင်၏ အာနိသင်ကြောင့် ဒဏ်ရာများမှာ မျက်စိရှေ့တင် ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
မီမီ၏ ဒဏ်ရာများ သက်သာသွားပြီးနောက် ၎င်းမှာ မတ်တပ်ရပ်လိုက်သော်လည်း အနားယူရန် လိုအပ်နေဆဲ ဖြစ်၏။
"ကဲ... မီမီ၊ မင်း ဒီမှာပဲ ခဏအိပ်နေဦး။ ငါ လုပ်စရာ တစ်ခုရှိသေးတယ်"
ရွှီရှင်း မီမီ၏ ခေါင်းကို ပုတ်လိုက်ရာ ၎င်းက ခေါင်းလေးကို အနည်းငယ် စောင်းပေးလျက် မရှောင်တော့ပေ။
သူသည် အနီရောင်မြူခိုးများရှိရာသို့ လှမ်းကြည့်လိုက်သည်။
နွယ်ပင်များသည် မြေအောက်သို့ ပြန်မဝင်သွားဘဲ မြူခိုးများကြားတွင် တစ်ခုနှင့်တစ်ခု တိုက်ခိုက်နေကြသည်မှာ မြေအောက်ကမ္ဘာ၏ ပုံစံငယ်လေးတစ်ခုအလားပင်။
မီမီ နွယ်ပင်များကို သတ်ဖြတ်နေစဉ်က သူ၏နားထဲတွင် ရမှတ်တိုးသည့် အသံများ အဆက်မပြတ် မြည်နေခဲ့သည်။
[သွေးရောင်နွယ်ပင်တစ်ပင်ကို သတ်ဖြတ်လိုက်သဖြင့် ရမှတ်: ၂၀ ရရှိပါသည်။]
[သွေးရောင်ဆူးနွယ်ပင်တစ်ပင်ကို သတ်ဖြတ်လိုက်သဖြင့် ရမှတ်: ၂၅ မှတ် ရရှိပါသည်။]
ဤနွယ်ပင်များသည် မြူခိုးအပြင်ဘက်သို့ ထွက်မလာနိုင်ကြသဖြင့် ၎င်းမှာ ရမှတ်များ စုဆောင်းရန်အတွက် အကောင်းဆုံး နေရာတစ်ခုပင် ဖြစ်နေတော့သည်။
---
အခန်း ၁၄၆ ပြီး။