← Chapters

သွေးရောင်နွယ်ပင်များကို အသုံးချ၍ ရမှတ်များရှာဖွေခြင်း

Vol. 10 Ch. 147

သွေးရောင်နွယ်ပင်များကို အသုံးချ၍ ရမှတ်များရှာဖွေခြင်း

Vol. 10 Ch. 147

မြေပုံပေါ်တွင် အနီရောင်မြူခိုး ဖုံးလွှမ်းနေသော နယ်ပယ်အတွင်း၌ ရေတွက်၍မရသော အနီရောင်အစက်အပြောက်များမှာ ဟိုတစ်ကွက် သည်တစ်ကွက် ပြန့်ကျဲနေသည်။

လက်ရှိအခြေအနေအရ တောအုပ်အတွင်း၌ သားရဲတိရစ္ဆာန်များ လုံးဝမရှိတော့သဖြင့် ရွှီရှင်းအတွက် ရမှတ် ရှာရန် ရင်းမြစ်မရှိတော့ပေ။

ထို့ကြောင့် ဤဗီဇပြောင်းနွယ်ပင်များသည် သူ့အတွက်တော့ လမ်းလျှောက်နေသော ရမှတ်များနှင့် အပြာရောင်အဆင့် မြေဆီလွှာတုံးကြီးများကဲ့သို့ပင်။

အနီရောင်မြူခိုးများအတွင်း၌ ဤနွယ်ပင်များသည် မြူများနှင့်အတူ ငြိမ့်ငြိမ့်လေး လှုပ်ခါနေကြပြီး၊ ၎င်းတို့ကိုယ်ပေါ်ရှိ သွေးရောင်အစင်းကြောင်း များနှင့် သွေးရောင်ဆူး များမှာ ထူးခြားသော အနီရောင်အလင်းတန်းများကို ထုတ်လွှတ်နေ၏။

မြူခိုးများကြားတွင် အနီရောင်အလင်းစက်လေးများ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်မှာ ကြည့်ကောင်းလှပေသည်။

ဤအနီရောင်မြူခိုးများသည် တကယ်ပင် ဆန်းကြယ်လှ၏။

၎င်းတို့သည် သစ်ပင်အိမ်၏ ဘေးကင်းဇုန် ကို အာနိသင်မဲ့သွားစေရုံတင်မကဘဲ၊ ဗီဇပြောင်းသတ္တဝါများ၏ စွမ်းအားကိုပါ မြှင့်တင်ပေးနိုင်ပြီး ၎င်းတို့၏ သွေးရောင်အစင်းကြောင်းများကို ပိုမိုတောက်ပလာစေသည်။

အကယ်၍ ငွေရောင်ဘုရင်နှင့် မီမီတို့သာ ဤမြူခိုးထဲတွင် အကြာကြီးနေမည်ဆိုပါက ပိုမိုမြန်ဆန်စွာ ဆင့်ကဲပြောင်းလဲလာနိုင်မည်မှာသေချာသလောက်ပင်။

ရွှီရှင်းကတော့ ထိုသို့စမ်းသပ်ရန် စိတ်မကူးမိပေ။

အဘယ်ကြောင့်ဆိုသော် မြူခိုးကြောင့်ရသော စွမ်းအားမှာ ပေးဆပ်မှုတစ်ခုခုနှင့် လဲလှယ်ရမည်ဆိုပါက အရှုံးနှင့်အမြတ် မကာမိဘဲ ရှိပေလိမ့်မည်။

ရွှီရှင်းသည် သစ်ပင်တစ်ပင်ကို မှီလျက် ခေတ္တအနားယူရင်း၊ မြေအောက်မှ ထွက်ပေါ်လာသော ဤနွယ်ပင်များကို မည်သို့သတ်ဖြတ်ရမည်ကို စိတ်ထဲမှ ကြံစည်နေ၏။

နွယ်ပင်အုပ်စုများကို သေသေချာချာ အကဲခတ်ပြီးနောက် ၎င်းတို့ကြားတွင် သိသိသာသာ ကွဲပြားသော အုပ်စုနှစ်စု ရှိနေသည်ကို သူတွေ့ရှိခဲ့သည်။

ဤနွယ်ပင်များကို အဓိကအားဖြင့် အမျိုးအစားနှစ်မျိုး ခွဲခြားနိုင်သည်။

ပထမတစ်မျိုးမှာ ခန္ဓာကိုယ် သွယ်ပြီး သွေးရောင်အစင်းကြောင်းများ ဝန်းရံထားကာ နွယ်ပင်ထိပ်ဖျားမှာ လှံဖျားကဲ့သို့ စူးရှသော သွေးရောင်နွယ်ပင် ဖြစ်သည်။

ဤနွယ်ပင်သည် လှံဖြင့်ထိုးသကဲ့သို့ တိုက်ခိုက်တတ်ပြီး၊ တစ်ခါတစ်ရံတွင် နွယ်ပင်အချို့မှာ တစ်ခုနှင့်တစ်ခု လိမ်ယှက်ကာ ဧရာမ လွန်ကြီးတစ်ခုကဲ့သို့ ဖြစ်ကာ လည်ပတ်တိုက်ခိုက်တတ်သည်။

ဒုတိယတစ်မျိုးမှာ ခန္ဓာကိုယ် တုတ်ခိုင်ပြီး သွေးရောင်ဆူးများဖြင့် ပြည့်နှက်နေသော သွေးရောင်ဆူးနွယ်ပင် ဖြစ်သည်။

ဤနွယ်ပင်တွင် စူးရှသော ထိပ်ဖျားမပါရှိဘဲ ကြာပွတ်တစ်ခုကဲ့သို့ ပြင်းထန်သော အားဖြင့် ရိုက်ပုတ်တိုက်ခိုက်တတ်သည်။

၎င်း၏တိုက်ခိုက်မှုမှာ ပြင်းထန်သော ဒဏ်ချက်များကို ရရှိစေရုံတင်မကဘဲ ဆူးများကြောင့် ပြင်းထန်သော ပွန်းပဲ့ပြတ်ရှဒဏ်ရာများကိုပါ ဖြစ်စေနိုင်သည်။

ဤနွယ်ပင်များသည် တိုက်ခိုက်ရန် ပစ်မှတ်ပျောက်ဆုံးသွားသောအခါ ၎င်းတို့အချင်းချင်း ပြန်လည်တိုက်ခိုက်ကြသည်ကို ရွှီရှင်း တွေ့လိုက်ရ၏။

သွေးရောင်နွယ်ပင်တစ်ပင်က သွေးရောင်ဆူးနွယ်ပင်များကို လှံဖြင့်ထိုးသကဲ့သို့ တိုက်ခိုက်ရာ ဆူးနွယ်ပင်များကလည်း ကြာပွတ်ဖြင့် ပြန်လည်ရိုက်ပုတ်သဖြင့် နွယ်ပင်များမှာ အပိုင်းပိုင်းပြတ်ကာ သေဆုံးသွားကြသည်။

"လခွီး... ငါ ဘာမှမလုပ်ရသေးဘူးလေ၊ သူတို့အချင်းချင်း သတ်နေကြပြီပဲ။"

ရွှီရှင်းက တအံ့တဩ ရေရွတ်လိုက်မိသည်။

"အီးးး"

ခဲခဲလေးက ရွှီရှင်း၏ ရင်ခွင်ထဲမှနေ၍ နွယ်ပင်များ၏ လှုပ်ရှားမှုကို အတူတူကြည့်နေရင်း၊ အထဲသို့ တိုးဝင်ကြည့်ချင်သဖြင့် ရုန်းထွက်ရန် ကြိုးစားနေသည်။

ရွှီရှင်းက ၎င်းကို အမြန်ဖမ်းဆွဲကာ တားဆီးလိုက်ရ၏။

"ဒီကောင်မလေး... မင်း သေချင်နေတာလား။ လျှောက်မသွားနဲ့"

ရွှီရှင်းက ခဲခဲလေး၏ နဖူးကို အသာအယာ တောက်လိုက်သည်။

ခဲခဲလေးက ၎င်း၏ခေါင်းကို ပြန်ပွတ်ရင်း ရွှီရှင်း၏ ရင်ခွင်ထဲတွင် ငြိမ်သက်စွာ ပြန်ထိုင်လိုက်သော်လည်း၊ မျက်လုံးများကမူ နွယ်ပင်များ၏ တိုက်ပွဲကို စိတ်ဝင်တစား စိုက်ကြည့်နေဆဲပင်။

ရွှီရှင်းသည် မြှားသေနတ်ကို ထုတ်ကာ မြူခိုးအစွန်းနှင့် ၁၀ မီတာခန့်အကွာသို့ ချဉ်းကပ်လိုက်သည်။

သူသည် ဤမြူခိုးများနှင့် အနီးကပ်မနေဝံ့ပေ။

အကယ်၍ နွယ်ပင်များက မြူခိုးထဲမှ ထိုးထွက်လာပြီး သူ့ကို ရစ်ပတ်ကာ အထဲသို့ ဆွဲခေါ်သွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။

ရွှီရှင်းသည် သေးသွယ်သော သွေးရောင်နွယ်ပင်တစ်ပင်၏ အောက်ခြေအရင်းကို ချိန်ရွယ်ကာ မြှားဖြင့် ပစ်ခတ်လိုက်၏။

"ဝူး....ဂျောက်"

မြှားမှာ နွယ်ပင်၏ အောက်ခြေသို့ တည့်တည့်စိုက်ဝင်သွားသည်။

မြူခိုးထဲတွင် လှုပ်ခါနေသော နွယ်ပင်မှာ ရုတ်တရက် တောင့်တင်းသွားပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

၎င်းကိုယ်ပေါ်ရှိ အနီရောင်အလင်းတန်းမှာလည်း တဖြည်းဖြည်း မှိန်သွားကာ ငြိမ်သက်သွား၏။

[သွေးရောင်နွယ်ပင်ကို သတ်ဖြတ်လိုက်သဖြင့် ရမှတ်: ၂၀ ရရှိပါသည်။]

"အီးးး"

ခဲခဲလေးက ၎င်း၏လက်ကလေးများကို ဝှေ့ယမ်းကာ တကယ်တော်တယ် ဟု ပြောနေသည့်အလား အော်လိုက်သည်။

"အလုပ်ဖြစ်သားပဲ"

ရွှီရှင်းက ဝမ်းသာအားရ ပြုံးလိုက်၏။

သူသည် ဆက်လက်၍ သွေးရောင်နွယ်ပင်များကိုသာ ရွေးချယ်၍ ပစ်ခတ်တော့သည်။

သွေးရောင်ဆူးနွယ်ပင်များမှာမူ ခန္ဓာကိုယ်တုတ်ခိုင်ပြီး ပြန်လည်ကုသနိုင်စွမ်း မြင့်မားသဖြင့် သတ်ရန် ခက်ခဲလှသည်။

[သွေးရောင်နွယ်ပင်ကို သတ်ဖြတ်လိုက်သဖြင့် ရမှတ်: ၂၀ ရရှိပါသည်။]

...

[သွေးရောင်နွယ်ပင်ကို သတ်ဖြတ်လိုက်သဖြင့် ရမှတ်: ၂၀ ရရှိပါသည်။]

ရမှတ်များ တိုးလာကြောင်း အချက်ပေးသံများမှာ ရွှီရှင်း၏ နားထဲတွင် အဆက်မပြတ် မြည်နေတော့သည်။

ယခင်က လီဝမ်ရှီးနှင့် သံတုံးများလဲလှယ်ရန် အမှတ်များကို သုံးစွဲခဲ့သဖြင့် အမှတ်အနည်းငယ်သာ ကျန်တော့သော်လည်း၊ ယခုမူ သူ၏ရမှတ်မှာ ၁၅၀၀ ကျော်သို့ ပြန်လည်ရောက်ရှိသွားချေပြီ။

သူသည် နွယ်ပင်ပေါင်း ငါးဆယ်နီးပါးကို သတ်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ရွှီရှင်းသည် သူ၏မြှားအိမ်ကို စမ်းကြည့်လိုက်ရာ မြှားများ ကုန်လုနီးပါး ဖြစ်နေသည်ကို သတိထားမိလိုက်သည်။

အချိန်ကို ကြည့်လိုက်ရာ သန်းခေါင်ယံအချိန်သို့ ရောက်ရန် မိနစ်အနည်းငယ်သာ လိုတော့သည်။

"ပြန်ကြရအောင်။"

ရွှီရှင်းက ငွေရောင်ဘုရင်၊ မီမီနှင့် အာဖုတို့ကို ခေါ်လိုက်၏။

သူတို့၏ အနားယူရက်မှာ ယနေ့သာဖြစ်ပြီး မနက်ဖြန်တွင် မည်သို့ ထူးဆန်းသော အစီအစဉ်များ ပေါ်လာမည်ကို မသိနိုင်ပေ။

ထို့ကြောင့် တစ်ညလုံး အပြင်မှာ မနေတာ အကောင်းဆုံးပင်။

ရွှီရှင်း ငွေရောင်ဘုရင်ပေါ်သို့ တက်စီးလိုက်စဉ်မှာပင်၊ မိုးကုတ်စက်ဝိုင်းဆီမှ ဖြူဖွေးသော အလင်းတန်းလေးတစ်ခု ပေါ်ထွက်လာပြီး တောအုပ်အတွင်း၌ လေတစ်ချက် တိုက်ခတ်လာသည်။

လေပြေအေးလေးက ရွှီရှင်း၏ မျက်နှာကို လာရောက်ထိတွေ့လိုက်ရာ အလွန်ပင် လန်းဆန်းသွားစေ၏။

တစ်ချိန်တည်းမှာပင် ငွေရောင်လမင်းလေးသည် ကောင်းကင်ယံသို့ တဖြည်းဖြည်း မြင့်တက်လာချေပြီ။

ထိုအခါ ထူးဆန်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။

ထူထပ်လှသော အနီရောင်မြူခိုးများသည် တိုက်ခတ်လာသော လေကြောင့် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့၏။

မိနစ်အနည်းငယ်အတွင်းမှာပင် တောင်ကုန်းများကို ဝန်းရံထားသော မြူခိုးတံတိုင်းကြီးမှာ လုံးဝ ပျောက်ကွယ်သွားပြီး မွှေးပျံ့သော ရနံ့လေးသာ ကျန်ရစ်တော့သည်။

အနီရောင်မြူခိုးများကြားတွင် လှုပ်ခါနေသော သွေးရောင်ဆူးနွယ်ပင်များသည်လည်း မြူခိုးများ လုံးဝမပျောက်ကွယ်မီမှာပင် မြေအောက်သို့ အလျင်အမြန် ပြန်လည်ဝင်ရောက်သွားကြတော့သည်။

နောက်ဆုံးတွင် လခြမ်းကွေးလေးသည် ကောင်းကင်၌ အတည်တကျ ရှိနေပြီး၊ တောင်ကုန်းဒေသတစ်ခုလုံးမှာ ယခင်အတိုင်း ပြန်လည်တိတ်ဆိတ်သွားခဲ့ပြီ ဖြစ်သည်။

မြေပြင်ပေါ်တွင် ကျန်ရစ်သော အက်ကြောင်းများနှင့် နွယ်ပင်အသေကောင်များသာလျှင် စောစောက ဖြစ်ပျက်ခဲ့သမျှကို သက်သေပြနေလေတော့သည်။

---

အခန်း ၁၄၇ ပြီး။

All Chapters