အခန်း (၂၆၃-၂၆၄)
Vol. 21 Ch. 263-264
အပိုင်း(၂၆၃)
ရပ်တန့်၍မရသော ကပ်ဘေး
အမတရှာဖွေကျွန်းမှ ပြန်လာပြီးသည့်နောက် ရတနာခန္ဓာများအကြောင်း ကုအန် ယန်ကျင်းကို ပြောမပြခဲ့ပေ။ သူစိတ်ပူနေမည်စိုးသောကြောင့် ဖြစ်သည်။
အကယ်၍ ရတနာခန္ဓာပိုင်ဆိုင်ထားသူတစ်ယောက်ယောက်ကသာ ကမ္ဘာခြားနတ်အာဃာတတစ္ဆေအဖြစ်ပြောင်းလဲသွားခဲ့ပါက ထိုအရာက ယန်ကျင်းကိုင်တွယ်နိုင်သောအရာ မဟုတ်ပေ။ ဆရာဖြစ်သော သူသာ ၀င်ပါရမည့်ကိစ္စ ဖြစ်၏။
သူလှုပ်ရှားရမည်ဆိုမှတော့ သူ့တပည့်ကို အလကားသက်သက်စိတ်ပူမနေစေချင်တော့ပေ။
အဓိပတိဂိုဏ်းကလည်း ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းဆီသို့ ကြီးမြတ်သောကျင့်ကြံသူတစ်အုပ်လွှတ်ခဲ့ပြီး ကြောက်မက်ဖွယ် ပင်လယ်လှိုင်းအကြောင်းက ဂိုဏ်းထဲ ပျံ့နှံ့သွားခဲ့သည်။
ကုအန်ကတော့ သူ့ပုံမှန်အချိန်ဇယားအတိုင်းသာ အလုပ်လုပ်နေပြီး ထိုအဖြစ်အပျက်ကို သတိမထားမိချင်ယောင်ဆောင်ထားခဲ့၏။
ဆေးတောင်ကြားရှိတပည့်များက တာ၀န်များနှင့်အလုပ်ရှုပ်နေကြချိန် သမုဒ္ဒရာကတော့ ကပ်ဘေးတွင်းကျရောက်နေပြီ ဖြစ်သည်။ အထက်စီးမှကြည့်ပါက သမုဒ္ဒရာလှိုင်းကြီးကိုအလယ်တွင်ထား၍ ကျင့်ကြံသူပေါင်းများစွာက ပတ်ပတ်လည်မှ ပျံသန်းထွက်ပေါ်လာနေခဲ့ကြပြီး မြင်ကွင်းမှာ အံ့အားသင့်စရာပင်။
ကုအန် ဆေးဥယျာဉ်ကိုစစ်ဆေးနေစဉ်တွင် ကောင်းကင်ဈာန်အမတများလည်း ပျံသန်းနေသည်ကိုမြင်လိုက်ရပြီး တစ်ပါးတည်းလည်း မဟုတ်ပေ။
ပင်လယ်လှိုင်းများက ဆက်လက်ထိုးတက်လာခဲ့သည်။ အဆုံးမဲ့သော သမုဒ္ဒရာကြီးတွင် သမုဒ္ဒရာလှိုင်းများက တောင်တန်းဒေသကြီးလိုကို မောက်တက်နေခဲ့၏။ ထိုတောင်တန်းများရှေ့တွင်တော့ ကျင့်ကြံသူပေါင်းများစွာက နတ်သိုင်းများသုံး၍ လှိုင်းကို တားဆီးနေခဲ့ကြသည်။ သို့သော် သူတို့စိတ်ဝိညာဉ်စွမ်းအားများက လှိုင်းကြီးကိုပျောက်သွားအောင် မလုပ်နိုင်ခဲ့ဘဲ ရေပွက်လောက်သာ ဖြစ်စေခဲ့၏။
ကျင့်ကြံသူများက တစ်ဆထက်တစ်ဆပိုများလာခဲ့ကြသော်လည်း ဘယ်လောက်များလာလာ လှိုင်းကြီး၏အဟုန်ကို ရပ်တန့်အောင်မလုပ်ဆောင်နိုင်ခဲ့ကြပေ။
ကြယ်ပင်လယ်အဖွဲ့အစည်းမှ ချိကျူရှောင်လည်း သူ့ဆရာ ချိပိုင်ကို ကူညီရန် ထိုေနရာသို့ရောက်ရှိနေခဲ့၏။ သူအားကုန်သုံးနေပါသော်လည်း လှိုင်းအားကို မတွန်းလှန်နိုင်ခဲ့ပေ။
“သေစမ်းကွာ ဘယ်ကောင်က ဒီလှိုင်းတွေနဲ့ ပြဿနာဖြစ်အောင်လုပ်နေတာလဲ”
ချိကျူရှောင် ဒေါသတကြီးကျိန်ဆဲလိုက်သော်လည်း သူ့ဘေးက ကြယ်ပင်လယ်အဖွဲ့အစည်းရှိ ဘယ်သူမှ သူ့မေးခွန်းကို ပြန်မဖြေခဲ့ပေ။ သူတို့အားလုံး ကြောက်လန့်နေခဲ့ကြသည်။
လှိုင်းကြီးများကိုတားဆီးရန် ကြိုးစားနေသူများသာ ထိုလှိုင်းထဲပါ၀င်နေသော စွမ်းအားကို ခံစားမိနိုင်ကြ၏။
ထိုစဉ် ချိပိုင်အသံ ခပ်လှမ်းလှမ်းမှ ချိပိုင်အသံထွက်ပေါ်လာခဲ့သည်။
“ဘယ်သူပဲ ပြဿနာရှာနေနေ အရေးမကြီးဘူး အရေးကြီးတာက ငါတို့နောက်က ကုန်းမြေတိုက်ကြီးမှာ အဆင့်နိမ့်ကျင့်ကြံသူတွေအများကြီးရှိနေကြတယ် ကြယ်ပင်လယ်အဖွဲ့အစည်းက သူတို့ကို မရရအောင်ကာကွယ်ရမယ်”
ချိကျူရှောင်လည်း ဤစည်းမျဉ်းကို နားလည်ပေသည်။ သူမကျေမနပ်ဖြစ်သွားရုံသာဖြစ်ပြီး သူ့လက်များကတော့ လှုပ်ရှားနေမှုကို မရပ်တန့်ခဲ့ပေ။
ရုတ်တရက်!
ချိကျူရှောင် အနောက်မှလာနေသာ အရှိန်အဝါကြီးတစ်ခုကို အာရုံခံလိုက်မိပြီး သူ့လင်းရှီများပင် တခဏရပ်တန့်သွားခဲ့ရသည်။
ဝှူးးးးးး
လေပြင်းတစ်ချက်တိုက်ခတ်လာကာ ကျင့်ကြံသူများ အံ့အားသင့်သွားပြီး အလိုလိုနောက်လှည့်ကြည့်လိုက်မိကြ၏။
ချိကျူရှောင်လည်း နောက်လှည့်ကြည့်လိုက်ပြီး သူ့မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ သူကောင်းကင်ကို မိုးကြိုးတိမ်တိုက်များ ဖုံးလွှမ်းသွားသည်ကို မြင်လိုက်ရပြီး တိမ်တိုက်များ၏ အဆုံးတွင် ပေတစ်သောင်းခန့်မြင့်သော အလံကြီးတစ်ခုရှိနေပြီး ထိုအလံ၏ထိပ်ဖျားကကောင်းကင်ကို ထိနေသလိုပင် ထင်နေရသည်။ ထိုအလံရှေ့တွင် သက်ရှိတိုင်းက သေးနုတ်သွားခဲ့ကြသည်။
ချိကျူရှောင်တစ်ချက်ကြည့်ရုံဖြင့် ထိုအလံကို မှတ်မိသွားခဲ့၏။ ထိုအလံသည် ကြယ်ပင်လယ်အဖွဲ့အစည်း၏ အထွတ်အထိပ်အမတရတနာသာ ဖြစ်ပေသည်။
ကြယ်ပင်လယ်ကမ္ဘာဦးညီညွတ်ခြင်းအလံ!
အနက်ရောင်အလံကြီးသည် အထဲတွင် ကျယ်ပြန့်လှသော ကြယ်ပင်လယ်ကြီးတစ်စင်းပါ၀င်နေသလိုပင်ဖြစ်နေပြီး ကြယ်ကလေးများက တစ်လက်လက်တောက်ပနေခဲ့ကာ ကြည့်ရှုသူတိုင်းကို မင်သက်သွားစေခဲ့သည်။
ထိုအလံ၏ ပုံသဏ္ဍာန်ကြောင့် ကြယ်ပင်လယ်အဖွဲ့အစည်းမှဂိုဏ်းသားများ၏ စိတ်ဓာတ်များ တက်ကြွလာခဲ့ကြသည်။ အခြားဂိုဏ်းမှလူများလည်း ထိုအလံအကြောင်းမေးမြန်းခဲ့ကြပြီး အထွတ်အထိပ်အမတရတနာမှန်းသိလိုက်ရသောအခါ လူတိုင်း စိတ်လှုပ်ရှားကုန်ကြသည်။
“အခုငါတို့လုံခြုံပြီ ဒါက အထွတ်အထိပ်အမတရတနာပဲ!”
“ဒဏ္ဍာရီလာ ကြယ်ပင်လယ်ကမ္ဘာဦးညီညွတ်ခြင်းအလံက ကြည့်လိုက်ရုံနဲ့ကို ကြောက်စရာကောင်းတာပါလား”
“အထွတ်အထိပ်အမတရတနာနဲ့ဆို ငါတို့ဒီလှိုင်းတွေကိုတားနိုင်တာ သေချာတယ်”
“ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေ ပျက်ဆီးသွားကတည်းက ကြယ်ပင်လယ်အဖွဲ့အစည်းတစ်ခုတည်းကပဲ ပင်လယ်ရဲ့ စစ်မှန်တဲ့အုပ်ချုပ်သူတွေဖြစ်လာကြတာ သူတို့က သမုဒ္ဒရာကိုကာကွယ်ဖို့ အထွတ်အထိပ်အမတရတနာကိုတောင် ထုတ်လာကြတာ လမ်းမှန်ဂိုဏ်းဆိုတဲ့ ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေတယ်”
ကျင့်ကြံသူများ ဆွေးနွေးပြောဆိုနေကြပြီး သူတို့မျက်လုံးများထဲ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့ကြသည်။
ထိုစဉ် ကြယ်ပင်လယ်ကမ္ဘာဦးညီညွတ်ခြင်းအလံထဲမှ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းတစ်ခုထွက်ပေါ်လာခဲ့ပြီး တိမ်တိုက်များကို လွင့်ပါးသွားစေခဲ့သည်။ ထို့နောက် အလံမျက်နှာပြင်ပေါ်ရှိ ကြယ်ပင်လယ်မှ အလင်းများတောက်ပလာခဲ့ပြီး ထည်ဝါလှသောအလင်းတန်းများသည် ကြယ်မိုးရွာချသလို လှိုင်းလုံးကြီးထံ ပြေး၀င်သွားခဲ့၏။
တတိယတောင်ကြားတွင် ကုအန် ကောင်းကင်ရှိ ပြန့်ကျဲနေသော အလင်းတန်းများကိုသတိထားမိသွားခဲ့သည်။
တစ်ချက်ကြည့်ရုံဖြင့် ထိုအလင်းတန်းများက အထွတ်အထိပ်အဆင့်အမတရတနာကြောင့်ဖြစ်လာသော အရာများဖြစ်မှန်း သူပြောနိုင်၏။
မျှော်လင့်ထားသလိုပင် ထိုအထွတ်အထိပ်အမတရတနာ၏ ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေ၏ ကြယ်ခုနှစ်လုံးကြေးမုံကို ယှဉ်နိုင်ပေသည်။
ကုအန်အကြည့်အောက်တွင် ရပ်တန့်၍မရသော လှိုင်းလုံးများက ကမ္ဘာဦးညီညွတ်ခြင်းအလံကြောင့် ပြိုကွဲသွားခဲ့ကြ၏။ ရေပွက်များက ကောင်းကင်ထိလျှံတက်သွားခဲ့ပြီး လှိုင်းလုံးကြီးက ပင်လယ်ရေမျက်နှာပြင်အောက်ထိရောက်အောင် အပေါက်ကြီးဖြစ်သွားတဲ့ထိ ဖိနှိပ်ခံလိုက်ရသည့်မြင်ကွင်းမှာ အံ့ဩစရာကောင်းလှသည်။
ထိုအခိုက်တွင် ကုအန် ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းထဲမှ ထူးဆန်းသောအားလှိုင်းတစ်ခုထွက်ပေါ်လာခဲ့ပြီး ပင်လယ်ပြင်တစ်လျှောက်ပျံ့နှံ့သွားခဲ့ကာ ဖိနှိပ်ခံလိုက်ရသော လှိုင်းကြီးက အရင်ထက်ပင်ပိုမြင့်မားတဲ့ထိ တစ်ဖန်ထိုးတက်သွားခဲ့သည်ကို တွေ့လိုက်ရသည်။
ကျင့်ကြံသူများ ကြက်သေသေသွားခဲ့ကြကာ အလျင်အမြန်ပင် လင်းရှီများသုံး၍ ခုခံလိုက်ကြ၏။
ကုအန် နတ်အာရုံက အဝေးထိရောက်ရှိသွားခဲ့သည်။ အက်ကွဲကြောင်းကြီးမှ လှိုင်းလုံးကြီးသည် အက်ကွဲကြောင်းနှစ်ဖက်လုံးသို့ ထိုးတက်သွားခဲ့ခြင်းဖြစ်ပြီး အက်ကွဲကြောင်း၏နောက်တစ်ဖက်တွင် မရေတွက်နုိင်ေသာကျင့်ကြံသူများ လှိုင်းလုံးကိုတားဆီးနေခြင်းကိုလည်း တွေ့လိုက်ရ၏။ သို့သော် မအောင်မြင်ခဲ့ပေ။
လှိုင်းလုံးကြီးများ၏ အလျားကပိုမိုပင်ကြီးမားလာခဲ့ပြီး ကမ္ဘာဖျက်ဒီရေလှိုင်းကြီးများပင် ဖြစ်လာနိုင်နေခဲ့သည်။
ကုအန်တခဏကြည့်ပြီးနောက် နတ်အာရုံကိုပြန်ရုတ်လိုက်၏။ ဤလှိုင်းလုံးကြီးများက တစ်ဆထက်တစ်ဆ ကြီးမြတ်သည့်ကျင့်ကြံသူများ၏အာရုံကို ဆွဲဆောင်သွားမည်ဖြစ်ပြီး ဤအဖြစ်အပျက်မှ သူမဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေ၏ အခြေခံအုတ်မြစ်ကို လေ့လာနိုင်မည်ဖြစ်သည်။
ကုအန် သူ့အိမ်သို့ပြန်ရောက်သောအခါ လက်ကိုးချောင်းနတ်အရှင် ခြံစည်းရိုးရှေ့တွင်ရပ်ကာ မြောက်အရပ်သို့ အဓိပ္ပာယ်မဲ့ကြည့်နေသည်ကို တွေ့လိုက်ရ၏။
ကုအန် သူ့ဆီချဉ်းကပ်သွားလိုက်ပြီး ဘာတွေးနေလဲဆိုတာ မေးလိုက်သည်။
“ဘာမှမဟုတ်ပါဘူး”
လက်ကိုးချောင်းနတ်အရှင် ခေါင်းယမ်းပြလိုက်၏။
လက်ကိုးချောင်းနတ်အရှင်မဖြေချင်သောအခါ ကုအန်လည်းနှောင့်ယှက်မနေတော့ဘဲ အဝေးသို့သာ ပြန်လျှောက်သွားလိုက်သည်။
ထိုစဉ် လက်ကိုးချောင်းနတ်အရှင်ရုတ်တရက်သူ့ဘက်လှည့်လာကာ မေးလိုက်၏။
“တောင်ကြားသခင် မင်းရဲ့အချစ်ဆုံးသူတွေက မကောင်းဆိုးဝါးတွေအသွင်ပြောင်းသွားပြီး သက်ရှိအားလုံးကို အန္တရာယ်ပေးနေတယ်ဆိုရင် မင်းဘာလုပ်မှာလဲ”
ကုအန်ခြေလှမ်းများရပ်တန့်သွားကာ သူ့ကိုကြည့်လိုက်ပြီး ခဏစဉ်းစား၍ ဖြေလိုက်သည်။
“တကယ်လို့သူတို့က တကယ်ပဲကျွန်တော်ချစ်ရသူတွေဆိုရင်တော့ ကျွန်တော်သူတို့ကို ကာကွယ်ပေးမှာမဟုတ်သလို သူတို့ရန်သူလည်းဖြစ်လာမှာမဟုတ်ဘူး အဲ့တာမှ သူတို့က ကျွန်တော့်ကိုသတ်ဖို့ကြိုးစားနေရင်တော့ ကျွန်တော်လည်းသေတဲ့ထိ ပြန်တိုက်ခိုက်ရလိမ့်မယ်”
ထိုအဖြေကြောင့် လက်ကိုးချောင်းနတ်အရှင် ခပ်ဟဟရယ်မောလိုက်ကာ ပြောလိုက်သည်။
“အဲ့ဒီလောက်မရိုးရှင်းဘူး မင်းအဖြေကအဲ့ဒီအခြေအနေက အခက်အခဲတွေကိုထည့်စဉ်းစားမထားဘူး”
“အမှန်ပါပဲ အဲ့လောက်တော့ရိုးရှင်းမနေဘူးပေါ့ ဒါပေမယ့် ဘာလို့အဲ့တာကိုအဲ့လောက်စဉ်းစားနေမှာလဲ လူတစ်ယောက်ထိန်းချုပ်နိုင်တဲ့အရာက ကိုယ့်ကိုယ်ကိုယ်ပဲလေ မဟုတ်ဘူးလား” ကုအန် ပြန်ပြောလိုက်၏။
လက်ကိုးချောင်းနတ်အရှင်ချစ်ရသူများက ကမ္ဘာခြားနတ်အာဃာတတစ္ဆေများအဖြစ်ပြောင်းလဲသွားခြင်းပေလော။
လက်ကိုးချောင်းနတ်အရှင်၏ သက်တမ်းအရ သူ့တွင်လည်း ဇာတ်လမ်းတစ်ပုဒ်ရှိတာ သေချာပေသည်။
လက်ကိုးချောင်းနတ်အရှင် သက်ပြင်းချလိုက်၏။
“ဟုတ်ပါတယ်လေ လူကကိုယ့်ကိုကိုယ်သာ ထိန်းချုပ်နိုင်တယ် အဲ့တာက ကျင့်ကြံသူတွေအတွက်တောင် အတူတူပဲ ထိန်းချုပ်ဖို့ကြိုးစားလေလေ အမတလမ်းစဉ်က သွေဖယ်သွားလေလေပဲ”
သူတို့နှစ်ယောက် စကားအနည်းငယ်ပြောခဲ့ကြပြီး အကြောင်းပြချက်မသိရသော်လည်း လက်ကိုးချောင်းနတ်အရှင် ပူဆွေးနေပုံပေါ်သောကြောင့် သူတို့စကားဝိုင်းကို တရုတ်ကျားဆီသို့ ပြောင်းလဲလိုက်၏။
ထိုစဉ် ဂိုဏ်း၏ပင်မမြို့တော်ထဲမှ စံအိမ်တစ်ခုတွင်
လုလင်ကျွမ်းနှင့် အနောက်ပိုင်းစိတ်ဝိညာဉ်မြင့်မြတ်မိခင်တို့ ခြံ၀န်းတစ်ခုထဲတွင် ထိုင်နေခဲ့ကြပြီး မြင့်မြတ်မိခင်သူ့ရှေ့ရှိစားပွဲပေါ်မှ ကြေးမုံကိုမျက်မှောင်ကြုံ့၍ ကြည့်နေခဲ့သည်။
ကြေးမုံပေါ်တွင် ဝေဝါးနေသောပုံရိပ်တစ်ခုရှိနေပြီး ထိုပုံရိပ်က တစ်ခုခုပြောနေပုံပင်။
မှန်ထဲမှပုံရိပ်ပျောက်ကွယ်သွားသောအခါ အနောက်ပိုင်းစိတ်ဝိညာဉ်မြင့်မြတ်မိခင် ကြေးမုံကို သူ့အင်္ကျီလက်အိုးထဲ ပြန်ထည့်လိုက်၏။
သူ့ရှေ့ရှ်ိထိုင်နေသော လုလင်ကျွမ်းမေးလိုက်သည်။
“ဆရာ အခုစကားပြောနေတာ ဘယ်သူနဲ့လဲ”
မြင့်မြတ်မိခင်အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ပြောလိုက်၏။
“ငါ့အကြီးအကဲတစ်ယောက်ပါ ငါသူ့ကို ကပ်ဘေးအကြောင်းမေးခဲ့တာ သူကတော့ငါ့ကို အဲ့တာကိုရှောင်ရှားဖို့ စောစောထွက်သွားဖို့ပဲ အကြံပေးခဲ့တယ်”
ထိုစကားကိုကြားသောအခါ လုလင်ကျွမ်းမျက်ခုံးများ တွန့်ကွေးသွားခဲ့သည်။
သူမမျက်လုံးထဲတွင် မြင့်မြတ်မိခင်သည် စိတ်ကူးမရသော ကျင့်ကြံခြင်းအဆင့်မျိုးရှိသူဖြစ်၏။ သူမသည် ဆရာသခင်ဓားအရှင်လောက်စွမ်းအားမကြီးသော်လည်း သူမတွေ့ဖူးသော ထိပ်တန်းအဆင့်ကြီးမြတ်သည့်ကျင့်ကြံသူများထဲမှ တစ်ယောက်ဖြစ်သည်။
သူမလိုလူ၏ နောက်ကွယ်မှတည်ရှိမှုကပင် ထွက်သွားဖို့အကြံပေးနေလျှင် အခြေအနေက သာမန်တော့ မဟုတ်နိုင်တော့ပေ။
“ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းထဲမှ ပုန်းကွယ်နေတဲ့ ကမ္မတရားတွေက ငါ့အကြီးအကဲတွေကိုယ်တိုင်တောင် ၀င်မပတ်သက်ရဲတဲ့ အရာမျိုးတွေပဲ ငါတို့တကယ်ပဲထွက်သွားသင့်တာဖြစ်နိုင်တယ် ဒီကမ္ဘာကြီးက အကျယ်ကြီးပါ ငါတို့အတွက်ကပ်ဘေးကလွတ်မြောက်ဖို့နေရာ ရှိနေဦးမှာပါ” မြင့်မြတ်မိခင် သက်ပြင်းချကာ ပြောလိုက်သည်။
လုလင်ကျွမ်းပြန်ပြောလိုက်၏။
“အဓိပတိဂိုဏ်းမှာ ဆရာသခင်ဓားအရှင်ရှိတာပဲ သူကဒီကပ်ဘေးကို ဖြေရှင်းပေးကောင်းပေးနိုင်လောက်တယ်”
သူမအဓိပတိဂိုဏ်းကို ၀င်ကတည်းက မိစ္ဆာကပ်ဘေးကိုကြုံခဲ့ရပြီး ဆရာသခင်ဓားအရှင်က ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေကို တစ်ယောက်တည်းရှင်းလိုက်သော သတင်းမျိုးကိုလည်း ကြားထားသောကြောင့် သူမဆရာသခင်ဓားအရှင်အပေါ် အတော်လေး ယုံကြည်မှုရှိပေသည်။
မြင့်မြတ်မိခင်ကတော့ စိုးရိမ်နေဆဲသာဖြစ်၏။
“အဲ့တာက ပြောဖို့ခက်တယ်”
သူမသည် အဓိပတိဂိုဏ်းသို့ ဤကပ်ဘေးတွင် ဆရာသခင်ဓားအရှင်၏စွမ်းအားကိုမှီခိုပြီး လွတ်မြောက်အောင်လုပ်ဖို့ ကြံကာ လာခဲ့ခြင်းဖြစ်သော်လည်း ကပ်ဘေးက အကျယ်အ၀န်းကပြောင်းလဲသွားကာ ခန့်မှန်းမရသော အဖြစ်အပျက်များပင် ဖြစ်ပျက်လာနိုင်နေခဲ့သည်။ သူမဂိုဏ်းပင် ထိုကပ်ဘေးတွင် လက်လွတ်စပယ်၀င်မပါရဲခဲ့ပေ။
ဤကမ္ဘာပေါ်ရှိ ဂိုဏ်းတိုင်းက လမ်းမှန်ဂိုဏ်းဟူသော လမ်းစဉ်ကိုလိုက်ကြခြင်းမဟုတ်ပေ။ အများစုက ဂိုဏ်း၏ တာအိုရိုးရာကိုသာ အလေးထားကြသူများဖြစ်ကြသည်။
သူတို့တင်မဟုတ်ဘဲ အဓိပတိဂိုဏ်းထဲရှိ ပင်လယ်ရပ်ခြားကျင့်ကြံသူများလည်း ဤကိစ္စကိုစိတ်ပူနေခဲ့ကြ၏။ သူတို့၏ကျင့်ကြံခြင်းက သာမန်အားဖြင့် အဓိပတိဂိုဏ်းကလူများထက်မြင့်သောကြောင့် ပင်လယ်မှသတင်းများကိုပိုမိုရထားကြပြီး ကပ်ဘေးက သူတို့ကုန်းမြေတိုက်ဆီ တိုက်ရိုက်ခြိမ်းခြောက်လာနိုင်ပုံကို သိရှိနေခဲ့ကြသည်။
ထိုအခြေအနေတွင် သူတို့၏ ပထမဆုံးအတွေးက ဆရာသခင်ဓားအရှင်သာ ဖြစ်၏။
အကယ်၍ ပင်လယ်ရပ်ခြားမှကျင့်ကြံသူများမတားနိုင်သော လှိုင်းလုံးကြီးများကို ဆရာသခင်ဓားအရှင်ကသာ လှုိင်းလုံးများ ဤကုန်းမြေတိုက်အစွန်းသို့ရောက်လာပါက တားနိုင်ခဲ့ပါလျှင်!
အချို့ကတော့ ထွက်ပြေးဖို့သာ ရွေးချယ်ထားကြပြီး ဆရာသခင်ဓားအရှင်၏ခွန်းအားအပေါ် လောင်းကြေးမထပ်ဖို့ ဆုံးဖြတ်ထားခဲ့ကြသည်။
….
ဂျိန်းးး
ကောင်းကင်တွင် မိုးခြိမ်းသံများထွက်ပေါ်လာပြီး မိုးကြိုးတိမ်တိုက်များနှင့်အတူ မိုးကြိုးများက အဆုံးမဲ့အောင်တည်ရှိနေခဲ့ကြသည်။ ပေ၁၅၀၀၀ကျော်မြင့်သော လှိုင်းလုံးကြီးကလည်း အဟုန်ကောင်းကောင်းဖြင့် ကောင်းကင်အောက်ရှိ အရာအားလုံးကို ဖုံးအုပ်ထားခဲ့၏။ ထိုလှိုင်းကြီးသည် ပင်လယ်ကြီးတစ်ပြင်လုံး မြောက်တက်နေသည်နှင့်ပင် တူနေပြီး လှိုင်းလုံးကြီးအောက်၌ ကျင့်ကြံသူများအားလုံးမှာ အလွန်သေးနုတ်နေခဲ့ကြသည်။
ချိကျူရှောင် ခုခံနေသော်လည်း နောက်ကိုသာတစ်ဆုတ်တည်းဆုတ်နေရပြီး သူ့စိတ်ထဲ သောကများပွေနေခဲ့၏။
သူအလိုလိုနောက်သို့လှည့်ကြည့်လိုက်စဉ်တွင် ကုန်းမြေတိုက်၏ အစွန်ကိုမြင်လိုက်ရသည်။
ဤနှုန်းဖြင့်ဆိုပါက ကုန်းမြေတိုက်ကြီးတစ်ခုလုံးသည် နစ်မြုပ်သွားပေတော့မည်။
ဤရေသည် သာမန်ပင်လယ်ရေမဟုတ်ပေ။ ထိုထဲတွင် ထူးဆန်းသောအားတစ်ခုပါရှိနေခဲ့၏။ ထိုရေထဲ ဖြတ်သန်းသွားသောသူတိုင်း ကမ္ဘာခြားနတ်အာဃာတတစ္ဆေများအဖြစ် ပြောင်းလဲသွားခဲ့ကြသည်။
ကုန်းမြေတိုက်ကြီးတစ်ခုလုံး အာဃာတစ္ဆေများအဖြစ်ပြောင်းလဲသွားမည့်အဖြစ်ကိုတွေးမိသောအခါ ချိကျူရှောင် ကြက်သီးမွှေးညှင်းများ ထသွားခဲ့ရသည်။
သူ့ရှေ့တွင် ပုံရိပ် ၁၂ခုကို မြင်နေရပြီး ထိုပုံရိပ်များက နောက်ရှိလူတိုင်းထက် ပိုစွမ်းအားကြီးပါသော်လည်း သူတို့ပင် နောက်သို့သာဆုတ်နေခဲ့ကြရ၏။
သူတို့အားလုံးမှာ ကောင်းကင်ဈာန်အမတ ၁၂ပါးသာ ဖြစ်ကြပြီး ကြယ်ပင်လယ်အဖွဲ့အစည်း၏ တည်ထောင်သူနှင့်အကြီးအကဲများဖြစ်ကြသည်။ လှိုင်းလုံးကြီးနှင့်ရင်ဆိုင်ရာတွင်တော့ သူတို့လည်း စွမ်းအားမဲ့နေခဲ့ကြ၏။ သူတို့ထိုလှိုင်းများကို နှေးအောင်သာလုပ်နိုင်ပြီး ရပ်တန့်သွားအောင်တော့ မလူပ်နိုင်ခဲ့ကြပေ။
အစက ကမ္ဘာဦးညီညွတ်ခြင်းအလံကြောင့် လှိုင်းလုံးပြိုကွဲသွားခြင်းမှာ တခဏတာသာဖြစ်ပြီး ပြန်လည်ဖွဲ့တည်လာသည့်အခါတွင်တော့ အလံပင် ထိခိုက်တော့မလိုဖြစ်လာသောကြောင့် ဂိုဏ်းက အလံကိုပြန်သိမ်းလိုက်ရ၏။
ထိုအခိုက်တွင် ချိကျူရှောင်သူငယ်အိမ်များ ရုတ်တရက်မှေးကျဉ်းသွားခဲ့ပြီး သူ့မျက်နှာပေါ်တွင် ထိတ်လန့်မှုအရိပ်အယောင်များ ပေါ်လာခဲ့သည်။
မှိန်ပြပြလှိုင်းလုံးထဲတွင် မီတာ ၁၀၀၀လောက်မြင့်သော ပုံရိပ်ကြီးတစ်ခုကိုမြင်လိုက်ရခြင်းဖြစ်ပြီး လျှပ်စီးကြောင့်သာ ထိုပုံရိပ်ကိုဝိုးတဝါးမြင်လိုက်ရခြင်းဖြစ်၏။
သူတင်မဟုတ်ဘဲ လူပေါင်းများစွာမြင်လိုက်ရခြင်းဖြစ်ပြီး မြင်လိုက်ရသူတိုင်းရင်ထဲ မဖော်ပြတတ်သော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။
ဤလှိုင်းလုံးကို တားဆီးရန် ကျင့်ကြံသူ ၁သိန်းကျော်ရောက်ရှိနေကြခြင်းဖြစ်ပြီး ထိုထဲတွင် အားအနည်းဆုံးသူများမှာ ဆန်းကြယ်နှလုံးသားအဆင့်များဖြစ်ကြ၏။ အမတလမ်းစဉ်အဆင့်များလည်း ၁သောင်းကျော်ပါနေပြီး ထိုအခြေအနေတွင်ပင် ဤလှိုင်းလုံး၏အဟုန်ကို မရပ်တန့်နိုင်သေးရာ သူတို့မည်သို့ စိတ်မပျက်ဘဲ နေကြရမည်နည်း ။
ကျင့်ကြံသူများ တဖြည်းဖြည်းပိုမိုစိတ်ပျက်လာကြပြီး တိုက်ခိုက်လိုစိတ်လည်း လျော့နည်းလာခဲ့ကြသည်။ ထိုအချိန်တွင် ဤပုံရိပ်ကြီးကိုမြင်လိုက်ကြရရာ သူတို့ချက်ချင်းထွက်ပြေးလိုစိတ် ပိုမိုအားကောင်းလာခဲ့ကြလေသည်။
အပိုင်း(၂၆၄)
အဲ့တာဆရာသခင်ဓားအရှင်!
မွန်းတည့်ချိန်သို့ ချဉ်းကပ်လာခဲ့ပြီး ကုအန် ဆန်းကြယ်တောင်ကြားသို့ ရောက်ရှိလာခဲ့သည်။ ဤနေ့တသည် ပင်လယ်ချိုးဖျက်အက်ကြောင်းမှ လှိုင်းလုံးကြီးများ တက်လာပြီးနောက် တတိယမြောက်နေ့ ဖြစ်၏။
ကုအန် ဆေးပင်များရိတ်သိမ်းနေစဉ် တစ်ခုခုကို အာရုံခံလိုက်မိပြီး ခပ်ဖွဖွသက်ပြင်းချလိုက်မိသည်။ ထို့နောက်တွင်တော့ သူဆေးပင်သာဆက်ရိတ်သိမ်းနေခဲ့၏။
သူအဝေးမှ ချဉ်းကပ်လာသော အားကောင်းသည့်စွမ်းအားတစ်ခုကို အာရုံခံလိုက်မိခြင်းဖြစ်သည်။
အစက ကုအန် အဝေးမှကုန်းမြေတိုက်ကြီးနှစ်ခု၏ ရှင်သန်နိုင်ရေးကို ဂရုမစိုက်ဘူးဟု စဉ်းစားထားခဲ့ခြင်းဖြစ်၏။ လှိုင်းကြီးများသည် သူတို့ကုန်းမြေတိုက်ကြီးသို့ရောက်ရှိရန် ထိုကုန်းမြေတိုက်နှစ်ခုကို ဖြတ်သန်းသွားရန်လိုအပ်ပြီး သူတို့နှင့် အလွန်ဝေးကွာနေဆဲ ဖြစ်သည်။
သို့သော် ယခုတော့ လှိုင်းများထဲမှ ထူးဆန်းသောအရှိန်အဝါတစ်ခုထွက်ပေါ်လာသောကြောင့် သူ့အစီအစဉ်ကို ပြောင်းရတော့မလိုဖြစ်သွားခဲ့၏။
သူထိုလှိုင်းများနောက်ကွယ်မှ အားလှိုင်းသူတို့ကုန်းမြေတိုက်ကြီးဆီရောက်လာချိန်ထိ စောင့်မနေနိုင်ပေ။ ထိုသို့ဆိုလျှင် မျှော်လင့်မထားသော ပြောင်းလဲမှုများ ဖြစ်လာနိုင်ပေသည်။
ကပ်ဘေးက အဓိပတိဂိုဏ်းနှင့်ဝေးလေလေ သူ့အတွက်ပြင်ဆင်ဖို့အချိန်ပိုရလေလေပင်။
သူကယ်တင်ရမည့်သက်ရှိများစွာရှ်ိနေသည့် ကုန်းမြေတိုက်ကြီးပေါ်တွင်တော့ သူတိုက်ပွဲမဖြစ်လိုပေ။
ကပ်ဘေးကကြီးမားလာသည်နှင့်အမျှ သမုဒ္ဒရာတစ်ခုလုံး ဤကပ်ဘေးကိုသတိထားမိလာခဲ့ကြသည်။ ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းသည် သဘာ၀ကပ်ဘေးတစ်မျိုးဟုတ်မနေခဲ့ပေ။ ထို့ကြောင့် ကုအန် ၀င်ပါပါ မပါပါထိုအရာကို သမုဒ္ဒရာတစ်ခုလုံးက ရင်ဆိုင်ရမည်ဖြစ်သည်။
ကုအန် ဆေးပင်များခူးနေရင်း ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ တွေးနေခဲ့၏။
ထိုစဉ် ဆန်းကြယ်တောင်ကြား၏တပည့်ခေါင်းဆောင်လုကျိကျား ကုအန်နားချဉ်းကပ်လာပြီး ပြောလိုက်သည်။
“စီနီယာအစ်ကိုကြီး ကျွန်တော်ကြားတာ ပင်လယ်ပြင်ကကပ်ဘေးတစ်ခုက ကျွန်တော်တို့ကုန်းမြေတိုက်ကြီးထိ ခြိမ်းခြောက်လာနိုင်စွမ်းရှိနေတယ်တဲ့ ကျွန်တော်တို့ဆန်းကြယ်တောင်ကြားက ဘာလုပ်သင့်လဲ”
သူ့စကားများမှတစ်ဆင့် အဓိပတိဂိုဏ်းက ဤနှစ်များအတွင်းမည်မျှတိုးတက်လာသည်ကို မြင်နိုင်ပေသည်။ ကပ်ဘေးက ကြီးမားလာတာ သုံးရက်သာရှိသေးသော်လည်း ဂိုဏ်းထဲရှိအစေခံတပည့်များပင် ထိုသတင်းကို သိရှိနေကြချေပြီ။ အတိတ်တုန်းကဆိုလျှင် သုံးရက်မပြောနှင့် ကပ်ဘေးကြီးရောက်လာလျှင်တောင် အတွင်းစည်းတပည့်များပင် ဘာမသိညာမသိသေကြရမည်ဖြစ်သည်။
“ပုံမှန်အားဖြင့်တော့ အစ်ကိုကြီးတို့ ကိုယ့်တာ၀န်ကိုယ်သာကြေအောင်လုပ်ကြရမယ် ကြိုးစားကျင့်ကြံပြီးတော့ အကောင်းဆုံးဆေးပင်တွေထောက်ပံ့ပေးရမယ် အဲ့တာက အစ်ကိုကြီးတို့အကောင်းဆုံးလုပ်နိုင်တဲ့ တာ၀န်ယူမှုပဲ” ကုအန် ပုံမှန်အတိုင်းပြန်ပြောလိုက်၏။
လုကျိကျားခေါင်းညိတ်လိုက်သည်။ အမှန်တော့ သူသူ့စီနီယာအစ်ကိုကြီး၏ အပြုအမူကိုသိလို၍ တီးခေါက်ကြည့်လိုက်ခြင်းဖြစ်၏။ သူ့အစ်ကိုသည် အဆက်အသွယ်များစွာရှ်ိသောကြောင့် သူတို့သိတာထက် ပိုသိနေနိုင်ပေသည်။
သူ့စီနီယာအစ်ကိုကြီးက စိတ်ပူမနေမှ သူတို့လည်း စိတ်အေးအေးထားနိုင်ကြပေလိမ့်မည်သာ။
လုကျိကျားထွက်သွားပြီးနောက် ကုအန်ဆေးပင်များဆက်ခူးနေခဲ့လိုက်၏။
မိနစ်သုံးဆယ်ကြာသောအခါ
ကုအန် ဆန်းကြယ်တောင်ကြား၏ အရှေ့ဘက်ရှ်ိ ချောက်ကမ်းပါးတစ်ခုသို့ ရောက်ရှိလာခဲ့ပြီး သွေးအကျဉ်းထောင်မဟာသူတော်စင်က သူ့နောက်မှလိုက်လာခဲ့သည်။
“သခင် ကျွန်ဝောာ်တို့ဒီကိုဘာလာလုပ်တာလဲ” သွေးအကျဉ်းထောင်မဟာသူတော်စင်စိတ်၀င်တစားမေးလိုက်ပြီး ကုအန် သစ်ရွက်တစ်ရွက်နှင့်ကစားနေသည်ကိုလည်း သတိထားမိနေခဲ့၏။
ကုအန် ကမ်းပါးတွင်ရပ်နေရင်း မိုးကုတ်စက်ဝိုင်းကိုကြည့်လိုက်ကာ
“ပင်လယ်ကကပ်ဘေးကို တားဆီးဖို့”
သူပြန်ပြောလိုက်သည်။
သူ့စကားကိုကြားသောအခါ သွေးအကျဉ်းထောင်မဟာသူတော်စင် မျက်လုံးများပြူးကျယ်သွားကာ ကုအန်နားတိုးသွားပြီး မေးလိုက်၏။
“သခင် ဘယ်လိုတားဆီးမှာလဲ သခင်ပြောတော့ ကပ်ဘေးကကျွန်တော်တို့နဲ့ အဝေးကြီးမှာဆို”
ကုအန် ဘယ်လက်တွင်သစ်ရွက်ကိုကိုင်ထားရင်း ညာလက်ဖြင့် သွေးအကျဉ်းထောင်မဟာသူတော်စင်ခေါင်းကို ဖိချလိုက်လေသည်။ ထိုအခါ သွေးအကျဉ်းထောင်မဟာသူတော်စင်မျက်လုံးများပြူးကျယ်သွားပြီး သူ့သူငယ်အိမ်ထဲ ကြောက်မက်ဖွယ်လှိုင်းလုံးကြီးများ၏ မြင်ကွင်း ပေါ်လာခဲ့သည်။
သူကုအန်နတ်အာရုံဖြင့် ဖမ်းယူထားသောမြင်ကွင်းကို မြင်လိုက်ရခြင်းဖြစ်၏။
ထိုအခိုက်တွင် ကြီးမားလှသော လှိုင်းလုံးကြီးများရှေ့တွင် မရေတွက်နိုင်သောကျင့်ကြံသူများ ရှ်ိနေကြပြီး လှိုင်းလုံးကြီးထဲတွင် ပေ၁၀၀၀ခန့်မြင့်သော ပုံရိပ်ကြီးတစ်ခုကရှိနေခဲ့သည်။
ထိုအရာသည် လူသားနှင့်တူသော မကောင်းဆိုးဝါးကြီးတစ်ကောင်ဖြစ်ပြီး ဘောင်းဘီသာ၀တ်ဆင်ထားပြီး ကိုယ်အပေါ်ပိုင်းဗလာနှင့်ဖြစ်သည်။ သူတစ်ကိုယ်လုံးတွင် သွေးနီရောင်အမာရွတ်များဖြင့်ပြည့်နေပြီး သူ့ကိုယ်က အချိန်မရွေးနှစ်ခြမ်းကွဲသွားတော့မလိုပင်။ သူ့ဆံပင်များက အရိုင်းဆန်ဆန်ဝဲကျနေခဲ့ပြီး ကြမ်းတမ်းကာ လက်ထဲတွင် အရိုးဓားကြီးတစ်လက်ကို ကိုင်ထားခဲ့ဧ။်။ ကြောက်စရာကောင်းလှသောမျက်နှာကြီးပေါ်တွင်လည်း အစွယ်ကြီးများဖြင့် ပြည့်နေပြီး သူ့ပုံစံက လွှမ်းမိုးလွမ်းကာ
မောက်မာပုံလည်း ပေါက်နေခဲ့သည်။
မရေတွက်နိုင်သော နတ်သိုင်းများ ဂါထာများက သူ့ကိုယ်ပေါ် ကျရောက်လာသော်လည်း သူ့ခန္ဓာကိုယ်ကြီးကိုလှုပ်ခါဖို့ မစွမ်းသာခဲ့ပေ။
သူ့ဟိန်းဟောက်သံကြီးက မိုးခြိမ်းသံကြီးနှယ်ထွက်ပေါ်လာခဲ့ပြီး ပင်လယ်ပြင်နှင့်ကောင်းကင်ကို ငရဲနှင့်ပင် တူသွားစေခဲ့သည်။
သွေးအကျဉ်းထောင်မဟာသူတော်စင် ထိုပုံရိပ်ကြီးကိုကြည့်ကာ တုန်ရီနေခဲ့၏။
ထိုကောင်ကြီး၏ အရှိန်အဝါသက်သက်မှာပင် ကြောက်စရာကောင်းလွန်းလှပေသည်။
ကျင့်ကြံသူများဆီမှ နတ်သိုင်းများ ဂါထာများကလည်း အစွမ်းထက်လှပြီး အမတများ၏စွမ်းအားများနှင့်ပင် တူနေကာ နေနှင့်လအပြိုင်လင်းနေသလိုပင် ဖြစ်နေခဲ့သည်။
ကျင့်ကြံသူများက ကြောက်စရာကောင်းလေလေ ပေတစ်ထောင်မြင့်သောပုံရိပ်ကြီးက ကြောက်စရာကောင်းသည်ဟု ထင်လာရလေလေပင်။
ကုအန် သူ့လက်ကိုမြှောက်လိုက်ပြီး သွေးအကျဉ်းထောင်မဟာသူတော်စင်မြင်နေရသော မြင်ကွင်းများကို ဖျက်ဆီးလိုက်ရာ နွားသိုးလည်းထပ်ကြည့်ချင်သောကြောင့် ကုအန်ကို ကြည့်နေခဲ့၏။ သို့သော် သူ့ဘက်လက်ကိုမြှောက်ကာ မိုးကုတ်စက်ဝိုင်းဆီသို့ ဝေ့ယမ်းလိုက်တာကိုသာ မြင်လိုက်ရသည်။
သာမန်အတိုင်းဝေ့ယမ်းလိုက်ရုံဖြင့် သူ့လက်ထဲရှိသစ်ရွက်က ပျံထွက်သွားခဲ့ပြီး အေးစက်စက်အလင်းတန်းအဖြစ် မိုးကုတ်စက်ဝိုင်းထဲ ပျောက်ကွယ်သွားခဲ့၏။
ထို့နောက် ကုအန်လှည့်ထွက်လာခဲ့လိုက်သည်။
သွေးအကျဉ်းထောင်မဟာသူတော်စင် တခဏကြက်သေသေသွားကာ ရပ်နေခဲ့ပြီးမှ ကုအန်နောက်အမြန်ပြေးလိုက်သွားခဲ့ဧ။။
“သခင် အဲ့တာပဲလား”
“ဘာကိုလဲ”
“သခင်သစ်ရွက်တစ်ရွက်ပဲပစ်ခဲ့တာလေ”
“ရေးကြီးခွင်ကျယ်လုပ်နေတာ ရပ်လိုက်တော့”
“ဒါပေမယ့်…သခင်ကဘယ်အဆင့်ကိုရောက်နေပြီလဲ”
သွေးအကျဉ်းထောင်မဟာသူတော်စင် ကုအန်အောင်မြင်မှုကို သံသယရှိနေခြင်းမဟုတ်ဘဲ ဒီတိုင်း အံ့ဩတုန်လှုပ်သွားရခြင်းသာ ဖြစ်သည်။
ဤကဲ့သို့သော ကျင့်ကြံသူများစွာ မကိုင်တွယ်နိုင်သော တည်ရှိမှုကြီးကို အဝေးမှသစ်ရွက်တစ်ရွက်ပဲပစ်၍ ရှင်းလိုက်ခြင်းပေလော။
ထိုကဲ့သို့ အောင်မြင်မှုမျိုးရရှိအောင် ကျင့်ကြံခြင်းမည်မျှ မြင့်နေရမည်နည်း။
ကုအန် နွားသိုး၏မေးခွန်းများကို ဖြေမပေးခဲ့သောကြောင့် နွားသိုးအဆုံးမဲ့အောင် ဆက်တွေးနေခဲ့မိသည်။
ထိုစဉ်
သမုဒ္ဒရာထက်တွင် ကောင်းကင်ကမှောင်မည်းနေကာ မိုးကြိုးများဟိန်းဟောက်နေပြီး မိုးများရွာနေကာ အရပ်မျက်နှာပေါင်းစုံမှ လေပြင်းများတိုက်ခတ်နေခဲ့၏။
ချိကျူရှောင် နဂါးသတ်လှံကိုကိုင်ဆွဲထားကာ သူ့ကိုယ်မှ မီးတောက်များ တောက်လောင်နေခဲ့သည်။ မိုးရေများက သူ့အနားချဉ်းကပ်လာသည်နှင့် ရေငွေ့အဖြစ်ပြောင်းလဲသွားခဲ့ရ၏။
“အဲ့တာကြီးက ဘယ်ကရောက်လာခဲ့တာလဲ…” ချိကျူရှောင် ဒေါသတကြီးတွေးနေခဲ့သည်။
သူတို့ရှေ့မှ ကြီးမြတ်သည့်ကျင့်ကြံသူများက သူလက်လှမ်းမှီသည်ထက် ပိုစွမ်းအားကြီးနေပြီး ထို ၁၂ယောက်က သူ့အား ဆရာသခင်ဓားအရှင်ကို အမှတ်ရသွားစေခဲ့သည်။
ထိုအခိုက်တွင် ကြီးမြတ်သည့်ကျင့်ကြံသူများစွာစုဝေးနေသော်လည်း ပေတစ်ထောင်မြင့်သော ပုံရိပ်ကြီးကိုတော့ နည်းနညး်မှ ထိခိုက်အောင် မလုပ်နိူင်ကြသေးပေ။
သူမည်သို့ မကြောက်ဘဲ နေနိုင်မည်နည်း။
ကျင့်ကြံသူအချို့က ကြောက်လန့်တကြားပင် ထွက်ပြေးကုန်ကြပြီဖြစ်ပြီး သူလည်းနောက်ဆုတ်ရမလားဆိုတာ ဇဝေဇဝါဖြစ်နေခဲ့သည်။
အကယ်၍ ကြီးမြတ်သည့်ကျင့်ကြံသူများက နောက်ဆုတ်ဖို့ဦးဆောင်ခဲ့လျှင်တော့ သူတို့အလျင်က သူ့ထက်မြန်နေမှာသေချာပြီး နှေးကျန်ခဲ့သောသူက သေရမှာ သေချာပေသည်။
သို့သော် ထိုသူများကသေသည်အထိ တိုက်မည်ကိုလည်း သူကြောက်ရွံ့နေခဲ့၏။ အကယ်၍ သူတို့သာ သေသည်အထိတိုက်နေချိန်တွင် သူကထွက်ပြေးသွားခဲ့လျှင် နောင်တစ်ချိန် အမတကျင့်ကြံခြင်းလောက၌ သူမည်သို့ ရပ်တည်ရပါတော့မည်နည်း။
ထိုအခိုက်တွင် ချိကျူရှောင် ခပ်တိုးတိုးလေသံကို ကြာလိုက်ရသည်။ သူဘာမှ မတုန့်ပြန်နိုင်ခင်မှာပင် သူ့မြင်ကွင်းတစ်ခုလုံး လင်းလက်တောက်ပသွားပြီး သူ့သူငယ်အိမ်များ အလိုလိုလှုပ်ရှားသွားခဲ့၏။
ထိုအခိုက်တွင် အချိန်ကရပ်တန့်သွားပုံပေါ်ကာ ပတ်၀န်းကျင်တစ်ခုလုံး အေးခဲသွားပြီး ပုံရိပ်ကြီးကိုတိုက်ခိုက်နေသော ကျင့်ကြံသူများလည်း ရပ်တန့်သွားခဲ့ကာ ကြောက်မက်ဖွယ်ပုံရိပ်ကြီးလည်း ရောက်ရာနေရာတွင် ရပ်သွားခဲ့သည်။
မိုးများက လေထဲတွင် ရပ်တန့်နေခဲ့ပြီး မိုးစက်တစ်စက်ချင်းစီတွင် ဓားအလင်းရောင်က ရောင်ပြန်ဟပ်နေခဲ့၏။
ထိုစဉ် ဓားအလင်းတန်းတစ်ချက်က အေးခဲနေသော ကမ္ဘာကြီးကိုဖြတ်ကာ ပေတစ်ထောင်ရှိသော ပုံရိပ်ဆီတိုး၀င်သွားခဲ့လေသည်။
ပုံရိပ်ကြီး၏ ကြက်သွေးရောင်မျက်လုံးများထဲ ဓားအလင်းရောင်က ရောင်ပြန်ဟပ်သွားခဲ့၏။
ဝုန်းးးး
ပေတစ်ထောင်မြင့်သော ပုံရိပ်ကြီး၏ခေါင်း ခန္ဓာကိုယ်မှ ကင်းကွာသွားခဲ့ကာ သူ့နောက်ရှ်ိ လှိုင်းလုံးကြီးလည်းချက်ချင်းပြိုကွဲသွားခဲ့ပြီး မြင်ကွင်းကြောင့် ကျင့်ကြံသူများ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကြသည်။
နေရောင်ခြည်လည်း ပင်လယ်ရေပြင်ပေါ် ပြန်လည်ကျရောက်လာခဲ့ပြီး ကောင်းကင်တွင်မိုးကြိုးတိမ်တိုက်များ ကင်းစင်သွားခဲ့သည်။
သေချာကြည့်ပါက မိုးကြိုးတိမ်တိုက်ပင်လယ်ကြီးသည် နှစ်ခြမ်းခွဲခံလိုက်ရခြင်းဖြစ်မှန်း တွေ့နိုင်ပေသည်။
အရာရာတိုင်းက လျင်မြန်စွာဖြစ်ပျက်သွားခဲ့ပြီး ချိကျူရှောင်သာ အချိန်မီ မတုန့်ပြန်လိုက်နိုင်တာမဟုတ်ဘဲ ကောင်းကင်ရှိ ကောင်းကင်ဈာန်အမတများလည်း လေထဲတွင် တိုက်ခုိက်နေသည့် ကိုယ်နေဟန်များဖြင့်သာ ကြက်သေသေနေခဲ့ကြသည်။
သူတို့အကြည့်များအောက်တွင် ခေါင်းမပါသော ပုံရိပ်ကြီးက ပြာအဖြစ်ပြောင်းလဲသွားပြီး လေနှင့်အတူလွင့်သွားခဲ့၏။
ကောင်းကင်ဈာန်အမတများ ဓားလာရာ လမ်းကိုတစ်ချက်ကြည့်လိုက်ကြပြီး အံ့အားသင့်သွားကြပါသော်လည်း ထိတ်လန့်ခြင်းတော့ မဖြစ်သွားကြပေ။
အကယ်၍ တိုက်ခိုက်သူက သူတို့ကိုသတ်ဖြတ်ချင်ခဲ့ပါက သူတို့လည်း ဘယ်လိုမှကာကွယ်၍ရမှာမဟုတ်သောကြောင့် ဖြစ်သည်။
“ဘယ်သူလှုပ်ရှားလိုက်တာလဲ”
“ဒီလိုအလျင်မျိုး ဒီလိုလွှမ်းမိုးတဲ့ ဓားဆန္ဒမျိုး!”
“အဲ့တာက ကောင်းကင်ဈာန်အမတအဆင့်၉ တစ်ယောက်ဖြစ်နိုင်လောက်လား”
“ကောင်းကင်ဈာန်အမတအဆင့် ၉ ဆိုရင်တောင် ဒီလိုစွမ်းအားမျိုးထုတ်ဖို့ ခက်လိမ့်မယ်”
“အဲ့ဒီဘက်မှာ ဘယ်အဓိကအင်အားစုကြီးရှိလဲ”
ကောင်းကင်ဈာန်အမတများ နတ်အာရုံဖြင့်ဆက်သွယ်နေကြပြီး ကျင့်ကြံသူများကတော့ တခဏတိတ်ဆိတ်သွားခဲ့ပြီးနောက် နားကွဲလုမတတ်ကျယ်လောင်သော အသံများဖြင့် အောင်ပွဲခံကြလေတော့သည်။
ချိကျူရှောင် တံတားကျိုးတစ်စင်းလို ဖြစ်သွားသော ရပ်တန့်မရခဲ့သည့် ဧရာမလှိုင်းလုံးကြီးကို မြင်ခဲ့ရပြီး သူ့အမူအရာရှုပ်ထွေးသွားခဲ့၏။
အဲ့တာက ဆရာသခင်ဓားအရှင်ပဲ!
မှားစရာမရှိဘူး!
သူဆရာသခင်ဓားအရှင်၏ ဓားဆန္ဒကိုကောင်းကင်ပြုပြင်စင်မြင့်တွင် ခံစားခဲ့ဖူးရုံသာမက ဆရာသခင်ဓားအရှင်ကလည်း သူ့ကိုကယ်တင်ဖူးခဲ့သည်။ ထို့အပြင် ထိုဓားဆန္ဒထွက်ပေါ်လာသော အရပ်ကလည်း အဓိပတိဂိုဏ်းရှိသော အရပ်ကသာ ဖြစ်၏။
သို့သော် ဤနေရာသည် အဓိပတိဂိုဏ်းနှင့်မည်မျှ ဝေးကွာပါသနည်း။
ဆရာသခင်ဓားအရှင်သည် ဤအနားတစ်ဝိုက်တွင်ရောက်နေခြင်းပေလော။
အကြောင်းပြချက်အချို့ကြောင့် သူ့စိတ်ထဲ ရဲတင်းသော အတွေးများပင် ၀င်လာခဲ့သည်။
ဆရာသခင်ဓားအရှင်သည် အဓိပတိဂိုဏ်းမှပင် မထွက်ဘဲ ရန်သူကိုအဝေးမှ သတ်ဖြတ်ခဲ့ခြင်းပေလော။
ထိုအခိုက်တွင် တစ်ယောက်ယောက်ထအော်လိုက်ဧ်။။
“အဲ့တာ ဆရာသခင်ဓားအရှင်ပဲ! အဲ့ဒီဘက်က အဓိပတိဂိုဏ်းရှိတဲ့ဘက်ပဲ ငါလွန်ခဲ့တဲ့ နှစ်အနည်းငယ်က အဓိပတိဂိုဏ်းကိုအလည်သွားပြီး ဆရာသခင်ဓားအရှင်ရဲ့ ဓားဆန္ဒကို ခံစားခဲ့ဖူးတယ်!”
ဆရာသခင်ဓားအရှင်အကြောင်းထုတ်ပြောမှုက လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။
ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေပြိုကွဲသွားပြီးနောက် ထိုနာမည်က သမုဒ္ဒရာတစ်ခုလုံးကို လှုပ်ခါသွားခဲ့၏။ အဆင့်မြင့်ကျင့်ကြံသူအများစုကလည်း ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်န်ယ်မြေ ပြိုကွဲသွားရသည့် အကြောင်းရငး်ကို သိရှိကြပေသည်။
အကယ်၍ ထိုအရာက ဆရာသခင်ဓားအရှင်သာဆိုလျှင်တော့ သူတို့နားလည်နိုင်ကြ၏။
သူတို့စိတ်ထဲ နားလည်မှုနှင့်အတူ တုန်လှုပ်မှုနှင့် စိတ်လှုပ်ရှားမှုများလည်း ရောပြွန်း၀င်ရောက်လာခဲ့ကြသည်။
ဆရာသခင်ဓားအရှင်သည် အမှန်တကယ်ပင် ထိုမျှစွမ်းအားကြီးနေခြင်းပေလော။
ထိုစဉ် ကောင်းကင်ဈာန်အမတတစ်ပါး လက်မြှောက်ကာ သစ်ရွက်တစ်ရွက်ကိုဖမ်းလိုက်ပြီး သစ်ရွက်ကိုကြည့်၍ သူ့အမူအရာရှုပ်ထွေးသွားခဲ့ရသည်။
အခြားကောင်းကင်ဈာန်အမတများလည်း သစ်ရွက်ကိုကြည့်လိုက်ကြပြီး သစ်ရွက်ထဲရှ်ိ ဓားဆန္ဒကို ခံစားလိုက်ကြရ၏။
သူတို့ဘာမှမပြောနိုင်သေးခင် သစ်ရွက်က ပြာမှုန်များအဖြစ်ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့လေသည်။
…..
ကုအန် တတိယတောင်ကြားသို့ပြန်လာခဲ့ပြီး သွေးအကျဉ်းထောင်မဟာသူတော်စင်နှင့်အတူ လှည့်ပတ်ကြည့်ရှုနေခဲ့၏။ သွေးအကျဉ်းထောင်မဟာသူဝောာ်စင်ကတော့ ခံစားချက်များ ရှုပ်ထွေးနေပြီး သူ့အာရုံထဲရှ်ိ လှိုင်းလုံးကြီးများကြောင့် မတည်ငြိမ်နိုင်ဖြစ်နေခဲ့သည်။
ကုအန်လမ်းလျှောက်နေရင်း ပဟေဠိဖြစ်နေခဲ့၏။
သူဘာသက်တမ်းမှမရခဲ့ခြင်းကြောင့်ဖြစ်သည်။
ကမ္ဘာခြားနတ်အာဃာတတေစ္ဆများကို သတ်ဖြတ်ခြင်းက သက်တမ်း မရနိုင်ခြင်းပေလော။
ကုအန်နောင်တရသွားသော်လည်း အနည်းဆုံးတော့ သူကပ်ဘေးတစ်ခုကို တားဆီးခဲ့နိုင်ပါသေးသည်ဟု ေြဖသိမ့်လိုက်၏။
သို့သော် ဤအရာကအစသာ ရှိသေးသည်။ နောက်ပိုင်းတွင် ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းထဲမှ မည်သည့်တည်ရှိမှုမျိုး ထွက်လာမည်ဟု မည်သူက သိပါမည်နည်း။
ထိုအခိုက်တွင် ယုယင်ယင်သူ့ဆီချဉ်းကပ်လာကာ ပြောလိုက်၏။ “ကုအန် ငါကြယ်ပင်လယ်အဖွဲ့အစည်းကိုပြန်သွားဖို့ စီစဉ်နေတယ်”
ကုအန်မေးလိုက်သည်။
“ဘာလို့လဲ”
“ကပ်ဘေးကြီးက ချဉ်းကပ်လာနေပြီ ကြယ်ပင်လယ်အဖွဲ့အစည်းမှာပြန်နေတာက ပိုလုံခြုံမှာသေချာတယ် နင်ရောငါနဲ့လိုက်ခဲ့မလား” ယုယင်ယင်သူ့ကိုကြည့်ကာ မေးလိုက်၏။
ကုအန်ခေါင်းယမ်းလိုက်ကာ
“ငါမသွားတော့ဘူး ငါ့ကျင့်ကြံခြင်းက ကြယ်ပင်လယ်အဖွဲ့အစည်းမှာရှင်သန်ဖို့ နိမ့်လွန်းတယ် တကယ်လို့ အဓိပတိဂိုဏ်းကသာ မနက်ဖြန်ပျောက်ကွယ်သွားမယ်ဆိုရင် ငါလည်းဂိုဏ်းနဲ့အတူပျောက်ကွယ်သွားလိမ့်မယ်”
ခပ်လှမ်းလှမ မှသွေးအကျဉ်းထောင်မဟာသူတော်စင် မျက်လုံးလှန်မကြည့်ဘဲ မနေနိုင်ခဲ့ပေ။
သခင်က ငတုံးတစ်ကောင်ကိုအရူးလုပ်နေပြန်ပြီ!
ယုယင်ယင်ပါးစပ်ဟလိုက်သော်လည်း အဆုံးတွင်ဘာမှမပြောခဲ့ပေ။ ကုအန်ပုခုံးကိုပုတ်ပြီးသာ အထုပ်ပြင်ဖို့ ပြန်သွားခဲ့၏။
ကုအန်လည်း ယုယင်ယင်ကိုတားဖို့ရည်ရွယ်ချက်မရှိမနေပေ။ ထိုကောင်မလေးသူ့ကို ဘာဒုက္ခမှမပေးခင် ပြန်သွားခြင်းက သူ့အတွက်အကောင်းဆုံးသာဖြစ်သည်။
ယုယင်ယင်၏ ကိုယ်ထဲတွင် ထူးဆန်းသောကမ္မစွမ်းအားတစ်ခုရှိနေပြီး ထိုအရာက သူမပါရမီနှင့်သက်တမ်းကို ဖိနှိပ်ထားခဲ့သည်။ ကုအန်ပင် ထိုကမ္မစွမ်းအားကိုဖြတ်၍ မမြင်နိုင်သောကြောင့် သူအများကြီး ဝင်မပါချင်ခဲ့ပေ။
အကယ်၍ သူသာ သူမအပေါ်သံယောဇဉ်ဖြစ်သွားမိပါက သူတဖြည်းဖြည်း အလိုလို၀င်ပါမိသွားမည်ဖြစ်ပြီး ထိုအခါ သူ့အတွက်ပြဿနာဖြစ်လာနိုင်၏။