← Chapters

သူက ကျုပ်ရှေ့မှာ ရှိနေတယ်

Vol. 4 Ch. 384

သူက ကျုပ်ရှေ့မှာ ရှိနေတယ်

Vol. 4 Ch. 384

ရှေးယခင်အချိန်…

လုကျိုးယွမ် တာအို မဟာလမ်းစဉ်ကို ကျော်လွန်ပြီး နတ်ဘုရား တစ်ပါးအဖြစ် စတင် အဆင့်တက်ရောက် နိုင်သည့် အချိန်တွင် သူ့ထံသို့ သွားရောက် လည်ပတ်ကြသည့် ကျင့်ကြံသူဟူ၍ မရှိသလောက်ပင်။

သို့သော် … လုကျိုးယွမ်နှင့် ပတ်သက်ပြီး ဒဏ္ဍာရီတစ်ခုရှိခဲ့လေသည်။

လွန်ခဲ့သော နှစ်တစ်ထောင် ကျော်ခန့်က ဝေမော်ကျီဟု ခေါ်သော ဘုန်းတော်ကြီး တစ်ပါး ရှိခဲ့လေသည်။ ဝေမော်ကျီမှာ အလွန်တန်ခိုး စွမ်းအားမြင့်မားပြီး ဗုဒ္ဓဘာသာ ကျောင်းတော်ကြီး ရှစ်ခုမှ ဆရာတော်ကြီးများထက် နိမ့်ကျခြင်း မရှိပေ။

သူသည် လောကီ ညစ်ညမ်းမှုများ အားလုံးမှလည်း ကင်းလွတ်ပြီး ဗုဒ္ဓဘာသာ၏ နောက်ဆုံး ပန်းတိုင်ဖြစ်သည့် ဗောဓိသကျ တစ်ပါးဖြစ်လာရန်ပင် နီးစပ်နေပြီဟု အများက ဆိုကြလေသည်။ သူ၏ ကျင့်စဉ်လမ်းကို လိုက်ခဲ့ရသည့် ရည်ရွယ်ချက်မှာလည်း နက်ရှိုင်းလွန်းသည့် အတွက် သာမန် ကျင့်ကြံသူများပင် နားမလည်နိုင်ပေ။ သူက ယုံကြည်ချက် ခိုင်မာသူ တစ်ယောက် ဖြစ်လေသည်။

တစ်နေ့တွင်တော့ သူက ကျင့်စဉ်လမ်းတွင် တိုးတက်မှု မရှိ ဖြစ်နေသည်ဟု ခံစားရလေသည်။ သို့သော် လောက တစ်ခုလုံးတွင် ရှိသည့် ကျင့်စဉ်လမ်း စည်းမျဉ်းများနှင့် ကျင့်စဉ်များကိုလည်း သူက အကုန် နားလည်သိရှိ ထားလေသည်။ ထို့ကြောင့် နောက်ဆုံးတွင် သူက ကျင့်စဉ်လမ်းနှင့် ပတ်သက်ပြီး ဆွေးနွေးမေးမြန်းရန် လုကျိုးယွမ်ဆီသို့ သွားရောက် တွေ့ဆုံခဲ့လေသည်။

လုကျိုးယွမ်သည် လောကပထမ နတ်ဘုရား တစ်ပါးဖြစ်ပြီး သူ့တွင် ရန်သူဟူ၍ တစ်ယောက်မှ မရှိခဲ့ပေ။

ရွှမ်ထျန်းဂိုဏ်းသို့ ရောက်ရှိလာသည့် ဝေမော်ကျီကို တောင်ခြေတွင် လူငယ်တစ်ဦးက တားဆီးခဲ့လေသည်။ ထိုလူငယ်မှာ လုကျိုးယွမ်၏ တပည့်ဖြစ်သူ ဝမ်ရှီတောက် ဖြစ်လေ၏။

ဝမ်ရှီတောက်က…

"ကျုပ်ရဲ့ဆရာကို သွားမတွေ့နဲ့၊ ခင်ဗျားရဲ့ ကျင့်စဉ်လမ်း တစ်ခုလုံး ဒုက္ခရောက်သွားလိမ့်မယ်"

ဝမ်ရှီတောက်မှာ လုကျိုးယွမ်၏ အတော်ဆုံး တပည့်များထဲမှ တစ်ယောက် ဖြစ်လေသည်။ သူ့တွင် နတ်ဘုရား တစ်ပါး ဖြစ်လာတော့မည့် အလားအလာများကို ဝေမော်ကျီ မြင်တွေ့နေရသည်။ နတ်ဘုရားတစ်ပါး အဖြစ် အဆင့်တက်ရောက်ရန်ပင် အလှမ်းဝေးသူ မဟုတ်တော့ပေ။

သို့သော် ဝေမော်ကျီကတော့ သူ့ကို ကြောက်ရွံ့ခြင်း အလျဉ်းမရှိပါ။

သူက ဝမ်ရှီတောက်ကို အနိုင်ယူကာ တောင်ပေါ်သို့ တက်သွားခဲ့လေသည်။

ဝေမော်ကျီသည် တောင်ပေါ်သို့ တက်သွားစဉ်က လူလတ်ပိုင်း အရွယ်ဘုန်းတော်ကြီး တစ်ပါး၏ အသွင်အပြင် ဖြစ်လေသည်။

သို့သော်…

သူ … တောင်ပေါ်မှ ပြန်ဆင်းလာသည့် အချိန်တွင်တော့ သူ၏ဆံပင်များမှာ ဖြူဖွေးနေပြီး အိုမင်းသွားခဲ့ပြီ ဖြစ်လေသည်။

ဝမ်ရှီတောက်သည် တောင်ခြေတွင် သူ့ကို စောင့်နေဆဲ ဖြစ်လေသည်။

ဝေမော်ကျီက ဝမ်ရှီတောက်ကို တွေ့သည်နှင့်…

"ကျုပ်က အမြင့်ကိုပဲ မော့ကြည့်ပြီး ခိုင်မာအောင် ကျင့်ကြံခဲ့တယ်၊ ရှေ့ကို ရောက်နေပြီ ထင်ရပေမယ့် အနောက်မှာ ကျန်ရစ်ခဲ့ဆဲပဲ၊ သူက လမ်းညွှန်မှု ကောင်းကောင်းပေးနိုင်တယ်၊ ကျင့်စဉ်တွေအကြောင်း ကျုပ်ကိုပြောပြတယ်၊ ကျုပ်အစွမ်းအစတွေကို ထုတ်သုံးချင်ပေမယ့် မတတ်နိုင်ခဲ့ဘူး၊ သူက ကျုပ်ရှေ့မှာ ရှိနေတယ်၊ ကျုပ်က သူနောက်က လိုက်သွားချင်တယ် ဆိုရင်တောင်မှ လိုက်လို့ကလည်း မရတော့ဘူး"

ထိုစကား၏ အဓိပ္ပာယ်မှာ-

လုကျိုးယွမ်၏ မဟာတာအိုလမ်းစဉ်ကို လေ့လာလေလေ ပိုပြီး ခိုင်မာလေလေ ဖြစ်လေသည်။ သို့သော် လုကျိုးယွမ်သည် အမြဲတမ်း သူ့ရှေ့တွင်ရှိနေပြီး သူကတော့ နောက်တွင် ကျန်ရစ်ခဲ့ရသည်။ လုကျိုးယွမ်က သူ၏ ကျင့်စဉ်လမ်းအတွက် လမ်းညွှန်မှုများ ပေးခဲ့ပြီး အကန့်အသတ် မရှိသည့် ကျင့်စဉ်များ အကြောင်းပြောပြခဲ့သည်။ သို့သော်… ဝေမော်ကျီသည် လုကျိုးယွမ်၏ သင်ပြပေးမှုများ အတိုင်း ကျင့်စဉ်လမ်းကို လိုက်လျှောက် ချင်ခဲ့သည့်တိုင် ထိုသို့ လိုက်လျှောက်၍လည်း မရနိုင်တော့ပေ။

ဝေမော်ကျီသည် ထိုစကားကို ပြောပြီးသည့်နောက် ဒေါသတကြီးဖြင့် အနီးရှိ ရေပုံးကို ခြေထောက်ဖြင့် ကန်လိုက်လေသည်။

ထို့နောက် အခြားသော လောက နတ်ဘုရားများသည်လည်း လုကျိုးယွမ်ကို လာရောက် တွေ့ဆုံခဲ့ကြလေသည်။

ထိုလောက နတ်ဘုရားများမှာ ဝေမော်ကျီကဲ့သို့ သူတို့၏ ကျင့်စဉ်လမ်းကို မဆုံးရှုံး ခဲ့ကြသည့်တိုင် သူတို့၏ နောက်ဆုံးအချိန်ထိ လုကျိုးယွမ်၏ လွှမ်းမိုးမှုကို ခံခဲ့ကြရသည်။

မည်သည့် လောကနတ်ဘုရားမှ ချွင်းချက် မရှိခဲ့ပေ။

လုကျိုးယွမ်နှင့်ဆုံတွေ့ခဲ့သည့် လောကနတ်ဘုရား အားလုံးသည် လုကျိုးယွမ်၏ လွှမ်းမိုးမှုကို ခံခဲ့ရပြီးသည့်နောက် သူတို့၏ ကျင့်စဉ်လမ်းကို ဆက်လက် လျှောက်လှမ်းနိုင်ခြင်း မရှိကြတော့ပေ။ သူတို့၏ စိတ်ထဲတွင် လုကျိုးယွမ်၏ ပုံရိပ်ကို မဖယ်ရှားနိုင်ခဲ့ကြဘဲ သူတို့၏ ကိုယ်ပိုင် ကျင့်စဉ်လမ်းကို စွန့်လွှတ်ကာ လုကျိုးယွမ် သင်ကြားပြသသည့် ကျင့်စဉ်လမ်းကိုသာ လျှောက်လှမ်း ချင်ခဲ့ကြသည်။ သို့သော် ထိုသို့ပြုလုပ်ရန်မှာလည်း မဖြစ်နိုင်ခဲ့ပေ။

ထိုအချက်များကြောင့် ကျောက်ရှောင်ယွီသည် လုကျိုးယွမ်ကို သွားရောက် တွေ့ဆုံလိုခြင်း မရှိပေ။

ကျောက်ရှောင်ယွီမှ မဟုတ်ပါ။

နောက်ပိုင်းမျိုးဆက် နတ်ဘုရားများသည် မည်သူမျှ လုကျိုးယွမ်ကို သွားရောက် တွေ့ဆုံလိုစိတ် မရှိကြပေ။

သို့သော်…

ကျောက်ရှောင်ယွီ ပြောပြသည့် အချက်များ အားလုံးကို ဆန်းလျန်သည် ဆရာဘွားဘွား ကျိလင်ထံမှ သိရှိထားပြီး ဖြစ်လေသည်။ ဆရာဘွားဘွားသည် ထိုအကြောင်းကို ပြောပြနေချိန်တွင် စိတ်လှုပ်ရှား နေခဲ့သည်ကို ဆန်းလျန် မှတ်မိနေသေးသည်။

ဆရာဘွားဘွားသည် အကန့်အသတ်မဲ့ ထိုက်ယင်း တန်ခိုးစွမ်းအားကို အပြည့်အဝ အောင်မြင်ခဲ့လျှင် လုကျိုးယွမ်ကို ကျိန်းသေ သွားရောက် တွေ့ဆုံမည့်သူ ဖြစ်လေသည်။

လုကျိုးယွမ် ကဲ့သို့သော သူများသည် လောကတစ်ခွင်ရှိ ကျင့်ကြံသူပေါင်း များစွာအတွက် ဆရာကောင်း တစ်ယောက် ဖြစ်သော်လည်း ကိုယ်ပိုင် ကျင့်စဉ်လမ်း ရှိပြီးသား လောက နတ်ဘုရားများ အတွက်တော့ နတ်ဆိုးတစ်ပါးအလား ကြောက်မက်ဖွယ်ရာ ကောင်းသူ ဖြစ်လေသည်။

လောက နတ်ဘုရားတစ်ပါးသည် သူ့ကိုတွေ့ဆုံပြီးသည်နှင့် ကိုယ်တိုင် လျှောက်လှမ်းခဲ့သည့် ကျင့်စဉ်လမ်း အပေါ်တွင် သံသယ ဝင်သွားကာ ရှေ့မဆက်နိုင် ဖြစ်ရလေသည်။

ကိုယ်လျှောက်သည့် ကျင့်စဉ်လမ်းတွင် သံသယဝင်ကာ ကျင့်စဉ်လမ်း ရပ်တန့်သွားခြင်းသည် တာအို တန်ခိုးစွမ်းအားများ သို့မဟုတ် အခြားသော တန်ခိုး စွမ်းအားများဖြင့် တိုက်ခိုက် ခံရသည်ထက်ပင် ဘဝကို ဒုက္ခရောက်စေပြီး သေသည်ထက်ပင် ဆိုးသည့် အခြေအနေကို ရင်ဆိုင်ရမည် ဖြစ်လေ၏။

လုကျိုးယွမ်သည် လောကကို ကျော်လွန်နိုင်သည့် နတ်ဘုရား တစ်ပါး ဖြစ်သည့်တိုင် သူက ရွှမ်ထျန်း နတ်ဘုရားဂိုဏ်းတွင် နှစ်ပေါင်းထောင်ချီပြီး နေထိုင်ခဲ့လေသည်။ သူက ရွှမ်ထျန်း နတ်ဘုရားဂိုဏ်းမှ မည်သည့် နေရာကိုမှ ထွက်ခွာသွားခြင်း မရှိပေ။

ထို့ပြင် သူက မည်သူနှင့်မျှလည်း တိုက်ခိုက်ခဲ့ခြင်း မရှိပေ။ သူက သူ့ထံသို့ လာရောက် ကြသူများကို တာအိုတရား သင်ကြား ပို့ချပေးခြင်းကို ပြုလုပ်ပေးလေသည်။

လုကျိုးယွမ်သည် မည်သူနှင့်မျှ တိုက်ခိုက်ခဲ့ခြင်း မရှိသည့်အတွက် သူ၏ တန်ခိုးစွမ်းအားမှာ မည်သည့် အဆင့်ထိ မြင့်မားနေပြီ ဖြစ်ကြောင်းကို မည်သူမျှ မခန့်မှန်းနိုင်ကြပေ။

သို့သော် လုကျိုးယွမ်သည် နဂါးငွေ့တန်းကို ဖြတ်သန်းပြီး စကြာဝဠာကို ကျော်လွန်ကာ သွားလာနိုင်သူ တစ်ယောက် ဖြစ်သည်ဟု လူအများက လက်ခံထားကြလေသည်။

ရွှမ်ထျန်း နတ်ဘုရား ဂိုဏ်းတွင်ရှိသည့် ဂြိုဟ်သား အရိုးများဖြင့် ပြုလုပ်ထားသည့် လက်နက် တစ်ခုက သက်သေပင် ဖြစ်လေသည်။

ထို့ပြင် ရွှမ်ထျန်း နတ်ဘုရားဂိုဏ်းသည် လောကတစ်ခွင်ရှိ တောတောင်ရေမြေများကို ဖြတ်ကျော်ကာ ဝိညာဉ်စွမ်းအား ပစ္စည်းရှာဖွေခြင်းများကို မပြုလုပ်ခဲ့ပေ။ သို့သော် သူတို့တွင် ဝိညာဉ် စွမ်းအား ပစ္စည်းများ လျော့နည်း သွားသည်ဟူ၍ မရှိခဲ့ပေ။

လုကျိုးယွမ်သည် စကြာဝဠာကို ဖြတ်ကာ တခြားကမ္ဘာများသို့ သွားရောက် နိုင်သည့် လမ်းကြောင်း များစွာကို ဖွင့်လှစ်ပေးခဲ့သည့် အတွက် ရွှမ်ထျန်းဂိုဏ်းမှ တပည့်များက ထိုလမ်းကြောင်းများကို အသုံးပြုကာ ဝိညာဉ်စွမ်းအား ပစ္စည်းများကို တခြားကမ္ဘာများတွင် သွားရောက်ရှာဖွေနိုင်ကြသည်ဟု ပြောလေ့ ရှိကြလေသည်။

ရှန်စန်းကျန်းရန် လုကျိုးယွမ်သည် လောက တစ်ခုလုံးကို သိမ်းပိုက်ရန် ဆန္ဒ မရှိ၍သာ တော်တော့သည်။ မဟုတ်ပါက လောက တစ်ခုလုံးတွင် စိတ်မကောင်းစရာများ ဖြစ်လာမည် ဖြစ်လေသည်။

ဆန်းလျန်နှင့် ကျောက်ရှောင်ယွီသည် အကြောင်းအရာ များစွာကို ဖလှယ် ခဲ့ကြပြီးသည့်နောက်…

အတန်ကြာမျှ တိတ်ဆိတ် ငြိမ်သက် နေကြလေသည်။

"လုကျိုးယွမ်ကို လူတိုင်းက ဒီလိုပြောကြပေမယ့် ကျုပ်တို့က ကိုယ်တိုင် မတွေ့ဖူးသေးဘဲနဲ့ ဒီအတိုင်း ကောက်ချက် ချလို့တော့ မရဘူးလေ"

ဆန်းလျန်က ပြောလိုက်သည်။

ကျောက်ရှောင်ယွီက နူးညံ့ သိမ်မွေ့သည့် မျက်ဝန်းများဖြင့် ဆန်းလျန်ကို ကြည့်လိုက်သည်။

"ဆန်းလျန်၊ ရှင်က လောကမှာ ဘယ်သူ့ကိုမှ အထင်မကြီး တတ်ဘူး၊ ရှင်က တစ်ခါတလေမှာ လောကနိယာမတွေကို လက်မခံပေမယ့် ရှင့်ရဲ့ စိတ်ထား မြင့်မြတ်မှုကတော့ ဟန်ဆောင်မှုတွေ မပါဝင်ဘူး၊ ဒီလို ကိုယ်ရည်ကိုယ်သွေးမျိုး ရှိဖို့ဆိုတာ အရမ်း ခဲယဉ်းတယ်၊ ဒါပေမဲ့ ရှင့်ရဲ့ နောက်ကြောင်းကို ကျွန်မ စုံစမ်းကြည့်တော့ ရှင့်ရဲ့ဖခင်က ဘယ်သူဆိုတာကို မသိတာက လွဲရင် နောက်ကြောင်း ရှင်းတဲ့ လူတစ်ယောက်ပဲ၊ ရှင်နေထိုင်ရှင်သန်ခဲ့တဲ့ ပတ်ဝန်းကျင်ဟာ ရှင့်ကို ကျင့်ကြံသူ တစ်ယောက် ဖြစ်လာအောင် ထောက်ပံ့ ပေးနိုင်တဲ့ ပတ်ဝန်းကျင်မျိုးလည်း မဟုတ်ဘူး"

"ဒါပေမဲ့ ကျုပ်ဘဝက ဒီလိုဖြစ်လာဖို့ မွေးဖွား လာခဲ့တာပဲလေ"

ဆန်းလျန်က ပြောလိုက်သည်။

"မဟုတ်သေးဘူးရှင်… လောကမှ ပါရမီရှင်တွေ အများကြီးရှိတယ်၊ သူတို့ဟာ သူတို့ရဲ့ သဘာဝ စွမ်းရည်တွေကို ဖြည်းဖြည်းချင်းပဲ ဖော်ထုတ်နိုင်ကြတယ်၊ ဒါပေမဲ့ လူပြန်ဝင်စားတဲ့ နတ်ဘုရားတွေ ကျတော့လည်း ရှင့်အခြေအနေနဲ့ မတူဘူး၊ ဆယ်ကျော်သက် အရွယ်မှာ ရှင့်ဘဝက ထူးထူးခြားခြား ပြောင်းလဲသွားခဲ့တယ်၊ ရှင်က နတ်ဘုရား တစ်ပါး ပြန်ဝင်စားတာဆိုရင် နတ်ဘုရား တစ်ပါး ဖြစ်လာဖို့ စန်းကျူကျင့်စဉ်လို ကျင့်စဉ်မျိုးကို အစကစပြီး ပြန်ကျင့်ကြံ နေဖို့လည်း မလိုအပ်ပြန်ဘူး"

ကျောက်ရှောင်ယွီက ဆန်းလျန် အကြောင်းကို ပဟေဠိ တစ်ပုဒ်အလား အဖြေထုတ်ရင်း ပြောလိုက်လေသည်။

ကျောက်ရှောင်ယွီသည် ဉာဏ်ရည် ထက်မြက်ပြီး နူးညံ့သိမ်မွေ့သူ တစ်ယောက် ဖြစ်လေသည်။

ထို့ပြင် လော်ဝါဒ၏ သူတော်စင် မိန်းမပျိုတစ်ယောက် အနေဖြင့် ဆန်းလျန်၏ နောက်ကြောင်းကို စုံစမ်းရန်မှာ မခက်ခဲလှပေ။

"ရှောင်ယွီ၊ အခုအချိန်ကျမှ မင်းက ဘာလို့ ကျုပ်ရဲ့လျှို့ဝှက်ချက်တွေကို သိချင်နေရတာလဲ"

ဆန်းလျန်က မေးလိုက်သည်။

"ဘာလို့လဲဆိုတော့ အခုချိန်မှာ ကျွန်မ ဒီအကြောင်းတွေ မေးတယ်ဆိုတာ ရှင့်အပေါ် ကျွန်မရဲ့ ရိုးသားမှုကို ပြနိုင်ဖို့ပါ"

ကျောက်ရှောင်ယွီသည် ဆန်းလျန် အနားသို့ လမ်းလျှောက် လာလေသည်။

သူမသည် ဆန်းလျန်နှင့် အလွန်နီးကပ်နေပြီး တစ်ယောက်၏ အသက်ရှူသံကိုပင် တစ်ယောက်က ကြားနေရလေသည်။

"ကျုပ်က ပြောမပြနိုင်ဘူး ဆိုရင်ရောဗျာ…"

ဆန်းလျန်က ပြောလိုက်သည်။

ထို့နောက် သူက ကျောက်ရှောင်ယွီ၏ လက်များကို ဆုပ်ကိုင်လိုက်ပြီး သူမကို နတ်ဘုရား နယ်မြေ အပြင်ဘက်သို့ ခေါ်ထုတ် သွားလေသည်။

ပန်းချီကားချပ် အပြင်ဘက်တွင် ယန်မြောင်ယွင်က သူတို့ကို စောင့်မျှော်နေလေသည်။

"ရှောင်ယွီရဲ့ ဒဏ်ရာကို ကုသဖို့အတွက် ကျုပ်တို့ သမားတော် သွားရှာရမယ်၊ မင်းက ဒီလျှို့ဝှက်နေရာကနေ ဘယ်ကိုမှ ထွက်မသွားနဲ့နော်၊ ကိစ္စတွေ အားလုံးပြီးရင် မင်းကို လာတွေ့မယ်၊ ကျုပ်မှာ အကူအညီ တောင်းစရာ တစ်ခုရှိတယ်"

ဆန်းလျန်က ယန်မြောင်ယွင်ကို ပြောလိုက်သည်။

ထို့နောက် စီးဆင်းနေသော ရေသံများနှင့်အတူ နဂါးငွေ့တန်း ပေါ်လာပြီး ဆန်းလျန်နှင့် ကျောက်ရှောင်ယွီမှာ ပျောက်ကွယ် သွားလေတော့သည်။

ယန်မြောင်ယွင်မှာတော့ အံ့သြသွားရသလို တစ်ချိန်တည်းမှာပင် ပျော်ရွှင်မှုကိုလည်း ခံစား လိုက်ရလေသည်။

***

All Chapters