အခန်း (၁၂၇-၁၂၈)
Vol. 7 Ch. 127-128
အခန်း (၁၂၇) - ပြတိုက်မှူးကြီးကို အထိတွေ့ ခံလိုက်စမ်း
လင်းကျင်း၏ လှုပ်ရှားမှုများမှာ သူ၏ အကာအကွယ်အားလုံးကို လျှော့ချထားသည့်အလား အေးအေးဆေးဆေးပင် ဖြစ်၏။
ခန်းမထဲရှိ လူအားလုံး၏ အာရုံမှာ သူ့ထံသို့သာ ရောက်ရှိနေကြသည်။ အထူးသဖြင့် စောစောက ဝိညာဉ်ကလေးငယ် မယ်တော်၏ ကြောက်စရာကောင်းသော တိုက်ခိုက်မှုများကို မြင်တွေ့ခဲ့ရပြီးနောက်၊ သူမမှာ စိတ်မနှံ့သူတစ်ဦးကဲ့သို့ ပြုမူတတ်ကြောင်းလည်း သိထားကြသည် မဟုတ်ပါလား။
သို့သော် ယခုအချိန်တွင်မူ ဝိညာဉ်ကလေးငယ် မယ်တော်မှာ ထိုကဲ့သို့ ရူးသွပ်နေသော အမူအရာမျိုး လုံးဝမရှိတော့ပေ။ သူမသည် သာမန်လူတစ်ယောက်နှင့် မခြားဘဲ ငြိမ်သက်နေတော့သည်။
လင်းကျင်းသည် အနှီးထုတ်၏ အစွန်းကို လှပ်လိုက်ပြီး အတွင်းသို့ တစ်ချက်ကြည့်ကာ၊ လူအားလုံး၏ စိုက်ကြည့်နေမှုများကြားမှာပင် ထိုအနှီးထုတ်ထဲသို့ သူ၏လက်ကို လျှိုသွင်းလိုက်၏။
ဤမြင်ကွင်းကို ကြည့်ရင်း ရဲ့ယွီကျိုးပင်လျှင် ဆံပင်များ ထောင်တက်သွားရသည်။
ထိုအနှီးထုတ်ထဲရှိ အရာမှာ ကောင်းမွန်သော အရာတစ်ခု မဟုတ်နိုင်ကြောင်း လူအများ သိထားကြ၏။ ရဲ့ယွီကျိုးသာဆိုလျှင် ထိုအရာကို ထိရန်ပင် စိတ်ကူးမည် မဟုတ်ပေ။
သို့သော် ပြတိုက်မှူးမှာမူ ထိုအဝတ်ထုတ်ထဲသို့ လက်သွင်းရုံသာမက၊ ဝိညာဉ်ကလေးငယ် မယ်တော်၏ ရှေ့မှာပင် ထိုအတွင်းက ‘အရာ’ ကို ဆွဲဆိတ်လိုက်သေးသည်။
ထို့နောက် သူ့ထံမှ စကားသံ ထွက်ပေါ်လာ၏။
“သူ တော်တော်လေး အိပ်ပျော်နေတာပဲ မဟုတ်လား... ငါ သူ့ကို ဆွဲဆိတ်လိုက်တာတောင် နိုးမလာဘူး”
လင်းကျင်းသည် ဝိညာဉ်ကလေးငယ် မယ်တော်နှင့် အလွန်နီးကပ်စွာ ရပ်နေခြင်း ဖြစ်၏။ သူတို့နှစ်ဦး၏ မျက်နှာမှာ လက်မအနည်းငယ်သာ ကွာဝေးပြီး အကြည့်ချင်း ဆုံလိုက်ချိန်တွင်၊ ဝိညာဉ်ကလေးငယ် မယ်တော်မှာ အကြည့်ချင်း မဆုံဝံ့ဘဲ အရင်ဆုံး ခေါင်းငုံ့ကာ ရှောင်ဖယ်သွားခဲ့သည်။
လင်းကျင်းက ဆက်ပြောလိုက်၏။
“သူက ဆိုးလို့ အိပ်ချင်ဟန်ဆောင်နေတာလည်း ဖြစ်နိုင်တာပဲ... နောက်တစ်ခါကျရင်လည်း ဒီလိုပဲဆိုရင် ငါ့ဆီ ခေါ်လာခဲ့ပါ... ငါ သူ့ကို ချော့သိပ်ပေးမယ်”
ဝိညာဉ်ကလေးငယ် မယ်တော်မှာ သူမ၏ မျက်ဝန်းထဲက တုန်လှုပ်မှုကို မဖုံးကွယ်နိုင်တော့ဘဲ ခြောက်ကပ်ကပ် ရယ်မောလိုက်ရုံသာ တတ်နိုင်တော့သည်။
ဤမြင်ကွင်းကို ကြည့်ပြီး ရဲ့ယွီကျိုးနှင့် အခြားသူများမှာ အခြေအနေကို နားလည်လိုက်ကြ၏။
ဝိညာဉ်ကလေးငယ် မယ်တော်သည် ပြတိုက်မှူးကို အနားသို့ ခေါ်လိုက်ချိန်တွင် မကောင်းသော ရည်ရွယ်ချက် ရှိနေသည်မှာ သေချာလှသည်။ သို့သော် သူမ၏ လက်ထဲက အကောင်မှာ ပြတိုက်မှူး၏ အရှိန်အဝါကို မြင်သည်နှင့် ကြောက်ဒူးတုန်သွားကာ ပြန်လည် တိုက်ခိုက်ရန်ပင် သတ္တိမရှိတော့ခြင်း ဖြစ်ပေလိမ့်မည်။
စောစောက ပြတိုက်မှူး ဆွဲဆိတ်လိုက်ပုံမှာ အတော်လေး အားပါကြောင်းလည်း သူတို့ မြင်တွေ့ခဲ့ရသည် မဟုတ်ပါလား။
၎င်းက ပြတိုက်မှူးသည် မည်မျှအထိ ထူးခြားကြောင်း ထင်ဟပ်နေပေသည်။
ရဲ့ယွီကျိုးသည် ဤဧည့်ခန်းမကို အမှန်တကယ် စိတ်ဝင်စားသွားသဖြင့် အခြားသော ဧည့်သည်များကို သေချာစွာ စူးစမ်းကြည့်ရာ၊ ဤနေရာမှ လူတစ်ယောက်မှ သာမန်မဟုတ်ကြောင်း သူ ကောက်ချက်ချလိုက်၏။
အနိမ့်ဆုံး သားရဲပင်လျှင် အဆင့် ၃ ရှိနေသည်။ ကျီးကန်းတစ်ကောင်ကို ပုခုံးပေါ်တင်ထားသော လူမည်းဝတ်စုံနှင့် လူမှာလည်း အလွန်ပင် အန္တရာယ်ရှိသော အငွေ့အသက်ကို ထုတ်လွှတ်နေ၏။
အထူးသဖြင့် ထိုကျီးကန်းမှာ သာမန်ဟု ထင်ရသော်လည်း၊ ရဲ့ယွီကျိုး၏ ‘ပျံလွှားမြူတိမ် ရေနဂါး’ ပေးပို့သော သတင်းစကားများအရ ဤဧည့်ခန်းမအတွင်း အကြောက်ရဆုံးမှာ အနှီးထုတ်ထဲက ‘ကလေး’ ဖြစ်ပြီး၊ ဒုတိယမှာ ထိုကျီးကန်း ဖြစ်နေသည်ကို သူ သိလိုက်ရ၏။
ထိုသားရဲနှစ်ကောင်လုံးမှာ သူ၏ အဆင့် ၄ ရေနဂါးကိုပင် တုန်လှုပ်စေနိုင်မှတော့၊ သူတို့သည် အနည်းဆုံး အဆင့် ၄ ရှိရပေမည်။
အဆင့် ၄ သားရဲဆိုသည်မှာ အလွန်ပင် ရှားပါးလှပေသည်။ အချို့သော နိုင်ငံငယ်လေးများတွင် နိုင်ငံစောင့် သားရဲအဖြစ် အဆင့် ၄ တစ်ကောင်ပင် မရှိကြပေ။ သို့သော် ယခု ဤခန်းမငယ်လေးအတွင်းမှာတင် အဆင့် ၄ သားရဲ သုံးကောင်အထိ ရှိနေခြင်း ဖြစ်၏။
ထို့ကြောင့် ရဲ့ယွီကျိုးသည် ‘ပြတိုက်မှူး’ ကို ပို၍ပင် အထင်ကြီး လေးစားသွားတော့သည်။
သူ၏ အရှိန်အဝါကို ကြည့်ရုံနှင့်ပင် ဤပြတိုက်မှူးသည် သူ မြင်ဖူးသမျှထဲတွင် အစွမ်းဆုံးသော ပညာရှင်ကြီး ဖြစ်ကြောင်း ရဲ့ယွီကျိုး အတည်ပြုနိုင်ပေသည်။
ထို့နောက် လင်းကျင်းသည် တိုင်ရန်နိုဆောရပ်စ် အဘိုးကြီးထံသို့ လျှောက်သွားလိုက်၏။
အောက်ထပ်သို့ ဆင်းလာပြီးမှတော့ ဧည့်သည်သစ်တွေရဲ့ သားရဲတွေကိုပါ မှတ်တမ်းတင်သွားရန် သူ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
အမှန်တော့ လင်းကျင်းသည် စောစောက ‘ကလေး’ ကို စစ်ဆေးစဉ်က အတော်လေး လန့်သွားခဲ့၏။ သို့သော် သူသည် မျက်နှာဖုံး တပ်ထားသဖြင့် အခြားသူများက သူ၏ တုံ့ပြန်မှုကို မသိလိုက်ကြခြင်းပင်။
၎င်းမှာ ကလေးငယ် မဟုတ်ဘဲ၊ ကလေးငယ်တစ်ဦး အရွယ်အစားရှိသော ‘ရင်သွေးမျက်နှာ ပင့်ကူ’ တစ်ကောင် ဖြစ်နေသောကြောင့်ပင်။
ထိုအမည်ကို သားရဲပြတိုက်မှ ပေးထားခြင်း ဖြစ်၏။ ထိုပင့်ကူ၏ ကျောကုန်းမှာ လူသားကလေးငယ်တစ်ဦး၏ မျက်နှာနှင့် အသွင်သဏ္ဌာန်တူလှပေသည်။
လင်းကျင်းသည် ဗဟုသုတ ကြွယ်ဝသူ ဖြစ်သော်လည်း ဤမျှ ကြောက်စရာကောင်းသော သားရဲမျိုးကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်၏။
ပို၍ ဆိုးသည်မှာ ထိုပင့်ကူ၏ ခြေထောက်များမှာ အဖြူရောင် အမွှေးများ ဖုံးအုပ်ထားသော လူသားလက်ငယ်လေးများနှင့် တူနေခြင်းပင်။ သေချာ မကြည့်လျှင် ကိုယ်လက်အင်္ဂါ မပြည့်စုံသော ကလေးငယ်တစ်ဦးဟုပင် ထင်မှတ်မှားနိုင်ပေသည်။
ထို့ပြင် ဤရုပ်ဆိုးလှသော ပင့်ကူမှာ အမှန်တကယ်တော့ အဆင့် ၅ သို့ ကူးပြောင်းတော့မည့် သားရဲတစ်ကောင် ဖြစ်နေခြင်းက လင်းကျင်းကို အံ့ဩစေဆုံး ဖြစ်၏။
အဆင့် ၅ သို့ ကူးပြောင်းတော့မည့် သားရဲဆိုသည်မှာ သာမန် အဆင့် ၄ ထက် များစွာ သာလွန်သော်လည်း အဆင့် ၅ သို့တော့ လုံးဝ မရောက်ရှိသေးပေ။
ပြတိုက်၏ ဖော်ပြချက်အရ ဤပင့်ကူသည် ယခင်က အဆင့် ၅ သားရဲ ဖြစ်ခဲ့ဖူးသော်လည်း၊ ပြင်းထန်သော ဒဏ်ရာတစ်ခုကြောင့် အဆင့် လျော့ကျသွားကာ ယခုကဲ့သို့ မရေမရာ အခြေအနေတွင် ပိတ်မိနေခြင်း ဖြစ်ကြောင်း လင်းကျင်း သိလိုက်ရသည်။
တစ်နည်းအားဖြင့် ပြောရလျှင် ၎င်း၏ ကြောက်မက်ဖွယ် အသွင်အပြင်အောက်မှာ သနားစရာကောင်းသော အခြေအနေ ရှိနေခြင်းပင်။ သာမန် အခြေအနေများတွင် ဤဒဏ်ရာမှာ ကုသ၍ မရနိုင်ဟု သတ်မှတ်ကြပေလိမ့်မည်။
ဟုတ်ပေသည်... ‘သာမန်’ အခြေအနေမှာသာ ဖြစ်၏။ အကယ်၍ လင်းကျင်းသာ ကုသပေးမည်ဆိုလျှင်တော့ ပြန်လည် ကောင်းမွန်လာနိုင်ပေသည်။
လင်းကျင်းသည် တိုင်ရန်နိုဆောရပ်စ် အဘိုးကြီး၏ ရှေ့သို့ ရောက်လာ၏။ ထိုအဘိုးကြီးမှာ အလွန်ပင် နေရခက်နေပုံရပြီး ကြောက်နေသော်လည်း သူ၏ သိက္ခာကို ထိန်းရန်အတွက် သတ္တိရှိဟန် ဆောင်နေရသည်။
လင်းကျင်းသည် ထိုအဘိုးကြီးကို စိတ်မဝင်စားဘဲ သူ၏ သားရဲကို မှတ်တမ်းတင်ရန်သာ အာရုံစိုက်လိုက်၏။
သူ၏ လက်ကို တိုင်ရန်နိုဆောရပ်စ်၏ ခေါင်းပေါ်သို့ တင်ရန် လှမ်းလိုက်သည်။
သို့သော် ထူးဆန်းသော အရာတစ်ခု ဖြစ်ပျက်ခဲ့၏။
ကြောက်လန့်တုန်ရင်ရင်း နံရံကို ကပ်နေသော ထိုဒိုင်နိုဆောကြီးမှာ ရုတ်တရက် မျက်ဖြူလန်သွားကာ မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားတော့သည်။
လင်းကျင်း ကြောင်သွားရ၏။
‘ငါက အဲဒီလောက်တောင် ကြောက်ဖို့ကောင်းနေတာလား’
သူ ပြန်စဉ်းစားကြည့်လိုက်မှ ယခုတစ်ခေါက်တွင် သားရဲများက သူ့ကို ကြည့်နေသော အကြည့်မှာ ထူးခြားနေကြောင်း သိလိုက်ရသည်။ လိပ်ပြာနဂါးနှင့် စွန်ရဲနက်တို့ပင်လျှင် ကြောက်ရွံ့စွာဖြင့် ခွေကုပ်နေကြသည် မဟုတ်ပါလား။
ပြီးခဲ့သည့်တစ်ခေါက်က သူတို့ ဤသို့ မဖြစ်ခဲ့ကြပေ။
ယခုတစ်ခေါက်မှာ အရင်တစ်ခေါက်နှင့် မတူသော အချက်တစ်ခုခု ရှိရမည်ဟု လင်းကျင်း တွေးမိလိုက်၏။
‘မျက်နှာဖုံးကြောင့်လား’ အချိန်အတော်ကြာ စဉ်းစားပြီးနောက် လင်းကျင်း အဖြေကို သိသွားပြီ ဖြစ်သည်။
ပြီးခဲ့သည့်တစ်ခေါက်က သူသည် မျက်နှာဖုံး မတပ်ထားဘဲ လူတိုင်း မြင်ရသည်မှာ မြူခိုးလုံးကြီးတစ်ခုသာ ဖြစ်၏။
ယခုတစ်ခေါက်တွင်မူ ဧည့်ခန်းမမှ အထူးပြင်ဆင်ပေးထားသော မီးနတ်ဘုရား မျက်နှာဖုံးကို ဝတ်ဆင်ထားခြင်းကြောင့် သားရဲများမှာ ဤကဲ့သို့ တုံ့ပြန်ကြခြင်း ဖြစ်ပေလိမ့်မည်။
တစ်နည်းအားဖြင့် ပြောရလျှင် ဤမျက်နှာဖုံးမှာ မျက်နှာကို ဖုံးကွယ်ရုံသာမက သားရဲများကို ခြောက်လှန့်နိုင်သော စွမ်းအားလည်း ရှိနေခြင်းပင်။
လဲကျသွားသော တိုင်ရန်နိုဆောရပ်စ်ကို တစ်ချက်ပုတ်လိုက်ပြီးနောက်၊ တောင့်တင်းနေသော အဘိုးကြီးကို လင်းကျင်းက ပြောလိုက်သည်။
“နောက်ကျရင် သူ့ရဲ့ ‘ဝိညာဉ်ထောက်ပံ့’ အမှတ်ကို နှိပ်ပေးလိုက်ပါ၊ သူ ပြန်နိုးလာလိမ့်မယ်... ဒီနေရာလေးကိုပဲ”
လင်းကျင်းသည် သားရဲပေါ်ရှိ နေရာတစ်ခုကို ညွှန်ပြပေးလိုက်ပြီးနောက် ရဲ့ယွီကျိုးထံသို့ လျှောက်သွားလိုက်၏။
ရဲ့ယွီကျိုး၏ သားရဲမှာလည်း သိသိသာသာ စိတ်အနှောင့်အယှက် ဖြစ်နေပုံရသည်။
ရဲ့ယွီကျိုးသည် စောစောက ဖြစ်ပျက်ခဲ့သည်များကို မြင်တွေ့ခဲ့ရသဖြင့် သူ မည်မျှအထိ အံ့ဩနေမည်ကို ပြောနေစရာပင် မလိုတော့ပေ။ ပြတိုက်မှူးက သူ့ထံသို့ လျှောက်လာသည်ကို မြင်သောအခါ၊ သွေးစာချုပ် အဆင့် ၈ အထိ ရောက်ရှိထားပြီး အဆင့် ၄ သားရဲကို ပိုင်ဆိုင်ထားသော ထိုပညာရှင်ကြီးမှာပင် စိတ်လှုပ်ရှားလာရ၏။
တကယ်တော့ တောက်လောင်နေသော မီးတောက်များပါသည့် ပြတိုက်မှူး၏ မျက်နှာဖုံးမှာ အတော်လေးကို ကြောက်စရာကောင်းလှပေသည်။
သူသည် ဤလူကို တားဆီးသင့်သလားဆိုတာကို စဉ်းစားနေမိ၏။
စောစောက မြင်တွေ့ခဲ့ရသည်အရ ဤလျှို့ဝှက်ဆန်းပြားသော ပြတိုက်မှူး၏ စွမ်းရည်မှာ မယုံနိုင်စရာပင်။ အဆင့် ၄ သားရဲတစ်ကောင်မှာတောင် သူ့ရှေ့မှာ ကြက်ကလေးတစ်ကောင်လို ကြောက်ရွံ့နေမှတော့၊ ရဲ့ယွီကျိုးသည် သူ၏ ရေနဂါး မည်မျှအထိ ကြောက်လန့်နေကြောင်း ခံစားနေရပြီ ဖြစ်သည်။
သို့သော်လည်း ရဲ့ယွီကျိုးအနေဖြင့် ခုခံချင်လျှင်ပင် သူ ပြန်လည် တိုက်ခိုက်နိုင်စွမ်း ရှိပါ့မလား။
ထို့ပြင် ဤ ‘ပြတိုက်မှူး’ မှာ သူ့အပေါ် မကောင်းသော ရည်ရွယ်ချက် ရှိပုံမရပေ။
သူသည် သားရဲများကို ဟိုဟိုဒီဒီ တို့ထိနေရုံသာ ဖြစ်၏။ ထို့ကြောင့် ရဲ့ယွီကျိုးအနေဖြင့် သူ့ကို ခုခံမည်ဆိုလျှင် ဒုက္ခကို ဖိတ်ခေါ်သလို ဖြစ်နေပေလိမ့်မည်။
ထို့ကြောင့် ရဲ့ယွီကျိုးသည် သေချာ စဉ်းစားလိုက်ပြီးနောက် သူ၏ သားရဲကို တိုးတိုးလေး ပြောလိုက်၏။
“အဆင်ပြေပါတယ်... စိတ်လျှော့ထားစမ်း... ငြိမ်ငြိမ်လေးနေပြီး ပြတိုက်မှူးကြီးကို အထိတွေ့ ခံလိုက်စမ်းပါ၊ ဟုတ်ပြီလား”
အခန်း (၁၂၈) - စိတ်လှုပ်ရှားသွားသော ရဲ့ယွီကျိုး
သူ၏ သားရဲမှာ ယခုအချိန်တွင် အပြင်းအထန် တုန်ရင်နေကြောင်း ရဲ့ယွီကျိုး သိပေသည်။ သို့သော် အနည်းဆုံးတော့ ထိုအသုံးမကျသော တိုင်ရန်နိုဆောရပ်စ်ကြီးကဲ့သို့ လဲကျမသွားဘဲ တောင့်ခံထားနိုင်ဆဲ ဖြစ်၏။ မည်သို့ပင်ဆိုစေ ၎င်းမှာ အဆင့် ၄ သားရဲတစ်ကောင် မဟုတ်ပါလား။
လင်းကျင်းသည် အနားသို့ လျှောက်လာပြီး မြူခိုးများထဲသို့ ဝင်ကာ ထို ‘ပျံလွှားမြူတိမ် ရေနဂါး’ ကို ထိတွေ့လိုက်၏။
ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် ရေနဂါး၏ ကိုယ်ပေါ်တွင် နက်ရှိုင်းပြီး ကြောက်စရာကောင်းသော ဓားဒဏ်ရာတစ်ခု ရှိနေသည်ကို သူ သတိပြုမိလိုက်သည်။
‘သူ ဒဏ်ရာရထားတာပဲ’
ဤသနားစရာကောင်းသော ရေနဂါးမှာ ဘာကြောင့် ဒဏ်ရာရခဲ့သလဲဆိုသည်ကို စဉ်းစားရင်း၊ လင်းကျင်းသည် သူ၏ ပင့်ကူမျှင်အပ်ချည်ကို ထုတ်ယူကာ ဒဏ်ရာကို စတင်ချုပ်ပေးလိုက်တော့သည်။
သူတို့သည် မြူခိုးများဖြင့် ဖုံးအုပ်ခြင်း ခံထားရသဖြင့်၊ ရဲ့ယွီကျိုးပင်လျှင် အတွင်းထဲ၌ လင်းကျင်း ဘာလုပ်နေသည်ကို မမြင်ရပေ။ လင်းကျင်း ပြန်ထွက်လာချိန်တွင်မူ ရဲ့ယွီကျိုးသည် သူ၏ သားရဲ၏ ဒဏ်ရာမှာ စနစ်တကျ ပြန်လည် ပိတ်သွားသည်ကို တွေ့လိုက်ရသဖြင့် အလွန်ပင် အံ့အားသင့်သွားရ၏။
‘ဘယ်လောက်တောင် လက်ရာမြောက်တဲ့ အတတ်ပညာလဲ’ ရဲ့ယွီကျိုး တစ်ယောက် အသံထွက်ပြီးပင် အော်ဟစ်လိုက်မိတော့မလို ဖြစ်သွားသည်။
သူသည် တည်ငြိမ်သော စရိုက်ရှိသူ ဖြစ်သော်လည်း၊ ဤကဲ့သို့သော ဒဏ်ရာမျိုးကို ကုသရန် မည်မျှ ခက်ခဲကြောင်း သူ ကောင်းကောင်း သိထားသည်။ ရေနဂါး၏ အရေပြားနှင့် အကြေးခွံများမှာ အလွန်ပင် မာကျောသဖြင့် သာမန် အပ်နှင့် အပ်ချည်များမှာ လုံးဝ အသုံးမဝင်ပေ။ ဒဏ်ရာကို သူ့အလိုလို ဖြည်းဖြည်းချင်း ကျက်သွားအောင်သာ စောင့်ဆိုင်းရလေ့ရှိသည်။
သို့သော် ယခုမူ ဤလျှို့ဝှက်ဆန်းပြားသော ပြတိုက်မှူးသည် မိနစ်အနည်းငယ်အတွင်းမှာပင် ဒဏ်ရာကို ချုပ်ပေးလိုက်နိုင်သည် မဟုတ်ပါလား။ သူ၏ မြန်ဆန်မှုနှင့် စွမ်းဆောင်ရည်မှာ အမှန်တကယ်ပင် အံ့မခန်းလှပေ။
ရဲ့ယွီကျိုးသည် လူအကဲခတ်ညံ့သူ မဟုတ်သဖြင့် လင်းကျင်းကို ချက်ချင်းပင် အရိုအသေ ပေးလိုက်၏။
“ကျုပ်တို့အပေါ် ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ပြတိုက်မှူးကြီး”
လင်းကျင်းက လက်ဝေ့ယမ်းကာ ကိစ္စမရှိကြောင်း ပြလိုက်သည်။
သူ့အတွက်တော့ ၎င်းမှာ အသေးအဖွဲ ကိစ္စတစ်ခုသာ ဖြစ်၏။
တစ်ဆက်တည်းမှာပင် သူသည် ပျံလွှားမြူတိမ် ရေနဂါးထံမှ သွေးအချို့ကိုလည်း စုဆောင်းလိုက်သည်။
ဒါဟာ ‘ရေနဂါးသွေးလုံး’ ဖော်စပ်ရာတွင် အသုံးပြုနိုင်သည့် အလွန်ကောင်းမွန်သော ပစ္စည်းတစ်ခု ဖြစ်၏။ ရေနဂါးကို မှတ်တမ်းတင်နိုင်ခဲ့သဖြင့် လင်းကျင်းက သူတို့ကို ကူညီရန် ဆုံးဖြတ်လိုက်ခြင်းပင်။ ထို့ပြင် ဒဏ်ရာမှာလည်း အတော်လေး ပြင်းထန်လှသည်။ အကယ်၍ ချက်ချင်း မကုသခဲ့လျှင် နောင်တွင် ပိုမိုဆိုးရွားသော နောက်ဆက်တွဲ ပြဿနာများ ဖြစ်လာနိုင်ပေသည်။
နေ့စဉ်နှင့်အမျှ သားရဲများကို ကုသပေးနေရသော ကျွမ်းကျင် သားရဲအကဲဖြတ်မှူးတစ်ဦး ဖြစ်သဖြင့်၊ လင်းကျင်းသည် အခြေအနေအရ လိုအပ်လျှင် ကူညီပေးရန် ဝန်မလေးပေ။
သေချာသည်မှာတော့ သူ ချက်ချင်း မကူညီနိုင်သော ခက်ခဲသည့် ကိစ္စရပ်များလည်း ရှိနေသေးသည်။
ဥပမာအားဖြင့် ‘ရင်သွေးမျက်နှာ ပင့်ကူ’ ၏ အခြေအနေမျိုး ဖြစ်၏။ ထိုသတ္တဝါ၏ ဒဏ်ရာမှာ များစွာ ပို၍ ပြင်းထန်လှသည်။ လင်းကျင်း၏ ခန့်မှန်းချက်အရ ထိုပင့်ကူမှာ အဆင့် ၅ သားရဲတစ်ကောင်၏ တိုက်ခိုက်မှုကို ခံထားရခြင်း ဖြစ်နိုင်ပြီး၊ ထိုဒဏ်ရာကို ကုသရန်မှာ ရေနဂါးကို ကုသပေးရသည်ထက် အချိန်များစွာ ပို၍ ပေးရပေလိမ့်မည်။
လင်းကျင်းသည် ဒုတိယထပ်သို့ ပြန်တက်သွားပြီးနောက် ပြောလိုက်၏။ “ဟုတ်ပြီ... ငါ့ရဲ့ ဧည့်သည်သစ် သုံးယောက်ကို ဘယ်လို ခေါ်ရမလဲ”
ထိုမေးခွန်းကြောင့် လူသစ်များမှာ ခေတ္တ မှင်သက်သွားကြသည်။ အံ့ဩစရာကောင်းသည်မှာ တိုင်ရန်နိုဆောရပ်စ် အဘိုးကြီးက ပထမဆုံး အဖြေပေးလိုက်ခြင်းပင်။
“ကျွန်တော့် မျိုးရိုးက ထျန်း ပါ။ ထျန်းကြီး လို့ပဲ ခေါ်နိုင်ပါတယ်”
ဝိညာဉ်ကလေးငယ် မယ်တော်က ဒုတိယအဖြစ် ဖြေ၏။ “ကျွန်မကိုတော့ ‘ဝိညာဉ်ကလေး’ လို့ပဲ ခေါ်ပါ”
“ရဲ့ကြီး ပါ”
ရဲ့ယွီကျိုးကလည်း အရိုအသေ ပေးရင်း ပြောလိုက်သည်။
သူတို့ သုံးဦးစလုံးမှာ မျိုးရိုးအမည် သို့မဟုတ် အမည်ပြောင်များကိုသာ ပေးခဲ့ကြခြင်း ဖြစ်သည်။ အားလုံးကို ခြုံကြည့်လျှင် ဘယ်သူမှ သူတို့၏ နာမည်ရင်းကို မပြောခဲ့ကြပေ။
သို့သော် လင်းကျင်းကတော့ ဂရုမစိုက်ပေ။ သူသည် သူတို့၏ အမည်များကို မှတ်သားထားလိုက်ပြီးနောက် မေးလိုက်၏။ “မင်းတို့ထဲက တစ်ယောက်ယောက်များ မေးစရာ ရှိသေးလား”
သူတို့ သုံးဦးစလုံးမှာ တိတ်ဆိတ်နေကြ၏။
၎င်းကို မကြည့်ရက်တော့သဖြင့် ဟယ်ချန်းက ဝင်ပြောလိုက်သည်။
“ပြတိုက်မှူးကြီးက ဗဟုသုတ အလွန် ကြွယ်ဝတဲ့သူပါ... သားရဲတွေနဲ့ ပတ်သက်ရင် သူ မသိတာ ဘာမှ မရှိဘူး... ကုလို့မရတဲ့ ရောဂါတွေကအစ ဆင့်ကဲပြောင်းလဲမှု နည်းလမ်းတွေအထိ ပြတိုက်မှူးကြီးက ဖြေပေးနိုင်တယ်... ဒီအခွင့်အရေးကို အသုံးမချရင်တော့ နောက်မှ နောင်တရနေကြမယ်နော်"
အခမဲ့ ကြော်ငြာပေးလိုက်သဖြင့် လင်းကျင်းအတွက် အတော်လေး အဆင်ပြေသွား၏။
ရဲ့ယွီကျိုးသည် ခေတ္တမျှ စဉ်းစားပြီးနောက် ပထမဆုံး မေးခွန်းကို မေးလိုက်တော့သည်။
“ပြတိုက်မှူးကြီး... သားရဲတွေနဲ့ ပတ်သက်နေသမျှ ဘာမဆို တကယ်ပဲ ဖြေနိုင်တာလား”
သူကိုယ်တိုင်မှာလည်း ဗဟုသုတ ကြွယ်ဝသူ ဖြစ်သဖြင့် ရဲ့ယွီကျိုးသည် အခြားသူများထက် ပို၍ မြင့်မားသော နေရာမှ ကမ္ဘာကြီးကို လေ့လာသူ ဖြစ်၏။ ထို့ကြောင့်ပင် သားရဲများနှင့် ပတ်သက်၍ အရာရာကို သိသည်ဟု မည်သူမျှ မပြောနိုင်ကြောင်း သူ သိထားသည်။ မည်သူက ထိုသို့ ပြောရဲပါမည်နည်း။
ထို့ကြောင့် ရဲ့ယွီကျိုးမှာ သံသယ ရှိနေဆဲ ဖြစ်၏။
သို့သော် ဤပြတိုက်မှူး၏ စွမ်းဆောင်ရည်မှာ အတော်လေး အထင်ကြီးစရာ ကောင်းနေသဖြင့် ရဲ့ယွီကျိုးက စမ်းသပ်ရန် ဆုံးဖြတ်လိုက်ခြင်းပင်။
လင်းကျင်းက ပြုံးလိုက်သည်။
“စမ်းကြည့်ရင် သိလာမှာပါ”
ရဲ့ယွီကျိုးသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် သူ၏ နောက်ကွယ်မှ ပျံလွှားမြူတိမ် ရေနဂါးကို ညွှန်ပြကာ မေးလိုက်၏။
“ပြတိုက်မှူးကြီး... ကျုပ်သားရဲရဲ့ အကဲဖြတ် အစီရင်ခံစာ တစ်စောင်လောက် ထုတ်ပေးနိုင်မလား”
“ဒါက ဘာခက်လို့လဲ”
လင်းကျင်းက ပြုံးရင်း စာရွက်တစ်ရွက်ကို ယူကာ စတင် ရေးသားလိုက်တော့သည်။
မကြာမီမှာပင် သူသည် စာမျက်နှာ ငါးမျက်နှာခန့်ကို အပြည့်အစုံ ရေးသားပြီးသွား၏။ အစီရင်ခံစာကို အဆုံးသတ်လိုက်ပြီးနောက် သူသည် ရဲ့ယွီကျိုးထံသို့ ပစ်ပေးလိုက်သည်။
ရဲ့ယွီကျိုးသည် စာရွက်ကို လှန်ဖတ်လိုက်ချိန်တွင် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
၎င်းမှာ အလွန်ပင် အသေးစိတ်လှပေသည်။
ရဲ့ယွီကျိုး၏ အဆင့်အတန်းမှာ ထူးခြားလှ၏။ မေပယ်မြို့သာမက ကျောက်စိမ်းနဂါးနိုင်ငံ တစ်ခုလုံးတွင်ပင် သူသည် ကျော်ကြားသော ကျင့်ကြံရေး ဆရာကြီးတစ်ဦး ဖြစ်သည်။ ထို့ကြောင့် သူသည် သားရဲအကဲဖြတ်မှူး အတော်များများကို လူကိုယ်တိုင် သိကျွမ်းထားသည်မှာ ပြောနေစရာပင် မလိုတော့ပေ။
သူ့တွင် သူ၏ ပျံလွှားမြူတိမ် ရေနဂါးနှင့် ပတ်သက်၍ ကျော်ကြားသော သားရဲအကဲဖြတ် ဆရာကြီးများ ရေးသားထားသည့် အကဲဖြတ် အစီရင်ခံစာ အမျိုးမျိုး ရှိပြီးသား ဖြစ်၏။ အချို့မှာ အဆင့် ၃ အကဲဖြတ်မှူးများ ရေးသားထားခြင်း ဖြစ်သည်။
ထို့ကြောင့်ပင် ရဲ့ယွီကျိုးသည် သူ၏ သားရဲအကြောင်းကို သူ ကောင်းကောင်း သိထားသည်ဟု ယူဆခဲ့ခြင်း ဖြစ်၏။ သူ၏ ထင်မြင်ချက်အရ ဤပြတိုက်မှူး၏ အစီရင်ခံစာမှာလည်း အခြား အဆင့် ၃ အကဲဖြတ်မှူးများ၏ လက်ရာနှင့် တူညီပေလိမ့်မည်။ အရည်အသွေး အနည်းငယ် ပိုကောင်းကောင်း နိုင်မည်၊ ထိုမျှသာ ဖြစ်လိမ့်မည်ဟု သူ ထင်ခဲ့သည်။
သို့သော် အစီရင်ခံစာကို ဖတ်လိုက်ရချိန်တွင်မူ၊ သူသည် ဤ ‘ပြတိုက်မှူး’ ကို အထင်သေးခဲ့မိကြောင်း ရဲ့ယွီကျိုး သိလိုက်ရတော့သည်။
အစီရင်ခံစာမှာ စာမျက်နှာ ငါးမျက်နှာသာ ရှိသော်လည်း၊ ၎င်း၏ ပါဝင်မှုမှာ သူ ရရှိဖူးသမျှ အစီရင်ခံစာများထက် များစွာ ပို၍ ပြည့်စုံလှပေသည်။
သွေးမျိုးဆက် ဆက်ခံမှုနှင့် အစွမ်းသတ္တိဆိုင်ရာ သီအိုရီများကဲ့သို့သော အသေးစိတ် အချက်အလက်များမှာ ဤအစီရင်ခံစာ မည်မျှအထိ နက်နဲကြောင်း ဖော်ပြနေ၏။ အပိုစကားလုံးများ မပါဘဲ ရိုးရှင်းပြီး တိကျသော သတင်းအချက်အလက်များသာ ပါဝင်သည်။
ထို့ပြင် သူ၏ သားရဲ၏ လက်ရှိ အခြေအနေကိုလည်း ရှင်းလင်းစွာ ဖော်ပြထား၏။
၎င်းတွင် သဘာဝအလျောက် ပါရှိလာသော အားနည်းချက်များနှင့် ၎င်းတို့ကို ပြုပြင်ရန် နည်းလမ်းများ၊ ဒဏ်ရာရရှိမှု အခြေအနေနှင့် ကုသနည်းများ အစရှိသဖြင့် အားလုံးကို အသေးစိတ် ရေးသားထားသည်။
ပို၍ အံ့ဩစရာ ကောင်းသည်မှာ ဆင့်ကဲပြောင်းလဲမှု နည်းလမ်း ပါဝင်နေခြင်းပင်။
သူ၏ သားရဲမှာ အဆင့် ၄ သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းကို သတိပြုရပေမည်။ အဆင့် ၄ သားရဲတစ်ကောင်ကို အဆင့် ၅ သို့ တိုးမြှင့်ရန်မှာ ကောင်းကင်ဘုံသို့ တက်လှမ်းရသည်ထက်ပင် ပို၍ ခက်ခဲကြောင်း လူတိုင်း သိကြ၏။ ကမ္ဘာပေါ်တွင် သားရဲပေါင်း သန်းထောင်ချီ ရှိသော်လည်း အဆင့် ၅ သို့ ရောက်ရှိနိုင်သူမှာ အနည်းငယ်သာ ရှိပေသည်။ အနည်းဆုံးတော့ ကျောက်စိမ်းနဂါးမြို့တော်ရှိ သားရဲအကဲဖြတ် ဆရာကြီးများပင်လျှင် သူ၏ ရေနဂါးကို မည်သို့ အဆင့်တိုးရမည်ဆိုသည်ကို အဖြေ မပေးနိုင်ခဲ့ကြပေ။
သို့သော် ယခု ဤအကဲဖြတ် အစီရင်ခံစာတွင်မူ ပြတိုက်မှူးက အဖြေပေးလိုက်ပြီ ဖြစ်သည်။
၎င်းကို အလွန်ပင် ပြည့်စုံစွာ ရေးသားထား၏။ သေချာစွာ ဖတ်ကြည့်ပြီးနောက် ရဲ့ယွီကျိုးသည် ဤသီအိုရီများမှာ အခြေအမြစ် ရှိလှသဖြင့် အမှန်တကယ် အောင်မြင်နိုင်ကြောင်း သိလိုက်ရသည်။
ဤသို့ တွေးမိသည်နှင့် ရဲ့ယွီကျိုးသည် တည်ငြိမ်သူ ဖြစ်သော်လည်း သူ၏ လက်ချောင်းများမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်လာသည်ကို မထိန်းနိုင်တော့ပေ။
သူသည် သူ၏ ဘဝတစ်လျှောက်တွင် သူ၏ ရေနဂါးကို အဆင့် ၅ သို့ မည်သည့်အခါမျှ တိုးမြှင့်နိုင်တော့မည် မဟုတ်ဟု ယူဆခဲ့ဖူးသည်။ သူ့အတွက်သာမက ကျောက်စိမ်းနဂါးနိုင်ငံ တစ်ခုလုံးအတွက်ပင်လျှင် သားရဲတစ်ကောင်ကို အဆင့် ၅ သို့ ရောက်အောင် လုပ်ရန်မှာ ကျော်လွှားရခက်သော အခက်အခဲကြီးတစ်ခု ဖြစ်၏။
၎င်းမှာ မဖြစ်နိုင်သော အရာတစ်ခုပင်။
သို့သော် ယခုမူ ပြတိုက်မှူး၏ အကဲဖြတ် အစီရင်ခံစာက သူ့ကို မျှော်လင့်ချက် ရောင်ခြည်တစ်ခု ပေးလိုက်ပြီ ဖြစ်သည်။
ဆင့်ကဲပြောင်းလဲမှုအတွက် လိုအပ်သော ပစ္စည်းများမှာ တန်ဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်ပြီး ရရှိရန် ခက်ခဲသော်လည်း၊ အဆင့် ၅ သားရဲတစ်ကောင်နှင့် နှိုင်းယှဉ်လျှင်တော့ ဘာမှ မဟုတ်တော့ပေ။
ရဲ့ယွီကျိုးသည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ပြီးနောက် အကဲဖြတ် အစီရင်ခံစာကို သေသေချာချာ သိမ်းဆည်းလိုက်၏။ ထို့နောက် သူ၏ တပည့်ဖြစ်သူ ရန်ကျဲကို သတိရသွားသည်။
ခေတ္တ စဉ်းစားပြီးနောက် ရဲ့ယွီကျိုးက နောက်ထပ် မေးခွန်းတစ်ခု မေးလိုက်၏။
“ပြတိုက်မှူးကြီး... တခြား သားရဲတွေအတွက်လည်း အကဲဖြတ် အစီရင်ခံစာတွေ ထုတ်ပေးနိုင်မလားခင်ဗျာ”
“သားရဲကို ကိုယ်တိုင် ခေါ်လာခဲ့ရင် ဖြစ်ဖြစ်၊ ဒါမှမဟုတ် အဲဒီသားရဲရဲ့ အမွှေး ဒါမှမဟုတ် သွေးနမူနာကို ယူလာပေးရင် ဖြစ်ဖြစ် ရတယ်”
လင်းကျင်း၏ အဖြေကို ကြားလိုက်ရချိန်တွင် ရဲ့ယွီကျိုးသည် ယနေ့တွင် သူ၏ တောင်းဆိုမှုကို ဖြည့်ဆည်းနိုင်မည် မဟုတ်ကြောင်း သိလိုက်ရ၏။ သူသည် နောက်တစ်ခေါက်ကျမှ ရန်ကျဲ၏ ဥဒေါင်းဖြူထံမှ အမွှေးတစ်ချောင်းကို ယူလာပြီး ပြတိုက်မှူးကို မေးရန်သာ စောင့်ဆိုင်းရတော့မည် ဖြစ်သည်။
ဝိညာဉ်ကလေးငယ် မယ်တော်သည်လည်း ရှေ့သို့ တိုးလာကာ မေးခွန်းတစ်ခု မေးရန် မနေနိုင်တော့ပေ။
“ပြတိုက်မှူးကြီး... ကျွန်မရဲ့ ကလေးက ဒဏ်ရာရထားလို့ပါ... သူ့ကို ကုသပေးနိုင်မယ့် နည်းလမ်း ရှိမလားဟင်”
“သေချာပေါက် ရှိတာပေါ့”
လင်းကျင်းက ရိုးရှင်းစွာပင် ဖြေကြားလိုက်၏။
ထိုစကားကို ကြားလိုက်ရချိန်တွင် ဝိညာဉ်ကလေးငယ် မယ်တော်မှာ ချက်ချင်းပင် ဒူးထောက်လိုက်ပြီး တောင်းပန်တိုးလျှိုးတော့သည်။
“ကျေးဇူးပြုပြီး အဲဒီ အံ့ဩစရာကောင်းတဲ့ ကုသနည်းကို သင်ကြားပေးပါဦးရှင်”
လင်းကျင်းသည် သူ၏ စုတ်တံကို မြှောက်ကာ စတင် ရေးသားလိုက်၏။ လမ်းခုလတ်တွင် သူသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။
“ဝိညာဉ်ကလေး... မင်းရဲ့ ကလေးရဲ့ နာတာရှည် ဒဏ်ရာကို ကုသပေးဖို့က မခက်ခဲပါဘူး၊ ဒါပေမဲ့ မင်း ငါ့ကို ကတိတစ်ခုတော့ ပေးရမယ်”
ဝိညာဉ်ကလေးငယ် မယ်တော်က အမြန်ပင် ပြန်ဖြေ၏။ “ပြတိုက်မှူးကြီးသာ ကျွန်မရဲ့ ကလေးကို ကုပေးနိုင်မယ်ဆိုရင်၊ ဘာပဲဖြစ်ဖြစ် ကျွန်မ ကတိပေးနိုင်ပါတယ်ရှင်”
လင်းကျင်းက လက်ဝေ့ယမ်းလိုက်သည်။
“ဒါက ရှုပ်ထွေးတဲ့ ကိစ္စ မဟုတ်ပါဘူး... အခုကစပြီး မင်း လူသတ်တာတွေကို ရပ်ရမယ်... မင်းရဲ့ သားရဲရဲ့ အသက်ကို လျှို့ဝှက် အပြန်အလှန် အမှီပြုတဲ့ နည်းလမ်းနဲ့ ဆွဲဆန့်ထားတယ်ဆိုတာ ငါ သိပါတယ်... သူ အိပ်နေတဲ့အချိန်မှာတော့ အဆင်ပြေပေမဲ့၊ သူ နိုးလာပြီး သွေးတွေ ပြောင်းပြန် စီးဆင်းလာတဲ့အခါမှာတော့ မင်းရဲ့ ခန္ဓာကိုယ်ကို ပုရွက်ဆိတ် ထောင်သောင်းချီပြီး ကိုက်ခဲနေသလိုမျိုး နာကျင်မှုကို မင်း ခံစားရလိမ့်မယ်... သူ့ရဲ့ သွေးတွေက မင်းရဲ့ သွေးကြောထဲကို ဝင်လာတဲ့အခါ မင်းရဲ့ စိတ်တွေ ရူးသွပ်လာပြီး ရုပ်ပိုင်းဆိုင်ရာမှာလည်း ပြောင်းလဲလာလိမ့်မယ်၊ သွေးကို ဆာလောင်လာလိမ့်မယ်... အခုလောလောဆယ်တော့ သူ့ရဲ့ အဓိက အရေးကြီးတဲ့ အချက်ကို ငါ ပိတ်ထားပေးမယ်... မင်းအနေနဲ့ အဲဒီ အပြန်အလှန် အမှီပြုတဲ့ စနစ်ကို ချက်ချင်း ရပ်တန့်ရမယ်... မဟုတ်ရင်တော့ နောက်ဆုံး တစ်နှစ်အတွင်းမှာ မင်းရော မင်းရဲ့ သားရဲပါ သေဆုံးသွားလိမ့်မယ်.. ခုနစ်ရက်အတွင်းမှာ ငါ ညွှန်ကြားတဲ့ ပစ္စည်းတွေကို စုဆောင်းထားပါ... နောက်တစ်ခေါက် ဧည့်ခန်းမ ပွင့်လာတဲ့အခါ မင်းရဲ့ သားရဲရဲ့ ရောဂါကို ငါ အမြစ်ပြတ်အောင် ကုသပေးနိုင်လိမ့်မယ်"