← Chapters

အခန်း (၁၃၁-၁၃၂)

Vol. 7 Ch. 131-132

အခန်း (၁၃၁-၁၃၂)

Vol. 7 Ch. 131-132

​အခန်း (၁၃၁) - ရှန်းအာ

​လင်းကျင်း၏ ဆေးပညာမှာ အပြစ်ပြောစရာ မရှိပေ။ ဒဏ်ရာရထားသော မြေခွေးလေးမှာ ကိုယ်အပူချိန် ကျသွားပြီး အေးချမ်းစွာ အိပ်ပျော်သွားသည်ကို ကြည့်ခြင်းဖြင့် ကုသမှု အောင်မြင်ကြောင်း သက်သေပြနေ၏။

​ရှန်းအာသည် လင်းကျင်းကို ချက်ချင်းပင် အရိုအသေ ပေးလိုက်သည်။

“ဆရာကြီးရဲ့ ကျေးဇူးကို ရှန်းအာမမေ့ပါဘူးရှင်"

​၎င်းမှာ ရိုးရှင်းသော ကျေးဇူးတင်စကား ဖြစ်သော်လည်း သူမ၏ စိတ်ရင်းမှန်မှုကိုတော့ အထင်အရှား မြင်တွေ့နိုင်ပေသည်။

​မြေခွေးလေးများမှာလည်း ဝမ်းသာအားရဖြင့် ဟိုဟိုဒီဒီ ခုန်ပေါက်နေကြတော့၏။

​လင်းကျင်းက ပြုံးလျက် လက်ဝေ့ယမ်းလိုက်သည်။

“ဒါက အသေးအဖွဲပါ... ဒါပေမဲ့ ဒီမြေခွေးလေးက ဖျားနေတာ ကြာပြီဆိုတော့ ဒဏ်ရာ အမြန်ကျက်ဖို့တော့ မလွယ်ဘူး... သူ့ကို နေ့တိုင်း ဆေးလဲပေးဖို့ လိုမယ်... မင်း ဆေးလဲတတ်ရဲ့လား”

​ရှန်းအာ၏ အမူအရာမှာ တောင့်ခဲသွားပြီး ဘာမှမသိကြောင်း သိသာလှပေသည်။

​အကယ်၍ သူမသာ သိခဲ့မည်ဆိုလျှင် ထိုမြေခွေးလေး ဝေဒနာခံစားနေရသည်ကို ဘာမှမလုပ်ဘဲ ကြည့်နေမည် မဟုတ်ပါလား။

​လင်းကျင်းက လက်ကာပြလိုက်၏။

“ထားလိုက်ပါတော့... နောက်ရက်တွေကျရင်လည်း ငါပဲ လာခဲ့မယ်"

​ရှန်းအာမှာ အားနာသွားဟန် ရှိသည်။ ရုတ်တရက် သူမ တစ်စုံတစ်ခုကို တွေးမိသွားပြီး မြေခွေးလေးများကို စကားအနည်းငယ် ပြောလိုက်ရာ၊ ထိုသတ္တဝါငယ်လေးများမှာ ချက်ချင်းပင် အုပ်စုခွဲကာ ပြေးထွက်သွားကြတော့သည်။

​မကြာမီမှာပင် ထိုမြေခွေးလေးများမှာ ဂူထဲသို့ ပြန်ရောက်လာကြပြီး တစ်ကောင်ချင်းစီမှာ တစ်ခုခုကို သယ်ဆောင်လာကြ၏။

​လင်းကျင်း သေချာကြည့်လိုက်ရာ အချို့မှာ ရွှေငွေ လက်ဝတ်ရတနာများကို သယ်လာကြပြီး၊ အချို့မှာ လူသိန်းနှင့် ဝိညာဉ်ဆေးပင်များကို ယူလာကြကာ၊ အချို့မှာတော့ တောသီးလေးများကို ယူလာကြခြင်း ဖြစ်သည်။

​သူတို့သည် လင်းကျင်း၏ အနားသို့ တစ်ကောင်ပြီးတစ်ကောင် လာကာ သူတို့၏ လက်ဆောင်များကို လင်းကျင်း၏ ခြေရင်းတွင် ပုံပေးလိုက်ကြ၏။ ၎င်းမှာ သူတို့၏ ကျေးဇူးဆပ်ခြင်း ဖြစ်ကြောင်း ထင်ရှားလှပေသည်။

​လင်းကျင်း ခပ်တိုးတိုး ရယ်မောလိုက်မိ၏။

​ဤမြေခွေးလေးများမှာ သားရဲများ၏ မျိုးကွဲ မိစ္ဆာသတ္တဝါများ ဖြစ်ကြသော်လည်း၊ စာအုပ်များထဲတွင် ဖော်ပြထားသကဲ့သို့ ကြမ်းတမ်းရက်စက်သူများ မဟုတ်ကြပေ။ အမှန်တော့ ထိုသို့ဖြစ်ဖို့နေနေသာသာ သူတို့မှာ အလွန်ပင် ချစ်စရာ ကောင်းလှသည်။

​မိစ္ဆာသတ္တဝါများတွင် ထူးခြားသော ဝိသေသတစ်ခု ရှိသည်၊ ၎င်းမှာ အသိဉာဏ်ပင် ဖြစ်၏။

​သားရဲပြတိုက်၏ အဆိုအရ အားနည်းဆုံး မိစ္ဆာ၏ အသိဉာဏ်မှာပင် ‘လူသားနှင့် နီးစပ်သော အသိဉာဏ်’ ဟု ဖော်ပြထားပြီး၊ အချို့မှာ ‘လူသားထက် သာလွန်သော အသိဉာဏ်’ ရှိသည်ဟုပင် ဆိုထားသည်။

​ဤအချက်တစ်ခုတည်းနှင့်ပင် သူတို့သည် သာမန်သားရဲများနှင့် များစွာ ကွာခြားသွားရခြင်း ဖြစ်ပေသည်။

​လက်ရှိ အခြေအနေကပင် သာဓကတစ်ခု ဖြစ်၏။ သာမန်သားရဲစစ်စစ် ဖြစ်သော ရွှေဝါလေးမှာ ဤဂူကို စိတ်မဝင်စားဘဲ စောစောကတည်းက မြေကြီးတူးကာ အရသာရှိသော တီကောင်များကို ရှာဖွေစားသောက်ရင်း ပျော်မြူးနေသည်။ ရှောင်ဟော့မှာမူ လင်းကျင်း၏ ဘေးတွင် သစ္စာရှိစွာ စောင့်ကြပ်နေ၏။ ကြမ်းပြင်ပေါ်ရှိ သစ်သီးများ၊ ဆေးပင်များနှင့် ရတနာများကို မြင်သော်လည်း သူသည် တစ်ချက်နမ်းကြည့်ရုံသာ လုပ်ပြီး အကြည့်လွှဲလိုက်သည်။

​တစ်နေကုန် ပင်ပန်းလာသဖြင့် လင်းကျင်းသည် ကြမ်းပြင်ပေါ်တွင်ပင် ထိုင်ချလိုက်ပြီး တောသီးတစ်လုံးကို ယူကာ ပါးစပ်ထဲ ထည့်လိုက်၏။

​၎င်းမှာ ဘာသစ်သီးလဲဆိုသည်ကို လင်းကျင်း မသိသော်လည်း အလွန်ပင် ချိုမြိန်ပြီး အရည်ရွှမ်းလှပေသည်။ လူသိန်းနှင့် ဝိညာဉ်ဆေးပင်များကို လင်းကျင်း ကောက်ယူကြည့်လိုက်ချိန်တွင်တော့ သူ အံ့ဩသွားရ၏။

​ထိုဆေးပင်များမှာ ‘ဝိညာဉ်စုဆောင်း ဆေးပင်’ များ ဖြစ်ကြသည်။ ရှားပါးလှသည် မဟုတ်သော်လည်း ထိုဆေးပင်များမှာ သက်တမ်း ၁၀ နှစ်ကျော်နေပြီ ဖြစ်သဖြင့် ဈေးကွက်တွင် အနည်းဆုံး ငွေပြား ရာဂဏန်းခန့် တန်ဖိုးရှိပေလိမ့်မည်။

​လူသိန်းမှာမူ ပို၍ပင် ကောင်းမွန်သေးသည်။ လင်းကျင်းသည် ဆေးဖက်ဝင် ပစ္စည်းများအကြောင်း အလွန်အမင်း မသိသော်လည်း ဤလူသိန်းမှာ အနည်းဆုံး သက်တမ်း နှစ်တစ်ရာကျော်နေပြီ ဖြစ်ကြောင်း သူ ခန့်မှန်းနိုင်၏။

​၎င်းတွင် ထူထပ်သော အမြစ်နွှယ်များ ပါဝင်ပြီး အရှည်ဆုံး အမြစ်မှာ အနည်းဆုံး သုံးပေခန့် ရှိပေသည်။

​အကယ်၍ ဤပစ္စည်းမှာ တန်ဖိုးမသိသူများလက်သို့ ရောက်သွားလျှင် ငွေရာဂဏန်း၊ ထောင်ဂဏန်းသာ ရနိုင်သော်လည်း၊ ပညာရှင်များလက်ထဲတွင်မူ ၎င်း၏ အဖိုးတန်မှုကြောင့် ငွေသောင်းနှင့်ချီ၍ပင် တန်ဖိုးရှိနိုင်ပေသည်။

​ဤမြေခွေးလေးများမှာ ဤပစ္စည်းများကို အသုံးပြုကာ လင်းကျင်းကို ကျေးဇူးဆပ်ရန် ရည်ရွယ်ခြင်း ဖြစ်၏။

​နှစ်တစ်ရာသက်တမ်းရှိ လူသိန်းနှင့် နှိုင်းယှဉ်လျှင်တော့ ရွှေငွေရတနာများမှာ ပြောနေစရာပင် မလိုတော့ပေ။

​မြေခွေးလေးများမှာ လင်းကျင်းကို စူးစမ်းလိုစိတ်ဖြင့် ဝိုင်းကြည့်နေကြသည်။ သူတို့ထဲမှ တစ်ကောင်မှာ လင်းကျင်း အရင်က ကယ်တင်ခဲ့သော ‘ရှောင်ဝူ’ ဖြစ်၏။ သူသည် လင်းကျင်းကို လုံးဝ မကြောက်ဘဲ ရင်ခွင်ထဲသို့ ခုန်တက်လာတော့သည်။

​၎င်းကို မြင်သောအခါ အခြားမြေခွေးလေးများကလည်း သူတို့၏ အစ်ကိုဖြစ်သူကို အတုယူကာ လင်းကျင်းနှင့် ရင်းနှီးကြောင်း ပြသရန် ကြိုးစားကြတော့၏။

​“မှတ်တမ်းတင်ပြီးသော မိစ္ဆာအရေအတွက်: ၇/၁၂”

​“...”

​စောစောက ဆေးပစ္စည်းယူရန် မြို့ထဲသို့ ပြန်သွားစဉ်ကပင် လင်းကျင်း မှတ်တမ်းတင်နိုင်ခဲ့သော မိစ္ဆာအရေအတွက်မှာ ပထမဆုံး လိုအပ်ချက်ဖြစ်သည့် လေးကောင်ထက် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ ရှားပါးသားရဲများကို မှတ်တမ်းတင်သည့် တာဝန်ကဲ့သို့ပင်၊ သတ်မှတ်ထားသော အရေအတွက် ပြည့်မီသည့်အခါ လင်းကျင်းသည် သက်ဆိုင်ရာ ဆုလာဘ်ကို ရရှိမည် ဖြစ်၏။

​ယခုတစ်ခေါက် လင်းကျင်း ရရှိခဲ့သော ဆုလာဘ်မှာ ‘မိစ္ဆာကျင့်စဉ် အပိုင်း (၁)’ ဖြစ်ပေသည်။

​၎င်းကို အပေါ်ယံ ဖတ်ကြည့်လိုက်ပြီးနောက် ဤအရာမှာ မိစ္ဆာများအတွက် ကျင့်စဉ်တစ်ခု ဖြစ်ကြောင်း သူ သိလိုက်ရ၏။

​ရှေးဟောင်းကျမ်းစာအချို့၏ အဆိုအရ ရှေးခေတ်ကာလများတွင် မိစ္ဆာကျင့်စဉ်များ တည်ရှိခဲ့ကြောင်း သိရသည်။ လူသားများကဲ့သို့ပင် မိစ္ဆာများသည်လည်း ကျင့်ကြံမှု အဆင့်တစ်ခုသို့ ရောက်ရှိသွားပါက နတ်ဘုရားများအဖြစ် ပြောင်းလဲနိုင်ပြီး အစွမ်းထက်သော တန်ခိုးများကို ပိုင်ဆိုင်နိုင်ကြ၏။ သို့သော် ကမ္ဘာမြေ၏ ဝိညာဉ်စွမ်းအင်များ ခန်းခြောက်သွားပြီးနောက်တွင်မူ လူသားကျင့်စဉ်များနှင့်အတူ မိစ္ဆာကျင့်စဉ်များလည်း ကွယ်ပျောက်သွားခဲ့သည်။ လူသားများသည် သားရဲများနှင့် သွေးစာချုပ်ဖွဲ့ကာ ကျင့်ကြံသည့် အခြားနည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သော်လည်း၊ မိစ္ဆာများမှာ ဘာဆက်ဖြစ်သွားသလဲဆိုသည်ကို မည်သူမျှ မသိကြပေ။

​၎င်းမှာ လင်းကျင်းအတွက် မိစ္ဆာကျင့်စဉ်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင် ဖြစ်၏။

​ခဏမျှ ဖတ်ကြည့်လိုက်ရုံနှင့်ပင် ဤမိစ္ဆာကျင့်စဉ်မှာ မည်မျှအထိ အံ့ဩစရာကောင်းကြောင်း လင်းကျင်း သိလိုက်ရသည်။ သို့သော်လည်း နှမြောစရာကောင်းသည်မှာ ဤကျင့်စဉ်က မိစ္ဆာများအတွက်သာ အကျိုးရှိပြီး လူသားများအတွက်မူ အသုံးမဝင်ခြင်းပင်။

​လင်းကျင်း သက်ပြင်းတစ်ချက် ချလိုက်မိ၏။

​သားရဲပြတိုက်မှ ပေးအပ်သော ကျင့်စဉ်များမှာ သားရဲစွမ်းအင်ဖွဲ့စည်းမှု သို့မဟုတ် မိစ္ဆာကျင့်စဉ်များသာ ဖြစ်ကြပြီး၊ ၎င်းတို့အားလုံးမှာ သားရဲများအတွက်သာ ရည်ရွယ်ခြင်း ဖြစ်ပေသည်။ သို့သော် ပြန်စဉ်းစားကြည့်လျှင်လည်း ဤနေရာကို ‘သားရဲပြတိုက်’ ဟု ခေါ်ခြင်းဖြစ်ရာ လူသားများအတွက် ကျင့်စဉ်မပါသည်မှာ သဘာဝကျလှပေသည်။

​လင်းကျင်း သက်ပြင်းချလိုက်သည်ကို သတိပြုမိသွားဟန်တူသော မြေခွေးလေးများမှာ ဇဝေဇဝါ ဖြစ်သွားကြပြီး သူ့ကို စူးစမ်းစွာ ကြည့်နေကြဆဲ ဖြစ်၏။ ရှန်းအာမှာမူ သူမ၏ ထက်မြက်သော အကဲခတ်မှုဖြင့် ရှေ့သို့ တိုးလာကာ မေးလိုက်သည်။

“ဆရာကြီး... တစ်ခုခု အခက်အခဲ ရှိနေလို့လားဟင်... တကယ်လို့ အခက်အခဲရှိရင် ရှန်းအာကို ပြောပါ၊ ရှန်းအာ ကူညီပါ့မယ်”

​လင်းကျင်း ကြောင်သွားရ၏။ ထို့နောက်မှ သူတို့က သူ၏ သက်ပြင်းချမှုကို အထင်လွဲသွားကြခြင်း ဖြစ်ကြောင်း သူ သိလိုက်ရသည်။

​ရှန်းအာ၏ လှပသော မျက်နှာသွင်ပြင်ကို ကြည့်ရင်း လင်းကျင်း တွေးလိုက်မိ၏။ ‘ဒဏ္ဍာရီတွေထဲမှာ မြေခွေးမိစ္ဆာတွေက ဆွဲဆောင်မှုရှိပြီး ညှို့ယူဖမ်းစားနိုင်စွမ်း ရှိတယ်လို့ ဆိုကြတာ... အခုတော့ အဲဒါက မှန်တယ်ဆိုတာ ငါ ယုံသွားပြီ’

​ဤရှန်းအာမှာ သေချာပေါက် မြေခွေးမိစ္ဆာတစ်ကောင် ဖြစ်ပေသည်။

​အခြားမြေခွေးလေးများနှင့် မတူဘဲ ရှန်းအာ၏ အဆင့်မှာ သူတို့ထက် များစွာ ပို၍ မြင့်မားလှ၏။

​စောစောက ဆေးယူရန် ရှောင်ဟော့၏ ကျောပေါ်တွင် အတူလိုက်ပါလာစဉ်က တစ်ဦးနှင့်တစ်ဦး ထိတွေ့မိခဲ့သဖြင့်၊ ပြတိုက်ထဲတွင် ရှန်းအာ၏ အချက်အလက်များ မှတ်တမ်းတင်ခြင်း ခံထားရပြီး ဖြစ်သည်။

​“အဆင့် ၄ မြေခွေးမိစ္ဆာ - ရှန်းအာ။ လူသားများထက် သာလွန်သော အသိဉာဏ် ရှိသည်။ အစွမ်းသတ္တိ: လေ”

​“မိစ္ဆာကျင့်ကြံမှု: လူအသွင်ပြောင်းလဲခြင်း အတတ်ကို ရရှိထားသည်။ အလားအလာ: ၇”

​“ဆင့်ကဲပြောင်းလဲမှု နည်းလမ်း ၆ မျိုးမှာ...”

​“မိစ္ဆာကျင့်စဉ်နှင့် သားရဲစွမ်းအင်ဖွဲ့စည်းမှုကို ကျင့်ကြံနိုင်သည်”

​“...”

​လင်းကျင်းသည် ထိုအချက်အလက်များကို ပထမဆုံး ဖတ်လိုက်ရချိန်တွင် တကယ့်ကို ထိတ်လန့်သွားခဲ့ရ၏။

​အဆင့်များအရ ကြည့်လျှင်ပင် အဆင့် ၄ သားရဲတစ်ကောင်မှာ လင်းကျင်း ဧည့်ခန်းမတွင် တွေ့ခဲ့ရသော စွန်ရဲနက်၊ ရင်သွေးမျက်နှာ ပင့်ကူ နှင့် ရေနဂါးတို့ကဲ့သို့ အလွန်ပင် ကြောက်စရာကောင်းလှပေသည်။

​လင်းကျင်းသည် ဧည့်ခန်းမအတွင်း၌ ပြတိုက်မှူး၏ အခွင့်အာဏာဖြင့် သူတို့ကို ဖိနှိပ်ထားနိုင်သော်လည်း၊ အကယ်၍ ပြင်ပလောကတွင်သာ တွေ့ဆုံခဲ့မည်ဆိုလျှင် လင်းကျင်းမှာ သူတို့ကို ယှဉ်နိုင်စွမ်း ရှိမည် မဟုတ်ပေ။

​ရှောင်ဟော့နှင့် ရွှေဝါလေးတို့ အတူတကွ တိုက်ခိုက်လျှင်ပင် ခက်ခဲနိုင်ပေလိမ့်မည်။

​ထိုသို့ဆိုလျှင် အဆင့် ၄ မိစ္ဆာတစ်ကောင်ဆိုသည်မှာ ပို၍ပင် ထိတ်လန့်စရာ ကောင်းလှပေသည်။

​မိစ္ဆာတစ်ကောင်၏ အစွမ်းမှာ သာမန်သားရဲများထက် များစွာ သာလွန်လှပြီး၊ အဆင့် ၄ မိစ္ဆာတစ်ကောင်သည် သာမန်သားရဲ အဆင့် ၅ နှင့် ညီမျှပေသည်။

​အကယ်၍သာ ရှန်းအာက မကောင်းသော စိတ်ထားရှိပြီး သူတို့ကို တိုက်ခိုက်မည်ဆိုလျှင်၊ ဤနေရာမှာ လင်းကျင်း၊ ရှောင်ဟော့နှင့် ရွှေဝါလေးတို့၏ နောက်ဆုံး နားခိုရာ နေရာ ဖြစ်သွားပေလိမ့်မည်။

​ထို့ကြောင့် ထိုအချိန်က လင်းကျင်း၏ ပထမဆုံး တုံ့ပြန်မှုမှာ ‘ကြောက်ရွံ့ခြင်း’ သာ ဖြစ်ခဲ့သည်။

​သို့သော် ထပ်မံ စဉ်းစားကြည့်သောအခါ ရှန်းအာမှာ မကောင်းသော ရည်ရွယ်ချက် တစ်စုံတစ်ရာ ပြသခြင်း မရှိခဲ့ပေ။ ထို့ပြင် သူမသည် နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးပျူငှာလှ၏။ အချို့သော လူသားမိန်းကလေးများနှင့် နှိုင်းယှဉ်လျှင်ပင် သူမက ပို၍ အမူအရာ ယဉ်ကျေးပြီး အလိုက်သိတတ်သေးသည်။

​အမှန်တကယ်တော့ အချို့သော လူသားမိန်းကလေးများမှာ သူမကို လုံးဝ မယှဉ်နိုင်ကြပေ။

​ထို့ပြင် လင်းကျင်းသည် သူမ၏ အဖော် မြေခွေးနှစ်ကောင်ကို ကယ်တင်ပေးခဲ့သဖြင့် သူတို့၏ ကျေးဇူးရှင်လည်း ဖြစ်နေ၏။ စာအုပ်များထဲတွင် မိစ္ဆာများကို ရက်စက်ကြမ်းကြုတ်သူများဟု ဖော်ပြထားလေ့ရှိပြီး ၎င်းမှာလည်း မှန်ကန်ပေသည်။ အဘယ်ကြောင့်ဆိုသော် သားရဲသည် သားရဲသာဖြစ်ပြီး လူသားမဟုတ်သောကြောင့်ပင်။ သို့သော် သားရဲများမှာ လူသားများကဲ့သို့ လှည့်ဖြားတတ်ခြင်း မရှိကြပေ။ သူတို့အတွက် ကောင်းလျှင်ကောင်းသည်၊ ဆိုးလျှင်ဆိုးသည်၊ မရေမရာ အခြေအနေမျိုး မရှိပေ။ အနည်းဆုံးတော့ လင်းကျင်း ယခုထိ လေ့လာမိသလောက် ရှန်းအာသည် သူ့ကို အန္တရာယ်ပြုမည့် ရည်ရွယ်ချက် မရှိပေ။

​ယနေ့ တွေ့ကြုံရမှုမှာ အလွန်ပင် အံ့ဩစရာကောင်းသော စွန့်စားခန်းတစ်ခု ဖြစ်သဖြင့်၊ လင်းကျင်းအနေဖြင့် မိစ္ဆာများအကြောင်း ပိုမိုသိရှိနိုင်ရန် ဤအခွင့်အရေးကို ဆုပ်ကိုင်ထားရမည် ဖြစ်သည်။

​ထို့ကြောင့် လင်းကျင်းသည် အပိုစကားများ မပြောတော့ဘဲ တိုက်ရိုက်ပင် မေးလိုက်တော့၏။

​“ရှန်းအာ... ငါ မင်းကို တစ်ခုလောက် မေးချင်တယ်”

​“မေးပါ ဆရာကြီး”

​“မင်းတို့က မိစ္ဆာတွေလား”

အခန်း (၁၃၂) - တောင်တန်းထဲမှ ဘုရားကျောင်း

​လင်းကျင်း၏ မေးခွန်းမှာ အလွန်ပင် တိုက်ရိုက်ကျလှသဖြင့် ရှန်းအာကို စိုက်ကြည့်ရင်း မေးလိုက်ခြင်း ဖြစ်၏။

​ရှန်းအာမှာ လင်းကျင်း၏ ပွင့်လင်းလှသော မေးခွန်းကြောင့် ခေတ္တမျှ ကြောင်သွားရသည်။ သို့သော် သူမသည် ဖုံးကွယ်ရန် မကြိုးစားတော့ဘဲ ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။ “ဆရာကြီး သတိထားမိသွားပြီဆိုတော့လည်း ရှန်းအာ ဖုံးကွယ်မထားတော့ပါဘူး... ဆရာကြီး ထင်တာ မှန်ပါတယ်... ကျွန်မတို့အားလုံးက မိစ္ဆာတွေပါပဲ”

​ထိုသို့ ဝန်ခံပြီးနောက် လင်းကျင်းသည် ရှန်းအာနှင့် စကားစမြည် ပြောဖြစ်ကြတော့သည်။

​ရှောင်ဟော့မှာ မြေခွေးလေးများနှင့် အဆင်ပြေသွားပုံရပြီး ဂူထောင့်တစ်နေရာတွင် ကစားနေကြ၏။ ရွှေဝါလေးကတော့ သူ၏ ထုံးစံအတိုင်း မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ တောအုပ်ထဲတွင် တီကောင်ရှာဖွေရင်းသာ အချိန်ကုန်နေသည်။

​လင်းကျင်းသည် ရှန်းအာထံမှ မိစ္ဆာများနှင့် ပတ်သက်သော အကြောင်းအရာ အတော်များများကို သိရှိခဲ့ရ၏။

​ယခုခေတ်ကာလတွင် မိစ္ဆာအရေအတွက်မှာ သိသိသာသာ လျော့နည်းသွားသော်လည်း မျိုးသုဉ်းသွားခြင်းတော့ မရှိသေးပေ။

​အကြောင်းရင်းမှာ ရိုးရှင်းလှပေသည်။ မိစ္ဆာဆိုသည်မှာ မူလကပင် သားရဲများ၏ မျိုးကွဲတစ်ခုသာ ဖြစ်သဖြင့်၊ သားရဲများ ရှိနေသရွေ့ မိစ္ဆာများမှာလည်း ဆက်လက် တည်ရှိနေဦးမည် ဖြစ်၏။

​သို့သော် မိစ္ဆာတစ်ကောင် မွေးဖွားလာရန်မှာတော့ ကံတရားအပေါ်၌သာ လုံးဝ မူတည်နေပေသည်။

​“စာအုပ်တချို့ထဲမှာတော့ အပင်တွေက ကျင့်ကြံရင် နတ်သမီးတွေ ဖြစ်လာပြီး၊ သားရဲတွေက ကျင့်ကြံရင် မိစ္ဆာတွေ ဖြစ်လာတယ်လို့ ဖတ်ဖူးတယ်... အဲဒါ တကယ်ပဲလား”

လင်းကျင်းက မေးလိုက်၏။

​အမှန်တော့ လင်းကျင်း၏ မေးခွန်းမှာ ‘မင်းတို့ ဘယ်လိုလုပ်ပြီး မိစ္ဆာတွေ ဖြစ်လာကြတာလဲ’ ဟု မေးလိုက်ခြင်းပင်။

​ပြတိုက်၏ အဆိုအရ ရှန်းအာ၏ အသိဉာဏ်မှာ ‘လူသားထက် သာလွန်’ နေပေသည်။

​တစ်နည်းအားဖြင့်ဆိုသော် သူမသည် မြို့ထဲရှိ သာမန်လူများထက် ပို၍ ထက်မြက်၏။ ထို့ကြောင့် လင်းကျင်း ဘာကို သိချင်နေသလဲဆိုသည်ကို သူမ မသိဘဲ မနေပေ။

​“လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက ကျွန်မက ရှောင်ဝူတို့လိုပဲ ဘာမှမသိသေးတဲ့ မြေခွေးလေးတစ်ကောင်ပေါ့... ကျွန်မတို့ တောင်နက်ထဲမှာ နေထိုင်ခဲ့ကြပြီး အဲဒီနားမှာတော့ လူသူကင်းဝေးတဲ့ ဘုရားကျောင်းအိုလေး တစ်ခု ရှိတယ်... တစ်နေ့မှာ ကံကောင်းချင်တော့ အဲဒီကျောင်းထဲက လူသံတွေကို ကြားလိုက်ရတယ်... အစတုန်းကတော့ ကျွန်မတို့ ဘာမှနားမလည်ခဲ့ပေမဲ့ အဲဒီအသံက စိတ်ဝင်စားဖို့ကောင်းလို့ နေ့တိုင်း သွားနားထောင်ခဲ့ကြတယ်... ဖြည်းဖြည်းချင်းနဲ့ နွေ၊ မိုး၊ ဆောင်း လေးရာသီ ကုန်လွန်သွားတဲ့အခါမှာတော့ အဲဒီအသံတွေက ဘာကို ဆိုလိုသလဲဆိုတာ တစ်စစနဲ့ နားလည်လာခဲ့တယ်... နောက်ထပ် လေးရာသီ ထပ်ကုန်သွားတဲ့အခါမှာတော့ တစ်ဝက်လောက်ကို နားလည်နေပြီ... အဲဒီနောက်မှပဲ အဲဒီအသံတွေဟာ ကျင့်စဉ်တစ်ခုအကြောင်း ပြောနေတာဆိုတာကို သိလိုက်ရတာ...ကျွန်မကတော့ အဲဒီအကြောင်းအရာတွေကို ပိုပြီး နက်နက်ရှိုင်းရှိုင်း နားလည်ခဲ့လို့ အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့ပြီး သုံးနှစ်အတွင်းမှာပဲ လူအသွင်ကို ပြောင်းလဲနိုင်ခဲ့တယ်.... ဒါပေမဲ့ တစ်နေ့မှာတော့ ဘုရားကျောင်းထဲက အသံတွေ ရုတ်တရက် ရပ်တန့်သွားခဲ့တယ်... ကျွန်မတို့ အတော်ကြာအောင် စောင့်ခဲ့ပြီးမှ သတ္တိမွေးပြီး ကျောင်းထဲကို ဝင်ကြည့်လိုက်တော့ လူသူမရှိတော့တဲ့ အဆောက်အအုံဟောင်းကြီးပဲ တွေ့ရတော့တယ်... အဲဒီအချိန်ကစပြီး ကျွန်မတို့ရဲ့ ကျင့်ကြံမှု လမ်းစ ပျောက်ဆုံးသွားခဲ့ရတာပေါ့... ရှောင်ဝူတို့ဆိုရင်လည်း သူတို့အခြေအနေအတိုင်းပဲ ကျန်ရစ်ခဲ့ပြီး လူအသွင် မပြောင်းနိုင်ကြတော့ဘူး... ကျွန်မကတော့ လူအသွင်ပြောင်းနိုင်ခဲ့ပေမဲ့ သူတို့ကို ဘယ်လိုသင်ပေးရမလဲဆိုတာ မသိခဲ့ဘူး.... အဲဒီနောက်မှာတော့ ကျွန်မတို့ဟာ ကျင့်ကြံမှု အခွင့်အလမ်းတွေကို နေရာအနှံ့ လိုက်ရှာခဲ့ကြရင်း လွန်ခဲ့တဲ့ လအနည်းငယ်ကမှ ဒီနေရာကို ရောက်လာခဲ့ကြတာပါ...”

​လင်းကျင်းသည် သူမ၏ ပုံပြင်ကို အလေးအနက် နားထောင်နေမိ၏။

​တောင်နက်ထဲက ဘုရားကျောင်း။ သားရဲတွေကို မိစ္ဆာဖြစ်အောင် ကူညီပေးနိုင်တဲ့ ကျင့်စဉ်။

​၎င်းမှာ တကယ့်ကို ဒဏ္ဍာရီ ပုံပြင်တစ်ပုဒ်ကဲ့သို့ပင်။

​သို့သော် ရှန်းအာက သူ့ကို လိမ်ပြောစရာ အကြောင်းမရှိသဖြင့် သူမ ပြောသည်မှာ အမှန်ဖြစ်နိုင်ပေသည်။

​လင်းကျင်း၏ စိတ်ထဲတွင် ရုတ်တရက် အတွေးတစ်ခု ပေါ်လာ၏။

​တောင်နက်ထဲက ထိုဘုရားကျောင်းမှာ လျှို့ဝှက်ချက်တစ်ခု ဖြစ်နေသည်မှာ သေချာလှပေသည်။ ထိုနေရာတွင် ပညာရှင်ကြီးတစ်ဦး လျှို့ဝှက် နေထိုင်ခဲ့သည်မှာ သေချာသလောက်ပင်။

​နတ်ဘုရားတွေ ကွယ်ပျောက်သွားပြီလို့ လူတွေ ပြောကြပေမဲ့၊ အခုအချိန်အထိ တစ်ယောက်ယောက် ကျန်ရှိနေသေးတာမျိုးလည်း ဖြစ်နိုင်တာပဲ မဟုတ်လား။

​အကယ်၍ ထူးခြားချက်တွေ ရှိနေမယ်ဆိုရင် ဒါဟာ အဲဒီထဲက တစ်ခု ဖြစ်နိုင်တာပဲ။

​လင်းကျင်းသည် ရှန်းအာပြောသော ဘုရားကျောင်းသို့ သွားရန်အတွက် အချိန်တစ်ခု သတ်မှတ်လိုက်၏။ အကယ်၍ ကံကောင်းလျှင် နတ်ဘုရားကျင့်စဉ်၏ အရိပ်အယောင်များကို ရှာတွေ့နိုင်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် မည်သူကမှ ထာဝရအသက်ကို မရချင်ဘဲ မနေသောကြောင့်ပင်။

​အကယ်၍ ထိုကဲ့သို့သော အခွင့်အရေးမျိုး ရလာမည်ဆိုလျှင် လင်းကျင်းသည် ဘာကိုမဆို စတေးပြီး အရယူမည်မှာ သေချာလှပေသည်။

​ရှန်းအာကတော့ သူမ၏ ပုံပြင်ကို ဆက်ပြောနေဆဲ ဖြစ်၏။

​သူမသည် ကျင့်စဉ်သစ်များ ရှာဖွေရန်အတွက် မြေခွေးလေးများကို ခေါ်ဆောင်ကာ နေရာအနှံ့ သွားလာခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရသည်။ သို့သော် ဤနေရာတွင် နေထိုင်ခဲ့သော လအနည်းငယ်အတွင်းမှာတော့ ထူးခြားမှုတစ်ခုနှင့် ကြုံခဲ့ရ၏။

​၎င်းမှာ ရှောင်ဝူသည် ပညာရှိလေးတစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး ၎င်းကို ချစ်မိသွားခြင်းပင်။

​ရှန်းအာကို ဖယ်လိုက်လျှင် ရှောင်ဝူမှာ ဤမြေခွေးအုပ်စုထဲ၌ ကျင့်ကြံမှု အမြင့်ဆုံး ဖြစ်၏။ ရှန်းအာမှာ အဆင့် ၄ ဖြစ်ပြီး ရှောင်ဝူမှာ အဆင့် ၃ ဖြစ်သည်။ သူမသည် လူအသွင်ပြောင်းနိုင်ရန် ခြေတစ်လှမ်းသာ လိုတော့သည့် အနေအထားတွင် ရှိနေ၏။

​ထို့ပြင် ရှန်းအာ၏ ပြောပြချက်အရ ရှောင်ဝူသည် လူအသွင် မပြောင်းနိုင်သေးသော်လည်း ‘အိပ်မက်ထဲသို့ ကျူးကျော်ဝင်ရောက်ခြင်း’ ကဲ့သို့သော အတတ်ပညာအချို့ကို တတ်မြောက်ထားသည်ဟု သိရသည်။

​ဤအတတ်ပညာမှာ ပစ်မှတ်ထားသူ၏ အိပ်မက်ထဲသို့ ဝင်ရောက်ကာ စကားပြောနိုင်ခြင်း ဖြစ်ပေသည်။

​ယခုမှပင် လင်းကျင်း နားလည်သွားတော့၏။ ရှောင်ဝူသည် ပညာရှိလေးကို ဆွဲဆောင်ရန်အတွက် အိပ်မက်ထဲသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ရမည်။ သို့သော် ထိုပညာရှိလေးမှာ တောထဲတွင် အတိုက်ခိုက်ခံရချိန်၌ ရှောင်ဝူက အချိန်မီ ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် သူမသည် အန္တရာယ်များလှသော်လည်း ပညာရှိလေး၏ အသက်ကို ဆွဲဆန့်နိုင်ရန်အတွက် သူတို့၏ သွေးကြောများကို ပူးပေါင်းခဲ့ခြင်း ဖြစ်ပေသည်။

​ထို့နောက်တွင်မှ ရွာသားများက ထိုပညာရှိလေးနှင့် ဒဏ်ရာရနေသော ရှောင်ဝူကို သားရဲအကဲဖြတ်မှူး အသင်းချုပ်သို့ ခေါ်ဆောင်လာခဲ့ကြခြင်း ဖြစ်၏။

​ထိုနောက်ပိုင်း ဘာတွေ ဆက်ဖြစ်ခဲ့သလဲဆိုသည်ကိုတော့ လင်းကျင်း သိရှိပြီးသားပင်။

​ရှောင်ဝူမှာ တကယ့်ကို သစ္စာရှိလှသော မြေခွေးမိစ္ဆာလေး ဖြစ်ကြောင်း သူ ဝန်ခံလိုက်မိသည်။

​“ရှောင်ဝူက ကျွန်မကို အားလုံး ပြောပြပါတယ်... ဆရာကြီးရဲ့ အကူအညီကြောင့်သာ သူမ အသက်ရှင်ခဲ့ရတာပါ... ကျွန်မတို့က ဆရာကြီးကို ထပ်ပြီး ဒုက္ခမပေးသင့်တော့ဘူး ဆိုတာ သိပေမဲ့ ရှောင်ကျိုလေးက ဖျားနာနေပြန်လို့ပါ... အဲဒါကြောင့် ရှောင်ဝူက ဆရာကြီးကို သတိရပြီး နောက်တစ်ခါ သွားတောင်းပန်ခဲ့တာပါ”

ရှန်းအာက ရှင်းပြလိုက်၏။

​လျှို့ဝှက်ချက်အားလုံးမှာ ယခုမှပင် ရှင်းလင်းသွားတော့သည်။

​လင်းကျင်းအနေဖြင့် မြေခွေးမိစ္ဆာလေးတစ်ကောင်ကို ကံတရားအရ ကယ်တင်မိခဲ့လိမ့်မည်ဟု မည်သည့်အခါမျှ မတွေးခဲ့ဖူးပေ။ ထို့ပြင် သူတို့၏ ဂူထဲတွင် သူတို့မိသားစုနှင့် ဤသို့ ပျော်ရွှင်စွာ စကားပြောနေရလိမ့်မည်ဟုလည်း မထင်ထားခဲ့ပေ။

​၎င်းမှာ သူ မည်သို့မျှ မမှန်းဆနိုင်ခဲ့သော ထူးခြားသော ကြုံတွေ့မှုတစ်ခုပင် ဖြစ်၏။

​ထို့ပြင် သူသည် ရှန်းအာထံမှ ကျင့်ကြံရေးလောက၏ လျှို့ဝှက်ချက်အချို့ကိုလည်း သိရှိခဲ့ရသည်။ အထူးသဖြင့် လင်းကျင်းသည် တောင်ပေါ်က ဘုရားကျောင်းအကြောင်းကို အလွန်ပင် သိချင်နေတော့၏။

​“ရှန်းအာ... မင်းပြောပုံအရဆိုရင် မင်းတို့ ဘုရားကျောင်းထဲက သင်ကြားမှုတွေကို သုံးနှစ်တောင် နားထောင်ခဲ့ရတာပေါ့... အဲဒီအတွင်းထဲမှာ ဘယ်သူ့ကိုမှ မမြင်ခဲ့ဘူးလား”

လင်းကျင်းက မယုံကြည်နိုင်စွာ မေးလိုက်သည်။

​ရှန်းအာက ခေါင်းခါလိုက်၏။

“မမြင်ခဲ့ပါဘူး... ဘုရားကျောင်း ပတ်ပတ်လည်မှာ စွမ်းအင်စက်ကွင်းတစ်ခု ရှိနေပုံရလို့ ကျွန်မတို့ ကျောင်းနားကို အနီးကပ် မသွားရဲခဲ့ကြဘူး... နေ့တိုင်း သတ်မှတ်ထားတဲ့ အချိန်တစ်ခုမှာပဲ အပြင်ကနေ နားထောင်ခဲ့ရတာ... ကျန်တဲ့အချိန်တွေမှာတော့ ကျောင်းထဲမှာ ဘာအသံမှ မရှိဘဲ တိတ်ဆိတ်နေတာပဲ... အသံတွေ ရုတ်တရက် ရပ်သွားတဲ့ တစ်နေ့မှာတောင် ကျွန်မတို့ ချက်ချင်း မဝင်ရဲခဲ့ကြဘူး... ရက်အနည်းငယ် စောင့်ကြည့်ပြီးမှပဲ သတ္တိမွေးပြီး ဝင်ကြည့်ခဲ့ကြတာပါ”

​လင်းကျင်း ခေါင်းညိတ်လိုက်၏။

​ခေတ္တမျှ စဉ်းစားပြီးနောက် သူက ပြောလိုက်သည်။

“ရှန်းအာ... ငါ မင်းကို တစ်ခုလောက် အကူအညီ တောင်းချင်တယ်”

​“ပြောပါ ဆရာကြီး... ရှန်းအာ ဘာကူညီပေးရမလဲရှင်”

​“နောက်တစ်ချိန်ကျရင်... အဲဒီ ဘုရားကျောင်းရှိတဲ့နေရာကို ငါ့ကို ခေါ်သွားပေးနိုင်မလား”

​လင်းကျင်း၏ တောင်းဆိုမှုကို ကြားလိုက်ရချိန်တွင် ရှန်းအာမှာ တွေဝေသွားဟန် ရှိသည်။

​အဘယ်ကြောင့်ဆိုသော် ထိုဘုရားကျောင်းမှာ ရှန်းအာအတွက် အလွန်ပင် အရေးပါသော နေရာတစ်ခု ဖြစ်နေသောကြောင့်ပင်။ သူမသည် ထိုနေရာကို မြင့်မြတ်သော နေရာတစ်ခုအဖြစ် သတ်မှတ်ထားဟန် ရှိသဖြင့် ဘုရားကျောင်း၏ တည်နေရာကို ဖော်ပြရန် တွန့်ဆုတ်နေခြင်းမှာ အံ့ဩစရာ မဟုတ်ပေ။

​လင်းကျင်းက သူမကို အတင်းအကျပ် မတိုက်တွန်းတော့ဘဲ သူမ ကြားခဲ့ရသော ကျင့်စဉ်အကြောင်းကိုသာ ပြောင်းမေးလိုက်၏။ ယခုတစ်ခေါက်တွင်တော့ ရှန်းအာက ဘာမှ ဖုံးကွယ်မထားတော့ဘဲ သူမ မှတ်မိနေသော စာကြောင်းတစ်ကြောင်းကို ရွတ်ပြလိုက်သည်။

​သို့သော် ထိုစာကြောင်းကို ကြားလိုက်ရချိန်တွင် လင်းကျင်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရတော့၏။

​သူ ယခု ကြားလိုက်ရသော အရာမှာ ‘သားရဲစွမ်းအင်ဖွဲ့စည်းမှု’ ကျင့်စဉ်နှင့် အတော်လေးကို တူညီနေသောကြောင့်ပင်။

​ဒီလောက်အထိ တိုက်ဆိုင်စရာ ရှိနိုင်ပါ့မလား။

​ရှန်းအာက စာပိုဒ်တစ်ပိုဒ်ကိုသာ ရွတ်ပြပြီး ကျန်တာကို ဆက်မပြောဘဲ နေလိုက်၏။ သို့သော် လင်းကျင်းက သူမ ရပ်လိုက်သော နေရာမှ စတင်ကာ ရှေ့ဆက်၍ ရွတ်ပြလိုက်တော့သည်။

​ထို့ပြင် သူက ပို၍ပင် အသေးစိတ်ကျအောင် ရွတ်ပြနိုင်ခြင်း ဖြစ်၏။

​ရှန်းအာ၏ မျက်လုံးများမှာ မယုံကြည်နိုင်လောက်အောင်ပင် ကျယ်သွားရတော့သည်။

​လင်းကျင်းသည် ရှန်းအာ ထိုဘုရားကျောင်းတွင် ကြားခဲ့ရသော ကျင့်စဉ်မှာ ‘သားရဲစွမ်းအင်ဖွဲ့စည်းမှု’ ဖြစ်ကြောင်း ယခုအခါ အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။

​ယခုအခါ အခြေအနေမှာ ပြောင်းပြန် ဖြစ်သွားခဲ့ပြီ။ ရှန်းအာက မေးခွန်းများစွာကို တရစပ် မေးလာသော်လည်း လင်းကျင်းမှာမူ စဉ်းစားခန်း ဝင်နေသဖြင့် တိတ်ဆိတ်နေမိ၏။

​သူသည် သူ၏ ဗဟုသုတကို မမျှဝေချင်၍ မဟုတ်ပေ။ လင်းကျင်းသည် အခြေအနေကို အရင်ဆုံး သေသေချာချာ နားလည်ချင်နေခြင်း ဖြစ်၏။

​ရှန်းအာ လူအသွင်ပြောင်းခဲ့သည်မှာ ၁၀ နှစ်ကျော်ပြီ ဖြစ်ပြီး သူမ၏ ကျင့်ကြံမှုမှာ သုံးနှစ် ကြာခဲ့သည်။ ဆိုလိုသည်မှာ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်ခန့်က တစ်စုံတစ်ယောက်သည် ထိုဘုရားကျောင်းတွင် သားရဲစွမ်းအင်ဖွဲ့စည်းမှု ကျင့်စဉ်ကို ရွတ်ဖတ်နေခဲ့ခြင်း ဖြစ်ပေသည်။

​ဘုရားကျောင်းတစ်ခုကို တည်ဆောက်ရန် အချိန်ယူရသဖြင့်၊ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ထိုနေရာတွင် လူတွေ ကျင့်ကြံနေခဲ့ကြခြင်း ဖြစ်နိုင်သည်။

​အဲဒီလူတွေက ဘယ်သူတွေများ ဖြစ်မလဲ။

​လင်းကျင်းမှာ ထိုအကြောင်းကို သိရှိရန် အလွန်ပင် လိုလားနေတော့၏။

​ရှန်းအာ၏ မျက်နှာမှာ လင်းကျင်းနှင့် လက်မအနည်းငယ်သာ ကွာဝေးတော့သည်။ သူမ၏ မျက်ဝန်းထဲတွင် လင်းကျင်းက သူမတို့၏ ကျင့်စဉ် ဂါထာတွေကို ဘာကြောင့် သိနေရတာလဲဆိုတာကို သိချင်နေသော စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏။

​လင်းကျင်းက တစ်စုံတစ်ယောက်က သူ့ကို သင်ပေးခဲ့ခြင်း ဖြစ်သည်ဟုသာ အဖြေပေးလိုက်သည်။ သို့သော် ဤနည်းလမ်းမှာ သားရဲများအတွက် ဖြစ်ပြီး မိစ္ဆာများအတွက် မဟုတ်ကြောင်း သူ ရှင်းပြလိုက်၏။

​သူသည် ရှောင်ဟော့ကို ခေါ်ကာ ထိုကျင့်စဉ်ကို လုပ်ဆောင်ခိုင်းလိုက်သည်။ ရှောင်ဟော့၏ သားရဲစွမ်းအင်များ ထွက်ပေါ်လာချိန်တွင် မြေခွေးလေးများမှာ လန့်သွားကြပြီး ရှန်းအာ၏ နောက်ကွယ်တွင် ပုန်းလိုက်ကြတော့၏။

​လင်းကျင်းသည် နောက်ထပ် အချက်တစ်ခုကိုလည်း သတိထားမိသွားသည်။

​ရှန်းအာနှင့် အခြားသူများမှာ သားရဲစွမ်းအင်ဖွဲ့စည်းမှုကို ကျင့်ကြံပြီးနောက် မိစ္ဆာများ ဖြစ်လာခဲ့ကြသည်။ သူတို့မှာ လူအဖြစ်ပင် ပြောင်းလဲနိုင်ခဲ့ကြ၏။ ရှောင်ဟော့သည်လည်း ထိုကျင့်စဉ်ကိုပင် ကျင့်ကြံနေခဲ့ခြင်း ဖြစ်ရာ၊ သူကရော ဘာကြောင့် မိစ္ဆာတစ်ကောင် ဖြစ်မလာခဲ့ရသလဲ။

All Chapters