← Chapters

အခန်း (၁၃၃-၁၃၄)

Vol. 7 Ch. 133-134

အခန်း (၁၃၃-၁၃၄)

Vol. 7 Ch. 133-134

အခန်း (၁၃၃) - မြေခွေးမိစ္ဆာ၏ ဆရာတင်ခြင်း

​နောက်ဆုံးတွင်တော့ လင်းကျင်းသည် ထိုမေးခွန်း၏ အဖြေကို ရှာဖွေတွေ့ရှိသွားခဲ့ပြီ ဖြစ်သည်။

​၎င်းမှာ သွေးစာချုပ်ပင် ဖြစ်၏။

​အဓိကသော့ချက်မှာ သူတို့၏ သွေးစာချုပ်တွင် ရှိနေခြင်း ဖြစ်သည်။

​သွေးစာချုပ် ချုပ်ဆိုထားသော သားရဲများသည် မိစ္ဆာအဖြစ် ပြောင်းလဲ၍ မရသလို၊ မိစ္ဆာများသည်လည်း လူသားများနှင့် သွေးစာချုပ် ချုပ်ဆို၍ မရနိုင်ပေ။ ဤအချက်ကို သားရဲပြတိုက်ထဲတွင် အသေအချာ ဖော်ပြထားပြီး ဖြစ်သည်။

​လင်းကျင်းသည်လည်း ‘သားရဲစွမ်းအင်ဖွဲ့စည်းမှု’ ကျင့်စဉ်ကို သိရှိနေသည်ဟု သိလိုက်ရချိန်တွင် ရှန်းအာ၏ တွန့်ဆုတ်မှုများမှာ ပျောက်ကွယ်သွားတော့၏။ သူမသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီးနောက် တောင်နက်ထဲရှိ ဘုရားကျောင်းသို့ လင်းကျင်းကို လိုက်ပို့ရန် သဘောတူလိုက်သည်။

​သို့သော် ရှောင်ကျိုလေး ကျန်းမာရေး အပြည့်အဝ ပြန်ကောင်းလာသည်အထိတော့ စောင့်ရပေဦးမည်။

​လင်းကျင်း၏ ခန့်မှန်းချက်အရ ဤမြေခွေးများ၏ ‘သားရဲစွမ်းအင်ဖွဲ့စည်းမှု’ ကျင့်ကြံမှု အဆင့်မှာ အပိုင်း (၃) ကို ကျော်လွန်နေပြီ ဖြစ်သည်။ အနည်းဆုံးတော့ အပိုင်း (၃) မှာ ရှန်းအာအတွက် အသုံးမဝင်တော့ပေ။

​သူမအတွက် မလိုအပ်သလို ရှောင်ဝူအတွက်လည်း မလိုအပ်တော့ပေ။ သို့သော် ကျန်ရှိသော ရှောင်လျို၊ ရှောင်ချီ၊ ရှောင်ပါးနှင့် ရှောင်ကျိုတို့အတွက်မူ လိုအပ်နေသေးသည်။ သူတို့မှာ လူသားနှင့် နီးစပ်သော အသိဉာဏ် ရှိနေ၍လား သို့မဟုတ် ရှန်းအာက အမိန့်ပေးထား၍လား မသိရသော်လည်း၊ ထိုမြေခွေးလေးများမှာ ရုတ်တရက် လင်းကျင်း၏ ရှေ့သို့ ပြေးလာကြပြီး ဒူးထောက်လိုက်ကြတော့၏။

​လင်းကျင်းက ဘာမှမသိသလို ဟန်ဆောင်နေသော်လည်း၊ ရှန်းအာကိုယ်တိုင်ကပါ သူ့ရှေ့တွင် ဒူးထောက်ချလိုက်ပြီး ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်တော့သည်။

“ဆရာကြီး... ကျွန်မတို့ကို သနားပါဦး... ကျွန်မတို့ ညီအစ်မတွေက မူလက တောရိုင်းသားရဲတွေသာ ဖြစ်ပြီး ကံကောင်းလို့ ကျင့်ကြံခွင့် ရခဲ့တာပါ... ဒီလမ်းကို တစ်ခါ လျှောက်လှမ်းမိပြီးရင် နောက်ပြန်လှည့်ဖို့ မဖြစ်နိုင်တော့ပါဘူး... ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်မတို့ဟာ ရှေ့ဆက်ရမယ့် လမ်းစကို အပူတပြင်း ရှာဖွေခဲ့ကြပေမဲ့ ဘာမှမတွေ့ခဲ့ရပါဘူး... ဒီနေ့မှာတော့ ဆရာကြီးနဲ့ တွေ့ဆုံခွင့်ရတာ ကျွန်မတို့အတွက် တကယ့်ကို ကံကောင်းခြင်းပါပဲ... ဆရာကြီးက ဒီကျင့်စဉ်ကို ကောင်းကောင်းသိနေပုံရလို့၊ ကျွန်မတို့ရဲ့ ခက်ခဲလှတဲ့ ရှာဖွေမှုတွေကို ငဲ့ညှာပြီး လမ်းညွှန်ပြသပေးပါဦး.... ကျွန်မတို့ ဆရာကြီးရဲ့ တပည့်အဖြစ် ခံယူပြီး ဆရာကြီးကို ရိုသေပါရစေ... အကယ်၍ ကျွန်မတို့သာ ဒီကတိကဝတ်ကို ဖောက်ဖျက်ခဲ့ရင် ကောင်းကင်ကပဲ အပြစ်ပေးပါစေ"

​ထိုသို့ ပြောပြီးနောက် သူမသည် လင်းကျင်း၏ ရှေ့တွင် မှောက်ရက် ဦးချလိုက်တော့၏။

​မြေခွေးလေးများကလည်း သူမ၏ အမူအရာကို အတုယူကာ လိုက်လုပ်ကြသည်။

​လင်းကျင်းမှာ ဘာလုပ်ရမှန်း မသိ ဖြစ်သွားရ၏။

​“ထကြပါဦး... ငါက မသင်ပေးချင်လို့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ငါသိတာကလည်း... ကန့်သတ်ချက်တွေ ရှိနေလို့ပါ...”

​စကားပြောနေရင်း လမ်းခုလတ်မှာပင် လင်းကျင်းသည် သူတို့ကို ငြင်းပယ်ရန် အကြောင်းပြချက် မရှိသည်ကို သတိထားမိလိုက်သည်။

​သူ့မှာ ‘သားရဲစွမ်းအင်ဖွဲ့စည်းမှု’ နှင့် ပတ်သက်၍ အကန့်အသတ်ရှိသည်မှာ မှန်သော်လည်း၊ သူ၏ ဗဟုသုတမှာ ဆက်လက် မတိုးတက်တော့ဟု မဆိုလိုပေ။ အကယ်၍ သူ မှတ်တမ်းတင်နိုင်သော ရှားပါးသားရဲ အရေအတွက် ပိုများလာလျှင်၊ သူသည် နောက်ဆက်တွဲ ကျင့်စဉ်များကိုလည်း ရရှိလာမည် ဖြစ်၏။

​ထို့ပြင် သူ ယခုလေးတင် ရရှိထားသော ‘မိစ္ဆာကျင့်စဉ်’ မှာလည်း မိစ္ဆာများအတွက် အလွန်ပင် တန်ဖိုးရှိလှသော ကျင့်စဉ်တစ်ခု ဖြစ်ပေသည်။ ၎င်းတွင် ပါဝင်သော ဂါထာ ၃၆ မျိုးထဲမှ တစ်ခုတည်းကို သင်ပေးရုံနှင့်ပင် ထိုမိစ္ဆာများမှာ အလွန်ပင် တန်ဖိုးထားကြမည်မှာ သေချာလှ၏။

​တစ်ခုတည်းသော ပြဿနာမှာ လူသား အာဏာပိုင်များက မိစ္ဆာများကို မြင်လျှင် အန္တရာယ်ဟု သတ်မှတ်ကာ သတ်ပစ်လေ့ ရှိခြင်းပင်။

​ဤမြေခွေးလေးများမှာ မိစ္ဆာများ ဖြစ်ကြသော်လည်း သူတို့မှာ အလွန်ပင် စိတ်ကောင်းရှိကြသည်။ သူတို့သည် တောသီးများနှင့် ဆေးပင်များကို အလွယ်တကူ ရှာဖွေနိုင်ကြသဖြင့် သူတို့အတွက် အစားအစာ ရင်းမြစ်မှာ ဤတောအုပ်ပင် ဖြစ်ကြောင်း သိသာလှ၏။ တစ်နည်းအားဖြင့် သူတို့သည် လူသားများကို စားသုံးခြင်း မရှိကြပေ။ အထူးသဖြင့် ရှောင်ဝူဆိုလျှင် လူသားတစ်ဦးကိုပင် ကယ်တင်ခဲ့သေးသည်။ ထို့ကြောင့် ဤမြေခွေးများက လူသားများကို အန္တရာယ်ပြုလိမ့်မည်ဟု ပြောရန် ခက်ခဲလှပေသည်။

​‘ထားလိုက်ပါတော့’

​လင်းကျင်း ဆုံးဖြတ်ချက် တစ်ခု ချလိုက်၏။

​“ထကြပါတော့... မင်းတို့ သိချင်တဲ့ ပညာတွေကို ငါ သင်ပေးနိုင်ပါတယ်၊ ဒါပေမဲ့ ငါ့အပေါ်မှာ သစ္စာခံနေဖို့တော့ မလိုဘူး”

​မြေခွေးလေးများမှာ ဝမ်းသာအားရဖြင့် ထရန် ပြင်လိုက်စဉ်မှာပင် ရှန်းအာက သူတို့ကို တစ်ချက် ဟန့်လိုက်သဖြင့် ကြောက်လန့်တကြားနှင့် ပြန်၍ ဒူးထောက်လိုက်ကြရပြန်သည်။

​“ဆရာကြီး... ရှန်းအာက လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ဒီလောကထဲကို လျှို့ဝှက် ဝင်ရောက်ခဲ့ပြီး၊ ရှာတွေ့သမျှ စာအုပ်တွေကို ဖတ်ရှုခဲ့ပါတယ်... ယဉ်ကျေးမှု၊ တရားမျှတမှုနဲ့ ရှက်ကြောက်ခြင်း ဆိုတာတွေကို ရှန်းအာ နားလည်ပါတယ်... ဆရာကို ရိုသေရမယ်ဆိုတာကိုလည်း သိထားပါတယ်၊ ဒါကြောင့် ဆရာကြီးက သင်ပေးဖို့ လိုလားတယ်ဆိုရင်၊ ဆရာကြီးဆီက စာတစ်လုံး သင်ရရင်တောင် ကျွန်မတို့ဟာ ဆရာကြီးရဲ့ တပည့်တွေပါပဲ... ကျွန်မတို့ရဲ့ အဆင့်အတန်းကို သိပြီး ရိုသေမှု ပြသရပါမယ်”

​လင်းကျင်း ပြုံးလိုက်မိ၏။ ဤမိစ္ဆာလေးများမှာ အချို့သော လူသားများထက်ပင် ပို၍ ယဉ်ကျေးသိတတ်နေကြသည်မှာ စိတ်ဝင်စားစရာ ကောင်းလှပေသည်။

​“ကောင်းပြီလေ... မင်းတို့က ငါ့ကို ဆရာအဖြစ် တရားဝင် သတ်မှတ်ချင်တယ်ဆိုရင်လည်း ငါ လက်ခံပါတယ်”

​၎င်းမှာ သဘောတူလိုက်ခြင်းပင် ဖြစ်၏။

​အမှန်တော့ ၎င်းမှာ လင်းကျင်းအတွက်လည်း အကျိုးရှိပေသည်။ ရှန်းအာ တစ်ယောက်တည်းနှင့်ပင် အဆင့် ၄ မိစ္ဆာတစ်ကောင်၏ အစွမ်းမှာ တုန်လှုပ်စရာ ကောင်းလှ၏။ လက်ရှိ အခြေအနေတွင် ရွှေဝါလေးနှင့် ရှောင်ဟော့တို့ ပေါင်းတိုက်လျှင်ပင် သူမကို ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ပေ။ လင်းကျင်းအနေဖြင့် တစ်နေ့နေ့တွင် သူမကဲ့သို့သော ပညာရှင်၏ အကူအညီ လိုအပ်လာနိုင်သည် မဟုတ်ပါလား။

​လင်းကျင်းအတွက် စိတ်မကောင်းစရာ တစ်ခုတည်းသော အချက်မှာ၊ သူသည် လူအများကိုသာ ကူညီပေးနေရပြီး သူ့အတွက် အကျိုးရှိမည့် အရာကိုတော့ မရရှိသေးခြင်းပင်။

​သူ ရရှိထားသော ကျင့်စဉ်များမှာ သားရဲများအတွက်သာ ဖြစ်ပြီး၊ သူ့အတွက် အသုံးဝင်သည့် အရာတစ်ခုမျှ မပါဝင်သေးပေ။

​သူ ရရှိထားသော တစ်ခုတည်းသော အစွမ်းမှာ ‘သွေးကြောစမ်းသပ်သည့် အတတ်’ သာ ဖြစ်ပြီး၊ ၎င်းတစ်ခုတည်းနှင့်တော့ အရာရာကို ရင်ဆိုင်ရန် မလုံလောက်ပေ။

​ထို့ကြောင့်ပင် လင်းကျင်းသည် ရှန်းအာ ပြောပြသော တောင်ပေါ်မှ ဘုရားကျောင်းကို သွားရန် စိတ်အားထက်သန်နေခြင်း ဖြစ်၏။ ထိုနေရာတွင် ယခင်က နေထိုင်ခဲ့သော ပညာရှင်ကြီးနှင့် ပတ်သက်သည့် အရိပ်အယောင်များကို ရှာတွေ့နိုင်ကောင်း ရှာတွေ့နိုင်ပေလိမ့်မည်။

​အကယ်၍ ထိုသူက နတ်ဘုရားတစ်ပါး ဖြစ်နေခဲ့ရင်ကော။

​နတ်ဘုရားများအကြောင်း တွေးလိုက်မိချိန်တွင် လင်းကျင်းမှာ စိတ်လှုပ်ရှားမှုကြောင့် ကိုယ်ပင် တုန်ရင်သွားရ၏။ ကောင်းကင်မှာ ပျံသန်းခြင်းနှင့် ရေအောက်မှာ အသက်ရှူခြင်းကဲ့သို့သော ထူးခြားသည့် အစွမ်းများမှာ သူ၏ စိတ်ထဲတွင် ပြည့်နှက်နေတော့သည်။

​အချိန်ကို ကြည့်လိုက်ပြီးနောက် လင်းကျင်းက ရှန်းအာကို ပြောလိုက်သည်။ သူသည် မနက်ဖြန်ညတွင် ရှောင်ကျို၏ ဆေးလဲပေးရန် ပြန်လာခဲ့မည် ဖြစ်ပြီး၊ ထိုအချိန်ကျမှ ကျင့်စဉ်အချို့ကိုလည်း သင်ကြားပေးမည် ဖြစ်ကြောင်း ပြောလိုက်၏။

​ရွှေဝါလေးကို ပိုက်ကာ ရှောင်ဟော့၏ ကျောပေါ်သို့ တက်လိုက်ပြီးနောက် လင်းကျင်းသည် မိုးမလင်းမီမှာပင် မေပယ်မြို့သို့ အမြန် ပြန်လာခဲ့တော့သည်။

​ယနေ့ည၏ စွန့်စားခန်းမှာ တကယ့်ကို ထူးဆန်းလွန်းလှပေသည်။ လင်းကျင်းသည် စောစောက စားခဲ့သော တောသီးများကြောင့်လား မသိသော်လည်း၊ အိပ်ချင်စိတ် လုံးဝမရှိဘဲ လန်းဆန်းနေတော့သည်။

​သားရဲအကဲဖြတ်မှူး အသင်းချုပ်သို့ ပြန်ရောက်ချိန်တွင် လင်းကျင်းမှာ တက်ကြွနေဆဲ ဖြစ်၏။

​သူသည် မြေခွေးများ ပေးလိုက်သော ဝိညာဉ်ဆေးပင်များနှင့် လူသိန်းကို သေသေချာချာ သိမ်းဆည်းလိုက်သည်။ လင်းကျင်းမှာ လောလောဆယ် ငွေကြေး မပြတ်လပ်ပေ။ ဇူမိသားစုကို ကူညီပေးခဲ့စဉ်က ငွေပြား ရာဂဏန်း ရရှိခဲ့သလို၊ ယခုအခါ လစာလည်း တိုးထားသဖြင့် နေ့စဉ် အသုံးစရိတ်အတွက် လုံလောက်လှပေသည်။

​ရှောင်ဟော့ကို ဆင့်ကဲပြောင်းလဲစေရန် လိုအပ်သော ပစ္စည်းများကိုမူ ဧည့်ခန်းမမှ ဧည့်သည်များကိုသာ ရှာခိုင်းထားလိုက်မည်။

​နံနက်ခင်း ရောက်သောအခါ သားရဲများကို အကဲဖြတ်ခြင်းနှင့် ကုသခြင်း လုပ်ငန်းများဖြင့် ပြန်လည် အလုပ်ရှုပ်နေပြန်သည်။ အရာအားလုံးကို စနစ်တကျ လုပ်ဆောင်နေ၏။

​ကျောက်ရင်း၊ လုရှောင်ယုနှင့် ဟန်ဒုန်းတို့မှာလည်း လင်းကျင်း၏ တိုက်ရိုက် လမ်းညွှန်မှုအောက်တွင် ပညာများကို လျင်မြန်စွာ သင်ယူနေကြသည်။ လင်းကျင်းသည် သားရဲများကို အကဲဖြတ်နေစဉ်မှာပင် သူ၏ တပည့်များကို နားလည်လွယ်စေရန် နည်းစနစ်များနှင့် ဗဟုသုတများကို တစ်ပါတည်း ရှင်းပြပေးလေ့ ရှိ၏။

​လင်းကျင်း ရေးသားသမျှ အကဲဖြတ် အစီရင်ခံစာများကို ထိုသုံးဦးက နေ့တိုင်း စုဆောင်းကာ ပြန်လည် လေ့လာနေကြသည်ဟုလည်း သတင်းများ ထွက်နေသည်။ ထို့ကြောင့် သူတို့၏ အရည်အချင်းများ တိုးတက်မလာလျှင်သာ ထူးဆန်းပေလိမ့်မည်။

​ထို့ကြောင့် လွယ်ကူသော အကဲဖြတ်မှုများ သို့မဟုတ် ကုသမှုများ ရှိလာလျှင် လင်းကျင်းသည် ထိုသုံးဦးကိုပင် လွှဲပေးလိုက်လေ့ ရှိသည်။

​သူတို့ သုံးဦးထဲတွင် ကျောက်ရင်းမှာ ဗဟုသုတ အကြွယ်ဆုံး ဖြစ်သည်မှာ သေချာလှ၏။ လင်းကျင်း၏ အကဲဖြတ်ချက်အရဆိုလျှင် သူမသည် ကိုယ်ပိုင် အကဲဖြတ်ခန်း ဖွင့်နိုင်လောက်သည့် အခြေအနေသို့ပင် ရောက်နေပြီ ဖြစ်သည်။

​မွန်းတည့်ချိန်တွင် အလုပ်သင်တစ်ဦး ရောက်လာပြီး၊ အသင်းချုပ် ဥက္ကဋ္ဌက လင်းကျင်းကို အရေးကြီး ကိစ္စဖြင့် တွေ့ချင်နေကြောင်း လာပြော၏။

​တန်လင်း တရားဝင် ရာထူးလက်ခံပြီးကတည်းက လင်းကျင်း သူမကို မတွေ့ဖြစ်သေးပေ။ တန်လင်းမှာ တကယ့်ကို အရည်အချင်းရှိသူ တစ်ဦး ဖြစ်ပေသည်။ ရက်အနည်းငယ်အတွင်းမှာပင် မေပယ်မြို့ သားရဲအကဲဖြတ်မှူး အသင်းချုပ် တစ်ခုလုံးအတွက် အခြေခံ စည်းမျဉ်းစည်းကမ်းများကို ချမှတ်နိုင်ခဲ့၏။ ဝမ်ကျိအုပ်ချုပ်ခဲ့စဉ်ကနှင့် နှိုင်းယှဉ်လျှင် အခြေအနေမှာ များစွာ ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။

​ဒါ့အပြင် တန်လင်းသည် ဌာနချုပ်သို့ တရားဝင် တောင်းဆိုမှု တစ်ခု ပြုလုပ်ထားပြီး၊ မေပယ်မြို့ ဌာနခွဲတွင် တရားဝင် သားရဲအကဲဖြတ်မှူး အရေအတွက် တိုးမြှင့်ပေးရန် ပြောထားကြောင်း လင်းကျင်း ကြားသိရသည်။ ဘေးပတ်ဝန်းကျင် မြို့များနှင့် နှိုင်းယှဉ်လျှင် မေပယ်မြို့၏ တရားဝင် အကဲဖြတ်မှူး အရေအတွက်မှာ အလွန်ပင် နည်းပါးလွန်းနေသောကြောင့်ပင်။

​အခြား အသင်းချုပ်များတွင် အနည်းဆုံး လေးဦးရှိပြီး အချို့နေရာများတွင် ၁၀ ဦးထက်ပင် ကျော်လွန်တတ်ကြသည်။

​၎င်းမှာ ဝမ်ကျိလက်ထက်တွင် မဖြစ်နိုင်သော ကိစ္စဖြစ်သော်လည်း တန်လင်းမှာတော့ မတူပေ။ သူမတွင် အဆက်အသွယ်ကောင်းများ ရှိသဖြင့် မဖြစ်နိုင်ဟု ထင်ရသော ထိုကိစ္စမှာ ယခုအခါ အောင်မြင်လုနီးပါး ဖြစ်နေပြီ ဖြစ်၏။

​တန်လင်းမှာ သူမ၏ အကဲဖြတ်ခန်းထဲတွင် မရှိဘဲ၊ အဓိက သားရဲအကဲဖြတ်ခန်းမထဲတွင် ရှိနေခြင်း ဖြစ်သည်။ လင်းကျင်း ထူးဆန်းနေစဉ်မှာပင်၊ ခန်းမအပြင်ဘက်တွင် လူအတော်များများ စုရုံးနေသည်ကို သတိပြုမိလိုက်၏။ သူတို့ထဲတွင် မရင်းနှီးသော မျက်နှာများစွာ ပါဝင်နေသည်။

​ရုတ်တရက် လင်းကျင်းသည် ဂေါင်ကျန်း တစ်ယောက် အလောတကြီး လာနေသည်ကို မြင်လိုက်ရ၏။

​လင်းကျင်းကို မြင်လိုက်ရချိန်တွင် ဂေါင်ကျန်းက တမင်တကာ လျစ်လျူရှုလိုက်ပြီး ခြေလှမ်းများကို အရှိန်မြှင့်ကာ လင်းကျင်းထက် အရင် ခန်းမထဲသို့ ဝင်သွားတော့သည်။

​လင်းကျင်းမှာမူ သူ၏ ထုံးစံအတိုင်း အေးအေးဆေးဆေးသာ လိုက်ဝင်သွား၏။ သူ ဝင်သွားချိန်တွင် တန်လင်းသည် လူအချို့နှင့် ‘ပျော်ပျော်ပါးပါး’ စကားပြောနေသည်ကို တွေ့လိုက်ရသည်။

​ထိုလူများအားလုံးမှာ သားရဲပုံစံပါသော လက်မောင်းစွပ်များကို ဝတ်ဆင်ထားကြ၏။ သူတို့ထဲမှ အနည်းဆုံး လေးဦးမှာ အဆင့် ၂ သားရဲအကဲဖြတ်မှူးများ ဖြစ်ကြသည်။

​အပြင်ပန်းတွင် ကြည့်လျှင်တော့ ရင်းနှီးဖော်ရွေသော တွေ့ဆုံပွဲတစ်ခုနှင့် တူသော်လည်း၊ အတွင်းထဲတွင်မူ အခြေအနေမှာ အလွန်ပင် တင်းမာနေကြောင်း လင်းကျင်း ခံစားလိုက်ရသည်။

​ဂေါင်ကျန်းနှင့် လင်းကျင်းတို့ တစ်ယောက်ပြီးတစ်ယောက် ဝင်လာသည်ကို မြင်သောအခါ တန်လင်းသည် ချက်ချင်းပင် ထရပ်လိုက်ပြီး ပြောလိုက်၏။

“ဥက္ကဋ္ဌရွှီနဲ့ အကဲဖြတ်မှူးတို့ရေ... မိတ်ဆက်ပေးပါရစေ... ဒီနှစ်ယောက်ကတော့ မေပယ်မြို့ရဲ့ တရားဝင် သားရဲအကဲဖြတ်မှူးတွေ ဖြစ်တဲ့ အကဲဖြတ်မှူး လင်းကျင်းနဲ့ အကဲဖြတ်မှူး ဂေါင်ကျန်းတို့ပါပဲ”

​အခန်း (၁၃၄) - မြစ်စိမ်းမြို့မှ ဧည့်သည်တော်များ

​မိတ်ဆက်ပေးလိုက်သည့်အခါ လင်းကျင်းနှင့် ဂေါင်ကျန်းတို့နှစ်ဦးစလုံး ယဉ်ကျေးပျူငှာစွာ ပြုံးပြလိုက်ကြ၏။

​ထို့နောက် တန်လင်းက သူတို့ကို ဆက်လက်ပြောပြသည်မှာ။

“ဒီပုဂ္ဂိုလ်တွေက မြစ်စိမ်းမြို့ သားရဲအကဲဖြတ်မှူး အသင်းချုပ်က လာကြတာပါ... ဒါက ဥက္ကဋ္ဌ ရွှီအန်းချောင် ဖြစ်ပြီး ကျန်တဲ့သူတွေကတော့ မြစ်းစိမ်းမြို့ရဲ့ တရားဝင် သားရဲအကဲဖြတ်မှူးတွေပဲ”

​အတိုချုံး မိတ်ဆက်မှု ပြီးဆုံးသွားချိန်တွင် မြစ်စိမ်းမြို့ အသင်းချုပ်မှ 'လုပ်ဖော်ကိုင်ဖက်များ' ရောက်ရှိလာခြင်း ဖြစ်ကြောင်း လင်းကျင်း နားလည်လိုက်သည်။

​သို့သော် လက်ရှိ အခြေအနေအရ တစ်ဦးနှင့်တစ်ဦး ပြုံးပြနေကြသော်လည်း သူတို့ကြားတွင် ပြင်းထန်သော စွမ်းအင်ချင်း ပွတ်တိုက်မှုနှင့် ရန်လိုမှုများကို ခံစားနေရ၏။ ၎င်းကို လင်းကျင်းတစ်ယောက်တည်း သတိထားမိသည်မဟုတ်ဘဲ ဂေါင်ကျန်းကလည်း တစ်ခုခု ထူးခြားနေသည်ကို ရိပ်မိပုံရသည်။

​သူတို့နှစ်ဦးမှာ တစ်ယောက်နှင့်တစ်ယောက် အဆင်မပြေကြသော်လည်း၊ မေပယ်မြို့ အသင်းချုပ်၏ ကိုယ်စားလှယ်များ ဖြစ်ကြသည့်အတိုင်း တန်လင်းကို ကျောထောက်နောက်ခံပေးရန်အတွက် တွေဝေခြင်းမရှိဘဲ သူမ၏ဘေးတွင် ချက်ချင်း ရပ်လိုက်ကြတော့၏။

​“ဟဟ... အကဲဖြတ်မှူးလင်း အကြောင်းကို ကျွန်တော် ကြားဖူးပါတယ်... ဒီအနီးနားက မြို့တွေထဲမှာ အငယ်ဆုံး အဆင့် ၂ သားရဲအကဲဖြတ်မှူးလို့ ပြောကြတာပဲ... အခုမှပဲ လူကိုယ်တိုင် တွေ့ခွင့်ရတော့တယ်... တကယ်ကို ထူးချွန်ထက်မြက်ပြီး အလားအလာရှိတဲ့ လူငယ်လေးတစ်ယောက်လို့ ပြောရမှာပဲ”

​ရွှီအန်းချောင်ဟု အမည်ရသူက လင်းကျင်းကို ချက်ချင်းပင် ချီးကျူးစကား ဆိုလိုက်သည်။

​၎င်းမှာ အကဲဖြတ်မှူးများကြားတွင် သွေးခွဲရန် ကြိုးစားနေခြင်းဖြစ်ကြောင်း အလွန်ပင် သိသာလှ၏။ လင်းကျင်း၏ ဘေးတွင် ရပ်နေသော ​ဂေါင်ကျန်းကို တမင်တကာ လျစ်လျူရှုလိုက်ခြင်းဖြင့် သူတို့နှစ်ဦး၏ ဆက်ဆံရေးကို ပိုမို ဆိုးရွားသွားစေရန် ရည်ရွယ်နေခြင်းပင်။

​မျှော်လင့်ထားသည့်အတိုင်း ဂေါင်ကျန်း၏ မျက်နှာမှာ တင်းမာသွားပြီး အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားဟန် ရှိသည်။ ၎င်းကို မြင်သောအခါ တန်လင်းက ချက်ချင်းပင် ဖြည့်စွက်ပြောလိုက်၏။

“ဥက္ကဋ္ဌရွှီ... အတွေ့အကြုံပိုင်းမှာဆိုရင်တော့ အကဲဖြတ်မှူးဂေါင်က အကဲဖြတ်မှူးလင်းထက် အများကြီး သာလွန်ပါတယ်”

​ဂေါင်ကျန်းကို ပြန်လည် မြှောက်ပင့်ပေးလိုက်ခြင်းက တင်းမာနေသော အခြေအနေကို အနည်းငယ် ပြေလျော့သွားစေသည်။ ဂေါင်ကျန်းမှာလည်း သူ၏ ဥက္ကဋ္ဌ စကားကြောင့် စိတ်သက်သာရာ ရသွားပုံရ၏။

​လင်းကျင်းမှာမူ သူ့ကို အခက်တွေ့အောင် လုပ်နေသော ဤရွှီဆိုသူကို စတင် သဘောမကျတော့ပေ။ လင်းကျင်းသည် ဂေါင်ကျန်းကို မကြောက်သော်လည်း၊ သူ၏ လုပ်ငန်းခွင် ဆက်ဆံရေးကို ဖျက်ဆီးရန် ကြိုးစားနေသူအား အလိုလိုက်ရန် အစီအစဉ် မရှိပေ။

​သို့သော် တန်လင်းက ပြန်လည် တုံ့ပြန်လိုက်ပြီ ဖြစ်သဖြင့် သူ ဘာမှ ထပ်ပြောနေရန် မလိုတော့ပေ။

​တစ်ဖက်လူမှာ အခွင့်အရေး ရတိုင်း ပြဿနာရှာရန် ကြိုးစားနေသည်ကို ကြည့်ခြင်းဖြင့် သူတို့တွင် မကောင်းသော ရည်ရွယ်ချက် ရှိနေကြောင်း လင်းကျင်း သိလိုက်ရသည်။ ထို့ကြောင့်ပင် တန်လင်းက သူ့ကိုရော ဂေါင်ကျန်းကိုပါ အမြန်ခေါ်လိုက်ခြင်း ဖြစ်ရမည်။

​သေချာသည်မှာ သူမ တစ်ယောက်တည်းနှင့် ဤလူအားလုံးကို ရင်ဆိုင်ရန် မလွယ်ကူပေ။

​တစ်ခါတစ်ရံတွင် တိုက်ရိုက် ထိပ်တိုက်တွေ့ခြင်းထက် ဤကဲ့သို့ သွေးခွဲဖျက်ဆီးခြင်းက ပိုမို ထိရောက်တတ်သည် မဟုတ်ပါလား။

​ထို့နောက် အုပ်စုလိုက် ထိုင်လိုက်ကြ၏။

​ရွှီအန်းချောင်က စကားစလိုက်သည်။

“ဥက္ကဋ္ဌတန်... မေပယ်မြို့ရဲ့ တရားဝင် အကဲဖြတ်မှူးတွေလည်း ရောက်လာပြီဆိုတော့ စောစောက စကားကိုပဲ ဆက်ရအောင်... ကျုပ်သိရသလောက်တော့ ဥက္ကဋ္ဌတန်ရဲ့ အဆက်အသွယ်တွေကတစ်ဆင့် မေပယ်မြို့ ဌာနခွဲအတွက် တရားဝင် ရာထူးနေရာ နှစ်ခု ထပ်တိုးဖို့ ဌာနချုပ်ကို တောင်းဆိုထားတယ် ဆိုတာပဲ... ဌာနချုပ်ဘက်က ကန့်ကွက်တာ မရှိဘူးလို့ သိရပေမဲ့ တရားဝင် ကြေညာချက်တော့ မထွက်သေးဘူးလေ၊ အဲဒါကို ဘာဖြစ်လို့ အဲဒီ ကိုယ်စားလှယ် နှစ်ယောက်ကို အတင်း ဆွဲထားနေရတာလဲ... ကျုပ်တို့ မြစ်စိမ်းမြို့မှာတော့ အခုလောလောဆယ် လစ်လပ်နေရာ နှစ်ခု ရှိနေတယ်၊ အဲဒါကြောင့် သူတို့ကို ကျုပ်တို့ဆီ အရင် လာခိုင်းလိုက်ရင် မကောင်းဘူးလား... ဥက္ကဋ္ဌတန်အနေနဲ့ ရာထူးတိုးတာ ကျလာမှ သင့်တော်တဲ့သူကို ထပ်ရှာလို့ ရတာပဲ... ဥက္ကဋ္ဌတန် ဘာဖြစ်လို့ ဒီကိစ္စကို ဒီလောက်အထိ ဇွတ်တရွတ် လုပ်နေရတာလဲဆိုတာ ကျုပ်တကယ်ကို နားမလည်နိုင်တော့ဘူး”

​လင်းကျင်းသည် သူတို့ ပြောသမျှကို အသေအချာ နားထောင်နေမိ၏။

​၎င်းမှာ လူခေါ်သည့် ကိစ္စအတွက် အပြိုင်အဆိုင် ဖြစ်နေကြခြင်း ဖြစ်ပေသည်။

​မေပယ်မြို့နှင့် မြစ်စိမ်းမြို့ အသင်းချုပ်တို့မှာ လူတစ်ဦးတ(သို့မဟုတ် နှစ်ဦး) အတွက် လုနေကြခြင်း ဖြစ်၏။

​တန်လင်းက ရာထူးနေရာ နှစ်ခု ထပ်တိုးရန် တောင်းဆိုထားသည်ကို လင်းကျင်း ကြားဖူးသော်လည်း၊ ဌာနခွဲနှစ်ခုကြားမှ ဤပြိုင်ဆိုင်မှုအကြောင်းကိုမူ ယခုမှ သိရခြင်း ဖြစ်သည်။

​သို့သော် မကြာမီမှာပင် လင်းကျင်း၏ စိတ်ထဲ၌ အဖြေက ပေါ်လာတော့သည်။

​လွန်ခဲ့သော ရက်အနည်းငယ်က ကျင်းပခဲ့သော တစ်နိုင်ငံလုံးဆိုင်ရာ သားရဲအကဲဖြတ်မှူး စာမေးပွဲတွင် အောင်မြင်ခဲ့သူများထဲ၌ ထူးချွန်ထက်မြက်သော ကိုယ်စားလှယ် နှစ်ဦး ပါဝင်လာခဲ့ပြီး သူတို့နှစ်ဦးစလုံးမှာ မေပယ်မြို့မှ ဖြစ်နေကြခြင်းပင်။

​သူတို့မှာ ရမှတ် အပြည့်နီးပါးဖြင့် အောင်မြင်ခဲ့ကြသည်ဟု ဆို၏။

​မည်သည့် သားရဲအကဲဖြတ်မှူး အသင်းချုပ်မဆို ဤကဲ့သို့ အလားအလာရှိသော ပါရမီရှင်များကို အရယူလိုကြသည်မှာ သဘာဝကျလှပေသည်။ သို့သော် မေပယ်မြို့ ဌာနခွဲမှာ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ဝမ်ကျိကြောင့် အခြေအနေ အလွန် ဆိုးရွားခဲ့ရ၏။ တရားဝင် ရာထူးနေရာ နှစ်ခုသာ ရှိခြင်းကပင် ဤဌာနခွဲ မည်မျှအထိ နိမ့်ပါးနေခဲ့သလဲဆိုသည်ကို ပြသနေခြင်း ဖြစ်သည်။

​အခြားမြို့များရှိ ဌာနခွဲများတွင် အနည်းဆုံး ရာထူးနေရာ လေးခုရှိပြီး အချို့နေရာများတွင် ၁၀ ဦးထက်ပင် ကျော်လွန်တတ်ကြသည်။ ထို့ကြောင့်ပင် ထူးချွန်သူများ ပေါ်ထွက်လာလျှင်ပင် မေပယ်မြို့မှာ သူတို့ကို ဆွဲထားရန် အင်အား မရှိခဲ့ပေ။

​သို့သော် တန်လင်း ရောက်လာချိန်တွင်တော့ ဤအခြေအနေကို ပြောင်းလဲရန် သူမ ကြိုးစားခဲ့သည်။

​သူမသည် ထိုပါရမီရှင်များကို ဆွဲထားနိုင်ရန်အတွက် ရာထူးနေရာအသစ်များကို တောင်းဆိုခဲ့ခြင်း ဖြစ်၏။ ဤသို့လုပ်မှသာ မေပယ်မြို့ သားရဲအကဲဖြတ်မှူး အသင်းချုပ်မှာ ရှေ့တန်းသို့ ပြန်လည် ရောက်ရှိလာနိုင်မည် မဟုတ်ပါလား။

​၎င်းမှာ အလွန်ကောင်းမွန်သော အစီအစဉ်တစ်ခု ဖြစ်သော်လည်း၊ ယခုကဲ့သို့ ပြဿနာတစ်ခု စောစီးစွာ ပေါ်လာလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။

​အကြောင်းရင်း တစ်စုံတစ်ရာကြောင့် မြစ်စိမ်းမြို့ အသင်းချုပ်က ရုတ်တရက် ပေါ်လာပြီး မေပယ်မြို့မှ ထိုပါရမီရှင် နှစ်ဦးကို သူတို့ဆီ ခေါ်ဆောင်သွားရန် ကြိုးစားနေခြင်းပင်။

​တန်လင်းမှာ ခေါင်းမာသော အမျိုးသမီးတစ်ဦး ဖြစ်သည့်အတိုင်း ဤကဲ့သို့ ဖြစ်လာမည်ကို သူမ ဘယ်တော့မှ ခွင့်ပြုမည် မဟုတ်ပေ။ သူမသည် ဝမ်ကျိထက် ပိုမို တင်းကျပ်သူဖြစ်ပြီး ထိုကိုယ်စားလှယ် နှစ်ဦးကို အစကတည်းက သူမ၏ လူအဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။

​မြစ်စိမ်းမြို ဌာနခွဲမှာလည်း အလျှော့မပေးဘဲ ရွှီအန်းချောင်သည် ယနေ့တွင် ထိုပါရမီရှင်များကို အရယူရန် သူ၏ လူများကိုပါ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်၏။

​တန်လင်းက ခိုင်မာစွာ တုံ့ပြန်လိုက်သည်။

“ဒါကတော့ မမှန်ဘူး ဥက္ကဋ္ဌရွှီ... အရင်လာတဲ့သူကို အရင်ဦးစားပေးရမယ် ဆိုတဲ့ စည်းမျဉ်းကို ရှင်လေးစားရမယ်... ဒါ့အပြင် ကျန်းဇယ်နဲ့ မော့ဟွမ်တို့က ကျွန်မတို့ မေပယ်မြို့က လာတဲ့သူတွေ ဖြစ်သလို၊ သူတို့ကို အရင် ချဉ်းကပ်ခဲ့တာကလည်း ကျွန်မပါပဲ... ရှင်တို့က အခုမှ ရုတ်တရက် ကြားဖြတ်လုဖို့ ကြိုးစားတာက ဘယ်လိုမှ မသင့်တော်ဘူးလို့ ကျွန်မ မြင်တယ်”

​ကျန်းဇယ်နှင့် မော့ဟွမ်တို့မှာ အဆင့် ၁ သားရဲအကဲဖြတ်မှူး စာမေးပွဲတွင် ထိပ်ဆုံးမှ အောင်မြင်ခဲ့သူ နှစ်ဦး ဖြစ်ရမည်။

​၎င်းမှာ ဥက္ကဋ္ဌနှစ်ဦးကြားမှ 'ပြိုင်ပွဲ' ဖြစ်နေသဖြင့် လင်းကျင်းနှင့် အခြားသူများမှာ ဝင်ရောက် စွက်ဖက်၍ မရနိုင်ပေ။

​ရွှီအန်းချောင်က တန်လင်း၏ တင်းမာလှသော တုံ့ပြန်မှုကို ဂရုမစိုက်ဟန်ဖြင့် ပြုံးလိုက်၏။

​“ဥက္ကဋ္ဌတန်... ဒီလို ငြင်းခုံနေတာက ဘာမှ အကျိုးမရှိပါဘူး... ကျန်းဇယ်နဲ့ မော့ဟွမ်တို့ရဲ့ စကားကိုပဲ နားထောင်ကြည့်ရအောင်... နောက်ဆုံးမှာတော့ ဒါက သူတို့ရဲ့ အနာဂတ်နဲ့ ဆိုင်တဲ့ ကိစ္စပဲ မဟုတ်လား”

​ဤအကြံပြုချက်မှာ ကျိုးကြောင်းဆီလျော်လှပေသည်။

​သို့သော် အခြေအနေမှာ ထိုမျှ မရိုးရှင်းနိုင်ကြောင်း လင်းကျင်း သိလိုက်၏။ တစ်ဖက်လူမှာ ထိုကိုယ်စားလှယ် နှစ်ဦးကို လျှို့ဝှက် ချဉ်းကပ်ထားပြီး ဖြစ်နိုင်သလို၊ အကျိုးခံစားခွင့် အချို့ကိုလည်း ကတိပေးထားပြီး ဖြစ်ပေလိမ့်မည်။

​၎င်းမှာ မရိုးသားသော နည်းလမ်းဖြင့် ယှဉ်ပြိုင်ခြင်း ဖြစ်ပြီး၊ အကယ်၍ လူတိုင်းသာ ဤသို့ လုပ်ဆောင်ကြမည်ဆိုလျှင် အကဲဖြတ်မှူး လောကတွင် ဖရိုဖရဲ ဖြစ်ကုန်ပေလိမ့်မည်။

​သို့သော် တစ်ဖက်လူကတော့ သူတို့၏ လုပ်ရပ်ကို ဘယ်တော့မှ ဝန်ခံမည် မဟုတ်ပေ။

​ယခုအခါ တန်လင်းမှာ အားနည်းချက် ရှိနေသည်မှာ အမှန်ပင်။

​ခြုံငုံကြည့်လျှင် မေပယ်မြို့ ဌာနခွဲမှာ မြစ်စိမ်းမြို့နှင့် မယှဉ်နိုင်ပေ။ မြစ်စိမ်းမြို့ အသင်းချုပ်မှာ ပိုမို ကြီးမားပြီး တရားဝင် ရာထူးနေရာ ရှစ်ခုအထိ ရှိနေကာ၊ မေပယ်မြို့မှာမူ သနားစရာကောင်းလောက်အောင် နှစ်နေရာသာ ရှိခြင်း ဖြစ်ပေသည်။

​၎င်းမှာ ကုမ္ပဏီကြီးတစ်ခုနှင့် ကုမ္ပဏီငယ်တစ်ခုတို့က ဝန်ထမ်းတစ်ဦးတည်းကို ပြိုင်လုနေခြင်းနှင့် တူပေသည်။ သေချာသည်မှာ ကုမ္ပဏီကြီးက ထိုလူကို ဆွဲဆောင်ရန် အခွင့်အရေး ပိုများလှပေသည်။

​တန်လင်း သက်ပြင်းချလိုက်ပြီး ကျန်းဇယ်နှင့် မော့ဟွမ်တို့ကို ခေါ်ခိုင်းလိုက်ရုံသာ ရှိတော့၏။

​ရွေးချယ်ခွင့် ပေးမည်ဆိုလျှင် ထိုပါရမီရှင် နှစ်ဦးမှာ မြစ်စိမ်းမြို့ကိုသာ ရွေးချယ်ကြမည်မှာ သေချာသလောက်ပင်။

​သားရဲအကဲဖြတ်မှူးများအတွက်လည်း ပိုမို ကောင်းမွန်သော ပတ်ဝန်းကျင်မှာ ရုန်းကန်ရခြင်းက သဘာဝကျလှသည် မဟုတ်ပါလား။

​လင်းကျင်းလည်း ခေါင်းခါလိုက်မိ၏။ ဤကဲ့သို့ အခြေအနေမျိုးတွင် သူ ဘာမှမတတ်နိုင်ပေ။ အမှန်တော့ သူသည် သူ၏ ဥက္ကဋ္ဌကိုရော သူ့ကိုယ်သူပါ ဘယ်လို နှစ်သိမ့်ရမလဲဟုပင် စတင် စဉ်းစားနေမိသည်။ အကယ်၍ ထိုသူတို့က မြစ်စိမ်းမြို့ကို သွားချင်ကြသည်ဆိုလျှင်လည်း သွားကြပါစေတော့။ စာမေးပွဲ ရလဒ်ကောင်းခြင်းက အလုပ်တွင် တကယ် ထူးချွန်မည်ဟု အမြဲတမ်း အာမခံနိုင်သည် မဟုတ်ရာ၊ ဤမျှအထိ ဇွတ်တရွတ် လုပ်နေစရာ မလိုဟု သူ ထင်မိသည်။

​သို့သော်လည်း ယှဉ်ပြိုင်လိုစိတ် ပြင်းထန်သော တန်လင်းကတော့ ၎င်းကို အလွယ်တကူ လက်ခံမည့်ပုံ မရှိပေ။

​သူတို့ ကျန်းဇယ်နှင့် မော့ဟွမ်တို့ကို စောင့်နေကြစဉ်မှာပင်၊ မြစ်စိမ်းမြို့မှ အဆင့် ၂ သားရဲအကဲဖြတ်မှူး တစ်ဦးက ရုတ်တရက် ထရပ်ကာ သူတို့ထံသို့ လျှောက်လာ၏။

​“ဥက္ကဋ္ဌတန်... အကဲဖြတ်မှူးလင်း... အကဲဖြတ်မှူးဂေါင်... မေပယ်မြို့ အကဲဖြတ်မှူးတွေရဲ့ စွမ်းရည်အကြောင်းကို ကျုပ်တို့ အများကြီး ကြားဖူးပါတယ်... အခုလို အခွင့်အရေး ရတုန်းမှာ ခင်ဗျားတို့ဆီကနေ လမ်းညွှန်မှုအချို့ကို ရယူချင်သလို၊ ကျုပ်တို့ရဲ့ ဗဟုသုတတွေကိုလည်း နှီးနှော်ဖလှယ်ချင်ပါတယ်... ခင်ဗျားတို့ရဲ့ စွမ်းရည်တွေကို ကျုပ်တို့ကို ပြသဖို့ ဝန်မလေးကြဘူးလို့ ကျုပ် မျှော်လင့်ပါတယ်”

ထိုသူ၏ စကားမှာ နှိမ့်ချနေသကဲ့သို့ ရှိသော်လည်း၊ သူ၏ မကောင်းသော ရည်ရွယ်ချက်မှာတော့ နေ့ခင်းကြောင်တောင်ကြီးကဲ့သို့ ထင်ရှားလှပေသည်။

​တန်လင်း၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့၏။

​မြစ်စိမ်းမြို့က လူများမှာ စည်းကျော်လာခဲ့ကြပြီ။ သူတို့သည် မေပယ်မြို့၏ ပါရမီရှင်များကို လာလုရုံသာမက၊ ယခုအခါ ဌာနခွဲတစ်ခုလုံးကိုပါ လာရောက် စိန်ခေါ်နေခြင်း ဖြစ်ပေသည်။

​သူတို့၏ ဥက္ကဋ္ဌ ရွှီအန်းချောင်မှာလည်း သူ၏ တပည့်ကို တားဆီးမည့် အရိပ်အယောင် မရှိသည်ကို ကြည့်ခြင်းဖြင့်၊ ဤဧည့်သည်တော်များမှာ အစကတည်းက ဤရည်ရွယ်ချက်ဖြင့် လာကြခြင်းဖြစ်ကြောင်း သူတို့ သုံးဦးစလုံး သိလိုက်ရတော့သည်။

​ဒါကတော့ တကယ်ကို လွန်လွန်းလှပြီ။

​တစ်ဖက်လူက 'ပညာသင်ပေးဖို့' တောင်းဆိုလာပြီ ဖြစ်သဖြင့် သူတို့အနေဖြင့် အလွယ်တကူ နောက်ဆုတ်ပေး၍ မရတော့ပေ။

​တန်လင်းသည် ဒေါသကို အံကြိတ်ထိန်းရင်း ပြန်ပြောလိုက်၏။ “အကဲဖြတ်မှူးတိန်... ရှင့်ကို လမ်းညွှန်ပေးနိုင်လောက်တဲ့အထိ ကျွန်မတို့မှာ စွမ်းရည်မရှိပါဘူး၊ ဒါပေမဲ့ ဗဟုသုတ နှီးနှော်ဖလှယ်ဖို့ ဆိုရင်တော့ ကျွန်မတို့ လက်ခံပါတယ်”

All Chapters