အခန်း (၁၃၉-၁၄၀)
Vol. 7 Ch. 139-140
အခန်း (၁၃၉) - လင်းကျင်း၏ သင်ကြားမှု
“နှစ်ယောက်စလုံး မဟုတ်ဘူးလား... ဒါဆို ဆရာရီ ဖြစ်မှာပေါ့... သူက ဘယ်တုန်းက ဒီလောက်အထိ တော်သွားရတာလဲ”
စုပေါင်အာ၏ အဖြေကြောင့် လော့ပေဟဲ အံ့ဩသွားရသည်။
စုပေါင်အာက ခေါင်းခါပြနေဆဲပင်။
“ဆရာရီလည်း မဟုတ်ပါဘူး”
“ဒါဆိုရင် ဘယ်သူလဲ”
“ကျွန်မလည်း သေချာမသိဘူး... စီနီယာတစ်ယောက်ပဲ... မနေ့က သူ မီးဝိညာဉ် ပူးကပ်ခြင်းအကြောင်း လေ့လာနေတာ တွေ့တာနဲ့ ကျွန်မက သွားမေးရင်း သူက ဒီနည်းလမ်းကို သင်ပေးလိုက်တာ” ဟု စုပေါင်အာက အမှန်အတိုင်း ဖြေလိုက်၏။
“စီနီယာ ဟုတ်လား... တပည့်တစ်ယောက်ပေါ့”
လော့ပေဟဲသည် ထိုအဖြေကို မယုံနိုင်အောင် ဖြစ်နေရသည်။ စုပေါင်အာမှာ အသင်းချုပ်အတွင်း မည်မျှအထိ နာမည်ကြီးသည်ကို သူမ သိထားသည် မဟုတ်ပါလား။ ဆရာသမားများပင်လျှင် စုပေါင်အာနှင့် မတွေ့အောင် ရှောင်နေကြရသည်မှာ သူတို့အပြစ် မဟုတ်ပေ။ ဤကလေးမလေးက မေးခွန်းများ စတင်မေးပြီဆိုလျှင် အဆုံးသတ်ရန် ခက်ခဲလှသလို၊ သူမ မေးသည့် မေးခွန်းများမှာလည်း စကားထာများထက်ပင် ခက်ခဲနေတတ်သောကြောင့် ဖြစ်၏။
တပည့်များထဲတွင် ရန်ကျယ်နှင့် လူယွမ်ဟယ်တို့မှာလည်း စုပေါင်အာကို သင်ကြားပေးနိုင်လောက်သည့် အဆင့်တွင် မရှိကြပေ။
ဒါဆိုရင် အဲဒီနှစ်ယောက်ကလွဲလို့ တခြား ဘယ်တပည့်က စုပေါင်အာကို သင်ပေးဖို့ သတ္တိရှိနေတာလဲ။
လော့ပေဟဲက ထပ်မံ မေးမြန်းသောအခါ၊ စုပေါင်အာက ထိုသူ၏ ရုပ်ရည်ကို ဖော်ပြပြီး သူ၏ သွေးစာချုပ်အဆင့်မှာ စတုတ္ထနယ်ပယ်သို့ ရောက်ရှိနေကြောင်း ပြောပြလိုက်၏။
လော့ပေဟဲ ဆွံ့အသွားရတော့သည်။
မေပယ်မြို့ တပည့်များထဲတွင် ယခုအချိန်အထိ စတုတ္ထနယ်ပယ်သို့ ရောက်ရှိထားသူ သုံးဦးသာ ရှိသေးသည်။ ရန်ကျဲ၊ စုပေါင်အာနှင့် လုယွန်ဟယ်တို့ပင်။ မနေ့ကမှ တပည့်သစ်တစ်ယောက် အသင်းချုပ်သို့ ဝင်ရောက်လာသည်ဟု ကြားမိသည်။ ထိုသူများ ဖြစ်နေမလား။
.......
လင်းကျင်းသည် ယနေ့တွင် ကျင့်ကြံသူများ အသင်းချုပ်သို့ မသွားဖြစ်ပေ။
ရန်ကျယ်ကို ရင်ဆိုင်ရန်အတွက် ‘မီးဝိညာဉ် ပူးကပ်ခြင်း’ ကို အသုံးပြုရန် ဆုံးဖြတ်ထားပြီးဖြစ်၍ ၎င်းကို သူ တတ်မြောက်ထားပြီး ဖြစ်၏။ သားရဲပြတိုက်က ပံ့ပိုးပေးထားသော အချက်အလက်များမှာ ကျင့်ကြံသူများ အသင်းချုပ်ရှိ မှတ်တမ်းများထက် သာလွန်နေသဖြင့် ထိုနေရာသို့ သွားရန် အကြောင်းမရှိတော့ပေ။
ထိုနေရာသို့ သွားရသည်မှာလည်း အလုပ်ရှုပ်လှပေသည်။
သူ သွားသည့် အခါတိုင်းတွင် သူ့အကြောင်း ကောလာဟလများကို ကြားနေရတတ်သဖြင့်၊ မသွားဘဲ နေခြင်းကသာ နားအေးရုံသာ ရှိတော့၏။
လင်းကျင်းသည် ညနေစောင်းအထိ သူ၏ အကဲဖြတ်ခန်းထဲတွင်သာ နေခဲ့သည်။ ထိုအချိန်တွင် ဟန်ဒုန်း ဝင်လာပြီး သူ့အတွက် ပါဆယ်တစ်ခု ရောက်နေကြောင်း ပြောပြ၏။
အပြင်ဘက်သို့ ထွက်ကြည့်ရာ ဆေးဖက်ဝင် ပစ္စည်းများနှင့် ငွေကြေးများ ထည့်ထားသော သေတ္တာငယ်လေးကို တွေ့လိုက်ရသည်။ ဤအရာများကို မည်သူ ပို့လိုက်သည်ကို လင်းကျင်း ချက်ချင်းပင် သိလိုက်၏။
ချန်မိသားစု၏ အကြီးအကဲ ချန်ဝမ်လင်းပင် ဖြစ်သည်။
ထိုလူမှာ အခုထိ လက်မလျှော့သေးပုံရ၏။ နေ့တိုင်း ဤကဲ့သို့ ‘စေတနာ’ များ ပြသနေလျှင် လင်းကျင်း၏ စိတ်ပြောင်းသွားမည်ဟု သူ တကယ် ထင်နေသလား။ လင်းကျင်း နှာခေါင်းရှုံ့လိုက်မိသည်။
ထိုလူကြီးမှာ မည်မျှအထိ အရှက်မရှိရသနည်း။ ပစ္စည်းများကို တံခါးဝတွင် ထားခဲ့ခြင်းမှာ လင်းကျင်းကို ငြင်းပယ်ရန် ခက်ခဲအောင် လုပ်ဆောင်နေခြင်း ဖြစ်ပေသည်။
အရင်တစ်ခေါက်က ဂုဏ်ပြုကမ္ပည်းပြားကို လက်ခံခဲ့သော်လည်း၊ ယခု ဆေးဖက်ဝင် ပစ္စည်းများမှာ အလွန်ပင် တန်ဖိုးကြီးလှ၏။ ငွေကြေးဆိုလျှင်လည်း မထိုက်တန်ဘဲ ရယူရန် အကြောင်းမရှိပေ။ ထို့ကြောင့် မည်မျှပင် ပြန်ပေးရသည်မှာ အလုပ်ရှုပ်ပါစေ၊ ၎င်းကို ပြန်ပေးရမည်သာ ဖြစ်၏။
“ဟန်ဒုန်း” လင်းကျင်းက လှမ်းခေါ်လိုက်ရာ ဟန်ဒုန်း ချက်ချင်း ရောက်လာသည်။
“ချန်အိမ်တော် ဘယ်မှာလဲဆိုတာ မင်းသိတယ် မဟုတ်လား” လင်းကျင်းက မေးလိုက်၏။ ဟန်ဒုန်းက ခေါင်းညိတ်ပြသည်။ ချန်ဆေးဆိုင်မှာ မေပယ်မြို့တွင် အတော်လေး လူသိများသော နေရာတစ်ခု ဖြစ်၏။ အချို့လူများက ချန်မိသားစုကို မြို့ကို အုပ်စိုးနေသော ထိပ်တန်း မိသားစုကြီး သုံးခုနှင့်ပင် နှိုင်းယှဉ်နေကြသဖြင့် ဟန်ဒုန်း မသိဘဲ မနေပေ။
“ဒီလက်ဆောင်တွေကို အကုန် ပြန်ပေးလိုက်ပါ... ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ပြန်ပေးရမယ်နော်... ပြီးတော့ မင်းက ငါ့ရဲ့ တပည့်ဖြစ်တဲ့အတွက် ငါ့ရဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေနဲ့” ဟု လင်းကျင်းက ညွှန်ကြားလိုက်သည်။
ကျောက်ရင်းနှင့် လုရှောင်ယုတို့မှာ မိန်းကလေးများ ဖြစ်ကြသဖြင့် အချို့သော အလုပ်များကို ခိုင်းစေရန် မသင့်တော်ပေ။ သို့သော် ဟန်ဒုန်းကတော့ ကွဲပြားလှ၏။ ဤကဲ့သို့သော တာဝန်မျိုးတွင် ဟန်ဒုန်းကို ခိုင်းရသည်မှာ လင်းကျင်းအတွက် ပို၍ စိတ်ချရပေသည်။
လင်းကျင်း၏ ရည်ရွယ်ချက်ကို သိရှိသွားသော ဟန်ဒုန်းသည် လက်ဆောင်များကို ယူကာ ဘာစကားမျှ ထပ်မပြောဘဲ ပျော်ပျော်ရွှင်ရွှင်နှင့် ထွက်သွားတော့၏။ သူ၏ ချိုပါသော ဝက်ကလေးကလည်း နောက်ကနေ တကောက်ကောက် လိုက်သွားလေသည်။
ကောင်းကင်ယံကို ကြည့်ပြီးနောက် လင်းကျင်း အိမ်သို့ ပြန်ရန် ပြင်လိုက်သည်။ ယနေ့ညတွင် သူသည် မြေခွေးမိစ္ဆာများထံသို့ သွားကာ ရှောင်ကျို၏ ဆေးကို လဲလှယ်ပေးပြီး အခြေအနေကို စစ်ဆေးရမည် ဖြစ်၏။
ညသန်းခေါင် အချိန်တွင်။
လင်းကျင်းသည် ရှောင်ဟော့နှင့်အတူ ထွက်ခွာရန် အသင့်ပြင်လိုက်သည်။ သူသည် ရွှေဝါလေးကို ခေါ်သွားရန် အစီအစဉ် မရှိသော်လည်း၊ ထိုကြက်ဖကြီးမှာ သူတို့ ဘယ်သွားမည်ကို သိနေသည့်အလား နောက်ကနေ တကောက်ကောက် လိုက်နေတော့သည်။
မောင်းထုတ်၍ မရသဖြင့် လင်းကျင်းသည် သူ့ကိုပါ ခေါ်သွားလိုက်ရတော့၏။
မြို့အပြင်ဘက် ရောက်ပြီး မှောင်လာချိန်တွင် လင်းကျင်းသည် ရှောင်ဟော့ကို သူ၏ ကြီးမားသော ပုံစံသို့ ပြောင်းလဲခိုင်းလိုက်ပြီး၊ ဝံပုလွေကျောပေါ်တွင် စီးနင်းကာ ခရီးဆက်ခဲ့သည်။
ကြီးမားသော ပုံစံဖြင့် ရှောင်ဟော့မှာ အလွန်ပင် ခန့်ညားထည်ဝါလှ၏။ ပေ ၂၀ ကျော် ရှည်လျားသော ကိုယ်ထည်ဖြင့် သူသည် မိုင်ပေါင်းများစွာကို ခဏချင်းအတွင်း ဖြတ်ကျော်နိုင်ပေသည်။
တောအုပ်ထဲသို့ ရောက်ရှိချိန်တွင် ရှန်းအာနှင့် အခြား မြေခွေးပေါက်လေးများမှာ သူတို့ကို စောင့်ကြိုနေကြပြီ ဖြစ်၏။
လင်းကျင်းကို မြင်သည်နှင့် ရှန်းအာက ဦးညွှတ်၍ အရိုအသေ ပေးလိုက်သည်။ မြေခွေးပေါက်လေးများကလည်း သူမကို အတုယူကာ ဦးညွှတ်ကြသည်မှာ မြင်ရသည်မှာ အလွန်ပင် ချစ်စရာ ကောင်းလှပေသည်။
လင်းကျင်းသည် မြေခွေးပေါက်လေးများအတွက် မုန့်အချို့ ယူလာခဲ့သဖြင့် သူတို့ကို ကမ်းပေးလိုက်၏။ ရှန်းအာနှင့် မြေခွေးလေးများမှာ ထိုမုန့်များကို ရရှိသဖြင့် အလွန်ပင် ဝမ်းသာပျော်ရွှင်စွာ စားသောက်ကြတော့သည်။
ဂူအတွင်းရှိ ရှောင်ကျိုမှာ သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့ပြီ ဖြစ်၏။ မိစ္ဆာသားရဲများ၏ ပြန်လည် နာလန်ထူနိုင်စွမ်းမှာ မည်မျှအထိ မြန်ဆန်သည်ကို လင်းကျင်း အံ့ဩမိသော်လည်း၊ ရှောင်ကျို၏ အခြေအနေမှာ သာမန်ဖျားနာမှု မဟုတ်ကြောင်း သူသိနေသည်။
ဒဏ်ရာမှတစ်ဆင့် လင်းကျင်းသည် ပုပ်သိုးနေသော မိစ္ဆာအရှိန်အဝါ တစ်မျိုးကို ခံစားနေရ၏။ မဟုတ်လျှင် မိစ္ဆာသားရဲတစ်ကောင်၏ ခံနိုင်ရည်နှင့်ဆိုလျှင် ရှောင်ကျိုမှာ ယခုအချိန်တွင် အရှင်း ပျောက်ကင်းနေသင့်ပြီ ဖြစ်သည်။ သာမန် ဖျားနာမှုတစ်ခုက သူမကို ဤမျှအထိ ဒုက္ခမပေးနိုင်ပေ။
လင်းကျင်းက ရှန်းအာကို အသေးစိတ် မေးမြန်းသောအခါ သူမက ပြန်ဖြေလိုက်သည်။
“ဆရာလင်းကို ဖုံးကွယ်ထားလို့ မရတော့ဘူးပဲ... ရှောင်ကျိုက တကယ်တော့ ဖျားတာမဟုတ်ဘဲ ဒဏ်ရာရခဲ့တာပါ”
ရှောင်ကျိုသည် အခြားသော မိစ္ဆာသားရဲ တစ်ကောင်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်း ဖြစ်ကြောင်း ရှန်းအာက လင်းကျင်းကို ပြောပြလိုက်၏။
ထိုစကားကို ကြားသောအခါ လင်းကျင်း ခေါင်းခါလိုက်မိသည်။
မိစ္ဆာသားရဲများကို ရှာရန် ခက်ခဲသည်ဆိုသော ဒဏ္ဍာရီများမှာ အမှန်မဟုတ်ပုံရ၏။
ဤနေရာရှိ မြေခွေးအုပ်စုအပြင်၊ မေပယ်မြို့အတွင်းရှိ ပျက်စီးနေသော ဘုရားကျောင်းတစ်ခု၏ ရေတွင်းဟောင်းထဲတွင်လည်း မြွေဟောက်နက်ကြီး တစ်ကောင် ပုန်းအောင်းနေသေးသည် မဟုတ်ပါလား။
၎င်းမှာ ဘေးဒုက္ခတစ်ခု ဖြစ်သဖြင့် လင်းကျင်းအနေဖြင့် ၎င်းကို ရှင်းလင်းရန် အစီအစဉ် ရှိပြီးသား ဖြစ်သည်။
လူသားများအတွက် လုပ်ဆောင်ပေးခြင်းဟု ဆိုနိုင်သော်လည်း၊ အဓိကမှာမူ ထိုမြွေကြီးက သူ့ကို ပြန်လည် ကဲ့ရဲ့ တိုက်ခိုက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။ သူနှင့် ထိုမြွေကြီးကြားတွင် ရန်ငြိုးရှိနေပြီဖြစ်ရာ ရန်သူကို အမြစ်ပြတ် ရှင်းလင်းထားခြင်းကသာ စိတ်အေးရပေလိမ့်မည်။
လွန်ခဲ့သော ရက်အနည်းငယ်က သူမသည် မြေခွေးပေါက်လေးများကို ခေါ်ကာ ဇိုရိုကုတောင်သို့ ခရီးတိုတစ်ခု သွားခဲ့စဉ်တွင် မိစ္ဆာသားရဲတစ်ကောင်နှင့် တွေ့ဆုံခဲ့ကြောင်း ရှန်းအာက ပြောပြသည်။
ထိုမိစ္ဆာမှာ အလွန်ပင် အစွမ်းထက်လှပြီး ရှန်းအာပင်လျှင် တိုက်ပွဲတွင် မနည်း ယှဉ်ပြိုင်ခဲ့ရ၏။ ရှောင်ကျိုသည် ထိုမိစ္ဆာ၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ရှောင်ကျို ရရှိခဲ့သော ဒဏ်ရာမှာ အသက်အန္တရာယ် မစိုးရိမ်ရသဖြင့်သာ ယခုကဲ့သို့ အသက်ရှင်နေခြင်း ဖြစ်ပေသည်။
ဇိုရိုကုတောင်။
၎င်းမှာ ဤနေရာမှ မိုင် ၈၀ ခန့် ဝေးကွာသော လူသူမနီးသည့် တောင်တစ်တောင် ဖြစ်ကြောင်း လင်းကျင်း သိလိုက်၏။ ဝါရင့် မုဆိုးများပင်လျှင် ထိုနေရာသို့ သွားရန် မဝံ့ရဲကြပေ။ ဆေးမြစ်ရှာဖွေသူ အနည်းငယ်သာ ဆေးဖက်ဝင် ပစ္စည်းများ စုဆောင်းရန်အတွက် တစ်ခါတစ်ရံ သွားတတ်ကြသည်။
လင်းကျင်း တွေးလိုက်မိသည်။ ‘အကယ်၍ ရှန်းအာနဲ့ အင်အားချင်း တူနေတယ်ဆိုရင် အဲဒါက အဆင့် ၄ မိစ္ဆာသားရဲ တစ်ကောင် ဖြစ်နေမှာလား’
နောက်ပိုင်းမှ လင်းကျင်း သိလိုက်ရသည်မှာ၊ ရှန်းအာသည် အဆင့်မြင့်သော်လည်း လူအသွင် ပြောင်းလဲခြင်းမှလွဲ၍ တိုက်ခိုက်ရေး စွမ်းရည်များကို ဘာမှ မသိရှိခြင်းပင်။
တစ်နည်းအားဖြင့်ဆိုသော် ရှန်းအာတွင် ကျင့်ကြံမှုသာ ရှိပြီး တိုက်ခိုက်ရေး ပညာရပ်များ မရှိပေ။ သူမ အကျွမ်းကျင်ဆုံး အရာမှာ လူသားအသွင် ပြောင်းလဲခြင်းသာ ဖြစ်၏။
ရှောင်ဝူမှာမူ ကျင့်ကြံမှုတွင် သူမ၏ အောက်တွင် ရှိသော်လည်း အိပ်မက်ထဲသို့ ကျူးကျော်ဝင်ရောက်ခြင်း ပညာရပ်တွင် ကျွမ်းကျင်ပေသည်။
အခြားသော မြေခွေးလေးများမှာမူ ဘာမှ မတတ်မြောက်ကြသေးပေ။ သူတို့တွင် ခိုင်မာသော ခန္ဓာကိုယ်နှင့် ဝိညာဉ်၊ ထက်မြက်သော ဉာဏ်ရည်များသာ ရှိကြသည်။
ယခုအခါ လင်းကျင်း အခြေအနေကို နားလည်သွားပြီ ဖြစ်၏။
အရင်က ဘုရားကျောင်းတွင် သင်ခန်းစာများ နားထောင်ခဲ့စဉ်က ရှန်းအာမှာ နားလည်နိုင်စွမ်း ပိုကောင်းသဖြင့် လူအသွင် ပြောင်းလဲခြင်းကို တတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ ထို့အတူပင် ရှောင်ဝူသည်လည်း အိပ်မက် ကျူးကျော်ခြင်းကို သင်ယူနိုင်ခဲ့၏။ ကျန်သော မြေခွေးလေးများမှာ နားလည်နိုင်စွမ်း အားနည်းသဖြင့် ရှန်းအာ သို့မဟုတ် ရှောင်ဝူတို့ကို မမီခဲ့ကြပေ။
နှစ်ပေါင်းများစွာအတွင်း သူတို့သည် ကျင့်စဉ်များကို ရှာဖွေရန် နယ်မြေအနှံ့ လှည့်လည်ခဲ့ကြသော်လည်း မတွေ့ရှိခဲ့ကြပေ။ ထို့ကြောင့် သူတို့၏ တိုးတက်မှုမှာ ရပ်တန့်နေရခြင်း ဖြစ်၏။ အကယ်၍ သူတို့ထက် ကျင့်ကြံမှု နိမ့်သော်လည်း တိုက်ခိုက်ရေး ပညာရပ်များ တတ်မြောက်ထားသော သတ္တဝါများနှင့် တွေ့ဆုံလျှင် မြေခွေးလေးများမှာ အနိုင်ရရန် မလွယ်ကူပေ။
သားရဲပြတိုက်အတွင်းတွင် လင်းကျင်းသည် ‘မိစ္ဆာ အသွင်ပြောင်းခြင်း’(မိစ္ဆာကျင့်စဥ်) ကျမ်းစာကို လေ့လာလိုက်၏။
၎င်းမှာ မိစ္ဆာသားရဲများအတွက် ရည်ရွယ်ထားသော ပြည့်စုံသည့် ကျမ်းစာတစ်စောင် ဖြစ်သည်။ လောလောဆယ်တွင် လင်းကျင်း၌ ၎င်း၏ ပထမတွဲသာ ရှိသော်လည်း လက်ရှိ အခြေအနေအတွက်တော့ လုံလောက်လှပေသည်။
‘ကိုယ်ပျောက်ခြင်း’၊ ‘စိတ်လှည့်စားခြင်း’၊ ‘ခန္ဓာကိုယ် ခိုင်မာစေခြင်း’၊ ‘ဒြပ်စင်ငါးပါး အငယ်စား’ နှင့် ‘အရာဝတ္ထုများကို ထိန်းချုပ်ခြင်း’။
ဤအရာများမှာ မိစ္ဆာ အသွင်ပြောင်းခြင်း ကျမ်းစာ၏ ပထမတွဲတွင် ပါဝင်သော စွမ်းရည်များ ဖြစ်ကြသည်။
စွမ်းရည်တိုင်းတွင် အသေးစိတ် ရှင်းလင်းချက်များ ပါဝင်သဖြင့် လင်းကျင်းအနေဖြင့် ဝက်တစ်ကောင်ကိုပင် တတ်မြောက်အောင် သင်ကြားပေးနိုင်လောက်ပေသည်။
ထို့ကြောင့်ပင် သူသည် သူ၏ ပထမဆုံး သင်ကြားမှုကို စတင်လိုက်တော့၏။
သူ၏ ပထမဆုံး ခေါင်းစဉ်မှာ ‘သားရဲ စွမ်းအင် ဖွဲ့စည်းခြင်း၊ အပိုင်း ၁’ ပင် ဖြစ်သည်။
ကျင့်ကြံမှုတွင် အဆင့်ဆင့် တိုးတက်ရန် အရေးကြီးသည့်အတိုင်း၊ ရှန်းအာနှင့် ရှောင်ဝူတို့ ၎င်းကို တတ်မြောက်ထားပြီး ဖြစ်သော်လည်း၊ လင်းကျင်း၏ သင်ကြားမှုမှတစ်ဆင့် သူတို့၏ အသိပညာကို ပိုမို ခိုင်မာစေမည့် အချက်အလက်သစ်များကို ရှာဖွေတွေ့ရှိနိုင်ပေလိမ့်မည်။
မြေခွေးလေးများမှာ စုရုံးရောက်ရှိလာကြပြီး လင်းကျင်း ပြောသမျှကို သေသေချာချာ နားထောင်နေကြ၏။ ရှန်းအာသည်လည်း လင်းကျင်း၏ သင်ခန်းစာကို နားထောင်ရန် ထိုင်လိုက်သည်။
သားရဲ စွမ်းအင် ဖွဲ့စည်းခြင်း အပိုင်း ၁ ကို ရှင်းပြပြီးနောက်၊ မြေခွေးလေးများမှာ ကိုယ်တိုင် စဉ်းစားနေကြတော့၏။ အချို့မှာ တစ်ခုခုကို သိမြင်သွားဟန် ရှိသော်လည်း၊ အချို့မှာမူ လင်းကျင်း ပြောပြလိုက်သော အချက်အလက်များအပေါ် ဇဝေဇဝါ ဖြစ်နေဆဲပင်။
၎င်းမှာ အရေးမကြီးသဖြင့် သူတို့ ဖြည်းဖြည်းချင်း သင်ယူနိုင်ပေသည်။
ထို့နောက် လင်းကျင်းသည် ‘မိစ္ဆာ အသွင်ပြောင်းခြင်း’ အကြောင်း စတင် ပြောပြလိုက်၏။
လင်းကျင်းသည် အစီအစဉ်ကို အနည်းငယ် ပြောင်းလဲလိုက်ပြီး ‘အရာဝတ္ထုများကို ထိန်းချုပ်ခြင်း’မှ စတင်ရန် ဆုံးဖြတ်လိုက်သည်။
ထိုစွမ်းရည်မှာ အတော်လေး လွယ်ကူသလို တိုက်စစ်ရော ခံစစ်မှာပါ အသုံးဝင်လှပေသည်။ ပြတိုက်က ၎င်းကို ‘စွယ်စုံသုံး စွမ်းရည်’ ဟု ခေါ်ဆိုခြင်းမှာ မဆန်းပေ။ သို့သော် မည်မျှပင် ရိုးရှင်းပါစေ၊ ၎င်းမှာ ပညာရပ်တစ်ခု ဖြစ်သည့်အတိုင်း တတ်မြောက်ရန်မှာတော့ မလွယ်ကူလှပေ။
လင်းကျင်းသည် ပြတိုက်မှ ပေးထားသော အချက်အလက်များကို အကိုးအကား ပြုကာ သူတို့ကို ဖြည်းဖြည်းချင်း ရှင်းပြလိုက်၏။ ထို့နောက် ရှန်းအာနှင့် အခြားသူများကို သူတို့ သင်ယူလိုက်သော အရာများကို ပြန်လည် စဉ်းစားရန် အချိန်ပေးလိုက်သည်။ အမှန်စင်စစ် ယခုအချိန်တွင် ရှန်းအာနှင့် ရှောင်ဝူတို့သာလျှင် ဤစွမ်းရည်ကို သင်ယူနိုင်စွမ်း ရှိကြ၏။ ကျန်သော မြေခွေးလေးများမှာမူ သူတို့၏ လက်ရှိ ကျင့်ကြံမှုနှင့် ဝိညာဉ်အင်အားအရ ဤစွမ်းရည်ကို မလုပ်ဆောင်နိုင်ကြသေးပေ။
နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ရှန်းအာ၏ နားလည်နိုင်စွမ်းမှာ အလွန်ပင် မြင့်မားလှပေသည်။
ခဏမျှ စဉ်းစားပြီးနောက်၊ သူမသည် အိပ်မက်ထဲက လက်ဆောင်တစ်ခုကို ရရှိလိုက်သည့်အလား ပြုံးရွှင်သွားတော့၏။ ထို့နောက် သူမသည် လင်းကျင်းကို သိချင်သည်များကို မေးမြန်းပါတော့သည်။
လင်းကျင်းကလည်း သူမ၏ မေးခွန်းအားလုံးကို အလေးအနက်ထား၍ ဖြေကြားပေးခဲ့၏။
ရှန်းအာသည် ထိုအချက်အားလုံးကို မှတ်သားပြီးနောက် ဦးညွှတ်လိုက်သည်။
“ကျွန်မတို့ကို လမ်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာလင်း”
အခန်း (၁၄၀) - အရာဝတ္ထုများကို ထိန်းချုပ်ခြင်း
လင်းကျင်းက ခေါင်းညိတ်ပြလိုက်ရင်း။
“ဒီစွမ်းရည်အတွက် သင်ကြားမှုကတော့ ဒီလောက်ပဲ... အခု မင်းနားလည်သွားပြီဆိုတော့ တစ်ချက်လောက် စမ်းကြည့်လိုက်ပါဦး”
ရှန်းအာ၏ စိတ်ထဲတွင်လည်း ထိုသို့စမ်းသပ်ရန် အကြံရှိပြီးသား ဖြစ်၏။ သူမသည် ဂါထာကို ရွတ်ဆိုလိုက်ပြီးနောက် အနီးအနားရှိ ကျောက်တုံးကြီးတစ်တုံးကို ညွှန်ပြကာ ‘အရာဝတ္ထု ထိန်းချုပ်ခြင်း’ ပညာရပ်ကို စတင် အသုံးပြုလိုက်တော့သည်။
ဂါထာများကို အသုံးပြုရာတွင် နားလည်နိုင်စွမ်းနှင့် လက်တွေ့လေ့ကျင့်မှု နှစ်ခုစလုံး ပေါင်းစပ်ရန် လိုအပ်ပေသည်။ မဟုတ်ပါက ကျရှုံးရန်သာ ရှိ၏။ ရှန်းအာ၏ ထူးခြားသော နားလည်နိုင်စွမ်းကို လင်းကျင်း အံ့ဩခဲ့ရသော်လည်း၊ ဂါထာများ မည်သို့ အလုပ်လုပ်သည်ကို သူမ သဘောပေါက်သွားသည့် အရှိန်အဟုန်မှာတော့ သူ့ကို ပို၍ပင် တုန်လှုပ်သွားစေခဲ့သည်။
ပထမဆုံး အကြိမ် ကြိုးစားမှုမှာပင် ထိုကျောက်တုံးကြီးမှာ လေထဲသို့ အနည်းငယ် ကြွတက်လာခဲ့၏။
ရှန်းအာသည် ဆက်လက်၍ လေ့ကျင့်နေခဲ့ရာ ငါးကြိမ်မြောက် ကြိုးစားမှုတွင်တော့ ကျောက်တုံးကို အနည်းဆုံး သုံးပေခန့်အထိ မြှောက်တင်နိုင်သွားခဲ့ပြီ ဖြစ်သည်။
တကယ့်ကို အံ့ဩစရာပင်။
မိစ္ဆာ အသွင်ပြောင်းခြင်း ကျမ်းစာကို ကိုင်ဆောင်ထားသည့်အတိုင်း လင်းကျင်းသည်လည်း ၎င်းကို သင်ယူချင်မိသည်မှာ အမှန်ပင်။ သို့သော် ၎င်းမှာ မိစ္ဆာသားရဲများအတွက်သာ သီးသန့်ဖြစ်သော နည်းစနစ်ဖြစ်သဖြင့် လူသားတစ်ဦးဖြစ်သော သူ၏အတွက် အသုံးမဝင်ပေ။ မိစ္ဆာစွမ်းအင်ကို မာနာအဖြစ် ပြောင်းလဲရန် သင်ယူရသည့် အခက်အခဲမှာ လင်းကျင်း ကျော်လွှားနိုင်သော အရာမဟုတ်ပေ။
ထို့ကြောင့် ကျင့်စဉ်နှင့် ဂါထာနည်းစနစ်များ ရှိနေသော်လည်း လင်းကျင်းအနေဖြင့် သားရဲများနှင့် မိစ္ဆာများကိုသာ သင်ကြားပေးနိုင်ပြီး၊ သူကိုယ်တိုင်တော့ သင်ယူ၍ မရနိုင်ပေ။
လက်ရှိအချိန်တွင် လူသားများသည် သူတို့၏ သွေးစာချုပ် သားရဲများနှင့် သက်ဆိုင်ရာ ဂါထာများကိုသာ ကျင့်ကြံနိုင်ကြ၏။ တိုက်ခိုက်ရေးပိုင်းတွင်မူ သူတို့သည် သားရဲများကိုသာ အဓိက အားကိုးနေရဆဲ ဖြစ်သည်။
မနားတမ်း လေ့ကျင့်ပြီးနောက် နာရီဝက်ပင် မပြည့်သေးခင်မှာပင် ရှန်းအာသည် ထိုစွမ်းရည်ကို ကျွမ်းကျင်သွားခဲ့ပြီ ဖြစ်၏။ သူမသည် လေးလံသော ကျောက်တုံးများကို မြှောက်တင်နိုင်သလို အရာဝတ္ထုများကိုလည်း စိတ်တိုင်းကျ ထိန်းချုပ်နိုင်လာသည်။ ဘေးမှ စောင့်ကြည့်နေသော လင်းကျင်းမှာ ရှေးဟောင်း ဓားပျံရှင်များကိုပင် သတိရသွားမိ၏။ ထိုဓားပျံများ၏ လျှို့ဝှက်ချက်မှာလည်း ဤကဲ့သို့သော ‘အရာဝတ္ထု ထိန်းချုပ်ခြင်း’ စွမ်းရည်မျိုး ဖြစ်နိုင်ပေသည်။ ၎င်းက ဓားသမားများကို ရန်သူနှင့် အလှမ်းဝေးသော နေရာမှနေ၍ တိုက်ခိုက်နိုင်စေသည် မဟုတ်ပါလား။
သို့သော် ယနေ့ခေတ်တွင် ဓားပျံများ မရှိတော့ပေ။ ပျံသန်းနေသော ကျောက်တုံးများသာ နေရာအနှံ့ ရှိနေတော့သည်။
ထိုအချိန်တွင် ရှန်းအာသည် ဂူအပြင်ဘက်သို့ ထွက်လာပြီး ပေအနည်းငယ်အကွာရှိ ပန်းကန်လုံးအရွယ် အချင်းရှိသော သစ်ပင်တစ်ပင်ကို ညွှန်ပြလိုက်၏။ သူမ လက်ညှိုးကို မြှောက်လိုက်သည်နှင့် ထိုသစ်ပင်မှာ မြေကြီးထဲမှ ချက်ချင်း ကျွတ်ထွက်လာတော့သည်။
“ကျစမ်း”
ရှန်းအာက လက်ညှိုးကို အောက်သို့ ဝှေ့ယမ်းလိုက်၏။ ထက်မြက်သော ဓားတစ်လက်ကဲ့သို့ပင် ထိုသစ်ပင်မှာ မြေကြီးထဲသို့ ဒိုင်းခနဲ မြည်သံနှင့်အတူ စိုက်ဝင်သွားတော့သည်။
လင်းကျင်း၏ ခန့်မှန်းချက်အရ ထိုသစ်ပင်မှာ ကီလိုဂရမ် ၁၅၀ ခန့် လေးလံပေလိမ့်မည်။ သင်ယူပြီး တစ်နာရီအတွင်းမှာပင် ဤအဆင့်အထိ လုပ်ဆောင်နိုင်ခြင်းမှာ ရှန်းအာ၏ ပညာရပ် တတ်မြောက်နိုင်စွမ်းမှာ တကယ့်ကို ကြောက်စရာ ကောင်းလှပေသည်။
သူမထက် ပို၍ စိတ်လှုပ်ရှားနေသူ မရှိတော့ပေ။ ရှန်းအာသည် သူမ၏ ဝမ်းသာမှုကို မဖုံးကွယ်နိုင်ဘဲ လင်းကျင်း၏ ရှေ့တွင် ဝပ်၍ဦးချလိုက်တော့၏။ လင်းကျင်း ကိုယ်တိုင် သင်ယူ၍ မရသော်လည်း သူ သင်ပေးလိုက်သူ တိုးတက်သွားသည်ကို မြင်ရသဖြင့် အောင်မြင်မှု အရသာကို ခံစားလိုက်ရသည်။
“ဆရာလင်း... ရှန်းအာ အခုချက်ချင်း ဇိုရိုကုတောင်ကို သွားချင်ပါတယ်” ဟု ရှန်းအာက ခိုင်မာသော မျက်လုံးများဖြင့် ပြောလိုက်၏။ သူမသည် ဇိုရိုကုတောင်ရှိ ရှောင်ကျိုကို ဒဏ်ရာရအောင် လုပ်ခဲ့သော မိစ္ဆာကို သွားရောက် လက်စားချေရန် ကြိုးစားနေခြင်း ဖြစ်ပေသည်။ အကယ်၍ ဤဂါထာကို မတတ်မြောက်ထားပါက ညီမလေးများကို စောင့်ရှောက်ရဦးမည် ဖြစ်သဖြင့် ထိုနေရာသို့ ပြန်သွားရန် သူမ စဉ်းစားမည် မဟုတ်ပေ။ ထို့ပြင် ထိုကြောက်စရာကောင်းသော မိစ္ဆာကို တိုက်ခိုက်ရန်လည်း သူမတွင် ဘာလက်နက်မျှ မရှိခဲ့ပေ။
သို့သော် ယခုမူ စွမ်းရည်အသစ် ရရှိထားပြီဖြစ်ရာ သူမ လက်စားချေရပေလိမ့်မည်။
လင်းကျင်းလည်း သူမကို မတားခဲ့ပေ။
အမှန်အတိုင်း ပြောရလျှင် သူကိုယ်တိုင်လည်း ဇိုရိုကုတောင်သို့ သွားချင်နေခြင်း ဖြစ်၏။ ဤကမ္ဘာတွင် မိစ္ဆာသားရဲများ ရှိနေသေးသော်လည်း အများစုမှာ တောင်နက်ကြီးများထဲတွင် ပုန်းအောင်းနေကြသဖြင့် ရှာဖွေရန် ခက်ခဲလှပေသည်။ ၎င်းမှာ သူ၏ ဗဟုသုတကို တိုးပွားစေရန်အတွက် အခွင့်ကောင်း ဖြစ်သလို၊ တစ်ဖက်တွင်လည်း ရှန်းအာ၏ စွမ်းရည် မည်မျှအထိ ရှိသည်ကို စစ်ဆေးနိုင်မည် ဖြစ်သည်။
အန္တရာယ် ရှိနိုင်မလား။
မရှိနိုင်ပေ။
အကယ်၍ ရှန်းအာသာ သူမ၏ ညီမလေးများနှင့်အတူ ထိုနေရာမှ ထွက်ပြေးနိုင်ခဲ့သည်ဆိုလျှင်၊ ဇိုရိုကုတောင်မှ မိစ္ဆာမှာ ဤမျှအထိ ကြောက်စရာ မကောင်းဟု ဆိုနိုင်ပေသည်။ ထို့ပြင် သူ့တွင် ရှောင်ဟော့နှင့် ရွှေဝါလေးတို့လည်း ပါဝင်နေသည် မဟုတ်ပါလား။ တစ်ယောက်ချင်း တိုက်လို့ မနိုင်လျှင်တောင် အုပ်စုလိုက် ဝိုင်းတိုက်၍ ရသေးသည်။
ဇိုရိုကုတောင်မှာ သူတို့ရှိရာမှ မိုင် ၈၀ ခန့် ဝေးကွာပေသည်။ ရှန်းအာသည် ရှောင်ဝူကို အခြားမြေခွေးလေးများကို စောင့်ရှောက်ရန် မှာကြားခဲ့ပြီးနောက်၊ ရှောင်ဟော့၏ ကျောပေါ်သို့ တက်ကာ လင်းကျင်းနှင့်အတူ ထွက်ခွာခဲ့ကြတော့၏။
ညဉ့်နက်ပိုင်းတွင် ကြီးမားသော ဝံပုလွေကြီးမှာ တောအုပ်ကို ဖြတ်ကျော်၍ အရှိန်အဟုန်ဖြင့် ပြေးလွှားနေသည်။ ၎င်းမှာ လူသူမရှိသော နယ်မြေဖြစ်သဖြင့် သူတစ်ပါး မြင်သွားမည်ကို စိုးရိမ်စရာ မလိုပေ။
ရှန်းအာသည် လင်းကျင်းက အဘယ်ကြောင့် ဤကြက်ဖကြီးကို သွားလေရာ ခေါ်သွားရသနည်းဟု သိချင်နေမိ၏။ လင်းကျင်းက ရှင်းပြလိုက်သည်။
“ဒီနှစ်ကောင်သာ တိုက်ခိုက်ကြမယ်ဆိုရင် ရှောင်ဟော့က ရွှေဝါလေးကိုတောင် နိုင်ချင်မှ နိုင်မှာ”
ခြေလျင်သွားလျှင် မိုင် ၈၀ ခရီးမှာ တစ်ညလုံး ကြာနိုင်သော်လည်း၊ ကြီးမားသော ပုံစံရှိသည့် ရှောင်ဟော့နှင့်ဆိုလျှင် မိနစ် ၃၀ မပြည့်ခင်မှာပင် သူတို့ လိုရာခရီးသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။
ဇိုရိုကုတောင်မှာ အခြားတောင်တန်းများက ဝန်းရံထားသော တောင်တစ်တောင် ဖြစ်ပေသည်။
ထိုတောင်သို့ ရောက်ရန် တောင်ကုန်းတစ်ခုပြီးတစ်ခု ကျော်ဖြတ်ရသလို၊ တစ်နေရာလုံးတွင်လည်း သစ်ပင်များ ထူထပ်စွာ ပေါက်ရောက်နေ၏။ နေ့ခင်းဘက်တွင်ပင် လူသူအရောက်အပေါက် နည်းလှသဖြင့် ဤကဲ့သို့ မနက်အစောပိုင်း အချိန်တွင်ဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။
“အဲဒါက ဘယ်လို မိစ္ဆာမျိုးလဲ”
လင်းကျင်းက ရုတ်တရက် မေးလိုက်သည်။
ရှေ့ဘက်ရှိ မှောင်မည်းနေသော တောင်တန်းကြီးကို စိုက်ကြည့်ရင်း ရှန်းအာက ပြန်ဖြေလိုက်၏။
“အဲဒါ ဝံပုလွေတစ်ကောင်ပါ”
ဝံပုလွေ ဟုတ်လား။
ဝံပုလွေများမှာ အုပ်စုလိုက် နေတတ်သော သတ္တဝါများ ဖြစ်ကြသည်။
ရှန်းအာအနေဖြင့် ဝံပုလွေတစ်ကောင်တည်းကိုသာ တွေ့ခဲ့ခြင်း ဟုတ်မဟုတ် လင်းကျင်းက ထပ်မံ မေးမြန်းလိုက်၏။
“တစ်ကောင်တည်းပါ... အဲဒီဝံပုလွေမှာ သန်မာတဲ့ ခန္ဓာကိုယ် ရှိပေမဲ့ သူ့ရဲ့ အသွင်ပြောင်းလဲခြင်း စွမ်းရည်ကတော့ ကျွန်မထက် နိမ့်တယ်... ဒါကြောင့် သူက လူတစ်ပိုင်း ဝံပုလွေတစ်ပိုင်း အခြေအနေမှာပဲ ရှိနေသေးတယ်... သူက လေကို ထိန်းချုပ်နိုင်စွမ်း ရှိတယ်၊ အဲဒါကြောင့်ပဲ အရင်တစ်ခေါက်က ကျွန်မတို့ ရှုံးခဲ့ရတာ ဖြစ်မယ်”
ရှန်းအာမှာ သူမတို့ ရှုံးနိမ့်ခဲ့ရခြင်းအပေါ် နာကျည်းနေဆဲပင်။ လင်းကျင်းလည်း သူမနေရာမှာဆိုလျှင် မိမိ၏ ညီမလေးကို ဤသို့ နာကျင်အောင် လုပ်သူအပေါ် ထပ်တူ ခံစားရမည်မှာ အမှန်ပင်။
ဇိုရိုကုတောင်၏ အပြင်ဘက် နယ်မြေတွင် တောရိုင်းတိရစ္ဆာန်များကို တွေ့မြင်နေရဆဲ ဖြစ်သော်လည်း၊ တောနက်ထဲသို့ ဝင်လာသည်နှင့်အမျှ တိရစ္ဆာန် အရေအတွက်မှာ နည်းပါးသွားပြီး၊ နောက်ဆုံးတွင်တော့ ဘာသတ္တဝါမျှ မတွေ့ရတော့ပေ။
သို့သော် ၎င်းမှာ သူတို့သည် ဝံပုလွေမိစ္ဆာနှင့် နီးကပ်လာပြီ ဖြစ်ကြောင်း ပြသနေခြင်းသာ။
ရှောင်ဟော့သည် သူ၏ သာမန်ပုံစံသို့ ပြန်လည် ပြောင်းလဲလိုက်ပြီ ဖြစ်သည်။ အန္တရာယ်ကို ရိပ်မိသည့်အတိုင်း သူသည် အသံခပ်အုပ်အုပ်ဖြင့် ဟိန်းလိုက်၏။ ရွှေဝါလေးကတော့ ပုံမှန်အတိုင်း တည်ငြိမ်နေပြီး ပတ်ဝန်းကျင်ကို ဂရုမစိုက်ဟန် ပြနေသည်။ အကယ်၍ လင်းကျင်းသာ သူ့ကို အတင်းဖမ်းမထားလျှင်၊ သူသည် ခရီးလမ်းတစ်လျှောက် မြေကြီးထဲမှ ပိုးကောင်များကို လိုက်လံ ရှာဖွေစားသောက်နေမိမည်မှာ သေချာလှပေသည်။
“ရောက်ပြီ”
ရှန်းအာက ရှေ့ဘက်ရှိ ဂူတစ်ခုကို ညွှန်ပြလိုက်၏။
ဂူ၏ ပတ်ပတ်လည်တွင် ကျောက်တုံးများသာ ရှိနေသည်။ ၎င်းမှာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီဖြစ်သော သဘာဝဂူတစ်ခု ဖြစ်ကြောင်း ထင်ရှားလှပေသည်။ ဂူဝမှာ အလွန်မကြီးသော်လည်း မှောင်မည်းနေကာ၊ တောရိုင်းတိရစ္ဆာန်များ၏ အရိုးစုများမှာလည်း ပြန့်ကျဲနေသဖြင့် ကြောက်မက်ဖွယ် ကောင်းလှ၏။
ဤနေရာသို့ ရောက်ကတည်းက လင်းကျင်းမှာ စိတ်ထဲတွင် တစ်မျိုးကြီး ခံစားနေရသည်။ တစ်စုံတစ်ယောက်က သူတို့၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသကဲ့သို့ပင်။
သေချာသည်မှာ ၎င်းမှာ ဝံပုလွေမိစ္ဆာပင် ဖြစ်ရမည်။
တောရိုင်းထဲတွင် ဝံပုလွေအုပ်နှင့် တွေ့ဆုံခြင်းမှာ ကြောက်စရာကောင်းသော အတွေ့အကြုံဖြစ်သော်လည်း၊ ဝံပုလွေအုပ်ထက် ပို၍ ကြောက်စရာကောင်းသည်မှာ ဝံပုလွေတစ်ကောင်တည်းပင် ဖြစ်၏။
သူတို့မှာ အုပ်စုလိုက် လှုပ်ရှားသော ဝံပုလွေများထက် ပို၍ ရက်စက်ကြမ်းကြုတ်သလို၊ ပို၍ အန္တရာယ်ရှိပြီး ပို၍လည်း ပါးနပ်ကြပေသည်။
ရှန်းအာ၏ ပြောပြချက်အရ ဤဝံပုလွေမိစ္ဆာမှာ အမြဲတမ်း တစ်ကောင်တည်းသာ နေထိုင်သူ ဖြစ်၏။
ခဏမျှ ငြိမ်သက်သွားကြသည်။ မည်သူမျှ စကားမပြောကြပေ။ ညဦးလေပြေကြောင့် သစ်ရွက်များ လှုပ်ခတ်နေသည့် အသံကိုသာ ကြားနေရ၏။
သို့သော် ရုတ်တရက် လေတိုက်သံမှာ ပိုမို ကျယ်လောင်လာတော့သည်။
တစ်ခုခုကို သတိထားမိသည့်အတိုင်း ရှောင်ဟော့သည် လမ်းကြောင်းတစ်ခုသို့ ဦးတည်၍ ဟိန်းလိုက်၏။ လင်းကျင်း၏ ခွင့်ပြုချက် ရသည်နှင့် သူသည် တောအုပ်အတွင်းရှိ မှောင်မည်းနေသော နေရာတစ်ခုထဲသို့ ချက်ချင်းပင် ခုန်အုပ်ဝင်ရောက်သွားတော့သည်။
တိုက်ခိုက်သံများ ထွက်ပေါ်လာတော့၏။
ရှန်းအာသည် လျင်မြန်သော လှုပ်ရှားမှုဖြင့် ၁၀ ပေခန့် မြင့်သော သစ်ပင်ပေါ်သို့ ခုန်တက်လိုက်သည်။ ထို့နောက် အနီးအနားရှိ ကြီးမားသော ကျောက်တုံးတစ်တုံးကို လေထဲသို့ မြှောက်တင်လိုက်ပြီး ထိုဘက်သို့ ပြင်းထန်စွာ ပစ်ပေါက်လိုက်တော့၏။
လင်းကျင်းမှာတော့ နေရာမှ မရွေ့ပေ။
သူကိုယ်တိုင် ထိုကဲ့သို့ အသက်လုတိုက်ပွဲထဲသို့ ဝင်ရောက်မည် မဟုတ်ပေ။ အနီးကပ် တိုက်ခိုက်ခြင်းမှာ သူ ကျွမ်းကျင်သော အရာမဟုတ်သည် မဟုတ်ပါလား။
သူ၏ တာဝန်မှာ ဘေးမှ စောင့်ကြည့်ပြီး ဗျူဟာများ ချမှတ်ကာ အမိန့်ပေးရန်သာ ဖြစ်၏။
ပြင်းထန်သော လေပြင်းများကြောင့် မြေပြင်ပေါ်ရှိ သဲများနှင့် ကျောက်တုံးများမှာ လွင့်စင်နေကြသည်။
ရှောင်ဟော့သည် ကြောက်မက်ဖွယ်ကောင်းသော လေနက်ကြီးတစ်ခု၏ ဝန်းရံခြင်းကို ခံလိုက်ရသဖြင့်၊ သူ၏ ကြီးမားသော ပုံစံသို့ ပြောင်းလဲလိုက်ရတော့၏။ လေမှာ မည်မျှပင် ပြင်းထန်ပါစေ၊ ကြီးမားသွားသော ရှောင်ဟော့ကိုတော့ လွင့်စင်အောင် မလုပ်နိုင်ပေ။
တစ်ဖက်တွင်လည်း ရှန်းအာ ရပ်နေသော သစ်ပင်မှာ မမြင်ရသော အင်အားတစ်ခုကြောင့် ပြိုလဲသွားခဲ့သည်။ သူမသည် သစ်ကိုင်းများပေါ်တွင် လျင်မြန်စွာ လှုပ်ရှားရင်း ကျောက်တုံးများနှင့် သစ်ကိုင်းများကို ရန်သူထံသို့ မနားတမ်း ပစ်ပေါက်နေ၏။ သူမ၏ ထက်မြက်သော ဉာဏ်ကို အသုံးပြု၍ ကျောက်တုံးကြီးများကို အကာအကွယ်အဖြစ်ပင် အသုံးပြုနေသေးသည်။
ရှေ့ဘက်ရှိ သစ်ပင်များစွာမှာ ကျိုးပျက်ကုန်ကြပြီး သားရဲဟိန်းသံများမှာလည်း ဆက်တိုက် ထွက်ပေါ်နေ၏။
သူတို့မှာ ပြင်းထန်သော တိုက်ပွဲတစ်ခုတွင် ရောက်ရှိနေကြပြီ ဖြစ်သည်။
လင်းကျင်းသည် ထိုဘက်သို့ အာရုံစိုက် ကြည့်လိုက်သောအခါ တိုက်ပွဲကြောင့် ပျက်စီးသွားသော အခြေအနေများကို မြင်လိုက်ရ၏။ သစ်ပင်များစွာ လဲကျသွားသဖြင့် တိုက်ပွဲကွင်းပြင်မှာ ပိုမို ရှင်းလင်းသွားခဲ့ပြီ ဖြစ်သည်။
လရောင်၏ အကူအညီဖြင့် လင်းကျင်းသည် ၆ ပေခန့် မြင့်သော လူတစ်ပိုင်း သားရဲတစ်ကောင်ကို မြင်လိုက်ရတော့၏။
ရှန်းအာ၏ အစောပိုင်းက ပြောပြချက်မှာ မှန်ကန်နေပေသည်။ ဤဝံပုလွေမိစ္ဆာမှာ လူတစ်ပိုင်း သားရဲတစ်ပိုင်း ဖြစ်၏။ သူသည် လူသားကဲ့သို့ မတ်တပ်ရပ် လမ်းလျှောက်နိုင်သလို ခြေလက်လေးဖက် ရှိသော်လည်း၊ တစ်ကိုယ်လုံးတွင် အမွှေးအမျှင်များ ဖုံးလွှမ်းနေကာ သွေးဆာနေသော ဝံပုလွေခေါင်း ရှိနေပေသည်။