အခန်း (၂၈၉-၂၉၀)
Vol. 22 Ch. 289-290
အပိုင်း(၂၈၉)
အသက်ရှည်ခြင်းပဋိညာဉ်
နှစ်ကုန်ချိန်တွင် လေထဲ၌ နှင်းလွှာများက ကခုန်နေခဲ့ကြသည်။
အိမ်ထဲ၌ ကုအန် ဂိုဏ်းခွဲကအကြောင်းများကိုပြန်ပြောပြနေသော ရီလန့်အတွက် လက်ဖက်ရည်ငှဲ့ပေးနေခဲ့၏။
နှစ်ပေါင်းများစွာ မတွေ့ရသည့်နောက်တွင် ရီလန့်ပုံစံက ကြီးမြတ်သည့်ကျင့်ကြံသူတစ်ယောက်နှင့် ပိုတူလာခဲ့သည်။ နတ်အသွင်ပြောင်းခြင်းအဆင့်များသည် ကုန်းမြေတိုက်ကြီးနေရာအနှံ့တွင် အုပ်ချုပ်သူမျာဖြစ်ကြသောကြောင့် တစ်ရက်ပြီးတစ်ရက် သူမပုံစံက ကြီးမြတ်သောကျင့်ကြံသူနှင့် ပိုတူလာခဲ့၏။
အရင်ကထိုကောင်မလေးသည် သူ့နောက်တစ်ကောက်ကောက်လျှောက်လိုက်တတ်သော ကောင်မလေးဲဖြစ်ပြီး အခုတော့ ကြီးမြတ်သောကျင့်ကြံသူတစ်ယောက်ပင် ဖြစ်နေခဲ့ချေပြီ။ ထိုအရာက ကုအန်ကို အတိတ်ကိုပြန်သတိရမိသွားစေသလို ဂုဏ်လည်းယူသွားစေခဲ့သည်။
သူမဂိုဏ်းခွဲက အတွေ့အကြုံများမှာ အာဏာပြိုင်ဆိုင်ခြင်းအကြောင်းများနှင့် အကျိုးအမြတ်များ ရရှ်ိခဲ့ခြင်းအကြောင်းများ ဖြစ်ကြ၏။ လုပိုင်ထျန်း၏ လမ်းဖောက်ပေးမှုနှငိ့အတူ သူမသည် ဂိုဏ်းခွဲတွင် ပဋိပက္ခအားလုံး၌ အောင်မြင်ခဲ့ပြီးအကျိုးကျေးဇူးများလည်း ရရှိခဲ့ကာ ချောမွေ့သည်ဟု ပြော၍ ရပေသည်။
သူ့အကြောင်းများပြောပြီးသည့်နောက် ကုအန်အကြောင်းလည်း မေးလိုက်၏။
“အပင်တွေစိုက်တယ် စစ်တုရင်ကစားတယ်
နောက်ပြီး တစ်ခါတလေ တပည့်တွေကိုစနောက်တယ် အစ်ကိုကြီးဘ၀က အတော်လေးအေးချမ်းပါတယ်” ကုအန် ရီလန့်ကိုကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
ရီလန်မျက်လုံးပင့်လိုက်ကာ မေးလိုက်၏။
“အောက်ထပ်က ကောင်မလေးကဘယ်သူလဲ”
နင်ဒါကိုမေးချင်လို့ စကားစနေတာမဟုတ်လား!
ထိုအရာက ကုအန်အတွေးသာဖြစ်ပြီး အပြင်မှာတော့ ထိုသို့မပြောပေ။
“သူ့သရုပ်မှန်ကမရိုးရှင်းဘူး အစ်ကိုကြီးညီမလေးကို ပြောပြလိုက်ပြီးရင် ညီမလေးနှုတ်လုံမှရမယ်နော်!”
အိမ်ထဲတွင် စည်းအလွှာတစ်ခုရှိပြီး နတ်အသွင်ပြောင်းခြင်းအဆင့်အောက်များ စစ်ဆေးဖို့မဖြစ်နိုင်သောကြောင့် ကျိရှောင်ယု သူတို့စကားများကိုမကြားနိုင်ခဲ့ပေ။
ရီလန်အမူအရာမဲ့စွာ ခေါင်းညိတ်ပြလိုက်၏။
ကုအန်အသက်ပြင်းပြင်းရှူလိုက်ကာ ပြောလိုကသည်။
“သူ့နာမည်က ကျိရှောင်ယုတဲ့ ညီမလေးနားလည်တယ်မဟုတ်လား”
ရီလန်မျက်မှောင်ကြုံ့ကာမေးလိုက်၏။
“ကျိရှောင်ယုက သေသွားပြီမလား”
ကျိရှောင်ယုသည် တစ်ခါက ကမ္ဘာကျော်ပါရမီရှင်တစ်ယောက်ဖြစ်ခဲ့ပြီး လှလည်းလှပသောကြောင့် အတော်လေးကျော်ကြားသူဖြစ်၏။ သူမသေဆုံးသွားသောအခါ လူအများအပြားအံ့ဩတုန်လှုပ်ကုန်ကြပြီး ထိုသတင်းကို ရီလန်လည်း ကြားလိုက်သေးသည်။
“သူကသေသွားခဲ့ပေမယ့် ပြန်လည်မွေးဖွားလာခဲ့တာ…”
ထို့နောက် ကုအန် ဒြပ်ငါးမျိုးခိုးယူခြင်းဆီမှ ကြားခဲ့သော သတင်းများအားလုံးကို ပြန်ပြောပြလိုက်လေသည်။
ထိုစကားကိုကြားသောအခါ ရီလန်လည်း ထိတ်လန့်သွားခဲ့၏။ ထိုကဲ့သို့သော ဆန်းကြယ်မှုမျိုး ဤကမ္ဘာတွင်ရှိနေပြီး ကျိရှောင်ယု၏ နောက်ခံက သူမအရင်ကထင်ထားတာထက် အများကြီးမြင့်မားနေခဲ့သည်။
ကုအန်သတိထား၍ ပြောလိုက်၏။
“ဂျူနီယာညီမလေး ဒီကိစ္စကိုထုတ်ပြောလို့မဖြစ်ဘူးနော် မဟုတ်ဘဲ ပြန်လည်မွေးဖွားခြင်းလိုကိစ္စမျိုးမှာ ပါဝပတ်သက်မိသွားရင် ရန်သူက အစ်ကိုကြီးတို့ ရင်ဆိူင်နိုင်တာမျိုးမဟုတ်ဘူး အဲ့လိုကိစ္စမျိုးနဲ့ကြုံရရင် အဓိပတိဂိုဏ်းတောင် ပျက်သုန်းသွားရလိမ့်မယ်”
ရီလန်ခေါင်းညိတ်ပြလိုက်ကာ အံ့အားသင့်နေဟန်ဖြငိ့ ပြောလိုက်သည်။
“အရိုးသားဆိုးပြောရရင် ညီမလေးကသ၀န်တိုရုံပါ ဒါပေမယ့် အခုမတိုတော့ဘူး သူနဲ့ညီမလေးတို့ကြား ကွာဟချက်က အရမ်းကြီးမားတယ် သူက စီနီယာအစ်ကိုကြီးအပေါ် စိတ်ကူးယဉ်မှုရှ်ိမရှိက ပြောစရာတောင်မလိုတော့ဘူး တကယ်လ့်ို ရှ်ိနေရင်တောင် အဲ့တာကကောင်းတဲ့အရာလို့ ညီမလေးထင်တယ် အစ်ကိုကြီးရဲ့ ပါရမီကသာမန်ပဲလို့ အစ်ကိုကြီးပြောတယ်မဟုတ်လား အဲ့လိုစီနီယာမျိုးနဲ့သာ ဆက်ဆံရေးတစ်ခုခုရှိနေရင် အစ်ကိုကြီးအဲ့တာကို တန်ဖိုးထားရမယ်နော် သူကအစ်ကိုကြီးကံကြမ္မာကို ပြောင်းလဲပေးနိူင်လောက်တယ်”
သူမအလေးအနက်ဖြစ်နေဟန်ဖြင့် ပြောလိုက်သည်။
ကုအန်လည်း သူမအပြုအမူကြောင့် ခံစားသွားခဲ့ရသည်။
အမှန်အတိုင်းပြောရလျှင် သူ့အရင်ဘ၀အတွေ့အကြုံများကြောင့် လူတစ်ယောက်က အခြားတစ်ယောက်ကို အတ္တလုံး၀မပါဘဲ ချစ်နိုင်ဖို့က မဖြစ်နိုင်ဘူးဟု သူခံစားခဲ့ရသည်။ အချစ်ဟူသော အရာကပင် တယောက်ချင်းစီ၏ လိုအပ်ချက်များမှ စတင်လာခြင်းဖြစ်သည်။
သူရီလန့်ကို အကြိမ်များစွာ ငြင်းဆန်ခဲ့သော်လည်း သူမကတော့ လက်မလျှော့ခဲ့သည့်အတွက် သူသူမကို မနာကျင်စေလိုပေ။ ထို့ကြောင့်လည်း သူရီလန့်ကိုတတ်နိုင်သမျှကူညီပေးနေခြင်းဖြစ်ကာ အနည်းဆံုးေတာ့ ရီလန်သည် သူ့ရင်ထဲက အစားထိုးမရသော ပုံရိပ်တစ်ခု ဖြစ်၏။
သို့သော်လည်း ရီလန်က သူ့အနာဂတ်ကောင်းစားရန် အခြားအမျိုးသမီးတစ်ဦးနှင့် အတူရှိနေခိုင်းလိမ့်မည်ဟုတော့ သူတစ်ခါမှ မျှော်လင့်မထားခဲ့ဖူးပေ။
ဒီအရူးမလေးကတော့…
ကုအန်ရီလန့်ကို မျက်စောင်းတစ်ချက်ထိုးလိုက်ကာ ပြောလိုက်၏။
“ဘာကိုတန်ဖိုးထားရမှာလဲ အစ်ကိုကြီးတို့မှာ အဲ့လိုဆက်ဆံရေးမျိုးမရှိပါဘူး အများဆုံးမှ အစ်ကိုကြီးတို့က တာအိုမိတ်ဆွေတွေပဲ အစ်ကိုကြီးတို့ရင်ထဲမှာ အမတလမ်းစဉ်ကလွဲပြီး အဲ့လို အချစ်ခံစားချက်တွေအတွက် နေရာမရှိဘူး”
ဤသည်မှာ အမှန်သာ ဖြစ်၏။ သူကျိရှောင်ယု၏ ရည်မှန်းချက်ကို ခံစားမိပေသည်။
အရင်ဘ၀တွင်ဖြစ်ဖြစ် အခုဘ၀တွင်ဖြစ်ဖြစ် ကျိရှောင်ယုရင်ထဲ၌ အချစ်ခံစားချက်လို အရာမျိုးမရှိပေ။ ထို့ကြောင့်လည်း သူ့မိသားစုက အတင်းအကြပ်လက်ထပ်ပေးသောအခါ သေခြင်းကိုသာ ရွေးချယ်သွားခဲ့ခြင်း ဖြစ်၏။
ရီလန် ကုအန်ကိုမျက်လုံးလှန်ကြည့်ကာ ပြောလိုက်သည်။
“စီနီယာအစ်ကိုကြီး အစ်ကိုကြီးအိမ်အောက်မှာနေတဲ့ ကောင်မလေးက ထင်ရှားတဲ့နောက်ခံကြီးရှိတယ် သူကအစ်ကို့ကို ခံစားချက်ရှိမနေရင် ဘယ်လိုလုပ် အိမ်မှာလာနေမှာလဲ အစ်ကိုကြီး သူ့ကိုမလိုက်ချင်ရင်လည်း သူနဲ့ပိုကောင်းတဲ့ဆက်ဆံရေးတည်ဆောက်ထား အဲ့တာက အစ်ကိုကြီးအတွက်အကျိုးအမြတ်ရစေနိုင်တယ်”
သူမသည်နတ်အသွင်ပြောင်းခြင်းအဆင့်ရောက်ပြီဖြစ်သော်လည်း အမတလမ်းစဉ်အတွက် မျှော်လင့်ချက်ကို သူမမခံစားရတော့ပေ။ သို့သော် သူ့အစ်ကိုကြီးကိုတော့ သူထိုအခွင့်အရေးမျိုး ရစေချင်၏။
အကြောင်းပြချက်လား အကြောင်းပြချက်က ဘာလဲဆိုတာ သူမသေချာမသိသော်လည်း သူမငယ်စဉ်ကတည်းက သူမအစ်ကိုကြီးကို ကမ္ဘာပေါ်မှအကောင်းဆုံးအရာများပင် ရစေချင်ကာ သူမအစ်ကိုကြီးကလည်း ထိုအရာများနှင့် ထိုက်တန်ပေသည်။
ကုအန်က သူမကိုငြင်းသော်လည်း သူမစိတ်မဆိုးခဲ့ပေ။ သူမကသာ သူမအစ်ကိုကြီးကိုကြိုက်နေခြင်းဖြစ်ပြီး သူမအစ်ကိုကြီး၌ ပြန်ကြိုက်ဖို့ တာ၀န်ရှိမနေပေ။
“မေ့လိုက်ပါတော့ စီနီယာအစ်ကိုကြီးက အေးချမ်းတဲ့ဘ၀ကို ပိုနှစ်သက်တယ် တကယ်လို့သူ တတိယတောင်ကြားမှာနေရင် အစ်ကိုကြီးသူ့ကို ဆိုးဆိုးဝါးဝါးဆက်ဆံမှာမဟုတ်ဘူး တကယ်လို့သူကထွက်သွားမယ်ဆိုရင်လည်း အစ်ကိုကြီးတားမှာမဟုတ်ဘူး နောက်ဆုံးတော့ အစ်ကိုကြီးတို့က မတူညီတဲ့ကမ္ဘာက လူတွေပဲလေ တစ်ယောက်လမ်းကိုတစ်ယောက်က မနှောင့်ယှက်သင့်ဘူး”
ကုအန် ခေါင်းယမ်းကာ ပြောလိုက်သည်။
ထိုအရာက အမှန်တရားသာ ဖြစ်၏။
သူ့ဘ၀ရည်မှန်းချက်က အသက်ရှည်ခြင်းဖြစ်ကာ အိမ်ထောင်သားမွေးဖို့ မဟုတ်ပေ။
ရီလန် ပျော်ရမလား သက်ပြင်းချရမလားပင် သေချာမသိတော့ပေ။
“စီနီယာအစ်ကိုကြီး အစ်ကိုကြီးတကယ်လို့ အမတလမ်းစဉ်မှာ မအောင်မြင်ခဲ့ရင်ညီမလေးကိုလက်ခံမှာလား”ရီလန် မေးလိုကိသည်
ကုအန်တခဏတွေးလိုက်ပြီးနောက် ပြောလိုက်၏။
“တကယ်လို့ အစ်ကိုကြီးတို့နှစ်ယောက်လုံး အမတလမ်းစဉ်မှာ မအောင်မြင်ခဲ့ရင် နောက်ဆံုးလက်ကျန်သက်တမ်း ၁၀၀မှာ သာမန်လူတွေလိုနေသွားကြမယ် သေမျိုးတစ်ယောက်ရဲ့သက်တမ်းက နှစ်၁၀၀လောက်ထိပဲ ရှိတယ်လေ အဲ့ဒီမတိုင်ခင်တော့ အမတလမ်းစဉ်မှာ ကြိုးစားလျှောက်လှမ်းမယ် ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူသိမှာလဲ အစ်ကိုကြီးကတော့ တည်ငြိမ်တဲ့ဘ၀ကို ရနေရင်တောင် အမတလမ်းစဉ်ကိုလက်လျှော့မှာမဟုတ်ဘူး”
ထိုစကားကြောင့် ရီလန်ပြုံးသွားကာ ကုအန်ကိုကြည့်၍ အိက်မက်ဆန်ဆန်ပြောလိုက်သည်။
“စီနီယာအစ်ကိုကြီးပြောမှပဲ သက်တမ်းအကန့်အသတ်က အရမ်းကြောက်စရာမကောင်းပါလားလို့ တွေးမိသွားတယ်”
မကြာခင်တွင် ရီလန် မဟာအေးစက်သောမိစ္ဆာဂိုဏ်းအကြောင်းပြောခဲ့၏။
သူမလည်းထိုဂိုဏ်းအကြောင်းကြားခဲ့ပြီးဖြစ်ပြီး ထိုကိစ္စကြောင့်အတော်လေး သောကရောက်နေခဲ့သည်။
ထို့ကြောင့်လည်း ဤကုန်းမြေတိုက်ကြီးသည် ကပ်ဘေးကိုမခံနိုင်ဘဲ ပျက်ဆီးသွားမှာကြောက်သောကြောင့် နောင်တမရှိအောင် သူမအစ်ကိုကြီးကိုလာတွေ့ခြင်းဖြစ်၏။
ဒါပေါ့ သူမတွင်ဆရာသခင်ဓားအရှင်ဟူသော မျှော်လင့်ချက်တော့ ရှိနေသေးသည်။
ထိုအရာကြောင့်လည်း အဓိပတိဂိုဏ်းတပည့်များ အရမ်းကြောက်မနေကြခြင်းဖြစ်၏။ ဤနှစ်များအတွင်းဆရာသခင်ဓားအရှင်၏ ကာကွယ်မှုကြောင့် သူတို့အတော်လေး ယုံကြည်မှုရှိနေခဲ့ကြသည်။
ဆရာသခင်ဓားအရှင်သူတို့ကို မစွန့်ပစ်သွားသေးသရွေ့ သို့မဟုတ် ဆရာသခင်ဓားအရှင် မရှူံးနိမ့်သွားသေးသရွေ့ သူတို့ဘယ်ကပ်ဘေးကိုမှ ကြောက်မည်မဟုတ်ပေ။
နောက်ဆုံးတွင် ကုအန် ရီလန့်ကိုဒီနေ့တောင်ကြား၌ နေရန်ဖိတ်ခေါ်ခဲ့ပြီး ရီလန်လည်း မငြင်းဆန်ခဲ့ပေ။
ညရောက်သောအခါ ကုအန် ရီလန့်ကိုခေါ်ကာ တောင်ကြားတစ်ဝိုက်လိုက်ပြခဲ့ပြီး တရုတ်ကျားကစားနေသော သူများကိုတောင် သွားကြည့်ခဲ့သေးသည်။
သူယန်ကျင်းကိုပင် ခေါ်ခဲ့သေးပြီး ယန်ကျင်းကလည်း ရီလန့်ကိုလေးလေးစားစားဆက်ဆံခဲ့၏။
ယန်ကျင်းအမူအရာအရမ်းလေးစားပြနေခြင်းမှာ သူ့ဆရာရီလန့်ကိုဆက်ဆံပုံမှာ ကွဲပြားနေသည်ဟု ခံစားရခြင်းကြောင့်ဖြစ်သည်။ သူ့ကိုခေါ်လိုက်ရခြင်းတွင်လည်း နက်ရှိုင်းသော အဓိပ္ပာယ်တစ်ခုခု ရှိနေပုံပင်။
သူမသည် သူ့ဆရာဒေါ်လေးမဟုတ်ဘဲ ဆရာကတော်ပေလော။
ထိုသို့တွေးမိပြီး ယန်ကျင်းပျော်သွားခဲ့သလို သူ့ဆရာက ချဉ်းကပ်၍မရတာမျိုးမဟုတ်ဘဲ သူ့ဆရာတွင်လည်း လူသားဆန်သောဘက်ခြမ်းရှိနေသေးသည်ဟု တွေးလိုက်မိသည်။
ထိုညတွင် ရီလန် ကုအန်အခန်း၌သာ နေခဲ့၏။ ကုအန်က စာဖတ်နေစဉ်တွင် သူမက ကျင့်ကြံနေခဲ့သည်။
အာရုံတက်ချိန်နီးကပ်လာသောအခါတွင်တော့ အခြေအနေက ပြောင်းလဲသွားခဲ့၏။
“စီနီယာအစ်ကိုကြီး ပင်ပန်းနေမှာပဲ ညီမလေး ပုခုံးကိုနှိပ်ပေးပါရစေ”
“ဘာလို့အစ်ကိုကြီးက ပင်ပန်းရမှာလဲ ညီမလေးကမှတစ်ညလုံး ကျင့်ကြံနေတာလေ”
“အဆင်ပြေပါတယ် ညီမလေးက ကျင့်ကြံခြင်းပိုမြင့်တော့ မပင်ပန်းဘူး”
“ပုခုံးကိုနှိပ်ရုံပဲမလား”
“ညီမလေးက အစ်ကိုကြီးကိုယ်မှာ တစ်ခုခုဖြစ်နေမှာစိုးလို့ စစ်ဆေးကြည့်ချင်ရုံပါ”
“နေဦး အောက်ကိုမထိနဲ့နော်!”
“စီနီယာအစ်ကို! ညီမလေးက ဘယ်လိုလုပ်အစ်ကိုကြီးအပေါ် မသင့်လျော်တဲ့အတွေးမျိုးရှိနေမှာလဲ ညီမလေးမှာ ချီသွေးကိုပိုကောင်းသွားစေနိုင်တဲ့ မှော်ပညာတစ်မျိုးရှိတယ်…”
“အဲ့နေရာက အဆင်မပြေဘူး အဲ့နေရာမဟုတ်ဘူးလေ…”
….
အာရုံတက်ချိန်တွင်ကုအန်ရှုပ်ထွေးနေသော အမူအရာဖြင့်လှေကားကဆင်းလာခဲ့ပြီး ရီလန်ကတော့ သူ့နောက်တွင် တောက်ပနေသောအပြုံးဖြင့် လိုက်လာခဲ့၏။
ထိုစဉ် ကျိရှောင်ယုလည်း အိမ်ထဲမှ ထွက်လာခဲ့ပြီး သူတို့နှစ်ယောက်ကိုတွေ့သောအခါ မျက်ခုံးများ အနည်းငယ်တွန့်ကွေးသွားခဲ့သည်။
အိမ်ပေါ်မှဆင်းလာပြီးသည့်နောက် ကုအန် အမျိုးသမီးနှစ်ယောက်ကို မိတ်ဆက်ပေးလိုက်ပြီး စကားတော့အများကြီးမပြောခဲ့ပေ။ ထို့နောက် ရီလန် ကုအန်နှင့်လေ့ကျင့်ခန်းလုပ်ရန် လိုက်သွားခဲ့၏။
ကျိရှောင်ယုကတော့ ထိုနေရာတွင်သာရပ်၍ ကြည့်နေပြီး တခဏအကြာတွင်တော့ သူမမျက်ခုံးများ ပြေလျော့သွားခဲ့လေသည်။
ရီလန်သည် နွေဦးပွဲတော်ပြီးမှ ပြန်ဖို့စီစဉ်ထားခြင်းဖြစ်ပြီး ဤရက်များအတွင်း ကုအန်သူ့ကို အပြင်စည်းမြို့နှင့် ဆန်းကြယ်တောင်ကြားတို့ကိုလိုက်ပြခဲ့သော်လည်း ထျနး်ယတောင်ကြားနှင့် အခြားနေရာများကိုတော့ လိုက်မပြခဲ့ပေ။ ရီလန်ကလည်း ဘာမှအများကြီးမမေးခဲ့ဘဲ သူမအစ်ကိုကြီးတွင်လျှို့ဝှက်ချက်များ ရှိနေသည်က အဆင်ပြေသည်ဟုသာ တွေးနေခဲ့ပြီး ထိုအရာက သူမအစ်ကိုကြီးသည် သူ့သရုပ်မှန်ကို ဖုံးကွယ်ထားကြောင်းလည်း ညွှန်ပြနေခဲ့သည်။
ပုံမှန်အားဖြင့် သူမကလည်း သူမစီနီယာအစ်ကိုကြီးကို ပိုကြောက်စရာကောင်းသူ ဖြစ်လာစေရန်သာ မျှော်လင့်နေသူဖြစ်၏။
အပိုင်း(၂၉၀)
သိမ်မွေ့ကိုးပါး အစစ်အမှန်မီးတောက်၊ကောင်းကင်မှကပ်ဘေး
ဤနှစ်နွေဦးပွဲတော်တွင် ရီလန်အဖော်ပြုပေးနေသောကြောင့် ကုအန် အတွက်အရင်နှစ်များထက် ပိုပျော်စရာကောင်းနေခဲ့သည်။ နွေဦးပွဲတော်ပြီး နောက်ရက်မှသာ ရီလန် ပြန်သွားခဲ့၏။
အသက်နှုတ်အမတ၏ ခြိမ်းခြောက်မှုက ကုန်းမြေတိုက်ကြီးများအပေါ် အရိပ်တစ်ခုလို အုပ်မိုးထားပါသော်လည်း ကမ္ဘာကြီး၏ အရာရာတိုင်းအပေါ် သက်ရောက်နေခြင်းမျိုးတော့ မဟုတ်ပေ။ နောက်နှစ်များတွင် အမတကျင့်ကြံခြင်းကမ္ဘာကြီးက ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီး ဂိုဏ်းကြီးများ ကတပည့်များကို ပငိလယ်ပြင်သို့ လေ့လာစူးစမ်းရန်ပင် ပို့လွှတ်နေကြသေးသည်။
နှစ်များတစ်နှစ်ပြီးတစ်နှစ်ကုန်ဆုံးသွားကာ တတိယတောင်ကြားတွင်လည်း တပည့်အသစ်များက တစ်နေ့တစ်ခြားပိုများလာခဲ့ကြ၏။ ဤသည်မှာ အဓိပတိဂိုဏ်းက ပိုမိုသန်မာလာခြင်းကြောငိ့ဖြစ်ပြီး ဂိုဏ်းသန်မာလာသည်နှင့်အမျှ အစေခံတပည့်များကလည်း ပိုမိုများပြားလာခဲ့ကြသည်။
မျက်စိတစ်မှိတ်အတွင်း ၁၀ နှစ်ကုန်သွားခဲ့သည်။
ကုအန် ပြတင်းပေါက်တွင်ရပ်နေရင်း အဝေးရှိ တိုက်ပွဲကြီးကို နတ်အာရုံသုံးကာ ကြည့်ရှုနေခဲ့၏။
ကြီးမြတ်သည့်ကျင့်ကြံသူတစ်ယောက်က အသက်နှုတ်အမတကို စိန်ခေါ်နေခြင်းဖြစ်ပြီး ထိုသူက ကောင်းကင်ဈာန်အမတအဆင့်သာဖြစ်သောကြောင့် အသက်နှုတ်အမတမျက်နှာကိုပင် မမြင်ရဘဲ သူ့တပည့်၏ ဖိနှိပ်မှုကိုသာ ခံနေခဲ့ရသည်။
ဤတိုက်ပွဲကို မရေတွက်နိုင်သော ကျင့်ကြံသူများ မိစ္ဆာများက ကြည့်ရှုနေခဲ့ကြသည်။ သက်ရှိတိုင်းက ဤကုန်းမြေကြီးကို စွန့်လွှတ်လိုကြခြင်းမဟုတ်ဘဲ အထူးသဖြင့် လမ်းမှန်ဂိုဏ်းများဖြစ်၏။ သူတို့က သက်ရှိအားလုံးကိုကာကွယ်ရန် တာ၀န်ရှိကြသောကြောင့် ဖြစ်ကြသည်။
ဤဆယ်စုနှစ်အတွင်း ကောင်းကင်ဈာန်အမတတစ်ပါးထက် မနည်း အသက်နှုတ်အမတကိုလာစိန်ခေါ်ကြသော်လည်း သူ့တပည့် ကောင်းကင်ဈာန်အမတကိုပင် မကျော်နိုင်ခဲ့ကြပေ။
ဝိညာဉ်ငြိမ်းအေးစေတီဟု လူသိများသော အသက်နှုတ်အမတ၏ စေတီအကြောင်းသတင်းကပျံ့နှံ့လာခဲ့ပြီး ထိုစေတီကလည်း အထွတ်အထိပ်အမတရတနာတစ်ခုဖြစ်၏။
ကုအန် တိုက်ပွဲကိုကြည့်နေရင်း ခေါင်းယမ်းလိုက်မိသည်။ ကောင်းကင်ဈာန်အမတသည် ရှုံးမှာသေချာနေသောကြောင့် သူသည် ဤကမ္ဘာကြီး၏ ကယ်တင်ရှင်မဟုတ်မှန်း သိသာနေခဲ့၏။
တည်ရှိမှုတစ်ခု တောင်ကြားထဲ၀င်လာသည်ကိုခံစားမိသောကြောင့် ကုအန် လှေကားမှဆင်းလာခဲ့သည်။
ထိုသူသည် ပင်လယ်ဗုဒ္ဓဂိုဏ်းမှ အနောက်ပိုင်းနယ်မြေမြင့်မြတ်မိခင်သာ ဖြစ်၏။
မြင့်မြတ်မိခင်သည် ရှန်ရှင်းကျိကိုရှာတွေ့သွားပြီး တောင်ကြား၏ အစွန်အဖျားတစ်နေရာသို့ စကားပြောရန်ခေါ်သွားခဲ့ပြီး ရှန်ရှင်းကျိလည်း သူတို့နားတွင် စည်းတစ်ခုခတ်လိုက်သည်။
အဓိပတိဂိုဏ်းထဲတွင် ကုအန်မှလွဲ၍ ဘယ်သူမှ ရှန်ရှင်းကျိ၏စည်းကိုထိုးဖောက်ကြည့်နိုင်မည် မဟုတ်ပေ။
“ဒကာမလေး သေချာလို့လား” ရှန်ရှင်းကျိ မဟာအေးစက်မိစ္ဆာဂိုဏ်းကိစ္စကို ရည်ညွှန်း၍ ပြောလိုက်ခြင်းဖြစ်သည်။
မြင့်မြတ်မိခင် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ပြောလိုက်သည်။
“ဒီကိစ္စမှာ မြင့်မြတ်ခုံရုံးကမြင့်မြတ်ဘုရင်တစ်ပါးပါ၀င်ပတ်သက်နေတယ် သူက မြင့်မြတ်ခုံရုံးတစ်ခုလုံးရဲ့ ဆုံးဖြတ်ချက်ကို ကိုယ်စားမပြုဘူး ဒါပေမယ့် သူ့မှာအဆက်အသွယ်ကောင်းတွေရှိတော့ ပင်လယ်ဗုဒ္ဓဂိုဏ်းကလည်း အပြစ်မပြုချင်ဘူး နောက်ဆုံးတော့ ရှန်ထျန်းဘယ်တော့ တံခါးပိတ်ကျင့်ကြံရာကထွက်လာမလဲ ဘယ်သူမှမသိကြဘူးလေ”
မြင့်မြတ်ဘုရင်!
ရှန်ရှင်းကျိ မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။
“ဒီသေမျိုးကမ္ဘာနယ်မြေရဲ့ ဘယ်နေရာက မြင့်မြတ်ဘုရင်တစ်ပါးကို စိတ်၀င်စားသွားစေတာလဲ”
မြင့်မြတ်မိခင် တုန့်ပြန်လိုက်သည်။
“ကျွန်မလည်းသေချာမသိဘူး အဲ့ဒီကိစ္စက မြင့်မြတ်ခုံရုံးက တည်ရှိမှုကြီးတစ်ခုပြန်လည်မွေးဖွားတာနဲ့ ပတ်သက်နေတာကိုပဲ သိခဲ့တယ် အဲ့ဒီတည်ရှိမှုကြီးက ဒီနယ်မြေမှာ ပြန်လည်မွေးဖွားလာတာ နောက်ပြီး သူက အဲ့ဒီမြင့်မြတ်ဘုရင်ရဲ့ ပြိုင်ဘက်တစ်ယောက်ပဲ”
ရှန်ရှင်းကျိ၏မျက်ခုံး ပိုမိုတွန့်ကွေးသွားခဲ့သည်။
သူ့ကိုကြည့်ကာ မြင့်မြတ်မိခင်ဆက်ပြောလိုက်၏။
“ဒီကိစ္စက ကျွန်မတို့လုပ်နိုင်စွမ်းကိုကျော်လွန်နေတယ် ပင်လယ်ဗုဒ္ဓဂိုဏ်းကလည်း ဒီလိုအန္တရာယ်တွေထဲ ၀င်မပါချင်ဘူး ကျွန်မတို့လည်း မကြာခင်ပြန်လှည့်ကြရအောင်”
ရှန်ရှင်းကျိ ထေ့ငေါ့လိုက်၏။
“ပင်လယ်ဗုဒ္ဓဂိုဏ်းကဒီလိုအန္တရာယ်တွေထဲ ၀င်မပါချင်ဘူးတဲ့လား ဘယ်လိုဟာသလဲ ဘာပဲဖြစ်လာလာ စကြာ၀ဠာကြီးကိုကယ်တင်ပေးမှာဆို”
မြင့်မြတ်မိခင်ရှန်ရှင်းကျိလေသံမှ ထေ့ငေါ့ကာ ရွဲ့နေသော လေသံကိုသတိထားမိခဲ့သည်။
တစ်ခုခုကတော့ မှားနေခဲ့ချေပြီ။
ရှန်ရှင်းကျိသည် ပင်လယ်ဗုဒ္ဓဂိုဏ်းတွင် အတော်လေးတည်ငြိမ်ကာ မာနကြီးသူဖြစ်ပြီး အခုလိုလေသံဖြင့် တစ်ခါမှမပြောခဲ့ဖူးပေ။
“မင်းပြန်သွား ကိုယ်တော်အဓိပတိဂိုဏ်းမှာနေခဲ့မယ်” ရှန်ရှင်းကျိလေးလေးနက်နက်ပြောလိုက်သည်။
မြင့်မြတ်မိခင်သူ့ကိုဖျောင်းဖျလိုသော်လည်း ရှန်ရှင်းကျိပြတ်သားသော ခြေလှမ်းများဖြင့် ထွက်ခွာသွားခဲ့၏။
“သူဘာတွေဖြစ်သွားတာလဲ” မြင့်မြတ်မိခင်ထွက်ခွာသွားသော ရှန်ရှင်းကျိပုံရိပ်ကိူ စိတ်ရှုပ်နေဟန်ဖြင့် စိုက်ကြည့်နေခဲ့မိသည်။
သူ့ကျင့်ကြံခြင်းက ရှန်ရှင်းကျိထက်နိမ့်သလို သူအဆင့်အတန်းကလည်း သူ့ထက်နိမ့်သောကြောင့် သူရှန်ရှင်းကျိကို အတင်းပြန်ခေါ်သွားဖို့ မတတ်နိုင်ပေ။ ထိုသတင်းကို ဂိုဏ်းဆီပြန်သယ်သွားဖို့သာ သူတတ်နိုင်၏။
တစ်နေရာတွင်
ကုအန် ဆေးဉယျာဉ်တစ်ခုဆီ လမ်းလျှောက်နေရင်း မြင့်မြတ်မိခင်ယူလာသော သတင်းအကြောင်း စဉ်းစားနေခဲ့မိသည်။
မြင့်မြတ်ဘုရင်၊ ပြန်လည်မွေးဖွားလာသော စွမ်းအားကြီးတစ်ခု…
ထိုစကားကိုကြားရာတွင် သူပထမဆုံးတွေးမိသည်မှာ ကျိရှောင်ယုသာ ဖြစ်၏။
သို့သော် သေချာတွေးကြည့်သောအခါ ထိုအရာက မဖြစ်နိုင်ပေ။ ကျိရှောင်ယု ပြန်လည်မွေးဖွားနေတာ အကြိမ်ကြိမ်ရှိနေပြီဖြစ်ပြီး တကယ်သာသူက မြင့်မြတ်ဘုရင်၏ပြိုင်ဘက်ဆိုရင် အဘယ်ကြောင့် အရင်ကတည်းက မလှုပ်ရှားခဲ့ပါသနည်း။
ထို့အပြင် ကမ္ဘာခြားနတ်နယ်မြေသခင်က ဤဇာတ်လမ်းတွင် မည်သည့်နေရာက ပါ၀င်ကပြနေသလဲဆိုတာလည်း စိတ်၀င်စားနေခဲ့သည်။
သူထိုကိစ္စကို ကမ္ဘာခြားနတ်နယ်မြေသခင်နှင့် ဆွေးနွေးကြည့်ဖို့ လိုကောင်းလိုလာနိုင်ပေသည်။
…..
ခပ်မှိန်မှိန်အခန်းထဲတွင် ကျန်းပုကူသူ့ပုဆိန်ကြီးကို ချလိုက်၏။ သူ့ပတ်ပတ်လည်ရှိ ခွန်အားစွမ်းအင်များလည်း ပျောက်ကွယ်သွားခဲ့ပြီး သူ့ဆံပင်ဖြူများက ပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့သည်။
သူအသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သူ့ပုဆိန်ကြီးကိုကြည့်ကာ သူ့မျက်ခုံးများ အနည်းငယ်တွန့်ကွေးသွားခဲ့၏။
ထိုအခိုက်တွင်ခြေသံများ သူ့ဆီချဉ်းကပ်လာခဲ့သည်။ ကျန်းပုကူ ပုဆိန်ကြီးကိုတင်းနေအောင်ဆုပ်ကိုင်ထားလိုက်ပြီး ဂူအ၀င်၀သို့ လှည့်ကြည့်လိုက်သည်။
သူ နယ်မြေသခင်သူ့ဆီဖြည်းဖြည်းချင်းချဉ်းကပ်လာသည်ကို တွေ့လိုက်ရပြီး သူ့စိတ်ထင်လားမသိပေမယ့် နယ်မြေသခင်က ပိုပိုအားနည်းလာသလို ခံစားနေခဲ့ရသည်။
“ဆရာ!” ကျန်းပုကူ လက်မြှောက်ကာ ဦးညွတ်အရိုအသေပေးလိုက်၏။
ဤနှစ်များအတွင်း နယ်မြေသခင်က သူ့ကိုတပည့်ရင်းတစ်ယောက်လို ဆက်ဆံပြီး သင်ကြားပေးရုံသာမက တစ်ခါတစ်ရံတွင် ကောင်းကင်ရတနာများယူလာပြီးပင် သူ့တစ္ဆေခန္ဓာတိုးတက်ရန်နှင့် ကမ္ဘာခြားစွမ်းအင်တိုက်စားမှုကိုကာကွယ်နိုင်ရန် ပေးတတ်သေးသည်။
နယ်မြေသခင်သူ့ရှေ့တွင်ရပ်လိုက်ကာ သူ့ကိုအကဲခတ်ကြည့်လိုက်ပြီး ခေါင်းညိတ်၍ ပြောလိုက်၏။
“မဆိုးပါဘူး မင်းကကမ္ဘာခြားစွမ်းအင်ကို တတ်မြောက်သွားပြီ”
ကျန်းပုကူ မမေးဘဲမနေနိုင်ခဲ့ပေ။ “ဆရာ အဆင်ပြေရဲ့လား”
သူ့အပြုံးက ကျောချမ်းဖွယ်ကောင်းသော်လည်း ကမ္ဘာခြားနတ်နယ်မြေသခင် ပြုံးလိုက်ကာ ပြောလိုက်သည်။
“ဆရာက အဆင်ပြေတာပေါ့ ဒါပေမယ့် ဆရာမင်းကိုမင်းစရာတော့ရှိတယ် မေးလို့ရမလား”
“ဘာများလဲဆရာ” ကျန်းပုကူ ချက်ချင်းသဘောမတူဘဲ ပြန်မေးလိုက်၏။ နယ်မြေသခင်သည် သူ့နောက်မှ သူ့ကိုကူညီပေးနေသော တည်ရှိမှုကြီးကို အကောက်ကြံရန် ကြံနေမည်ကို သူကြောက်နေခြင်း ဖြစ်သည်။
ကမ္ဘာခြားနတ်နယ်မြေသခင် သူ့ညာလက်ကိုမြှောက်လိုက်ရာ လက်ထဲတွင် ရွှေရောင်မီးတောက်တစ်ခုပေါ်လာခဲ့ပြီး ထိုမီးတောက်ကြောင့် အခန်းတစ်ခုလုံး လင်းထိန်သွားခဲ့သည်။
ကျန်းပုကူမျက်နှာအနည်းငယ်ပြောင်းလဲသွားပြီး မီးတောက်ကိုစိုက်ကြည့်နေကာ အကြည့်မလွှဲနိုင်တော့ပေ။
နယ်မြေသခင်ပြောလိုက်၏။
“ဒါက သာမန်မဟုတ်တဲ့ တည်ရှိမှုဖြစ်တဲ့ သိမ်မွေ့ကိုးပါးအစစ်အမှန်မီးတောက်ပဲ ဒါကိုအမွေဆက်ခံပြီးရင် မင်းကိုပိုကောင်းကောင်းရှင်သန်နိုင်အောင် ကူညီပေးမယ့် နတ်သိုင်းတစ်မျိုးကို ပိုင်ဆိုင်လိမ့်မယ် မင်းအဲ့ဒီပြန်လည်မွေးဖွားလာတဲ့ တည်ရှိမှုနဲ့ရင်ဆိုင်ရရင် ဒီသိမ်မွေ့ကိုးပါးအစစ်အမှန်မီးတောက်က ထူးထူးခြားခြားလုပ်ဆောင်ပြီး မင်းကိုအဲ့ဒီအချိန်ကျ သိသွားစေလိမ့်မယ်”
“အဲ့ဒီတည်ရှိမှုက ဘယ်သူလဲ” ကျန်းပုကူ မမေးဘဲမနေနိုင်ခဲ့ပေ။
နယ်မြေသခင် ပြန်ဖြေလိုက်သည်။
“သူကငါ့ထက်တောင်ကျင့်ကြံခြင်းမြင့်မားတဲ့ တည်ရှိမှုတစ်ခုပဲ နောက်ပြီးသေမျိုးကမ္ဘာက သူ့အဆင့်အတန်းကို မင်းစိတ်ကူးနိုင်မှာတောင်မဟုတ်ဘူး ငါမင်းကိုဒီမီးတောက်လွှဲပြောင်းပေးပြီးသွားရင် မင်းသူ့ကိုရှာတွေ့ပြီး အနာဂတ်မှာ တတ်နိုင်သလောက်ကာကွယ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ် သူကငါတို့ ကံကြမ္မာကိုပြောင်းပြန်လှန်နိုင်ဖို့ တစ်ခုတည်းသော အခွင့်အရေးပဲ”
ကျန်းပုကူ ကြောင်အသွားခဲ့၏။
ကမ္ဘာခြားနတ်နယ်မြေသခင် သူ့လက်ထဲရှိမီးတောက်ကိုကြည့်နေရင်း သူ့အတွေးများက ဝဲလည်နေဟန်ဖြင့် ပြောလိုက်သည်။
“တကယ်တော့ ငါတည်ရှိမှုက သူ့ကိုရင်ဆိုင်ဖို့ပါပဲ ဒါပေမယ့် ငါ့နောက်ကွယ်က တည်ရှိမှုက ငါ့ကိုစတေးလိုက်ဖို့ ပြင်ဆင်နေပြီ ငါ့မှာသူ့ကိုပြန်လှန်ဖို့ကလွဲ ရွေးချယ်စရာမရှိတော့ဘူး”
ကျန်းပုကူမျက်မှောင်ကြုံ့ကာ မေးလိုက်၏။
“ဆရာ ဆရာ့နောက်ခံကဘယ်သူလဲ”
ကမ္ဘာခြားနတ်နယ်မြေသခင် သက်ပြင်းချလိုက်၏။
“သူက သက်ရှိအားလုံးကိုစိတ်ကြိုက်ကြိုးကိုင်နိုင်တဲ့ တည်ရှိမှုတစ်ခုပဲ ငါတင်မဟုတ်ဘူး အင်အားစုအများကြီးက သူ့ဆီမှာ အမှုထမ်းကြတယ် မင်းလာခဲ့တဲ့ ကုန်းမြေတိုက်ကြီးလည်းပါတယ် ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေ မြင့်မြတ်ကုန်းမြေကလည်း သူ့ကိုအမှုထမ်းကြတယ် နောက်ပြီးသူကငါ့ကို ကောင်းကင်နဲ့မြေပြင်အလွှာကို ချိုးဖြတ်ပြီး ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းကို ဖွင့်လှစ်ဖို့ ကူညီပေးခဲ့တာ”
ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေ!
ကျန်းပုကူထိုအင်အားစုကို သိရှိပေသည်။
“ကောင်းပြီ ငါမင်းကိုအများကြီးပြောပြလို့မဖြစ်ဘူး မင်းသိတာနည်းလေလေ ကမ္မပတ်သက်မှုနည်းလေလေပဲ မင်းဒီ သိမ်မွေ့ကိုးပါးအစစ်အမှန်မီးတောက်ကို သာမန်မဟုတ်တဲ့ လက္ခဏာတွေပြနိုင်တဲ့သူကိုတွေ့ရင်သာ သူ့ကိုအစွမ်းကုန်ထောက်ပံ့ပေးဖို့ မမေ့ပါနဲ့ သူကမင်းကြုံဖူးသမျှထဲ အကြီးဆုံး အခွင့်အလမ်းဖြစ်လာလိမ့်မယ် နောက်ပြီး မင်းဒီကမ္ဘာခြားစွမ်းအင်က လွတ်မြောက်ဖို့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ” နယ်မြေသခင် လေးလေးနက်နက်ပြောလိုက်သည်။
ကျန်းပုကူ မျက်မှောင်ကြုံ့ကာ မေးလိုက်၏။
“ဆရာကရော”
နယ်မြေသခင် ကျန်းပုကူရင်ဘတ်ပေါ်လက်တင်၍ သိမ်မွေ့ကိုးပါးအစစ်အမှန်မီးတောက်ကို သူ့ကိုယ်ထဲ လွှဲပြောင်းပေးလိုက်သည်။
ကျန်းပုကူတစ်ခုခုပြောရန် သူ့ပါးစပ်ကိုဟလိုက်သော်လည်း အစစ်အမှန်မီးတောက်က သူ့ကိုယ်ထဲ၀င်လာသောကြောင့် သူဘာမှ မပြောနိုင်တော့ပေ။ သူ့အသိစိတ်က ရှုပ်ထွေးမှုထဲ နစ်မြုပ်သွားခဲ့လေသည်။
…..
ခန်းမကြီးတစ်ခုထဲတွင် မီးတောက်များက တဖြတ်ဖြတ်လက်နေပြီး အဖိုးကြီးတစ်ယောက် ကြာပလ္လင်ပေါ်တွင်ထိုင်နေကာ သူ့ကိုယ်တ၀ိုက်တွင် နီညိုရောင်မီးတောက်များ၀န်းရံနေသော ကြာပန်းများက ဝဲပျံနေကြ၏။ သူ့ကိုယ်တွင်အားကောင်းလှသော စွမ်းအားများတည်ရှိနေပြီး စည်းနှောင်မထားသော ဆံပင်များကြောင့် သူ့ပုံစံက ပို၍ပင် စွမ်းအားကြီးပံုပေါက်နေခဲ့သည်။
ခန်းမကြီး၏ မျက်နှာကျက်သို့ မော့ကြည့်လိုက်ပါက နီညိုရောင်မီးတောက်များက သမုဒ္ဒရာကြီးနှယ် တောက်လောင်ကာ ဝေ့ဝဲနေသည်ကို တွေ့နိုင်၏။
ထိုနေရာမှာ ဝိညာဉ်ငြိမ်းအေးစေတီထဲတွင်ဖြစ်သည်။
အနက်ရောင်၀တ်စုံ၀င်ဆင်ထားသော သူမှာ မဟာအေးစက်မိစ္ဆာဂိုဏ်းမှ အသက်နှုတ်အမတ ဖြစ်၏။
ရုတ်တရက် အသက်နှုတ်အမတပြောလိုက်သည်။
“တပည့် သူတို့ကို ဖိအားထပ်ပေးလိုက်”
လူပေါင်းများစွာ တစ်ပြိုင်တည်းအော်ဟစ်လိုက်သလို သူ့အသံကြီးက ခန်းမထဲ ဟိန်းထွက်လာခဲ့၏။
ခန်းမအပြင်မှအသံတစ်သံထွက်လာခဲ့သည်။
“ဟုတ်ကဲ့ပါ!”
ထို့နောက် ဝိညာဉ်ငြိမ်းအေးစေတီထိပ်တွင် တရားထိုင်နသော အဖြူရောင်၀တ်စုံ၀တ် တာအိုပညာရှင်တစ်ယောက် ဖြည်းညင်းစွာ ထရပ်လာခဲ့၏။ သူသည် မြင်းမြှီးယပ်ကိုကိုင်ဆောင်ထားပြီး တာအိုဦးထုပ်အောက်တွင် အဖြူရောင်ဆံပင်များက ဝဲကျနေခဲ့သည်။
သူမထူးခြားသောအမူအရာဖြင့် အောက်ရှိ ပင်လယ်ပြင်ကို ငုံ့ကြည့်လိုက်၏။
ဝိညာဉ်ငြိမ်းအေးစေတီသည် ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းအထက်တွင် တိုက်ရိုက်တည်ရှိနေခြင်းဖြစ်ပြီး အောက်ဘက်တွင် မိုင်ပေါင်းဒါဇင်နှင့်ချီအောင် ကျယ်သော အက်ကွဲကြောင်းကြီး ရှိနေခဲ့သည်။
အဖြူရောင်၀တ်စုံ၀တ် တာအိုပညာရှင်ည အဝေးကိုကြည့်ကာ ဘယ်လက်ကို နှုတ်ခမ်းတွင်တေ့၍ ဂါထာတစ်ပုဒ်ရွတ်လိုက်၏။ သူ့ဂါထာရွတ်လိုက်သည်နှင့် သူ့ပတ်ပတ်လည်ရှိ လေဟာနယ်တွင် အက်ကွဲကြောင်းများ ပေါ်ထွက်လာခဲ့သည်။
စက္ကန့်အနည်းငယ်ကြာသောအခါ မြင်းမြှီးယပ်ကိုင်ထားသော ညာလက်ကို ဝေ့ယမ်းလိုက်ပြန်၏။
သူ့လှုပ်ရှားမှုပြီးသည်နှင့် ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းနှစ်ဖက်လုံးရှိ ပင်လယ်ပြင်ကမြင့်တက်လာခဲ့ပြီး ကောင်းကင်ကိုပင်ဖုံးတော့မလို ကြီးမားသော လှိုင်းလုံးကြီးများ ပေါ်ပေါက်လာခဲ့လေသည်။
သူ့ညာလက်ကိုထပ်ဝေ့ယမ်းလိုက်ကာ ကြီးမားလွန်းသော လှိုင်းလုံးကြီးများက ထိန်းချုပ်လို့မရတော့ဟန်ဖြင့် အဝေးသို့ ဆက်သွားလေတော့သည်။
ထိုအရာများ လုပ်ပြီးသောအခါ အဖြူရောင်၀တ်စုံ၀တ်တာအိုပညာရှင်ရပ်တန့်လိုက်ပြီး ကောင်းကင်သို့မော့ကြည့်၍ ကောင်းကင်ကို မြင်းမြှီးယပ် သုံးချက် ဝေ့ယမ်းလိုက်၏။
….
ညနေစောင်းချိန်တွင်
ကုအန် သွေးအကျဉ်းထောင်မဟာသူတော်စင်ကိုစီးကာ တတိယတောင်ကြားဆီသို့ ၀င်လာခဲ့သည်။ သူ့နောက်တွင်မူ ယန်ကျင်းနှင့် မျက်နှာတွင်ဒဏ်ရာများ ပြည့်နေသော လီလင်းထျန်တို့ လမ်းလျှောက်ကာ လိုက်လာခဲ့သည်။
“သခင် ဒီကလေးကို နှင်မထုတ်ေသးဘူးလား” သွေးအကျဉ်းထောင်မဟာသူတော်စင် မမေးဘဲ မနေနိုင်ခဲ့ပေ။ သူ့လေသံက စိတ်၀င်စားနေသလို လှောင်ပြောင်သံများဖြင့်လည်း ပြည့်နေခဲ့၏။
ထိုစကားကိုကြားသောအခါ လီလင်းထျန်သူ့ကို မျက်စောင်းထိုးကြည့်လိုက်သည်။
ကုအန်ပြောလိုက်၏။
“သူမခံနိုင်တော့ရင် သူ့ဖာသာထွက်သွားလို့ရတယ်”
လွန်ခဲ့သောနှစ်များက သူထျန်းယတောင်ကြားသို့ ရောက်စဉ်က လျူဟွမ်က လီလင်းထျန်ကို ပြန်လာစေချင်ကြောင်း ပြောခဲ့သည်။ သို့သော် လီလင်းထျန်ကတော့ ပြန်မသွားချင်ခဲ့ပေ။
သူမကြာခဏရိုက်ခံနေရသော်လည်း တကယ်တော့ သူပိုပြီး သန်မာလာခဲ့ခြင်းဖြစ်သည်။
ယန်ကျင်းကိုရှုံးနိမ့်ခြင်းက သူ့စွဲလန်းမှုပင် ဖြစ်လာခဲ့၏။
လီလင်းထျန်တစ်ခုခုပြောရန် ပြင်လိုက်စဉ်တွင် တစ်ခုခုကို အာရုံခံလိုက်မိပြီး ကောင်းကင်ကိုမော့ကြည့်လိုက်သည်။
ကုအန် ယန်ကျင်း သွေးအကျဉ်းထောင်မဟာသူတော်စင်နှင့် တောင်ကြားမှတပည့်များအားလုံးလည်း မော့ကြည့်လိုက်ကြပြီး ကြောက်စရာကောင်းတာတစ်ခုခုကို မြင်လိုက်ရသလို သူတို့အမူအရာများ ပြောင်းလဲကုန်ကြလေသည်။