အခန်း (၃၀၁-၃၀၂)
Vol. 23 Ch. 301-302
အပိုင်း(၃၀၁)
ကြောက်မက်ဖွယ်သက်တမ်း
“ကောင်လေးနင်ကစကားဘယ်လိုပြောရမလဲဆိုတာ မသိတာလား ငါ့ကိုတမင်ဒေါသထွက်အောင်လုပ်နေတာလား”
အမှောင်ထဲတွင် ကျန်းချောင်အံကြိတ်ကာ ဒေါသထွက်နေဟန်ဖြင့်ပြောလိုက်ပြီး သူမ ကုအန်ကိုဆိတ်ဆွဲလိုက်သော်လည်း သတိပေးရုံသာဆွဲလိုက်ခြင်းဖြစ်ပြီး နာကျင်အောင်တော့ မလုပ်ခဲ့ပေ။
ဒါပေါ့ ကုအန်ကတော့ ဤလေထုကိုပျက်ဆီးသွားအောင် နှောင့်ယှက်လိုက်ခြင်းဖြစ်၏။ သူလုပ်ချောင်းတစ်ချက်ဟန့်လိုက်ပြီးနောက် ကျန်းချောင်ကို အကယ်၍ ဤကပ်ဘေးသာပြီးဆုံးသွားခဲ့လျှင် ဘာလုပ်မလဲဟု မေးလိုက်သည်။
ထိုအခါကျန်းချောင်တိတ်ဆိတ်သွားခဲ့ပြီး လှုပ်ရှားနေမှုလည်း ရပ်တန့်သွားခဲ့ကာ သူ့မေးခွန်းကို အလေးအနက်တွေးတောနေခဲ့၏။
တကယ်တော့ သူမကိုယ်သူမဘာလုပ်ချင်နေမှန်း ဘယ်တုန်းကမှရှင်းရှင်းလင်းလင်းမသိခဲ့ပေ။ သူမအရင်က သန်မာလာစေရန်နည်းမျိုးစုံသုံး၍ ကြိုးစားခဲ့သော်လည်း ကပ်ဘေးကျရောက်လာသောအခါ သူမကြိုးစားမှုများက ဘာမှအဓိပ္ပာယ်မရှိသလို ခံစားခဲ့ရသည်။
ကုအန်သူမကို မနှောင့်ယှက်ဘဲ တွေးခွင့်ပေးထားလိုက်သည်။
သို့သော် တိတ်ဆိတ်သွားသောအခိုက်အတန့်တွင် သူ့အတွေးများက ဝေ့လည်သွားခဲ့ပြန်၏။
ကျန်းချောင်က သူ့ပေါ်တွင်ဖိထားပြီး သူမကိုယ်ကအစိတ်အပိုင်းတိုင်းက သူ့ကိုယ်နှင့်ထိနေလေရာ သူမည်သို့တည်ငြိမ်နေနိုင်တော့မည်နည်း။
ထိုအခိုက်တွင် အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်း၊ အဓိပတိလျှို့ဝှက်မှတ်တမ်းများ၊ အနက်ရောင်သူရဲကောင်းခရီးသွားမှတ်တမ်းနှင့် များစွာသောစာအုပ်များထဲမှ ဇာတ်ကွက်များက သူ့အတွေးထဲ ၀င်လာခဲ့ကြသည်။
ရုတ်တရက် သူကျန်းချောင်အနည်းငယ်တုန်ရီသွားတာကို ခံစားလိုက်ရ၏။ သူအမြန်ပင် သူ့အတွေးများကို သက်တမ်းသံသရာဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို စဉ်းစားသည့်နေရာသို့ ပြောင်းလဲပစ်လိုက်လေသည်။
သူ့အတွေးများပြောင်းလဲသွားသောအခါ ကျန်းချောင်လည်း တည်ငြိမ်သွားခဲ့၏။
သူမပြောလိုက်သည်။
“တကယ်လို့ ငါတို့ဒီကပ်ဘေးကိုသာ ကျော်ဖြတ်နိုင်ခဲ့ရင် နောက်ပိုင်း ကျူဟွားဂိုဏ်းကိုတိုးတက်အောင်လုပ်တဲ့နေရာမှာပဲ အာရုံစိုက်တော့မယ် လျှောက်မသွားတော့ဘူး ဒီနှစ်တွေမှာ ငါလျှောက်သွားနေတာတွေက အဓိပ္ပာယ်မရှိသလို ခံစားရတယ်”
“အဲ့တာကောင်းပါတယ် အန္တရာယ်တွေကိုလည်း ရှောင်ရှားပြီးသားဖြစ်သွားတာပေါ့” ကုအန် ပြန်ပြောလိုက်၏။
ကျန်းချောင် ရုတ်တရက် သူမလက်များကိုဆန့်တန်းလိုက်ကာ ကုအန်ကို တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်ပြီး ခပ်တိုးတိုးပြောလိုက်သည်။
“တခဏဂိုဏ်းကပ်ဘေးက ငါ့ကိုတစ်ကောင်ကြွက်ဖြစ်သွားစေခဲ့တယ် နင်ကအခုငါဂရုစိုက်တဲ့ တစ်ဦးတည်းသောသူပဲ အရင်ကတော့ နင်သဘာ၀ဂူ၈လုံးထဲ ရောက်လာတုန်းက ငါနင့်ကိုသတ်သင့်မသတ်သင့်စဉ်းစားခဲ့ရတာ ဒီလောက်နှစ်တွေအများကြီးကြာတော့ နင်ကငါ့အတွက်အရေးအကြီးဆုံးလူဖြစ်လာမယ်လို့ ဘယ်ထင်မိမှာလဲ”
ထိုစကားကိုကြားသောအခါ ကုအန်အနည်းငယ်တောင့်တင်းသွားပြီး အကူအညီမဲ့စွာ ပြောလိုက်၏။
“အဲ့လောက် လေးနက်လို့လား ကျွန်တော်ကကျန်းချောင်အပေါ် အရမ်းလည်းမကောင်းမိပါဘူး ကျန်းချောင်ကသာ ကျွန်တော့်ကို နတ်သိုင်းတွေအများကြီးသင်ပေးခဲ့တာ”
ဆရာသခင်ဓားအရှင်အနေနှင့် ထောက်ပံ့ခဲ့တာကိုဖယ်လိုက်လျှင် သူ့ကျန်းချောင်အပေါ်တုံ့ပြန်မှုက ကျန်းချောင်၏သူ့အပေါ် ပေးကမ်းမှုများနှင့် ယှဉ်ပါက လျော့နည်းသည်ဟု သူခံစားခဲ့ရသည်။
ကျန်းချောင်ကသူ့ကို နတ်သိုင်းများ မှော်သိုင်းများ များစွာသင်ပေးခဲ့ပြီး ကျန်းချောင်သင်ပေးခဲ့သော နတ်သိုင်းများကို သူအခုထိပင် အသုံးပြုနေရသေးသည်။ သူမသည်သူ့ကို မှော်အသုံးအဆောင်များနှင့် စိတ်ဝိညာဉ်ပင်များလည်း ပေးခဲ့သေး၏။
“နင်ကငါ့အပေါ်မကောင်းဘူးလို့ ဘယ်ပြောလို့ရမှာလဲ နင်က သဘာ၀ဂူ၈လုံးကိုကောင်းကောင်းစီမံပေးပြီး ငါ့ကိုလည်းဘယ်တော့မှ သစ္စာမဖောက်ဘူး ငါပြန်လာတဲ့အချိန်တိုင်းလည်း နင်ကငါ့ကိုကောင်းကောင်းဂရုစိုက်တယ် ကောင်းတယ်မကောင်းဘူးဆိုတာ တန်ဖိုးနဲ့တိုင်းတာလို့ရတဲ့အရာမဟုတ်ပါဘူး နင်သာပိုသန်မာနေရင် ငါ့ကိုပိုပြီးကောင်းကောင်းဆက်ဆံမယ်ဆိုတာ ငါသိတယ် နောက်ပြီး ငါတို့စတွေ့တဲ့အချိန်တုန်းက နင့်မှာင့ါကိုသတ်နိုင်စွမ်းရှိတယ်လို့ ငါအမြဲခံစားခဲ့ရတာ နင်ကအဲ့တာကိုကောင်းကောင်းဖုံးကွယ်နိုင်ခဲ့ပါတယ် ဒါပေမယ့် နင်ကငါ့ကို သတ်နိုင်ပေမယ့် မသတ်ရုံသာမကဘဲ ငါ့ကိုလည်း နာခံခဲ့တယ်ဆိုတာကိုလည်း ငါသိတယ်…”
ကျန်းချောင်စကားကိုနားထောင်ပြီး ကုအန်ရုတ်တရက် ဘာပြန်ပြောရမလဲ မသိခဲ့ပေ။
“ဒါပေါ့ ကောင်စုတ်လေး နင်ကလူတိုင်းအပေါ်ကောင်းနေတာပဲ တောင်ကြားထဲကလူတိုင်း နင့်ကိုချီးကျူးကြတယ်” ကျန်းချောင်ရုတ်တရက်ထေ့ငေါ့လိုက်၏။
ထိုစကားကိုကြားသောအခါ ကုအန်ချက်ချင်းပြန်ပြောလိုက်သည်။
“အဲ့တာက ကျွန်တော့်ကိုကြောက်စရာကောင်းတဲ့ ပါရမီရှင်တစ်ယောက်ဖြစ်နေစေတာလေ လူတိုင်းအပေါ်ကောင်းနေတော့ ကျွန်တော့်အတွေးတွေကိုသိဖို့မလွယ်တော့ဘူးပေါ့”
“ဟုတ်ပါတယ် ဒါပေမယ့် နင်ကဘယ်သူ့ဆီကမှ ဘာမှပြန်မတောင်းဆိုခဲ့တာက နင်ကောင်းခဲ့တာက စိတ်ရင်းနဲ့ကောင်းခဲ့တယ်ဆိုတာသိသာနေစေတယ် ကိုယ့်ကိုကိုယ်နှိမ့်ချမနေပါနဲ့တော့ နင်ကစစ်မှန်လား မစစ်မှန်ဘူးလား ငါခံစားမိပါတယ် ဟန်ဆောင်တာတွေက ကြာရှည်မခံဘူး” ကျန်းချောင် နူးနူးညံ့ညံ့ပြောလိုက်သည်။
ကုအန်အံ့အားသင့်သွားဟန်ဖြင့် ပြောလိုက်၏။
“ကျန်းချောင်ကျွန်တော်နဲ့ အပြန်အလှန်ကတိက၀တ်တွေပြုဖို့ တွေးနေတာတော့မဟုတ်ဘူးမလား အဲ့တာက အလုပ်ဖြစ်မှာမဟုတ်ဘူးနော် ကျွန်တော်နဲ့ဂျူနီယာညီမလေးက နောက်ဆုံးလက်ကျန်သက်တမ်း ၁၀၀မှာ လက်ထပ်ကြဖို့ ကတိပြုပြီးသွားပြီ”
ကျန်းချောင်ရယ်မောကာ ပြောလိုက်သည်။
“နောက်ဆုံးသက်တမ်းတစ်ရာတဲ့လား နင်တို့ထဲက တစ်ယောက်ယောက်က ပိုအသက်ရှည်နေရင်ရော”
“ဘယ်သူပဲ အသက်ပိုရှည်ရှည် အဲ့တာကပိုကောင်းမှာပါ အမတကျင့်ကြံခြင်းရဲ့ ရည်ရွယ်ချက်က အချစ်နွံနစ်ဖို့မှမဟုတ်ဘဲ ထာ၀ရအသက်ကို ရရှ်ိဖို့ပဲလေ”
“နင်အဲ့တာကိုရှင်းရှင်းလင်းလင်းမြင်နိုင်သားပဲ”
“မြင်ပါတယ် အဲ့တာကြောင့် ကျွန်တော့်အပေါ်မသင့်လျော်တဲ့အတွေးတွေ မတွေးနဲ့တော့”
“ဘာလို့မတွေးရမှာလဲ ရွက်ဝါတစ်ထောင်မျှော်စင်မှာဆို ကျင့်ကြံသူတစ်ယောက်မှာ တာအိုလက်တွဲဖော်တွေအများကြီးရှိနေတာက သာမန်ပဲ အမျိုးသမီးကျင့်ကြံသူတွေအတွက်လည်း အတူတူပဲ သူကလုံလောက်အောင်သန်မာနေသရွေ့ပေါ့ အခုငါကနင့်ထက်ပိုသန်မာနေတာပဲလေ တစ်နေ့နင့်ကျင့်ကြံခြင်းက ငါ့ကိုကျော်တက်မသွားရင် နင်ငါ့လက်တွေကနေ မလွတ်မြောက်နိုင်ပါဘူး”
ကျန်းချောင်ဂုဏ်ယူစွာပြောလိုက်ပြီး ကုအန် မျက်နှာကိုသူမလက်များဖြင့် ဆွဲညှစ်လိုက်လေသည်။
သူရုတ်တရက် သူမတိုက်ကွက်ကို စတင်လိုက်၏။
“မင်းမိစ္ဆာကျင့်ကြံသူ ကပ်ဘေးကိုအကြောင်းပြပြီး တကယ်တော့ ငါ့ကိုအနိုင်ကျင့်ချင်နေတာလား”
“နင်ကြိုက်သလောက်အော်လို့ရတယ် အသုံးမ၀င်ဘူး”
“ဂရုစိုက်နော် အဲ့လိုလုပ်ရင် ကျွန်တော်ကကောင်းနေမှာမဟုတ်ဘူး”
“လာစမ်းပါ နင့်ကျင့်ကြံခြင်းကိုလည်းကြည့်ပါဦး ငါနင့်ကိုချူပ်ထားရမှာ ပျင်းလွန်းတယ် ငါကနင်ရုန်းကန်နေတာကိုကြည့်ချင်တာ စိတ်မပူပါနဲ့ ငါညင်သာမှာပါ”
ကျန်းချောင်းဂုဏ်ယူစွာရယ်မောလိုက်ပြီး ကုအန် လက်ကောက်၀တ်များကိုချုပ်ကာ ခေါင်းပေါ်တင်၍ လှဲချလိုက်၏။ ထို့နောက် တွင်တော့ ကုအန် သူ့နှုတ်ခမ်းပေါ်မှ နူးညံ့သောအထိအတွေ့တစ်ခုကို ခံစားလိုက်ရပြီး ဘေးဘီယမ်း၍ ရှောင်ဖို့ကြိုးစားလိူက်လေသည်။
မကောင်းတော့ဘူး!
ဒီမိန်းမစိတ်ရိုင်း၀င်သွားပြီ!
အတွေးတစ်ခုကုအန်စိတ်ထဲဖြတ်ပြေးသွားစဉ်တွင် ကမ္ဘာမြေကြီးတုန်ခါသွားခဲ့၏။
ကျန်းချောင်ချက်ချင်းရပ်တန့်လိုက်ပြီး မလှုပ်ရဲတော့ပေ။
ထိုအခါမှ ကုအန် သက်ပြင်းချလိုက်နိုင်ချိန်တွင် ကုအန်အကာအကွယ်မဲ့နေသည်ကို အခွင့်ကောင်းယူ၍ ကျန်းချောင်ချောင်းမြောင်းတိုက်ခိုက်လိုက်ပြန်လေသည်။
“နေပါဦး ကြည့်ရတာကပ်ဘေးပြီးသွားပုံပေါ်တယ်နော်” ကုအန်ရုတ်တရက်ပြောလိုက်၏။
“နင်ကဘာလို့သေချာနေတာလဲ” ကျန်းချောင် မေးလိုက်သည်။
“ကျွန်တော် ကျန်းချောင်ကိုလာမရှာခင် ဆရာသခင်ဓားအရှင်လှုပ်ရှားတာကို တွေ့လိုက်ရတယ်”
“အို့ အဲ့တာတောင်နင်ကငါ့ကိုလာရှာသေးတယ်ပေါ့ ကြည့်ရတာနင်လည်းငါတို့ကြားတစ်ခုခုဖြစ်ဖို့ မျှော်လင့်နေပုံပဲ”
“ကျွန်တော်က ကျန်းချောင်ပြင်ဆင်နေတာမြင်ပြီး အချိန်တွေအလဟသဖြစ်မသွားစေချင်လို့ပါ အပြင်ထွက်ကြည့်ကြရအောင်”
“အဲ့လိုလား”
“တကယ်ပြောတာ အပေါ်တက်ကြရအောင်”
“ငါစဉ်းစားပေးမယ်”
…..
ဝုန်းးး!
နွယ်စိမ်းပင်အခြေမှ ကမ္ဘာမြေကြီးပေါက်ကွဲသွားခဲ့ပြီး အခေါင်းတစ်ခုထွက်လာခဲ့ကာ အခေါင်းအဖုံးပွင့်သွားသည်နှင့် ကုအန် ခုန်ထွက်လာပြီး အ၀တ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်လိုက်လေသည်။
ငါ့လူပျိုရည်လေးကို ဆုံးရှုံးလုနီးနီးပါပဲလား!
ကုအန်ကြိတ်၍ သက်ပြင်းချလိုက်မိ၏။
ပါးစပ်ကအဆင်ပြေပေမယ့် အဓိကစွမ်းအင်ကတော့ ဆုံးရှုံးသွားလို့မဖြစ်ဘူး!
ကျန်းချောင်အခေါင်းထဲမှဖြည်းဖြည်းချင်းထလာခဲ့ပြီး သူမဆံပင်များက ရှုပ်ပွနေကာ ၀တ်စုံကလည်းမသေမသပ်ဖြစ်နေခဲ့သည်။ သူမကုအန်ကိုကြည့်လိုက်ကာ မြှူဆွယ်ဟန်ဖြင့်ပြုံးပြလိုက်သောကြောင့် ကုအန်အမြန်ပင် ခေါင်းပြန်လှည့်လိုက်ရ၏။
“ငါတို့ ဆရာဖွားဖွားလို့ခေါ်နေတာလည်း ရပ်သင့်ပြီ ငါကလည်း ချန်းရွှမ်တန်ကို အတင်းတပည့်လုပ်ခိုင်းခဲ့တာ သူကလည်းနင့်ကို လျှို့ဝှက်တာ၀န်တစ်ခုကို ဆက်ပြီးလုပ်သွားနိုင်ဖို့ ခေါ်ခဲ့တာ အဲ့တော့ ငါတို့ကြားဘာသွေးမျိုးဆက်မှမရှိဘူး နေပါဦး နင်ငါ့ကို ဆရာဖွားဖွားလို့တစ်ခါမှ မခေါ်တော့ဘူးပဲ” ကျန်းချောင် ကုအန်ကိုမျက်စောင်းထိုးလိုက်သည်။
ကုအန်လည်း စကားတစ်ခွန်းပြောပြီးနောက် ထွက်လာခဲ့၏။
“ကျွန်တော်အခြေအနေသွားစစ်ဆေးကြည့်လိုက်ဦးမယ်”
သူအမြန်ပင်ထွက်ပြေးသွားလေတော့သည်။
ကျန်းချောင်ကတော့ ထွက်ခွာသွားသောသူ့ပုံရိပ်ကိုကြည့်ကာ တစ်ခုခုကိုအရသာခံနေဟန်ဖြင့် သူမလျှာကို သပ်နေခဲ့၏။
…..
ကုအန်တတိယတောင်ကြားသို့ ပြန်ရောက်သောအခါ တောင်ကြားကစည်ကားနေပြီဖြစ်သည်။ လက်ကိုးချောင်းနတ်အရှင်နှင့် ဒြပ်ငါးမျိုးခိုးယူသူတို့လည်း ပြန်ရောက်နေပြီဖြစ်ပြီး သူတို့နှစ်ယောက်နှင့် ရှန်ရှင်းကျိတို့ စည်းတစ်ခုချထားကာ ထိုထဲတွင် ဆရာသခင်ဓားအရှင်မည်မျှကြောက်စရာကောင်းမှန်း ပြောဆိုနေခဲ့ကြသည်။
မဟာအေးစက်မိစ္ဆာဂိုဏ်းတစ်ခုလုံးကို လက်တစ်ဖက်တည်းဖြင့် ဖိနှိပ်ပစ်ခြင်းမှာ အတော်လေး ကြမ်းတမ်းလွန်းလှ၏။
ထိုအရာက လူတိုင်း၏နားလည်မှုကို ကျော်လွန်နေခဲ့သည်။
ဆယ်စုနှစ်ပေါင်းများစွာထိ မဟာအေးစက်မိစ္ဆာဂိုဏ်းက လူတိုင်း၏ နှလုံးသားထဲတွင် အမြစ်တွယ်နေတော့မည်ဖြစ်ပြီးထိုအရာမှာ သူတို့မည်မျှကြောက်စရာကောင်းသလဲဆိုတာကြောင့် မဟုတ်ဘဲ ဆရာသခင်ဓားအရှင် ဘယ်လောက်စွမ်းအားကြီးလဲဆိုတာ လူတိုင်းမမေ့နိုင်ကြ၍သာ ဖြစ်၏။
ကုအန်မော့ကြည့်လိုက်ရာ သူအစကရှိနေခဲ့သော နေရာတွင် ပုံရိပ်တစ်ခုရပ်နေပြီး မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကို ငုံ့ကြည့်နေသူတစ်ယောက်ကို တွေ့လိုက်ရသည်။
အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့် ၉!
ထိုသူသည် ဓားအရှင် ကျဲကျွမ်းထက် အဆင့်တစ်ဆင့်သာမြင့်ခြင်းဖြစ်သော်လည်း သူတို့ကြားစွမ်းအားကွာဟချက်က ကြီးမားလွန်းလှ၏။
ထိုသူသည် မဟာအေးစက်မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်သာ ဖြစ်နိုင်ပေသည်။
ထိုအခိုက်တွင် ထိုအရှင်သခင်က အပေါ်ကနေသာကြည့်နေရဲခဲ့ပြီး အောက်ဆင်းမလာရဲခဲ့ပေ။
ကုအန်ထိုထွက်ပြေးသွားသော မဟာအေးစက်မိစ္ဆာဂိုဏ်းကကျင့်ကြံသူများ မျောက်တွေလို အုပ်စုကွဲကာ ခုန်ပေါက်ထွက်ပြေးသွားကြသည်ကိုလည်း မြင်ခဲ့ရပြီး ဘယ်သူမှတိုက်ခိုက်ချင်စိတ် မရှိကြတော့ပေ။
သူလိုက်မသတ်ရသည့် ပထမအကြောင်းအရင်းမှာ ထိုလူများသည် သူဖိနှိပ်ခဲ့သောသူများလောက်ပင် စွမ်းအားမကြီးသောကြောင့်ဖြစ်ပြီး ုဒုတိယအချက်ကတော့ တည်ရှိမှုများစွာ ထိုနေရာသို့ချဉ်းကပ်လာကြပြီး ထိုထဲတွင် အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတ ပင်ပါသောကြောင့် ဖြစ်သည်။
မှန်ပေသည်။ အတိအကျကြီး အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတတစ်ပါး ဖြစ်ဧ။်။
သို့သော်လည်းထိုလူက သတ်ဖြတ်လိုစိတ်ဖြင့်လာခဲ့ခြင်းမဟုတ်ဘဲ သူထွက်လာခဲ့သော အရပ်မျက်နှာကလည်း မြင့်မြတ်ခုံရုံးရှိသည့်ဘက်မှ ဖြစ်နေခဲ့သည်။
ယခုအခါ မြင့်မြတ်ခုံရုံးမှလူ ထွက်ပေါ်လာပြီဖြစ်ရာ လိုက်သတ်ဖို့ မသင့်တော်တော့ပေ။
ထို့နောက်တွင်တော့ မြင့်မြတ်ခုံရုံးကဘယ်လိုရပ်တည်မလဲဆိုတာကိုသာ ကြည့်ရမည့်အချိန်ဖြစ်သည်။
ထိုစဉ် ကုအန် သူ့စနစ်ကို စစ်ကြည့်လိုက်၏။
[အမည်- ကုအန်]
[သက်တမ်း- ၂၁၀/ ၇၉၀၄၀၇၈၃၂]
[ခန္ဓာ- ကမ္ဘာဦးကမ္မခန္ဓာ]
[ကျင့်ကြံခြင်းစနစ်- အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတအဆင့်၉]
…..
သက်တမ်း သန်း၇၉၀!
ကုအန်ရုတ်တရက် ဆဲချင်သွားသလို ခံစားလိုက်ရသည်။
ဒါကြီးက ကြမ်းလွန်းတယ်!
သတ်ဖြတ်ခြင်းကြောင့် ရရှိနေသည့် အပြစ်ရှိစိတ်များက ကြက်ပျောက်ငှက်ပျောက် ပျောက်သွားခဲ့လေသည်။ ထို့အပြင် သူကသတ်ချင်၍ သတ်ခဲ့ခြင်းမဟုတ်ဘဲ ကောင်းကင်ဘက်မှနေ၍ တရားမျှတမှုအတွက်သတ်ဖြတ်ခဲ့ခြင်း ဖြစ်၏။
နောက်ဆုံးတော့ သူအပြည့်အ၀ အဆင့်မြင့်နိုင်လေပြီ!
ကုအန် တွေးလိုက်မိသည်။
သက်တမ်း သန်းတစ်ထောင်နဲ့နီးနေပြီဆိုတော့ သူနောက်ထပ်နည်းနည်းစောင့်ဆိုင်းသင့်ပါသလော။
မေးလိုက်တော့ ငါသက်တမ်း သန်း၁၀၀ပြည့်အောင်တောင် အတော်စောင့်လိုက်ရတာ နောက်ထပ် သန်း၂၀၀ကျော်ထပ်ပြည့်ဖို့က ဘယ်လောက်တောင် စောင့်ရဦးမှာလဲ!
အဆင့်ချိုးဖြတ်ဖို့ အခွင့်အရေးတစ်ခု ရှာလိုက်ကြတာပေါ့!
ကုအန်နှလုံးသားထဲ စိတ်လှုပ်ရှားမှုများနှင့်ပြည့်နေပြီး ကုအန် သက်တမ်း၁၀သန်းသုံး၍ သက်တမ်းသံသရာကဘယ်လိုအရာလဲဆိုတာတောင် စမ်းကြည့်ချင်သွားမိသည်။
သူသူ့အိမ်အ၀င်၀သို့ သွားလိုက်ပြီး လင်းရှီသုံးကာ အော်ပြောလိုက်၏။
“ဒီနေ့ ဆရာသခင်ဓားအရှင် ကပ်ဘေးကိုဖြေရှင်းပေးလိုက်တာကို ကျေးဇူးတင်တဲ့အနေနဲ့ ဒီညအောင်ပွဲကျင်းပကြမယ် ဒီနေ့ကို အားလပ်ရက်အဖြစ်သတ်မှတ်လိုက်မယ် ပွဲအတွက်ပြင်ဆင်ကြတော့!”
သူ့အသံက ဆေးတောင်ကြားတစ်ခွင်ပျံ့နှံ့သွားပြီး ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်တစ်ယောက်အတွက် ထိုမျှလုပ်ဖို့ကမခက်ပေ။ သူ့စကားဆုံးချိန်တွင်တော့ တောင်ကြားထဲအောင်ပွဲခံသံများဖြင့်ပွက်လောရိုက်သွားလေတော့သည်။
ကုအန် သူ့အိမ်သို့ရောက်သောအခါ ကျိရှောင်ယု သူ့ကိုအပေါ်ထပ်သို့သွားရန် မျက်လုံးဖြင့်အရိပ်အခြေပြလိုက်၏။
သူတို့နှစ်ယောက်လုံး အပေါ်ထပ်တက်သွားပြီးသည့်နောက် တံခါးကိုပိတ်လိုက်လေသည်။
“ဆရာသခင်ဓားအရှင်ရဲ့ ပုံရိပ်ကြီးကိုရင်းနှီးနေတယ်လို့ ညီမလေးထင်နေတယ်” ကျိရှောင်ယု လေးလေးနက်နက်ပြောလိုက်သောကြောင့် ကုအန်နှလုံးသားတုန်ရီသွားခဲ့၏။
ထိုအရာကဘာကိုဆိုလိုနေပါသနည်း။
သူမထိုပုံရိပ်ကိုသူနှင့် ချိတ်ဆက်မိသွားခြင်းပေလော။
ကုအန်ချက်ချင်းမလွယ်ကူဘူးဟု ခံစားလိုက်ရပြီး မဟာအေးစက်မိစ္ဆာဂိုဏ်းတစ်ခုလုံးကို ဖိနှိပ်ခဲ့သော အထွတ်အထိပ်စွမ်းအားရှင်ကြီးက ဗဟိုအူတိုင်ဖွဲ့စည်းခြင်းတစ်ယောက်၏ ခြောက်လှန့်ခြင်းကို ခံနေခဲ့ရသည်။
သူမျက်မှောင်ကြုံ့ကာမေးလိုက်၏။
“ဆရာသခင်ဓားအရှင်က ကျိမိသားစုကဖြစ်နိုင်လောက်လား”
ကျိရှောင်ယုခေါင်းယမ်းလိုက်ကာ
“မဟုတ်ဘူး ညီမလေးသူ့ကိုအိပ်မက်တစ်ခုထဲမှာ မြင်ခဲ့ရတာ အဲ့တာက အတိတ်ဘ၀တုန်းက မြင်ကွင်းတစ်ခုပဲဖြစ်မှာသေချာတယ်”
ထိုစကားကြားမှသာ ကုအန်သက်ပြင်းချလိုက်နိုင်ခဲ့ပြီး အပြင်ပန်းတွင်တော့ သူ့မျက်ခုံးများက ပို၍ပင် တွန့်ကွေးသွားခဲ့သည်။
“ဒီနေ့တိုက်ပွဲက ညီမလေးကိုအမြင်ကျယ်သွားစေခဲ့တယ် ရုတ်တရက် ဒီဘ၀တော့စောစောသေသွားလို့မဖြစ်ဘူးလို့ ခံစားရတယ် ညီမလေး ဆရာသခင်ဓားအရှင်ရဲ့ခြေလှမ်းအတိုင်း လိုက်ဖို့လိုတယ်” ကျိရှောင်ယု ထပ်ပြောလိုက်ပြီး သူမမျက်လုံးထဲ အားကျအထင်ကြီးမှုများဖြင့် ပြည့်နေခဲ့၏။
ဆရာသခင်ဓားအရှင်အတိုင်း လိုက်ဖို့လား!
သူကအံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတအဆင့် ၉လေ!
ကုအန်ကျိရှောင်ယုကို အားလျော့အောင်တော့ မပြောခဲ့ပေ။ သူမအမှန်တကယ် အောင်မြင်သွားလျှင် မည်သို့လုပ်မည်နည်း။
သူကျိရှောင်ယုကို စတင်စိတ်ဓာတ်တက်ကြွသွားအောင် ပြောလေတော့သည်။
သူတို့ခဏကြာစကားပြောခဲ့ပြီးနောက်မှ ကျိရှောင်ယုပြန်သွားခဲ့ပြီး သူမတံခါး၀နားရောက်ချိန်တွင် ပြန်လှည့်လာကာ ပြောလိုက်၏။
“အစ်ကို့ကိုယ်ပေါ်က အမျိုးသမီးအနံ့က ပိုပြီးအားကောင်းလာတယ် အဲ့တာက နောက်ဆုံးအခေါက်က အနံ့နဲ့အတူတူပဲ အစ်ကို့ဆီက ဘာအဆီအနှစ်မှ ထွက်သွားပုံမပေါ်ပေမယ့် အစ်ကိုတို့ ပူးပူးကပ်ကပ် လုံးထွေးနေခဲ့ကြတာသေချာတယ်
ပြောပြီးသည်နှင့် သူမတံခါးကိုတွန်းဖွင့်ကာ ပြန်ပိတ်မပေးဘဲ ထွက်သွားခဲ့လေသည်။
ကုအန်ကတော့ ပဟေဠိဖြစ်ပြီးသာ ကျန်နေရစ်ခဲ့၏။
သူဘယ်လိုသိသွားတာတုန်း!
အဲ့တာက ဘယ်လိုနတ်သိုင်းမျိုးလဲ ဒါမှမဟုတ် ပါရမီတစ်မျိုးလား!
ကုအန်ထိုအကြောင်း အများကြီးတော့မတွေးခဲ့ပေ။ သူသည်အပူအပင်မဲ့ကာ အေးဆေးနေဖို့သာ စီစဉ်ထားခြင်းဖြစ်ပြီး အဘယ်ကြောင့် စိုးရိမ်ပူပန်နေရမည်နည်း။ သူ့နှလုံးသားအတိုင်းသာ သူလိုက်လိုသည်။
သူ ထိုအံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတထွက်သွားချိန်ကို စောင့်နေခြင်းဖြစ်ပြီး ထိုပုဂ္ဂိုလ်မရှိတော့သည်နှင့် တစ်နေရာရှာကာ အဆင့်ချိုးဖြတ်တော့မည် ဖြစ်သည်။
အပိုင်း(၃၀၂)
နတ်ခုနှစ်ပါးရွှေခန္ဓာများ၊ ကမ္ဘာဦးအန္တိမခန္ဓာ
အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတသည် ကမ္ဘာပေါ်တွင် လှည့်ပတ်သွားလာနေသော်လည်း ကုအန်ရှိသော ကုန်းမြေတိုက်ကြီးပေါ်တော့ ခြေတစ်လှမ်းတောင် မချခဲ့ပေ။
တစ်ရက်နှင့်တစ်ညကြာမှ သူထွက်ခွာသွားခဲ့၏။
ဒုတိယရက်မှစပြီး ဆရာသခင်ဓားအရှင်က တစ်ယောက်တည်းဖြင့် မဟာအေးစက်မိစ္ဆာဂိုဏ်းကိုရှင်းလိုက်သောသတင်းက ပင်လယ်ပြင်တွင် မုန်တိုင်းတိုက်သလို ပျံ့နှံ့သွားခဲ့ပြီး မရေတွက်နိုင်သော ထွက်ပြေးနေကြသည့်ကျင့်ကြံသူများအားလုံး တုန်လှုပ်ကုန်ကြသည်။ သတင်းမှာ အလွန်ကြီးမားလွန်းသောကြောင့် သူတို့ပထမဆုံးတုန့်ပြန်ပုံကတော့ မယုံကြည်နိုင်မှုသာ ဖြစ်၏။
တစ်ကမ္ဘာလုံးအုတ်သော်သောင်းနင်းဖြစ်ကုန်ကြပြီး အဓိပတိဂိုဏ်းထဲတွင်တော့ အောင်ပွဲခံနေကြကာ နေရာတိုင်းတွင် တောက်ပနေသောမီးရောင်များ ပွဲတောင်အတွက်ပြင်ဆင်မှုများကိုသာ တွေ့နေခဲ့ရသည်။ လူတိုင်း၏ ဆရာသခင်ဓားအရှင်၏ ခမ်းနားလှသောလုပ်ရပ်နှင့်ခွန်အားအကြောင်း သီချင်းများဖွဲ့၍ သီဆိုနေခဲ့ကြ၏။
ဤအခေါက်တွင် ဆရာသခင်ဓားအရှင်၏ ကယ်တင်ခဲ့မှုမှာ အရင်အခေါက်များထက် မယှဉ်နိုင်အောင် ကြီးမားလွန်းနေလေရာ သူတို့မည်သို့ ဂုဏ်မယူဘဲနေနိုင်ကြမည်နည်း။
သေမျိုးများ၏ အသက်များကိုအမှန်တကယ်ဂရုစိုက်သော အမတများ တကယ်ရှိမရှ်ိ သူတို့သေချာမသိသော်လည်း အနည်းဆုံးတော့ သူတို့ရင်ထဲတွင် ဆရာသခင်ဓားအရှင်သည် သူတို့သက်ရှိအားလုံး၏ အသက်ကိုကယ်တင်ခဲ့သော အမတတစ်ပါးသာ ဖြစ်ပေသည်။
အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတထွက်ခွာသွားပြီးနောက်ရက်တွင် ကုအန်လည်း ကုန်းမြေတိုက်ကြီးပေါ်မှ တိတ်တဆိတ်ထွက်ခွာလာခဲ့၏။
သူတောင်အရပ်သို့ဦးတည်လာခဲ့ပြီး အဓိပတိဂိုဏ်းတည်ရှိရာနှင့် ဝေးရာသို့ လျင်မြန်စွာ သွားရောက်နေခဲ့သည်။
တဖြည်းဖြည်းနှင့် သူစွန့်ပစ်ပင်လယ်နယ်မြေတစ်ခုသို့ ရောက်ရှိလာခဲ့ပြီး ထိုနေရာတွင် သက်ရှိအရေအတွက်က ကြဲပါးလှသည်။ ပင်လယ်ပြင်တွင်ဖြစ်ဖြစ် ပင်လယ်ရေအောက်တွင်ဖြစ်ဖြစ် များစွာသော လမ်းပျောက်နေသည့်ဝိညာဉ်များနှင့် တစ္ဆေများသာ ရှိနေခဲ့ကြ၏။ ကောင်းကင်အထက်တွင်လည်း ဖိအားများလှသော တိမ်များကထူထဲစွာတည်ရှိနေကြသည်။ သို့သော်ဤနေရာတွင် စိတ်ဝိညာဉ်စွမ်းအားကတော့ အတော်လေး ကြွယ်၀စွာရှ်ိနေခဲ့၏။
ကုအန်နတ်အာရုံသုံး၍ ပတ်၀န်းကျင်ကိုစစ်ဆေးကြည့်လိုက်သောအခါ သမုဒ္ဒရာထဲရှ်ိ အားကောင်းသောစည်းများချထားသော ကျွန်းတစ်ကျွန်းကို တွေ့လိုက်ရသည်။ အကယ်၍ သူသာဤနေရာတွင် အတင်းအကြပ်အဆင့်ချိုးဖြတ်လျှင် ထိုတည်ရှိမှုကို သတိပေးသလိုဖြစ်သွားမှာ သေချာ၏။
ထိုကျွန်းပေါ်တွင် အပူအပင်မဲ့အမတတစ်ပါးပုန်းအောင်းနေသည်ဟု သူသံသယရှ်ိနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် စည်းမှာသန်မာလှသော်လည်း သူချိုးဖျက်ဖို့ ခက်ခဲတာတော့ မဟုတ်သောကြောင့် ဖြစ်၏။
ဤနေရာတွင် စိတ်ဝိညာဉ်စွမ်းအားများ ကြွယ်၀နေတာ အံ့ဩစရာတော့ မဟုတ်တော့ပေ။ ထိုနေရာတစ်ဝိုက်တွင် တည်ရှိမှုအချို့ ပုန်းအောင်းနေခဲ့ကြသည်။
ထို့နောက် ကုအန်လူမနေထိုင်သော ကျွန်းတစ်ကျွန်းပေါ်သို့ ဆင်းသက်လိုက်ကာ သက်တမ်းအလွှာကို ဖွင့်လိုက်၏။
သက်တမ်း သန်း၇၉၀ ကိုကြည့်ပြီး ကုအန်ထိုအရာကိုကြည့်လေလေ ပိုပိုပြီး စိတ်ကျေနပ်လာလေလေပင်။
သူတစ်ခါမှ အခုလောက်သက်တမ်းကြွယ်၀နေတာမျိုး မရှိခဲ့ဖူးပေ။
ကုအန် အပင်ကြီးတစ်ပင်ရှေ့တွင် တင်ပလ္လင်ခွေထိုင်လိုက်ပြီးနောက် စနစ်ကိုကြည့်ရင်း တစ်ယောက်တည်း ရယ်မောနေခဲ့မိ၏။
အရင်ဆုံး သူထိုအခိုက်အတန့်လေးကို ပိုကြာကြာတော့ ခံစားလိုက်ပေဦးမည်။
တစ်ခဏကြာပြီးသည့်နောက်တွင်တော့ သူ့ခံစားချက်ကိုပြန်ထိန်းညှိလိုက်ပြီး သက်တမ်းသံသရာကို တစ်ချက်စမ်းကြည့်ဖို့ ပြင်လိုက်လေသည်။
သူမြေစမ်းခရမ်းပျိုးသည့်အနေနှင့် အရင်ဆုံးသက်တမ်း ၁၀သန်းဖြင့်သာ စမ်းမည်ဖြစ်၏။ အကယ်၍ ထိုအရာက အကျိုးသက်ရောက်မှုမရှိရင်တော့ သက်တမ်းနှုတ်ယူခြင်းလုပ်ဆောင်ချက်လိုပင် သူဘယ်တော့မှ ထုတ်သုံးမည် မဟုတ်ပေ။
[သင်သည် သက်တမ်းသံသရာအတွက် သက်တမ်း ၁၀သန်းသုံးလိုက်ပြီးပါပြီ]
[တာအိုနိယာမများနှင့် ဆက်သွယ်မှုစတင်နေပါပြီ]
[ပြန်လည်မွေးဖွားခြင်းအတွက် ကမ္ဘာရွေးချယ်နေပါသည်]
[သင့်တွင်အောက်ပါကမ္ဘာများရှိနေပါသည် တစ်ခုကို ရွေးချယ်ပါ]
[၁- မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေ]
[၂- အနက်ရောင်မဟာကောင်းကင်နှင့်မြေပြင်]
[၃- မဟာအပြိုင်ကမ္ဘာ]
ဟမ်!
ဒီမှာမဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေတောင် ရှိနေတာပဲ!
အကယ်၍ ပြန်လည်မွေးဖွားခြင်းဖြစ်စဉ်ကသာ မှတ်ညဏ်များပေါင်းစည်းရုံသာမဟုတ်ဘဲ လက်ရှိလောကကိုပါသက်ရောက်မှုရှိနေတာဆိုလျှင် ထိုပြန်လည်မွေးဖွားခြင်းက သူ့အပေါ်လည်း သက်ရောက်မှုရှိသွားနိုင်သည်ဟု ကုအန် တွေးလိုက်မိသည်။
သူသေချာမသိသောကြောင့် နောက်ဆုံးတွင် သူ့ဆီအမှုပတ်လာနိုင်သော မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကို မရွေးဖို့သာ ဆုံးဖြတ်လိုက်၏။
သူ အနက်ရောင်မဟာကောင်းကင်နှင့်ေမြပြင်ဟူသော နာမည်ကိုမျက်စိကျနေခဲ့သည်။ ထိုနာမည်က သူ့သက်တမ်းစုဆောင်းသော စွမ်းရည်နှင့် လိုက်ဖက်မှုရှိနေပုံပင်။ ထိုအရာက ပြန်လည်မွေးဖွားခြင်းဖြစ်သောကြောင့် သူ့ရွှေလက်ချောင်းလေး ပြန်ပါကောင်းပါလာနိုင်ပေသည်။
ဒီတစ်ခု!
အနက်ရောင်မဟာကောင်းကင်နှင့်မြေပြင်!
[သင်သည် အနက်ရောင်မဟာကောင်းကင်နှင့်မြေပြင်တွင် ပြန်လည်မွေးဖွားဖို့ ရွေးချယ်ခဲ့ပါသည်]
[ဤကမ္ဘာ၏တာအိုနိယာမများက သင့်ပါရမီကိုဖုံးကွယ်မထားနိုင်သောကြောင့် သင်သည် သက်တမ်းရိတ်သိမ်းခြင်းစွမ်းရည်ကို ရရှိပါမည် သို့သော် အထူးလုပ်ဆောင်ချက်များကိုတော့ ဖွင့်မရပါ]
[ပြန်လည်မွေးဖွားခြင်းဖြစ်စဉ် စတင်ပါပြီ]
[ပထမဆုံးနှစ်တွင် သင်သည် အရှေ့ဘက်နက်နဲခြင်းနယ်မြေရှိရွာလေးတစ်ရွာတွင် မွေးဖွားခဲ့ပြီး သင့်မိဘများသည် သင့်ကို ချုလု ဟုအမည်ပေးခဲ့သည်]
[အသက်၇နှစ်တွင်သင်သည် တောင်ပေါ်၌ စိတ်ဝိညာဉ်မြက်ပင်တစ်ပင်ကို မတော်တဆနှုတ်မိသွားပြီး သက်တမ်း ၈နှစ်ရရှိခဲ့ပြီး သင့်ကံကြမ္မာပြောင်းလဲချိန်ကို ရောက်ရှိသွားခဲ့သည်]
[အသက်၈နှစ်တွင်သင်သည် အမတကျင့်ကြံသူတစ်ယောက်ကို ဆရာအဖြစ်မှတ်ယူပြီး သူနှင့်အတူ ကမ္ဘာအနှံ့ခရီးထွက်ခဲ့သည်]
[အသက်၁၅နှစ်တွင် သင်သည် ယုတ်မာသောကျင့်ကြံသူတစ်ယောက်နှင့်ကြုံခဲ့ရပြီး သင့်ကိုကာကွယ်ရန် သင့်ဆရာသေဆုံးသွားခဲ့သည် သင်သည် ထိုကျင့်ကြံသူကို ရန်ငြှိုးထားခဲ့ပြီး တောင်ပေါ်တွင်ပုန်းအောင်းကာ သက်တမ်းစတင်စုဆောင်းခဲ့သည်]
[အသက် ၁၈နှစ်တွင် သင်သည် ဝိညာဉ်အခြေတည်အဆင့်သို့ရောက်ရှိခဲ့ပြီး သင့်ကလဲ့စားကို စတင်ခဲ့သည်]
[အသက်၁၉နှစ်တွင် သင်သည်သင့်ရန်သူများ၏အိမ်ကို စိမ့်၀င်ပြီး အိမ်ရှိမိန်းကေလးတစ်ယောက်သာ ကျန်တော့သည်ထိ အကုန်သတ်ပစ်ခဲ့သည် သူ့ကြောက်ရွံ့နေသော အမူအရာကိုတွေ့သောအခါ သင်တွန့်ဆုတ်သွားပြီး စိတ်ထဲတွင် ဝေခွဲမရဖြစ်သွားခဲ့သည်]
[သူ့ကို သတ်ဖြတ်ဖို့ ရွေးချယ်မှာပါလား]
စာတန်းက ဤနေရာတွင် ရပ်သွားခဲ့၏။ ကုအန်တခဏရပ်လိုက်ပြီးနောက် မသတ်ဖို့ ရွေးချယ်လိုက်သည်။ ဟာသမှာ သူ့သက်တမ်းစုဆောင်းသောစနစ်ကြီးနှင့် သူထိုမိန်းကလေးအမဲလိုက်တာကို ဘယ်တော့မှ ခံရမည်မဟုတ်ပေ။
[သင်သည် ထိုမိန်းကလေး ချန်ကျားလန်ကိုအသက်ချမ်းသာပေးခဲ့ပြီး သင့်အမတကျင့်ကြံခြင်းလမ်းစဉ်ကို ဆက်လျှောက်ခဲ့သည်]
ထိုစာကိုမြင်သောအခါ ကုအန်ပြုံးလိုက်မိသည်။ ဤမိန်းကလေးတွင်လည်း သူ့ဂျူနီယာညီမလေးလိုပင် လန် ဟူသောနာမည်ပါနေခဲ့၏။
အရင်စာတန်းများတွင် နာမည်မပါသောကြောင့် ကြည့်ရသည်မှာ သေရမည့်လူများတွင် နာမည်မပါပုံပေ။
နေပါဦး သူ့မိဘတွေနဲ့ဆရာလည်း အစကအသက်ရှင်နေတာပဲ သူတို့မှာရော ဘာလို့နာမည်မပါတာလဲ!
သူရုတ်တရက်မကောင်းသောခံစားချက်တစ်ခုရလိုက်မိသည်။ ထိုချန်ကျားလန်သည် အချိန်အကြာကြီးအသက်ရှင်သွား၍ ဖြစ်နိုင်ပါသလော။
[အသက်၂၀အရွယ်တွင် သင်သည် ထိုက်ယိဂိုဏ်းသို့၀င်ခဲ့ပြီး သင့်ကျင့်ကြံခြင်းနှင့်ပါရမီကြောင့် တိုက်ရိုက်တပည့်တစ်ယောက်ဖြစ်လာကာ ဂိုဏ်းထဲတွင် နာမည်တစ်ခုတည်ဆောက်နိုင်ခဲ့သည်]
[အသက် ၂၁နှစ်တွင် သင်သည် နှလုံးသား၇မျိုးကျင့်စဉ်ကိုကျင့်ကြံရန် သက်တမ်းနှုတ်ယူခြင်းကျင့်စဉ်ကို အသုံးပြုခဲ့သည်]
[အသက် ၂၂နှစ်တွင် သင်မနာလိုခံရပြီး ဂိုဏ်းချုပ်၏သားက သင့်တာ၀န်တစ်ခုအတွင်း သူ့လူများနှင့်ဝိုင်းကာ သင့်ကို ချောင်းမြောင်းလုပ်ကြံခဲ့သည် သင်သည် သူ့လူများအားလုံးကိုသတ်လိုက်ကာ ဂိုဏ်းချုပ်သားတစ်ယောက်တည်းသာ ကျန်ခဲ့ပြီး သူသည်သင့်ကို ခွင့်လွှတ်ပေးဖို့ ဒူးထောက်တောင်းပန်နေရာ သင်သတ်ဖြတ်ဖို့ တွန့်ဆုတ်နေခဲ့သည်]
[သူ့ကိုသတ်ဖြတ်ဖို့ ရွေးချယ်မှာပါလား]
သတ်!
ကုအန် တွန့်ဆုတ်မနေခဲ့ဘဲ စာတန်းများလည်း ဆက်လက်ပေါ်ပေါက်လာခဲ့၏။
ယောင်္ကျားတွေကိုသတ်ပြီး မိန်းမတွေကိုချမ်းသာပေးတာလား ကြည့်ရတာ င့ါ့စံကတစ်ခုခုတော့ မှားနေသလိုပဲ!
ကုအန်သူ့ကိုယ်သူကြိတ်၍ ဝေဖန်လိုက်သည်။
ထို့နောက် ပြန်လည်မွေးဖွားခြင်းထဲကသူက ထိုက်ယိဂိုဏ်းထဲပြန်ရောက်လာခဲ့ပြီးနောက် များစွာသော တင်းကြပ်မှူများ ပဋိပက္ခများကိုကြုံခဲ့ရရာတွင် ကုအန် သူ့ကိုလာစော်ကားသူများကို သတ်သာသတ်ပစ်နေခဲ့သည်။
သတ်ဖြတ်ခြင်းကြောင့် သူ့လျှို့ချက်များ ပေါ်လုလုဖြစ်သွားပြီး သူသည်ထိုက်ယိဂိုဏ်း၏အလိုရှိသူများစာရင်းထဲတွင် ပါ၀င်လာခဲ့၏။
ထို့နောက်တွင်တော့ နှစ်တိုင်းလိုလို သူတိုက်ပွဲများသာ တိုက်ခိုက်နေခဲ့ရသည်။
တစ်ခါက ကုအန် ဒဏ်ရာရနေသော ကျင့်ကြံသူတစ်ယောက်ကို ကယ်တင်ခဲ့ပြီး နောက်နေ့တွင် ထိုကျင့်ကြံသူက ကျင့်ကြံသူအုပ်လိုက်ကြီးခေါ်လာကာ သူပိုင်သောမှော်အသုံးအဆောင်ကိုလိုချင်၍ လာရောက်တိုက်ခိုက်ခဲ့သည်။
ဒေါသထွက်နေသော ကုအန်၏သတ်ဖြတ်ခြင်းဆန္ဒကလည်း ထိုးတက်သွားခဲ့၏။
တစ်ယောက်ပြီးတစ်ယောက် သူ့ကို သစ္စာဖောက်လိုက် မနာလို၀န်တိုဖြစ်လိုက်သာ ဖြစ်နေခဲ့ကြသည်။
တကယ်တော့ ဤအရာက အနက်ရောင်မဟာကောင်းကင်နှင့်မြေပြင်သာဖြစ်ပြီး ဤနေရာရှိလူများ၏စိတ်ဓာတ်က ယုတ်ညံ့လွန်းလှသည်။
အသက် ၅၀ကျော်ချိန်ထိ ကုအန် စိတ်ထားကောင်းသောကျင့်ကြံသူတစ်ယောက်မှ မတွေ့ခဲ့ရဘဲ တစ်ချိန်လုံး သတ်သာ သတ်ဖြတ်နေခဲ့ရ၏။
၀မ်းနည်းစရာအကောင်းဆုံးအပိုင်းကတော့ သူ့ရန်သူများက သူ့ကိုပြန်လာစေချင်သည့်အတွက် သူ့မိဘများကို ဝိညာဉ်နှုတ်ကာ တစ္ဆေပစ္စည်းတစ်ခုထဲ မြှုပ်နှံ့ပစ်သည့်အပိုင်းမျိုး ဖြစ်သည်။
ဒေါသထွက်နေသောကုအန်လည်း ပို၍အဆင်အခြင်မဲ့လာခဲ့ပြီး သူ့ရွေးချယ်မှုများက သတ်ဖြတ် သတ်ဖြတ်သာ ဖြစ်လာခဲ့၏။
သူ့သက်တမ်းကလည်း လျင်မြန်စွာစုဆောင်းလာနိုင်ခဲ့ပြီး အသက်၅၀အရွယ်တွင်သူသည် အချုပ်အေနှာင်မဲ့အမတဖြစ်လာကာအရှေ့ပိုင်းနက်နဲခြင်းနယ်မြေ၏ သတ်ဖြတ်ခြင်းနတ်ဘုရား ဖြစ်လာခဲ့သည်။
[အသက် ၆၅နှစ်အရွယ်တွင် သင်သည်သင်တစ်ခါက အသက်ချမ်းသာပေးခဲ့ဖူးသော ချန်ကျားလန်နှင့်ပြန်တွေ့ခဲ့သည်။ သူမသည်ယခုအခါ အပြာရောင်ကောင်းကင်မြင့်မြတ်ဂိုဏ်းမှ နာမည်ကျော်ပါရမီရှင်တစ်ယောက်ဖြစ်နေပြီဖြစ်သည်။ သင့်ကိုပြန်တွေ့သောအခါ သူမသည် သူမကိုအသက်ချမ်းသာပေးခဲ့တဲ့အတွက် အလွန်ကျေးဇူးတင်နေပြီး သင်ကလည်း သူ့အပြုအမူကြောင့် ခံစားသွားခဲ့ရသည်]
[အသက် ၆၆နှစ်တွင် ချန်ကျားလန်၏အလိုအတိုင်း သင်တို့လက်ထပ်ခဲ့ကြသည်]
[အသက် ၆၇တွင် ချန်ကျားလန်သည် သင့်အတွက် သားတစ်ယောက်သမီးတစ်ယောက်မွေးပေးခဲ့ပြီး သင်သူ့ကိုပို၍ပင် မြတ်နိုးလာခဲ့သည်]
[အသက် ၆၈တွင် သင်ကျင့်ကြံနေစဉ်တွင် အပြာရောင်ကောင်းကင်မြင့်မြတ်ဂိုဏ်းမှ အပူအပင်မဲ့ကမ္ဘာဦးအမတတစ်ပါးရောက်ရှိလာခဲ့ပြီး သင့်ကိုသေသည်အထိ ဖိချေသတ်သွားခဲ့သည်။ သူသည် အနက်ရောင်နက်နဲခြင်းဧကရာဇ်အဖြစ်ကျော်ကြားသူ ဖြစ်၏။]
[ပြန်လည်မွေးဖွားခြင်း ပြီးဆုံးသွားပါသည်]
ဘာလဲဟ!
ပြီးသွားပြီလား!
ကုအန် သွေးအန်လုနီးနီးဖြစ်သွားခဲ့ရ၏။ သက်တမ်း ၁၀သန်းအတွက် သူ၆၈နှစ်သာ အသက်ရှင်ခဲ့ရသည်။
အနက်ရောင်နက်နဲခြင်းဧကရာဇ်!
ကောင်းပြီ အရမ်းကောင်းတယ်!
ကုအန်စဉ်းစားဖို့ပင်အချိန်မရတော့ဘဲ သူကြုံေတွ့ခဲ့ရသလိုပင် ချူလု၏မှတ်ညဏ်များက သူ့စိတ်ထဲ တိုး၀င်လာခဲ့ကြသည်။
သူအသက် ၆၈နှစ်သာ အသက်ရှင်ခဲ့ရသော်လည်း ချူလုသည် သူ့ဘ၀တစ်လျှောက်လုံးတွင် ကျင့်စဉ်တစ်ခုကို အဆင့်မြှင့်နိုင်ခဲ့၏။
နှလုံးသား၇မျိုး ကျင့်စဉ်ကို အကြိမ်များစွာအဆင့်မြှင့်ပြီးသောအခါ ယခုအခါ ထိုအရာသည် နတ်၇ပါးရွှေခန္ဓာများ အဖြစ်လူသိများနေပြီ ဖြစ်သည်။
နတ်၇ပါးရွှေခန္ဓာများကျင့်စဉ်သည် ၀မ်းတွင်းစွဲသွားသော ကျင့်စဉ်မျိုးဖြစ်၏။ ထိုအရာကိုတတ်မြောက်သွားသည်နှင့် ဝိညာဉ် ၇မျိုးဖြစ်တည်လာမည်ဖြစ်ကာ ဝိညာဉ်တိုင်းကလည်းနတ်သိုင်းများသုံး၍ရပြီး ဝိညာဉ်တစ်ခုသေတိုင်းလည်း ပြန်လည်ရှင်သန်လာနိုင်ပေသည်။
မှတ်ညဏ်ထဲ၌ အနက်ရောင်နက်နဲခြင်းဧကရာဇ်၏ ချေမွခြင်းကိုခံရသောအခါတွင်လည်း တစ်ကြိမ်တည်းနှင့် သေခဲ့ခြင်းမဟုတ်ဘဲ ခြောက်ခါပြန်လည်နိုးထလာခဲ့သေးသည်။ သို့သော်အင်အားကွာဟချက်ကြောင့် ဘယ်လောက်ပြန်နိုးနိုး ရလဒ်ကတော့ အတူတူသာ။
ကျင့်ကြံခြင်းအဆင့်ကွာဟလှသောကြောင့် သူ့တည်နေရာကူးပြောင်းခြင်းအစီအရင်ကလည်း အလုပ်ဖြစ်မသွားခဲ့ပေ။
ထိုကျင့်စဉ်သည် ကုအန်အတွက် သက်တမ်း၁၀သန်းတန်မတန်ကတော့ ပြောရခက်ပေသည်။ ထိုအရာသည် ချူလုကို မြေလျှောက်အမတများလိုက်သတ်ကြစဉ်ကပင် ဒဏ်ရာအပြင်းအထန်သာရအောင် စွမ်းဆောင်ပေးခဲ့ပြီး သူ့စွမ်းရည်ကသာမန်တော့ မဟုတ်ပေ။ သက်တမ်း ၂သန်း ၃သန်းဖြင့် ရနိုင်သောအရာတော့လည်း မဟုတ်ပေ။
ဟူး အဲ့ကောင်က လုံလောက်တဲ့ ဇွဲလုံ့လမျိုးမရှိခဲ့ဘူး!
ပြန်လည်မွေးဖွားခြင်းဖြစ်စဉ်တွင် ကုအန်သည် ကံကြမ္မာအလှည့်အပြောင်းများ၌သာ ရွေးချယ်ခွင့်ရှိပြီး
သူ့ပြန်လည်မွေးဖွားခြင်းကို ကိုယ်တိုင်ထိန်းချုပ်ခွင့်မရှိပေ။
ထိုအကြောင်းတွေးသောအခါ အခြားကမ္ဘာများတွင် ပြန်လည်မွေးဖွားလျှင်လည်း ကိုယ်ပိုင်အတွေးများသာရှိနေမည်ဟု ဆိုလိုနေခြင်း မဟုတ်ပါလော။
ထိုသို့ဆိုလျှင်ကုအန်ရှိသော ကမ္ဘာတွင်သာ ပြန်လည်မွေးဖွားပါက ထိုအရာက လက်တွေ့ဘ၀တွင် သူမဟုတ်သောသူက ပြန်လည်မွေးဖွားသလို ဖြစ်သွားပါမည်လော။
ကုအန် သူ့အတွေးများကိုပြန်ရုတ်လိုက်ပြီး သူ့အောက်တွင် စိတ်ဝိညာဉ်စွမ်းအင်များ ပြည့်နေသည်ကို ခံစားလိုက်မိသည်။ ဤအရာက ပြန်လည်မွေးဖွားခြင်းဖြစ်စဉ်ကလည်း လက်ေတ္ွ့လောကက စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုသည်ဟု ညွှန်ပြနေခဲ့၏။ ကံကောင်းစွာဖြင့် သူကတည်နေရာကို အဓိပတိဂိုဏ်းနှင့် ကုန်းမြေတိုက်ကြီးနှငိ့ ဝေးသောနေရာသို့ ရွေးထားခဲ့လိုက်ပြီး ဖြစ်သည်။
တကယ့်ကိစ္စကိုလုပ်ဖို့ အချိန်ပဲ!
ယနေ့တွင် သူအဆင့်ကြီးတစ်ဆင့် တက်ပေတော့မည်!
ကုအန် စနစ်ကိုဖွင့်လိုက်ပြီး သက်တမ်းသန်း၂၀ ခန္ဓာထဲတွင် ထည့်လိုက်၏။
ကမ္ဘာဦးကမ္မခန္ဓာသည် ကမ္ဘာဦးအပျက်အဆီးခန္ဓာသို့ ပြောင်းလဲသွားပြီး ကမ္ဘာဦးအန္တိမခန္ဓာအဖြစ် တက်လှမ်းသွားခဲ့လေသည်။
ထိုခန္ဓာမှ ကမ္ဘာဦးအပျက်အဆီးမဟာစက်၀န်း ဟူသောနတ်စွမ်းအားလည်း နိုးထလာခဲ့၏။
ထိုနတ်သိုင်းသည် တိုက်ခိုက်ခြင်း ခုခံခြင်း စည်းပိတ်ခြင်းစွမ်းရည်များ ရောပြွန်းထားသောနတ်သိုင်းဖြစ်ပြီး သူသည် သာမန်ကောင်းကင်နှင့်မြေပြင်နိယာမများထက်ကြောက်စရာကောင်းကာ ကောင်းကင်မြေပြင်နိယာမများကိုပင် ချေမွပစ်နိုင်သော စွမ်းအားရှိပေသည်။
ကုအန်ချက်ချင်းပင် ထိုနတ်သိုင်းကို ကျွမ်းကျင်အဆင့်အထိ လေ့ကျင့်လိုက်၏။
ထိုအခါ ကုအန်စိတ်ထဲ ကျယ်ပြန့်လှသော စိတ်ဝိညာဉ်စွမ်းအင်များ တိုး၀င်လာခဲ့ပြီး ညဏ်အလင်းပွင့်သောအခြေအနေသို့ ၀င်ရောက်သွားခဲ့လေသည်။
ကမ္ဘာဦးကမ္မခန္ဓာနှင့် ကမ္ဘာဦးအန္တိမခန္ဓာနှစ်ခုလုံး၌ ကမ္ဘာဦးဟူသော စကားလုံးပါသော်လည်း သူတို့ကြားကွာဟချက်ကတော့ ကြီးမားလွန်းလှ၏။ အန္တိမခန္ဓာအဆင့်သို့ရောက်သွားလျှင် ထိုသူသည် ကောင်းကင်နှင့်မြေပြင်နိယာမများ ကမ္မစွမ်းအားများကိုဖြတ်၍ မြင်နိုင်သွားမည်ဖြစ်ပြီး ကမ္ဘာဦးခန္ဓာအမျိုးအစားများပေါ်တွင်လည်း လုံး၀ဖိနှိပ်ထားနိုင်မည်ဖြစ်သည်။
ကမ္ဘာဦးခန္ဓာအမျိုးအစားတစ်ခုမှ ကုအန် မတွေ့ဖူးသေးသော်လည်း ကမ္ဘာဦးဟူသောအရာက တကယ်ရှိသည်ဟု ကုအန်ခံစားခဲ့ရ၏။ နောက်ဆုံးတွင် ကုအန် ဤခန္ဓာအဆင့်သို့ရောက်ရန် သူ့သေမျိုးခန္ဓာမှစတင်၍ အဆင့်မြှင့်ခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေရှိ သေမျိုးများ၏ ဘိုးဘေးများကို နောက်ကြောင်းလိုက်ကြည့်လိုက်လျှင် သူတို့သည် ကမ္ဘာဦးနှင့်အတော်လေး ဆက်စပ်မှုရှိကောင်းရှိနေနိုင်၏။
ကမ္ဘာဦးက ဘယ်မှာရှိခဲ့လဲဆိုတာကိုသာ သူမသိခဲ့ခြင်းဖြစ်သည်။
ကုအန်စိတ်ဝိညာဉ်စွမ်းအားများကို ဝါးမြိုနေစဉ်တွင် တိတ်ဆိတ်ကာ ညှို့မှိုင်းနေသော ပင်လယ်ကြီးက မိုးသက်မုန်တိုင်းတစ်ခု၀င်သလို ဝုန်းဒိုင်းကြဲလာခဲ့ပြီး နတ်အာရုံကြီးတစ်ခုကလည်း ပင်လယ်တစ်ခွင်ကို စစ်ဆေးကြည့်ရှုနေခဲ့၏။
ကံဆိုးသည်မှာ သူဘယ်လောက်ရှာရှာ ကုအန်ကိုမတွေ့နိုင်ခဲ့ပေ။
တစ်နာရီခန့်ကြာသောအခါ ကုအန်မျက်လုံးများပွင့်သွားပြီး သူ့ခန္ဓာက ကမ္ဘာဦးအန္တိမခန္ဓာအဖြစ် ပြောင်းလဲသွားခဲ့ပြီး ဖြစ်သည်။
သူ့လက်ရှိခွန်အားက ကြောက်မက်ဖွယ်အခြေအနေတစ်ခုသို့ ရောက်ရှိနေပြီဖြစ်ပြီး ထိုခံစားချက်က အတော်လေးစိတ်ကျေနပ်စရာ ကောင်းလှသည်။
သူ့ခွန်အားအသစ်ကိုစမ်းသပ်ရန် သူတစ်ယောက်ယောက်ပင် ရှာချင်သွားခဲ့၏။
ကံကောင်းစွာဖြင့် သူ့ထိုဆန္ဒကို ထိန်ထားနိုင်ခဲ့သည်။
သူအဆင်အခြင်မဲ့ ရမ်းကားနေ၍ မဖြစ်ပေ။
ချူလုသည် သူ့ကိုယ်သူအတော်လေး ယုံကြည်မှုလွန်ကဲခဲ့ပြီး သူ့လမ်းစဉ်တစ်လျှောက်လုံး သတ်ဖြတ်ခဲ့ပြီး နောက်ဆုံးတွင် အဆင့်ကြီးတစ်ခုကျော်မြင့်သော ကျင့်ကြံသူကြီး၏ချေမွခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။
ထို့နောက် ကုအန် စနစ်ရှိကျင့်စဉ်ဇယားကိုတစ်ချက်ကြည့်လိုက်၏။
ကမ္ဘာဦးအပျက်အဆီးအထွတ်အထိပ်မြင့်မြတ်ကျင့်စဉ်နှင့် အရာအားလုံး၏ပုံသဏ္ဍာန်နှင့်စွမ်းအင်ပညာရပ်တို့သည် တစ်ခုကို သန်း၂၀ဆီသုံးရန် ထိုက်တန်ပေသည်။
သူတစ်ခုကိုသန်း၂၀သာ သုံးနေရသည့်အကြောင်းပြချက်မှာ သူသက်တမ်းသန်းတစ်ထောင်ရောက်လျှင်ပွင့်မည်ဖြစ်သော လုပ်ဆောင်ချက်အသစ်ကို စတင်လိုချင်လာခဲ့၍ ဖြစ်၏။