ဝမ်ရှီတောက်
Vol. 4 Ch. 385
ကျောက်ရှောင်ယွီသည် သူမ၏ရှေ့တွင် စီးဆင်းနေသည့် မြစ်ကို ကြည့်နေလေသည်။
စီးဆင်းနေသော မြစ်ရေမှာ အလွန်နက်ရှိုင်းသည့် အတွက် နဂါးများပင် ပုန်းအောင်း နေမည်လားဟု ထင်မှတ်ရလေသည်။
ထိုမြစ်သည် မတ်စောက်သော ချိုင့်ဝှမ်းတစ်ခု အတွင်းသို့ စီးဝင်သွားခြင်း ဖြစ်လေသည်။ သူမရှေ့ရှိတောင်ကြီးသည် အလွန်မြင့်မားပြီး တိမ်များကိုပင် ထိုးဖောက် ဝင်ရောက်သွားလေ၏။
ဆန်းလျန်နှင့် ကျောက်ရှောင်ယွီသည် ရွှမ်ထျန်းနတ်ဘုရားဂိုဏ်း ပတ်ဝန်းကျင်သို့ ရောက်ရှိနေကြခြင်း ဖြစ်လေသည်။ ဆန်းလျန်၏ နဂါးငွေ့တန်း ဓားမျိုးစေ့ အစွမ်းဖြင့် အလွန် ဝေးကွာသည့် နေရာကို အချိန် ခဏလေး အတွင်း ခရီးနှင်နိုင်ခဲ့ခြင်း ဖြစ်လေသည်။
ဆန်းလျန်သည် ရွှမ်ထျန်း နတ်ဘုရားဂိုဏ်းကို တစ်ခါမှ ရောက်ဖူးခြင်း မရှိသည့်တိုင် မြေပြင် အနေအထားကို နားလည်လေသည်။
ကောင်းကင်တံခါး ရေလက်ကြားကို ဖြတ်သန်းပြီးသည်နှင့် ရွှမ်ထျန်း နတ်ဘုရားဂိုဏ်း၏ ပိုင်နက် အတွင်းသို့ စတင် ဝင်ရောက်နိုင်မည် ဖြစ်လေသည်။
ကောင်းကင် တံခါးရေလက်ကြားတွင် လှေလေးတစ်စင်း ရှိနေလေသည်။ အလွန် လျင်မြန်စွာ စီးဆင်းနေသည့် မြစ်ရေများ အလယ်တွင် လှေလေးသည် အထီးကျန်စွာ ငြိမ်သက် ရပ်တန့် နေလေသည်။
ထိုလှေလေးသည် တဖြည်းဖြည်း ရွေ့လျားလာပြီး ဆန်းလျန်နှင့် ကျောက်ရှောင်ယွီရှေ့တွင် လာရောက် ဆိုက်ကပ်လေသည်။ လှေပေါ်တွင် လှေထိုးသမား အဘိုးအိုတစ်ယောက် ရှိနေလေသ်ည။
"လှေပေါ်တက်ပါ၊ လူငယ်လေးနဲ့ မိန်းကလေး"
အဘိုးအိုက အက်ရှရှ အသံဖြင့်ဆိုသည်။
ဆန်းလျန်က ကျောက်ရှောင်ယွီ၏ လက်များကို ဆုပ်ကိုင်ထားလေသည်။
သူက လက်များမှ တစ်ဆင့် ကျောက်ရှောင်ယွီ၏ ခန္ဓာကိုယ်တွင်းသို့ ဒြပ်စင်စွမ်းအား ငါးမျိုးကို ထည့်သွင်းပေးရန် ကျောက်ရှောင်ယွီ၏ ဒဏ်ရာ အနည်းငယ် သက်သာလာအောင် ကူညီပေးနေလေသည်။
လှေထိုးသမား အဘိုးအို၏ စကားကိုကြားသည်နှင့် ဆန်းလျန်နှင့် ကျောက်ရှောင်ယွီသည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြပြီး လှေပေါ်သို့ တက်လိုက် ကြလေသည်။
လှေအောက်ကြမ်းခင်းမှာ ခိုင်ခံ့သည့် သစ်သားမဟုတ်ပေ။ သို့သော် ဖန်သားကဲ့သို့ ကြည်လင်သည့် တန်ခိုး စွမ်းအား အကာအရံဖြင့် ပြုလုပ်ထားခြင်း ဖြစ်လေသည်။
လှေထိုးသမား အဘိုးအိုမှာ အလွန် အသက်အရွယ် ကြီးရင့်နေပြီး အချိန်မရွေး သေဆုံးသွားနိုင်သည့် အနေအထား ဖြစ်လေသည်။
ကျောက်ရှောင်ယွီက လှေထိုးသမား အဘိုးအိုကို ကြည့်ပြီး နူးညံ့သိမ်မွေ့စွာ မေးလိုက်သည်။
"ဘိုးဘိုးရဲ့ အသက် ဘယ်လောက်ရှိပြီလဲရှင့်"
အဘိုးအိုက ရယ်မောလိုက်ရင်း…
"ကျုပ်အသက်ရှင်ခဲ့တာ ကြာခဲ့ပါပြီ၊ အသက် ဘယ်လောက် ရှိပြီလဲဆိုတာတောင် မမှတ်မိ တော့ပါဘူးကွယ်"
အဘိုးအိုမှာ အလွန်အိုမင်း နေသည့်ပုံ ရသည့်တိုင် သူ၏ သွားများကတော့ အလွန်မှ ညီညာ လှပလေသည်။ သူ၏ ခြောက်သွေ့သော အသားအရေမှာ ညိုမှောင် နေသလောက် သူ၏ သွားများကတော့ ကျောက်စိမ်းသား အလား ဖြူစင်တောက်ပလျက် ရှိလေသည်။
"အဘိုးက ရွှမ်ထျန်း နတ်ဘုရားဂိုဏ်းကို လူတွေအများကြီး ပို့ပေးဖူးမှာပေါ့နော်"
ကျောက်ရှောင်ယွီက ထပ်မေးလိုက်သည်။
လှေထိုးသမား အဘိုးအိုက…
"အမှန်ပဲ၊ ဒီလှေနဲ့ပဲ လူတွေ အများကြီးကို ပို့ပေးခဲ့ရတာ၊ ဒါပေမဲ့ သူတို့ထဲက ပြန်လာနိုင်သူ ဆိုလို့ နည်းနည်းလေးပဲ ရှိတယ်"
"ပြန်လာနိုင်သူဆိုလို့ နည်းနည်းလေးပဲရှိတယ်" ဆိုသည့် စကားမှာ-
ထိုသူများက ပြန်မလာချင် သောကြောင့်လည်း ဖြစ်နိုင်သလို ပြန်လာ၍ မရတော့သည့် အခြေအနေကို ရင်ဆိုင်လိုက်ရသည့် အတွက်ကြောင့်လည်း ဖြစ်နိုင်လေသည်။
ထို့ပြင် ပြန်လာ၍ မရတော့သည့် အခြေအနေဆိုသည်မှာ သေဆုံး သွားခြင်းလည်း ဖြစ်နိုင်လေ၏။
"ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးရာအတွင်း မင်းတို့နှစ်ယောက် အပါအဝင် ဒီလှေနဲ့ လူဆယ်ယောက်ကိုပဲ ပို့ဆောင် ပေးခဲ့ရသေးတယ်၊ မင်းတို့ စိတ်မပူကြနဲ့၊ အဲဒီ လူရှစ်ယောက်လုံး အန္တရာယ် ကင်းကင်းနဲ့ ပြန်လာနိုင်ကြပါတယ်"
လှေထိုးသမားအဘိုးအိုက အက်ရှရှ အသံဖြင့် ပြောလိုက်သည်။
ဆန်းလျန်စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည့်အတွက် ဝင်မေးလိုက်သည်။
"ကျုပ်တို့အရင် ရှစ်ယောက် လာဖူးတယ်ဆိုတော့ သူတို့က ရှန်စန်းကျန်းရန်ကို တွေ့ဖို့ လာကြတဲ့ သူတွေလား"
လှေထိုးသမား အဘိုးအို၏ မျက်နှာတွင် ထူးဆန်းသည့် အပြုံးတစ်ခု ပေါ်လာလေသည်။
"သူတို့က ရှန်စန်းကျန်းရန်နဲ့ မတွေ့ခဲ့ကြဘူးလေ၊ ဒါကြောင့်လည်း အန္တရာယ်ကင်းကင်းနဲ့ ပြန်လာနိုင်ကြတာပေါ့၊ ပြီးတော့ အဲဒီလူ ရှစ်ယောက်ရဲ့ ဇာစ်မြစ်ကလည်း မင်းတို့လိုပဲ ကြီးမြတ်တဲ့ အသိုင်းအဝိုင်းထဲကပါပဲ"
"ကြည့်ရတာ ကျုပ်တို့ဘယ်သူလဲ ဆိုတာ အဘိုးက သိနေပြီးသားထင်တယ်"
ဆန်းလျန်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
လှေသည် မြစ်ရေထဲတွင် မြားတစ်စင်းအလား လျင်မြန်စွာ သွားလာနေလေသည်။ အဘိုးအိုသည် လှေလှော်ခတ်ရာတွင် အလွန်ကျွမ်းကျင်သူ ဖြစ်လေသည်။
လှေထိုးသမား အဘိုးအိုက…
"မင်းတို့ ဘယ်သူတွေလဲ ဆိုတာသိလို့ မင်းတို့ကိုကြိုဖို့ ဒီနေရာကို ရောက်လာတာပေါ့ကွယ်၊ တခြားသူတွေဆို ဒီလှေနဲ့ ဘယ်ကြိုလိမ့်မလဲ"
ဆန်းလျန်က လှေထိုးသမား အဘိုးအိုကို စိုက်ကြည့်လိုက်ရင်း…
"ရှန်စန်းကျန်းရန်က ကျမ်းစာတစ်အုပ်ကို ယူဖို့အတွက် ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းက စန်းလော် ခန်းမဆောင်ကို သွားခဲ့ဖူးတယ်လို့ သိရတယ်၊ ပြီးတော့ ငရဲလမ်းခွဲက ထူကျူ အရှင်တစ်ပါးဖြစ်တဲ့ အရှင်ဝူကျန့်နဲ့ တိုက်ခိုက်ခဲ့တယ်၊ အဲဒီ အကြောင်းတွေကို အဘိုးသိသလား"
"သိတော့ရော ဘာဖြစ်သလဲ၊ မသိတော့ရော ဘာဖြစ်လဲ"
လှေထိုးသမားအဘိုးအိုက ဖြေလိုက်လေသည်။
"ကျုပ်သိရသလောက်တော့ ရှန်စန်းကျန်းရန်က သူလိုချင်တဲ့ ကျမ်းစာအုပ်ကို မရခဲ့ပေမယ့် အရှင်ယိုကျန့်ရဲ့ ဂိုဏ်းတူညီတစ်ယောက်ကို ခေါ်လာခဲ့တယ်တဲ့၊ အဲဒီ ဂိုဏ်းတူညီက အသူရာချောက်က ကူးတို့သမားပဲ"
ဆန်းလျန်၏ စကားကြောင့် လှေထိုးသမား အဘိုးအို၏ ခန္ဓာကိုယ်မှာ တစ်ချက် တုန်ခါ သွားလေသည်။
"ဒီအကြောင်းတွေကို မင်းသိနေတာ လေးစားစရာပါပဲ၊ ဒါပေမဲ့ လွဲနေတဲ့ အချက်တွေ ရှိသေးတယ်"
မည်သို့ပင် ဖြစ်စေ အဘိုးအို ပြန်ပြောလိုက်သည့် စကားကြောင့် ဆန်းလျန်၏ စကား မှန်ကန်ကြောင်း အတည်ပြု နိုင်ခဲ့လေသည်။ သူ့ရှေ့မှ လှေထိုးသမား အဘိုးအိုသည် အသူရာချောက်မှ ကူးတို့သမားပင် ဖြစ်လေသည်။ အဘိုးအို၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ဝိညာဉ် မြစ်ရေ ရနံ့များကြောင့် ဆန်းလျန်က ထိုသို့ ခန့်မှန်းကြည့်နိုင်ခြင်း ဖြစ်လေသည်။
ထိုစဉ် အချိန်များတုန်းက…
ဟွမ်ချွမ်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ် သက်ရှိ ထင်ရှား ရှိနေစဉ် အချိန် ဖြစ်လေသည်။ ဂိုဏ်းချုပ်သည် အသူရာချောက်မှ ကူးတို့သမားကို အလွန်မှ ချစ်ခင်လေသည်။ ထို့ကြောင့် အသူရာ ကျမ်းစာအခြေခံများကို သင်ကြား ပေးခဲ့လေသည်။
အသူရာ ကျမ်းစာမှာ ဟွမ်ချွမ် နတ်ဆိုးဂိုဏ်း၏ အခြေခံ ကျင့်စဉ် ကျမ်းဖြစ်ပြီး ထိုကျင့်စဉ် ကျမ်းကို ဂိုဏ်းချုပ် ဖြစ်သူသာလျှင် ကျင့်ကြံခွင့်ရှိလေသည်။
အသူရာ ကျမ်းစာနှင့်အတူ ဟွမ်ချွမ်နတ်ဆိုး ဂိုဏ်းချုပ် ပျောက်ဆုံး သွားပြီးသည့်နောက် ဂိုဏ်းချုပ်နေရာကို ရရှိရန် အလားအလာ ရှိသူမှာ အသူရာချောက်မှ ကူးတို့သမား ဖြစ်လာခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် သူက အသူရာကျမ်းစာ၏ အခြေခံများကို သိရှိသောကြောင့် ဖြစ်လေသည်။ သို့သော် တိရစ္ဆာန်လမ်းခွဲနှင့် တစ္ဆေလမ်းခွဲမှ ထူကျူအရှင်များက ပူးပေါင်း ကြံစည်မှု တစ်ခု ပြုလုပ်ကာ သူ့ကို ချုပ်နှောင် ထားခဲ့ကြလေသည်။
သူ့ကို စန်းလော် ခန်းမထဲတွင် ချုပ်နှောင်ထားပြီး သူ၏ ဂိုဏ်းတူ အစ်ကို အရှင်ယိုကျန့်က သူ့ကို စောင့်ကြည့်သည့် တာဝန်ကို ယူရလေသည်။
"ကျုပ်ပြောတာ ဘယ်နေရာမှာ လွဲသွားတာလဲဗျ"
ဆန်းလျန်က မေးလိုက်လေသည်။
လှေထိုးသမား အဘိုးအိုက သက်ပြင်းချလိုက်ရင်း…
"ကျုပ်ကို လုကျိုးယွမ်က ခေါ်သွားတာ မဟုတ်ပါဘူး၊ ကျုပ်ရဲ့ ဂိုဏ်းတူ အစ်ကိုက ကျုပ်ကို လွှတ်ပေးလိုက်တာပါ"
အဘိုးအို၏ စကားကြောင့် ဆန်းလျန် တိတ်ဆိတ် ငြိမ်သက် သွားလေသည်။ ထိုကိစ္စရပ်များ၏ နောက်ကွယ်တွင် သူမသိနိုင်သည့် အကြောင်းအရာ များစွာရှိဦးမည် ဖြစ်လေသည်။ သို့သော် သူက အခြားသူများ၏ ကိုယ်ရေး ကိုယ်တာများတွင် ပါဝင် ပတ်သက်လိုခြင်း မရှိပါ။
လှေထိုးသမား အဘိုးအိုက စကား ဆက်ပြောလိုက်သည်။
"ဒီလောက် နှစ်ပေါင်းများစွာ ကြာခဲ့ပြီ၊ ကျုပ်အကြောင်းကို သိတဲ့သူဆိုလို့ မင်းတစ်ယောက်ပဲ တွေ့ဖူးသေးတယ်၊ ရှန်စန်းကျန်းရန်က ပြောထားတယ်၊ တကယ်လို့ တစ်စုံတစ်ယောက်က ကျုပ်အကြောင်းကို သိသွားပြီဆိုရင် ဒီနေရာမှာ ဆက်နေလို့ မရတော့ဘူးတဲ့၊ မင်းတို့နှစ်ယောက်ကို ပို့ပြီးရင်တော့ ကျုပ်ထွက်ခွာ သွားရတော့မယ်"
အဘိုးအို၏ စကားကြောင့် ဆန်းလျန်မှာ စိတ်မကောင်း ဖြစ်သွားရလေသည်။
"တောင်းပန်ပါတယ် အဘိုး၊ ကျုပ်ဒီအကြောင်းတွေကို မပြောသင့်ဘူး"
လှေထိုးသမား အဘိုးအိုက ခေါင်းကို ခါယမ်းလိုက်ရင်း…
"မင်းက သိချင်လို့ မေးတာပဲ၊ မင်းကို အပြစ်မတင်ပါဘူး၊ ပြီးတော့ မင်းစိတ်ထဲမှာ သိချင်နေတဲ့ ကိစ္စကိုလည်း ကျုပ်က ပြောမပြနိုင်ဘူး"
သိပ်မကြာမီပင် သူတို့ ကမ်းခြေသို့ ရောက်ရှိ လာကြလေသည်။ ဆန်းလျန်က ကမ်းခြေပေါ်သို့ ကျောက်ရှောင်ယွီကို အသာ တွဲခေါ်လာလေသည်။
လှေထိုးသမား အဘိုးအိုသည် လှေကိုလှော်ခတ်ရင်း ကောင်းကင် တံခါး ရေလက်ကြား အတွင်းသို့ တိုးဝင် ပျောက်ကွယ် သွားလေသည်။
သူတို့သည် အဘိုးအိုနှင့် နောက်တစ်ကြိမ် ပြန်လည် ဆုံတွေ့နိုင်ရန်မှာ မသေချာတော့ပေ။
"ရှင်က သူ့ကို ဘာများ မေးချင်နေလို့လဲ"
ကျောက်ရှောင်ယွီက သိချင်စိတ်ဖြင့် ဆန်းလျန်ကို မေးလိုက်သည်။
"ချင်းရွှမ် နတ်တံခါးနဲ့ ပတ်သက်တဲ့ လျှို့ဝှက် ပြဿနာတစ်ခုပါ"
ဆန်းလျန်က ပြန်ဖြေလိုက်လေသည်။
ကျောက်ရှောင်ယွီက ဆန်းလျန်၏ ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်နေသဖြင့် ဆက်မေးမြန်းခြင်း မပြုလုပ်တော့ပါ။
"ကြည့်စမ်း … ရှေ့မှာ တဲလေး တစ်ခု"
ဆန်းလျန်က ပြောလိုက်သည်။
သူတို့နှစ်ယောက်သည် တဲလေးဆီသို့ လမ်းလျှောက် လာကြလေသည်။
လမ်းလျှောက် လာရင်းဖြင့် ထိုတဲလေးတွင် သူတို့၏ စိတ်ကို လွှမ်းမိုးထားနိုင်သည့် ထူးဆန်းသည့် တန်ခိုးစွမ်းအား တစ်မျိုးရှိကြောင်း သဘောပေါက် လာကြလေသည်။
တဲလေးသည် တိတ်ဆိတ်နေပြီး လောကီအရာများနှင့် ကင်းလွတ် နေလေသည်။
ပတ်ဝန်းကျင်တွင် တောပန်းများ ပွင့်လန်းနေပြီး လေပြေ အဝေ့တွင် မြက်ပင်လေးများက ယိမ်းနွဲ့ လှုပ်ရှားနေကြသည်။
ထိုတဲလေးမှာ "ရောင့်ရဲခြင်း ဝတ်ကျောင်းတော်" ဟု အမည်ရသည့် တာအိုဝတ် ကျောင်းတော် တစ်ခု ဖြစ်လေသည်။
"ရောင့်ရဲတတ်သော သူသည် အသရေပျက်ခြင်း မကြုံတွေ့ရသလို မိမိကိုယ်ကို နားလည်သော သူသည်လည်း အန္တရာယ် ကြုံတွေ့ရမည် မဟုတ်ပါ။ ဤသည်မှာ လျှောက်လှမ်း ရမည့် လောက ဓမ္မလမ်းပင် ဖြစ်လေ၏"
တဲလေးရှေ့တွင် စာများ ရေးထိုး ထားလေသည်။
သူတို့သည် တဲလေးဆီသို့ လမ်းလျှောက်လာရင်း ရောင့်ရဲခြင်း ဝတ်ကျောင်းတော်သည် သီးခြား ကမ္ဘာတစ်ခုကဲ့သို့ တည်ရှိနေသည့် နေရာတစ်ခု ဖြစ်ကြောင်း သိလာရလေသည်။
ပတ်ဝန်းကျင်တွင် အသက်ဓာတ် စွမ်းအားများက ပြည့်ဝနေပြီး တာအို တရားဓမ္မသည် အသွေးအသားထဲ အထိ စိမ့်ဝင် လာလေသည်။ မည်မျှပင် တုံးအမိုက်မဲသောသူ ဖြစ်ပါစေ ဤနေရာသို့ ရောက်လာလျှင်တော့ တာအိုတရား အနည်းငယ်ကို ဖြစ်ဖြစ် သိရှိ နားလည်သွားမည် ဖြစ်လေ၏။
ထိုအချိန်မှာပင်…
ဝတ်ကျောင်းတော်တံခါး တိတ်တဆိတ် ပွင့်လာပြီး အသံတစ်သံ ထွက်ပေါ် လာလေသည်။
"မိတ်ဆွေတို့၊ အထဲကို ဝင်လာကြပါ"
ထိုအသံမှာ မိုးနှင့်မြေတွင် ပဲ့တင် ထပ်သွားသည့် အလား ထင်မှတ်ရလေသည်။
ထိုအသံသည် ဂီတသံနှင့်လည်း ဆင်တူပြီး ကြားလိုက်ရသည်နှင့် တာအို တန်ခိုးစွမ်းအားများ နှင်းကဲ့သို့ အရည် ပျော်ကျတော့မည့် အလား ခံစားလိုက်ရလေသည်။
ကျောက်ရှောင်ယွီက သံသယများစွာဖြင့် တစ်ချက် တုံ့ဆိုင်းသွားသည့် အချိန်တွင် ဆန်းလျန် ကတော့ ရယ်မော လိုက်လေသည်။
ထို့နောက် သူတို့နှစ်ယောက် ဝတ်ကျောင်းတော် အတွင်းသို့ ဝင်ရောက် လာကြလေသည်။
ဝတ်ကျောင်းတော်မှာ အပြင်ပန်းအရ တဲလေး တစ်ခုမျှသာ ဖြစ်သော်လည်း အတွင်းပိုင်းမှာတော့ အလွန်မှ အထင်ကြီးစရာ ဖြစ်လေ၏။ "မုန်ညင်းစေ့လေး တစ်ခုအထဲတွင် တောင်ကြီး တစ်ခုကို ထည့်သွင်း ထားသည့်အလား" တန်ခိုးစွမ်းအားကို အသုံးပြုထားခြင်း ဖြစ်လေသည်။ ဝတ်ကျောင်းတော် အတွင်းပိုင်းသည် မြို့တစ်မြို့ နီးပါးခန့် ကျယ်ဝန်း လွန်းလှလေသည်။
ဝတ်ကျောင်းတော် အလယ်တွင် ဆယ်ယောက်ကျော်သည့် ကျင့်ကြံ သူများသည် စက်ဝိုင်းပုံသဏ္ဌာန် ဝိုင်းပတ်ကာ ထိုင်နေကြလေသည်။ ထိုသူများထဲတွင် အဆင့်အနိမ့်ဆုံး သူပင်လျှင် ဟိုင်သန်း အဆင့် ကျင့်ကြံသူများ ဖြစ်လေသည်။
သူတို့ထဲတွင် သမုဒ္ဒရာကဲ့သို့ တန်ခိုး စွမ်းအား နက်ရှိုင်းသည့် လူလေးယောက် ရှိပြီး ထိုသူများ၏ တန်ခိုးစွမ်းအားမှာ အလွန် ကျယ်ပြန့်လွန်းသည့် အတွက် ကျောက်ရှောင်ယွီပင် ခန့်မှန်းနိုင်ခြင်း မရှိတော့ပေ။
ထိုလေးယောက် အနက်မှ တစ်ယောက်က သူတို့ အနားသို့ ရောက်ရှိလာလေသည်။
ထိုသူမှာ အသက်သုံးဆယ် ဝန်းကျင်ခန့် ဖြစ်လေ၏။
"ကျုပ်နာမည်က ဝမ်ရှီတောက်ပါ၊ မင်းတို့ နှစ်ယောက်ကို ဖိတ်ကြားလိုပါတယ်၊ လွတ်လွတ်လပ်လပ် နေကြပါ"
သူ၏ စကားသံကို ကြားသည်နှင့် ဝတ်ကျောင်းတော် အတွင်းသို့ ဆန်းလျန်တို့ကို ဖိတ်ခေါ် လိုက်သူမှာ ဝမ်ရှီတောက် ဖြစ်ကြောင်း သိလိုက်ရလေ၏။
ဝမ်ရှီတောက်သည် လုကျိုးယွမ်၏ အကြီးဆုံး တပည့်များထဲမှ တစ်ယောက်ဖြစ်ပြီး သူ၏ တန်ခိုးစွမ်းအား နက်ရှိုင်းမှုကို ခန့်မှန်းရန် ခက်ခဲလေသည်။
တပည့် ဖြစ်သူ၏ တန်ခိုးစွမ်းအားကိုပင် ခန့်မှန်း၍ မရနိုင်လျှင် ဆရာဖြစ်သူ၏ တန်ခိုး စွမ်းအားကို မည်သို့ ခန့်မှန်း နိုင်ပါမည်နည်။
***