← Chapters

အခန်း (၃၁၃-၃၁၄)

Vol. 24 Ch. 313-314

အခန်း (၃၁၃-၃၁၄)

Vol. 24 Ch. 313-314

အပိုင်း(၃၁၃)

နှစ်တစ်သန်းကတောင် လုံလောက်မှာမဟုတ်ဘူး

ကုအန်သူ့ကိုပါးရိုက်ပြီးသည့်နောက် မိုဟန့်မျက်နှာတွင် မယုံကြည်နိုင်သည့် အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့သည်။ ကုအန် ထိုမျှရဲတင်းနေလိမ့်မည်ဟု သူထင်မထားခဲ့ပေ။

ကျင့်ကြံခြင်းအဆင့်အရ ကွာဟချက်ရှိသော်လည်း သူတို့နှစ်ယောက်စလုံးသည် အပူအပင်မဲ့ကမ္ဘာဦးအမတများသာ ဖြစ်ကြပေသည်။

မိုဟန်အံကိုတင်းတင်းကြိတ်လိုက်ကာ မေးလိုက်၏။

“မင်းကတကယ်ပဲဘယ်သူလဲ ဘယ်ဂိုဏ်းကလာတာလဲ”

လူတိုင်းက ကုအန်ကိုကြည့်ရှုနေကြပြီး သူ့တုန့်ပြန်မှုကို စောင့်ဆိုင်းနေခဲ့ကြသည်။

အခုမှ သေမျိုးတောင်ထွတ်ကမ္ဘာကိုရောက်ရှိလာသော ကောင်းကင်ဈာန်အမတတစ်ပါးက အပူအပင်မဲ့ကမ္ဘာဦးအမတတစ်ပါးဖြစ်နေခြင်းပေလော။

လူတိုင်းထိုအရာသည် အဓိပ္ပာယ်မရှိဘူးဟုခံစားနေရပြီး ကုအန်နောက်ကွယ်တွင် နောက်ခံအင်အားတစ်ခုခုတော့ရှိနေရမည်ဟုပင် သံသယရှိနေခဲ့ကြသည်။

ထိုအခိုက်တွင် ပိုင်ကျိယလည်း သံသယဖြစ်သွားရပါသော်လည်း ပြန်တွေးကြည့်သောအခါ သူကသာ ထိုလူ့ကိုသေမျိုးတောင်ထွတ်ကမ္ဘာဆီစဖိတ်ခေါ်ခဲ့သူဖြစ်ပြီး တစ်ဖက်လူက ထိုစဉ်က လာချင်ပုံပင်မပေါ်ခဲ့ပေ။

ကုအန်သူ့အကြည့်ကို မိုဟန့်ဆီသာထားပြီး ပြောလိုက်၏။

“အဲ့တာကအရေးကြီးလို့လား တကယ်လို့ငါကသာ သေမျိုးတောင်ထွတ်ကမ္ဘာက သာမန်တောင်ထွတ်သခင်လေးတစ်ယောက်သာဆိုရင် မင်းဘယ်လိုကလဲ့စားချေမှာလဲ”

မိုဟန်သူ့ကို ရန်ပြုလိုစိတ်ဖြစ်သွားကတည်းက ကုအန်နှလုံးသားထဲတွင် မိုဟန့်ကိုသေလူအဖြစ်သတ်မှတ်ထားပြီး ဖြစ်သည်။

ကုအန်စကားကြောင့် တာအိုအရှင်ယုံနျန်၏မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့၏။

ထိုစကားကိုကြားပြီးနောက် မိုဟန့်အမူအရာကပို၍ပင်အရုပ်ဆိုးသွားခဲ့ပြီး ထိုအခိုက်တွင် ဘယ်လိုတုန့်ပြန်ရမလဲ သူမသိတော့ပေ။

“သူကလည်း ဒင်ထျန်းတောင်ထွတ်ကို ပစ်မှတ်ထားနေတာလား!”

မိုဟန်ဒေါသတကြီးတွေးလိုက်မိပြီး ထိုအရာကိုတိုက်ဆိုင်မှုဟု သူမထင်ခဲ့ပေ။

ဘယ်လိုလုပ် သူကျပန်းရွေးချယ်လိုက်သော သူတစ်ယောက်က ကျင့်ကြံခြင်းဖုံးကွယ်ထားသောသူတစ်ယောက် ဖြစ်နေပါသနည်း။

ယခုအခါ သူကျဉ်းထဲကြပ်ထဲရောက်နေပြီး သူဦးညွတ်၍ နာခံလိုက်လျှင်ပင် ဤကမ္မကိုပယ်ဖျက်နိုင်‌ေတာ့မည်မဟုတ်ဘဲ အကယ်၍ သူငြင်းဆန်လိုက်လျှင်လည်း အခြေအနေကပိုဆိုး၍သာ လာပေလိမ့်မည်။

ရုတ်တရက် မိုဟန်ပြုံးလိုက်ကာ လက်သီးဆုပ်၍ အရိုအသေပေးလိုက်ပြီး ပြောလိုက်၏။

“ဒီလိုဆိုမှတော့ ကျွန်တော်သေမျိုးတောင်ထွတ်ကမ္ဘာကိုပိုပြီးတောင် ၀င်ချင်သွားပါပြီ ဒင်ထျန်းတောင်ထွတ်ကတော့ ထားလိုက်ပါတော့ ချန်ထျန်းတောင်ထွတ်ကလည်း အဆင်ပြေပါတယ်”

ထိုစကားကိုကြားမှသာ လူအများစု သက်ပြင်းချလိုက်မိသည်။

တာအိုအရှင်ယုံနျန်ပြောလိုက်၏။

“မေ့လိုက်တော့ တာအိုမိတ်ဆွေကျေးဇူးပြုပြီး အခြားဂိုဏ်းကိုသာသွားလိုက်ပါတော့”

လူတိုင်းယုံနျန်၏ ရုတ်တရက်ပြောင်းလဲသွားသော အပြုအမူကိုသတိထားမိသွားပြီး မိုဟန်၏မျက်နှာပို၍ပင် အရုပ်ဆိုးသွားခဲ့သည်။

ကုအန် တာအိုအရှင်ယုံနျန်ကိုလှည့်ကြည့်လိုက်ပြီး သူ့ကိုအသာအယာခေါင်းညိတ်ပြသည်ကိုတွေ့သောအခါ ပြန်၍ပြုံးပြလိုက်လေသည်။

ထိုသူသည် အတော်လေး အာရုံခံစားမှုအားကောင်းသောသူဖြစ်၏။ သူသည် အခြေအနေကို ချက်ချင်းကောက်ချက်ချ၍ ဆုံးဖြတ်နိုင်စွမ်းရှိသူ ဖြစ်သည်။

“ဟမ့်!”

မိုဟန်အေးစက်စက် တစ်ချက်ထေ့ငေါ့လိုက်ပြီး အင်္ကျီလက်အိုးကိုတစ်ချက်ဝေ့ယမ်းကာ ထွက်ခွာသွားခဲ့၏။

ထိုစဉ် ကုအန် သူ့ညာလက်ကိုမြှောက်လိုက်ရာ လူတိုင်းသူ့ကိုကြည့်လိုက်ကြပြီး သူဘာလုပ်ချင်လဲဆိုတာ နားမလည်နိုင်ဖြစ်သွားခဲ့ကြသည်။

အသက်သုံးရှိုက်စာကြာသောအခါ ကုအန် ရုတ်တရက်သူ့လက်ကိုညှစ်ချလိုက်ပြီး အမြန်ပင် လက်ကိုအင်္ကျီလက်အိုးထဲ ပြန်ထည့်လိုက်၏။ သူ့လှုပ်ရှားမှုက အတော်လေးလျင်မြန်လှသောကြောင့် ဘယ်သူမှ သူ့လက်ထဲဘာရှိလဲဆိုတာ မမြင်လိုက်ရပေ။

[သင်သည် မိုဟန်(အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့်၄)ကိုသတ်ဖြတ်ခဲ့ပြီး သက်တမ်း ၈၇၀၉နှစ် ရိတ်သိမ်းနိုင်ခဲ့ပါသည်]

ကုအန်သူ့ရှေ့ကစာတန်းကိုမြင်သော်လည်း အောင်မြင်မှုခံစားချက်မျိုးတော့ မခံစားခဲ့ရပေ။

ပတ်၀န်းကျင်ရှိ အပူအပင်မဲ့ကမ္ဘာဦးအမတများ၏ အမူအရာများ ရုတ်ချည်းပြောင်းလဲသွားခဲ့ပြီး မိုဟန်၏အရှိန်အဝါလုံး၀ပျောက်ကွယ်သွားသည်ကို သတိထားမိသွားကြသောကြောင့် လုံး၀ကြောက်ရွံ့သွားခဲ့ကြသည်။

ကောင်းကင်ဈာန်အမတများကတော့ ကုအန် လက်ထဲတွင်ဘာကိုဆုပ်ကိုင်ထားသလဲဆိုတာကိုသာ စိတ်၀င်စားနေခဲ့ကြ၏။

ကုအန် ပိုင်ကျိယဘေးကိုပြန်သွားခဲ့ပြီး တာအိုအရှင်ယုံနျန်ကတော့ သူ့ကိုနက်နက်ရှိုင်းရှိုင်းကြည့်နေခဲ့ကာ စားသောက်ပွဲကိုပြန်စဖို့သာ အချက်ပြခဲ့သည်။

ပိုင်ကျိယကလည်း ကုအန်ကိုကြည့်ရှုနေပြီး တစ်ခုခုပြောချင်နေသော်လည်း တုန့်ဆိုင်းနေခဲ့၏။

ကုအန်ပြုံးလိုက်ကာ ပြောလိုက်သည်။

“တာအိုမိတ်ဆွေပိုင် ကိစ္စတွေကအရင်လိုပဲရှိနေဦးမှာလား”

ပိုင်ကျိယအလိုလိုခေါင်းညိတ်ပြလိုက်မိပြီး သူ့အမူအရာကတော့ အတော်လေး ရိုသေနေသည့်ပုံစံဖြစ်နေခဲ့၏။

ကိစ္စများသည်အဘယ်သို့ အရင်လိုရှိနေနိုင်ဦးမည်နည်း။

သေစမ်းကွာ ဒါကြီးကကြောက်စရာကောင်းလိုက်တာ!

ပိုင်ကျိယ စိုးရိမ်မှုကိုခံစားလိုက်ရပြီး အကယ်၍သူသာအစကတည်းက ကုအန်ကို မောက်မောက်မာမာဆက်ဆံခဲ့မိလျှင် သူရောအသတ်ခံလိုက်ရမည်လောဟု သိချင်သွားခဲ့မိသည်။

သူထိုမေးခွန်းကိုထုတ်မမေးခဲ့သော်လည်း အဖြေကတော့ ရှင်းလင်းနေပေသည်။

ထို့နောက် စားသောက်ပွဲတွင် ကုအန်ကအားလုံး၏အာရုံကိုဖမ်းစားထားနိုင်သူဖြစ်လာခဲ့ပြီး လူတိုင်းက သူနှင့်ရင်းနှီးစေဖို့ ကြိုးစားဆက်ဆံနေခဲ့ကြကာ ခုနကအဖြစ်အပျက်ကြောင့် အပူအပင်မဲ့ကမ္ဘာဦးအမတများပင် သူ့ကို စီနီယာဟု တလေးတစားခေါ်နေခဲ့ကြ၏။

……

ဆွေးနွေးခြင်းတောင်ထွတ်ရှိ စားပွဲများနှင့်ပြည့်နှက်နေသော ခြံ၀န်းတစ်ခုထဲတွင် ရှုရှီ လုလင်ကျွမ်း အနောက်ပိုင်းစိတ်ဝိညာဉ်မြင့်မြတ်မိခင်တို့နှင့် စားပွဲတစ်ခုတည်း၌ အတူထိုင်နေပြီး ဗုဒ္ဓဝါဒအကြောင်းဆွေးနွေးနေခဲ့ကြသည်။

ထိုစဉ် မြင့်မြတ်မိခင် ရှုရှီကိုကြည့်ကာ စိတ်၀င်တစားမေးလိုက်၏။

“မိန်းကလေးရှု ငါတို့ မိန်းကလေးရှုဆရာဆီကို အလည်အပတ်သွားခွင့်ရှိမလား လုလင်ကျွမ်းကို ဂရုစိုက်ပေးခဲ့တဲ့အတွက် စီနီယာ့ကို လူကိုယ်တိုင်တွေ့ပြီး ကျေးဇူးစကားပြောချင်လို့ပါ”

လုလင်ကျွမ်းလည်း ရှုရှီကိုကြည့်လိုက်လေသည်။ ဤရက်များအတွင်း ရှုရှီသည် သူ့အနားတွင်သာအဖော်ပြုပေး‌ခဲ့ပြီး အမတကျင့်ကြံခြင်းဗဟုသုတများအကြောင်းပြောပြခဲ့ပြီး သူမကို အသိပညာတိုးမြင့်စေခဲ့၏။

သူမတစ်ခုခုလိုချင်တိုင်းလည်း သူမထုတ်မပြောရသေးခင်တွင်ပင် ရှုရှီကထိုအရာကို ၀ယ်ပေးပြီးဖြစ်ပြီး ထိုအရာများက ဒင်ထျန်းတောင်ထွတ်သခင်ကြောင့်‌ဖြစ်သော်လည်း ရှုရှီအပေါ်လည်း သူမအမြင်ကောင်းရှိနေခဲ့သည်။

ရှုရှီခေါင်းယမ်းကာ ပြောလိုက်၏။

“ကျွန်မဆရာက ဧည့်သည်တော်တို့ကိုတွေ့ချင်တယ်လို့မပြောခဲ့ပါဘူး နောက်ပြီး မိန်းကလေးလုကိုစောင့်နေဖို့လည်း မပြောခဲ့ဘူး အဲ့တာကြောင့် ဒီညီလာခံပြီးသွားရင် ဧည့်သည်တော်တို့ ဘာ၀န်ထုပ်၀န်ပိုးမှမရှိဘဲ ပြန်နိုင်ပါတယ်”

ထိုစကားကြောင့် လုလင်ကျွမ်းနှင့်မြင့်မြတ်မိခင်တို့ ပဟေဠိဖြစ်နေသောအကြည့်ဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြသည်။

ထို့နောက်တွင်တော့ ခြံ၀န်းထဲကျင့်ကြံသူတစ်ယောက်ဆင်းသက်လာခဲ့၏။

“မဟာအေးစက်မိစ္ဆာဂိုဏ်းက အကြီးအကဲတစ်ယောက်က ဒင်ထျန်းတောင်ထွတ်သခင်ကို အပြစ်ပြုမိတာ သူသေမျိုးတောင်ထွတ်ကမ္ဘာကနေ ထွက်သွားသွားခြင်း သုတ်သင်ခံလိုက်ရတယ်!”

သူစိတ်လှုပ်ရှားစွာပြောလိုက်ပြီးသူ့စကားကလူတိုင်း၏အာရုံကို ဆွဲဆောင်သွားခဲ့လေသည်။

ထိုစကားကိုကြားသောအခါ ဒင်ထျန်းတောင်ထွတ်သခင်ကို စိတ်၀င်စားနေသော လူသုံးယောက်၏မျက်လုံးထဲ စိတ်၀င်စား‌သွားသောအရိပ်အယောင်များ ပေါ်လာခဲ့ကြ၏။

ထိုလူသည် စားသောက်ပွဲတွင်ဖြစ်ခဲ့သောအဖြစ်အပျက်များအကြောင်းစတင်ပြောပြခဲ့ပြီး ထိုအဖြစ်အပျက်အကြောင်းသတင်းက သေမျိုးတောင်ထွတ်ကမ္ဘာတွင် ချက်ချင်းပင် ပျံ့နှံ့သွားခဲ့လေသည်။

မိုဟန်သည် အရင်က မဟာအေးစက်မိစ္ဆာဂိုဏ်း၏ အကြီးအကဲတစ်ယောက်ဖြစ်ခဲ့ဖူးသောကြောင့် သူ့ခွန်အားကိုဘယ်သူကမှ သံသယမ၀င်ကြပေ။

ထိုကဲ့သို့သော မိုဟန်သည် ဒင်ထျန်းတောင်ထွတ်‌သခင်နေရာကို တောင်းဆိုရာတွင် ဒင်ထျန်းတောင်ထွတ်သခင်၏ ပါးရိုက်ခြင်းကိုခံလိုက်ရပြီး အရှက်တကွဲထွက်သွားရသောအကြောင်းကြားလိုက်ရသောအခါ လူတိုင်း၏ သွေးများဆူပွက်သွားခဲ့ကြ၏။

မိုဟန်သေမျိုးတောင်ထွတ်ကမ္ဘာ၏အပြင်ကိုထွက်သွားသောအခါ သူသေဆုံးသွားရကြောင်း သိလိုက်ရသောအခါ နားထောင်သူများ၏နားထဲတွင် ဒင်ထျန်းတောင်ထွတ်သခင်၏ပုံရိပ်က ပို၍ပင်ကြောက်စရာကောင်းလာခဲ့သည်။

ထိုအကြောင်းကြားသောအခါ လုလင်ကျွမ်း ပို၍ပင်မသက်မသာဖြစ်သွားခဲ့ရ၏။

ထိုကဲ့သို့ သန်မာလွန်းသော ဒင်ထျန်းတောင်ထွတ်သခင်တစ်ယောက်!

စားသောက်ပွဲပြီးသောအခါ ကုအန် အဓိပတိဂိုဏ်းသို့ ပြန်လာခဲ့လေသည်။

သူလည်းသေမျိုးတောင်ထွတ်ကမ္ဘာတွင် ပွက်လောရိုက်နေသော သတင်းများအကြောင်းသိနေပြီး သတင်းများက အဘယ်ကြောင့်ထိုမျှမြန်မြန်ပျံ့နှံ့သွားရလဲဆိုတာ အံ့ဩနေခဲ့၏။ တကယ်တော့ ထိုသတင်းကို သေမျိုးတောင်ထွတ်ကမ္ဘာ၏ ခွန်အားကိုပြသရန် ယုံနျန်ကတမင်ဖြန့်ခိုင်းလိုက်ခြင်းဖြစ်ပြီး မုန့်လန်ကိုလေးစားသည့်အနေနှင့် သူ့နာမည်ကိုတော့ ထုတ်မ‌ပြခဲ့ပေ။

ကုအန် တတိယတောင်ကြားသို့ပြန်လာခဲ့ပြီးနောက် အန်းရှင်းနှင့် စကားအနည်းငယ်ပြောဆိုခဲ့သည်။

သူတို့ဆရာတပည့်နှစ်ယောက် တောင်ကြားအတွင်းရှိ အပရိကကိစ္စလေးများကိုဆွေးနွေးပြောဆိုပြောခဲ့ကြ၏။ ကုအန် ကမ္ဘာ့ရေးရာကိစ္စများထက် ထိုကဲ့သို့သော ကိစ္စလေးများပြောရခြင်းကိုသာ ပို၍နှစ်သက်ပေသည်။

ထိုအပူအပင်မဲ့ကမ္ဘာဦးအမတများသည် ကမ္ဘာ့ရေးရာကိစ္စများနှင့် ကိစ္စကြီးများကိုသာပြောလေ့ရှိပြီး အတော်လေးပျင်းစရာကောင်းလှ၏။

…..

ကမ္ဘာခြားနတ်နယ်မြေ သွေးရောင်ကောင်းကင်အောက်ရှိ ပင်လယ်ကမ်းခြေဘေးတွင် ကျန်းပုကူ နတ်သိုင်းများလေ့ကျင့်နေခဲ့သည်။

သူ့နောက်တွင် ကမ္ဘာခြားနတ်နယ်မြေသခင် ကမ္ဘာခြားနတ်အသက်ကျောက်ပြားရှေ့တွင်ထိုင်နေရင်း ကောင်းကင်ကိုကြည့်ကာ အတွေးနွံနစ်နေခဲ့၏။

ကျန်းပုကူလေ့ကျင့်ပြီးနောက် သူ့ဆရာဘက်လှည့်ကာ မေးလိုက်သည်။

“ဆရာ ကပ်ဘေးကြီးကပြီးသွားပြီ ဆရာလည်းပင်လယ်ပြင်ကဂိုဏ်းအမျိုးမျိုးနဲ့ သဘောတူညီမှုရပြီးပြီပဲ ဘာလို့ဒုက္ခများနေပုံ ပေါ်နေတာလဲ”

ထိုစဉ်က ဆရာသခင်ဓားအရှင် မဟာအေးစက်မိစ္ဆာဂိုဏ်းကို ရှင်းလင်းလိုက်ပုံကို မြင်ယောင်လိုက်တိုင်း သူ့နှလုံးသွေးများ ဆူပွက်လာခဲ့ရ၏။

သူအမတလမ်းစဉ်ကို စတင်လျှောက်လှမ်းခဲ့ကတည်းက ‌ဆရာသခင်ဓားအရှင်အကြောင်း သတင်းများကို မကြာခဏဆိုသလိုကြားခဲ့ရပြီး အခုလိုအချိန်မှာပင် ဆရာသခင်ဓားအရှင်သည် အထွတ်အထိတ်မဟာစွမ်းအားရှင်တစ်ယောက်အနေနှင့် အလေးစားခံနေရဦးမည်ဟု သူမျှော်လင့်မထားခဲ့ပေ။

ကမ္ဘာခြားနတ်နယ်မြေသခင် သူ့အကြည့်ကိုဖြည်းဖြည်းချင်းပြန်ရုတ်လိုက်ပြီး ပြောလိုက်သည်။

“မင်းဆရာလိုပဲ မဟာအေးစက်မိစ္ဆာဂိုဏ်းကလည်း နယ်ရုပ်တစ်ရုပ်ထက်မပိုဘူး ဒီကိစ္စက အမြန်ကြီးပြီးမသွားနိုင်ဘူး ကိစ္စတွေကပိုကြီးလာပြီ မြင့်မြတ်ခုံရုံးကလည်း ဒီကိစ္စကိုစပြီးစုံစမ်းနေပြီ မုန်တိုင်းငြိမ်သွားရင် ပိုဆိုးတဲ့ပြဿနာတွေပေါ်လာလိမ့်မယ်”

ကျန်းပုကူသဘောမတူဟန်ဖြင့် ပြောလိုက်၏။

“တကယ်လို့ မဟာအေးစက်မိစ္ဆာဂိုဏ်းနောက်မှာသာ ဆရာသခင်ဓားအရှင်ကိုရင်ဆိုင်နိုင်တဲ့အင်အားတစ်ခုရှိနေရင် ဘာလို့ အရင်ကတည်းက မလှုပ်ရှားတာလဲ”

“သူတို့က ဆရာသခင်ဓားအရှင်ရဲ့ သရုပ်မှန်နဲ့ကျင့်ကြံခြင်းအဆင့်ကို စုံစမ်းနေကြပုံပဲ”

“ဆရာ စိတ်မပူပါနဲ့ ဆရာ့ဖာသာကြိုးစားကျင့်ကြံပြီး ကံကြမ္မာကို ကိုယ်တိုင်ချိုးဖျက်တာ ပိုမကောင်းဘူးလား”

ကျန်းပုကူ အကြံပေးလိုက်လေသည်။ သူ့အဖေသေဆုံးပြီးကတည်းက သူသည်ကပ်ဘေးပေါင်းများစွာကိုကြုံခဲ့ရပြီးနောက် အနာဂတ်ကိုကြိုစိုးရိမ်နေခြင်းသည် အလကားဖြစ်ပြီး ကြိုးစား၍ကျင့်ကြံခြင်းကသာ အဓိကအဖြေဖြစ်မှန်း နားလည်လာခဲ့ရဧ။်။

ကမ္ဘာခြားနတ်နယ်မြေသခင် ခေါင်းယမ်းကာ ပြုံးလိုက်ပြီး

“ဆရာက မင်းလိုမဟုတ်ဘူးကွ ဆရာကကျင့်ကြံခြင်းကတစ်ဆင့်မသန်မာလာနိုင်ဘူး ကမ္ဘာခြားနတ်အာဃာတတစ္ဆေတွေ ပိုများများရှိနေလေလေ ဆရာက ပိုသန်မာလာလေလေပဲ”

ထိုစကားကြောင့် ကျန်းပုကူမျက်မှောင်ကြုံ့လိုက်ပြီး မေးလိုက်သည်။

“အခုကမ္ဘာကြီးကအေးချမ်းနေပြီ ဆရာကမ္ဘာခြားနတ်အာဃာတတစ္ဆေအရေအတွက်ကို ဆက်တိုးချဲ့လို့မရတော့ဘူးမလား”

ကမ္ဘာခြားနတ်‌နယ်မြေသခင် ခေါင်းညိတ်ပြလိုက်ပြီး ကောင်းကင်ကိုတစ်ဖန်မော့ကြည့်လိုက်ကာ ပြောလိုက်၏။

“အဲ့တာက ငါဒီနယ်မြေမှာမသန်မာလာနိုင်ဘူးလို့ပဲ ဆိုလိုတာလေ ငါ့တပည့် မင်းအခြား မဟာကောင်းကင်နဲ့မြေပြင်တွေဆီ မသွားချင်ဘူးလား”

(ဒီစာစဉ်မှာ ကမ္ဘာတွေကို မဟာကောင်းကင်နဲ့မြေပြင်လို့ သုံးပါတယ်)

“ဘယ်နေရာကိုလဲ”

“အရမ်းမှောင်တဲ့နယ်မြေတစ်ခု”

အရမ်းမှောင်တဲ့ ဆိုသောစကားလုံးက ကျန်းပုကူကို ပဟေဠိဖြစ်သွားစေခဲ့သည်။

ကမ္ဘာခြားနတ်နယ်မြေထက် ပိုမှောင်သောနေရာ ရှိနေခြင်းပေလော။

……

အချိန်ကလျင်မြန်စွာကုန်ဆုံးသွားခဲ့ပြီး အချိန် ၇နှစ်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့၏။

ထိုနေ့တွင် လုလင်ကျွမ်းပြန်လာခဲ့သည်။

သူကုအန်နှင့်အခြားသူတစ်ယောက် တရုတ်ကျားကစားနေသည်ကို တွေ့လိုက်သောအခါ ခေါင်းယမ်းကာ ပြုံးလိုက်မိ၏။ တရုတ်ကျားကစားခြင်းက ထိုမျှပျော်စရာကောင်းပါသလော။

သူ့အကြည့်က ရှန်ရှင်းကျိဆီသို့လည်း ရောက်သွားခဲ့ပြီး ပင်လယ်ဗုဒ္ဓဂိုဏ်း၏ထင်ရှားသောပုံရိပ်တစ်ခုက အဘယ်ကြောင့် ဤနေရာတွင်နေနေသလဲဆိုတာ တွေးနေခဲ့မိသည်။

တတိယတောင်ကြားသည် ကြီးမြတ်သောကျင့်ကြံသူများကို အဘယ်ကြောင့်ဆွဲဆောင်နိုင်နေသလဲဆိုတာ သူမအဖြေမထုတ်နိုင်ခဲ့ပေ။

ထို့နောက် သူမကုအန်ကိုစိတ်ချင်းဆက်သွယ်၍ ခေါ်လိုက်လေသည်။ ကုအန်လည်း သူမပြောစကားကိုကြားသောအခါ ကစားပွဲကို သူ့ဘေးတွင်ရပ်နေသော ယန်ကျင်းဆီလွှဲပေးခဲ့လိုက်၏။

ကုအန်ကတော့ သူမကိုတွေ့ဖို့ လူအုပ်ကိုဖြတ်သန်းလာခဲ့လေသည်။

“အခန်းထဲမှာ ပြောကြရအောင်” လုလင်ကျွမ်း ခေါင်းညိတ်ပြလိုက်၏။

ကုအန်လည်းငြင်းစရာမရှိဘဲ သူတို့နှစ်ယောက်ပြောရင်းဆိုရင်း အခန်းထဲသို့ရောက်လာခဲ့ကြသည်။

လုလင်ကျွမ်းအခန်းထဲရောက်သောအခါ စားပွဲတွင်ထိုင်လိုက်ပြီးနောက် အခန်းထဲကိုလှည့်ပတ်ကြည့်ရှုလိုက်၏။ သူမအကြည့်က အချို့စာအုပ်များအပေါ်ရောက်သွားသောအခါ သူမမျက်နှာမဲ့ရွဲ့သွားခဲ့လေသည်။

အချို့ကိစ္စများက ဘယ်တော့မှ ပြောင်းလဲမည်မဟုတ်ပေ။

ကုအန်သူမအတွက် လက်ဖက်ရည်အိုးတည်နေချိန်တွင် လုလင်ကျွမ်းဤနှစ်များအတွင်း သူမအတွေ့အကြုံများကို ပြန်ပြောပြနေခဲ့၏။

“ငါသေမျိုးတောင်ထွတ်ကမ္ဘာက ၀မ်လိညီလာခံကိုသွားတက်ခဲ့တာ အဲ့တာကတကယ်မျက်စိပွင့်စရာပဲ နင်ရောသေမျိုးတောင်ထွတ်ကမ္ဘာကိုကြားဖူးလား” လုလင်ကျွမ်းမေးလိုက်သည်။

ကုအန်ခေါင်းညိတ်ပြကာ ပြန်ပြောလိုက်၏။

“ငါလည်းအဲ့ဒါကိုကြားဖူးပါတယ် အဲ့ဒီမှာရှန်ရှင်းကျိလည်း ရှိခဲ့တယ်လေ ဒါပေမယ့် အများကြီးတော့နားမလည်ဘူး အဲ့ဒီကြီးမြတ်တဲ့ကျင့်ကြံသူတွေက ငါကသိဖို့အရည်အသွေးမမှီဘူးလို့ ပြောတယ်”

လုလင်ကျွမ်းပြုံးကာ ပြောလိုက်သည်။

“တကယ်ပဲ နင်ကအရည်အသွေးမမှီဘူး ငါကတော့ကံကောင်းလို့ တက်ခွင့်ရခဲ့တယ် ငါနင့်ကိုအဲ့ဒီနေရာအကြောင်းပြောပြနိုင်တယ် နားထောင်ချင်လား”

ကုအန် လက်ဖက်ရည်အိုးကိုသယ်လာပြီး နေရာချပေးပြီးသည့်နောက် သူမရှေ့တွင်ခွက်ချပေးလိုက်ကာ ပြောလိုက်၏။

“ဒါပေါ့ငါကြားချင်တယ် ပြောပြ”

လုလင်ကျွမ်း သူမ၀မ်လိညီလာခံကိုစရောက်ကတည်းက အကြောင်းများကို စတင်ပြောပြခဲ့ပြီး ကုအန်လည်း သေချာနားထောင်နေခဲ့လေသည်။

ဒင်ထျန်းတောင်ထွတ်သခင်၏ သူမကို ကာကွယ်ပေးမှုများအကြောင်းကိုလည်း ပြောပြခဲ့ကာ သူမလေသံက ကုအန်ကိုဦးတည်နေဟန်ဖြင့် တမင်ပြောနေသလိုဖြစ်နေပြီး ကုအန်ဘယ်လိုတုန့်ပြန်မလဲဆိုတာ သေချာသတိထားကြည့်နေခဲ့၏။

ကုအန်ကတော့ သာမန်အမူအရာသာရှိနေပြီး စိတ်ထဲတွင်တော့ ကြိတ်၍ ဝေဖန်နေခဲ့သည်။

မိန်းမတွေအကုန်လုံးက ဒီလိုပဲလား!

အရင်က ကျန်းချောင်ကလည်း ဆရာသခင်ဓားအရှင်ကိုသုံးကာ သူ့ကိုဖိအားပေးခဲ့ဖူး၏။

အချိန်အနည်းငယ်ကြာသောအခါ လုလင်ကျွမ်း မှတ်ချက်ပေးလိုက်လေသည်။

“ဒင်ထျန်းတောင်ထွတ်သခင်ရဲ့ ခွန်အားက စိတ်ကူးလို့တောင်မရဘူး မဟာအေးစက်မိစ္ဆာဂိုဏ်းကအကြီးအကဲက အဲ့လိုပဲသေသွားခဲ့ရတယ် ငါရောအဲ့လောက်အဆင့်ကို ဘယ်တော့များမှရောက်မလဲ သိချင်မိတယ်”

ကုအန် ‌ဟာသလုပ်လိုက်၏။

“နှစ်ပေါင်း ၁၈၀၀၀၀လောက်ကျင့်ကြံလိုက်ဦး”

လုလင်ကျွမ်းသူ့ကိုမျက်စောင်းတစ်ချက်ထိုးကာ ထေ့ငေါ့လိုက်သည်။

“နင်ပြောတော့လွယ်တယ် နှစ်တစ်သန်းကျင့်ကြံရင်တောင် အဲ့အဆင့်ရောက်ဖို့လုံလောက်ဦးမှာမဟုတ်ဘူး အမတလမ်းစဉ်နယ်ပယ်ရဲ့ ကျယ်ပြန့်မှုတွေကို နင်မသိပါဘူး!”

အပိုင်း(၃၁၄)

ဟူရှောင်ကျင်း၏တုန်လှုပ်မှု

အသိအမှတ်ပြုသည့် အလင်းတစ်ချက် ကုအန်မျက်လုံးထဲ လက်သွားခဲ့သည်။ လုလင်ကျွမ်းတွင် အခုလိုကိုယ့်ကိုကိုယ်နားလည်မှုမျိုး ရှိနေမည်ဟု သူမျှော်လင့်မထားခဲ့မိပေ။

လုလင်ကျွမ်း ကုအန်အမူအရာကိုတွေ့သောအခါ အကူအညီမဲ့သလိုခံစားလိုက်ရ၏။

အဘယ်ကြောင့် ထိုကောင်သည်အမြဲတည်ငြိမ်နေရပါသနည်း။

သူမကုအန်ကိုတစ်ချက်ကြည့်လိုက်ကာ ပြောလိုက်သည်။

“ဒါတွေအားလုံးကြားပြီးတာတောင် နင်အဲ့တာကို မတောင့်တဘူးလား”

ကုအန်ပြန်ပြောလိုက်၏။

“ဒါပေါ့ ငါတောင့်တတာပေါ့ ဒါပေမယ့် ဒီနှစ်တွေအတွင်းမှာ ငါအမတပုံပြင်တွေအများကြီး ကြားဖူးပြီးသွားပြီ အများဆုံးမှ ငါသူတို့ကို ဖျော်ဖျော်ရေးတစ်ခုအနေနဲ့ပဲ မြင်ခဲ့တာ”

လုလင်ကျွမ်း ထိုစကားများကထူးဆန်းနေသည်ဟု ခံစားလိုက်ရပါသော်လည်း ကုအန်နှင့်ပြိုင်ငြင်းဖို့ ပျင်းရိနေသောကြောင့် သူသေမျိုးတောင်ထွတ်ကမ္ဘာတွင် ကြုံတွေ့ခဲ့ရသည်များကိုသာ ဆက်လက်၍ ပြောပြနေခဲ့သည်။

ထိုအချိန်က ကုအန်လည်းရှိနေခဲ့သော်လည်း အခုလို လုလင်ကျွမ်း၏အမြင်မှတစ်ဆင့်ပြန်ကြားရခြင်းက ကွဲတော့ကွဲပြားပေသည်။

သူတို့နှစ်ယောက် တစ်နာရီခန့်စကားပြောခဲ့ပြီးနောက် လုလင်ကျွမ်းတောင်ကြားတွင် တခဏကြာဆက်နေဦးမည်ပြောသောကြောင့် ကုအန်လည်း သဘောတူခဲ့လိုက်၏။

ထို့နောက် ကုအန် အပျင်းကြောဆန့်လိုက်ကာ ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်ရှုလိုက်လေသည်။

မနက်ဖြန်တွင် သူဒင်ထျန်းတောင်ထွတ်သို့ ဆေးပင်များသွားရိတ်သိမ်းရမည်ဖြစ်သည်။

သူကျူရှင်းလန်ကို ဆေးဉယျာဉ်တစ်ခုတည်ဆောက်ပေးရန် ညွှန်ကြားထားခဲ့ပြီး ထိုဥယျာဉ်မှ ပထမအသုတ်ဆေးပင်များက မနက်ဖြန် ရင့်မှည့်တော့မည် ဖြစ်သည်။

သံသယများကြီးမားမလာစေရန် ကုအန် ဒင်ထျန်းတောင်ထွတ်က ဆေးဉယျာဉ်တွင်တော့ အခြားတပည့်များ ဆေးပင်ခူးခြင်းကို တားမြစ်မထားခဲ့ပေ။ နောက်ဆုံးတွင် သေမျိုးတောင်ထွတ်ကမ္ဘာသည် မြင့်မြတ်ခုံရုံးနှင့်နီးကပ်သော ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်သောကြောင့် သူပို၍ ဂရုစိုက်ရပေလိမ့်မည်။

ဒင်ထျန်းတောင်ထွတ်သည် အလွန်ကြီးမားလှသောကြောင့် တပည့်များကို ဆေးပင်များခူးခိုင်းလျှင်ပင် သူ့အတွက် ခူးစရာများစွာ ကျန်နေဦးမည်ဖြစ်၏။

ထိုအကြောင်းတွေးလိုက်ရင်း စိတ်၀င်စားသည့် အရိပ်အယောင်တစ်ခု ကုအန်မျက်လုံးထဲ ပေါ်ပေါက်လာခဲ့လေသည်။

……

နောက်ရက်မွန်းတည့်ချိန်တွင်

ကုအန် တောင်ပေါ်လမ်းအတိုင်းလျှောက်လာနေရင်း သူ‌့နောက်တွင်တော့ ကျူရှင်းလန်က ဒင်ထျန်းတောင်ထွတ်၏ အကြီးဆုံးတပည့်တစ်ယောက်အနေနှင့် သူ့နောက်မှရိုရိုသေသေလိုက်လာခဲ့၏။

သူအရင်က ကုအန်သည် အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့်ကိုပင်ကျော်လွန်နေသော တည်ရှိမှုကြီးမှန်းမသိခဲ့ပေ။ အခုလို သိသွားပြီးချိန်မှာတော့ ထိုတည်ရှိမှုကြီးကို မည်သည့်နည်းလမ်းနှင့်မဆိုရအောင်ကူညီပြီး တွယ်ကပ်ထားချင်နေခဲ့သည်။

“ငါ့အတွက်ကျွန်းတစ်ကျွန်းကိုကိုယ်စားအုပ်ချုပ်ပေးဖို့ မြေလျှောက်အမတတစ်ပါးလိုတယ်” ကုအန် သာမန်အတိုင်းပြောလိုက်၏။

“တောင်ထွတ်ကဘယ်သူလုပ်ချင်လဲမေးကြည့်လိုက် ငါသူ့ကိုမမျှမတမဆက်ဆံပါဘူး”

ယနေ့တွင်သူဆေးပင်ရိတ်သိမ်းပြီးနောက် သက်တမ်း ၃သိန်းကျော်ရရှိခဲ့ပြီး အကျိုးအမြတ်ကမဆိုးလှပေ။

ကျူရှင်းလန်ချက်ချင်းတုန့်ပြန်လိုက်လေသည်။

“ဆရာ ဒီနေ့ပဲထွက်သွားချင်ရင် ကျွန်တော်အခုပဲစီစဉ်ပေးပါ့မယ်”

“ဒါဆို သွားတော့”

ကုအန်ပြောပြီးသည်နှင့် ကျူရှင်းလန်လေထဲပျောက်ကွယ်သွားခဲ့၏။

ကုအန်ကတော့ ခြံ၀န်းထဲလမ်းလျှောက်သွားကာ ခုံတစ်ခုံတွင်ထိုင်ရင်း ကောင်းကင်ကိုမော့ကြည့်နေခဲ့သည်။

သူနောက်ဆုံးအကြိမ်အဆင့်ချိုးဖြတ်ပြီးကတည်းက အာကာသထဲတွင် စစ်ပွဲတစ်ခုပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး လှုပ်ရှားသွားလာနေသော ကောင်းကင်ဈာန်အမတများကလည်း ပိုများလာခဲ့၏။

ကုအန် ကောင်းကင်မိစ္ဆာတစ်ကောင်၏မျက်နှာကိုပင် မြင်တွေ့ခဲ့မိသေးသည်။

ကောင်းကင်မိစ္ဆာများသည် သက်ရှိများနှင့် ဘာမှကွာခြားမှုမရှိဘဲ လူသားမျိုးနွယ်ပုံစံတူသော မိစ္ဆာများပင်ရှိနေခဲ့၏။ ကောင်းကင်မိစ္ဆာများ၏ အဓိကကွာခြားချက်မှာ သူတို့၏မိစ္ဆာချီများဖြစ်ပြီး ထိုမိစ္ဆာချီများက မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေမှ မိစ္ဆာများ မိစ္ဆာကျင့်ကြံသူများ၏ မိစ္ဆာချီနှင့်မတူဘဲ ပိုဆိုးယုတ်ကာ ရွံရှာစရာလည်း ကောင်းလှသည်။

ထိုအခိုက်တွင် အသံမဲ့အပျက်အဆီးနယ်မြေအစွန်အဖျားဒေသ၌ ကောင်းကင်ဈာန်အမတနှစ်ပါး ရတနာတစ်ခုအတွက် တိုက်ခိုက်နေကြပြီး အပူအပင်မဲ့ကမ္ဘာဦးအမတများက အရိပ်ထဲမှ စောင့်ကြည့်နေခဲ့ကြသည်။

အမွှေးတိုင်တစ်၀က်ထွန်းစာအချိန် ကြာသွားခဲ့သည်။

ကျူရှင်းလန် တစ်ယောက်ယောက်ကိုခေါ်၍ ကုအန်ဆီပြန်လာခဲ့၏။

[ရွှမ်ဟန်ဖုန်း(မြေလျှောက်အမတအဆင့် ၄): ၈၉၀၃၄/၁၄၀၀၀၀/၂၈၀၀၀၀]

ကုအန် အနက်ရောင်၀တ်စုံ၀တ်ထားသော ရွှမ်ဟန်ဖုန်းကို အသေးစိတ်အကဲခတ်လိုက်လေသည်။ ထိုလူသည် အနည်းငယ်ဆိုးယုတ်သောမျက်နှာရှိပြီး ဆံပင်များကို သပ်သပ်ရပ်ရပ်ဖြီးသင်ထားခြင်းမရှိဘဲ သူ့ပုံက အကြံအစည်ကြီးများရှိသည့် လူတစ်ယောက်ပုံနှင့် တူနေခဲ့သည်။

ကုအန်အကြည့်ကို ခံစားမိသောအခါ ရွမ်ဟန်ဖုန်း ခေါင်းငုံ့လိုက်ပြီး ကုအန်နှင့်အကြည့်ချင်းမဆုံရဲခဲ့ပေ။

သူ့ဆရာအသစ်၏ ကြောက်မက်ဖွယ်စွမ်းအားနှင့် လွှမ်းမိုးနိုင်သောစွမ်းအားအကြောင်းကြားခဲ့မိပြီး သူကြောက်ရွံ့မိခဲ့သော်လည်း ထိုကဲ့သို့အခွင့်အလမ်းမျိုးကိုလည်း သူလက်မလွှတ်နိုင်ပေ။

“တပည့် ရွှမ်ဟန်ဖုန်း ဆရာ့ကိုနှုတ်ဆက်ပါတယ်!” ရွှမ်ဟန်ဖုန်း ဦးညွတ်ကာ လက်သီးဆုပ်ပြီးလေးလေးစားစား အရိုအသေပေးလိုက်လေသည်။

ထို့နောက် ကျူရှင်းလန် ရွှမ်ဟန်ဖုန်းနောက်ခံကို မိတ်ဆက်ပေးခဲ့ပြီး သူသည် သေမျိုးတောင်ထွတ်ကမ္ဘာတွင်မွေးခဲ့သူဖြစ်ပြီး ကျူရှင်းလန်နှင့်ဆက်ဆံရေးကောင်းရှိသူလည်း ဖြစ်၏။

“ဒါဆို သွားရအောင်”

ကုအန်မတ်တပ်ထရပ်လိုက်ပြီးနောက် အင်္ကျီလက်အိုးကိုတစ်ချက်ဝေ့ယမ်းလိုက်ရာ ရွှမ်ဟန်ဖုန်းပျောက်ကွယ်သွားခဲ့လေသည်။

ကျူရှင်းလန်ကတော့ ထိုနေရာတွင်ရပ်ကာ ကြက်သေသေနေခဲ့ပြီး သူ့ဆရာ၏အံ့အားသင့်ဖွယ် နတ်သိုင်းများကိုသာ အထင်ကြီးအားကျနေခဲ့၏။

လူပေါင်းများစွာက ဒင်ထျန်းတောင်ထွတ်သခင်မည်မျှစွမ်းအားကြီးကြောင်း ကြိတ်ကာ ဆွေးနွေးနေခဲ့ကြပြီး ကျုရှင်းလန်အရေးကြီးသော သတင်းအချက်အလက်တစ်ခုကိုလည်း ရရှိထားခဲ့သည်။ ထိုသတင်းမှာ ဂိုဏ်းချုပ်ယုံနျန်က ဒင်ထျန်းတောင်ထွတ်သခင်သည် သူ့ထက်ပင် စွမ်းအားကြီးသည်ဟု ယုံကြည်ထားသည်ဟူသော သတင်းပင်။

ထိုစဉ်

ကုအန် ရွှမ်ဟန်ဖုန်းနှင့်အတူ အမတရှာဖွေကျွန်းသို့ ရောက်ရှိလာခဲ့၏။

သူတို့ရောက်ရှိလာသည်နှင့် ရွှမ်ဟန်ဖုန်း ဟန်ချက်မထိန်းနိုင်ဘဲ လဲကျတော့မလိုပင်ဖြစ်သွားခဲ့ပြီး ကုအန်က သူ့လက်မောင်းကိုကိုင်ကာ အချိန်မီထိန်းထားလိုက်ရသည်။

“အဆင်ပြေလား” ကုအန် မေးလိုက်၏။

ရွှမ်ဟန်ဖုန်းမျက်နှာရှက်ရွံ့မှုကြောင့် နီရဲသွားပြီးနောက် အမြန်ပြန်ဖြေလိုက်လေသည်။

“ကျွန်တော်အဆင်ပြေပါတယ်ဆရာ ရယ်စရာဖြစ်သွားအောင်လုပ်မိလို့ တောင်းပန်ပါတယ်”

ကုအန်ခေါင်းညိတ်ပြလိုက်ပြီးနောက် သူ့ရှေ့ရှိ အဆောက်အဦးဆီသို့ဦးတည်သွားလိုက်ပြီး ရွှမ်ဟန်ဖုန်းလည်း သူ့နောက်မှလိုက်သွားခဲ့လိုက်၏။

ထို့နောက် ကုအန်သူ့အား အမတရှာဖွေကျွန်း၏ခွန်အားအကြောင်းရှင်းပြခဲ့ပြီး ထိုအကြောင်းကြားမှသာ ရွှမ်ဟန်ဖုန်းသက်ပြင်းချလိုက်နိုင်ခဲ့သည်။

မြေလျှောက်အမတတစ်ပါးတည်းဖြင့် အုပ်ချုပ်နိုင်သောနေရာတွင် မည်သည့်အခက်အခဲများ ရှိလာနိုင်ပါမည်နည်း။

“မင်းနဲ့ဒီကျွန်းက ရွမ် ဆိုတဲ့နာမည်ချင်းတူနေတယ် အဲ့တာကအတော်လေးတိုက်ဆိုင်တာပဲ” ကုအန် ရွှမ်ဟန်ဖုန်းကို စနောက်လိုက်ပြီး ရွှမ်ဟန်ဖုန်းလည်း အနည်းငယ်ရှက်ရွံ့သွားသည့်ပုံစံသာပြခဲ့ပြီး မကျေနပ်သည့်အမူအရာမျိုး မပြရဲခဲ့ပေ။

မကြာခင်တွင် ဟူရှောင်ကျင်းနှင့် ပင်လယ်ကာကွယ်စံအိမ်များမှ အကြှီးအကဲများကို ရွှမ်ဟန်ဖုန်းနှင့် မိတ်ဆက်ပေးခဲ့လိုက်၏။

“ကျုပ်က သေမျိုးတောင်ထွတ်ကမ္ဘာက ရွှမ်ဟန်ဖုန်းပါ အားလုံးပဲအနာဂတ်မှာ ကျုပ်ကို အပြည့်အ၀ထောက်ပံ့ပေးဖို့ မျှော်လင့်ပါတယ်” ရွှမ်ဟန်ဖုန်းပြောလိုက်ပြီး သူ၏ ကြောက်မက်ဖွယ်မြေလျှောက်အမတအရှိန်အဝါကြောင့် ခန်းမထဲရှိ လူတိုင်းအသက်ရှူမြန်သွားခဲ့ကြလေသည်။

ကုအန်ပြောသည့်စကားများမှ မမှားခဲ့ပေ။ သူသည် အမှန်တကယ်ပင် နှစ်ပေါင်းများစွာကြာပြီးနောက် မြေလျှောက်အမတတစ်ပါးကို ကျွန်းဆီသို့ ခေါ်ဆောင်လာပေးခဲ့၏။

ဟူရှောင်ကျင်းကတော့ ပို၍ပင် စိတ်လှုပ်ရှားနေပြီး ကုအန်ကို အထင်ကြီးလေးစားသည့်အကြည့်များဖြင့် ကြည့်ရှုနေခဲ့သည်။

“ဒါဆို စီစဉ်ပြီးပြီပေါ့ အခုကစပြီး ရွှမ်ဟန်ဖုန်းက အမတရှာဖွေကျွန်းကို ဦးစီးလိမ့်မယ် မင်းတို့အားလုံးကိစ္စမှန်သမျှ သူ့ကိုပြောလို့ရတယ်”

ပြောပြီးသည်နှင့် ကုအန် ထွက်ခွာသွားခဲ့၏။

ထို့နောက် လူတိုင်းအာရုံများက ရွှမ်ဟန်ဖုန်းဆီရောက်ရှိသွားခဲ့ကြပြီး သူ့ပုံစံကချဉ်းကပ်ရ မလွယ်မည့်ပုံဖြစ်သောကြောင့် လူတိုင်းကြောက်ရွံ့နေခဲ့ကြသည်။

ကုအန်ထွက်သွားပြီးသည့်နောက် ရွှမ်ဟန်ဖုန်းခုံတွင် သက်တောင့်သက်သာထိုင်ချလိုက်ပြီး ကုအန်ရှိနေစဉ်ကလောက် တောင့်တင်းမနေတော့ပေ။

“ကျွန်းသခင်ကရော သေမျိုးတောင်ထွတ်ကမ္ဘာကပဲလားဆိုတာ သိခွင့်ရှိမလား အကြီးအကဲ” အချုပ်အနှောင်မဲ့အမတတစ်ပါး သတိထား၍ ပြောလိုက်၏။

သေမျိုးတောင်ထွတ်ကမ္ဘာ၏ ဂုဏ်သတင်းကကြီးမားလှသောကြောင့် သူတို့ထိုနေရာသို့မရောက်ဖူးလျှင်တောင် ကြားတော့ကြားဖူးကြပေသည်။

“အဲ့လိုပြောလို့ရတယ်” ရွှမ်ဟန်ဖုန်း ပြောလိုက်သည်။

ထိုအခါမှ လူတိုင်းပြုံးနိုင်သွားကြပြီး ရွှမ်ဟန်ဖုန်းသည် ကျွန်းသခင်နှင့် ရင်းနှီးသောဆက်ဆံရေးရှိပြီး အပြင်လူတစ်ယောက်မဟုတ်ဘူးဆိုတာ ယုံကြည်သွားခဲ့ကြ၏။

“ကျွန်းသခင်က ငါ့ဆရာပဲ မင်းတို့စိတ်အေးအေးထားလို့ရတယ် အရေးအကြီးဆုံးအရာက ငါတို့အတူတူ အမတရှာဖွေကျွန်းကို ကောင်းကောင်းစီမံနိုင်ဖို့ပဲ သူ့ကိုစိတ်ပျက်စေလို့ မဖြစ်ဘူး နောက်ပြီး ငါပြောနိုင်တာက သူ့ကျင့်ကြံခြင်းက မင်းတို့မကြားဖူးလောက်တဲ့အဆင့်အထိ မြင့်တယ်ဆိုတာပဲ သူ့ဆီမှာ အမှုထမ်းရတာက ကံကောင်းခြင်းတစ်ခုပဲ”

ရွှမ်ဟန်ဖုန်းစကားလုံးများက လူတိုင်း၏မျက်လုံးများကို ပြူးကျယ်သွားစေခဲ့၏။

ဟူရှောင်ကျင်းလည်း တုန်လှုပ်သွားခဲ့ရသည်။

အကြီးအကဲတွင် ထိုမျှကြီးမြတ်သော ဇာစ်မြစ်မျိုး ရှိနေခြင်းပေလော။

သူက အချုပ်အနှောင်မဲ့အမတတစ်ပါးပဲ မဟုတ်ဘူးလား!

နေပါဦး အချုပ်အနှောင်မဲ့အမတဆိုတာ ငါ့ဟာငါထင်ထားတဲ့ အဆင့်မလား….

ဟူရှောင်ကျင်းစိတ်ထဲ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားပြီး ခန်းမထဲရှိအကြီးအကဲများ၏ ဆွေးနွေးနေမှုများကိုပင် သတိမထားမိနိုင်တော့ပေ။

ရွှမ်ဟန်ဖုန်းထိုအရာကို သတိထားမိသော်လည်း ကုအန်က ထိုကောင်လေးကိုဂရုစိုက်ပေးရန် မှာထားသောကြောင့် သူ့ကိုစိတ်မရှိခဲ့ပေ။

….

ရာသီများပြောင်းလဲကာ နောက်တစ်နှစ်ကုန်ဆုံးသွားခဲ့၏။

နွေဦးကာလကုန်‌ေသာအခါ ကုအန် အဓိပတိဂိုဏ်း ဂိုဏ်းခွဲသို့ သွားရောက်လည်ပတ်ခဲ့သည်။

ယခုအကြိမ်သည် သူဂိုဏ်းခွဲသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်၏။ အဓိပတိဂိုဏ်းသည် ပိုမိုတိုးတက်လာသည်နှင့်အမျှ ဂိုဏ်းခွဲနှင့်ချည်နှောင်မှုကလည်း ပိုခိုင်မာလာခဲ့သည်။

ကုအန် ဂိုဏ်းခွဲ၏မြို့ထဲတွင် လှည့်လည်သွားလာနေရင်း ဤနေရာရှိ စိတ်ဝိညာဉ်စွမ်းအင်က အဓိပတိဂိုဏ်း ပင်မမြို့တော်ရှိစွမ်းအင်နှင့်ပင် ယှဉ်လို့ရမှန်း သတိထားမိခဲ့၏။ တပည့်များ ဂိုဏ်းခွဲသို့ သွား‌ချင်နေကြခြင်းမှာ အံ့ဩစရာမဟုတ်တော့ပေ။

ဤနေရာတွင် စိတ်ဝိညာဉ်စွမ်းအင်ပေါကြွယ်၀ရုံသာမဟုတ်ဘဲ တပည့်များကလည်း အချိန်မရွေး မိစ္ဆာနယ်မြေသို့ထွက်ကာ မိစ္ဆာများကိုအ‌မဲလိုက်ထွက်နိုင်သလို ရတနာများရှာဖွေရန်လည်း သွားနိုင်ပေသည်။

ထိုက်ကန်မင်းဆက်သည် ဤကုန်းမြေတိုက်ကြီးတစ်ခုလုံးကို စိုးမိုးထားသည်ဟု ပြော၍မရသလို အမတကျင့်ကြံခြင်းဂိုဏ်းများအတွက်လည်း အတူတူသာဖြစ်၏။ ဂိုဏ်းများသည် ကုန်းမြေတိုက်ကြီးရှိ တောတောင်တိုင်း မြစ်ချောင်းတိုင်းကို လှည့်ပတ်မသွားလာကြရသေးပေ။

ကုအန် ရီလန့်ကိုရှာဖို့ လောမနေဘဲ မြို့ထဲတွင်သာ လျှောက်ကြည့်နေခဲ့သည်။

သူလျှောက်သွားနေရင်း အပြင်စည်းမြို့မှ အသိအကျွမ်းဟောင်းတစ်ယောက်နှင့်ပင် တွေ့ခဲ့ပြီး အချိန်အချို့ကြာအောင် စကားပြောနေခဲ့သေး၏။

နောက်လမ်းတစ်လမ်းသို့ရောက်သောအခါ တတိယတောင်ကြားမှ အခြေခံတည်ဆောက်ခြင်းအဆင့်အောင်မြင်သွားသော တပည့်တစ်ယောက်နှင့် ဆုံတွေ့ခဲ့ပြန်သည်။

ဤသည်မှာ နှစ်ပေါင်း ၂၂၇နှစ်ရှင်သန်လာပြီးနောက် တင်ကျန်ခဲ့သော အနယ်အနှစ်များသာ ဖြစ်၏။

ကုအန် အသိအကျွမ်းဟောင်းများနှင့် ထိုကဲ့သို့စကားပြောရခြင်းကို ကြိုက်နှစ်သက်ပြီး သူတို့ကြား ဝေးကွာသွားသည်ဟု မခံစားရပေ။

နောက်တစ်နာရီအတွင်း သူနောက်ထပ်အသိအကျွမ်းဟောင်းနှစ်ယောက်နှင့် ထပ်တွေ့ခဲ့ပြီး ဤအရာက သာမန်တပည့်များအတွက် ဂိုဏ်းခွဲသည် ‌ရွေးချယ်စရာအခွင့်အလမ်းတစ်ခုဖြစ်လာသည်ဟု ညွှန်ပြနေခဲ့သည်။

မကြာခင်တွင် ကုအန် ရီလန့်စံအိမ်သို့ရောက်လာခဲ့ပြီး ရီလန်လည်းချက်ချင်းပေါ်လာခဲ့ကာ ပျော်ရွှင်စွာ ပြောလိုက်၏။

“အစ်ကိုကြီး ဘာကိစ္စရှိလို့ရောက်နေတာလဲ”

ပြောပြီးသည်နှင့် သူမကုအန်ကို ပြေးဖက်ဖို့ တိုး၀င်သွားခဲ့လေသည်။

“လူမြင်ကွင်းကြီးမှာ အပြုအမူကိုထိန်းသိမ်းရမယ်လေ!” ကုအန် အမြန်လက်မြှောက်ကာ သူ့ကိုတားလိုက်၏။

ရီလန်လည်း တွန့်ဆုတ်သွားခဲ့ပြီးနောက် ကုအန်ကိုအိမ်ထဲဆွဲခေါ်သွားခဲ့ပြီး လမ်းတစ်လျှောက် လတ်တလောဂိုဏ်းခွဲ၏ တိုးတက်မှုများအကြောင်း ပြောပြနေခဲ့သည်။

အိမ်တော်ထဲတွင် များစွာသော အမျိုးသမီးကျင့်ကြံသူများရှိနေကြပြီး ကုအန်တို့ကို စိတ်၀င်စားသောမျက်လုံးများဖြင့် ကြည့်ရှုနေခဲ့ကြ၏။

ကုအန်တို့ဖြတ်သွားသောအခါ အတင်းပြောနေကြသည်ကိုပင် ကုအန် ကြားလိုက်မိသေးသည်။

တဖြည်းဖြည်းနှင့် ရီလန် ကုအန်ကို သူမအခန်းထဲခေါ်သွားခဲ့ကာ အခန်းတံခါးကိုပိတ်လိုက်၏။

သူတို့နှစ်ယောက် စားပွဲတွင်ထိုင်ပြီးသောအခါ ရီလန့်အကြောင်းများပြောခြင်းက ပြီးဆုံးသွားခဲ့ပြီး ကုအန်အကြောင်းကို မေးမြန်းခဲ့သည်။

ကုအန် သူ့ဘ၀အကြောင်းကိုပြန်ပြောပြခဲ့ပြီး ထိုအရာက အတော်လေးသာမန်ဆန်နေသော်လည်း ရီလန်ကတော့ တောက်ပနေသောမျက်နှာဖြင့် နားထောင်နေခဲ့၏။

နှစ်ပေါင်း ၂၀၀ကြာသွားပြီးသည့်နောက်တွင်တောင် သူတို့နှစ်ယောက်သည် အခုလို အတူတူထိုင်ကာ စကားများပြောနေနိုင်ဦးမည်ဟု မည်သူက ထင်ထားခဲ့ဖူးပါမည်နည်း။

တဖြည်းဖြည်းနှင့် ရီလန့်စိတ်က လှည့်လည်သွားကာ ထူးဆန်းသောအခြေအနေတစ်ခုသို့ ၀င်ရောက်သွားခဲ့လေသည်။

သူမထိုသို့ခံစားလိုက်ရခြင်းမှာ ကုအန်သည် သူမကိုညဏ်အလင်းပွင့်စေဖို့ လမ်းပြပေးလိုက်၍ ဖြစ်၏။

ကုအန် နတ်အတွေးက အခန်းတစ်ခုလုံးကိုဖုံးအုပ်ထားပြီး ရီလန့်အား သေမျိုးများ၏နားလည်မှုအထက်တွင်ရှိသော ကောင်းကင်မြေပြင်နိယာမများကို နားလည်နိုင်ဖို့ ကူညီပေးနေခဲ့သည်။ ကုအန်ကိုမျက်နှာချင်းဆိုင်ထားသော်လည်း ရီလန့် သူ့ရှေ့ရှိ ဘာကိုမှ သတိမထားမိနေပုံပင်။

ထိုအရာမှာ ရီလန်သည် အိပ်မက်အခြေအနေတစ်ခုသို့၀င်ရောက်နေပုံရပြီး သူ့မျက်လုံးများက ငေးကြောင်ကြောင်ဖြစ်နေခဲ့၏။

ကုအန် မတ်တပ်ထရပ်လိုက်ပြီးနောက် သူမကို အိပ်ယာပေါ်သယ်သွားပေးခဲ့ပြီး တရားထိုင်သည့်ပုံစံဖြစ်အောင် ပြုပြင်ပေးလိုက်လေသည်။

သူကတော့ စားပွဲတွင်သာပြန်ထိုင်လိုက်ပြီး ရီလန့် ညဏ်အလင်းပွင့်နေမှုကို ကြည့်ရှုနေခဲ့၏။

ရီလန့်တရားထိုင်နေပုံကိုကြည့်နေရင်း သူ့စိတ်ထဲ မျှော်လင့်ချက်များလည်း ပြည့်နှက်လာခဲ့သည်။

အကယ်၍ သူသာ ရီလန့်ကိုသက်တမ်းအကန့်အသတ်တိုးမြင့်သွားအောင် လုပ်ဆောင်ပေးခဲ့နိုင်ပါလျှင် သူမကို သေမျိုးတောင်ထွတ်ကမ္ဘာသို့ပို့ဆောင်၍ ကျင့်ကြံစေခိုင်းနိုင်မည် ဖြစ်သည်။

အကယ်၍ တိုးမြင့်မလာလျှင်တော့ သူမကို ထိုနေရာသို့ပို့လိုက်ခြင်းမှာ ဒုက္ခခံခိုင်းရုံသာ ဖြစ်နေပေလိမ့်မည်။

နတ်အတွေးအစစ်အမှန်အမတတစ်ပါး၏ နတ်သိုင်းများကပင် လူတစ်ယောက်ကို ထာ၀ရအသက်မပေးအပ်နိုင်ဘဲ ကြည့်ရသည်မှာ အမှောင်ထုထဲတွင် သက်တမ်းချဲ့ထွင်ခြင်းကို တားဆီးထားသည့် အင်အားတစ်ခုရှိနေပုံရသည်။

ထိုအင်အားက ဘာလဲဆိုတာ ကုအန်စိတ်ဝင်စားနေခဲ့၏။

အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

ကုအန် တဖြည်းဖြည်းပျင်းလာသလို ခံစားလိုက်ရသောကြောင့် တစ်ခုခုလုပ်ဖို့ စဉ်းစားလိုက်မိ၏။

အဘယ်ကြောင့် သူနောက်ထပ်ပြန်လည်မွေးဖွားခြင်း ဆင့်ကဲပြောင်းလဲခြင်းနောက်တစ်ကြိမ် ပြန်မကစားရမည်နည်း။

ဤတစ်ကြိမ်တွင် သူအမှောင်မဟာကောင်းကင်နှင့်မြေပြင်ကို ရွေးတော့မည် မဟုတ်ပေ။ အကယ်၍သူသာ ဤတစ်ကြိမ်တွင် အသက်ထောင်ချီ သောင်းချီရှင်သန်နိုင်ခဲ့ပါက နောက်တစ်ကြိမ် ကပ်ဘေးကျော်ဖြတ်ရာတွင် ပိုလွယ်ကူလာစေရန် ကြောက်မက်ဖွယ်နတ်သိုင်းများ ရရှိလာနိုင်မည်လားဟု စိတ်၀င်စားနေခဲ့မိ၏။

(အနက်ရောင်မဟာကောင်းကင်နှင့်မြေပြင်ကို အမှောင်မဟာကောင်းကင်နှင့်မြေပြင် လို့သုံးပါတော့မယ်)

ထို့အပြင် ပြန်လည်မွေးဖွားခြင်းဆင့်ကဲပြောင်းလဲခြင်းမှရရှိသော မှတ်ညဏ်များက သူ့တာအိုနှလုံးသားကျင့်ကြံခြင်းကို အကျိုးဖြစ်ထွန်းစေနိုင်ပေသည်။

ကျင့်ကြံခြင်းတွင် အဆင့်တစ်ခုသို့ရောက်သွားပါက ပြန်လည်မွေးဖွားဖို့ လိုကောင်းလိုလာနိုင်သည်ဟုပင် ကုအန် ခံစားမိနေခဲ့ဧ။်။ မဟုတ်လျှင် စနစ်က သူ့ကိုဤလုပ်ဆောင်ချက်မျိုး ပွင့်ပေးမည် မဟုတ်ပေ။

တစ်ပွဲလောက် ကစားကြည့်တာပေါ့!

တစ်ပွဲပဲ လောဘမကြီးဘူး!

နောက်ဆုံးတွင် တစ်ခါပြန်လည်မွေးဖွားဖို့ ကုန်ကျမည့်သက်တမ်းက ၁၀သန်းဖြစ်ပြီး သူအများကြီးကစားလိုလျှင်ပင် မဖြစ်နိုင်ပေ။

ကုအန် ရီလန့်ကိုကြည့်ကာ တစ်ယောက်တည်း တွေးလိုက်မိလေသည်။

“ညီမလေး ကျေးဇူးပြုပြီး အစ်ကိုကြီးကိုကောင်းကောင်းလေးမွေးဖွားနိုင်ဖို့ ဆုတောင်းပေးပါ!”

All Chapters