← Chapters

အခန်း (၃၀၉-၃၁၀)

Vol. 24 Ch. 309-310

အခန်း (၃၀၉-၃၁၀)

Vol. 24 Ch. 309-310

အပိုင်း(၃၀၉)

၀မ်လိညီလာခံ

လုရှန်းယီ၏ အမူအရာမှတစ်ဆင့်ထိုလူသည် အနောက်အရပ်သို့ခရီးသွားခြင်းအကြောင်းကြားဖူးသော်လည်း မဖတ်ဖူးသူဖြစ်မှန်း ယန်ကျင်းသိလိုက်ရ၏။ ထို့အပြင် သူ့ပုံစံမှာ ပင်လယ်ရပ်ခြားမှလာသည့်လူနှင့်လည်း တူနေသေးသည်။

သူချက်ချင်း အိတ်ထဲမှ စာအုပ်တစ်အုပ်ထုတ်လိုက်ကာ လုရှန်းယီကိုပေးလိုက်၏။

“ဒါကကျွန်တော့်ရဲ့ အကြိုက်ဆုံးစာအုပ်ပါ အဆန်းကြယ်လုံးစာအုပ်တစ်အုပ်ဆိုလည်းမမှားဘူး ဒါကအကြီးအကဲအတွက် ကျွန်ဝောာ့်ရဲ့လက်ဆောင်ပါ”

ထိုစကားကိုကြားသောအခါ လုရှန်းယီချက်ချင်း လက်ဆန့်ကာ စာအုပ်ကိုရိုရိုသေသေယူလိုက်ပြီး ဦးပင်ညွတ်ထားသေးသောကြောင့် ယန်ကျင်းအမူအရာထူးဆန်းသွားခဲ့သည်။

ဘာဖြစ်နေတာလဲ!

ဒီလူငါ့ကို ကျင့်ကြံခြင်းဖုံးကွယ်ထားတဲ့လူတစ်ယောက်လို့ ထင်နေတာလား!

ယန်ကျင်းမျက်လုံးထဲမှ အပြောင်းအလဲကိုတွေ့သောအခါ လုရှန်းယီပြောလိုက်၏။

“ကျေးဇူးတင်ပါတယ် ငါ့မှာလည်းဘာမှလုပ်စရာရှိမနေတော့ အခုပဲဒီစာအုပ်ကိုဖတ်လိုက်ပါ့မယ်”

ပြောပြီးသည်နှင့် သူလှည့်ထွက်သွားခဲ့လေသည်။

ယန်ကျင်း ထွက်ခွာသွားသောသူ့ပုံရိပ်ကိုကြည့်ကာ တခဏကြာတွေးတောနေပြီးသည့်နောက် ပေါင်းသာဆက်ရှင်းနေခဲ့လိုက်၏။

ညနေမတိုင်ခင်တွင် ရွှမ်ထျန်းယီလည်း ပြန်သွားခဲ့သည်။

ကုအန်စားပွဲပေါ်ရှိစာအုပ်ကိုကြည့်နေရင်း သူ့မျက်နှာပေါ် စိတ်၀င်စားမှုအပြည့်ဖြစ်နေခဲ့သည်။

အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်း နောက်ဆုံးထွက်စာအုပ်!

ရွှမ်ထျန်းယီသည် သူ့မျက်လုံးထဲတွင် အမှန်တကယ်ပင် သူတော်စင်တစ်ပါးသာဖြစ်၏။ ယခုလို ဖရိုဖရဲဖြစ်နေသော ကာလမျိုးမှာပင် ထိုကောင်သည် စာအုပ်တစ်အုပ်ရအောင် ရေးခဲ့နိုင်သေးသည်။

အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်းသည် တကယ့်အတွေ့အကြုံများနှင့် အချစ်ဇာတ်ကွက်များကို လိုက်လျောညီထွေဖြစ်အောင်ရေးသားထားသောစာအုပ်ဖြစ်သောကြောင့် ကြည့်ရသည်မှာ ဤနှစ်များအတွင်း ရွှမ်ထျန်းယီ အချစ်ကြွေးများ အများကြီးတင်ခဲ့သည့်ပုံပင်။

ကုအန် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်းကို လက်နှစ်ဖက်ဖြင့် ကောက်ကိုင်လိုက်လေသည်။

ပြတင်ပေါက်အပြင်တွင် လရောင်ကဖြာကျနေပြီး တောင်ကြားထဲတွင် ပိုးမွှားများ၏ တစီစီအော်သံများဖြင့် ပြည့်နှက်နေသောကြောင့် လေထုသည် စာဖတ်၍ကောင်းအောင်ဖန်တီးပေးထားသလို ဖြစ်နေခဲ့၏။

တောင်ကြားထဲတွင် စာဖတ်နေသည်မှာ ကုအန်တစ်ယောက်တည်းသာမဟုတ်ဘဲ သူဧည့်သည်အခန်းထဲတွင် စာဖတ်နေဟော လုရှန်းယီလည်း ရှိနေခဲ့သည်။

လုရှန်းယီသည် လက်တစ်ဖက်ဖြင့် အနောက်အရပ်သို့ခရီးသွားခြင်းကိုဖတ်ကာ မျက်မှောင်ကြုံ့နေရင်း နောက်လက်တစ်ဖက်ဖြင့် တစ်ခုခုကိုတွက်ချက်နေခဲ့၏။

ခုနှစ်ရက်ကုန်လွန်သွားခဲ့သည။်

ကုအန် သွေးအကျဉ်းထောင်မဟာသူတော်စင်ကို စီးနင်းကာ ထျန်းယတောင်ကြားသို့ ဆေးပင်ခူးရန်သွားခဲ့ပြီး ထိုနေရာတွင် လျူဟွမ် လုရှန်နှင့် မျောက်သုံးကောင်သာရှ်ိတော့ပြီး ယိလျူယွမ် ကျိရူလိုင်နှင့် လီလင်းထျန်တို့က ပြန်မလာကြသေးပေ။

တိမ်တိုက်များထက်တွင် လုရှန်းယီ ထျန်းယတောင်ကြားကို ငုံ့ကြည့်နေရင်း သူ့မျက်ခုံးများ တွန့်ကွေးနေခဲ့၏။

ကုအန်နှင့်လျူဟွမ်တို့၏ စကားဝိုင်းကိုကြားလိုက်သောအခါမှသာ သူအတော်လေးစိတ်ပြေလျော့သွားခဲ့ရသည်။

ဤလူငယ်လေးသည် အဓိပတိဂိုဏ်းကို ဆေးပင်များစိုက်ပျိုးပေးပြီး မင်းဆက်ကိုလည်း ဉယျာဉ်အလုပ်သမားအဖြစ် အမှုတော်ထမ်းနေခဲ့သည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် သူ့တွင် ကြီးမားသောနောက်ခံရှိသည်ဟု ပြောဖို့ခက်လှပြီး ထို့ကြောင့်လည်း သူသည်အဝောာ်လေးနှိမ့်နှိမ့်ချချနေနေဟန်ရ၏။

ထို့နောက် လုရှန်းယီ အဓိပတိဂိုဏ်းသို့သာ ပြန်သွားခဲ့လေသည်။ အနောက်အရပ်သို့ခရီးသွားခြင်းသည် နတ်ဘုရားတို့၏ရာထူးများနှင့် ဆက်စပ်နေသည်ဟုပြောကြသောကြောင့် နတ်ဘုရားတို့၏ရာထူးများအကြောင်း သူသိချင်နေသေးသည်။

ကုအန် ပေါင်းရှင်းနေရင်း သူ့နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားခဲ့၏။

သူ့ဘေးတွင် လျူဟွမ်မေးခွန်းများဆက်မေးနေခဲ့သည်။

“မင်းဆုံးဖြတ်ပြီးပြီလား”

“အဲ့အကြောင်းမပြောကြရအောင်ပါ ကျွန်တော်အဓိပတိဂိုဏ်းကထွက်မသွားချင်ဘူး ဧကရာဇ်နဲ့အိမ်ရှေ့စံရဲ့ ကျွန်တော့်အပေါ်ကြင်နာမှုကို တကယ်ကျေးဇူးတင်ပေမယ့် ကျွန်တော်တကယ် မြို့တော်ကို မသွားချင်ဘူး”

ကုအန် ပြန်ပြောလိုက်သည်။

လျူဟွမ်ပြုံးကာပြောလိုက်၏။

“အိမ်ရှေ့စံက အမြဲတန်းယန်ကျင်းကို အနိုင်ယူမယ့်အကြောင်းပဲပြောနေတာ ဒီနှစ်တွေမှာ သူအတော်လေးကြိုးစားပြီးကျင့်ကြံနေတယ် သူ ပင်လယ်ပြင်မှာ ကြီးမြတ်တဲ့ကျင့်ကြံသူတစ်ယောက်ရဲ့ လမ်းညွှန်မှုတွေတောင်ရခဲ့သေးတယ် မင်းယန်ကျင်းကို ပိုပြီးပြင်ဆင်ပေးထားတာ ကောင်းလိမ့်မယ်”

ကုအန်ခေါင်းညိတ်ပြလိုက်သည်။

“သေချာတာပေါ့ အဖိုးကြီးလျူ ခင်ဗျားအသက်ကြီးသွားပြီပဲ”

“အသက်ကြီးတာလား မင်းဘာလို့အဲ့တာကိုပြောတာလဲ”

“ခင်ဗျား ပိုပိုပြီး စကားများတတ်လာလို့လေ အရင်တုန်းကကျွန်တော့်ဆီက အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်း လာငှားတုန်းကဆို စကားနည်းနည်းပဲပြောတာ”

“အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်း စာအုပ်အသစ်မပေးဘဲမင်းအဲ့ဒီအကြောင်းပြောရဲသေးတယ်နော် မင်းပြောတဲ့ အဓိပတိလျှို့ဝှက်မှတ်တမ်းများ အပိုင်းသစ်ကလည်း ပေါ်မလာသေးဘူး”

“အနောက်အရပ်သို့ခရီးသွားခြင်းသာ များများပိုဖတ်ပြီး စိတ်ကိုကျင့်ကြံစမ်းပါဗျာ”

ကုအန် ပေါင်းရှင်းနေရင်း လျူဟွမ့်ကိုစနောက်နေခဲ့၏။ယခုအခါ သူတို့ဆက်ဆံရေးက စာအုပ်များမှတစ်ဆင့် ပိုမိုကာ ရင်းနှီးနေခဲ့ပြီ ဖြစ်သည်။

နေ့ရက်များက ဆက်လက်၍ ကျော်လွန်သွားခဲ့၏။

ဆောင်းဦးကုန်ဆုံးကာ ဆောင်းရာသီသို့ ရောက်လာခဲ့ပြီး နှင်းလွှာများက စတင်ပျံဝဲနေခဲ့ကြသည်။

တစ်ရက်တွင် ကုအန် သဘာ၀ဂူ၈လုံးထဲ၌ စာဖတ်နေရင်းတစ်ခုခုကို သတိထားမိလိုက်သောကြောင့် ချက်ချင်းပင် တောင်ထွတ်သခင်တစ်ယောက်၏ အမှတ်အသားဖြစ်သလို မှော်အသုံးအတောင်တစ်ခုလည်းဖြစ်သော သေမျိုးတောင်ထွတ်ကမ္ဘာ၏ သေမျိုးကျောက်စိမ်းပြားကို ထုတ်လိုက်‌လေသည်။ (translation note- ဒီနေရာကစ သေမျိုးအထွတ်အထိပ်ကမ္ဘာကို သေမျိုးတောင်ထွတ်ကမ္ဘာ၊ ‌‌အထွတ်အထိပ်အရှင်သခင်ကို တောင်ထွတ်သခင်လို့ စသုံးသွားပါမယ်၊ နှစ်တစ်သောင်းညီလာခံကိုလည်း ၀မ်လိညီလာခံလို့ပြောင်းသုံးသွားပါမယ် e sub မှာကိုပြောင်းသွားတာမလို့ပါ)

သူ့နတ်အတွေးကို ကျောက်စိမ်းပြားထဲထည့်လိုက်သောအခါ မကြာခင်တွင် ၀မ်လိညီလာခံ စတင်တော့မည်ဖြစ်မှန်း သိလိုက်ရ၏။

သူတခဏတွေးပြီးနောက် ထရပ်လိုက်ကာ ထိုနေရာမှပျောက်ကွယ်သွားခဲ့လေသည်။

သေမျိုးကျောက်စိမ်းပြားထဲတွင် လမ်းညွှန်ချက်ပါသော်လည်း ကုအန်အတွက်တော့မလိုပေ။ သူသေမျိုးတောင်ထွတ်ကမ္ဘာကို အရင်ကတည်းက တွေ့ထားခဲ့ပြီးသား ဖြစ်၏။

သေမျိုးအထွတ်အထိပ်ကမ္ဘာသည် အဓိပတိဂိုဏ်းနှင့် အလွန်ဝေးလွန်းလှပြီး ကြားထဲတွင် ထူထဲသောမြူများနှင့်ပြည့်နေသည့် သမုဒ္ဒရာတစ်စင်း ခံနေခဲ့သည်။ သေမျိုးအထွတ်အထိပ်ကမ္ဘာတည်ရှိရာနေရာတွင် ကျွန်းများ ကုန်းမြေတိုက်ကြီးများမရှ်ိဘဲ ထိုနေရာတွင် သမုဒ္ဒရာကြမ်းပြင်မှ တိမ်တိုက်များထဲထိ တိုး၀င်နေသည့် မိုးထိအောင်မြင့်သော တောင်ထွတ်ကြီးများသာ ရှိကြသည်။

ကုအန် သေမျိုးတောင်ထွတ်ကမ္ဘာအစွန်အဖျားတွင် ပေါ်လာပြီးနောက် တိမ်တိုက်များကိုဖြတ်၍ ရှေ့ဆက်သွားခဲ့လိုက်၏။

မကြာခင်တွင် တည်နေရာတစ်ခုတည်းကို ဦးတည်သွားနေကြသော ကျင့်ကြံသူများကို သူမြင်လာခဲ့ရသည်။

ကုအန် အရှိန်မမြှင့်ဘဲ ခပ်အေးအေးသာ ပျံသန်းနေရင်းလမ်းတစ်လျှောက်ရှိ ရှုမျှော်ခင်းများကို ခံစားနေခဲ့၏။

ယခုအခါသူသည် တောင်ထွတ်သခင်တစ်ယောက်အနေနှင့် ဘယ်နေရာတွင် ဆေးပင်များစိုက်ရမလဲဆိုတာကို စဉ်းစားနေခြင်းဖြစ်သည်။

“တာအိုမိတ်ဆွေ ကျေးဇူးပြုပြီးစောင့်ပါဦး!”

သူ့နောက်မှအသံတစ်သံထွက်ပေါ်လာသောကြောင့် ကုအန် လှည့်ကြည့်လိုက်၏။

ထိုအခါ ဓားပျံစီးကာ သူ့အနားချဉ်းကပ်လာကြသော ကျင့်ကြံသူနှစ်ယောက်ကိုတွေ့လိုက်ရပြီး နှစ်ယောက်သည် အမျိုးသမီးတစ်ယောက်အမျိုးသားတစ်ယောက်ဖြစ်ကာ နှစ်ယောက်လုံးက နိဗာနအဆင့်များ ဖြစ်ကြသည်။

ကုအန် သက်တမ်းစစ်ဆေးခြင်းသုံး၍ ကြည့်ရှုလိုက်ရာ အမျိုးသားသည် ရှူရူဟိုင် ဖြစ်ပြီး အမျိုးသမီးက ရှူရှီ ဖြစ်မှန်းတွေ့လိုက်ရကာ နှစ်ယောက်လုံး၏သက်တမ်းအကန့်အသတ်က အရမ်းမကြမ်းသော်လည်း သာမန်တော့မဟုတ်ကြပေ။

ကုအန်နားချဉ်းကပ်လာပြီးနောက် ရှူရူဟိုင် လက်သီးဆုပ်ကာ အရင်ဆုံးမိတ်ဆက်လိုက်၏။

“ကျွန်တော်က ရှူရူဟိုင်ပါ ဒါကကျွန်တော့်ညီမလေး ရှူရှီတဲ့ တာအိုမိတ်ဆွေရဲ့ ဂုဏ်သရေရှ်ိ အမည်တော်ကိုသိပါရစေ”

ကုအန်လည်း ပြန်နှုတ်ဆက်လိုက်လေသည်။

“ကျွန်တော်က မုန့်လန်ပါ ဒီကမိတ်ဆွေနှစ်ယောက် ဘာကိစ္စရှိလို့ပါလဲ သိပါရစေ”

ရှူရူဟိုင်ပြုံးလိုက်ကာ

“တာအိုမိတ်ဆွေ မိတ်ဆွေလည်းဒီကို သေမျိုးတောင်ထွတ်ကမ္ဘာကို လာဂါရ၀ပြုတာမဟုတ်လား ကျွန်တော်တို့မောင်နှမလည်းအတူတူပါပဲ ဘာလို့ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်အဖော်မပြုကြရမှာလဲ”

သူကုအန်၏ကျင့်ကြံခြင်းကိုမမြင်နိုင်သော်လည်း ကုအန်ပုံက အန္တရာယ်ရှိပုံမပေါ်ဘဲ ဘေးပတ်၀န်းကျင်သို့လျှောက်ကြည့်နေပုံကြောင့် ပထမဆုံးအကြိမ်ရောက်လာခြင်းမှန်းလည်း သိသာနေခဲ့သည်။

ရှုရှီလည်း ကုအန်ကိုအကဲခတ်နေပြီး ကုအန်အကြည့်က သူမဆီပြန်ရောက်လာသောအခါ သူမနားသီးဖျား‌ေလးများ အနည်းငယ် နီရဲသွားခဲ့၏။

စိတ်၀င်စားစရာပဲ နှစ်၈၀၀၀ကျော်နေလာခဲ့ပြီးတာတောင် ရှက်တတ်နေသေးတာလား!

ကုအန်တွေးလိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်လေသည်။

ရှူရူဟိုင်လည်း ပိုတက်ကြွလာပြီး သူတို့သုံးယောက်ပျံသန်းနေရင်း စကားများပြောဆိုနေခဲ့ရကြ၏။

ကုအန်သူတို့ကို သေမျိုးတောင်ထွတ်ကမ္ဘာအပေါ်နားလည်မှုများအကြောင်း မေးလိုက်ရာ ရှူရူဟိုင်ပို၍ စိတ်အေးသွားပြီး ဤအရာက ကုအန်၏ပထမဆုံးအကြိမ် သေမျိုးတောင်ထွတ်ကမ္ဘာသို့ရောက်ရှိလာမှုဖြစ်ကြောင်း ပိုသေချာသွားခဲ့လေသည်။

ရှူရှီကတော့ အများကြီးမပြောဘဲ ရှူရူဟိုင်ကသာအများကြီးပြောနေခြင်းဖြစ်ပြီး သူမကတစ်ခါတရံမှသာ ၀င်ထောက်တတ်၏။

သူတို့ဆီမှတစ်ဆင့် ကုအန် သေမျိုးတောင်ထွတ်ကမ္ဘာအကြောင်းအတော်လေးနားလည်သွားခဲ့ရသည်။

တစ်ချိန်တည်းမှာပင် သူတို့ကိုကြည့်ကာ ကုအန် ရှောင်ရှန်းထျန်ဘ၀၏နောက်ဆုံးအပိုင်းများတွင် သိခဲ့ရသော မောင်နှမနှစ်ယောက်ကို တွေးမိသွားပြီး သူတို့စွန့်စားခန်းများကိုပြန်တွေး၍ နောင်တရသလိုလိုပင်ဖြစ်သွားခဲ့ရကာ ရှူရူဟိုင်တို့မောင်နှမကိုလည်း ပိုခင်သွားခဲ့ရ၏။

တစ်နာရီခန့်ကြာသောအခါ

သူတို့သုံးယောက် ထူထဲလှသောမြူထုကြီးထဲ ဖြတ်သန်းသွားခဲ့ပြီးနောက် သူတို့ရှေ့ရှ်ိ ကြီးမားလွန်းလှသော တောင်ချွန်ကြီးတစ်ခုက သူတို့အာရုံကို ဆွဲဆောင်သွားခဲ့လေသည်။ ထိုတောင်ချွန်ကြီးသည် အတော်လေးထည်ဝါလွန်းလှပြီး လမ်းတစ်လျှောက်လုံးတွင်တွေ့ခဲ့သော တောင်တိုင်းထက် ကြီးမားနေကာ သူ့အခြေက အချင်းမိုင်တစ်ထောင်ပတ်လည်လောက်ရှိပြီး ကောင်းကင်သို့အဖြောင့်အတိုင်း ထောင်တက်နေပြီး သူ့ထိပ်ဖျားကိုတော့ မြင်တောင်မမြင်ရပေ။

တောင်၏မျက်နှာပြင်တွင် ထူထဲလှသောတောအုပ်များရှိနေပြီး အသက်ဓာတ်ကြွယ်၀လှကာ ကျင့်ကြံသူများက ထိုတောင်ဆီသို့ ဦးတည်၍ သွားနေခဲ့ကြခြင်း ဖြစ်၏။

ထိုနေရာသို့ရောက်သောအခါ ပတ်ပတ်လည်ရှိဆူညံသံများကိုစတင်ကြားလာခဲ့ရပြီး အိမ်မွေးသားရဲများ၏အော်သံနှင့် အဝေးမှစီးတော်သားရဲများကိုလည်း မြင်လာခဲ့ရသည်။

ရှူရူဟိုင်အပေါ်သို့ မော့ကြည့်လိုက်ကာ ငေးကြောင်သွားခဲ့ရ၏။

“တကယ်ပဲ ကမ္ဘာပေါ်က ရှေးအကျဆုံးကျောင်းတော်တွေထဲက တစ်ခုဖြစ်တဲ့ သေမျိုးတောင်ထွတ်ကမ္ဘာလို့ခေါ်ခံရဖို့ ထိုက်တန်ပါပေတယ် ကျွန်တော်ငယ်ငယ်ကတည်းက ဒီနေရာကို၀င်ချင်ခဲ့တာ ဒါပေမယ့် ကျွန်တော့်ပါရမီနဲ့ဆိုရင် ချောချောမွေ့မွေ့ဖြတ်ကျော်နိုင်ပါ့မလား သိချင်မိတယ်”

ကုအန်‌ရယ်မောလိုက်ကာ

“မိတ်ဆွေရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ဆို အဆင်ပြေလောက်မှာပါ စိတ်ပူစရာမလိုပါဘူး”

ရှူရူဟိုင်ခါးသက်သက်ရယ်မောလိုက်ကာ

“ညီကိုမုန့် မင်းနားမလည်ပါဘူး သေမျိုးတောင်ထွတ်ကမ္ဘာကို၀င်ဖို့ လိုအပ်တဲ့ ပါရမီလိုအပ်ချက်က…”

“ဟားဟားဟား တာအိုမိတ်ဆွေမုန့် နောက်ဆုံးတော့မင်းရောက်လာပြီပဲ!”

လှိုက်လှိုက်လှဲလှဲရယ်မောသံကြီးက ရှူရူဟိုင်၏စကားကိုဖြတ်သွားခဲ့သည်။

ကုအန် မော့မကြည့်ဘဲ ထိုအသံက ပိုင်ကျိယ၏အသံမှန်း သိရှိနေခဲ့သည်။သူစရောက်ကတည်းက ကောင်းကင်ဈာန်အမတအရှိန်အဝါအနည်းငယ်ကို တမင်ထုတ်လွှတ်ထားခဲ့ပြီး ရှူရူဟိုင်တို့က ထိုအရာကိုသတိထားမိဖို့ မလွယ်သော်လည်း သူ့ကိုစောင့်နေသော ပိုင်ကျိယကတော့ အလွယ်လေး သတိထားမိသွားခဲ့၏။

ပိုင်ကျိယ ကောင်းကင်ပေါ်မှဆင်းသက်လာခဲ့ပြီး ကုအန်ပုခံုးကို အားမလိုအားမရ ဆုပ်ကိုင်ထားလိုက်လေသည်။

“မင်းသာရောက်မလာရင် မင်းတောင်ထွတ်သခင်ရာထူးကတော့ ပါသွားပြီပဲ!” ပိုင်ကျိယ စိတ်ဆိုးနေဟန်ဖြင့် ပြောလိုက်၏။

ကုအန်အမြန်ပြောလိုက်သည်။

“ကျွန်တော်သူတို့ကိုလည်း ခေါ်သွားချင်တယ်”

ပိုင်ကျိယ ရှူရူဟိုင်နှင့်ရှူရှီတို့ကိုတစ်ချက်ကြည့်လိုက်ကာ အသာအယာခေါင်းညိတ်ပြလိုက်၏။

ရှူရူဟိုင်နှင့်ရှူရှီတို့ကတော့ ကြက်သေသေနေခဲ့ကြသည်။

တောင်ထွတ်သခင်ရာထူး!

သူတို့ထိုစကားလုံးကို ကြားခဲ့ပေခြင်းလော။

အပိုင်း(၃၁၀)

ချိတ်ဆက်၍ မရသော

ကုအန် ရှူရူဟိုင်တို့မောင်နှမကြက်သေသေနေဆဲဖြစ်သည်ကို တွေ့လိုက်ရသောကြောင့် ချက်ချင်း အင်္ကျီလက်အိုးကိုတစ်ချက်ယမ်းကာ သူတို့ကို လက်ဝါးထဲထည့်လိုက်ပြီး ပိုင်ကျိယနှင့်အတူပျံတက်သွားခဲ့၏။

ထိုမြင်ကွင်းကိုမြင်သောအခါ ပိုင်ကျိယမျက်ခုံးများကိုပင့်လိုက်ကာ ရယ်မောလိုက်ပြီးပြောလိုက်လေသည်။

“တာအိုမိတ်ဆွေမုန့် မင်းမှာ အထင်ကြီးစရာနတ်သိုင်းတွေရှိနေတာပဲ”

ရှုရူဟိုင်နှင့်သူ့ညီမတို့မျက်လုံးထဲတွင်တော့ ထိုဖြစ်စဉ်တွင် သူတို့ကသေးငယ်သွားခြင်းမဟုတ်ဘဲ ကုအန်တို့က အလွန်တရာကြီးမားသွားသည်ဟုသာ မြင်နေခဲ့ကြရ၏။ ထို့ကြောင့် သူတို့မျက်လုံးများပြူးကျယ်သွားကြကာ ဘာစကားမှပင်မပြောနိုင်ကြတော့ပေ။

ကုအန်နှင့်ပိုက်ကျိယတို့၏ရယ်မောသံ စကားပြောသံများကို နားထောင်နေရင်း ရှူရှီအသိပြန်၀င်သွားကာ ဂရုတစိုက်ပြောလိုက်သည်။

“အစ်ကို အခုပဲဒီစီနီယာပြောတာက တာအိုမိတ်ဆွေမုန့်က…သူက တောင်ထွတ်သခင်တစ်ယောက်လား”

တောင်ထွတ်သခင်ဆိုတာ ဘာကိုဆိုလိုမှန်း သူမကောင်းကောင်းသိပေသည်။ သေမျိုးတောင်ထွတ်ကမ္ဘာတွင် ဤပုဂ္ဂိုလ်များသည် သန်မာမှုကိုကိုယ်စားပြုသည့် ဒဏ္ဍာရီလာပုဂ္ဂိုလ်များ ဖြစ်ကြ၏။

စိတ်လှုပ်ရှားမှုလှိုင်းလုံးများ ရှူရူဟိုင်ရင်ထဲ ထိုးတက်လာခဲ့ပြီး သူအသံပင်မထွက်ဘဲ ခေါင်းသာညိတ်ပြလိုက်လေသည်။

သူခုနကအဖြစ်အပျက်များကို သေချာပြန်စဉ်းစားကြည့်နေခဲ့ပြီး ထိုတာအိုမိတ်ဆွေမုန့်ကို မစော်ကားမိတာသေချာမှသာ သူစိတ်အေးသွားခဲ့ရ၏။ ထိုမိတ်ဆွေသည် သူ့ကို သေမျိုးတောင်ထွတ်ကမ္ဘာဘဲ၀င်နိုင်မည်ဟုပင် နှစ်သိမ့်ပေးသွားခဲ့သေးသည်။

ရှူရူဟိုင်၏ မျက်လုံးထဲ အလင်းတစ်ချက်တောက်လာခဲ့ပြီး သူ့နှလုံးသားထဲစိတ်လှုပ်ရှားမှုများဖြင့်ပြည့်နေကာ အင်္ကျီလက်အိုးထဲရှိ လက်သီးကိုပင် ကျစ်ကျစ်ပါအောင် ဆုပ်ထားမိခဲ့၏။

တစ်ချိန်တည်းမှာပင် ပိုင်ကျိယ ကုအန်အား ၀မ်လိညီလာခံအကြောင်း ရှင်းပြပေးနေခဲ့သည်။

ထိုညီလာခံကို နှစ်တစ်သောင်းညီလာခံဟုခေါ်သော်လည်း ကျင်းပပုံမှာ နှစ်တစ်သောင်းကြာတွင် တစ်ခါကျင်းပခြင်းမဟုတ်ပေ။ နောက်ဆုံးနှစ်တစ်သောင်းညီလာခံကျင်းပခဲ့သည်မှာ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀၀ ကဖြစ်၏။

၀မ်လိညီလာခံ ဖွင့်ပွဲတွင် တပည့်သစ်များခန့်အပ်ရုံသာမက အခြားမဟာမိတ်အင်အားစုကြီးများကိုလည်း ဖိတ်ခေါ်ထားခဲ့သေးသည်။

၀မ်လီညီလာခံဖွင့်ပွဲမတိုင်ခင် ပိုင်ကျိယကုအန်အား ပိုင်ရှင်မရှိသော နတ်တောင်ထွတ်တစ်ခုကို ရွေးချယ်ရန် ခေါ်သွားခဲ့၏။

သေမျိုးတောင်ထွတ်ကမ္ဘာတွင် တောင်ထွတ်များစွာရှိပြီး တောင်ထွတ်များကို အဆင့်နှင့်လိုက်ပြီး ခွဲခြားထားကြသည်။ ငယ်စဉ်ကြီးလိုက်စီသော် ထိုအဆင့်များမှာ ပင်လယ်တောင်ထွတ်၊ အမတတောင်ထွတ်၊ နတ်တောင်ထွတ် နှင့် ပင်မတောင်ထွတ်တို့ဖြစ်ကြပြီး အမြင့်ဆုံး ပင်မတောင်ထွတ်ကတော့ တစ်ခုသာရှိကာ နတ်တောင်ထွတ်ကတော့ ၂၅ခု ရှိ၏။ နတ်တောင်ထွတ်တွင် တောင်ထွတ်သခင်ဖြစ်ရန်လိုအပ်ချက်ကတော့ ကောင်းကင်ဈာန်အမတအဆင့်သို့ ရောက်ရှိနေရန် ဖြစ်ပေသည်။

ဘယ်လိုလုပ် တောင်ထွတ်သခင်များ ပြတ်လပ်နေရသလဲဆိုတာကို ကုအန် စိတ်၀င်စားနေခဲ့၏။

ကျိပိုင်ယကတော့ ကောင်းကင်ဈာန်အမတများသည် ကောင်းကင်ပြင်ပသို့သာသွား၍ စွန့်စားခန်းများထွက်လိုကြပြီး ထို့ကြောင့်လည်း တောင်ထွတ်သခင်နေရာများက ကျန်နေခြင်းဟု ပြောခဲ့သည်။

ထိုစကားကိုကြားပြီ ကုအန် ပြင်းပြင်းထန်ထန်မတုန့်ပြန်မှသာ ပိုင်ကျိယသက်ပြင်းချလိုက်နိုင်ခဲ့၏။

ကြည့်ရသည်မှာ သူကုအန်ကို အောင်မြင်စွာ ဖြီးဖြန်းခဲ့လိုက်နိုင်ပုံပင်။

သူသည် ကုအန်ကို မဟာ‌ေကာင်း‌ကင်စိတ်၀ိညာဥ်နယ်‌ေမြတွင်သာ နေစေလိုသောကြောင့် ကောင်းကင်ပြင်ပသည် အလွန်အန္တရာယ်များမှန်း ပြောခဲ့ဖူးပေသည်။

ကုအန်လို အားကောင်းသောနောက်ခံမရှိဘဲပင် ကောင်းကင်ဈာန်အမတအဆင့်သို့ ရောက်လာနိုင်သူတွင် အံ့မခန်းပါရမီမျိုးရှိနေမှာ သေချာလှ၏။ ထိုသို့သောသူသည် မဟာကောင်းကင်စိတ်ဝိညာဉ်တွင် နေလျှင်ပင် ဆက်လက်တိုးတက်လာမှာ သေချာပေသည်။

သူတို့နှစ်ယောက် မိုးပြာရောင်ကောင်းကင်ကြီးပျောက်ကာ ထိုနေရာတွင် ကြယ်များဖြင့်တစ်လက်လက်တောက်ပနေသော ကောင်းကင်ကြီးပေါ်လာသည်အထိ ဆက်လက်ပျံတက်နေခဲ့ကြ၏။

ရှူရူဟိုင်နှင့် ရှူရှီတို့ကတော့ ကုအန် လက်ဖဝါးထဲတွင်ရပ်ကာ စကြာ၀ဠာကြီး၏ကျယ်ပြန့်ပုံကိုကြည့်ရင်း မင်သက်နေခဲ့ကြသည်။

ကုအန် ပိုင်ကျိယနောက်မှလိုက်ကာ ခန်းမကြီးတစ်ခုထဲသို့ ရောက်ရှ်ိလာခဲ့ပြီး ရှူရူဟိုင်နှင့်ရှူရှီတို့ကိုလည်း မြေပေါ်ချပေးလိုက်ကာ သူ့နောက်က လိုက်ခဲ့ဖို့ ပြောလိုက်၏။

ခန်းမကြီးသည် အလွန်ကျယ်၀န်းလှကာဘေးတစ်ဖက်တစ်ချက်တွင် ထည်ဝါလှသော ဧရာမရုပ်တုကြီးများကိုထောင်ထားပြီး ခန်းမမျက်နှာကျက်တွင် အမျိုးမျိုးသောခမ်းနားလှသည့် အဖြစ်အပျက်များကို ထွင်းထုထားခဲ့သည်။ ရှုရူဟိုင်နှင့်ရှုရှီတို့ သတိထားကာ ကြည့်ရှုနေခဲ့ကြပြီး ကုအန်နောက်မှကပ်လိုက်ကာ အသံပင် မထွက်ရဲခဲ့ကြပေ။

ရှေ့သို့ဆက်သွားနေရင်း ကုအန် ခရမ်းပြာရောင်သလင်းကျောက်တိုင် ၂၅တိုင်ကို မြင်ခဲ့ရပြီး ထိုထဲတွင် မရေတွက်နိုင်သော စည်းများနှင့် နိယာမစွမ်းအားများဖြင့် ပြည့်နှက်နေခဲ့၏။ ကြည့်ရသည်မှာ သေမျိုးတောင်ထွတ်ကမ္ဘာတွင်လည်း အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတတစ်ပါး ပုန်းအောင်းနေပုံပင်။

အပူအပင်မဲ့ကမ္ဘာဦးတစ်ယောက်အတွက်ပင် ဤကဲ့သို့သော သလင်းကျောက်တိုင်များကို ဖန်တီးဖို့က မဖြစ်နိုင်ပေ။

ပိုင်ကျိယ လမ်းလျှောက်နေခြင်းကို ရပ်တန့်လိုက်ပြီး ဘေးချင်းကပ်စီထားသော သလင်းကျောက်တိုင်နှစ်တိုင်ကိုညွန်ပြကာ ပြောလိုက်၏။

“ဒီနတ်တောင်ထွတ်နှစ်ခုကို ရွေးလို့ရတယ် သူတို့ကို ချန်ထျန်းတောင်ထွတ်နဲ့ဒင်ထျန်းတောင်ထွတ်လို့ ခေါ်တယ်…”

သူချန်ထျန်းတောင်ထွတ်နှင့် ဒင်ထျန်းတောင်ထွတ်အကြောင်း စတင်မိတ်ဆက်ပေးလေတော့သည်။

ချန်ထျန်းတောင်ထွတ်တွင် တပည့် ၁သန်းကျော်ရှိပြီး တောင်အမြင့်က အလယ်အလတ်လောက်သာရှိကာ ထိုတောင်တွင် ရှည်လျားသောသမိုင်းကြောင်းရှိသောကြောင့် တပည့်များ၏ ပျမ်းမျှကျင့်ကြံခြင်းအဆင့်က သန်မာကြပေသည်။

ဒင်ထျန်းတောင်ထွတ်၏အမြင့်ကတော့ နတ်တောင်ထွတ်များကြားထဲတွင် ဒုတိယလိုက်၏။ သို့သော် သူ့တွင်အတွင်းပိုင်းပဋိပက္ခများရှိနေပြီး တပည့်များ၏ ယေဘုယျကျင့်ကြံခြင်းက မမြင့်ကြပေ။ အများစုမှာ အချုပ်အနှောင်မဲ့အမတအဆင့်အောက်သာဖြစ်ကြပြီး ထိုနေရာတွင် အရင်းအမြစ်ကလည်း မလုံလောက်ပေ။ တောင်တွင် နေရာလွတ်များစွာရှိနေပြီး ထိုနေရာများက အလဟဿဖြစ်နေခဲ့ကြသည်။

လတ်တလောတွင် ဒင်ထျန်းတောင်ထွတ်၌ တပည့် ၂သိန်းကျော်သာ ရှိကြ၏။

ကုအန်ချက်ချင်းပြောလိုက်သည်။

“ဒါဆို ဒင်ထျန်းတောင်ထွတ်ကိုပဲ ရွေးလိုက်ကြတာပေါ့ ကျွန်တော်အဲ့ဒီတောင်ထွတ်ကိုတိုးတက်အောင်လုပ်ပြီး သေမျိုးတောင်ထွတ်ကမ္ဘာကို အကျိုးဆောင်နိုင်မလား ကြည့်ချင်တယ်”

ထိုစကားကိုကြားသောအခါ ပိုင်ကျိယကုအန်အား လေးစားသွားဟန်ဖြင့် ကြည့်လိုက်၏။

ထို့နောက်တွင်တော့ ပိုင်ကျိယကုအန်ကို သေမျိုးကျောက်စိမ်းပြားထုတ်ခိုင်းလိုက်ပြီး ထိုကျောက်စိမ်းပြားကို သလင်းကျောက်တိုင်ပေါ် နေရာချထားခိုင်းလိုက်သည်။

အားလုံးပြီးသွားသောအခါ သူတို့ကုအန်၏ ဒင်ထျန်းတောင်ထွတ်သခင်နေရာအတွက် လုပ်ပိုင်ခွင့်များပွင့်သွားစေရန် အခြားနေရာတစ်ခုသို့သွား၍ ပျင်းစရာကောင်းသော လုပ်ထုံးလုပ်နည်း လုပ်ငန်းစဉ်များကို လုပ်ခဲ့ရ၏။

ရှူရူဟိုင်နှင့်ရှူရှီတို့လည်း တပည့်နေရာအတွက်စာရင်းသွင်းခဲ့ကြပြီး ဒင်ထျန်းတောင်ထွတ်၏တပည့်များ ဖြစ်လာခဲ့ကြသည်။

တစ်နာရီခန့်ကြာသောအခါ ပိုင်ကျိယ ကုအန်တို့ကို ဒင်ထျန်းတောင်ထွတ်တွင် ထားခဲ့ပြီး ထွက်ခွာသွားခဲ့လေသည်။

သူကုအန်၏ တောင်ထွတ်သခင်ရာထူးအတွက် ထောက်ခံပေးတာမျိုးတော့ မလုပ်ခဲ့ပေ။ ကောင်းကင်ဈာန်အမတတစ်ပါးအတွက် သူတို့ကိုယ်တိုင်ရပ်တည်ရန် တစ်ယောက်ယောက်၏ ထောက်ပံ့ပေးမှုကို လိုမည်လော။

ထိုတောင်ထွတ်တွင် မည်သူက ပြဿနာရှာချင်ပါသနည်း။ရှာမည့်လူက ကိုယ့်သေတွင်းကိုယ် တူးနေခြင်းသာ ဖြစ်ပေလိမ့်မည်။

သေမျိုးတောင်ထွတ်ကမ္ဘာတွင် တပည့်များကို တောင်ထွတ်သခင်များအား အာခံခွင့်ပေးမထား‌ခဲ့ပေ။

ရှူရူဟိုင်နှင့် ရှူရှီတို့ ထည်ဝါလှသော ဒင်ထျန်းတောင်ထွတ်တွင် စိတ်လှုပ်ရှားနေခဲ့ကြ၏။

ကုအန်သူတို့ကိုကြည့်ကာ ပြုံး၍မေးလိုက်သည်။

“အခုကစပြီး မင်းတို့ငါ့ကိုဘယ်လိုခေါ်သင့်သလဲ”

ရှူရူဟိုင် အမြန်ပင်ဦးညွှတ်၍ ဂါရ၀ပြုလိုက်ကာ ပြောလိုက်သည်။

“ဒီတပည့်ရှုရူဟိုင်က ဆရာ့ကိုနှုတ်ဆက်ပါတယ်!”

ရှူရှီလည်း အသိ၀င်သွားပြီး သူ့အစ်ကိုလို လိုက်နှုတ်ဆက်လိုက်၏။

ကုအန်ပြုံးလိုက်ပြီးနောက် ကောင်းကင်ဈာန်အမတတစ်ပါး၏ အရှိန်အဝါကိုထုတ်လွှတ်ကာ ဒင်ထျန်းတောင်ထွတ်တစ်ခုလုံးကို ဖုံးအုပ်လိုက်လေတော့သည်။

ထိုအခိုက်မှသာ ရှူရူဟိုင်နှင့် ရှူရှီတို့လည်း ကုအန်၏ စွမ်းအားကို ခံစားမိသွားခဲ့ကြ၏။

သူတို့သုံးယောက်ညီလာခံဆီပျံသန်းနေကြရင်း တခဏအကြာတွင် မြေလျှောက်အမတ၉ပါး သူတို့ဆီရောက်လာ၍ နှုတ်ဆက်ခဲ့ကြသည်။ ကုအန် ဘာမှပြောမနေဘဲ သေမျိုးကျောက်စိမ်းပြားကိုသာ ထုတ်ပြလိုက်၏။

မြေလျှောက်အမတ ၉ပါးလည်း လေးစားကြောင်းပြကာ ကုအန်ကို ဆရာအဖြစ်သတ်မှတ်လိုက်ကြလေသည်။

ကုအန်ထိုသူများကို သက်တမ်းစစ်ဆေးခြင်းသုံး၍ ကြည့်လိုက်ရာ သူတို့တွင် သက်တမ်းအတော်များများကျန်နေသေးသည်ကို တွေ့လိုက်ရပြီး သူ့အတွက် အချိန်အတော်ကြာ အလုပ်လုပ်ပေးနိုင်ဦးမည့်သူများ ဖြစ်ကြသည်။

ဒင်ထျန်းတောင်ထွတ်၏ အကြီးဆုံးတပည့်မှာ ကျူရှင်းလန်ဖြစ်ပြီး သူသည်မြေလျှောက်အမတအဆင့်၉ ဖြစ်ကာ ကောင်းကင်ဈာန်အမတအဆင့်နှင့် ခြေတစ်လှမ်းသာကွာဝေးတော့သူဖြစ်၏။ သို့သော် ထိုခြေတစ်လှမ်းမှာလည်း အချို့သူများ တစ်ဘ၀လုံး မကျော်နိုင်ခဲ့သည့်ခြေတစ်လှမ်းဖြစ်ပေသည်။

ကုအန် အခြားတပည့်များကို ပြန်လွှတ်လိုက်ပြီး ကျူရှင်းလန်းတစ်ယောက်ကိုသာ နေခဲ့ခိုင်းလိုက်ကာ ရှူမောင်နှမများအတွက်လည်း လိုအပ်သည်များ စီစဉ်ပေးခိုင်းလိုက်၏။

ကျူရှင်းလန်းသည် အသက် ၄၀ အရွယ်လူလတ်ပိုင်းပုံဖြစ်ကာ အစိမ်းရောင်၀တ်စုံကို၀တ်ဆင်ထားပြီး သူ့တွင်အဖြူနှင့်အမည်းရောနေသော မိတ်ဆိတ်များရှိကြသည်။ သူသည် သူ့မုတ်ဆိတ်များကို ဆွဲဆွဲ‌နေတတ်ပြီး သူ့ပုံစံကအတော်လေးတည်ငြိမ်လှ၏။

ကုအန် ကျူရှင်းလန်ကို ဒင်ထျန်းတောင်တစ်ခွင်လိုက်ပြဖို့ ပြောလိုက်သည်။

မကြာခင်တွင် ၂နာရီကုန်သွားခဲ့၏။

ကုအန် သူ့စံအိမ်အသစ်တွင် အခြေချပြီးသောအခါ ထွက်သွားဖို့ ပြင်လိုက်လေသည်။ ထွက်မသွားခင်တွင် ကျူရှင်းလန်ကို ‌ဒင်ထျန်းတောင်ထွတ်တွင် ဆေးပင်များစိုက်ဖို့ ဆေးမျိုးစေ့များ၀ယ်ရန် စိတ်ဝိညာဉ်ကျောက်တုံးအများအပြားပေးခဲ့သောကြောင့် ကျူရှင်းလန်လည်း စိတ်လှူပ်ရှားသွားပြီး ဤတောင်ထွတ်သခင်အသစ်ရောက်ရှိလာမှုသည် ခမ်းနားလွန်းသည်ဟု ခံစားလိုက်ရ၏။

တတိယတောင်ကြားသို့ ပြန်ရောက်သောအခါ ကုအန် တောင်ထွတ်သခင်အဖြစ်မှ တောင်ကြားသခင်အဖြစ်သို့ ပြန်လည်ကူးပြောင်းခဲ့ပြန်သည်။

ညနေချိန်တွင် ကုအန် လက်ကိုးချောင်းနတ်အရှင်နှင့် ဒြပ်ငါးမျိုးခိုးယူသူတို့ အချိန်ဖြုန်းကာ တရုတ်ကျားကစားနေသည်ကို တွေ့လိုက်ရ၏။

သူစိတ်၀င်တစားမေးလိုက်သည်။

“ရှန်ရှင်းကျိ ဘယ်သွားတာလဲ”

လက်ကိုးချောင်းနတ်အရှင် သာမန်အတိုင်းတုန့်ပြန်လိုက်လေသည်။

“ငါကြားတာတော့ သေမျိုးတောင်ထွတ်ကမ္ဘာက ၀မ်လိညီလာခံကိုသွားတာတဲ့ ထွက်သွားတာမကြာသေးဘူး”

“သေမျိုးတောင်ထွတ်ကမ္ဘာလား”

“အင်း ရှေးဟောင်းချီကံကြမ္မာဂိုဏ်းတစ်ခုပေါ့ စိတ်၀င်စားမနေပါနဲ့ မင်းတစ်ဘ၀လုံး သူတို့နဲ့ဆုံရမှာမဟုတ်ဘူး သူတို့က မဟာအေးစက်မိစ္ဆာဂိုဏ်းထက်တောင် စွမ်းအားကြီးသေးတယ်”

လက်ကိုးချောင်းနတ်အရှင် သာမန်အတိုင်းပြောလိုက်သောကြောင့် ကုအန်သူ့ကိုတစ်ချက်စိုက်ကြည့်ပြီးနောက် ထွက်ခွာသွားခဲ့လေသည်။

ဒြပ်ငါးမျိုးခိုးယူသူ ပြုံးကာပြောလိုက်၏။

“ဒါက လုံး၀မှန်နေတာတော့မဟုတ်ဘူး တကယ်လို့သူကဒီကစားနည်းကိုတောင် တီထွင်နိုင်ရင် အနာဂတ်မှာလည်း အခွင့်အလမ်းကြီးတွေနဲ့ တွေ့ကြုံရနိုင်ချေရှ်ိတယ်လို့ ကျုပ်ထင်တယ်”

“ဘယ်သူသိမှာလဲ ခင်ဗျားကအရမ်းစွမ်းအားကြီးနေတာတောင် အခုထိသူ့ကိုကူညီတာမျိုး မမြင်ရသေးဘူးနော်”

လက်ကိုးချောင်းနတ်အရှင် ပြန်ပြောလိုက်လေသည်။ သူသည် ကုအန်နှင့်ရင်းနှီးသော်လည်း ကုအန်ကံကြမ္မာကိုပြောင်းလဲပေးမည့်ရည်ရွယ်ချက်မျိုး ရှိမနေပေ။

ကုအန်၏ပါရမီနှင့်ဆိုပါက ဂိုဏ်းကြီးတစ်ဂိုဏ်းထဲရောက်သွားလျှင်တောင် သူ့အတွက် ကောင်းသောအရာများဖြစ်မလာနိုင်လောက်ပေ။

အနည်းဆုံးတော့ဤနေရာတွင် ကုအန် အပူအပင်ကင်းစွာ ပျော်ပျော်ရွှင်ရွှင်နေနိုင်ပေသည်။

ကုအန်သူတို့စကားဝိုင်းကိုကြားသောအခါ ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရ၏။

တကယ်လို့ ကျုပ်ကျင့်ကြံခြင်းအဆင့်ကိုသာထုတ်ပြလိုက်ရင် ခင်ဗျားတို့ကြားတောင်ကြားဖူးမှာမဟုတ်ဘူး!

ကုအန် လှောင်ပြောင်လိုက်ပြီးနောက် ကျိရှောင်ယုနှင့်စကားပြောဖို့ ၀င်သွားခဲ့လေသည်။

၀မ်လိညီလာခံကျင်းပဖို့ အချိန်အချို့ကျန်သေးသောကြောင့် ကုအန်လောနေစရာမလိုပေ။

နေ့ရက်များကုန်ဆုံးသွားခဲ့၏။

ကုအန် အမတရှာဖွေကျွန်းသို့ ရောက်လာကာ ကျွန်းသခင်နှင့် နောက်ဆုံးအကြိမ်ညှိနှိုင်းဆွေးနွေးမှုလုပ်ပြီးသည့်နောက် အမတရှာဖွေကျွန်းက သူ့အပိုင်ဖြစ်လာခဲ့လေသည်။

မဟာအေးစက်မိစ္ဆာဂိုဏ်းကပ်ဘေးကြောင့် အမတရှာဖွေကျွန်းနောက်ကွယ်က အင်အားစုသည် ကျွန်းမှပြန်လည်ဆုတ်ခွာလိုနေပြီး ကျွန်းကိုရနိုင်သလောက်ဈေးနှင့်ရောင်းချဖို့သာ ဆုံးဖြတ်ခဲ့ကြသည်။

ထွက်မသွားခင်တွင် ကျွန်းသခင် ကုအန်ကိုပြောခဲ့၏။

“မင်းနောက်ကွယ်ကအင်အားစုက တတ်နိုင်သလောက်မြန်မြန်မြေလျှောက်အမတတစ်ပါးပို့ပေးဖို့လိုတယ် မဟုတ်ရင် မင်းနေရာမှာ အမိန့်ပေးနိုင်မှာမဟုတ်ဘူး”

ကုအန်ပြုံးကာ ခေါင်းညိတ်ပြလိုက်လေသည်။

ကျွန်းသခင်နှင့်သူ့လူများထွက်သွားသောအခါ ကုအန် ဟူရှောင်ကျင်းဘက်လှည့်လိုက်ကာ ပြုံးလိုက်ပြီး

“အခုကစပြီး အမတရှာဖွေကျွန်းက ငါ့အပိုင်ဖြစ်သွားပြီ ငါမင်းကိုလည်းမမျှမတမဆက်ဆံပါဘူး”

ဟူရှောင်ကျင်းချက်ချင်းပင်ဒူးထောက်ချလိုက်ပြီး စိတ်လှုပ်ရှားမှုကြောင့် နှဖူးကိုပင် မြေကြီးနဲ့ထိတိုက်ထားခဲ့‌၏။

ထို့နောက်တွင်တော့ ကုအန် ကျွန်းအကြီးအကဲများကို ဆင့်ခေါ်လိုက်ပြီး လိုအပ်သည်များ ညွှန်ကြားခဲ့ပြီး မကြာခင်တွင် မြေလျှောက်အမတတစ်ပါးပို့လိုက်မည်ဟု ပြောသောကြောင့် ထိုအကြီးအကဲများ ကုအန်ကို အထင်မသေးဝံ့ကြတော့ပေ။

ကုအန်သူတို့ကို လှည့်စားနေခြင်းမဟုတ်ဘဲ ဒင်ထျန်းတောင်ထွတ်တွင် မြေလျှောက်အမတများစွာ ရှိသောကြောင့် သူအလွယ်လေးစီစဉ်ပေးလိုက်နိုင်ပေသည်။

နောက်ဆုံးတွင်သူသည် အမတရှာဖွေကျွန်းပေါ်တွင်လည်း မုန့်လန်ဟူသော သရုပ်ကိုအသုံးပြုနေခြင်းဖြစ်၏။

အချိန်များလျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

နွေဦးပွဲတောင်မရောက်ခင်တွင် ၀မ်လိညီလာခံက စတင်တော့မည်ဖြစ်သည်။

တိမ်ပင်လယ်ထက်တွင် အနောက်ပိုင်းစိတ်ဝိညာဉ်မြင့်မြတ်မိခင် ကြာပလ္လင်ကိုစီးနင်း၍ ရှေ့သို့လျင်မြန်စွာသွားနေပြီး သူ့ဘေးတွင် လုလင်ကျွမ်းရှိနေကာ လုလင်ကျွမ်းပုခုံးပေါ်၌ သူမနှင့်အတူတက်လှမ်းလာခဲ့သော မြွေလေးက ရစ်ခွေနေခဲ့၏။

တိမ်များကိုဖောက်၍ ထိုးတက်နေသော တောင်ထွတ်များကိုတွေ့သောအခါ လုလင်ကျွမ်း၏မျက်လုံးလှလှလေးများ ပြူးကျယ်နေပြီး သေများကမ္ဘာ၏ ‌အမတနယ်မြေကိုမြင်‌‌တွေ့နေရသလို ခံစားနေခဲ့ရသည်။

စိတ်ဝိညာဉ်ဖြူမိစ္ဆာဧကရီလည်း စိတ်၀င်တစားမေးလိုက်၏။

“သေမျိုးတောင်ထွတ်ကမ္ဘာက ခွန်အားခြင်းယှဉ်ရင် မဟာအေးစက်မိစ္ဆာဂိုဏ်းနဲ့ ဘယ်လောက်ကွာခြားလောက်လဲ”

ထိုစကားကိုကြားသောအခါ လုလင်ကျွမ်းလည်း စိတ်၀င်စားနေသောအကြည့်ဖြင့် အနောက်ပိုင်းစိတ်ဝိညာဉ်မြင့်မြတ်မိခင်ကို ကြည့်လိုက်လေသည်။

မဟာအေးစက်မိစ္ဆာဂိုဏ်းက သူတို့ကုန်းမြေတိုက်ကြီးကို ဝိုင်းပတ်ထားသည့်မြင်ကွင်းကို သူအခုထိမမေ့နိုင်သေးပေ။

ထိုအခိုက်တွင် မဟာအေးစက်မိစ္ဆာဂိုဏ်းက ပြိုင်ဘက်ကင်းသလိုပင် ခံစားခဲ့ရသည်။

“သမိုင်းကြောင်းအမွေအနှစ်ခြင်းယှဉ်ရင် သေမျိုးတောင်ထွတ်ကမ္ဘာက ပိုသန်မာတယ် သူတို့က မြင့်မြတ်ခုံရုံးထဲမှာတောင် တိကျတဲ့အင်အားတစ်ခုရှိတယ် ငါတို့ ပင်လယ်ဗုဒ္ဓဂိုဏ်းတောင် အဲ့နေရာမှာသူတို့ကို မယှဉ်နိုင်ဘူး” မြင့်မြတ်မိခင် တည်တည်ငြိမ်ငြိမ်ပြောပြလိုက်သည်။

လုလင်ကျွမ်းနှင့် စိတ်ဝိညာဉ်ဖြူမိစ္ဆာဧကရီတို့လည်း သေမျိုးတောင်ထွတ်ကမ္ဘာ၏အင်အားကိုပိုပြီး နားလည်သွားခဲ့ရ၏။

ထို့နောက် မြင့်မြတ်မိခင်သေမျိုးတောင်ထွတ်ကမ္ဘာ၏အတိတ်အကြောင်း ဆက်ပြောပြနေခဲ့သည်။

နားထောင်နေရင်း လုလင်ကျွမ်းအကြည့်က အဝေးသို့ကြည့်နေရင်း လာမည့်၀မ်လိညီလာခံအတွက် စိတ်ဝင်စားမှုက ပိုတိုးလာခဲ့၏။

တိမ်လွှာများကို ဖြတ်သန်းရင်း လမ်းတစ်လျှောက်ရှိ တောင်ထွတ်ကြီးများကိုငေးမောနေရပြီး သူတို့မျက်လုံးများက လုံး၀အနားမရခဲ့ပေ။

တဖြည်းဖြည်းနှင့် သူတို့မြင်ကွင်းထဲတွင် ကျင့်ကြံသူများကို ပိုမြင်လာရပြီး ထိုထဲတွင် ဂိုဏ်းကြီးများမှ ဘုန်းကြီးများ မိစ္ဆာများလည်း ပါ၀င်ကြပြီး အားလုံးက သာမန်တည်ရှိမှုများ မဟုတ်ကြပေ။

လုလင်ကျွမ်းရော စိတ်ဝိညာဉ်ဖြူမိစ္ဆာဧကရီကရော မဟာယနအဆင့်ကိုပင် မရောက်သေးသူများဖြစ်ကြသောကြောင့် လမ်းတစ်လျှောက်လုံးရှိ လူများနှင့်ရင်ဆိုင်ရရာတွင် အလိုလို ကြောက်လန့်မှုနှင့် မသက်မသာဖြစ်မှုကို ခံစားနေခဲ့ကြရသည်။

သို့သော် သူတို့သည် တက်လှမ်းသူများဖြစ်ကြပြီး သရဲဘောကြောင်သူများ မဟုတ်တာတော့ လုံး၀သေချာ၏။

သူတို့စိတ်ထဲတွင် တစ်နေ့တွင် ယခုလိုနေရာသို့ အခြားသူအပေါ်မှီခိုပြီးလိုက်လာခြင်းမဟုတ်ဘဲ သူတို့ကိုယ်ပိုင်အစွမ်းအစဖြင့် လာနိုင်ရမည်ဟူသော ရည်မှန်းချက်က ပိုကြီးမားလာခဲ့လေသည်။

လုလင်ကျွမ်း မနေနိုင်မထိုင်နုိင် ကုအန်အကြောင်း တွေးလိုက်မိ၏။ထိုကောင်လေးသည် အမတနတ်ဘုရားစာအုပ်များကို ရေးသောကြောင့် သူသာဒီလိုမြင်ကွင်းမျိုးကိုမြင်လျှင် သူ့စာအုပ်များအတွက် ပို၍ကိုးကားနိုင်လောက်သည်။

ဆိုးလွန်းသည်မှာ ကုအန်ပါရမီနှင့်ဆိုပါက ယခုလိုနေရာမျိုးကို သူ့တစ်သက်‌ေတာ့ရောက်နိုင်မည်မဟုတ်ပေ။

All Chapters