အခန်း (၃၂၁-၃၂၂)
Vol. 25 Ch. 321-322
အပိုင်း(၃၂၁)
ကောင်းကင်ကိုဆန့်ကျင်၍ တိုက်ခိုက်ခြင်း
ကြမ်းတမ်းလှသော တိုက်ပွဲကြီးပြီးဆုံးသွားသည့်နောက် လက်ကိုးချောင်းနတ်အရှင်၏မျက်နှာ အတော်လေးမကျေမနပ်ဖြစ်နေခဲ့သည်။
သူကုအန်ကို မျက်လုံးလှန်ကြည့်လိုက်ကာ အံကြိတ်၍ ပြောလိုက်၏။
“တကယ်ပဲ ပြဿနာကဘာများလဲ”
ကုအန် အကူအညီမဲ့ဟန်ဖြင့်ဖြေလိုက်သည်။
“ကျွန်တော်မသိဘူး”
“ဘာလို့မင်းက ငါနောက်ရွှေ့မယ့်အကွက်တွေကို အမြဲခန့်မှန်းနိုင်နေတာလဲ”
“အသိစိတ်က ကျွန်တော့်ကို အကြီးအကဲနောက်ဘာအကွက်ကိုရွှေ့မယ်ဆိုတာ ပြောနေတာ နောက်ပြီး ကျွန်တော်ကမှန်အောင်ခန့်မှန်းနိုင်လိုက်တာနဲ့ အကြီးအကဲကထိတ်လန့်ကုန်ပြီး နည်းစနစ်တွေအမျိုးမျိုးပြောင်း ကစားတော့တာပဲ အဲ့လိုနဲ့ တဖြည်းဖြည်းအကြီးအကဲအားနည်းချက်က ပေါ်လာတာ”
ကုအန်တုန့်ပြန်ချက်က လက်ကိုးချောင်းနတ်အရှင်ကို စိတ်တိုသွားစေခဲ့ပြီး သွေးပင်အန်မလိုလိုဖြစ်သွားစေခဲ့သည်။
ထိုစဉ်ဘကုအန်အပြုံးပျောက်ကွယ်သွားကာ ပြောလိုက်၏။
“ဒါပေမယ့် ဒီကစားပွဲကနေတစ်ဆင့် ပြောင်းလဲမှုတွေက ကပ်ဘေးတွေကိုယူဆောင်လာစေတယ်ဆိုတာ ကျွန်တော်နားလည်သွားတယ် သင်ကြားပေးမှုအတွက်ကျေးဇူးတင်ပါတယ် စီနီယာ”
ပြောပြီးသည်နှင့် သူထရပ်၍ ပုံမှန်အတိုင်းအရိုအသေပေးကာ ထွက်ခွာသွားခဲ့လေသည်။
လက်ကိုးချောင်းနတ်အရှင် ထွက်ခွာသွားသောကုအန်ပုံရိပ်ကိုတခဏကြည့်လိုက်သော်လည်း နောက်ဆုံးတွင်တော့ ကျားခုံပေါ်ကိုသာ အကြည့်ပြန်ရောက်သွားခဲ့၏။
ကုအန် သူ့အိမ်ဆီလျှောက်သွားနေရင်း သူ့မျက်နှာပေါ်အပြုံးတစ်ပွင့်ပေါ်လာခဲ့လေသည်။ တကယ်တော့ သူလက်ကိုးချောင်းနတ်အရှင်ကို မပြောခဲ့တာ တစ်ခုရှိခဲ့သည်။
ပြောင်းလဲမှုများသည် ကပ်ဘေးတွေကိုသယ်ဆောင်လာနိုင်ပါသော်လည်း ထိုအရာက ပိုကောင်းဖို့အတွက်လား ပိုဆိုးဖို့အတွက်လားဆိုတာကတော့ ကစားသမားပေါ်တွင်သာ မူတည်ပေသည်။
ဘ၀သည် တရုတ်ကျားကစားပွဲလိုသာဖြစ်ပြီး ကုအန်ကတော့ အမြဲနိုင်သည့်ကစားသမားသာ ဖြစ်လို၏။
အကယ်၍ သူ့ပြိုင်ဘက်က ကံကြမ္မာ ဟုခေါ်သောအရာ ဖြစ်လျှင်တောင် ဖြစ်သည်။
ထိုသို့နားလည်ခဲ့ပြီးသည့်နောက်တွင် ကုအန် ၀န်ထုပ်၀န်ပိုးဖြစ်နေသလို မခံစားရတော့ပေ။ သူအခြားသူများ၏ဘ၀များကို ပုံမှန်ဆိုလျှင် ၀င်ပါတာမျိုးလုပ်မှာမဟုတ်သော်လည်း သူဂရုစိုက်သောလူများ၏ ဘ၀ကိုတော့ ပိုကောင်းလာစေရန် သူ၀င်ပါရမည်သာ။
သူသာပိုသန်မာလာနေသရွေ့ တစ်ချိန်ချိန်တွင် သူ့ဘေးကလူများ၏ အကန့်အသတ်ကိုလည်း သူတွန်းပို့နိုင်မည်ဟု ကုအန် ယုံကြည်ပေသည်။
သူယခုမအောင်မြင်နိုင်သောအရာက အနာဂတ်တွင်လည်း မအောင်မြင်နိုင်ပါဘူးဟု ဆိုလိုမနေပေ။
ပြန်လည်မွေးဖွားခြင်းဆိုတာ တည်ရှိပါသော်လည်း ကုအန်ကတော့ လက်ရှိပစ္စုပ်ပန်ကိုသာ ကြိုးစားကြည့်ချင်ခဲ့သည်။
ကျိရှောင်ယုပင် ယခင်ဘ၀နှင့် အခုဘ၀ခံစားချက်များက တူညီတော့သည် မဟုတ်ပေ။
…..
ကမ္ဘာခြားနတ်နယ်မြေတွင် သွေးနီရောင်ကောင်းကင်အောက်ရှိ တိမ်ပင်လယ်အထက်တွင် ကျန်းပုကူ ကမ္ဘာခြားနတ်နယ်မြေသခင်နှင့်ပုခုံးချင်းယှဉ်ရပ်ကာ အောက်ဘက်ရှိ တိုက်ပွဲကို ကြည့်ရှုနေခဲ့၏။
အဆုံးမဲ့သော ကမ္ဘာခြားနတ်အာဃာတတစ္ဆေများက လီယဆီသို့ အဆုံးမဲ့သောရေလှိုင်းများလို ၀င်ရောက်လာနေခဲ့ကြသည်။
ကမ္ဘာခြားနတ်နယ်မြေ၏အကူမညီမပါသောကြောင့် လီယတစ်ယောက်တည်း စွမ်းအားဖြင့်သာ ထိုတစ္ဆေများကို ခက်ခက်ခဲခဲတိုက်ခိုက်နေခဲ့ရသည်။
“ကမ္ဘာခြားနတ်အာဃာတတစ္ဆေတွေက မသေနိုင်ကြဘူး သူ့စွမ်းရည်နဲ့ဆို သူနောက်ထပ် ၁နာရီလောက်ပဲ တောင့်ခံနိုင်တော့မယ်” ကမ္ဘာခြားနတ်နယ်မြေသခင် အမူအရာမဲ့စွာ ပြောလိုက်၏။
ကျန်းပုကူ သူ့ဘက်လှည့်ကာ မေးလိုက်သည်။
“ဘာလို့ ကျွန်တော့်ကိုတွေ့ခွင့်မပေးတာလဲ ကျွန်တော်ကိစ္စတွေကို ရှင်းလင်းသွားအောင်လုပ်ပေးလို့ရတယ်လေ”
“ဘာကိုရှင်းလင်းအောင်လုပ်မှာလဲ တစ်ယောက်ယောက်က မင်းနောက်ကွယ်မှာရှိနေပြီး ငါမင်းကို ချုပ်နှောင်မထားအောင်တွန်းအားပေးခဲ့တယ်လို့ပြောမှာလား နောက်ပြီး ငါကမင်းကိုတပည့်အဖြစ်တောင်လက်ခံခဲ့တယ်လို့လား” ကမ္ဘာခြားနတ်နယ်မြေသခင် သူ့ကိုအေးစက်စက်ကြည့်ကာ မေးလိုက်သည်။
ကျန်းပုကူ မျက်မှောင်ကြုံ့သွားပြီး သူဆိုလိုသည်ကို နားမလည်ခဲ့ပေ။
ကမ္ဘာခြားနတ်နယ်မြေသခင် ရှင်းပြလိုက်၏။
“ငါတို့အပေါ်က မြို့ကြီးက ငါတို့ကိုဖိနှိပ်ဖို့တည်ဆောက်ထားတယ်လို့ မင်းထင်လား တကယ်လို့အဲ့လိုသာဆို သူတို့ကဘာလို့ ငါတို့ဆီကျူးကျော်မလာသေးတာလဲ”
“ဆရာ့အတွက်မဟုတ်ဘူးဆို ဘယ်သူ့အတွက်တည်ဆောက်ထားတာလဲ” ကျန်းပုကူ ရှုပ်ထွေးနေဟန်ဖြင့် မေးလိုက်လေသည်။
“အဲ့တာက ဆရာသခင်ဓားအရှင်အတွက် ဖြစ်နိုင်လောက်လား နေပါဦး ကျွန်တော့်ကိုကယ်ခဲ့တဲ့လူက ဆရာသခင်ဓားအရှင်လား” ကျန်းပုကူ လုံး၀အံ့ဩတုန်လှုပ်သွားခဲ့၏။
ဆိုတော့ စာကလေးရဲ့နောက်ကွယ်မှာ ဆရာသခင်ဓားအရှင်ရှိနေတာလား….
ကမ္ဘာခြားနတ်နယ်မြေသခင် လီယကိုငုံ့ကြည့်နေရင်း ပြောလိုက်သည်။
“နောက်ဆုံးတော့ ဒီနှစ်တွေအားလုံးမှာ သူကချိုးဖောက်၀င်ရောက်လာတဲ့ တစ်ဦးတည်းသောသူပဲ သူ့မှာရော ဆရာသခင်ဓားအရှင်နဲ့ ကမ္မနှောင်ကြိုးရှိနေလောက်လား”
ကျန်းပုကူ တခဏတွန့်ဆုတ်နေပြီးနောက် ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
“သူကဆရာသခင်ဓားအရှင်ရဲ့ အမွှေအနှစ်ကို လက်ခံရရှိခဲ့ပြီးတော့ ဓားပညာကိုလေ့ကျင့်ခဲ့တာ”
လီယက ဆရာသခင်ဓားအရှင်ကို သူ့မူလဘိုးဘေးအဖြစ် မှတ်ယူထားတာကိုတော့ ကျန်းပုကူ ထုတ်မပြောခဲ့ပေ။
သူတို့တွေ့ဆုံခြင်းမှာလည်း ဆရာသခင်ဓားအရှင်စီစဉ်ပေးခဲ့ခြင်းဖြစ်မှန်း သူနားလည်သွားခဲ့၏။
သို့သော် ဆရာသခင်ဓားအရှင်က သူ့ကိုဘာကြောင့်စိတ်၀င်စားခဲ့လဲဆိုတာကိုတော့ သူအခုထိ အဖြေမရှာနိုင်သေးပေ။
“ဆိုတော့ အဲ့ဒီလိုကိုး ကြည့်ရတာ သူတို့ကမ္မနှောင်ကြိုးက ရှည်လျားပြီးကျယ်ပြန့်တဲ့ပုံပဲ” နယ်မြေသခင် လေးလေးနက်နက်ပြောလိုက်လေသည်။
ကျန်းပုကူ မမေးဘဲမနေနိုင်တော့ပေ။
“ဆရာ မြင့်မြတ်ခုံရုံးက ကောင်းတယ်မဟုတ်ဘူးလား ဆရာအရင်ကပြောတော့ မြင့်မြတ်ဘုရင်တစ်ပါးက မြင့်မြတ်ခုံရုံးကို ကိုယ်စားမပြုဘူးဆို”
နယ်မြေသခင် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ပြောလိုက်၏။
“သူက အရင်ကတော့ မြင့်မြတ်ခုံရုံးကို ကိုယ်စားမပြုပါဘူး အခုတော့ မသေချာတော့ဘူး မြင့်မြတ်ခုံရုံးက ဆရာသခင်ဓားအရှင်ကို ချီကံကြမ္မာရာထူး ခန့်အပ်ဖို့ ကြိုးစားခဲ့ပေမယ့် သူကလက်မခံခဲ့ဘူး အဲ့ဒီအဖြစ်အပျက်က သူတို့ဆရာသခင်ဓားအရှင်ကို သတိထားသွားစေဖို့ လုံလောက်တယ်”
“တကယ်တော့ ဒီကမ္ဘာပေါ်မှာ မြင့်မြတ်ခုံရုံးကြောက်ရတဲ့ အင်အားတစ်ခုရှိတယ် ငါတို့က အဲ့ဒီအင်အားစုရဲ့ ဆင့်ကဲဖြစ်စဉ်တွေပဲ အဲ့တာကြောင့်လည်း မြင့်မြတ်ဘုရင်က အဲ့ဒီအင်အားစုကို သက်သေပြဖို့ ငါ့ကိုဆက်ထားနေတာ ဖြစ်နိုင်တယ်”
ကျန်းပုကူ အမြန်ထိုအင်အားစုက ဘာလဲဆိုတာ မေးလိုက်လေသည်။
ကမ္ဘာခြားနတ်နယ်မြေသခင် နှစ်လုံးတည်းသာ ပြောခဲ့၏။
“ကောင်းကင်မိစ္ဆာ!”
ကျန်းပုကူ မျက်မှောင်ကြုံ့သွားခဲ့ပြီး ဤသည်က ကောင်းကင်မိစ္ဆာ ဟူသောစကားလုံးကို သူပထမဆုံးကြားဖူးခြင်း ဖြစ်ပေသည်။
“ဆရာသူ့ကို အသက်ချမ်းသာပေးနိုင်လား” ကျန်းပုကူ အံကြိတ်ကာ မေးလိုက်၏။
ကောင်းကင်မိစ္ဆာက ဘာလဲဆိုတာ သူနားမလည်ပေ။ သူလိုချင်သည်က သူ့ညီကိုအသက်ရှင်ဖို့သာ ဖြစ်သည်။
နယ်မြေသခင် လေးလေးနက်နက်ပြောလိုက်၏။
“ငါအချိန်ဆွဲထားပေးပြီးပြီ ဒါပေမယ့် ဆရာသခင်ဓားအရှင်ပေါ်မလာခဲ့ဘဲ ငါသူ့ကိုသွားခွင့်ပေးလိုက်ရင် သေရမယ့်လူက မင်းနဲ့ငါဖြစ်သွားလိမ့်မယ်”
ထိုစကားကိုကြားသောအခါ ကျန်းပုကူ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်မိသည်။
သူတို့ကို အရိပ်ထဲမှစောင့်ကြည့်နေသည့် မျက်လုံးများ ရှိသည်ဟူသောခံစားချက်က ပိုတိုးလာခဲ့လေသည်။
ကမ္ဘာခြားနတ်နယ်မြေသခင်၏ ခါးပေါ်မှလက်မှ မှော်သိုင်းတစ်ခုသုံးနေသည်ကိုလည်း သူသတိထားမိခဲ့၏။
သူအောက်သို့ငုံ့ကြည့်ပြီးသည့်နောက် သူ့အကြည့်များခက်ထန်လာခဲ့ပြီး ပြေးဆင်းကာ ကူညီဖို့ ပြင်လိုက်လေသည်။ သို့သော် သူရှေ့သို့ တိုးလိုက်သည်နှင့် လက်တစ်ဖက်က သူ့ပုခုံးကို ဖိနှိပ်ထားခဲ့၏။
ကမ္ဘာခြားနတ်နယ်မြေသခင်၏ အမူအရာက လျစ်လျူရှုထားသော ပုံစံဖြစ်နေပြီး ထိုအခိုက်တွင် သူ့အကြည့်က ကျန်းပုကူကို အေးစက်ကာ သူစိမ်းဆန်နေသည်ဟု ခံစားသွားရေစခဲ့သည်။
လီယ သေသွားနိုင်သည်ဟူသော အတွေးကိုလည်း ကျန်းပုကူလုံး၀လက်မခံနိုင်ခဲ့ပေ။
သူစကားပြောချင်သော်လည်း သူ့ပါးစပ်က စကားတစ်ခွန်းမှ ထွက်မလာနိုင်ခဲ့ပေ။
တစ္ဆေပင်လယ်ကြီးထဲတွင် လီယ ဓားကြီးကိုဆွဲကာ တိုကိခိုက်နေသော်လည်း သူဘယ်လောက်သတ်သတ် တစ္ဆေများက ဆက်ပေါ်လာနေဆဲသာဖြစ်ပြီး အရာမရောက်ခဲ့ပေ။
“သေစမ်းကွာ မင်းငါ့ကိုမင်းသခင်လို့ရော သတ်မှတ်သေးရဲ့လား ဘာလို့ငါပြောတာကို နားမထောင်တာလဲ”
လီယစိတ်ထဲတွင် ကြိတ်၍ ကျိန်ဆဲနေခဲ့မိသည်။ ကမ္ဘာခြားနတ်မြို့ေတာ်က သူ့စကားကိုနားမထောင်ဘဲ သူထိုစွမ်းအားကိုထုတ်သုံးလို့မရခြင်းက သူ့ကိုဒေါသထွက်သွားစေခဲ့၏။
“မဖြစ်ဘူး အဲ့တာကင့ါကိုဝါးမြိုသွားလိမ့်မယ်!”
ကြောက်ရွံ့မှုဖြင့်ပြည့်နေသော ကမ္ဘာခြားနတ်မြို့တော်အမတစိတ်ဝိညာဉ်၏ အသံ ထွက်ပေါ်လာခဲ့လေသည်။
ထိုအရာက လီယကိုစိတ်တိုသွားစေခဲ့သည်။ အဘယ်ကြောင့် ဤကောင်သည် ထိုမျှသတ္တိနည်းနေရပါသနည်း။
သေစမ်းကွာ!
ငါကျန်းပုကူကို မမြင်ရသေးဘဲ သေရတော့မှာလား!
တကယ်လို့ဂျူနီယာညီလေးကုသာ ငါသေသွားတာကိုသိရင် သူရန်ငြှိုးတွေထားနေမှာလား!
မဟုတ်ဘူး မဖြစ်နိုင်ဘူး!
သူသည် ကမ္ဘာတစ်ဖက်စွန်းတွင်ရောက်နေသလိုဖြစ်နေလေရာ သူသေသွားသောသတင်းက အဘယ်သို့ကုအန်ဆီရောက်နိုင်မည်နည်း။ ကုအန်ကတော့ သူ့သက်တမ်းကုန်သွားချိန်အထိ လီယ ကမ္ဘာတစ်ဝှမ်းလျှောက်သွားနေသည်ဟုသာ ထင်ကောင်းထင်နေခဲ့နိုင်ပေသည်။
ဒါကတော့ အကောင်းဆုံး ဖြစ်ကောင်းဖြစ်နိုင်မှာပါ….
လီယ ဓားခုတ်ချက်များက နှေးကွေးလာပြီး ငယ်ဘ၀ကဖြစ်ရပ်များက သူ့မျက်လုံးထဲ ပြန်ပေါ်လာခဲ့ကြသည်။
သူနှင့် မုန့်လန် ကုအန်တို့က ဆေးတောင်ကြားကိုအတူတူ၀င်လာခဲ့ကြသူများ ဖြစ်ကြပြီး မုန့်လန်က အစောကြီးပျောက်ဆုံးသွားခဲ့ကာ သူကလည်း အခုသေရပေတော့မည်။ ပါရမီအနည်းဆုံး ကုအန်ကသာနောက်ဆုံးကျန်ရစ်မည့်သူ ဖြစ်လိမ့်မည်ဟု ဘယ်သူက တွေးထားခဲ့မိပါမည်နည်း။
ကံကြမ္မာရဲ့ လှည့်စားချက်!
ထိုစဉ် ကမ္ဘာခြားနတ်အာဃာတတစ္ဆေတစ်ကောင် သူ့ဆီပြေး၀င်လာခဲ့ပြီး သူ့ဓားအလင်းကလည်း ကြေမွသွားကာ သူ့သူငယ်အိမ်ထဲ ထိုတစ္ဆေ၏ပုံရိပ်ကိုသာ မြင်ရပေတော့သည်။
ငါသေရတော့မှာလား!
လီယသူငယ်အိမ်များ မှေးကျဉ်းသွားခဲ့လေသည်။
ထို့နောက်တွင်တော့ သူ့ကိုယ်မှရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာပြီး ပတ်ပတ်လည်ရှိ ကမ္ဘာခြားနတ်အာဃာတတစ္ဆေများကို သုတ်သင်ပစ်လိုက်၏။
လီယ ကြောင်အနေစဉ်တွင် သူ့ကိုယ်ထဲကထွက်လာသော အလင်းတန်းများက တဖြည်းဖြည်းကြီးမားလာပြီး သူ့ကိုယ်ကိုဖုံးကွယ်သွားကာ သူ့ရှေ့တွင် ရွှေရောင်မြို့တော်ကြီးတစ်ခု ပေါ်လာခဲ့လေသည်။
ကမ္ဘာခြားနတ်မြို့တော်!
လီယ အပျော်လွန်သွားပြီး ရုတ်တရက် အဘယ်ကြောင့်ကမ္ဘာခြားနတ်မြို့တော်အမတစိတ်ဝိညာဉ်စိတ်ပြောင်းသွားသလဲလို့ မေးရန်ပြင်လိုက်စဉ်တွင် ကြောက်စရာကောင်းကာ ပြိုင်ဘက်ကင်းသော အရှိန်အဝါကြီးတစ်ခုဆင်းသက်လာကာ သူ့အရှိန်အဝါက ကမ္ဘာကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။
“နောက်ဆုံးတော့ မင်းထွက်လာဖို့ဆုံးဖြတ်လိုက်ပြီပေါ့ ဆရာသခင်ဓားအရှင် ဒီလို အထွတ်အထိပ်အမတရတနာမျိုးကို သေမျိုးကလေးတစ်ယောက်ဆီယုံယုံကြည်ကြည်ပေးထားဖို့ဆိုတာ ဘယ်လို ရယ်စရာကောင်းတဲ့အပြုအမူမျိုးလဲ!”
ရှေးကျကာထည်ဝါသော အသံကြီးတစ်သံထွက်ပေါ်လာမှုက လီယ ကိုကြက်သေသေသွားစေခဲ့သည်။
မူလဘိုးဘေးကြီးလား!
ကမ္ဘာခြားနတ်မြို့တော်က မူလဘိုးဘေးကြီး ပိုင်တာလား!
အပိုင်း(၃၂၂)
မဟာမြေအောက်သူတော်စင်ဘုရင်
ကမ္ဘာခြားနတ်မြို့တော်ပေါ်ပေါက်လာချိန်တွင် နယ်မြေကြီးတစ်ခုလုံးက ရွှေရောင်များလင်းလက်သွားပြီး ထိုအလင်းရောင်များ၏အလယ်တွင် လီယကကြက်သေသေကာ ရပ်နေခဲ့၏။
ဤကမ္ဘာခြားနတ်မြို့တော်၏ စွမ်းအားသည် သူအသုံးပြုစဉ်ကထက် ပိုစွမ်းအားကြီးနေပြီး စွမ်းအားက နှိုင်းယှဉ်၍ပင် မရဘူးဟု သူခံစားလိုက်ရသည်။
ဤအရာမှာ ခုနကပြောလိုက်သောအသံကြီးက အမှန်တရားကို ပြောလိုက်ခြင်းဟု ဆိုလိုနေခဲ့၏။
ထိုအကြောင်းတွေးလိုက်မှ ကမ္ဘာခြားနတ်မြို့တော်၏စွမ်းအားကို သူတစ်ခါမှမပိုင်ဆိုင်ခဲ့ဘူးပဲ အမတစိတ်ဝိညာဉ်ကသာ ထိုမြို့တော်ကိုအမိန့်ပေးနေမှန်း သူသတိထားမိသွားခဲ့သည်။
တိမ်များထက်တွင် ကမ္ဘာခြားနတ်နယ်မြေသခင် ကျယ်ပြန့်လာသော ကမ္ဘာခြားနတ်မြို့တော်ကြီးကိုကြည့်ကာ သူ့မျက်လုံးများ အရောင်လက်လာပြီး မရေရာနိုင်သောအတွေးများဖြင့် ပြည့်နှက်လာခဲ့၏။
ကျန်းပုကူကတော့ ဆရာသခင်ဓားအရှင်ပေါ်လာမှ စိတ်သက်သာရာရသွားခဲ့ပြီး ဤအရာက လီယကယ်တင်ခံလိုက်ရပြီဟု ဆိုလိုနေခြင်း ဖြစ်သည်။
သူ့နှလုံးသားထဲတွင် ဆရာသခင်ဓားအရှင်သည် ပြိုင်ဘက်ကင်းသောတည်ရှိမှုတစ်ခုဖြစ်ပြီး ထိုအရာက ထိုက်ကန်မင်းဆက်ကလူတိုင်းယုံကြည်သော အရာသာ ဖြစ်၏။
ထိုစဉ် ပုံရိပ်တစ်ခု လီယရှေ့တွင်ဖွဲ့တည်လာခဲ့ပြီး သူ့အကြည့်က အပေါ်သို့တစ်ချက်မော့ကြည့်လိုက်ကာ သူငယ်အိမ်များ မှေးကျဉ်းသွားခဲ့လေသည်။
ထိုပုံရိပ်မှာ လီယရင်းနှီးနေသော မိစ္ဆာချီများဖြင့်၀န်းရံထားသည့် ပုံရိပ်သာ ဖြစ်၏။
ကုအန် ခေါင်းလှည့်ကာ လီယဘက်လှည့်ကြည့်လိုက်သည်။
လီယလည်း အမြန်လက်သီးဆုပ်အရိုအသေပေးလိုက်ပြီး ပြောလိုက်၏။
“မူလဘိုးဘေးကြီး…”
စကားလုံးများက သူ့လည်ချောင်းထဲတွင် တစ်နေပြီး ထွက်မလာခဲ့ပေ။
ဝုန်းးး
မိုးကြိုးတိမ်တိုက်များ သွေးနီရောင်ကောင်းကင်တွင် ထိုးတက်လာပြီး ကောင်းကင်တွင် မိုးကြိုးများက နဂါးများသဖွယ်ကခုန်နေကာ ကမ္ဘာကြီးတစ်ခုလုံးကို ဖိအားပေးနေခဲ့သည်။
ထို့နောက် တိမ်ပင်လယ်ကြီးက ဧရာမမျက်နှာကြီးတစ်ခုအဖြစ်ဖွဲ့တည်လာပြီး ထိုမျက်နှာကြီးကအတော်ကြီး ကြီးမားလှကာ မျက်နှာကြီးအောက်တွင် ကမ္ဘာတစ်ခွင်လုံးက သေးနုတ်သွားသလို ဖြစ်နေခဲ့သည်။
ကမ္ဘာခြားနတ်နယ်မြေသခင်ပင် အလေးအနက်ဖြစ်လာခဲ့၏။
သူ့သည် အပူအပင်မဲ့ကမ္ဘာကြီးအမတတစ်ပါး၏ စွမ်းအားမျိုး ပိုင်ဆိုင်သော်လည်း ထိုစွမ်းအားနှင့်ပင် ယခုအခြေအနေ၌ သက်တောင့်သက်သာဖြစ်မှုကို ခံစားမနေခဲ့ရပေ။
ဤဧရာမမျက်နှာကြီးမှာ အမှန်တကယ်ပင် အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတကြီးဖြစ်နေခဲ့ခြင်း ဖြစ်သည်။
အပူအပင်မဲ့ကမ္ဘာဦးအမတကိုကျော်လွန်နေတဲ့ တည်ရှိမှု!
နယ်မြေသခင် ကမ္ဘာခြားနတ်မြို့တော်ထဲရှိ ကုအန်ဆီအကြည့်ရောက်သွားပြီး တွေးလိုက်မိ၏။
“ဆရာသခင်ဓားအရှင် ခင်ဗျားဒါကိုဘယ်လိုရင်ဆိုင်မှာလဲ!”
ဤကုန်းမြေတိုက်ကြီးကို အရင်က သိမ်းပိုက်ခဲ့သော မဟာအေးစက်မိစ္ဆာဂိုဏ်းတွင်ပင် ဤကဲ့သို့သောတည်ရှိမှုမျိုး ရှိမနေခဲ့ပေ။
“ဆရာသခင်ဓားအရှင် မင်းဘာလို့ မြင့်မြတ်ခုံရုံးရဲ့ ဆုလာဘ်ကို လက်မခံတာလဲ” အိုမင်းနေသောအသံကြီးက တင်းမာနေသောလေသံဖြင့် ပြောလိုက်သည်။
ကုအန်ခေါင်းအနည်းငယ်မော့လိုက်ကာ ပြောလိုက်ပြီး သူ့အသံက ကောင်းကင်မြေပြင်တစ်ခွင်ကိုပင် တုန်ခါသွားစေခဲ့၏။
“ဘာလို့ငါကလက်ခံရမှာလဲ မြင့်မြတ်ခုံရုံးကိုမ၀င်ရင် ငါ့ကိုမိစ္ဆာတစ်ကောင်လို့ သတ်မှတ်မှာလား”
အကယ်၍ မြင့်မြတ်ခုံရုံးကသာ ဤကဲ့သို့တွေးလျှင်တော့ ကုအန် သူတို့ပေးသော ချီကံကြမ္မာရာထူးဟူသော အရာကို ပို၍ပင် သတိထားသွားရပေလိမ့်မည်။
ချီကံကြမ္မာဆိုသည်မှာ နှောင်ကြိုးပုံစံတစ်မျိုး မဟုတ်ပါလော။
“အဲ့ဒီလိုတော့ မဟုတ်ပါဘူး ဒါပေမယ့် မြင့်မြတ်ခုံရုံးကိုမ၀င်ဖို့ ငြင်းဆန်တယ်ဆိုတာ မသင်္ကာစရာအကြောင်းပြချက်မျိုး ရှိနေလို့ဆိုတာ သေချာတယ် ဆရာသခင်ဓားအရှင် ဘာလို့မင်းကိုယ်မင်း ထုတ်မပြတာလဲ မင်းရည်ရွယ်ချက်က တကယ်ပဲဘာလဲ” မိုးခြိမ်းသံလို အိုမင်းနေသောအသံကြီးက မရပ်မနား ဆက်လက်ထွက်ပေါ်လာခဲ့ပြန်သည်။
ထိုအသံကိုကြားသောအခါ ကုအန် စကားဆက်ပြောချင်စိတ် ပျောက်ဆုံးသွားခဲ့၏။
“အသက်သုံးရှိုက် အသက်သုံးရှုိက်စာအတွင်း မင်းထွက်မသွားရင် ငါ့ကိုမြင့်မြတ်ခုံရုံးကို လေးစားမှုမထားပေးတဲ့အတွက် အပြစ်မတင်ပါနဲ့” ကုအန်အသံက အေးစက်နေပြီး ကောင်းကင်မြေပြင်တစ်ခွင် သတ်ဖြတ်ခြင်းဆန္ဒများဖြင့် ပြည့်နှက်သွားခဲ့၏။
ကောင်းကင်ပေါ်က ဧရာမမျက်နှာကြီး ပြောင်းလဲသွားတာသိသာသော်လည်း သူဘာမှတော့ မတုန့်ပြန်ခဲ့ပေ။
ထိုအခိုက်တွင် အသက်သုံးရှိုက်စာအချိန်က ထာ၀ရလိုပင် ရှည်ကြာလွန်းနေခဲ့သည်။
ကျန်းပုကူနှင့်လီယတို့ အသက်ပင်မရှူဝံ့ဘဲ ကမ္ဘာခြားနတ်နယ်မြေသခင်ကလည်း ထိုတည်ရှိမှုကြီး၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေခဲ့၏။
ဤကဲ့သို့သော ကြောက်စရာတည်ရှိမှုမျိုးကိုပင် ဆရာသခင်ဓားအရှင်က သိပ်ဂရုမစိုက်လေရာ ကမ္ဘာခြားနတ်နယ်မြေသခင်စိတ်ထဲတွင် သူ့ရွေးချယ်မှုက မှန်ကန်သွားပြီဟု ခံစားလိုက်ရသည်။
သူလီယကိုအလွယ်တကူသတ်ဖြတ်နိုင်ပါသော်လည်း မသတ်ဖြတ်ခဲ့ရသည့် အကြောင်းအရင်းမှ ဆရာသခင်ဓားအရှင်အပေါ် လေးစားမှုထားနေခဲ့ခြင်းကြောင့်သာ ဖြစ်သည်။
အသက်သုံးရှိုက်စာ ကြာပြီးနောက်
ကုအန်ညာလက်ကို မြှောက်လိုက်ကာ သူ့လက်ဖဝါးကို ဧရာမမျက်နှာကြီးဆီ ဦးတည်လိုက်လေသည်။
“ဆရာသခင်….”
သူစကားစပြောဖို့ပြင်လိုက်စဉ်တွင် ဧရာမမျက်နှာကြီးကောင်းကင်တွင် ပျောက်ကွယ်သွားခဲ့ရပြီး ကုအန်လည်းလက်ကိုပြန်ရုတ်လိုက်၏။
ကမ္ဘာကြီးက ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။
လီယမျက်လုံးများ ပြူးကျယ်နေပြီး ကောင်းကင်ပေါ်ရှိ မိုးကြိုးတိမ်တိုက်များပြိုကွဲသွားကာ ယခင်က ဧရာမမျက်နှာကြီးရှိနေသောနေရာတွင် ဧရာမအပေါက်က်ကြီးတစ်ခုဖြစ်သွားသည်ကို ငေးကြောင်ကာ ကြည့်ရှုနေခဲ့မိ၏။
သူအလိုလို ကုအန်ကိုကြည့်လိုက်မိလေရာ ကုအန်၏ လက်ဖဝါးပေါ်တွင် ရောက်နေသော အဖိုးကြီးတစ်ယောက်ကိုတွေ့လိုက်ရပြီး လုံး၀ရုန်းမထွက်နိုင်သောကြောင့် ထိုအဖိုးကြီးမျက်နှာပေါ်တွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
အဖိုးကြီးစကားပြောနေသော်လည်း လီယကတော့ သူ့အသံကို မကြားနိုင်ခဲ့ပေ။
ထို့နောက် ကုအန်ထိုနေရာမှ ချက်ချင်းပျောက်ကွယ်သွားခဲ့လေသည်။
ကမ္ဘာခြားနတ်မြို့တော်အမတစိတ်ဝိညာဉ်လည်း လီယပုခုံးပေါ်တွင် ပြန်ပေါ်လာပြီး စိတ်အေးသွားဟန်ဖြင့် သူ့လက်သေးသေးလေးများနှင့် ရင်ဘတ်ကိုပုတ်နေခဲ့၏။
ကျန်းပုကူနှင့် ကမ္ဘာခြားနတ်နယ်မြေသခင်လည်း ကြက်သေသေနေခဲ့ကြသည်။ သူတို့ထင်ထားသည်မှာ ကမ္ဘာတုန်လောက်သော တိုက်ပွဲကြီးပေါ်လာမည်ဟု ထင်ထားခြင်းဖြစ်ပြီး နယ်မြေသခင်ဆိုလျှင် သူ့ကမ္ဘာကြီး ပြိုကွဲသွားမည့်အရေးကိုပင် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။ သို့သော် မြင့်မြတ်ခုံရုံးက စွမ်းအားကြီးတည်ရှိမှုတစ်ခုက အခုလို အလွယ်လေးဖမ်းခံလိုက်ရမည်ဟု မည်သူက ထင်ထားပါမည်နည်း။
ဆရာသခင်ဓားအရှင်ရဲ့ ကျင့်ကြံခြင်းက ဘယ်လောက်တောင်မြင့်နေတာလဲ!
ကမ္ဘာခြားနတ်နယ်မြေသခင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားပြီး သူ့စိတ်ထဲ ကြောက်စရာအတွေးတစ်ခုပင် ပေါ်ပေါက်လာခဲ့သည်။
ဆရာသခင်ဓားအရှင်သည် ကောင်းကင်မိစ္ဆာတစ်ကောင်ဖြစ်နိုင်ပြီး အစကတည်းက သူက မြင့်မြတ်ခုံရုံးနှင့် ဆန့်ကျင်ဘက်တွင် ရပ်နေမိခဲ့ခြင်းပေလော။
……..
ပင်လယ်လှိုင်းများက ကမ်းခြေကို ရိုက်ခတ်နေခဲ့၏။ ထိုစဉ် ကုအန်ကမ်းခြေတွင်ပေါ်လာပြီး ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်လိုက်ပြီးနောက် သက်တမ်းအလွှာကိုဖွင့်ကာ သူ့လက်ဖဝါးကိုဖြန့်လိုက်သောအခါတွင် လက်ဖဝါးထက်တွင်ထိုင်နေသော အဖိုးကြီးတစ်ယောက် ပေါ်ပေါက်လာခဲ့သည်။ ထိုလူသည် ပင်လယ်ချိုးဖျက်နယ်မြေတွင် နေထိုင်သော အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတတစ်ပါးသာ ဖြစ်၏။
ကုအန် မဟာအကျဉ်းထောင်ဝိညာဉ်အမတသိုင်းကိုသုံးကာ ထိုလူ၏ မှတ်ညဏ်များကို ရှာဖွေလိုက်လေသည်။
ဤပုဂ္ဂိုလ်၏အမည်သည် လျူရှုကျိဖြစ်ကာ ပြန်လည်မွေးဖွားလာသော ကောင်းကင်မိစ္ဆာတစ်ကောင်ဖြစ်ပြီး မဟာမြေအောက်ကမ္ဘာသူတော်စင်ဘုရင်၏ လက်ရုံးတစ်ဆူလည်း ဖြစ်၏။
လျူရှုကျိ၏ မှတ်ညဏ်အများအပြားကို ဆန်းကြယ်သောမှော်သိုင်းတစ်မျိုးဖြင့်ကာကွယ်ထားပြီး အတင်းထိုးဖောက်၀င်ရောက်လာပါက မှတ်ညဏ်များက အလိုအလျောက်ပျောက်ကွယ်သွားမည့် မှော်သိုင်းမျိုးဖြစ်ကာ ထိုမှော်သိုင်းက မဟာမြေအောက်သူတော်စင်ဘုရင်နှင့် ဆက်စပ်နေပေသည်။
ကံဆိုးစွာဖြင့် ထိုကဲ့သို့သောနည်းလမ်းမျိုးက ကုအန်အတွက် ကလေးကစားစရာသာသာသာဖြစ်ပြီး သူနတ်အာရုံသုံးကာ လျူရှုကျိနှင့် မဟာမြေအောက်သူတော်စင်ဘုရင်ကြားက အပေးအယူများကို စစ်ဆေးလိုက်၏။
ပင်လယ်ချိုးဖျက်နယ်မြေကို ဖန်တီးသူမှာ မဟာမြေအောက်သူတော်စင်ဘုရင်သာ ဖြစ်ပြီး အစက သူ့ရည်ရွယ်ချက်က သူ့မဟာရန်ဘက်ဖြစ်သော ဖယောင်းတိုင်ကမ္ဘာသူတော်စင်ဘုရင်ကို သတ်ဖြတ်ရန်သာ ဖြစ်သည်။ သူသည် ထိုမဟာပြိုင်ဘက်ကို အမြဲတန်း ပြန်လည်မွေးဖွားခြင်း စက်ဝိုင်းထဲတွင်သာ ရှိေနေစလိုခြင်း ဖြစ်၏။ သို့သော် သူ့အမိန့်အောက်တွင် သူ့လက်အောက်ရှိလူများက ထိုအဖြစ်အပျက်ကို အခွင့်အရေးယူပြီး ကိုယ်ကျိုးရှာခဲ့ကြ၍ အခြေအနေများက ဒီလောက်ထိဆိုးဝါးသွားခဲ့ခြင်း ဖြစ်၏။
ထိုအခြေအနေတွင် ကုအန်က၀င်ပါလိုက်သောအခါ မဟာမြေအောက်သူတော်စင်ဘုရင်က ကုအန်ကိုလည်း သူ့ရန်သူအဖြစ်သတ်မှတ်လိုက်ခြင်း ဖြစ်သည်။ ယခုအခါ မဟာမြေအောက်သူတော်စင်ဘုရင်က ကုအန်ကိုလည်း ပြန်လည်မွေးဖွားလာသော ကောင်းကင်မိစ္ဆာတစ်ကောင်ဟု သံသယရှ်ိနေပြီး ထို့ကြောင့်လည်း ကောင်းကင်မိစ္ဆာဖြစ်သော လျူရှုကျိကို ပို့လိုက်ခြင်း ဖြစ်၏။
လျူရှုကျိ၏ မှတ်ညဏ်များအရ မဟာမြေအောက်သူတော်စင်ဘုရင်ကတော့ ပြန်လည်မွေးဖွားလာသော ကောင်းကင်မိစ္ဆာတစ်ကောင် မဟုတ်ခဲ့ပေ။ သူက ပြန်လည်မွေးဖွားလာသောကောင်းကင်မိစ္ဆာများကိုသာ အသည်းအသန်ရှာဖွေနေခြင်းဖြစ်ပြီး သူ့ရည်ရွယ်ချက်ကိုတော့ မသိခဲ့ရပေ။
ကြည့်ရသည်မှာ ဆရာသခင်ဓားအရှင်ကိုပစ်မှတ်ထားနေသည်ဟု မြင့်မြတ်ခုံရုံးမဟုတ်ဘဲ မဟာမြေအောက်သူတော်စင်ဘုရင်သာ ဖြစ်ပုံပေါ်၏။
မြင့်မြတ်ခုံးရုံးတွင် နက်ရှိုင်းကာ နက်နဲလှသော အင်အားစုများစွာရှိပြီး ပင်လယ်ချိုးဖျက်နယ်မြေက ကျယ်ပြန့်ပုံပေါ်သော်လည်း မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကြီးတစ်ခုလုံးနှင့် ယှဉ်လျှင်တော့ သူ့နယ်မြေပမာဏက ထိုအင်အားစုများမျက်လုံးထဲတွင် မပြောပလောက်တော့ပေ။ ထိုအဖြစ်အပျက်က မြင့်မြတ်ခုံရုံး၏ ကောင်းကင်ပထမအဆင့် အဆင့်အတန်းမျိုးရှိသော သူ၏မျက်လုံးထဲ ဘယ်လိုမှ ရောက်မလာနိုင်ခဲ့ပေ။
မြင့်မြတ်ခုံရုံးတွင် ကောင်းကင်တတိယအဆင့်ရာထူးကို ပိုင်ဆိုင်ထားသူများကို မြင့်မြတ်ဘုရင်များဟုခေါ်ပြီး သူတို့ရာထူးက မြင့်မြတ်ခုံရုံးတွင် သာမန်တော့မဟုတ်ကြပေ။ သူတို့အထက်တွင်တော့ ကောင်ကင်ဒုတိယအဆင့်ရာထူးကို ပိုင်ဆိုင်ထားသော မြင့်မြတ်၀န်ကြီးရှိပြီး ကောင်းကင်ပထမအဆင့်ရာထူးကိုတော့ မြင့်မြတ်နတ်ဘုရားများက ပိုင်ဆိုင်ထားကြ၏။
လျူရှုကျိ၏ ဝိညာဉ်ကိုရှာဖွေပြီးသည့်နောက် သူလျူရှုကျိဝိညာဉ်ကို သုတ်သင်ပစ်လိုက်လေသည်။
မဟာမြေအောက်သူတော်စင်ဘုရင်၏လှည့်ကွက်များကို သူစိတ်မပူခဲ့ပေ။ သူသိချင်သည်မှာ မဟာမြေအောက်သူတော်စင်ဘုရင် နောက်ထပ်ဘာဆက်လုပ်မလဲဆိုတာကိုသာ သိချင်ခြင်း ဖြစ်၏။
မြင့်မြတ်ခုံရုံးက ပင်လယ်ချိုးဖျက်နယ်မြေအကြောင်း ဂရုမစိုက်ပါသော်လည်း လွန်ခဲ့သောနှစ်များက ကုအန်နှင့် မဟာအေးစက်မိစ္ဆာဂိုဏ်း၏တိုက်ပွဲသတင်းကတော့ မြင့်မြတ်ခုံရုံးဆီ တိုက်ရိုက်ရောက်ရှိသွားခဲ့ကာ သေချာပေသည်။ ဆရာသခင်ဓားအရှင်ကို ချီကံကြမ္မာရာထူးကမ်းလှမ်းပုံအရ မြင့်မြတ်ခုံရုံးက ဆရာသခင်ဓားအရှင်၏လုပ်ရပ်အပေါ် အမြင်ကောင်းရှိသည်ဟု ဆိုလိုနေပြီး ထို့ကြောင့်လည်း မဟာမြေအောက်သူတော်စင်ဘုရင်က ကိုယ်တိုင်မလှုပ်ရှားရဲဘဲ အရိပ်ထဲမှသာ လှုပ်ရှားနေခြင်း ဖြစ်၏။
စာတန်းတစ်တန်းကုအန်ရှေ့တွင်ပေါ်လာခဲ့ပြီး သူလျူရှုကျိဆီမှ သက်တမ်း ၂သောင်းကျော်ရိတ်သိမ်းရရှိခဲ့ခြင်း ဖြစ်သည်။
အဲ့ဒီစွမ်းအားကြီးပုဂ္ဂိုလ်တွေက တကယ်ပဲ အဆင်အခြင်မဲ့ကြတာပါလား!
ဒါပေါ့ ကုအန်လိုတည်ရှိမှုမျိုးနှင့် ရင်ဆိုင်ရလျှင် သူတို့အစစ်အမှန်ပုံသဏ္ဍာန်ကို ဖုံးကွယ်ထားလျှင်တောင် ကုအန်လက်ထဲမှ လွတ်နိုင်မည် မဟုတ်ပေ။
အရင်က ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေကို သုတ်သင်စဉ်က လွတ်မြောက်သွားသော မျက်နှာတစ်ထောင်နတ်အရှင်၏ တည်နေရာကိုလည်း ကုအန်တွေ့ရှိထားပြီးဖြစ်ပြီး ထိုလူ၏ အပြုအမူများကြောင့်သာ သူခွင့်လွှတ်ထားခြင်း ဖြစ်သည်။
အမတကျင့်ကြံခြင်းသည် ဘယ်တုန်းကမှ လွယ်ကူသောအရာမဟုတ်ခဲ့ပေ။ အကယ်၍ တစ်ယောက်ယောက်က အခြေအနေကိုနားလည်ပြီး အခြေအနေအရနေထိုင်ပြုမူနိုင်လျှင် ကုအန်လည်း ထိုအရာကို သဘောကျပေသည်။
ထို့နောက် ကုအန် ကျောက်တုံးပေါ်မှ ပျောက်ကွယ်သွားခဲ့လေသည်။
…..
ပင်လယ်ချိုးဖျက်နယ်မြေ ပင်မမြိ့ုတော်ထဲရှ်ိ အလင်းခပ်မှိန်မှိန်ခန်းမကြီးထဲတွင်
နယ်မြေသခင် ချင်စုန့်ကျိ လှေကားပေါ်တွင်ရပ်နေရင်း လက်နောက်ပစ်ထားကာ သူ့မျက်ခုံးများက တင်းကြပ်စွာ တွန့်ကွေးနေခဲ့၏။
“ဘယ်လိုလုပ်ရုတ်တရက်ကြီး တိတ်ဆိတ်သွားရတာလဲ အကြီးအကဲလျူရှုကျိက ဆရာသခင်ဓားအရှင်ရဲ့ပြိုင်ဘက်မဟုတ်တာများလား အဲ့လိုဆိုရင်တောင် ဒီလိုကြီးတိတ်ဆိတ်မနေသင့်ပါဘူး…” ချင်စုန့်ကျိ မျက်မှောင်ကြုံ့ကာ တွေးနေခဲ့သည်။
အစိမ်းရောင်၀တ်စုံကို ၀တ်ဆင်ထားသောသူသည် အသက်လေးဆယ်အရွယ် တည်ငြိမ်အေးချမ်းသည့်လူတစ်ယောက်ပုံဖြစ်ပြီး သူ့ကိုယ်မှ စွမ်းအားကြီးသူများသာရှိတတ်သော ဖိအားတစ်မျိုးကို ထုတ်လွှတ်ပေးနေခဲ့သည်။
သူသည် အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့်၇ ရှိသူဖြစ်ကာ မြင့်မြတ်ခုံရုံးက သူ့ကို ပင်လယ်ချိုးဖျက်နယ်မြေကို အုပ်ချုပ်ဖို့တာ၀န်ပေးထားခြင်း ဖြစ်ပေသည်။ ပြဿနာများက ထိုအချိန်မှစခဲ့ခြင်းဖြစ်ပြီး သူ့ဘ၀တွင် ယနေ့လောက်တစ်ခါမှ စိတ်မညစ်ခဲ့ရဖူးပေ။
ပင်လယ်ချိုးဖျက်အက်ကွဲကြောင်းက သူ့အောက်တွင်ရှိနေခြင်းဖြစ်ပြီး အကယ်၍ တိုက်ပွဲတစ်ခုခုသာ ဖြစ်လာပါက သူချက်ချင်းသတိထားမိမည်သာ ဖြစ်သည်။
ယခုအခါ ပြဿနာရှာမိမည်စိုးသောကြောင့် သူနတ်အာရုံသုံးပြီးလည်း ထိုနယ်မြေထဲ စစ်ဆေးမကြည့်ရဲခဲ့ပေ။
အကယ်၍ လျူရှုကျိ ကျရှုံးသွားခဲ့လျှင်တောင် ဆရာသခင်ဓားအရှင်က မြင့်မြတ်ခုံရုံးကိုတော့တိုက်ရိုက်ရင်ဆိုင်ရဲပုံ မပေါ်သောကြောင့် သူမာနကြီးချင်ယောင်တော့ ဆက်ဆောင်နေဖို့ လိုနေသေးသည်။
ထို့နောက်တွင် ခန်းမထဲခြေသံများ ထွက်ပေါ်လာခဲ့၏။
လုရှန်းကျိ ခန်းမထဲ၀င်လာခြင်းဖြစ်ပြီး သူ့အလျင်ကြောင့် ပုံရိပ်ယောင်များပင် သူ့နောက်၌ အတန်းလိုက်ကျန်ရစ်နေခဲ့သည်။
သူလှေကားများရှေ့သို့ ရောက်လာပြီးနောက် ချင်စုန့်ကျိကို လက်မြှောက်ကာ ဦးညွှတ်အရိုအသေပေးလိုက်ပြီး ပြံးပြလိုက်၏။
“အကြီးအကဲ ကျွန်တော့်ကိုဘာလို့ဆင့်ခေါ်လိုက်သလဲ သိချင်မိပါတယ် ဘာကိစ္စများ ရှိလို့ပါလဲ”
ချင်စုန့်ကျိသူ့ကိုကြည့်ကာ ပြုံး၍ပြောလိုက်သည်။
“ငါနဲ့မင်းအဖေက ဂိုဏ်းတူတပည့်တွေဖြစ်ခဲ့ကြတာပါ အကြီးအကဲဆိုတာဘာကြီးလဲ စိမ်းကားလွန်းတယ် ငါ့ကိုဆရာဦးလေးလို့ပဲ ခေါ်ပါ”
“ဆရာဦးလေး”
လုရှန်းယီ တုန့်ပြန်လိုက်ပြီး သူ့စိတ်ထဲတွင်တော့ တစ်ဖက်လူက သူ့ကိုလိုအပ်နေတာသေချာသောကြောင့် အခုလိုအမူအရာမျိုးပြနေခြင်းဖြစ်မှန်း တွက်ဆလိုက်မိသည်။
ချင်စုန့်ကျိနောက်ကွယ်တွင် မဟာမြေအောက်သူတော်စင်ဘုရင်ရှိနေခြင်းကိုလည်း သူသတိထားမိ၏။
ပင်လယ်ချိုးဖျက်နယ်မြေ၏ အစီအစဉ်များကို ဆရာသခင်ဓားအရှင်က၀င်ရှုပ်နေခြင်း ဖြစ်နိုင်ပါသလော။
ထိုအကြောင်းတွေးမိသောအခါ လုရှန်းယီ ကြိတ်၍ရယ်လိုက်မိသည်။ ဤနှစ်များအတွင်း မြင့်မြတ်ခုံရုံးက ထိုက်ကန်ကုန်းမြေတိုက်ကြီးထဲ စိမ့်၀င်ကာ ဆရာသခင်ဓားအရှင်အကြောင်းစုံစမ်းခဲ့ကြပြီး အဓိပတိဂိုဏ်းထဲ၀င်ပြီးပင် သူ့အကြောင်းစုံစမ်းခဲ့ကြသေးသည်။ ဤအရာကြောင့်လည်း မဟာမြေအောက်သူတော်စင်ဘုရင် တွန့်ဆုတ်နေခြင်း ဖြစ်ပုံပေါ်ပေသည်။
မဟာအေးစက်မိစ္ဆာဂိုဏ်းသည် မဟာမြေအောက်သူတော်စင်ဘုရင်လက်ထဲတွင် အတော်လေးအင်အားကြီးခဲ့ပြီး မြင့်မြတ်ခုံရုံး၏ ညမ်းညမ်းသောကိစ္စများကို ကိုယ်စားပြုလုပ်ပေးခဲ့သောကြောင့် မဟာမြေေအာက်သူေတာ်စင်ဘုရင်က သာမန်မဟုတ်သော အာဏာမျိုးလည်း ရရှ်ိခဲ့၏။ ထို့ကြောင့်လည်း သူလုပ်ခဲ့သော အမှားမျိုးလောက်ကို မြင့်မြတ်ခုံရုံးက ဘွေမယူဘဲ လွှတ်ထားပေးပုံ ပေါ်သည်။
တကယ်တော့ ပင်လယ်ချိုးဖျက်နယ်မြေတွင်ဖြစ်ပွားခဲ့သော ကပ်ဘေးက မဟာမြေအောက်သူတော်စင်ဘုရင်ကြောင့်ဆိုတာ မြင့်မြတ်ခုံရုံးသိသော်လည်း ထိုအမှားမျိုးက ကြီးကြီးမားမား အမှားမျိုးဟုတော့ မသတ်မှတ်ခဲ့ပေ။ မဟာမြေအောက်သူတော်စင်ဘုရင်၏ ဖယောင်းတိုင်ကမ္ဘာသူတော်စင်ဘုရင်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် အစီအစဉ်ကို စွမ်းအားကြီးပုဂ္ဂိုလ်များစွာက တွက်ချက်မိခဲ့ကြသော်လည်း မျက်စိမှိတ်ထားပေးဖို့သာ ဆုံးဖြတ်ခဲ့ကြသည်။
လက်ရှိအုပ်ချုပ်နေသော မြင့်မြတ်ဘုရင်နှင့် ပြန်လည်မွေးဖွားသွားသော မြင့်မြတ်ဘုရင်ကြား ဘယ်ဘက်ကိုရွေးရမည်ဟုချိန်ဆရသည်မှာ လွယ်ကူလှ၏။
ချင်စုန့်ကျိ လုရှန်းယီကိုကြည့်ကာ ပြုံး၍ မေးလိုက်သည်။
“ဆရာသခင်ဓားအရှင်က မြင့်မြတ်ခုံရုံးရဲ့ ချီကံကြမ္မာရာထူးကို ငြင်းဆန်ခဲ့ပြီးတော့ သူကအဓိပတိဂိုဏ်းမှာ နေနေတာလဲ အတော်ကြာပြီ သူ့ကိုဘာလုပ်သင့်လဲ ဒီတိုင်းပဲ သူ့နေရာနဲ့သူထားလိုက်သင့်လား ဒါမှမဟုတ် သူ့နောက်ခံကိုစုံစမ်းသင့်လား”
လုရှန်းယီ ထိုမေးခွန်းကိုမျှော်လင့်ထားပြီးသားဟု တွေးလိုက်မိပြီး တွေးဆကာဖြေလိုက်၏။
“ဆရာဦးလေး ဆရာသခင်ဓားအရှင်ကကြောက်စရာကောင်းတယ်လို့ ထင်လား”
“ဒါပေါ့ သူကကြောက်စရာကောင်းတယ် ငါ့နားလည်နိုင်စွမ်းအထက်မှာရှိတယ်” ချင်စုန့်ကျိ တုန့်ဆိုင်းမှုမရှိဘဲ ဖြေလိုက်သည်။
လုရှန်းယီ ဆက်ပြောလိုက်၏။
“ဒီလိုဆိုမှတော့ ဘာလို့သူ့ကိုအပြစ်ပြုမိအောင် သွားရှုပ်နေတော့မှာလဲ ပင်လယ်ချိုးဖျက်နယ်မြေကိုပဲ ကောင်းကောင်းမွန်မွန်အုပ်ချုပ်နေလိုက်တာ ပိုမကောင်းဘူးလား”
ချင်စုန့်ကျိ မျက်မှောင်ကြုံ့သွားမိသည်။
လုရှန်းယီ အဓိပ္ပာယ်ပါပါဆက်ပြောလိုက်၏။
“ဆရာသခင်ဓားအရှင်က ဖယောင်းတိုင်ကမ္ဘာသူတော်စင်ဘုရင် ပြန်လည်မွေးဖွားတဲ့ ကုန်းမြေမှာ ပေါ်လာခဲ့တာ ကြည့်ရတာ သူတို့နှစ်ယောက်ကြားမှာ ဆက်သွယ်မှုတစ်ခု ရှိေနပံုပဲ ဘာလို့ဆရာသခင်ဓားအရှင်က သူ့သရုပ်မှန်ကိုဖုံးကွယ်ထားလဲဆိုတာကလည်း ထည့်စဉ်းစားရမယ့်အရာပဲ ဆရာဦးလေး ကျွန်တော့်အဖေကတစ်ခါက ပြောခဲ့ဖူးတယ် မြင့်မြတ်ခုံရုံးမှာ ရှင်သန်ရတာက ရေခဲပြင်ပါးပါးလေးပေါ် လမ်းလျှောက်နေရသလိုပဲတဲ့ လူတစ်ယောက်ရဲ့ကျင့်ကြံခြင်းကဘယ်လောက်မြင့်မြင့် နောက်ဆုံးမှာ အသက်ရှင်ကျန်နေနိုင်ဖို့က အရေးအကြီးဆုံးပါပဲ”